ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လော့
    ကင်းမျှော်စင်—၂၀၀၅ | ဇန်နဝါရီ ၁
    • ၂၀-၂၂။ ခရစ်ယာန်များသည် အဘယ်နည်းဖြင့် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” ကြသနည်း။

      ၂၀ ပေါလုသည် ရောမရှိ အသင်းတော်ထံ ဤသို့စာရေးခဲ့၏– “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလို့ငှာ မကြံစည်ကြနှင့်။” (ရောမ ၁၃:၁၄) ခရစ်ယာန်များသည် ယေရှုကို ဝတ်ရုံကဲ့သို့ ဝတ်ဆင်ထားကြသည်။ သူတို့သည် မစုံလင်သူများဖြစ်လင့်ကစား သူတို့၏သခင်ကို ရောင်ပြန်ဟပ်နိုင်သည့်အထိ ကိုယ်တော်၏အရည်အသွေးများနှင့် လုပ်ဆောင်ပုံများကို ကြိုးစားတုပကြ၏။—၁ သက်သာလောနိတ် ၁:၆။

      ၂၁ သခင်ယေရှု၏အသက်တာနှင့် ကောင်းစွာရင်းနှီးပြီး ကိုယ်တော်၏နေထိုင်ကျင့်ကြံပုံအတိုင်း ကြိုးစားနေထိုင်သွားမည်ဆိုလျှင် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” ရာတွင် အောင်မြင်နိုင်လိမ့်မည်။ ကိုယ်တော်၏စိတ်နှိမ့်ချခြင်း၊ ဖြောင့်မတ်မှုကို နှစ်သက်ခြင်း၊ မတရားမှုကို မုန်းတီးခြင်း၊ ညီအစ်ကိုများကို ချစ်ခြင်း၊ ဤလောကနှင့်မဆက်ဆံခြင်းနှင့် ဆင်းရဲဝေဒနာကို စိတ်ရှည်ရှည်ခံရပ်ခြင်းတို့ကို ကျွန်ုပ်တို့တုပကြသည်။ ကျွန်ုပ်တို့သည် ‘သွေးသားတပ်မက်မှုကို ဦးစားထားဖို့ မကြံကြ’ ချေ၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ဘဝတွင် လောကပန်းတိုင်များသို့ ရောက်ရှိရန် သို့မဟုတ် သွေးသားဆန္ဒများကို ဖြည့်ဆည်းပေးရန် အဓိကမရည်ရွယ်ခြင်းဖြစ်သည်။ ယင်းအစား၊ ဆုံးဖြတ်ချက်ချသည့်အခါ သို့မဟုတ် ပြဿနာတစ်ခုကို ကိုင်တွယ်သည့်အခါ ကျွန်ုပ်တို့ ဤသို့မေးကြသည်– ‘ယေရှုသာဆိုလျှင် ဤအခြေအနေမျိုးတွင် အဘယ်သို့လုပ်ဆောင်မည်နည်း။ ကျွန်ုပ်တို့ကို ကိုယ်တော် မည်သို့လုပ်ဆောင်စေလိုမည်နည်း။’

      ၂၂ နောက်ဆုံးအနေနှင့် “ဧဝံဂေလိတရားကိုဟော” ပြောခြင်းတွင် ဆက်အလုပ်များနေခြင်းဖြင့် ယေရှုကို ကျွန်ုပ်တို့ တုပကြ၏။ (မဿဲ ၄:၂၃; ၁ ကောရိန္သု ၁၅:၅၈) ခရစ်ယာန်များသည် ထိုနည်းဖြင့်လည်း ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လျှောက်ကြသည်၊ နောက်ဆောင်းပါးတွင် မည်သို့လိုက်လျှောက်ကြကြောင်း ဆွေးနွေးပါလိမ့်မည်။

  • စေ့စေ့စပ်စပ် သက်သေခံရန် လေ့ကျင့်ပေးခံရ
    ကင်းမျှော်စင်—၂၀၀၅ | ဇန်နဝါရီ ၁
    • စေ့စေ့စပ်စပ် သက်သေခံရန် လေ့ကျင့်ပေးခံရ

      “သင်တို့သည် . . . ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။”—တမန်တော် ၁:၈။

      ၁၊ ၂။ ပေတရု၏တာဝန်ကား အဘယ်နည်း၊ အဘယ်သူသည် သူ့ကို ထိုတာဝန်အပ်နှင်းခဲ့သနည်း။

      ‘နာဇရက်မြို့သားယေရှုသည် အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင်ခန့်ထားတော်မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။’ (တမန်တော် ၁၀:၃၈၊ ၄၂) ထိုစကားနှင့်အတူ တမန်တော်ပေတရုသည် ကော်နေလိနှင့် သူ၏မိသားစုအား ဧဝံဂေလိဟောပြောသူအဖြစ် သူရရှိခဲ့သည့်တာဝန်ကို ရှင်းပြခဲ့သည်။

      ၂ ယေရှုသည် ထိုတာဝန်ကို အဘယ်အချိန်တွင် အပ်နှင်းခဲ့သနည်း။ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုသည် ကောင်းကင်သို့မတက်ကြွမီ မိန့်မှာခဲ့ရာကို ပေတရု စဉ်းစားနေခြင်းဖြစ်နိုင်ဖွယ်ရှိ၏။ ထိုအချိန်က ယေရှုသည် တည်ကြည်သောတပည့်များကို ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် . . . ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) သို့သော် ထိုအချိန်မတိုင်မီကပင် ယေရှု၏တပည့်တစ်ဦးဖြစ်သူ ပေတရုသည် ယေရှု၌ မိမိ၏ယုံကြည်ခြင်းကို သူတစ်ပါးအား ပြောပြရမည်ဖြစ်ကြောင်း သိရှိထားသည်။

      သုံးနှစ်တာ လေ့ကျင့်မှု

      ၃။ ယေရှုသည် အဘယ်အံ့ဖွယ်အမှုကို ပြုလုပ်တော်မူခဲ့သနည်း၊ ပေတရုနှင့် အန္ဒြေတို့အား အဘယ်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းခဲ့သနည်း။

      ၃ ယေရှုသည် စီ.အီး. ၂၉ ခုနှစ်တွင် နှစ်ခြင်းခံပြီး လအတန်ကြာ၌ ဂါလိလဲပင်လယ်တွင် ငါးဖမ်းနေသည့် ပေတရုနှင့် သူ၏ညီအန္ဒြေတို့ကို ဟောပြောခဲ့သည်။ သူတို့သည် တစ်ညလုံး ငါးဖမ်းနေကြသော်လည်း တစ်ကောင်မျှမရချေ။ သို့တိုင် ယေရှုက သူတို့ကို “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” ဟုမိန့်တော်မူ၏။ ယေရှု၏အမိန့်တော်အတိုင်း သူတို့လုပ်ဆောင်သည့်အခါ “အလွန်များစွာသောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။” ထိုအံ့ဖွယ်အမှုကို ပေတရုမြင်သောအခါ ကြောက်ရွံ့ခဲ့သော်လည်း ယေရှုက “ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၍ လူတို့ကို ဖမ်းမိသောသူဖြစ်လိမ့်မည်” ဟု သူ့အား မိန့်တော်မူ၏။—လုကာ ၅: ၄-၁၀။

      ၄။ (က) ယေရှုသည် မိမိ၏တပည့်များ သက်သေခံနိုင်ရန် မည်သို့လေ့ကျင့်ပေးခဲ့သနည်း။ (ခ) ယေရှုနှင့် မိမိတပည့်များ၏ ခရစ်ယာန်ဓမ္မအမှုကို နှိုင်းယှဉ်သော် မည်သို့နည်း။

      ၄ ပေတရုနှင့်အန္ဒြေတို့အပြင် ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည်လည်း သူတို့၏လှေများကိုစွန့်၍ ယေရှုနောက်သို့ ချက်ချင်းလိုက်ခဲ့ကြသည်။ သူတို့သည် သုံးနှစ်နီးပါးအထိ ယေရှု၏ဟောပြောခြင်းခရီးစဉ်တွင် ကိုယ်တော်နှင့်အတူ လိုက်ပါသွားပြီး ဧဝံဂေလိဟောပြောသူများအဖြစ် လေ့ကျင့်မှုခံယူခဲ့ကြသည်။ (မဿဲ ၁၀:၇; မာကု ၁: ၁၆၊ ၁၈၊ ၂၀၊ ၃၈; လုကာ ၄:၄၃; ၁၀: ၉) လေ့ကျင့်မှုပြီးဆုံးချိန် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ကြီးသော အမှုတို့ကိုလည်း ပြုလိမ့်မည်” ဟုသူတို့ကို မိန့်ဆိုခဲ့၏။ (ယောဟန် ၁၄:၁၂) ယေရှု၏တပည့်များသည် ယေရှုလုပ်ဆောင်ခဲ့သည်ထက် သာ၍ကြီးမားသောအတိုင်းအတာဖြင့် စေ့စေ့စပ်စပ် သက်သေခံကြမည်ဖြစ်သည်။ မကြာမီ သူတို့သိရှိခဲ့ကြသည့်အတိုင်း သူတို့နှင့် နောင်တပည့်များသည် ‘လူမျိုးတကာတို့ကို ကပ်ကမ္ဘာကုန်’ သည့်အထိ သက်သေခံကြမည်ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀။

      ၅။ နောက်လိုက်များကို ယေရှု၏လေ့ကျင့်ပေးမှုမှ အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ အကျိုးရယူနိုင်သနည်း။

