ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၁၈ စာ. ၃၀၆-၃၁၉
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အဆုံးတိုင်အောင်သွားလော့”
  • ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လေ့ကျက်သူအနေနှင့် ကြံ့ကြံ့ခံ့ခြင်း
  • မဆုတ်မနစ်သောဇွဲဖြင့် ဒံယေလ ဆုတောင်း၏
  • ဘုရားသခင့် နှုတ်ကပါဌ်တော်ကို သွန်သင်သူအနေနှင့် ကြံ့ကြံ့ခံ့ခြင်း
  • ‘အနားယူရလိမ့်မည်’
  • ‘သင်မတ်တတ်ထလိမ့်မည်’
  • ပရဒိသုအတွင်း ဒံယေလ၏ဝေပုံနှင့် သင်၏ဝေပုံ
  • ဘုရားသခင့် စေတမန်အားဖြင့် ခွန်အားရရှိ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၁၈ စာ. ၃၀၆-၃၁၉

အခန်း ဆယ့်ရှစ်

ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု

၁၊ ၂။ (က) အပြေးသမားတစ်ဦးအနေဖြင့် အောင်မြင်ခြင်းသရဖူ ဆောင်းနိုင်ရန် အဘယ်အရေးကြီးသည့် အရည်အချင်းရှိဖို့ လိုအပ်သနည်း။ (ခ) တမန်တော်ပေါလုက ယေဟောဝါအား သစ္စာရှိစွာ ဝတ်ပြုသူတစ်ဦး၏ အသက်တာကို ပြေးပွဲတစ်ရပ်နှင့် မည်သို့ခိုင်းနှိုင်းခဲ့သနည်း။

အပြေးသမားတစ်ဦးသည် ပန်းဝင်ရန် အားသွန်ခွန်စိုက် ပြေးလျက်ရှိ၏။ ခြေကုန်လက်ပန်း ကျနေပြီဖြစ်သော်လည်း ပန်းတိုင်ကို လှမ်းမြင်နေရပြီဖြစ်သောကြောင့် ရှိသမျှခွန်အားကို ဖျစ်ညှစ်စိုက်ထုတ်၍ နောက်ဆုံးခြေလှမ်းများကို ကြိုးစား၍ပြေးလေ၏။ သူသည် အစွမ်းကုန် အားသွန်၍ပြေးခြင်းဖြင့် ပန်းဝင်နိုင်ခဲ့လေသည်! အလုံးကြီးကျသွားသည့်နှယ် မျက်နှာ၌ အောင်မြင်ခြင်း အရိပ်အရောင် ယှက်သန်းလျက်ရှိ၏။ အဆုံးတိုင်အောင် ကြံ့ကြံ့ခံခြင်းဖြင့် အောင်ပန်းဆွတ်နိုင်ခဲ့လေသည်။

၂ ဒံယေလ အခန်းကြီး ၁၂ ၏နိဂုံးတွင် ချစ်မြတ်နိုးရသော ဤပရောဖက်သည် သူ၏ “ပြေးပွဲ”—ယေဟောဝါအား ဝတ်ပြုသည့်ဘဝ—တွင်ပန်းတိုင်သို့ ရောက်လုနီးသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရ၏။ တမန်တော်ပေါလုသည် ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏အမှုတော်ထမ်းများထဲမှ ယုံကြည်ခြင်းစံပြများအကြောင်း ဖော်ပြပြီးနောက် ဤသို့ရေးသားခဲ့၏– “ထိုကြောင့်၊ ဤမျှလောက်ထူထပ်သော သက်သေခံတိမ်တိုက်တို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိသည်ဖြစ်၍၊ ငါတို့သည် ဝန်ရှိသမျှနှင့် လွယ်လင့်တကူ ရစ်ပတ်ငြိတွယ်တတ်သော အပြစ်တို့ကို ပယ်ရှားပြီးလျှင်၊ ငါတို့ယုံကြည်ခြင်းတရား၏ ကိုယ်စားလှယ်ချုပ်၊ ငါတို့၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်စေသောအရှင် ယေရှုကို စေ့စေ့ကြည့်ရှုလျက် ငါတို့မျက်မှောက်၌ထားသော ပြေးပွဲကို ခံနိုင်ရည်ရှိရှိဖြင့် ပြေးကြကုန်အံ့။ ထိုအရှင်သည် ရှေ့၌ရှိသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် အရှက်ကိုမငဲ့ဘဲ ညှဉ်းဆဲရာနှက်တိုင်၌ ကြံ့ကြံ့ခံပြီးလျှင် ဘုရားသခင့်ရာဇပလ္လင်၏ လက်ယာဘက်တွင် ထိုင်နေတော်မူ၏။”—ဟေဗြဲ ၁၂:၁၊ ၂၊ ကဘ။

၃။ (က) ဒံယေလအား “ခံနိုင်ရည်ရှိရှိဖြင့် ပြေး” နိုင်ရန် အဘယ်အရာက စေ့ဆော်ခဲ့သနည်း။ (ခ) ယေဟောဝါ၏ကောင်းကင်တမန်က ဒံယေလအား အဘယ်သီးခြားအရာသုံးခု ပြောကြားခဲ့သနည်း။

၃ အဆိုပါ ‘ထူထပ်သော သက်သေခံတိမ်တိုက်တို့’ တွင် ဒံယေလလည်း ပါဝင်၏။ သူသည် “ခံနိုင်ရည်ရှိရှိဖြင့် ပြေး” ခဲ့သူတစ်ဦးဖြစ်၏။ ဘုရားသခင်ကို နှစ်နှစ်ကာကာချစ်သောကြောင့် ထိုသို့ပြုရန် စေ့ဆော်ခံရခြင်းဖြစ်၏။ ယေဟောဝါသည် အနာဂတ် ကမ္ဘာ့အစိုးရများနှင့်ပတ်သက်၍ ဒံယေလအား များစွာဖွင့်ပြတော်မူခဲ့သော်လည်း ယခုသော် ဤပုဂ္ဂိုလ်ရေး အားပေးစကား ပေးပို့တော်မူ၏– “သင်မူကား အဆုံးတိုင်အောင်သွားလော့။ အနားယူပြီးမှ နေ့ရက်ကာလအဆုံး၌ ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်။” (ဒံယေလ ၁၂:၁၃၊ ကဘ) ယေဟောဝါ၏ကောင်းကင်တမန်က ဒံယေလအား သီးခြားအရာသုံးခု ပြောကြားခဲ့သည်– (၁) ဒံယေလအနေဖြင့် “အဆုံးတိုင်အောင်သွား” ရလိမ့်မည်၊ (၂) “အနားယူ” ရလိမ့်မည်၊ (၃) အနာဂတ်ကာလတွင် သူသည်တစ်ဖန် “မတ်တတ်ထ” လာလိမ့်မည်။ ဤစကားများသည် ယနေ့ ခရစ်ယာန်တို့အား အသက်ပြေးပွဲတွင် ပန်းတိုင်ရောက်သည်အထိ ခံနိုင်ရည်ရှိအောင် မည်သို့အားပေးနိုင်သနည်း။

“အဆုံးတိုင်အောင်သွားလော့”

၄။ “သင်မူကား အဆုံးတိုင်အောင်သွားလော့” ဟူ၍ပြောရာ၌ ယေဟောဝါ၏ကောင်းကင်တမန်က အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် ဒံယေလအဖို့ အဘယ်ကြောင့် စိန်ခေါ်ချက် ဖြစ်ခဲ့ဖွယ်ရှိသနည်း။

