ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
မတ် ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၁၂-၁၄
“ခရစ်ယာန်မေတ္တာပြတယ်ဆိုတာ ဘာကို ဆိုလိုသလဲ”
(ရောမ ၁၂:၁၀) အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။ ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။
it-1 ၅၅
ချစ်ခင်မြတ်နိုးခြင်း
ခရစ်ယာန်အသင်းတော်မှာ ရှိတဲ့သူတွေအားလုံး ညီရင်းအစ်ကိုမေတ္တာ (ဂရိ၊ ဖိလဒဲလ်ဖိယာ) ရှိသင့်တယ်။ (ရ ၁၂:၁၀။ ဟီ ၁၃:၁။ ၁ပ ၃:၈ ကိုလည်းကြည့်ပါ။) ဒါကြောင့် အသင်းတော်မှာ ရှိသူတွေဟာ တကယ့်မိသားစုလို ချစ်ခင်ရင်းနှီးပြီး သံယောဇဉ်နှောင်ကြိုး ခိုင်မာသင့်တယ်။ အသင်းသူ အသင်းသားတွေဟာ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်နေကြပေမဲ့ အဲဒီထက်မက ပိုချစ်ခင်ကြဖို့ အားပေးခံရတယ်။—၁သ ၄:၉၊ ၁၀။
“ချစ်ခင်မြတ်နိုး” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံး ဖိလိုစတောဂေါ့စ် ကို အချင်းချင်း ရင်းနှီးချစ်ခင်သူအတွက် အသုံးပြုတယ်။ ပေါင်းစပ်ထားတဲ့ ဒီစကားလုံးထဲက စတောဂိုကို မိသားစုဝင်တွေ အချင်းချင်းကြားမှာရှိတဲ့ ပကတိကြင်နာမှုနဲ့ တွဲအသုံးပြုလေ့ ရှိတယ်။ ဒီအရည်အသွေးကို မွေးမြူကြဖို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု အားပေးခဲ့တယ်။ (ရ ၁၂:၁၀) နောက်ဆုံးကာလမှာ “ချစ်ခင်တွယ်တာစိတ် မရှိသူတွေ” (ဂရိ၊ အစတောဂွိုင်) ကို တွေ့ရမယ်လို့လည်း ပေါလု ပြောခဲ့တယ်။ အဲဒီလို ပြုကျင့်နေသူတွေဟာ သေဒဏ် ခံထိုက်တယ်လို့လည်း ပြောတယ်။—၂ တိ ၃:၃။ ရ ၁:၃၁၊ ၃၂။
(ရောမ ၁၂:၁၇-၁၉) အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ လူအားလုံးရဲ့ အမြင်မှာ ကောင်းမွန်တဲ့အရာဟာ ဘာလဲဆိုတာကို ထည့်စဉ်းစားပါ။ ၁၈ ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ၁၉ ချစ်ရသူတို့၊ လက်စားမချေပါနဲ့။ အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ “‘လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ’ လို့ ယေဟောဝါ ပြောတယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။
“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”
၃ ရောမ ၁၂:၁၇ ကိုဖတ်ပါ။ ရန်လိုမှုကြုံရသောအခါ ယင်းအတိုင်း ပြန်လက်စားမချေသင့်ကြောင်း ပေါလုဖော်ပြခဲ့သည်။ သူ၏အကြံပေးချက်ကို လိုက်နာခြင်းသည် ဘာသာမတူသောမိသားစုတွင် အထူးအရေးကြီး၏။ ခရစ်ယာန်အိမ်ထောင်ဖက်တစ်ဦးသည် ခက်ထန်သောစကားနှင့် အကြင်နာမဲ့သောလုပ်ရပ်ဖြင့် မတုံ့ပြန်မိစေရန် ကြိုးစားသည်။ ‘အဆိုးကိုအဆိုးဖြင့် တုံ့ပြန်’ ခြင်းသည် အကျိုးမရှိပေ။ အခြေအနေကို ပို၍ဆိုးစေနိုင်သည်။
“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်”
၁၂ ယုံကြည်သူ၊ မယုံကြည်သူတို့နှင့် မည်သို့ဆက်ဆံသင့်ပုံနှင့်ပတ်သက်၍ ပေါလုနောက်ထပ်ဤသို့ဆုံးမစကားဆို၏– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။” ယင်းဖော်ပြချက်က “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့” ဟုအစောပိုင်းတွင် သူပြောဆိုခဲ့ရာ၏ ဆင်ခြင်တုံတရားနှင့်ညီသော အကျိုးဆက်ဖြစ်သည်။ အမှန်တွင် လူတစ်ဦးသည် အခြားသူတို့ကိုရန်တုံ့ပြန်မည်ဆိုပါက ဆိုးညစ်သောအမှု သို့မဟုတ် မကောင်းမှုကို အမှန်တကယ်မုန်းတီးပါသည်ဟု မည်သို့ပြောနိုင်ပါမည်နည်း။ ယင်းသို့ပြုခြင်းက “လျှို့ဝှက်ခြင်းနှင့်ကင်းသော” မေတ္တာရှိခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပေမည်။ ယင်းနောက် ပေါလုဤသို့ဆို၏– “လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။” (ရောမ ၁၂:၉၊ ၁၇) ယင်းစကားကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးကြသနည်း။
၁၃ ပေါလုသည် အစောပိုင်းက ကောရိန္သုမြို့သားများထံ ရေးသောသူ၏စာတွင် တမန်တော်များကြုံတွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုအကြောင်း ရေးသားခဲ့သည်။ သူဤသို့ဆို၏– ‘ငါတို့သည် လောကသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။ ... ကဲ့ရဲ့ခြင်းကိုခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရသောအခါ သည်းခံကြ၏။ အသရေရှုတ်ချခြင်းကိုခံရသောအခါ တောင်းပန်ကြ၏။’ (၁ ကောရိန္သု ၄:၉-၁၃) အလားတူပင် ယနေ့ စစ်မှန်သောခရစ်ယာန်များသည် လောကသားများ၏ စောင့်ကြည့်ခြင်းကို ခံနေရကြသည်။ မတရားသဖြင့်ကျွန်ုပ်တို့ဆက်ဆံခံရချိန်တွင်ပင် ကျွန်ုပ်တို့၏ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကျွန်ုပ်တို့ဝန်းကျင်ရှိသူတို့ တွေ့မြင်ရကြသည့်အခါ ကျွန်ုပ်တို့၏ခရစ်ယာန်သတင်းစကားကို ကောင်းစွာတုံ့ ပြန်လာနိုင်ပေသည်။—၁ ပေတရု ၂:၁၂။
(ရောမ ၁၂:၂၀၊ ၂၁) “ရန်သူ ဆာလောင်နေရင် ကျွေးမွေးလိုက်ပါ။ ရေငတ်နေရင် သောက်စရာ ပေးလိုက်ပါ။ အဲဒီလိုလုပ်ရင် သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာရောက်မယ်” လို့လည်း ရေးထားတယ်။ ၂၁ ဒါကြောင့် အဆိုးနဲ့တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ။
အကြွင်းမဲ့ ခွင့်လွှတ်ကြပါ