      ၅ ကျွန်ုပ်တို့သည် “ဤစနစ်ဆုံးခန်း” ကာလတွင် နေထိုင်လျက်ရှိကြသည်။ (မဿဲ ၂၄:၃၊ ကဘ) အဆိုပါ ကနဦးတပည့်များနှင့်မတူသည်မှာ ကျွန်ုပ်တို့သည် ယေရှုနှင့်အတူလိုက်ပါပြီး လူတို့အား ကိုယ်တော်၏ဟောပြောခြင်းကို မတွေ့ရခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်မည်သို့ဟောပြောခဲ့ပုံနှင့် နောက်လိုက်များအား အဘယ်ညွှန်ကြားချက်များပေးခဲ့သည်ကို သမ္မာကျမ်းစာဖတ်ရှုခြင်းအားဖြင့် ကိုယ်တော်၏လေ့ကျင့်ပေးမှုမှ အကျိုးရယူနိုင်သည်။ (လုကာ ၁၀:၁-၁၁) သို့သော် ဤဆောင်းပါးတွင် တပည့်များကို ယေရှုပြသခဲ့သည့် အလွန်အရေးကြီးသော အခြားအကြောင်းအရာဖြစ်သည့် ဟောပြောခြင်းလုပ်ငန်းအပေါ် စိတ်ရင်းမှန်ထားရှိခြင်းအကြောင်း ဆွေးနွေးသွားမည်။

      လူတို့ကို ဂရုစိုက်

      ၆၊ ၇။ ယေရှု၏အဘယ်အရည်အသွေးက ကိုယ်တော်၏ဓမ္မအမှုကို ထိရောက်မှုရှိစေခဲ့သနည်း၊ ဤကဏ္ဍတွင် ကိုယ်တော့်ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

      ၆ ယေရှုသည် အဘယ်ကြောင့် ဤမျှထိရောက်စွာ သက်သေခံနိုင်ခဲ့သနည်း။ အကြောင်းရင်းတစ်ခုမှာ ကိုယ်တော်သည် လူတို့ကို အလွန်စိတ်ဝင်စားပြီး ဂရုစိုက်တော်မူခြင်းဖြစ်သည်။ ယေရှုသည် “ဆင်းရဲသူနှင့် နွမ်းပါးသူကို သနား” တော်မူမည်ဖြစ်ကြောင်း ဆာလံဆရာက ကြိုဟောခဲ့သည်။ (ဆာလံ ၇၂:၁၃၊ သမ္မာ) ကိုယ်တော်သည် ထိုပရောဖက်ပြုချက်ကို အမှန်ပြည့်စုံစေခဲ့၏။ အခါသမယတစ်ခုနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်– “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။” (မဿဲ ၉:၃၅၊ ၃၆) အလွန်ဆိုးသောသူများပင် ကိုယ်တော်၏ဂရုစိုက်မှုကို ခံစားမိပြီး ကိုယ်တော့်ထံ ဆွဲဆောင်ခံရကြ၏။—မဿဲ ၉:၉-၁၃; လုကာ ၇:၃၆-၃၈; ၁၉:၁-၁၀။

      ၇ ယနေ့ ကျွန်ုပ်တို့သည် လူတို့ကို ထိုနည်းတူ ဂရုစိုက်မည်ဆိုလျှင် ထိရောက်မှုရှိမည်။ ခရစ်ယာန်ဓမ္မအမှုတွင် မပါဝင်မီ လူတို့အတွက် သင်,ယူဆောင်သွားသော သတင်းတရားသည် သူတို့အတွက် မည်မျှအရေးတကြီးလိုအပ်ကြောင်း အချိန်အနည်းငယ်ယူ၍ သုံးသပ်ကြည့်ပါလေ။ ဘုရားသခင့်နိုင်ငံတော်ကသာ ဖြေရှင်းပေးနိုင်မည့် သူတို့၏အခက်အခဲများကို စဉ်းစားကြည့်ပါ။ သတင်းတရားကို မည်သူလက်ခံလာမည်ကို သင်,မသိသောကြောင့် လူတိုင်းအပေါ် အပြုသဘောထားရှိရန် သန္နိဋ္ဌာန်ချပါ။ သင်ချဉ်းကပ်လိုက်သော နောက်တစ်ဦးသည် အသင်ကဲ့သို့သော တစ်ဦးတစ်ယောက် သူ့ထံလာပြီး ကူညီပေးပါရန် ဆုတောင်းထားသူ ဖြစ်နိုင်ပေသည်!