၄ “သင်မူကား အဆုံးတိုင်အောင်သွားလော့” ဟူ၍ ကောင်းကင်တမန်က ဒံယေလအား ပြောကြားခဲ့သည့်စကားသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ အဘယ်အရာ၏ အဆုံးနည်း။ ထိုအချိန်တွင် ဒံယေလသည် အသက် ၁၀၀ နီးပါးရှိနေပြီဖြစ်ရာ သူ့ဘဝ၏အဆုံးကို ရည်ညွှန်းခြင်းဖြစ်သည်မှာ ထင်ရှား၏။ ထိုအဆုံးသည်လည်း နီးကပ်လျက်ရှိပုံရသည်။a ကောင်းကင်တမန်က သေသည့်တိုင်အောင် သစ္စာရှိရှိ ကြံ့ကြံ့ခံသွားရန် အားပေးနေခြင်းဖြစ်သည်။ သို့သော် ထိုသို့ပြုရန် လွယ်ကူမည်ကားမဟုတ်။ ဗာဗုလုန်ကျဆုံးပြီး ဂျူးနယ်နှင်ခံ အကြွင်းအကျန်တစ်စု ယုဒပြည်နှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြသည်ကို ဒံယေလ အသက်ရှင်လျက် တွေ့မြင်ခဲ့ရသည်။ ယင်းအတွက် အိုမင်းသော ၎င်းပရောဖက် အလွန်ဝမ်းမြောက်ရွှင်လန်းခဲ့ပေမည်။ သို့သော် သူသည် ထိုခရီးကြမ်းကိုနှင်၍ ပြည်တော်ပြန်တို့နှင့်အတူ လိုက်ပါသွားသည်ဟူသော မှတ်တမ်းမရှိချေ။ ထိုအချိန်တွင် သူသည် အလွန်အသက်ကြီး၍ အင်အားချည့်နဲ့နေဖွယ်ရှိသည်။ သို့တည်းမဟုတ် ဗာဗုလုန်တွင်နေရစ်ရန် ယေဟောဝါအလိုတော်ရှိ၍လည်း ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ မိမိ၏ တစ်ပြည်တည်းသားများ ယုဒပြည်သို့ပြန်သွားခဲ့စဉ်က ဒံယေလခမျာ မချင့်မရဲ လွမ်းဆွေးတမ်းတခြင်းရှိမရှိ ကျွန်ုပ်တို့သိလိုစိတ် အလိုလိုပေါ်လာပေမည်။

၅။ ဒံယေလသည် အဆုံးတိုင်အောင် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြောင်း အဘယ်ရည်ညွှန်းချက် ရှိသနည်း။

၅ ဒံယေလသည် “အဆုံးတိုင်အောင်သွားလော့” ဟူသော ကောင်းကင်တမန်၏ ကြင်နာသောစကားမှ ခွန်အားကြီးစွာ ရရှိခဲ့ပေမည်။ ခြောက်ရာစုခန့်ကြာပြီးနောက် ယေရှုခရစ် မိန့်ကြားခဲ့သည့် “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟူသောစကားကို ကျွန်ုပ်တို့ သတိရကြပေမည်။ (မဿဲ ၂၄:၁၃) ဒံယေလသည် ထိုအတိုင်းပင် မုချပြုခဲ့ပေသည်။ အဆုံးတိုင်အောင်ကြံ့ကြံ့ခံ၍ အသက်ပြေးပွဲကို ပန်းဝင်သည့်အထိ သစ္စာရှိရှိပြေးခဲ့သည်။ ယင်းအတွက်ကြောင့် နောက်ပိုင်း၌ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် သူ့အကြောင်းကို နှစ်သက်လိုလားသည့်သဘောဖြင့် ရည်ညွှန်းဖော်ပြခဲ့ခြင်း ဖြစ်နိုင်သည်။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) ဒံယေလအား အဆုံးတိုင် ကြံ့ကြံ့ခံနိုင်အောင် မည်သည့်အရာက ထောက်ကူပေးခဲ့သနည်း။ သူ့ဘဝမှတ်တမ်းမှ အဖြေရရှိနိုင်သည်။

ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လေ့ကျက်သူအနေနှင့် ကြံ့ကြံ့ခံ့ခြင်း

၆။ ဒံယေလသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပတ်တကုတ် လေ့ကျက်သူဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။

၆ ဒံယေလအနေဖြင့် အဆုံးတိုင်အောင် ကြံ့ကြံ့ခံနိုင်ခဲ့သည်မှာ ဘုရားသခင်၏ ရင်ဖိုဖွယ်ရာ ကတိတော်များကို အဆက်မပြတ်လေ့ကျက်၍ နက်နက်ရှိုင်းရှိုင်း တွေးတောခဲ့၍ဖြစ်သည်။ ဒံယေလသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပတ်တကုတ် လေ့ကျက်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိရသည်။ သို့မဟုတ်လျှင် နယ်နှင်ခံကာလမှာ နှစ်ပေါင်း ၇၀ ကြာမည်ဟူ၍ ယေရမိအား ယေဟောဝါပေးတော်မူခဲ့သည့် ကတိတော်ကို သူမည်သို့သိနိုင်မည်နည်း။ “ငါ . . . သည် ထိုနှစ်ပေါင်း အရေအတွက်ကို ကျမ်းစာအားဖြင့် သိရ” ၏ဟု ဒံယေလကိုယ်တိုင် ရေးသားခဲ့သည်။ (ဒံယေလ ၉:၂; ယေရမိ ၂၅:၁၁၊ ၁၂) ဒံယေလသည် ထိုခေတ်တွင်ရှိခဲ့သည့် ဘုရားသခင့်နှုတ်ကပါဌ်တော် ကျမ်းစာများကို စူးစမ်းရှာဖွေခဲ့မည်မှာ စောဒကတက်စရာမရှိပေ။ မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်၊ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလတို့ ရေးသားခဲ့သည့်ကျမ်းများအပြင် လက်လှမ်းမီရာ ကျမ်းဂန်များကိုဖတ်ရှု၍ ဆင်ခြင်တွေးတောရသည်မှာ ဒံယေလအဖို့ နှစ်သိမ့်ကြည်နူးဖွယ်ရာ အခါသမယများ ဧကန်မုချ ဖြစ်ခဲ့ပေမည်။

၇။ ကျွန်ုပ်တို့ခေတ်နှင့် ဒံယေလလက်ထက် နှိုင်းယှဉ်လိုက်သည့်အခါ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာသည့်ကိစ္စတွင် ကျွန်ုပ်တို့၌ အဘယ်သာလွန်သော အခွင့်အရေးများ ရှိသနည်း။

၇ ယနေ့ ကျွန်ုပ်တို့ ခံနိုင်ရည်မွေးမြူရေးအတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာ၍ ၎င်း၌နစ်မျောနေရန် အထူးပင်အရေးကြီးသည်။ (ရောမ ၁၅:၄-၆; ၁ တိမောသေ ၄:၁၅) ယခု ကျွန်ုပ်တို့လက်ဝယ်၌ သမ္မာကျမ်းစာ အပြည့်အစုံရှိ၏။ ရာစုနှစ်များစွာနောက်ပိုင်း ဒံယေလ၏ပရောဖက်ပြုချက်အချို့ မည်သို့ပြည့်စုံခဲ့ကြောင်း ဖော်ပြသည့်မှတ်တမ်းများ ကျမ်းစာတွင်ပါရှိ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် ဒံယေလ ၁၂:၄ တွင်ဟောထားသည့် “ဆုံးခန်းကာလ” အတွင်းအသက်ရှင်ရသည့် ကောင်းချီးကိုပါ ခံစားရကြသည်။ ကျွန်ုပ်တို့၏လက်ထက်၌ ဘိသိက်ခံတို့သည် ဝိညာဉ်ရေး ထိုးထွင်းသိမြင်ဉာဏ်ရရှိပြီး အမှန်တရားဆိုင်ရာ အချက်ပြမီးများသဖွယ် အမှောင်ထုဖုံးလွှမ်းသော ဤလောကတွင် ထွန်းလင်းလျက်ရှိကြသည်။ အကျိုးရလဒ်အနေနှင့် ဒံယေလကျမ်းမှ နက်နဲသော ပရောဖက်ပြုချက်များစွာသည် (အချို့တို့ကို ဒံယေလကိုယ်တိုင် နားမလည်ခဲ့) ယနေ့ ကျွန်ုပ်တို့အဖို့ အထူးပင် အဓိပ္ပာယ်ပြည့်ဝလာသည်။ သို့ဖြစ်သောကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်မပြတ် လေ့လာကြပါစို့နှင့်။ ဤအရာတို့ကို အရေးမထားဘဲ မနေကြစို့။ သို့ပြုလျှင် ခံနိုင်ရည်ရှိရန် အထောက်အကူရပေမည်။