၁၃ ခရစ်ယာန်မဟုတ်သူတစ်ယောက်က သင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတာမျိုး ကြုံရနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာသွန်သင်ချက်တွေကို သူစိတ်ဝင်စားလာအောင် သင်ကူညီပေးကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားရာရောက်လိမ့်မည်။ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍ အနိုင်ယူနေလော့။” (ရော. ၁၂:၂၀၊ ၂၁) လူတွေ သင့်ကို ဒေါသနဲ့ဆက်ဆံတဲ့အခါမှာတောင် သင်က ယဉ်ယဉ်ကျေးကျေး တုံ့ပြန်တယ်ဆိုရင် သူတို့ရဲ့သဘောထား ပြောင်းလဲသွားနိုင်ပြီး သင့်ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံနိုင်တယ်။ သင့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံသူကို သင်က နားလည်ပေးပြီး မေတ္တာပြတယ်ဆိုရင် သူ ကျမ်းစာအမှန်တရားအကြောင်း သိလိုစိတ်ရှိလာအောင် သင်ကူညီပေးကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ သူ ဘယ်လိုပဲတုံ့ပြန်ပါစေ သင့်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ကြင်နာမှုလုပ်ရပ်တွေကို ကြည့်ပြီး သင် ဘာကြောင့် တစ်မူထူးခြားနေတာလဲဆိုတာ သူစဉ်းစားမိနိုင်တယ်။—၁ ပေ. ၂:၁၂; ၃:၁၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၁၂:၁) ဒါကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင်ရဲ့ သနားစာနာမှုကို ထောက်ထားပြီး ကျွန်တော် မေတ္တာရပ်ခံပါတယ်။ အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။ ဒီလိုဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ရာရောက်တယ်။
အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ရွေးချယ်နိုင်ပုံ
၅ ဘဝမှာ ကျွန်တော်တို့ လုပ်ဆောင်သမျှက ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဆက်နွှယ်နေတယ်။ “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ” လို့ ပြောပြီး အဲဒီအချက်ကို ပေါလု ရှင်းပြခဲ့တယ်။ (ရောမ ၁၂:၁) “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာကု ၁၂:၃၀) ယေဟောဝါကို ကျွန်တော်တို့ အကောင်းဆုံး ပေးဆက်ချင်ကြပါတယ်။ ရှေးအစ္စရေးတွေ ယေဟောဝါဆီ တိရစ္ဆာန်ပူဇော်သက္ကာ ဆက်သတဲ့အခါ အနာအဆာမရှိတဲ့ တိရစ္ဆာန် ဆက်သရတယ်။ အနာအဆာပါတဲ့ ပူဇော်သက္ကာ ဖြစ်နေရင် ဘုရား လက်မခံဘူး။ (ဝတ်ပြုရာ ၂၂:၁၈-၂၀) အလားတူပဲ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ လက်မခံတာမျိုး ဖြစ်သွားနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
၆ “ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” လို့ ကျွန်တော်တို့ကို ယေဟောဝါ မိန့်မှာတယ်။ (၁ ပေတရု ၁:၁၄-၁၆။ ၂ ပေတရု ၃:၁၁) ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု သန့်ရှင်းစင်ကြယ်နေမှ ယေဟောဝါ လက်ခံမယ်။ (တရားဟောရာ ၁၅:၂၁) အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုး စတဲ့အရာတွေနဲ့ပတ်သက်တဲ့ ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု မသန့်ရှင်းနိုင်ဘူး။ (ရောမ ၆:၁၂-၁၄။ ၈:၁၃) အဲဒီအရာတွေနဲ့ အပန်းဖြေနေမယ်ဆိုရင်လည်း ယေဟောဝါ နှစ်သက်မှာ မဟုတ်ဘူး။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို မသန့်မရှင်း ဖြစ်သွားစေနိုင်တယ်။ ဘုရား လက်မခံနိုင်တဲ့အရာ ဖြစ်သွားနိုင်ပြီး ဘုရားနဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်။
(ရောမ ၁၃:၁) အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။ ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။
ရောမမြို့သားများထံရေးသောစာမှ ပေါ်လွင်ချက်များ
၁၃:၁—အစိုးရသောမင်းအာဏာစက်တို့သည် အဘယ်နည်းဖြင့် “ဘုရားသခင်ခန့်ထားတော်မူရာဖြစ်” သနည်း။ လောကအစိုးရအာဏာပိုင်များသည် “ဘုရားသခင်ခန့်ထားတော်မူရာဖြစ်” သည်ဟုဆိုခြင်းမှာ ကိုယ်တော်ခွင့်ပြုထားသောကြောင့် သူတို့အုပ်ချုပ်ရခြင်းဖြစ်ပြီး အချို့သောအခြေအနေများတွင် သူတို့၏အုပ်စိုးမှုကို ဘုရားသခင်ကြိုတင်မြင်တော်မူခဲ့သည်ဟု ဆိုလိုသည်။ အုပ်စိုးရှင်များစွာအကြောင်း သမ္မာကျမ်းစာ ကြိုဟောထားသည့်အချက်က ယင်းကို အထင်အရှားသက်သေထူသည်။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၁၃:၁-၁၄) အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။ ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။ ၂ ဒါကြောင့် အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ။ အဲဒီလိုဆန့်ကျင်သူဟာ ပြစ်ဒဏ်စီရင်ခံရမယ်။ ၃ ကောင်းတာလုပ်တဲ့သူတွေဟာ အုပ်စိုးရှင်တွေကို ကြောက်နေစရာ မလိုဘူး။ မကောင်းတာလုပ်တဲ့သူတွေပဲ ကြောက်ရမှာ။ အာဏာပိုင်တွေကို မကြောက်ဘဲ နေချင်သလား။ ကောင်းမွန်ရာကို အမြဲလုပ်ဆောင်ပါ။ ဒါဆိုရင် အာဏာပိုင်တွေ ချီးမွမ်းတာ ခံရလိမ့်မယ်။ ၄ သူတို့ဟာ ခင်ဗျားရဲ့ ကောင်းကျိုးအတွက် ဘုရားသခင်ခန့်ထားတဲ့ အမှုထမ်းတွေပဲ။ မကောင်းတာ လုပ်နေရင်တော့ သူတို့ကို ကြောက်ရလိမ့်မယ်။ အာဏာပိုင်တွေဟာ ဓားကို အကြောင်းမဲ့ ဆောင်ထားတာ မဟုတ်ဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အမှုထမ်းတွေ ဖြစ်တဲ့အတွက် မကောင်းမှုပြုကျင့်သူတွေကို အမျက်သင့်စေမယ့် လက်စားချေသူတွေပဲ။ ၅ အမျက်တော်ကြောင့်သာ မဟုတ်ဘဲ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကြောင့်လည်း အာဏာပိုင်တွေကို မလွဲမသွေ လက်အောက်ခံရမယ်။ ၆ ဒါကြောင့် ခင်ဗျားတို့ အခွန်ဆောင်ပါ။ အာဏာပိုင်တွေဟာ ပြည်သူတွေအတွက် အမှုထမ်းဖို့ ဘုရားသခင် ခန့်ထားသူတွေဖြစ်လို့ ဒီတာဝန်ကို အမြဲထမ်းဆောင်ကြတယ်။ ၇ လူအားလုံးကို ပေးသင့်ပေးထိုက်ရာတွေ ပေးကြပါ- အခွန်ဆောင်သင့်သူကို အခွန်ဆောင်ပါ။ ဆက်ကြေးပေးသင့်သူကို ဆက်ကြေးပေးပါ။ ကြောက်သင့်သူကို ကြောက်ပါ။ ရိုသေသင့်သူကို ရိုသေပါ။ ၈ အချင်းချင်းအပေါ် မေတ္တာကြွေးကလွဲလို့ ဘာအကြွေးမှ မတင်စေနဲ့။ လူလူချင်းကို ချစ်တဲ့သူဟာ ပညတ်တရားကို အပြည့်အဝ လိုက်နာနေတာပဲ။ ၉ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ပညတ်ဟာ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့။ လူ့အသက် မသတ်နဲ့။ မခိုးနဲ့။ လိုချင်တပ်မက်စိတ် မရှိနဲ့” ဆိုတဲ့ ပညတ်တွေကအစ ကျန်တဲ့ပညတ်ရှိသမျှရဲ့ အနှစ်ချုပ်ပဲ။ ၁၀ မေတ္တာဟာ သူတစ်ပါးကို နစ်နာအောင် မလုပ်တတ်ဘူး။ ဒါကြောင့် မေတ္တာထားတာဟာ ပညတ်အားလုံးကို လိုက်နာနေတာပဲ။ ၁၁ ဒါကြောင့် ကျွန်တော်ပြောတာတွေကို လိုက်နာကြပါ။ အိပ်ပျော်ရာကနေ နိုးထရမယ့်အချိန် ရောက်နေပြီဆိုတာ ခင်ဗျားတို့ သိတာပဲ။ ကယ်တင်ခံရမယ့်အချိန်ဟာ ကျွန်တော်တို့ ယုံကြည်သူတွေ ဖြစ်လာတုန်းကထက် အခု ပိုနီးနေပြီ။ ၁၂ ညအချိန် ကုန်ဆုံးပြီး နေ့အချိန် ရောက်လုပြီ။ ဒါကြောင့် မှောင်မိုက်နဲ့ဆိုင်တဲ့ အကျင့်တွေကို စွန့်ပစ်ပြီး အလင်းရဲ့လက်နက်တွေကို ကိုင်ဆောင်ထားကြစို့။ ၁၃ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ သောက်စားမူးယစ်တာ၊ လိင်အကျင့်ယိုယွင်းတာ၊ မျက်နှာပြောင်တိုက်တာ၊ ခိုက်ရန်ဖြစ်တာ၊ မနာလိုဖြစ်တာတွေကို ရှောင်ပြီး နေ့အချိန်မှာ လူတွေကျင့်ကြံသလို သိက္ခာရှိရှိ ကျင့်ကြံပြုမူကြစို့။ ၁၄ သခင်ယေရှုခရစ်ကို အတုယူပါ။ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ မကြံစည်ပါနဲ့။
မတ် ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၁၅-၁၆
“ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့ ယေဟောဝါကို မျှော်ကိုးပါ”
(ရောမ ၁၅:၄) ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။
“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
၁၁ လာဇရု သေဆုံးချိန်မှာ ယေရှု အလွန်ဝမ်းနည်းခဲ့တယ်ဆိုတဲ့ မှတ်တမ်းဟာ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာမှတ်တမ်းတွေထဲက တစ်ခုမျှသာ ဖြစ်တယ်။ “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်” ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ (ရော. ၁၅:၄) သင် ဝမ်းနည်းပူဆွေးနေတယ်ဆိုရင် အောက်ပါကျမ်းချက်တွေကနေ အားပေးနှစ်သိမ့်မှု ရရှိနိုင်ပါတယ်–
▪ “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာ. ၃၄:၁၈၊ ၁၉။
▪ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် [ယေဟောဝါ] နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာ. ၉၄:၁၉။
▪ “သခင်ယေရှုခရစ်ရော ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး မဟာကရုဏာကတစ်ဆင့် ထာဝရ နှစ်သိမ့်မှုနဲ့ တောက်ပတဲ့ မျှော်လင့်ချက် ပေးသနားတဲ့ အဖဘုရားသခင်ကပါ ခင်ဗျားတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေးပါစေ။” —၂ သက်. ၂:၁၆၊ ၁၇။
(ရောမ ၁၅:၅) ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်က ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျားတို့မှာ ရှိလာအောင် ကူညီပေးပါစေ။
“ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
၅ ခွန်အားရဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ ယေဟောဝါဟာ “ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင် ဘုရားသခင်” ဖြစ်တယ်။ (ရော. ၁၅:၅) ကိုယ်တော်တစ်ပါးတည်းသာ ကျွန်တော်တို့ရဲ့ အခြေအနေ၊ ခံစားချက်နဲ့ နောက်ခံကို အပြည့်အဝ နားလည်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ ဘုရားသခင် အတိအကျ သိတယ်။ “ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏ အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏” လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၄၅:၁၉) ဒါပေမဲ့ ခွန်အားရဖို့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးမလဲ။
(ရောမ ၁၅:၁၃) မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။
‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
၁၁ ယေဟောဝါက ကျွန်ုပ်တို့ကို ထာဝရအသက် မျှော်လင့်ချက်ပေးထားတယ်။ (ရော. ၁၅:၁၃) အဲဒီမျှော်လင့်ချက်က ယုံကြည်ခြင်းစမ်းသပ်မှုတွေ ကြုံရတဲ့အခါ ခံနိုင်ရည်ရှိစေတယ်။ သစ္စာရှိဘိသိက်ခံတွေက ကောင်းကင်မှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိကြတယ်။ (ဗျာ. ၂:၁၀) ကျန်တဲ့သစ္စာရှိသူတွေကတော့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ (လု. ၂၃:၄၃) ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။ အဲဒါက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု၊ ငြိမ်သက်မှုခံစားရစေပြီး “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သောလက်ဆောင်ရှိသမျှ” ကိုပေးတဲ့ ဘုရားသခင်ကို ချစ်မြတ်နိုးစေတယ်။—ယာ. ၁:၁၇။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ရောမ ၁၅:၂၇) သူတို့က ရက်ရက်ရောရော လှူဒါန်းချင်တယ်။ တကယ်လည်း သူတို့ဟာ ကျေးဇူးမကင်းသူတွေပါ။ ဘုရားသခင်ဆီက ကောင်းမွန်ရာတွေကို သန့်ရှင်းသူတွေဆီက ရရှိခဲ့တဲ့အတွက် သူတို့ဘက်ကလည်း သန့်ရှင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန် ရှိပါတယ်။
က၈၉-E ၁၂/၁ ၂၄ ပိုဒ်. ၃
“ခင်ဗျားတို့ရဲ့ မေတ္တာ ဘယ်လောက်စစ်မှန်သလဲဆိုတာ စမ်းသပ်ချင်လို့”
လူမျိုးခြား ညီအစ်ကိုတွေဟာ ဂျူးတွေရဲ့ အခက်အခဲတွေကို ကူညီပေးသင့်တယ်။ အမှန်တော့ ဂျေရုဆလင်ကနေ လူမျိုးခြားတွေဆီ သတင်းကောင်း ရောက်သွားတာဖြစ်လို့ သူတို့က ဂျေရုဆလင်မြို့မှာရှိတဲ့ ခရစ်ယာန်တွေအပေါ် ကျေးဇူးမကင်းသူတွေ ဖြစ်တယ်။ ပေါလု အခုလို ယူဆတယ်– “ဘုရားသခင်ဆီက ကောင်းမွန်ရာတွေကို သန့်ရှင်းသူတွေဆီက ရရှိခဲ့တဲ့အတွက် သူတို့ဘက်ကလည်း သန့်ရှင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန် ရှိပါတယ်။”—ရောမ ၁၅:၂၇။