      မေတ္တာက လှုံ့ဆော်ပေး

      ၈။ ယေရှုကိုတုပ၍ သတင်းကောင်းဟောပြောရန် ကိုယ်တော်၏နောက်လိုက်များကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။

      ၈ ယေရှုကြေညာခဲ့သော သတင်းကောင်းသည် လူသားတို့၏ရှေ့မှောက်တွင် အရေးကြီးဆုံးအရေးကိစ္စများဖြစ်သည့် ယေဟောဝါ၏အလိုတော် ပြီးမြောက်အောင်မြင်ခြင်း၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းခြင်းတို့နှင့် ဆက်နွှယ်ပတ်သက်၏။ (မဿဲ ၆:၉၊ ၁၀) ယေရှုသည် ခမည်းတော်ကို ချစ်သောကြောင့် အဆုံးတိုင် သမာဓိစောင့်ထိန်းရန်နှင့် အဆိုပါအရေးကိစ္စများကို ဖြေရှင်းပေးမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံရန် လှုံ့ဆော်ခံခဲ့ရသည်။ (ယောဟန် ၁၄:၃၁) ယနေ့ ယေရှု၏နောက်လိုက်များသည်လည်း အလားတူလှုံ့ဆော်မှုခံရသောကြောင့် သူတို့၏ခရစ်ယာန်ဓမ္မအမှုတွင် ဝီရိယရှိနေကြသည်။ သတင်းကောင်းဟောပြောပြီး တပည့်ဖြစ်စေပါဟူသော မိန့်မှာချက်အပါအဝင် “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏” ဟုတမန်တော်ယောဟန်က ပြောခဲ့သည်။—၁ ယောဟန် ၅:၃; မဿဲ ၂၈:၁၉၊ ၂၀။

      ၉၊ ၁၀။ ဘုရားသခင်၏မေတ္တာအပြင် အခြားအဘယ်မေတ္တာက စေ့စေ့စပ်စပ် သက်သေခံရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသနည်း။

      ၉ ယေရှုသည် မိမိ၏နောက်လိုက်များကို ဤသို့မိန့်မှာခဲ့သည်– “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။” (ယောဟန် ၁၄:၁၅၊ ၂၁) သို့ဖြစ်၍ အမှန်တရားအကြောင်း သက်သေခံရန်နှင့် ယေရှု၏တခြားမိန့်မှာချက်များကို စောင့်ရှောက်ရန် ယေရှု၏မေတ္တာက ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သည်။ ယေရှုသည် ရှင်ပြန်ထမြောက်ပြီး ကိုယ်ယောင်ထင်ရှားပြသည့်တစ်ချိန်တွင် ပေတရုကို ဤသို့တိုက်တွန်းခဲ့သည်– ‘ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့။ ငါ၏သိုးတို့ကို ထိန်းလော့။ ငါ၏သိုးတို့ကို ကျွေးမွေးလော့။’ ထိုသို့လုပ်ဆောင်ရန် အဘယ်အရာက ပေတရုကို လှုံ့ဆော်ပေးသင့်သနည်း။ ‘ငါ့ကိုချစ်သလော၊ ငါ့ကိုချစ်သလော၊ ငါ့ကိုချစ်သလော’ ဟူ၍ ပေတရုကို ယေရှု ထပ်ခါတလဲလဲမေးစဉ်က အဖြေကို ဖော်ပြခဲ့သည်။ မှန်ပါသည်၊ ယေရှုကို ပေတရုချစ်သည့်မေတ္တာ၊ တွယ်တာမှုတို့က စေ့စေ့စပ်စပ် သက်သေခံရန်၊ ယေရှု၏ “သိုးတို့ကို” တွေ့အောင်ရှာပြီးနောက် သူတို့အတွက် ဝိညာဉ်ရေးသိုးထိန်းတစ်ဦးဖြစ်ရန် သူ့ကို လှုံ့ဆော်ပေး၏။—ယောဟန် ၂၁:၁၅-၁၇။

      ၁၀ ယနေ့ ကျွန်ုပ်တို့သည် ပေတရုကဲ့သို့ ယေရှုနှင့် တရင်းတနှီးမနေခဲ့ရပါ။ သို့တိုင် ကျွန်ုပ်တို့အတွက် ယေရှုပြုလုပ်ပေးထားခဲ့ရာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားကြသည်။ “လူအပေါင်းတို့အတွက်ကြောင့် အသေခံ” စေသော ကိုယ်တော်၏ကြီးမားသောမေတ္တာက ကျွန်ုပ်တို့၏နှလုံးကို လှုံ့ဆော်ပေး၏။ (ဟေဗြဲ ၂:၉; ယောဟန် ၁၅:၁၃) “အသက်ရှင်သောသူတို့သည် တစ်ဖန်ကိုယ်အလိုသို့လိုက်၍မရှင် . . . သူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း . . . ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏” ဟုပေတရုရေးခဲ့စဉ်က သူခံစားခဲ့ရသကဲ့သို့ ကျွန်ုပ်တို့ ခံစားကြရသည်။ (၂ ကောရိန္သု ၅:၁၅) ကျွန်ုပ်တို့ကိုချစ်သည့် ယေရှု၏မေတ္တာကို အလွန်တန်ဖိုးထားကြောင်းပြကာ စေ့စေ့စပ်စပ် သက်သေခံခြင်းတာဝန်ကို ထက်ထက်သန်သန်လုပ်ဆောင်ခြင်းဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း ကျွန်ုပ်တို့ ပြသကြသည်။ (၁ ယောဟန် ၂:၃-၅) ယေရှု၏ပူဇော်ရာယဇ်ကို တန်ဖိုးမထားသည့်အလား ဟောပြောခြင်းလုပ်ငန်းကို ပေါ့ပေါ့တန်တန် လုပ်ဆောင်နေခြင်းမျိုး မည်သည့်အခါမျှ အဖြစ်ခံလိုမည်မဟုတ်ပါ။—ဟေဗြဲ ၁၀:၂၉။