မဆုတ်မနစ်သောဇွဲဖြင့် ဒံယေလ ဆုတောင်း၏

၈။ ဆုတောင်းခြင်းအမှုတွင် ဒံယေလသည် အဘယ်စံနမူနာ ထားခဲ့သနည်း။

၈ ဆုတောင်းခြင်းသည်လည်း ဒံယေလအား အဆုံးတိုင်ကြံ့ကြံ့ခံနိုင်အောင် ထောက်ကူပေးခဲ့၏။ သူသည် နေ့စဉ်နှင့်အမျှ ယေဟောဝါဘုရားသခင်ထံသို့ ချဉ်းကပ်၍ ယုံကြည်ခြင်းနှင့် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ရင်ဖွင့်တောင်းလျှောက်၏။ ယေဟောဝါသည် ‘ဆုတောင်းချက်ကို နားညောင်းတော်မူသောဘုရား’ ဖြစ်ကြာင်း သူကောင်းစွာသိ၏။ (ဆာလံ ၆၅:၂; ဟေဗြဲ ၁၁:၆ နှိုင်းယှဉ်။) ဣသရေလလူမျိုး၏ ပုန်ကန်သည့်လမ်းစဉ်ကြောင့် နှလုံးပူဆွေးသောက ရောက်ခဲ့စဉ်က ဒံယေလသည် မိမိ၏ခံစားချက် ရှိသမျှကို ယေဟောဝါထံ ရင်ဖွင့်၍သွန်ချခဲ့သည်။ (ဒံယေလ ၉:၄-၁၉) ဒါရိမင်းက ရက်ပေါင်း ၃၀ အတွင်း မိမိတစ်ပါးတည်းထံသာ ဆုတောင်းရမည်ဟူသောအမိန့် ထုတ်ပြန်ခဲ့သည့်တိုင်အောင် ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခြင်းကို ရပ်စဲခဲ့ခြင်းမရှိချေ။ (ဒံယေလ ၆:၁၀) သစ္စာရှိသော ထိုအဖိုးအိုသည် တန်ဖိုးအနဂ္ဃထိုက်တန်သည့် ဆုတောင်းခြင်းအခွင့်အရေးကို စွန့်လွှတ်မည့်အစား ခြင်္သေ့အပြည့်ရှိသည့်တွင်းထဲ အချခံခြင်းကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည့်အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ၎င်းအဖြစ်အပျက်သည် ရင်နင့်စဖွယ် မကောင်းပေလော။ ဒံယေလသည် စိတ်ထက်သန်စွာဖြင့် ယေဟောဝါထံ နေ့စဉ်ဆုတောင်းလျက် သူ့ဘဝအဆုံးတိုင်အောင် သစ္စာရှိရှိ ဆက်သွားခဲ့မည်မှာ ယုံမှားသံသယမရှိပေ။

၉။ ဆုတောင်းခြင်းအခွင့်အရေးကို မည်သည့်အခါမျှ အဘယ်ကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်သနည်း။

၉ ဆုတောင်းခြင်းမှာ လွယ်ကူရိုးစင်းသည့် အလုပ်ဖြစ်၏။ အချိန်မရွေး၊ နေရာမရွေး၊ အသံထွက်ဖြင့်ဖြစ်စေ၊ အသံတိတ်ဖြင့်ဖြစ်စေ ဆုတောင်းနိုင်၏။ သို့သော် တန်ဖိုးအနဂ္ဃထိုက်သော ဤအခွင့်အရေးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ သမ္မာကျမ်းစာက ဆုတောင်းခြင်းကို ခံနိုင်ရည်ရှိခြင်း၊ ဇွဲရှိခြင်း၊ ဝိညာဉ်ရေး၌ နိုးနိုးကြားကြားရှိခြင်းတို့နှင့် ချိတ်ဆက်ထားသည်။ (လုကာ ၁၈:၁; ရောမ ၁၂:၁၂; ဧဖက် ၆:၁၈; ကောလောသဲ ၄:၂) စကြဝဠာတွင် အမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်နှင့် အချိန်မရွေး လွတ်လွတ်လပ်လပ် ဆက်သွယ်ပြောဆိုနိုင်သည်မှာ အံ့ချီးဖွယ် မဟုတ်ပေလော။ ၎င်းပြင် ကျွန်ုပ်တို့၏ ဆုတောင်းသံကိုလည်း ကိုယ်တော် နားညောင်းတော်မူ၏! ဒံယေလ ဆုတောင်းသည့်အခါ ယေဟောဝါက ကောင်းကင်တမန်ကိုစေလွှတ်၍ ဖြေကြားတော်မူသည့် အခါသမယကို ပြန်လည်သတိရပါ။ ဒံယေလ ဆုတောင်းလျက်နေစဉ်တွင် ကောင်းကင်တမန် ရောက်ရှိလာသည်။ (ဒံယေလ ၉:၂၀၊ ၂၁) ကျွန်ုပ်တို့ခေတ်သည် ကောင်းကင်တမန်များ ထိုသို့လာရောက်သည့်ခေတ် မဟုတ်တော့သော်လည်း ယေဟောဝါသည် ပြောင်းလဲတော်မမူ။ (မာလခိ ၃:၆) ဒံယေလ၏ ဆုတောင်းချက်ကို နားညောင်းသကဲ့သို့ ကျွန်ုပ်တို့၏ ဆုတောင်းချက်ကို နားညောင်းတော်မူမည်။ ကျွန်ုပ်တို့ ဆုတောင်းသည့်အခါတိုင်း ယေဟောဝါနှင့် ပိုမိုရင်းနှီးလာမည်ဖြစ်ရာ ဒံယေလနည်းတူ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိစေသော ခိုင်မြဲသည့်နှောင်ကြိုး ဖြစ်ထွန်းစေသည်။

ဘုရားသခင့် နှုတ်ကပါဌ်တော်ကို သွန်သင်သူအနေနှင့် ကြံ့ကြံ့ခံ့ခြင်း

၁၀။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်ခြင်းသည် ဒံယေလအဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

၁၀ ဒံယေလသည် နောက်အဓိပ္ပာယ်တစ်မျိုးဖြင့် “အဆုံးတိုင်အောင်သွား” ခဲ့ရသည်။ အမှန်တရား သွန်သင်သည့် ဆရာတစ်ဦးအနေနှင့် ကြံ့ကြံ့ခံခဲ့ရသည်။ မိမိသည် ရွေးချယ်ခံရသော လူမျိုးတော်အဝင်ဖြစ်ကြောင်း ဘယ်တော့မျှ မမေ့ခဲ့ချေ။ ထိုလူမျိုးနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုထား၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်’ ဖြစ်ကြ၏။” (ဟေရှာယ ၄၃:၁၀) ဒံယေလသည် အဆိုပါ အလုပ်ဝတ္တရားကို တတ်စွမ်းသမျှ ဖြည့်ဆည်းခဲ့သည်။ သူ၏အလုပ်ထဲတွင် ဗာဗုလုန်၌ နယ်နှင်ခံရသော အမျိုးသားချင်းတို့ကို သွန်သင်ပေးခြင်း ပါဝင်ခဲ့ဖွယ်ရှိသည်။ “သူ၏ အပေါင်းအဖော်” ဟူ၍ဖော်ပြထားသူသုံးဦး၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့နှင့် ဆက်နွှယ်ပတ်သက်ခြင်း အကြောင်းမှလွဲ၍ ဂျူးအမျိုးသားချင်းတို့နှင့် သူ၏ ဆက်ဆံရေးအကြောင်းကို ကျွန်ုပ်တို့ အနည်းအကျဉ်းသာ သိရှိရသည်။ (ဒံယေလ ၁:၇; ၂:၁၃၊ ၁၇၊ ၁၈) သူတို့ချင်း၏ ရင်းနှီးသောဆက်ဆံမှုသည် သူတို့တစ်ဦးစီကို ကြံ့ကြံ့ခံနိုင်အောင် များစွာအထောက်အကူ ပြုခဲ့ပေမည်။ (သုတ္တံ ၁၇:၁၇) ယေဟောဝါထံမှ ထူးကဲသော ထိုးထွင်းသိမြင်ဉာဏ်ရရှိသည့် ဒံယေလအနေဖြင့် မိတ်ဆွေများအား သွန်သင်ပေးစရာ များစွာရှိခဲ့သည်။ (ဒံယေလ ၁:၁၇) သို့ရာတွင် အခြားနေရာများ၌လည်း သွန်သင်ပေးခဲ့ရ၏။

၁၁။ (က) ဒံယေလ၏အလုပ်သည် မည်သို့ထူးခြားသနည်း။ (ခ) ဒံယေလသည် တစ်မူထူးခြားသည့် အလုပ်တာဝန်ကို မည်မျှ ထိရောက်အောင်မြင်စွာ ထမ်းဆောင်ခဲ့သနည်း။