(ရောမ ၁၆:၂၅) ကျွန်တော်ဟောပြောတဲ့ ယေရှုခရစ်အကြောင်းနဲ့ သတင်းကောင်းက ခင်ဗျားတို့ကို ဘုရားသခင် ခိုင်ခံ့မြဲမြံစေနိုင်မှန်း ဖော်ပြနေတယ်။ အဲဒီသတင်းကောင်းဟာ ဘုရားသခင်ဖော်ပြတဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်နဲ့ ဆက်စပ်နေတယ်။ ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။
it-1 ၈၅၈ ပိုဒ်. ၅
ကြိုတင် သိမြင်ထား၊ တင်ကြို သတ်မှတ်ထား
ကတိပြုထားတဲ့ မျိုးနွယ်ဖြစ်တဲ့ မေရှိယ ဒါမှမဟုတ် ခရစ်တော်ကတစ်ဆင့် ကမ္ဘာပေါ်မှာရှိတဲ့ လူ့မိသားစုအားလုံး ကောင်းချီးခံစားရမယ်။ (ဂ ၃:၈၊ ၁၄) ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီးနောက် အာဗေလ မမွေးခင်မှာ အဲဒီ “မျိုးနွယ်” အကြောင်းကို ပထမဦးဆုံးအကြိမ် ကြားသိခဲ့ရတယ်။ (က ၃:၁၅) အဲဒါက “မြင့်မြတ်တဲ့လျှို့ဝှက်ချက်” ကို ဘုရားသခင် မဖော်ပြခင် နှစ်ပေါင်း ၄,၀၀၀ လောက်က ဖြစ်တယ်။ အခုတော့ မျိုးနွယ်ဖြစ်သူ မေရှိယဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း သိရပြီ။ ဒါကြောင့် “ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့” တဲ့ အကြောင်းအရာပဲ။—ရ ၁၆:၂၅-၂၇။ ဧ ၁:၈-၁၀။ ၃:၄-၁၁။
ကျမ်းစာဖတ်ရှုခြင်း
(ရောမ ၁၅:၁-၁၆) ဒီတော့ ယုံကြည်ခြင်းခိုင်ခံ့တဲ့ ကျွန်တော်တို့က ယုံကြည်ခြင်း မခိုင်ခံ့တဲ့သူတွေကို သူတို့ရဲ့ အားနည်းချက်တွေ ခံရပ်နိုင်အောင် ကူညီပေးသင့်တယ်။ ကိုယ့်အလိုအတိုင်း မလုပ်သင့်ဘူး။ ၂ သူတစ်ပါးရဲ့အလိုကို လိုက်ပြီး သူတို့အကျိုးအတွက် အားပေးမှုဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်ကြစို့။ ၃ ခရစ်တော်တောင် ကိုယ့်အလိုအတိုင်း မလုပ်ခဲ့ဘူး။ “ကိုယ်တော့်ကို ကဲ့ရဲ့သူတွေ ကဲ့ရဲ့တာကို ကျွန်တော်ခံနေရတယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၄ ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။ ၅ ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်က ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျားတို့မှာ ရှိလာအောင် ကူညီပေးပါစေ။ ၆ ဒါဆိုရင် သခင်ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ခင်ဗျားတို့ တညီတညွတ်တည်း ဂုဏ်တင်ချီးမွမ်းနိုင်ကြမယ်။ ၇ ဒါကြောင့် ခရစ်တော်က ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားစေဖို့ ကျွန်တော်တို့ကို ကြိုဆိုလက်ခံခဲ့သလို အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။ ၈ ကျွန်တော်ပြောမယ်။ ဘုရားသခင်ဟာ ဟုတ်တိုင်းမှန်ရာ ပြောဆိုတဲ့ဘုရားဖြစ်ကြောင်း ဖော်ပြဖို့၊ ဘိုးဘေးတွေကိုပေးခဲ့တဲ့ ကတိတွေ ဟုတ်မှန်ကြောင်း သက်သေပြဖို့ ခရစ်တော်က အရေဖျား ဖြတ်ထားသူတွေအတွက် အစေအပါး ဖြစ်လာခဲ့တယ်။ ၉ လူမျိုးခြားတွေလည်း ခံစားရတဲ့ ကရုဏာတော်အတွက် ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းခွင့်ရကြတယ်။ “ဒါကြောင့် ကျွန်တော်က လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို လူသိရှင်ကြား ဂုဏ်တင်ချီးမွမ်းပါ့မယ်။ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်” ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၁၀ “လူမျိုးအပေါင်းတို့၊ ဘုရားရဲ့လူမျိုးနဲ့အတူ ဝမ်းမြောက်ကြပါ” လို့လည်း ပြောထားတယ်။ ၁၁ “လူမျိုးအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်းကြ။ လူအပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ” လို့လည်း ရေးထားတယ်။ ၁၂ ဟေရှာယက “ယေရှဲရဲ့အမြစ် ပေါ်ထွန်းလာမယ်။ သူက လူမျိုးခြားတွေကို အုပ်စိုးလိမ့်မယ်။ လူမျိုးခြားတွေက သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မယ်” လို့ပြောခဲ့တယ်။ ၁၃ မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။ ၁၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ ကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေမှန်း၊ အသိပညာအမျိုးမျိုးနဲ့ ပြည့်စုံမှန်း၊ အချင်းချင်းကို သတိပေးဆုံးမနိုင်စွမ်းရှိမှန်း ကျွန်တော် တထစ်ချယုံတယ်။ ၁၅ ဒါပေမဲ့ ခင်ဗျားတို့ကို သတိပေးတဲ့အနေနဲ့ တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ရေးလိုက်တယ်။ ဘုရားသခင်က ကျွန်တော့်ကို မဟာကရုဏာတော် ပြထားတဲ့အတွက် အခုလို သတိပေးရတာပါ။ ၁၆ အဲဒီမဟာကရုဏာတော်ကြောင့် ခရစ်တော်ယေရှုရဲ့ အစေအပါး ဖြစ်ခွင့်ရခဲ့တဲ့အတွက် လူမျိုးခြားအားလုံးကို ကျွန်တော် သတင်းကောင်း ကြေညာနိုင်ခဲ့တယ်။ ဒါဟာ မြင့်မြတ်တဲ့အလုပ်ပဲ။ ကျွန်တော် ဒီလိုလုပ်ဆောင်တဲ့အတွက် လူမျိုးခြားတွေဟာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သန့်စင်ခံရပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အလှူတွေ ဖြစ်လာကြပြီ။
မတ် ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ကောရိန္သု ၁-၃
“သင်ဟာ စိတ်အလိုလိုက်တဲ့သူလား၊ စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူလား”
(၁ ကောရိန္သု ၂:၁၄) စိတ်အလိုလိုက်တဲ့သူဟာ ဘုရားသခင့်စွမ်းအားတော် ဖော်ပြတဲ့အရာတွေကို လက်မခံဘူး။ ဒါတွေဟာ သူ့အတွက် မိုက်မဲတဲ့အရာ ဖြစ်နေတယ်။ ဘုရားသခင့် စွမ်းအားတော် ရရှိမှသာ ဒါတွေကို စစ်ဆေးနိုင်မှာဖြစ်လို့ သူနားမလည်နိုင်ဘူး။
စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ
၄ စိတ်အလိုလိုက်တဲ့သူရဲ့ သဘောထားကို ဦးစွာ သုံးသပ်ကြည့်ပါ။ လောက,က သွေးသားဆန္ဒကို အဓိကထားတယ်။ အဲဒါက “နာခံမှုမရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေ” တဲ့ စိတ်ဓာတ်ဖြစ်တယ်လို့ ပေါလု ဖော်ပြတယ်။ (ဧ. ၂:၂) အဲဒီစိတ်ဓာတ်က လူအများ မိုးခါးရေသောက်ရင် လိုက်သောက်ပါဆိုတဲ့ သဘောထားမျိုး ရှိစေတယ်။ ဒါကြောင့် အများစုက ကိုယ်မှန်တယ် ထင်တဲ့အတိုင်း လုပ်ကြတယ်။ ဘုရားသခင့် စံနှုန်းတွေအတိုင်း ကျင့်ကြံဖို့ မကြိုးစားကြတော့ဘူး။ စိတ်အလိုလိုက်တဲ့သူဟာ ဂုဏ်၊ စည်းစိမ်အတွက် အလွန်အမင်း ပူပန်တတ်တယ်။ ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်တယ်။
၅ စိတ်အလိုလိုက်သူဖြစ်ကြောင်း ဘယ်လို ခွဲခြားနိုင်သေးသလဲ။ “အပြစ်ရှိတဲ့ အကျင့်” ကျင့်တဲ့သူတွေ ပါတယ်။ (ဂ ၅:၁၉-၂၁) ကောရိန္သုအသင်းတော်ကို ရေးတဲ့ ပထမစာမှာ သွေးသားဆန္ဒနောက် လိုက်သူတွေရဲ့ တခြားအကျင့်စရိုက်တွေကို ဖော်ပြထားတယ်။ စိတ်ဝမ်းခွဲခြင်း၊ ဘက်လိုက်ခြင်း၊ ငြင်းခုံခြင်း၊ တရားစွဲခြင်း၊ ဦးစီးမှုကို မလေးမြတ်ခြင်း၊ အစားအသောက် လွန်ကြူးခြင်းတို့ ပါဝင်တယ်။ သွေးဆောင်မှုတွေ ကြုံရတဲ့အခါ စိတ်အလိုလိုက်တဲ့သူက အားနည်းပြီး အလျှော့ပေးတတ်တယ်။ (ပ ၇:၂၁၊ ၂၂) “ဘုရားသခင့် စွမ်းအားတော် မရှိ” တော့တဲ့အထိ ယိုယွင်းသွားသူတွေအကြောင်း ယုဒ ပြောခဲ့တယ်။—ယု ၁၈၊ ၁၉။
(၁ ကောရိန္သု ၂:၁၅၊ ၁၆) စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူဟာ အရာခပ်သိမ်းကို စစ်ဆေးတတ်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ မစစ်ဆေးနိုင်ဘူး။ ၁၆ “ယေဟောဝါကို သွန်သင်ပေးရအောင် ဘယ်သူက ဘုရားရဲ့ စိတ်သဘောကို သိလို့လဲ” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ကျွန်တော်တို့မှာတော့ ခရစ်တော်ရဲ့ စိတ်သဘောထား ရှိတယ်။
စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ
၆ “စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူ” ဆိုတာကော ဘာလဲ။ ဘုရားသခင်ကို အဓိကထားတယ်။ စိတ်အလိုလိုက်သူနဲ့ ဆန့်ကျင်တယ်။ “ဘုရားသခင်ကို အတုယူ” ဖို့ ကြိုးစားတယ်။ (ဧ. ၅:၁) ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်စဉ်းစားသလို ရှုမြင်စဉ်းစားဖို့ ကြိုးစားတယ်။ သူတို့အတွက် ဘုရားသခင်ဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်တယ်။ စိတ်အလိုလိုက်တဲ့သူနဲ့ မတူဘဲ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း ကျင့်ကြံနေထိုင်ဖို့ ကြိုးစားတယ်။ (ဆာ. ၁၁၉:၃၃။ ၁၄၃:၁၀) အပြစ်ရှိတဲ့အကျင့်တွေကို အာရုံမစိုက်ဘဲ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” တင်ပြဖို့ ကြိုးစားတယ်။ (ဂ. ၅:၂၂၊ ၂၃) “စွမ်းအားတော် လမ်းပြမှုနောက် လိုက်ခြင်း” အကြောင်း နားလည်ဖို့ ဒီအချက်ကို စဉ်းစားကြည့်ပါ– စီးပွားရေးသမားက စီးပွားရေးအကြောင်းပဲ စဉ်းစားတယ်။ အဲဒီလိုပဲ စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူကလည်း ဘုရားတရား၊ ဘာသာတရားကို တန်ဖိုးထားတယ်။
စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ
၁၅ ခရစ်တော်ကို ကျွန်တော်တို့တစ်ဦးစီ ဘယ်လို တုပနိုင်သလဲ။ ၁ ကောရိန္သု ၂:၁၆ မှာ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိခြင်းအကြောင်း ဖော်ပြထားတယ်။ ရောမ ၁၅:၅ မှာ “ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား” ရှိခြင်းအကြောင်း ပြောထားတယ်။ ခရစ်တော်နဲ့တူဖို့ ခရစ်တော်ရဲ့ စဉ်းစားပုံ၊ ကိုယ်ရည်ကိုယ်သွေးတွေကို အပြည့်အဝ သိထားရမယ်။ ပြီးတော့ ခရစ်တော်ရဲ့ ခြေရာအတိုင်း လိုက်လျှောက်ရမယ်။ ယေရှုရဲ့ စိတ်သဘောက ဘုရားသခင်နဲ့ ဆက်ဆံရေးကို အဓိကထားတယ်။ ဒါကြောင့် ယေရှုနဲ့တူရင် ယေဟောဝါနဲ့ ပိုတူလာတယ်။ ဒီအချက်တွေက ယေရှုလို စဉ်းစားဖို့ ဘယ်လောက် အရေးကြီးကြောင်း ရှင်းလင်းစွာ ဖော်ပြတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ကောရိန္သု ၁:၂၀) ပညာရှိတွေ၊ ကျမ်းတတ်တွေ၊ ဒီလောကစနစ် မှာရှိတဲ့ စကားစစ်ထိုးတတ်သူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘုရားသခင်က လောကရဲ့ဉာဏ်ပညာကို မိုက်မဲတဲ့အရာ ဖြစ်စေပြီ မဟုတ်လား။
it-2 ၁၁၉၃ ပိုဒ်. ၁
ဉာဏ်ပညာ
ခရစ်တော်ကတစ်ဆင့် ဘုရား ပြင်ဆင်ပေးတဲ့ အရာကို လောကဉာဏ်ပညာရှိသူတွေက မိုက်မဲတဲ့အရာဆိုပြီး ငြင်းပယ်ကြတယ်။ ဒီလောကစနစ်ရဲ့ အုပ်စိုးရှင်တွေဟာ ဘယ်လောက်ပဲ ပညာရှိပြီး တတ်စွမ်းနိုင်ကြပါစေ “ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ သခင်ကို သစ်တိုင်ပေါ်တင်ပြီး ကွပ်မျက်ကြတယ်။” (၁က ၁:၁၈။ ၂:၇၊ ၈) ဘုရားသခင်ကလည်း လောကပညာရှိတွေရဲ့ ဉာဏ်ပညာကို မိုက်မဲတဲ့အရာ ဖြစ်စေခဲ့တယ်။ ဘုရားသခင်ရဲ့ မိုက်မဲခြင်းလို့ လောကပညာရှင်တွေ ယူမှတ်တဲ့အရာ၊ ‘မိုက်မဲတယ်၊ အားနည်းတယ်၊ ညံ့တယ်’ လို့ သူတို့ထင်တဲ့အရာကို အသုံးပြုပြီး မရှုံးနိမ့်နိုင်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့တယ်။ (၁က ၁:၁၉-၂၈) “ဒီလောကစနစ်ရဲ့ အုပ်စိုးရှင်တွေမှာရှိတဲ့ ဉာဏ်ပညာ” ဟာ အချည်းနှီးဖြစ်သွားမယ်လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပေါလု သတိပေးခဲ့တယ်။ အဲဒါကြောင့် စွမ်းအားတော်ကနေ သင်ယူထားတဲ့ တမန်တော်ရဲ့သတင်းဟာ လောကဉာဏ်ပညာနဲ့ မပတ်သက်ဘူး။ (၁က ၂:၆၊ ၁၃) လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတဲ့ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့” ထောင်ချောက်ဆင် ဖမ်းတာကို မခံရဖို့ ကောလောသဲမြို့က ခရစ်ယာန်တွေကို သူ သတိပေးခဲ့တယ်။—ကော ၂:၈။ အခန်းငယ် ၂၀-၂၃ နဲ့နှိုင်းယှဉ်ပါ။