      တော်မှန်သောအာရုံ စိုက်ထားခြင်း

      ၁၁၊ ၁၂။ ယေရှုသည် အဘယ်ရည်ရွယ်ချက်အတွက် ဤလောကသို့ ကြွလာခဲ့သနည်း၊ ကိုယ်တော်သည် ယင်းကို မည်သို့အာရုံစိုက်ခဲ့သနည်း။

      ၁၁ ပုန္တိပိလတ်မင်းရှေ့မှောက် ယေရှုရောက်စဉ်အခါ ‘အမှန်တရားဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၈:၃၇) ယေရှုသည် အမှန်တရားကိုသက်သေခံခြင်းမှ အဘယ်အရာကြောင့်မျှ သွေဖည်သွားခြင်းမျိုး အဖြစ်မခံခဲ့ချေ။ ယင်းသည် မိမိလုပ်ဆောင်ရမည့် ဘုရားသခင်၏အလိုတော်ဖြစ်၍တည်း။

      ၁၂ စာတန်သည် ယင်းကိစ္စတွင် ယေရှုကို စမ်းသပ်ခဲ့သည်။ ယေရှုနှစ်ခြင်းခံပြီး မကြာမီ စာတန်သည် ကိုယ်တော်အား “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း” ပေး၍ ဤလောက၏အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်စေမည်ဟု ကမ်းလှမ်းခဲ့သည်။ (မဿဲ ၄:၈၊ ၉) နောက်ပိုင်းတွင် ဂျူးတို့သည် ကိုယ်တော့်အား ရှင်ဘုရင်အဖြစ် တင်မြှောက်လိုခဲ့ကြ၏။ (ယောဟန် ၆:၁၅) အဆိုပါကမ်းလှမ်းချက်များကို ယေရှုလက်ခံလိုက်လျှင် အကျိုးရှိနိုင်မည်ဟု အချို့က ယူဆကြမည်၊ လူ့ရှင်ဘုရင်အဖြစ် ယေရှုသည် လူသားတို့၏အကျိုးကို ပို၍သယ်ပိုးပေးနိုင်မည်ဟူသော အကြောင်းပြချက်ဖြစ်နိုင်ပေမည်။ သို့သော် ယေရှုသည် ထိုသို့သောစဉ်းစားတွေးခေါ်မှုကို လက်မခံခဲ့ပေ။ အမှန်တရားကို သက်သေခံခြင်းအပေါ်သာ ကိုယ်တော် အာရုံစိုက်ခဲ့၏။

      ၁၃၊ ၁၄။ (က) အဘယ်အရာသည် ယေရှုကို အာရုံမပြောင်းစေနိုင်ခဲ့သနည်း။ (ခ) ယေရှုသည် ရုပ်ပစ္စည်းအရ ဆင်းရဲသော်လည်း အဘယ်အရာ လုပ်ဆောင်ပေးခဲ့သနည်း။

      ၁၃ ထို့ပြင် ယေရှုသည် ချမ်းသာကြွယ်ဝမှုနောက်လိုက်ကာ အာရုံပြောင်းသွားသည့်အဖြစ်မျိုး မရှိခဲ့ချေ။ ထို့ကြောင့် ချမ်းသာကြွယ်ဝသောဘဝဖြင့် ကိုယ်တော် မနေထိုင်ခဲ့ချေ။ ကိုယ်တော့်တွင် ကိုယ်ပိုင်အိမ်ပင်မရှိခဲ့ချေ။ တစ်ချိန်တွင် ကိုယ်တော်က “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိ” ဟုမိန့်တော်မူ၏။ (မဿဲ ၈:၂၀) ယေရှုကွယ်လွန်သည့်အခါ မှတ်တမ်းအရ ကိုယ်တော်၏တစ်ခုတည်းသော တန်ဖိုးရှိပိုင်ဆိုင်ရာမှာ အဝတ်တော်ဖြစ်ပြီး ယင်းကို ရောမစစ်သားများ မဲနှိုက်၍ ယူခဲ့ကြသည်။ (ယောဟန် ၁၉:၂၃၊ ၂၄) သို့ရာတွင် ယေရှု၏ဘဝ ရှုံးနိမ့်ခဲ့သလော။ လုံးဝမရှုံးနိမ့်ခဲ့ပါ!