၁၁ ဒံယေလသည် အခြား မည်သည့်ပရောဖက်ထက်မဆို လူမျိုးခြား ရာထူးကြီးမြင့်သူတို့ကို သက်သေခံခွင့် ရရှိခဲ့သည်။ အများမနှစ်သက်သော သတင်းစကားကို မကြာမကြာ ပြောကြားခဲ့ရစေကာမူ အဆိုပါ အုပ်စိုးရှင်များအား စက်ဆုပ်ဖွယ်ကောင်းသူများ၊ အောက်တန်းကျသူများအဖြစ် သဘောထား၍ မဆက်ဆံခဲ့ချေ။ သူတို့အား ရိုသေလေးစားစွာ၊ ကျွမ်းကျင်လိမ္မာစွာ ပြောဆိုဆက်ဆံခဲ့၏။ ဒံယေလကို ဖျက်ဆီးပစ်ချင်သူ—မနာလိုသော အကြံသမား ဘုရင်ခံမင်းများကဲ့သို့သောသူ—အချို့ရှိ၏။ သို့သော်လည်း အခြား ရာထူးကြီးမြင့်သူတို့မူကား သူ့ကိုရိုသေလေးစားကြ၏။ ရှင်ဘုရင်တို့နှင့် ပညာရှိတို့အား စိတ်ရှုပ်ဖြစ်စေသည့် နက်နဲရာများကို ဒံယေလ ရှင်းပြနိုင်အောင် ယေဟောဝါ ဉာဏ်ပညာ ပေးသနားသည့်အတွက် ဤပရောဖက်သည် ထင်ရှားကျော်ကြားခဲ့သည်။ (ဒံယေလ ၂:၄၇၊ ၄၈; ၅:၂၉) မှန်ပါသည်၊ အသက်ကြီးလာသည့်အခါ ငယ်ရွယ်စဉ်အခါကဲ့သို့ တက်တက်ကြွကြွ မရှိနိုင်တော့ချေ။ သို့ရာတွင် သူသည် ချစ်မြတ်နိုးသည့် ဘုရားသခင်၏ သက်သေခံတစ်ဦးအနေနှင့် တတ်နိုင်သည့်ဘက်မှ အမှုတော်မြတ်ကို သစ္စာရှိရှိ ထမ်းရွက်လျက် အဆုံးတိုင်အောင် သွားခဲ့မည်မှာ သေချာပါသည်။

၁၂။ (က) ခရစ်ယာန်များဖြစ်ကြသော ကျွန်ုပ်တို့သည် အဘယ်သွန်သင်ခြင်း လုပ်ငန်းများကို ယနေ့ထမ်းဆောင်နေကြသနည်း။ (ခ) ‘ပြင်ပလူတို့၏ရှေ့၌ ဉာဏ်ပညာနှင့်ကျင့်ဆောင်ကြလော့’ ဟူသော တမန်တော်ပေါလု၏ ဆုံးမစကားကို မည်သို့လိုက်နာနိုင်ကြသနည်း။

၁၂ ဒံယေလနှင့် သူ၏အပေါင်းအဖော် သုံးဦးတို့သည် အချင်းချင်း ယိုင်းပင်းကူညီခဲ့ကြသကဲ့သို့ ယနေ့ ခရစ်ယာန်အသင်းတော်၌လည်း ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိအောင် ကူညီပေးကြမည့် သစ္စာရှိ အပေါင်းအဖော်များကို တွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့လည်း အချင်းချင်းသွန်သင်လျက် “အပြန်အလှန် အားပေး” ကြသည်။ (ရောမ ၁:၁၁၊ ၁၂၊ သက) ဒံယေလနည်းတူ ကျွန်ုပ်တို့လည်း မယုံကြည်သူများအားသက်သေခံရန် တာဝန်ရှိသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့ဖြစ်သောကြောင့် လူတို့အား ယေဟောဝါအကြောင်းပြောပြရာ၌ ‘သမ္မာတရားတော်ကို မှန်ကန်စွာပိုင်းခြား’ တတ်ရန် ကျွန်ုပ်တို့၏ကျွမ်းကျင်မှုစွမ်းရည်တို့ကို ထက်မြက်စေရမည်။ (၂ တိမောသေ ၂:၁၅) “ပြင်ပလူတို့၏ရှေ့၌ [ဉာဏ်] ပညာနှင့်ကျင့်ဆောင် . . . ကြလော့” ဟူသော တမန်တော်ပေါလု၏ ဆုံးမစကားကိုနာခံလျှင် အကျိုးရှိပေမည်။ (ကောလောသဲ ၄:၅) ဉာဏ်ပညာဟုဆိုရာ၌ ကျွန်ုပ်တို့နှင့် ယုံကြည်ခြင်းတရား မတူသူများအပေါ် မျှတသောအမြင်ရှိခြင်းလည်း ပါဝင်သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သူများဟု သဘောထားကာ ထိုသူတို့ကို အထင်အမြင်သေးကြမည်မဟုတ်။ (၁ ပေတရု ၃:၁၅) သို့ပြုမည့်အစား သူတို့၏နှလုံးကိုထိမိစေရေးအတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လိမ္မာပါးနပ် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလျက် သူတို့ကို အမှန်တရားဘက်သို့ စိတ်ညွတ်လာအောင် ဆွဲဆောင်ကြမည်။ တစ်ယောက်ယောက်ကို အမှန်တရားလက်ခံလာအောင် အောင်မြင်စွာ ကူညီပေးလိုက်နိုင်သည့်အခါ မည်မျှဝမ်းမြောက်ကြသည်တကား! ထိုသို့သောဝမ်းမြောက်မှုသည် ဒံယေလနည်းတူ အဆုံးတိုင်ကြံ့ကြံ့ခံနိုင်အောင် မုချအထောက်အကူပြုပေသည်။

‘အနားယူရလိမ့်မည်’

၁၃၊ ၁၄။ သေဆုံးခြင်းသည် ဗာဗုလုန်လူမျိုး အများစုအတွက် အဘယ်ကြောင့် ထိတ်လန့်ကြောက်မက်ဖွယ် ဖြစ်သနည်း။ ဒံယေလ၏အမြင်သဘောထားသည် မည်သို့ကွဲပြားခြားနားသနည်း။

၁၃ သင်သည် ‘အနားယူရလိမ့်မည်’ ဟူ၍ ကောင်းကင်တမန်က ဒံယေလအား စိတ်ချစေ၏။ (ဒံယေလ ၁၂:၁၃) ထိုစကားသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ မိမိသေရမည်ဖြစ်ကြောင်း ဒံယေလ ကောင်းစွာသိ၏။ အာဒံလက်ထက်မှ ယနေ့တိုင်အောင် သေခြင်းတရားသည် လူသားအပေါင်းတို့ ရှောင်လွှဲ၍မရနိုင်သော လမ်းဆုံးဖြစ်၏။ သေခြင်းကို “ရန်သူ” ဟူ၍ သမ္မာကျမ်းစာက ဆီလျော်စွာခေါ်ဆိုထား၏။ (၁ ကောရိန္သု ၁၅:၂၆) သို့သော် သေခြင်းနှင့်စပ်လျဉ်းသည့် ဒံယေလ၏ အမြင်သဘောထားသည် ပတ်ဝန်းကျင်ရှိ ဗာဗုလုန်လူမျိုးတို့၏ အမြင်သဘောထားနှင့် လုံးဝကွဲပြားသည်။ မှောက်မှားသောနတ်ဘုရား ၄,၀၀၀ ခန့်ကိုရောနှောကာ ရှုပ်ထွေးစွာကိုးကွယ်ကြသော ထိုသူတို့အဖို့ သေခြင်းဆိုသည်မှာ ထိတ်လန့်ကြောက်မက်ဖွယ် အတိဖြစ်၏။ ဘဝတွင် ပျော်ရွှင်ချမ်းမြေ့မှု မရှိခဲ့သူ၊ အစိမ်းသေ,သေသူတို့သည် သေဆုံးပြီးနောက် အသက်ရှင်သူတို့ကို ခြောက်တတ်သည့် လက်စားချေလိုသော နာနာဘာဝများ ဖြစ်သွားကြသည်ဟု သူတို့ယုံကြည်ကြ၏။ ဗာဗုလုန်လူမျိုးသည် လူ့အသွင်၊ တိရစ္ဆာန်အသွင်ရှိသော စက်ဆုပ်ရွံရှာဖွယ် ဧရာမသတ္တဝါများ နေထိုင်ရာ မြေအောက်ကမ္ဘာ (ငရဲ) ကိုလည်းယုံကြည်ကြ၏။