(၁ ကောရိန္သု ၂:၃-၅) ကျွန်တော် ခင်ဗျားတို့ဆီလာတုန်းက အားနည်းပြီး ကြောက်ရွံ့တုန်လှုပ်နေတာ။ ၄ ကျွန်တော် ဟောပြောသွန်သင်တဲ့အခါ အပြောကောင်းတဲ့ ပညာရှိတွေရဲ့စကားမျိုး မသုံးဘဲ စွမ်းအားတော်နဲ့ တန်ခိုးတော်ကိုဖော်ပြတဲ့ စကားတွေသုံးပြီး ဟောခဲ့တယ်။ ၅ ဒါမှ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ လူ့ဉာဏ်ပညာကို အခြေမပြုဘဲ ဘုရားသခင့်တန်ခိုးကို အခြေပြုနိုင်မှာပါ။
ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ
၂:၃-၅။ ပေါလုသည် ဂရိအတွေးအခေါ်နှင့် ပညာရေးသင်ယူရာဗဟိုဖြစ်သော ကောရိန္သုမြို့တွင် သက်သေခံနေစဉ် မိမိအား နားထောင်သူများကို သွေးဆောင်နိုင်မည်၊ မနိုင်မည်နှင့်ပတ်သက်၍ စိုးရိမ်ခဲ့ပေမည်။ သို့သော် ဘုရားသခင်ပေးသော သူ၏ဓမ္မအမှုကို ဆက်ထမ်းဆောင်ရန် သူ့တွင်ရှိနိုင်သော မည်သည့်အားနည်းမှု သို့မဟုတ် ကြောက်ရွံ့မှုကိုမျှ အနှောင့်အယှက်ဖြစ်ခွင့်မပြုခဲ့ပါ။ အလားတူပင် ခက်ခဲသောအခြေအနေများက ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ကြွေးကြော်ခြင်းမှ ကျွန်ုပ်တို့ကို တွန့်ဆုတ်သွားစေရန် ခွင့်မပြုသင့်ပါ။ ပေါလု ပြုခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့သည် အကူအညီအတွက် ယေဟောဝါကို ယုံကြည်စိတ်ချစွာမျှော်ကိုးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်း
(၁ ကောရိန္သု ၁:၁-၁၇) ဘုရားသခင်ရဲ့ အလိုတော်ကြောင့် ယေရှုခရစ်ရဲ့ တမန်တော်အဖြစ် ရွေးချယ်ခံရတဲ့ ကျွန်တော်ပေါလုနဲ့ ညီအစ်ကို သုဿင်က၊ ၂ ကောရိန္သုမြို့မှာရှိတဲ့ ဘုရားသခင့်အသင်းတော်ဖြစ်တဲ့ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ခင်ဗျားတို့ဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေဖို့ ဘုရားသခင် သီးသန့်ဖယ်ထားသူတွေ၊ သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ထားသူတွေပါ။ ကျွန်တော်တို့အားလုံးရဲ့သခင် ယေရှုခရစ်ရဲ့ နာမည်ကို ယုံကြည်ကြတဲ့ အရပ်ရပ်မှာရှိသူ အားလုံးဆီကိုလည်း စာရေးလိုက်ပါတယ်။ ၃ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၄ ဘုရားသခင်က ခင်ဗျားတို့ကို ခရစ်တော်ယေရှုအားဖြင့် မဟာကရုဏာ ပေးသနားထားတယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်တော် အမြဲ ကျေးဇူးတင်ချီးမွမ်းပါတယ်။ ၅ ခင်ဗျားတို့က ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလို့ ဘုရားသခင်ကလည်း နှုတ်သတ္တိဖြစ်စေ၊ အသိပညာဖြစ်စေ အရာရာမှာ ခင်ဗျားတို့ကို ကြွယ်ဝပြည့်စုံစေပြီ။ ၆ ဒါဟာ ခင်ဗျားတို့ဆီမှာ ခရစ်တော်နဲ့ ပတ်သက်တဲ့ သက်သေခံချက် အမြစ်စွဲနေလို့ပဲ။ ၇ ဒါကြောင့် ခင်ဗျားတို့က သခင်ယေရှုခရစ် ပေါ်ထွန်းမယ့်အချိန်ကို အခုလို ထက်သန်စွာ စောင့်မျှော် နေတုန်းမှာ ဆုကျေးဇူးတွေ တစ်ခုမကျန် ရရှိထားတယ်။ ၈ သခင်ယေရှု ခရစ်ရဲ့နေ့ ရောက်လာတဲ့အခါ အပြစ်တင်စရာ မရှိရလေအောင် ဘုရားသခင်က ခင်ဗျားတို့ကို အဆုံးအထိ ခိုင်ခံ့မြဲမြံစေလိမ့်မယ်။ ၉ ဘုရားသခင်ဟာ သစ္စာရှိတယ်။ သားတော်ဖြစ်တဲ့ သခင်ယေရှုခရစ်နဲ့ ပူးပေါင်းခွင့်ပေးဖို့ ခင်ဗျားတို့ကို ရွေးချယ်ထားတယ်။ ၁၀ ညီအစ်ကိုတို့၊ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ကျွန်တော် အားပေးချင်တာက ခင်ဗျားတို့ စိတ်ဝမ်းမကွဲဘဲ စကားတညီတညွတ်တည်း ဖြစ်ကြပါ။ တစ်စိတ်တစ်သဘောတည်းဖြစ်ပြီး အကြွင်းမဲ့ စည်းလုံးနေကြပါ။ ၁၁ ညီအစ်ကိုတို့၊ ခင်ဗျားတို့ အချင်းချင်း စိတ်ဝမ်းကွဲနေတဲ့အကြောင်း ခလောအိအိမ်သားတချို့ ပြောပြတယ်။ ၁၂ ခင်ဗျားတို့ထဲမှာ တချို့က “ငါဟာ ပေါလုရဲ့တပည့်၊” “ငါဟာ အာပေါလုရဲ့တပည့်၊” “ငါဟာ ကေဖ ရဲ့တပည့်၊” “ငါကတော့ ခရစ်တော်ရဲ့တပည့်” ဆိုပြီး တစ်ယောက်တစ်မျိုးစီ ပြောနေကြလို့ ကျွန်တော် အခုလိုပြောရတာပါ။ ၁၃ ခရစ်တော်ဟာ ကွဲပြားဖူးလို့လား။ ခင်ဗျားတို့အတွက် သစ်တိုင်မှာ ကွပ်မျက်ခံခဲ့တာ ပေါလုလား။ ဒါမှမဟုတ် ပေါလုရဲ့နာမည်နဲ့ ခင်ဗျားတို့ နှစ်ခြင်းခံခဲ့လို့လား။ ၁၄ ခင်ဗျားတို့ထဲက ကရိပုနဲ့ ဂါယုက လွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် နှစ်ခြင်းမပေးခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ၁၅ ဒါကြောင့် ကျွန်တော့်နာမည်နဲ့ နှစ်ခြင်းခံခဲ့တယ်လို့ ဘယ်သူမှ ပြောစရာအကြောင်း မရှိတော့ဘူး။ ၁၆ သတေဖနာရဲ့ အိမ်သူအိမ်သားတွေကိုလည်း ကျွန်တော် နှစ်ခြင်းပေးခဲ့တယ်။ နောက်ထပ် ဘယ်သူ့ကို နှစ်ခြင်းပေးခဲ့သလဲ ဆိုတာတော့ မမှတ်မိဘူး။ ၁၇ ကျွန်တော့်ကို ခရစ်တော် စေလွှတ်လိုက်တာ နှစ်ခြင်းပေးဖို့ မဟုတ်ဘူး။ သတင်းကောင်း ဟောပြောဖို့ပါ။ ပညာတတ်တွေသုံးနှုန်းတဲ့ စကားတွေနဲ့ ဟောဖို့တော့ မဟုတ်ဘူး။ အဲဒီလိုဟောရင် သစ်တိုင်ပေါ် ခရစ်တော် အသေခံခဲ့တာ အချည်းနှီးဖြစ်သွားမယ်။
မတ် ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ကောရိန္သု ၄-၆
“တဆေးအနည်းငယ်ဟာ မုန့်ညက် တစ်ပုံလုံးကို ဖောင်းကြွစေတတ်”
(၁ ကောရိန္သု ၅:၁၊ ၂) ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းမှု ဖြစ်နေတယ်လို့ ကျွန်တော် ကြားတယ်။ ဖခင်ရဲ့ဇနီးနဲ့ ပေါင်းသင်းနေထိုင်တဲ့ အဲဒီလုပ်ရပ်မျိုးဟာ လူမျိုးခြားတွေထဲမှာတောင် မရှိဘူး။ ၂ ဒါကို ဂုဏ်ယူနေကြတာလား။ တကယ်ဆို ဝမ်းနည်းရမှာ မဟုတ်လား။ အဲဒီလုပ်ရပ် ကျူးလွန်တဲ့သူကို ခင်ဗျားတို့ထဲကနေ ဖယ်ရှားရမှာ မဟုတ်လား။