      ၁၄ ယေရှုသည် အချမ်းသာဆုံး အများအကျိုးဆောင်သူ၏ လုပ်ပေးနိုင်သမျှထက် သာ၍ပင် အကျိုးဆောင်ပေးနိုင်ခဲ့သည်။ ပေါလုက “ငါတို့သခင်ယေရှုသည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏” ဟုပြောခဲ့သည်။ (၂ ကောရိန္သု ၈:၉; ဖိလိပ္ပိ ၂:၅-၈) ယေရှုသည် ရုပ်ပစ္စည်းအရ ဆင်းရဲသော်လည်း စိတ်နှိမ့်ချသူများ စုံလင်သောထာဝရအသက်ရရှိစေရန် လမ်းဖွင့်ပေးခဲ့၏။ ကိုယ်တော့်ကို အလွန်ကျေးဇူးတင်စရာပင်! ထို့ပြင် ဘုရားသခင်၏အလိုတော်ဆောင်ခြင်းအပေါ် အာရုံစိုက်ခဲ့ခြင်းကြောင့် ယေရှုရရှိခဲ့သော ဆုကျေးဇူးအတွက် ကျွန်ုပ်တို့ တကယ့်ကို အားရရွှင်လန်းကြ၏!—ဆာလံ ၄၀:၈; တမန်တော် ၂:၃၂၊ ၃၃၊ ၃၆။

      ၁၅။ စည်းစိမ်ဥစ္စာထက် အဘယ်အရာက ပို၍တန်ဖိုးရှိသနည်း။

      ၁၅ ယနေ့ ယေရှုကို ကြိုးစားတုပနေကြသော ခရစ်ယာန်များသည်လည်း ချမ်းသာကြွယ်ဝမှုနောက်လိုက်ကာ အာရုံပြောင်းသွားခြင်းမျိုး အဖြစ်မခံကြချေ။ (၁ တိမောသေ ၆:၉၊ ၁၀) စည်းစိမ်ဥစ္စာသည် ဘဝကို သက်သောင့်သက်သာရှိစေနိုင်သော်လည်း ထာဝရအနာဂတ်ကို ဖန်တီးပေးနိုင်စွမ်းမရှိကြောင်း သူတို့ သိရှိထားကြသည်။ ယေရှုကွယ်လွန်စဉ်က ကိုယ်တော်၏အဝတ်တော်သည် ကိုယ်တော်အတွက် တန်ဖိုးမရှိသကဲ့သို့ ခရစ်ယာန်တစ်ဦး ကွယ်လွန်သည့်အခါ သူ၏စည်းစိမ်ဥစ္စာများသည် သူ့အတွက်လည်း တန်ဖိုးရှိတော့မည်မဟုတ်။ (ဒေ. ၂:၁၀၊ ၁၁၊ ၁၇-၁၉; ၇:၁၂) ခရစ်ယာန်တစ်ဦး ကွယ်လွန်သောအခါ သူပိုင်ဆိုင်သည့် တစ်ခုတည်းသော အမှန်တကယ် တန်ဖိုးရှိရာမှာ ယေဟောဝါနှင့်လည်းကောင်း၊ ယေရှုခရစ်နှင့်လည်းကောင်း သူ၏ဆက်ဆံရေးပင်ဖြစ်သည်။—မဿဲ ၆:၁၉-၂၁; လုကာ ၁၆:၉။

      အတိုက်အခံကြောင့် အတားအဆီးမဖြစ်

      ၁၆။ ယေရှုသည် အတိုက်အခံပြုခြင်းကို မည်သို့ရင်ဆိုင်ခဲ့သနည်း။

      ၁၆ အတိုက်အခံကြောင့် အမှန်တရားကို သက်သေခံခြင်းအပေါ် ယေရှု၏အာရုံ မပျံ့လွင့်သွားခဲ့ချေ။ ကိုယ်တော်၏မြေကြီးဓမ္မအမှုသည် ပူဇော်ရာယဇ်အဖြစ် သေဆုံးခြင်းနှင့် အဆုံးတိုင်ရမည်ကို သိထားလျက်ပင် စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ချေ။ ယေရှုနှင့်ပတ်သက်၍ ပေါလုက ဤသို့ဆိုသည်– “ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂) ယေရှုသည် “ရှက်ကြောက်သောအရာကို မမှတ်” ခဲ့ကြောင်း သတိပြုပါ။ အတိုက်အခံပြုသူများက မိမိနှင့်ပတ်သက်၍ မည်သို့ထင်မှတ်နေမည်ကို ကိုယ်တော် အရေးမစိုက်ပါ။ ဘုရားသခင်၏အလိုတော် ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ခဲ့သည်။