၁၄ ဒံယေလ၏အမြင်တွင် သေခြင်းဆိုသည်မှာ ထိုသို့မဟုတ်ပေ။ သူ့လက်ထက်မတိုင်မီ နှစ်ရာပေါင်းများစွာက ဘုရင်ရှောလမုန်သည် “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟူ၍မြွက်ဆိုရန် မှုတ်သွင်းခြင်းခံရ၏။ (ဒေသနာ ၉:၅) သေဆုံးသူတစ်ဦးနှင့် ပတ်သက်၍လည်း ဆာလံဆရာက ဤသို့သီဆိုခဲ့၏– “သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၄) ထို့ကြောင့် မိမိအား ကောင်းကင်တမန် ပြောကြားခဲ့သည့်စကားသည် သစ္စာစကားဖြစ်ကြောင်း ဒံယေလသိခဲ့၏။ သေခြင်းဆိုသည်မှာ အနားယူခြင်းဖြစ်၏။ သေဆုံးပြီးနောက် အကြံအစည်မရှိ၊ နာကြည်းပူဆွေးမှုမရှိ၊ ဆင်းရဲခြင်းဝေဒနာမရှိ၊ ကြောက်မက်ဖွယ် ဧရာမသတ္တဝါများလည်း မရှိသည်မှာ အမှန်ဖြစ်၏။ လာဇရုသေဆုံးသည့်အခါ၌ ယေရှုခရစ်က အလားတူသဘောမျိုးကို ဖော်ပြခဲ့၏။ “ငါတို့အဆွေ လာဇရု အနားယူလေပြီ” ဟုကိုယ်တော်မိန့်တော်မူ၏။—ယောဟန် ၁၁:၁၁၊ ကဘ။

၁၅။ သေနေ့သည် မွေးနေ့ထက် အဘယ်သို့ သာ၍ကောင်းနိုင်သနည်း။

၁၅ သေရမည်ကို ဒံယေလ ကြောက်ရွံ့ခြင်းမရှိသည့် အခြားအကြောင်းတရားတစ်ခုကို သုံးသပ်ကြည့်ပါ။ “နာမည်သည် နံ့သာဆီထက်ကောင်း၏။ သေနေ့လည်း မွေးနေ့ထက်ကောင်း၏” ဟူ၍ဘုရားသခင့်နှုတ်ကပါဌ်တော်ကဆို၏။ (ဒေသနာ ၇:၁၊ ကဘ) ဝမ်းနည်းပူဆွေးရသော သေနေ့သည် ဝမ်းမြောက်ပျော်ရွှင်သည့် မွေးနေ့ထက် အဘယ်သို့ သာ၍ကောင်းနိုင်မည်နည်း။ အဓိကသော့ချက်မှာ “နာမည်” ၌မူတည်၏။ “နံ့သာဆီ” သည် အလွန်တန်ဖိုးကြီး၏။ လာဇရု၏အစ်မ မာရိသည် တစ်ခါက တစ်နှစ်စာနီးပါး လုပ်အားခတန်ဖိုးရှိသော နံ့သာဆီမွှေးဖြင့် ယေရှု၏ခြေတော်ကို လိမ်းကျံပေးခဲ့သည်။ (ယောဟန် ၁၂:၁-၇) နာမည်ချည်းသက်သက်က မည်သို့ တန်ဖိုးရှိနိုင်သနည်း။ ဒေသနာ ၇:၁ ၌ ဂရိ စက်ပ်ထွားကျင့်ကျမ်း က “နာမည်ကောင်း” ဟူ၍ဆိုထား၏။ နာမည်သက်သက်ချည်းမဟုတ်ဘဲ ၎င်းနာမည် ကိုယ်စားပြုသည့်အရာက အဖိုးထိုက်တန်ခြင်းဖြစ်သည်။ မွေးဖွားစဉ်က ထိုနာမည်ပိုင်ရှင်၏ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတို့နှင့်ပတ်သက်၍ မည်သည့်ဂုဏ်သိက္ခာ၊ မည်သည့်ကောင်းမှုကုသိုလ်၊ မည်သည့်အောက်မေ့ဖွယ်ရာမျှ မရှိချေ။ သို့သော် သေဆုံးသည့်အခါ၌ သူ၏နာမည်သည် ဤအရာအားလုံး၏ အမှတ်သညာဖြစ်လာသည်။ အကယ်၍ ဘုရားသခင့်အမြင်တွင် နာမည်ကောင်းဖြစ်မည်ဆိုပါက ၎င်းနာမည်သည် မည်သည့် ရုပ်ဝတ္ထုပစ္စည်းထက်မဆို သာ၍အဖိုးထိုက်တန်၏။

၁၆။ (က) ဒံယေလသည် ဘုရားသခင့်ရှေ့တော်တွင် နာမည်ကောင်းရအောင် မည်သို့ ကြိုးပမ်းအားထုတ်ခဲ့သနည်း။ (ခ) ဒံယေလသည် ယေဟောဝါရှေ့တော်တွင် နာမည်ကောင်းရအောင် အောင်မြင်စွာလုပ်ဆောင်ခဲ့သည်ဟူသော ယုံကြည်မှုအပြည့်ဖြင့် အဘယ်ကြောင့် အနားယူနိုင်ခဲ့သနည်း။

၁၆ ဒံယေလသည် ဘဝတစ်လျှောက် ဘုရားသခင့်ရှေ့တော်တွင် နာမည်ကောင်းရဖို့ တတ်စွမ်းသမျှ ကြိုးစားလုပ်ကိုင်ခဲ့သဖြင့် ယေဟောဝါလည်း သူ၏လုပ်ဆောင်မှုများကို အမှတ်မထားဘဲ နေတော်မမူခဲ့ချေ။ ဒံယေလအား ဂရုစိုက်ကြည့်ရှု၍ နှလုံးကိုစစ်ကြောတော်မူ၏။ ဘုရင်ဒါဝိဒ်ကိုလည်း ထိုအတိုင်းပြုတော်မူခဲ့၏။ ဒါဝိဒ် ဤသို့သီဆိုခဲ့၏– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။” (ဆာလံ ၁၃၉:၁၊ ၂) ဒံယေလသည် စုံလင်သူမဟုတ်သည်မှာ ဆိုဖွယ်မရှိပါ။ အပြစ်သားအာဒံ၏ သားမြေးတစ်ဦး ဖြစ်သည့်အပြင် သူ၏လူမျိုးမှာလည်း အပြစ်ရှိသောလူမျိုးဖြစ်၏။ (ရောမ ၃:၂၃) သို့သော်လည်း ဒံယေလသည် မိမိ၏အပြစ်များအတွက် နောင်တရလျက် ဖြောင့်မတ်သောတရားလမ်း၌ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် မပြတ်ကြိုးပမ်းခဲ့သည်။ သို့နှင့် သူ၏အပြစ်များကို ယေဟောဝါခွင့်လွှတ်၍ ထိုအပြစ်များအတွက်ကြောင့် စိတ်တော်မကျေဘဲ နေမည်မဟုတ်ကြောင်း ဤသစ္စာရှိပရောဖက် ယုံကြည်စိတ်ချနိုင်၏။ (ဆာလံ ၁၀၃:၁၀-၁၄; ဟေရှာယ ၁:၁၈) ယေဟောဝါသည် သစ္စာရှိအမှုတော်ထမ်းများ၏ ကောင်းမှုများကို အောက်မေ့တော်မူတတ်၏။ (ဟေဗြဲ ၆:၁၀) ထို့ကြောင့် ယေဟောဝါ၏ကောင်းကင်တမန်က ဒံယေလအား “အလွန်နှစ်သက်ရသူ” ဟူ၍နှစ်ကြိမ်နှစ်လီ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ (ဒံယေလ ၁၀:၁၁၊ ၁၉) ဒံယေလသည် ဘုရားသခင်၏ချစ်မြတ်နိုးခြင်း ခံရသူဖြစ်ကြောင်း ဤအချက်ကပြဆို၏။ ဒံယေလအနေဖြင့် ယေဟောဝါရှေ့တော်တွင် နာမည်ကောင်းရအောင် လုပ်ဆောင်နိုင်ခဲ့သည် ဟူသောအသိစိတ်ဖြင့် ကျေနပ်ရောင့်ရဲစွာ အနားယူနိုင်ခဲ့ပေသည်။

၁၇။ ယနေ့ ယေဟောဝါရှေ့တော်တွင် နာမည်ကောင်းရအောင် အဘယ်ကြောင့် အရေးတကြီး လုပ်ဆောင်ရန်လိုသနည်း။