(၁ ကောရိန္သု ၅:၅-၈) သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ။ ဒါမှ အပြစ်လုပ်ချင်တဲ့ သဘောထား ပျက်စီးသွားပြီး သခင်ရဲ့နေ့အတွင်းမှာ အသင်းတော်ရဲ့ စိတ်ဓာတ်ကို ထိန်းထားနိုင်မယ်။ ၆ အခုလိုဂုဏ်ယူနေတာ လုံးဝ မဖြစ်သင့်ဘူး။ တဆေးအနည်းငယ်ဟာ မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွ စေတတ်မှန်း မသိကြဘူးလား။ ၇ တဆေးအဟောင်းကို ဖယ်ရှားလိုက်ပါ။ ဒါမှ ခင်ဗျားတို့ဟာ တဆေးမပါတဲ့ မုန့်ညက်အသစ်လို ဖြစ်ကြလိမ့်မယ်။ ပသခါ သိုးသငယ်ဖြစ်တဲ့ ခရစ်တော်ဟာ ပူဇော်သက္ကာအဖြစ် အသေခံပြီးပြီ။ ၈ ဒါကြောင့် ဆိုးညစ်မိုက်မဲမှုတဆေး၊ ဟောင်းတဲ့တဆေးကို မသုံးဘဲ ဖြူစင်ခြင်းနဲ့ အမှန်တရားဆိုတဲ့ တဆေးမဲ့မုန့်ကိုသုံးပြီး ပွဲတော်ကျင်းပကြစို့။
(၁ ကောရိန္သု ၅:၁၃) အသင်းတော်ပြင်ပက လူတွေကို ဘုရားသခင် စီရင်လိမ့်မယ်။ “ဆိုးညစ်တဲ့ အဲဒီလူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်ပါ။”
it-2 ၂၃၀
တဆေး
ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်အသင်းတော်ကနေ စာရိတ္တယိုယွင်းသူကို နှင်ထုတ်ပစ်ဖို့ မှာကြားတဲ့အခါ ပေါလုက “တဆေးအနည်းငယ်ဟာ မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်မှန်း မသိကြဘူးလား။ တဆေးအဟောင်းကို ဖယ်ရှားလိုက်ပါ။ ဒါမှ ခင်ဗျားတို့ဟာ တဆေးမပါတဲ့ မုန့်ညက်အသစ်လို ဖြစ်ကြလိမ့်မယ်။ ပသခါသိုးသငယ်ဖြစ်တဲ့ ခရစ်တော်ဟာ ပူဇော်သက္ကာအဖြစ် အသေခံပြီးပြီ” လို့ ပြောတယ်။ ပြီးတဲ့နောက် “တဆေး” ဆိုတာ ဘာဖြစ်မှန်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ “ဒါကြောင့် ဆိုးညစ် မိုက်မဲမှုတဆေး၊ ဟောင်းတဲ့တဆေးကို မသုံးဘဲ ဖြူစင်ခြင်းနဲ့ အမှန်တရားဆိုတဲ့ တဆေးမဲ့မုန့်ကိုသုံးပြီး ပွဲတော်ကျင်းပကြစို့” လို့ပြောတယ်။ (၁က ၅:၆-၈) ဒီနေရာမှာ ပေါလုဟာ ပသခါပွဲပြီးပြီးချင်း ဂျူးတွေ ဆက်ကျင်းပတဲ့ တဆေးမဲ့မုန့်ပွဲခံချိန်ရဲ့ အဓိပ္ပာယ်ကို ပုံဆောင်ချက်အနေနဲ့ အသုံးပြုနေတာ ဖြစ်တယ်။ တဆေးနည်းနည်းက မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေနိုင်သလို စာရိတ္တယိုယွင်းခြင်းရဲ့ လွှမ်းမိုးမှုကို မရှင်းထုတ်ဘူးဆိုရင် အသင်းတော်တစ်ခုလုံးဟာ ယေဟောဝါရှေ့မှာ မသန့်မရှင်း ဖြစ်သွားနိုင်တယ်။ တဆေးမဲ့မုန့်ပွဲခံချိန်အတွင်း သူတို့အိမ်ထဲမှာ “တဆေး” မထားရသလိုပဲ ခရစ်ယာန် အသင်းတော်ကနေ စာရိတ္တယိုယွင်းသူကို နှင်ထုတ်ပစ်ဖို့ လိုတယ်။
it-2 ၈၆၉-၈၇၀
စာတန်
“သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ။ ဒါမှ အပြစ်လုပ်ချင်တဲ့ သဘောထား ပျက်စီးသွား” မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
ဖခင်ရဲ့ ဇနီးနဲ့ ပေါင်းသင်းနေထိုင်တဲ့ အသင်းတော်ထဲက လူကို အရေးယူဖို့ မှာကြားတဲ့အခါ တမန်တော်ပေါလုက “သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ။ ဒါမှ အပြစ်လုပ်ချင်တဲ့ သဘောထား ပျက်စီးသွား” မယ်လို့ ရေးခဲ့တယ်။ (၁က ၅:၅) ဆိုးညစ်သူကို အသင်းတော်ထဲကနေ ဖယ်ရှားပြီး သူနဲ့ လုံးလုံး အဆက်အသွယ် မလုပ်ဖို့ မိန့်မှာနေတာ ဖြစ်တယ်။ (၁က ၅:၁၃) စာတန့်လက်ထဲ သူ့ကို အပ်လိုက်တာက အသင်းတော်ကနေ နှင်ထုတ်ပြီး ဘုရားအဖြစ် စာတန် အုပ်စိုးနေတဲ့ လောကလက်ထဲ အပ်လိုက်တာ ဖြစ်တယ်။ “မုန့်ညက် တစ်ပုံလုံး” ထဲမှာရှိတဲ့ ဖောင်းကြွစေတဲ့ “တဆေးအနည်းငယ်” လိုပဲ အဲဒီဆိုးညစ်သူဟာ အသင်းတော်ထဲမှာ “အပြစ်လုပ်ချင်တဲ့ သဘောထား” ရှိသူ ဖြစ်တယ်။ အဲဒီ စာရိတ္တယိုယွင်းသူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်တာက စွမ်းအားတော်လမ်းညွှန်တာကို လိုက်နာနေတဲ့ အသင်းတော်ထဲမှာ ရှိနေတဲ့ “အပြစ်လုပ်ချင်တဲ့ သဘောထား” ကို “ပျက်စီး” စေတာဖြစ်တယ်။ (၁က ၅:၆၊ ၇) အဲဒီလိုပဲ ပေါလုဟာ ဟုမေနဲနဲ့ အလက်ဇန္ဒားကို စာတန်ရဲ့လက်ထဲ အပ်လိုက်တယ်။ သူတို့ဟာ ယုံကြည်ခြင်းနဲ့ အမှားအမှန် သိစိတ်ကို ဘေးဖယ်ပြီး ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့သူတွေ ဖြစ်တယ်။ —၁တိ ၁:၂၀။
(၁ ကောရိန္သု ၅:၉-၁၁) လိင်အကျင့်ယိုယွင်းသူတွေနဲ့ ဆက်မပေါင်းဖော်ဖို့ ခင်ဗျားတို့ကို ကျွန်တော် စာရေးခဲ့တယ်။ ၁၀ ဒီလောကမှာရှိတဲ့ လိင်အကျင့်ယိုယွင်းသူတွေ၊ လောဘကြီးသူတွေ၊ လုယက်သူတွေ၊ ရုပ်တုကိုးကွယ်သူတွေနဲ့ လုံးဝ မပေါင်းဖော်ရဘူးလို့ ပြောနေတာ မဟုတ်ဘူး။ အဲဒီလိုသာဆိုရင် ဒီလောကထဲကနေ ခင်ဗျားတို့ တကယ်ပဲ ထွက်သွားကြရလိမ့်မယ်။ ၁၁ ဒါပေမဲ့ ညီအစ်ကိုလို့ပြောပြီး လိင်အကျင့်ယိုယွင်းသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်ကြူးသူ၊ လုယက်သူ ဖြစ်နေရင်တော့ သူနဲ့ ပေါင်းဖော်ဖို့ မပြောနဲ့ အတူစားသောက်တာတောင် မလုပ်ကြဖို့ ကျွန်တော် ရေးလိုက်တယ်။
နှင်ထုတ်ခြင်း
ကြီးလေးတဲ့အမှား ကျူးလွန်ခဲ့သူတစ်ယောက် နောင်တမရဘဲ ယေဟောဝါရဲ့ စံနှုန်းတွေကို မလိုက်လျှောက်ချင်တဲ့အခါ အသင်းတော်မှာ ဆက်ရှိမနေသင့်ဘူး။ နှင်ထုတ်ရမယ်။ တစ်ယောက်ယောက် နှင်ထုတ်ခံရတဲ့အခါ သူနဲ့ အဆက်အဆံ မလုပ်ကြတော့ဘူး။ စကားမပြောကြတော့ဘူး။ (၁ ကောရိန္သု ၅:၁၁။ ၂ ယောဟန် ၉-၁၁) နှင်ထုတ်ခြင်းအစီအစဉ်က ယေဟောဝါရဲ့ နာမတော်နဲ့ အသင်းတော်ကို ကာကွယ်ပေးတယ်။ (၁ ကောရိန္သု ၅:၆) နှင်ထုတ်ခြင်းဆိုတာ ယေဟောဝါဆီ ပြန်လှည့်လာနိုင်အောင် ပြစ်မှားသူကို နောင်တရစေဖို့ ကူညီပေးတဲ့ ဆုံးမခြင်းပါပဲ။—လုကာ ၁၅:၁၇။
▸ အခန်း ၃၊ စာပိုဒ် ၁၉