      ၁၇။ ကျွန်ုပ်တို့သည် ယေရှု၏ခံနိုင်ရည်မှ အဘယ်သင်ခန်းစာယူနိုင်သနည်း။

      ၁၇ ပေါလုသည် ယေရှု၏ခံနိုင်ရည် သင်ခန်းစာကို လက်တွေ့ကျင့်သုံးပြီး ခရစ်ယာန်များအား ဤသို့တိုက်တွန်း၏– “အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက် ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။” (ဟေဗြဲ ၁၂:၃) မှန်ပါသည်၊ အတိုက်အခံ သို့မဟုတ် ပြောင်လှောင်မှုကို တစ်နေ့ပြီးတစ်နေ့ ရင်ဆိုင်နေရ၍ စိတ်မောလူပန်းဖြစ်လာနိုင်၏။ “တစ်ခုခုပြုလုပ်” ဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းသည့် ဆွေမျိုးများ၏ အပြစ်တင်စကားများ ဖြစ်ကောင်းဖြစ်နိုင်သော လောက၏သွေးဆောင်မှုများကို ဆက်တိုက်တွန်းလှန်နေရ၍ လက်ပန်းကျလာနိုင်မည်။ သို့သော် ယေရှုနည်းတူ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်ကို ဇွဲရှိရှိ ရှေးဦးထားရင်း ယေဟောဝါ၏ထောက်မမှုကို ကျွန်ုပ်တို့ မျှော်ကိုးကြ၏။—မဿဲ ၆:၃၃; ရောမ ၁၅:၁၃; ၁ ကောရိန္သု ၂:၄။

      ၁၈။ ပေတရုကို ယေရှုမိန့်ဆိုသော စကားများမှ အဘယ်သင်ခန်းစာကောင်း ရနိုင်သနည်း။

      ၁၈ ယေရှုသည် မိမိသေရတော့မည်ကို တပည့်များအား ပြောပြချိန်တွင် ကိုယ်တော်၏အာရုံ ထွေမသွားကြောင်း ထင်ရှား၏။ ပေတရုသည် ယေရှုအား မိမိကိုယ်ကို “ကြင်နာ” ရန်အားပေးပြီး “ဤအဖြစ်ဆိုးမျိုး ကိုယ်တော်၌ရောက်မည်မဟုတ်” ဟုလည်း စိတ်ချစေခဲ့သည်။ ယေရှုသည် ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်မည်ဟူသော သန္နိဋ္ဌာန် အားပျော့သွားစေမည့် မည်သည့်အရာကိုမဆို နားမထောင်ခဲ့ချေ။ ကိုယ်တော်သည် ပေတရုကို မျက်နှာလွှဲ၍ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ အသင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ အသင်သည် ဘုရားသခင်အကြံအစည်များကို မစဉ်းစား၊ လူသားတို့၏အကြံအစည်များကိုသာ စဉ်းစားတတ်၏” ဟုမိန့်တော်မူသည်။ (မဿဲ ၁၆:၂၁-၂၃၊ ကဘ) ကျွန်ုပ်တို့လည်း လူတို့၏အကြံအစည်များကို ငြင်းဆန်ရန် ထိုနည်းတူ သန္နိဋ္ဌာန်ချနိုင်ကြပါစေ။ ထိုသို့ငြင်းဆန်ပြီး၊ ဘုရားသခင့်အကြံအစည်များ၏ လမ်းညွှန်မှုကို အမြဲ ခံယူကြပါစို့။

      စစ်မှန်သောအကျိုးကျေးဇူးများ ရရှိစေ

      ၁၉။ ယေရှုသည် အံ့ဖွယ်အမှုပြုလုပ်သူဖြစ်သော်လည်း ကိုယ်တော်၏ဓမ္မအမှုတွင် အရေးကြီးဆုံးအပိုင်းကား အဘယ်နည်း။