၁၇ ‘ယေဟောဝါရှေ့တော်တွင် နာမည်ကောင်းရအောင် ကျွန်ုပ်လုပ်ဆောင်ခဲ့ပြီလော’ ဟူ၍ ကျွန်ုပ်တို့တစ်ဦးချင်း မိမိကိုယ်ကို ဆန်းစစ်ကြည့်လျှင် ကောင်းပေမည်။ ကျွန်ုပ်တို့သည် ခက်ခဲကျပ်တည်းသည့်ကာလအတွင်း အသက်ရှင်လျက်ရှိကြ၏။ မည်သူမဆို အချိန်မရွေး သေဆုံးနိုင်သည် ဟူသောအချက်သည် စိတ်ချောက်ချားစရာမဟုတ်ဘဲ အမှန်တရားသာဖြစ်သည်။ (ဒေသနာ ၉:၁၁) သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ဘုရားသခင့်ရှေ့တော်တွင် နာမည်ကောင်းရအောင် ယခုပင် မဆိုင်းမတွလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချရန် အရေးကြီးလှပေသည်။ ဤသို့ပြုလျှင် သေခြင်းကို ကြောက်စရာမလိုပေ။ အိပ်ပျော်ခြင်းကဲ့သို့ အနားယူခြင်းမျှသာဖြစ်၏။ အိပ်ပျော်သကဲ့သို့ပင် ပြန်၍နိုးထလာမည်ဖြစ်သည်။

‘သင်မတ်တတ်ထလိမ့်မည်’

၁၈၊ ၁၉။ (က) ဒံယေလသည် အနာဂတ်တွင် “မတ်တတ်ထ” လာလိမ့်မည်ဟုဆိုရာ၌ ကောင်းကင်တမန်က ဘာကိုဆိုလိုသနည်း။ (ခ) ဒံယေလသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်းကို အဘယ်ကြောင့် ကောင်းစွာသိကျွမ်းပြီး ဖြစ်မည်နည်း။

၁၈ ဒံယေလကျမ်းသည် လူသားတစ်ဦးအား ဘုရားသခင် ပေးခဲ့သော အလွန်နှစ်လိုဖွယ်ကောင်းသည့် ကတိတော်တစ်ခုဖြင့် နိဂုံးချုပ်ထားသည်။ ယေဟောဝါ၏ကောင်းကင်တမန်က ဒံယေလအား “သင်မူကား . . . နေ့ရက်ကာလအဆုံး၌ ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်” ဟုပြောကြားခဲ့၏။ ကောင်းကင်တမန်က ဘာကိုဆိုလိုပါသနည်း။ ယခုလေးတင် ဖော်ပြခဲ့သည့် ‘အနားယူခြင်း’ မှာ သေဆုံးခြင်းဖြစ်သောကြောင့် နောက်ပိုင်းကာလ၌ ဒံယေလ “မတ်တတ်ထ” မည်ဟူသောကတိတော်မှာ တစ်ခုတည်းသောအရာ—ရှင်ပြန်ထမြောက်ခြင်း—ကိုသာရည်ညွှန်းခြင်း ဖြစ်ရပေမည်။b အမှန်ဆိုလျှင် ကျမ်းပညာရှင်အချို့က ဒံယေလကျမ်း အခန်းကြီး ၁၂ သည် ဟေဗြဲကျမ်းပိုင်းတွင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပထမဆုံးအကြိမ် အတိအလင်းဖော်ညွှန်းသည်ဟု အခိုင်အမာဆိုကြ၏။ (ဒံယေလ ၁၂:၂) သို့သော် သူတို့၏ယူဆချက်မှား၏။ ဒံယေလသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ကောင်းစွာသိကျွမ်းခဲ့သည်။

၁၉ သာဓကအနေနှင့် ရာစုနှစ်နှစ်ခု အထက်ကာလက ဟေရှာယမှတ်တမ်းတင်ခဲ့သည့် ဤစကားများကို ဒံယေလသိရှိခဲ့မည်မှာ ယုံမှားဖွယ်မရှိပေ– “ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့ နိုး၍သီချင်းဆိုကြလော့။ အကြောင်းမူကား . . . မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။” (ဟေရှာယ ၂၆:၁၉) ထိုအချိန်မတိုင်မီ ကြာမြင့်စွာကတည်းက ယေဟောဝါသည် ဧလိယနှင့် ဧလိရှဲတို့အား လူသေတို့ကို တကယ် ရှင်ပြန်ထမြောက်စေနိုင်သည့်တန်ခိုး ပေးတော်မူခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄; ၄ ဓမ္မရာဇဝင် ၄:၃၂-၃၇) ထိုထက်ရှေးကျသည့်အချိန်၌ပင် ပရောဖက်ရှမွေလ၏မိခင် ဟန္နက ယေဟောဝါသည် လူတို့ကို ရှီးအိုးလ် (သင်္ချိုင်း) မှထမြောက်စေနိုင်တော်မူကြောင်း အသိအမှတ်ပြုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၆) ထိုထက်ပင် ရှေးကျသည့်အချိန်၌ သစ္စာရှိသော ယောဘက မိမိ၏မျှော်လင့်ချက်ကို ဤစကားများဖြင့် ထုတ်ဖော်ပြသခဲ့သည်– “လူသည်သေလျှင် အသက်ရှင်ဦးမည်လော။ အကျွန်ုပ် အလှည့်ကျသည်တိုင်အောင် ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး စောင့်မျှော်လျက်နေပါမည်။ အကျွန်ုပ်ကိုခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့် ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်။”—ယောဘ ၁၄:၁၄၊ ၁၅၊ သမ္မာ။

၂၀၊ ၂၁။ (က) ဒံယေလသည် အဘယ်ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်မည်မှာ သေချာသနည်း။ (ခ) ပရဒိသုတွင် ရှင်ပြန်ထမြောက်ခြင်း မည်သို့ဖြစ်ပေါ်လာဖွယ်ရှိသနည်း။

၂၀ ဒံယေလလည်း ယောဘနည်းတူ နောင်တစ်နေ့နေ့တွင် မိမိအား ယေဟောဝါရှင်ပြန်စေရန် တောင့်တတော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစရာအကြောင်း ရှိပေသည်။ သို့ဖြစ်လင့်ကစား ဒံယေလသည် တန်ခိုးကြီးသော နာမ်ဝိညာဉ်သတ္တဝါတစ်ပါးထံမှ ထိုမျှော်လင့်ချက်နှင့်ပတ်သက်၍ စိတ်ချရသည့်စကားကို ကြားရသည့်အတွက် အလွန်တရာ စိတ်ချမ်းမြေ့ခဲ့ပေမည်။ မှန်ပါသည်၊ ခရစ်တော် အနှစ်တစ်ထောင် အုပ်စိုးရာကာလအတွင်း ‘ဖြောင့်မတ်သောသူတို့ ထမြောက်ရာကာလ၌’ ဒံယေလသည် မတ်တတ်ထလာလိမ့်မည်။ (လုကာ ၁၄:၁၄) ၎င်းသည် ဒံယေလအတွက် မည်သို့ဖြစ်မည်နည်း။ ဤအကြောင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် များစွာဖော်ပြထားသည်။

၂၁ ယေဟောဝါသည် “ကစဉ့်ကလျားဖြစ်သော ဘုရားသခင်မဟုတ်၊ ငြိမ်သက်ခြင်းဘုရားသခင် ဖြစ်တော်မူ၏။” (၁ ကောရိန္သု ၁၄:၃၃၊ ကဘ) သို့ဖြစ်သောကြောင့် ပရဒိသုတွင် ရှင်ပြန်ထမြောက်ခြင်းသည် စည်းစနစ်ကျနစွာ ဖြစ်ပျက်လာမည်မှာ ထင်ရှားသည်။ အာမဂေဒုန်ပြီးနောက် အချိန်အတန်ကြာမှ ထိုသို့ဖြစ်ပျက်လာဖွယ်ရှိသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထိုအချိန်တွင် အစီအစဉ်စနစ်ဟောင်း၏ အစအနမှန်သမျှကို ရှင်းလင်း၍ သေလွန်သူများ ရှင်ပြန်လာခြင်းကို ကြိုဆိုရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်ပေမည်။ လူသေများ ပြန်ရှင်လာခြင်းအစီအစဉ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤအစဉ်အလာကို ဖော်ပြထားသည်– “လူအသီးအသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၃) ‘ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့ ရှင်ပြန်ထမြောက်’ ချိန်၌ ဖြောင့်မတ်သူတို့သည် ဦးစွာထမြောက်ကြဖွယ်ရှိသည်။ (တမန်တော် ၂၄:၁၅) ဤနည်းအားဖြင့် ဒံယေလကဲ့သို့သော ရှေးသစ္စာရှိသူများသည် နောက်ပိုင်းပြန်ရှင်လာကြမည့် သန်းပေါင်းများစွာသော “မဖြောင့်မတ်” သူတို့ကိုသွန်သင်ခြင်းအပါအဝင် မြေကြီးဆိုင်ရာ စီမံအုပ်ချုပ်ရေးတွင် အကူအညီ ပေးနိုင်ကြမည်ဖြစ်သည်။—ဆာလံ ၄၅:၁၆။