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ကောရိန္သု ၄:၉) ကျွန်တော်တို့ဟာ လောကရှေ့မှာ၊ ကောင်းကင်တမန်တွေ၊ လူတွေရှေ့မှာ ပွဲဝင်နေရသူတွေပါ။ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ တမန်တော်တွေကို သေဒဏ်စီရင်ခံရသူတွေအဖြစ် နောက်ဆုံးမှ ပွဲထုတ်တယ်လို့ ကျွန်တော်ထင်တယ်။
ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
၁၆ စမ်းသပ်မှုခံနေရသည့် ခရစ်ယာန်များသည် ‘ကောင်းကင်တမန်တို့ရှေ့တွင် ပွဲဝင်သောသူများ ဖြစ်ကြ၏။’ (၁ ကော. ၄:၉) ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့၏ တည်ကြည်သည့်လုပ်ရပ်များကိုမြင်လျှင် ကြီးစွာစိတ်ကျေနပ်ကြပြီး အပြစ်သားတစ်ဦးနောင်တရလျှင်ပင် ဝမ်းမြောက်ကြသည်။ (လု. ၁၅:၁၀) ခရစ်ယာန်အမျိုးသမီးတို့၏ ဘုရားသခင်ကိုကြောက်ရွံ့သည့်အမူအကျင့်ကို ကောင်းကင်တမန်တို့ သတိပြုမိကြသည်။ “ကောင်းကင်တမန်တို့ကိုထောက်၍ မိန်းမသည် လက်အောက်ခံသည့်အထိမ်းအမှတ်အဖြစ် ခေါင်းကိုဖုံးအပ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ကော. ၁၁:၃၊ ၁၀) မှန်ပါသည် ခရစ်ယာန်အမျိုးသမီးများနှင့် မြေကြီးပေါ်ရှိ ဘုရားသခင့် ကျေးကျွန် အားလုံးသည် သီအိုကရက်တစ်အစီအစဉ်နှင့်ဦးစီးမှုအတိုင်း လိုက်နာကြသည်ကို ကောင်းကင်တမန်တို့နှစ်သက်ကြသည်။ ထိုကဲ့သို့သောနာခံမှုသည် ဘုရားသခင် ၏ ထိုကောင်းကင်သားများအဖို့ သင့်လျော်သည့် သတိပေးချက်ဖြစ်သည်။
(၁ ကောရိန္သု ၆:၃) ကောင်းကင်တမန်တွေကို ကျွန်တော်တို့ တရားစီရင်ရမယ်ဆိုတာ မသိကြဘူးလား။ ဒါဆိုရင် ဒီဘဝမှာကြုံရတဲ့ အမှုကိစ္စတွေကို ဘာလို့ မစီရင်နိုင်ရမှာလဲ။
it-2 ၂၁၁
တရားဥပဒေ
ကောင်းကင်တမန်တွေကို စီရင်တဲ့ တရားဥပဒေ။ တန်ခိုးကြီးတဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင်ရဲ့ တရားဥပဒေနဲ့ အမိန့်တွေကို နာခံကြရတယ်။ (ဟီ ၁:၇၊ ၁၄။ ဆ ၁၀၄:၄) ယေဟောဝါက သူ့ရဲ့ ရန်သူ စာတန်ကိုတောင် အမိန့်ထုတ်ပြီး ကန့်သတ်ချုပ်ချယ်ခဲ့တယ်။ (ယ ၁:၁၂။ ၂:၆) ကောင်းကင်တမန်မင်း မိက္ခေလဟာ တရားသူကြီးချုပ် ယေဟောဝါရဲ့ အခွင့်အာဏာကို အသိအမှတ်ပြု၊ လေးစားလို့ မာရ်နတ်နဲ့ ငြင်းခုံတဲ့အခါ “မင်းကို ယေဟောဝါဘုရား ဆုံးမပါစေ” လို့ ပြောခဲ့တယ်။ (ယု ၉။ ဇာ ၃:၂ နဲ့နှိုင်းယှဉ်ပါ။) ယေဟောဝါဘုရားက ကောင်းကင်တမန်အပေါင်းကို ဘုန်းထွန်းတောက်တဲ့ ယေရှုခရစ်ရဲ့ လက်အောက်မှာ ထားတယ်။ (ဟီ ၁:၆။ ၁ပ ၃:၂၂။ မ ၁၃:၄၁။ ၂၅:၃၁။ ဖိ ၂:၉-၁၁) ဒါကြောင့် ကောင်းကင်တမန်တစ်ပါးဟာ ယေရှုရဲ့ အမိန့်နဲ့ ယောဟန်ဆီကို သွားခဲ့ရတယ်။ (ဗ ၁:၁) အဲဒီအပြင် ၁ ကောရိန္သု ၆:၃ မှာ ကောင်းကင်တမန်တွေကို ခရစ်တော်ရဲ့ ညီတွေ တရားစီရင်ရမယ်လို့လည်း တမန်တော်ပေါလု ပြောတယ်။ ဒါကြောင့် နတ်ဆိုးတွေကို တရားစီရင်တဲ့အခါ သူတို့လည်း တစ်နည်းနည်းနဲ့ ပါဝင်မယ့်ပုံ ရှိတယ်။
ကျမ်းစာဖတ်ရှုခြင်း
(၁ ကောရိန္သု ၆:၁-၁၄) ခင်ဗျားတို့အချင်းချင်း အငြင်းပွားစရာ ပေါ်လာတဲ့အခါ သန့်ရှင်းသူတွေဆီ မသွားဘဲ တရားရုံးမှာရှိတဲ့ မဖြောင့်မတ်သူတွေဆီ သွားဝံ့သလား။ ၂ သန့်ရှင်းသူတွေက ဒီလောကကို တရားစီရင်မယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။ ဒီလောကကို တရားစီရင်ရမယ့် ခင်ဗျားတို့က အမှုကိစ္စ အသေးအဖွဲလေးတွေကို မစီရင်မဆုံးဖြတ်နိုင်ဘူးလား။ ၃ ကောင်းကင်တမန်တွေကို ကျွန်တော်တို့ တရားစီရင်ရမယ်ဆိုတာ မသိကြဘူးလား။ ဒါဆိုရင် ဒီဘဝမှာကြုံရတဲ့ အမှုကိစ္စတွေကို ဘာလို့ မစီရင်နိုင်ရမှာလဲ။ ၄ စီရင်ဆုံးဖြတ်ရမယ့် အမှုကိစ္စပေါ်လာရင် အသရေမရှိသူတွေလို့ အသင်းတော်က ယူမှတ်တဲ့သူတွေကို တရားသူကြီး လုပ်ခိုင်းရသလား။ ၅ ခင်ဗျားတို့ ရှက်တတ်အောင် ကျွန်တော်ပြောနေတာ။ ခင်ဗျားတို့ဆီမှာ ညီအစ်ကိုအချင်းချင်းဖြစ်တဲ့အမှုကို တရားစီရင်နိုင်လောက်တဲ့ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မရှိဘူးလား။ ၆ တရားရုံးကိုသွားပြီး မယုံကြည်သူတွေရှေ့မှာ ညီအစ်ကိုအချင်းချင်း တရားရင်ဆိုင်ရသလား။ ၇ အချင်းချင်း တရားစွဲဆိုတာဟာ ခင်ဗျားတို့အတွက် ရှုံးနိမ့်ခြင်းပဲ။ အဲဒီအစား မတရားမှုကို ကိုယ်တိုင်ပဲ ခံလိုက်ပါလား။ လိမ်လည်မှုကို ကိုယ်တိုင်ပဲ ခံလိုက်ပါလား။ ၈ အခုတော့၊ ခင်ဗျားတို့က အဲဒီလိုမခံဘဲ ညီအစ်ကိုတွေအပေါ် မတရားလုပ်ပြီး လိမ်လည်ကြတယ်။ ၉ မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း မသိကြဘူးလား။ လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာ၊ ယောက်ျားချင်း လိင်ဆက်ဆံသူ၊ ၁၀ သူခိုး၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲဆိုသူ၊ လုယက်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။ ၁၁ ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က ခင်ဗျားတို့ကို ဆေးကြော သန့်စင်ပေးလိုက်ပြီ။ သခင်ယေရှုခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်အားဖြင့် ခင်ဗျားတို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်လိုက်ပြီ။ ၁၂ ကျွန်တော့်အတွက် အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံးဟာ အကျိုးရှိတာ မဟုတ်ဘူး။ အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ကျွန်တော် မခံဘူး။ ၁၃ အစားအစာဟာ ဝမ်းဗိုက်အတွက်၊ ဝမ်းဗိုက်ကလည်း အစားအစာအတွက်ပဲ။ ဒါပေမဲ့ ဘုရားသခင်က အဲဒီနှစ်မျိုးစလုံးကို ပပျောက်စေလိမ့်မယ်။ ကိုယ်ခန္ဓာက လိင်အကျင့်ယိုယွင်းဖို့ မဟုတ်ဘဲ သခင့်အလုပ်အတွက် ဖြစ်တယ်။ သခင်ကလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တာတွေကို ပေးတယ်။ ၁၄ ဘုရားသခင်က သခင့်ကို တန်ခိုးတော်နဲ့ အသက်ပြန်ရှင်စေခဲ့သလို ကျွန်တော်တို့ကိုလည်း သေရာကနေ အသက်ပြန်ရှင်စေလိမ့်မယ်။