      ၁၉ ယေရှုသည် မိမိမေရှိယဖြစ်ကြောင်းဖော်ပြရန် အံ့ဖွယ်အမှုများစွာ ပြုလုပ်ပြခဲ့သည်။ လူသေများကိုပင် ထမြောက်ပေးခဲ့၏။ အဆိုပါလုပ်ရပ်များသည် လူအုပ်အတွက် ဆွဲဆောင်မှုဖြစ်ခဲ့သော်လည်း ယေရှုသည် လူမှုရေးကိစ္စကိုသာ လုပ်ဆောင်ဖို့ ကမ္ဘာမြေသို့ ကြွလာခြင်းမဟုတ်ချေ။ အမှန်တရားကို သက်သေခံရန် ကြွလာခြင်းဖြစ်၏။ ကိုယ်တော်ပြုလုပ်ပေးသော မည်သည့်ရုပ်ပိုင်းအကျိုးကျေးဇူးမဆိုသည် ခေတ္တခဏအတွက်သာဖြစ်ကြောင်း ကိုယ်တော်သိရှိတော်မူသည်။ ရှင်ပြန်ထမြောက်ခဲ့သူများပင် ပြန်သေရ၏။ အမှန်တရားကို သက်သေခံခြင်းဖြင့်သာ အချို့ကို ထာဝရအသက်ရရှိစေရန် ကိုယ်တော်ကူညီပေးနိုင်ခဲ့သည်။—လုကာ ၁၈:၂၈-၃၀။

      ၂၀၊ ၂၁။ ခရစ်ယာန်စစ်များသည် ကောင်းမှုပြုခြင်းတွင် အဘယ်သို့ မျှမျှတတရှိစေကြသနည်း။

      ၂၀ ယနေ့ အချို့သူတို့သည် ဆေးရုံများဖွင့်ခြင်းဖြင့်လည်းကောင်း၊ ကမ္ဘာ့ဆင်းရဲသားများအတွက် တခြားလူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြင့်လည်းကောင်း ယေရှု၏ကောင်းမှုကို တုပရန် ကြိုးစားကြသည်။ အချို့ကိစ္စများတွင် အကြီးအကျယ်အနစ်နာခံ၍ လုပ်ဆောင်ပေးသည့် သူတို့၏စိတ်ရင်းမှန်မှုသည် ချီးကျူးဖွယ်ကောင်း၏၊ သို့သော် သူတို့ပေးသော မည်သည့်သက်သာမှုအထောက်အပံ့မဆို ခေတ္တယာယီသာခံ၏။ ဘုရားသခင့်နိုင်ငံတော်ကသာလျှင် သက်သာမှုကို ထာဝစဉ်ပေးသွားပါလိမ့်မည်။ ထို့ကြောင့် ယေဟောဝါသက်သေများသည် ယေရှုကဲ့သို့ ထိုဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် အမှန်တရားကို သက်သေခံခြင်းအပေါ် အာရုံစိုက်ထားကြသည်။

      ၂၁ အမှန်ဆိုရလျှင် ခရစ်ယာန်စစ်များသည် ကောင်းမှုများ လုပ်ဆောင်နေကြသည်။ ပေါလုက “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူး [“ကောင်းမှု၊” ကဘ] ပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူး [“ကောင်းမှု၊” ကဘ] ပြုကြကုန်အံ့” ဟုရေးသားခဲ့သည်။ (ဂလာတိ ၆:၁၀) အရေးကြုံချိန်တွင် သို့မဟုတ် တစ်ဦးတစ်ယောက် အကူအညီလိုသည့်အခါ ကျွန်ုပ်တို့၏အိမ်နီးချင်းကိုဖြစ်စေ၊ ခရစ်ယာန်ညီအစ်ကိုများကိုဖြစ်စေ “ကောင်းမှုပြု” ရန် ကျွန်ုပ်တို့မတွန့်ဆုတ်ကြချေ။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် အမှန်တရားကို သက်သေခံခြင်းအပေါ် အဓိကအာရုံစိုက်ထားကြသည်။

      ယေရှု၏ပုံသက်သေမှ သင်ယူလော့

      ၂၂။ ခရစ်ယာန်များသည် သူတို့၏အိမ်နီးချင်းများကို အဘယ်ကြောင့် ဟောပြောကြသနည်း။

      ၂၂ ပေါလုက “မဟောဘဲနေလျှင် အမင်္ဂလာရှိ၏” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၉:၁၆) ဟောပြောသူရော၊ နားထောင်သူကိုပါ အသက်ရစေသောကြောင့် သူသည် သတင်းကောင်းနှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ချေ။ (၁ တိမောသေ ၄:၁၆) ကျွန်ုပ်တို့လည်း ခရစ်ယာန်ဓမ္မအမှုကို ထိုနည်းတူ ရှုမြင်ကြ၏။ ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ကူညီပေးလိုကြ၏။ ယေဟောဝါကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း ပြသလိုကြ၏။ ယေရှုကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း၊ ကျွန်ုပ်တို့ကိုချစ်သည့် ကိုယ်တော်၏ကြီးမားသောမေတ္တာကို တန်ဖိုးထားလေးမြတ်ကြောင်း သက်သေပြလိုကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောပြီး ‘လူတို့၏တပ်မက်ခြင်းတရားကိုမကျင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ကျင့်လျက်’ အသက်ရှင်နေထိုင်ကြသည်။—၁ ပေတရု ၄:၁၊ ၂။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