၂၂။ အဘယ်မေးခွန်းအချို့၏ အဖြေကို ဒံယေလ သိချင်ဇောပြင်းပြမည်နည်း။

၂၂ ဒံယေလအနေဖြင့် ထိုတာဝန်များကိုထမ်းဆောင်ရန် အသင့်မဖြစ်မီ မေးခွန်းအချို့ မေးမည်မှာသေချာသည်။ သူ့အားအပ်ပေးသည့် နက်နဲသော ပရောဖက်ပြုချက် အချို့နှင့်ပတ်သက်၍ “ကြားရလျက် နားမလည်” ဟုသူဆိုခဲ့၏။ (ဒံယေလ ၁၂:၈) အဆိုပါ မြင့်မြတ်သောနက်နဲရာများကို နောက်ဆုံး၌ နားလည်လာသည့်အခါ သူမည်မျှပီတိဖြာမည်တကား! မေရှိယနှင့်ပတ်သက်သည့် အကြောင်းအရာအားလုံးကို သူသိလိုမည်မှာမုချ။ သူ့လက်ထက်မှ ကျွန်ုပ်တို့လက်ထက်တိုင်အောင် ကမ္ဘာ့အာဏာစက်များ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာပုံအကြောင်း၊ “ဆုံးခန်းကာလ” အတွင်း နှိပ်စက်ညှဉ်းပန်းခံရသော်လည်း မဆုတ်မနစ်သောဇွဲဖြင့် ကြိုးကုတ်အားထုတ်ခဲ့ကြသည့် “အထွတ်အမြတ်အရှင်၏ [သစ္စာရှိ] သန့်ရှင်းသူတို့” မည်သူမည်ဝါဖြစ်ကြောင်းနှင့် နောက်ဆုံး၌ လူ့နိုင်ငံရှိသမျှကို ဘုရားသခင့်မေရှိယနိုင်ငံတော် ဖျက်ဆီးခြင်းအကြောင်းတို့ကို ဒံယေလသည် စိတ်ဝင်တစား ကြားသိရမည်ဖြစ်သည်။—ဒံယေလ ၂:၄၄၊ ၄၅; ၇:၂၂; ၁၂:၄။

ပရဒိသုအတွင်း ဒံယေလ၏ဝေပုံနှင့် သင်၏ဝေပုံ

၂၃၊ ၂၄။ (က) ဒံယေလ ရှင်ပြန်ထမြောက်လာမည့် ကမ္ဘာသည် သူသိကျွမ်းခဲ့သည့်ကမ္ဘာနှင့် အဘယ်သို့ခြားနားမည်နည်း။ (ခ) ဒံယေလသည် ပရဒိသုတွင် နေရာတစ်နေရာ ရရှိမည်လော။ ကျွန်ုပ်တို့ မည်သို့သိရသနည်း။

၂၃ ထိုအချိန်တွင် ဒံယေလသည် သူရောက်ရှိနေသည့်ကမ္ဘာ—သူ့လက်ထက်နှင့် လုံးလုံးခြားနားသည့်ကမ္ဘာ—အကြောင်းကို သိရှိလိုပေမည်။ သူသိကျွမ်းခဲ့သည့်ကမ္ဘာကို ပျက်စီးစေခဲ့သည့် စစ်နှင့်ဖိနှိပ်မှုတို့၏ အစအနမှန်သမျှ ကွယ်ပျောက်သွားမည်။ ဝမ်းနည်းပူဆွေးခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတို့လည်း ရှိတော့မည်မဟုတ်။ (ဟေရှာယ ၂၅:၈; ၃၃:၂၄) လူသားအားလုံးအတွက် စားဝတ်နေရေး ဖူလုံကြွယ်ဝပြီး ကျေနပ်ဖွယ် လုပ်ငန်းကိုင်ငန်းများ ပေါများလိမ့်မည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၆၅:၂၁၊ ၂၂) လူသားအပေါင်းတို့သည် စည်းလုံးညီညွတ်ပြီး ပျော်ရွှင်သည့်မိသားစုကြီး ဖြစ်ပေမည်။

၂၄ ထိုသို့သောကမ္ဘာတွင် ဒံယေလအတွက်လည်း နေရာတစ်နေရာ မုချရှိပေမည်။ “သင်မူကား . . . ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်” ဟုကောင်းကင်တမန်က သူ့အားပြောကြားခဲ့၏။ ဤတွင် “ဝေပုံ” ဟူ၍ပြန်ဆိုထားသည့် ဟေဗြဲစကားလုံးမှာ ပကတိမြေကွက်အတွက် အသုံးပြုသည့်စကားလုံးနှင့် အတူတူပင်ဖြစ်သည်။c ဒံယေလသည် ပြန်လည်ထူထောင်သည့် ဣသရေလပြည်ကို ခွဲဝေခြင်းဆိုင်ရာ ယေဇကျေလ၏ ပရောဖက်ပြုချက်ကို ကောင်းစွာသိကျွမ်းမည်ဖြစ်သည်။ (ယေဇကျေလ ၄၇:၁၃–၄၈:၃၅) ပရဒိသု ပြည့်စုံချက်၌ ယေဇကျေလ၏ ပရောဖက်ပြုချက်က အဘယ်အရာကို ဆိုလိုပုံရှိသနည်း။ ပရဒိသုတွင် ဘုရားသခင့်လူမျိုးတော်ရှိသမျှသည် နေရာတစ်နေရာစီရရှိမည်၊ မြေကြီးကိုပင် စနစ်တကျ၊ တရားမျှတစွာ ခွဲဝေပေးမည်ဟူ၍ သိရှိရပေသည်။ ပရဒိသုတွင် ဒံယေလရရှိမည့်ဝေပုံမှာ မြေကွက်မျှသာမကဘဲ ဘုရားသခင့်ရည်ရွယ်ချက်တွင် ထိုအခါ သူထမ်းဆောင်ရမည့် အခန်းကဏ္ဍလည်း ပါဝင်ပေမည်။ ဒံယေလအား ကတိပေးထားရာဆုလာဘ်မှာ အာမခံချက်ရှိ၏။

၂၅။ (က) ပရဒိသုအသက်တာတွင် သင်အထူးနှစ်သက်သည့် အလားအလာအချို့ကား အဘယ်နည်း။ (ခ) လူသားတို့သည် ပရဒိသုတွင် နေထိုင်ရန်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၂၅ သင်၏ဝေပုံကော မည်သို့ရှိမည်နည်း။ ၎င်းကတိတော်များသည် သင်နှင့်လည်း သက်ဆိုင်နိုင်ပေသည်။ ယေဟောဝါသည် နာခံမှုရှိသောလူသားများအား “မတ်တတ်ထ” ၍၎င်းတို့၏ ဝေပုံကိုခံယူစေရန်၊ ပရဒိသုတွင် နေရာတစ်နေရာရရှိစေရန် အလိုတော်ရှိ၏။ စဉ်းစားကြည့်လိုက်ပါ၊ ဒံယေလနှင့်တကွ သမ္မာကျမ်းစာခေတ်မှ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရမည်မှာ ပီတိဖြစ်စရာ ကောင်းလှပေမည်။ ထိုအချိန်တွင် မရေမတွက်နိုင်သည့် သေရွာပြန်များ ရှိကြမည်ဖြစ်ရာ ထိုသူတို့ကို ယေဟောဝါအားသိကျွမ်း၍ ချစ်မြတ်နိုးလာအောင် သွန်သင်ပေးရန် လိုအပ်ပေမည်။ ကျွန်ုပ်တို့၏မြေကြီးစံအိမ်ကို ပြုစုစောင့်ရှောက်၍ ကမ္ဘာမြေကြီးကို ပန်းပေါင်းစုံစွာ ဝေဆာပွင့်ဖူးရာ ထာဝရလှပတင့်တယ်သည့် ပရဒိသုအဖြစ်သို့ အသွင်ပြောင်းလဲစေရာ၌ မိမိကိုယ်တိုင် တစ်တပ်တစ်အား ပါဝင်လုပ်ဆောင်ရသည်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ယေဟောဝါ၏သွန်သင်ခြင်းကိုခံယူလျက် လူသားတို့အား ကိုယ်တော်အသက်ရှင်စေလိုသည့် ဘဝပုံစံအတိုင်းနေထိုင်ရန် သင်ယူကြသည်ကို စဉ်းစားကြည့်ပါ။ (ဟေရှာယ ၁၁:၉; ယောဟန် ၆:၄၅) မှန်ပေသည်၊ ပရဒိသုတွင် သင့်အဖို့လည်း နေရာတစ်နေရာ ရှိပေသည်။ ပရဒိသုသည် ယနေ့ လူအချို့အဖို့ အစိမ်းသက်သက် ဖြစ်ကောင်းဖြစ်ပေမည်၊ သို့သော် ယေဟောဝါသည် မူလက လူသားတို့ကို ထိုသို့သောနေရာမျိုး၌ နေရာချပေးခဲ့သည်ကို သတိရပါ။ (ကမ္ဘာဦး ၂:၇-၉) ထိုသဘောမျိုးဖြင့်ဆိုလျှင် ပရဒိသုမှာ ကမ္ဘာသူကမ္ဘာသား သန်းပေါင်းများစွာ၏ သဘာဝဇာတိမြေ ဖြစ်ပေသည်။ လူသားတို့သည် ပရဒိသုတွင်နေထိုင်ရန်ဖြစ်၏။ ပရဒိသုထဲဝင်ခြင်းသည် အိမ်ပြန်ရောက်ခြင်းနှင့် အတူတူပင်ဖြစ်မည်။

၂၆။ ဤစနစ်၏အဆုံးကို စောင့်မျှော်ရသည်မှာ ကျွန်ုပ်တို့အဖို့ မလွယ်ကူကြောင်း ယေဟောဝါ မည်သို့အသိအမှတ် ပြုတော်မူသနည်း။

၂၆ ဤအကြောင်းတို့ကို စဉ်းစားလိုက်သည့်အခါ ကျွန်ုပ်တို့၏နှလုံးသား၌ ပြင်းပြသည့်ဆန္ဒ ဖြစ်ပေါ်လာသည် မဟုတ်ပေလော။ သင်ကိုယ်တိုင်လည်း ပရဒိသုတွင်အသက်ရှင်ရန် မတမ်းတမိပေလော။ ထို့ကြောင့် ယေဟောဝါသက်သေများသည် ဤအစီအစဉ်စနစ် ကုန်ဆုံးမည့်အချိန်ကို အလွန်သိချင်စိတ် ပြင်းပြသည်မှာ အဆန်းမဟုတ်ပေ။ စောင့်မျှော်ရသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ ဤအကြောင်းကို ယေဟောဝါလည်း သိတော်မူ၏၊ အဘယ်ကြောင့်ဆိုသော် အဆုံးသည် “ဆိုင်းသော်လည်း မျှော်လင့်လော့” ဟုတိုက်တွန်းထားတော်မူ၏။ ကျွန်ုပ်တို့အမြင်တွင် နှောင့်နှေးသည်ဟု ထင်ကောင်းထင်စရာ ဖြစ်နိုင်သည်ဟု ကိုယ်တော်ဆိုလိုသည်။ သို့သော် ထိုကျမ်းချက်၌ပင် “နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်” ဟူ၍ စိတ်ချစေသည်။ (ဟဗက္ကုတ် ၂:၃; သုတ္တံ ၁၃:၁၂ နှိုင်းယှဉ်။) မှန်ပါသည်၊ ချိန်းချက်သောအချိန်၌ အဆုံးရောက်လာလိမ့်မည်။

၂၇။ သင့်အနေဖြင့် ဘုရားသခင့်ရှေ့တော်တွင် အစဉ်ထာဝရ ရပ်တည်နိုင်ရန် ဘာပြုလုပ်ရမည်နည်း။

၂၇ အဆုံးနီးလာပြီဖြစ်၍ သင်မည်သို့ ပြုလုပ်သင့်သနည်း။ ယေဟောဝါ ချစ်မြတ်နိုးသောပရောဖက် ဒံယေလနည်းတူ သစ္စာရှိရှိ ကြံ့ကြံ့ခံရပ်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပတ်တကုတ် လေ့လာဆည်းပူးပါ။ စိတ်ထက်သန်စွာ ဆုတောင်းပါ။ ယုံကြည်သူချင်းတို့နှင့် မေတ္တာဖြင့် ပေါင်းသင်းဆက်ဆံပါ။ သူတစ်ပါးအား အမှန်တရားကို စိတ်အားထက်သန်စွာ သင်ကြားပေးပါ။ ဆိုးယုတ်သော ဤအစီအစဉ်စနစ်၏အဆုံး တစ်နေ့ထက်တစ်နေ့ နီးကပ်လာသည်နှင့်အမျှ အမြင့်ဆုံးသောအရှင်၏ သစ္စာစောင့်သိသော အမှုတော်ထမ်းအဖြစ်လည်းကောင်း၊ ကိုယ်တော့် နှုတ်ကပါဌ်တရားတော်ကို စွဲစွဲမြဲမြဲ ထောက်ခံသူအဖြစ်လည်းကောင်း ရပ်တည်နေရန် သန္နိဋ္ဌာန်ချထားပါ။ ဒံယေလ၏ ပရောဖက်ပြုချက်ကို ဆက်ဆက်ဂရုပြုပါ! အချုပ်အခြာအာဏာပိုင်အရှင် ယေဟောဝါသည် သင့်အား ရှေ့တော်မှောက်တွင် အစဉ်ထာဝရ ရွှင်လန်းစွာရပ်တည်ခြင်းအခွင့်ကို ပေးသနားတော်မူပါစေ!

[အောက်ခြေမှတ်ချက်များ]

a ဒံယေလသည် ဘီ.စီ.အီး. ၆၁၇ ခုနှစ်တွင်၊ ဆယ်ကျော်သက် လူငယ်တစ်ဦးအနေနှင့် ဗာဗုလုန်ပြည်သို့ နယ်နှင်ခြင်းခံခဲ့ရသည်။ ယခုရူပါရုံကို ကုရုမင်းနန်းစံ တတိယနှစ် သို့မဟုတ် ဘီ.စီ.အီး. ၅၃၆ ခုနှစ်တွင် လက်ခံရရှိသည်။—ဒံယေလ ၁၀:၁။

b ဘရောင်း-ဒရိုင်ဘာ-ဘရိဂ်စ် ဟေဗြဲနှင့် အင်္ဂလိပ် အဘိဓာန် အလိုအရ “မတ်တတ်ထ” အတွက် ဤတွင် အသုံးပြုထားသည့် ဟေဗြဲစကားလုံးသည် “သေလွန်ပြီးနောက် ပြန်ရှင်ခြင်း” အဓိပ္ပာယ်ကို ရည်ညွှန်းသည်။

c ဤဟေဗြဲစကားလုံးသည် “ကျောက်စရစ်ခဲ” ဟူသောစကားလုံးနှင့် ဆက်နွှယ်မှုရှိသည်။ အကြောင်းမှာ မဲချရာ၌ ကျောက်ခဲလေးများကို အသုံးပြု၍ဖြစ်သည်။ မြေကြီးကို တစ်ခါတစ်ရံ ဤနည်းဖြင့်ခွဲဝေကြသည်။ (တောလည်ရာ ၂၆:၅၅၊ ၅၆) ဤနေရာ၌ ၎င်းစကားလုံးမှာ “လူတစ်ဦးအဖို့ (ဘုရားသခင်) သီးသန့်ထားသောအရာ” ဟူ၍အဓိပ္ပာယ်ရှိကြောင်း ဒံယေလကျမ်း လက်စွဲစာအုပ် ကဆို၏။

အဘယ်အရာ သိမြင်ခဲ့သနည်း

• အဆုံးတိုင် ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ဒံယေလအား အဘယ်အရာက ထောက်ကူပေးခဲ့သနည်း။

• သေဆုံးရခြင်းသည် ဒံယေလအဖို့ အဘယ်ကြောင့် ထိတ်လန့်ကြောက်မက်ဖွယ်ရာ မဟုတ်သနည်း။

• ဒံယေလသည် ‘ကိုယ့်ဝေပုံကို ခံယူရန် မတ်တတ်ထလိမ့်မည်’ ဟူ၍ ကောင်းကင်တမန်ပေးခဲ့သည့် ကတိတော်သည် မည်သို့ပြည့်စုံလာမည်နည်း။

• ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုခြင်းမှ သင်ကိုယ်တိုင် မည်သို့အကျိုးကျေးဇူး ရရှိခဲ့သနည်း။

[စာမျက်နှာ ၃၀၇ ပါ ရုပ်ပုံ]

[စာမျက်နှာ ၃၁၈ ပါ ရုပ်ပုံ]

သင်သည် ဒံယေလနည်းတူ ဘုရားသခင့် ပရောဖက်ပြုချက်ဆိုင်ရာ နှုတ်ကပါဌ်တော်ကို ဂရုပြုသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