ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၁၉ စာ. ၁၉၇-၂၀၆
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်မေတ္တာကို တုံ့ပြန်ပါ
  • ယေဟောဝါနဲ့ ရင်းနှီးသည်ထက် ရင်းနှီးအောင် ကြိုးစားပါ
  • ယေဟောဝါအကြောင်း တခြားသူတွေကို ပြောပြပါ
  • စစ်မှန်တဲ့အသက်
  • ‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေဟောဝါကိုချစ်ကြောင်း ကျွန်တော်တို့ ဘယ်လိုဖော်ပြနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၁၉ စာ. ၁၉၇-၂၀၆

အခန်းဆယ့်ကိုး

ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ

၁၊ ၂။ အခုခေတ်မှာ ဘယ်နေရာကနေ အကာအကွယ်ရနိုင်မလဲ။

မုန်တိုင်းထန်တဲ့နေ့မှာ သင် လမ်းပေါ်ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ကောင်းကင်ကြီး မဲမှောင်လာတယ်။ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး သဲကြီးမဲကြီး မိုးရွာချတော့တယ်။ မိုးခိုစရာနေရာ ရှာရင်းနဲ့ နောက်ဆုံးမှာ လုံခြုံခြောက်သွေ့တဲ့နေရာတစ်ခုကို တွေ့လိုက်ရတဲ့အခါ သင် ဘယ်လောက် စိတ်သက်သာရာရသွားမလဲ။

၂ ကျွန်တော်တို့လည်း မုန်တိုင်းထန်တဲ့ ခေတ်ကာလမှာ အသက်ရှင်နေကြတယ်။ ကမ္ဘာ့အခြေအနေ ဆိုးသည်ထက် ဆိုးလာတယ်။ ‘ဘယ်နေရာမှာ အကာအကွယ်ရနိုင်မလဲ’ ဆိုပြီး သင်တွေးမိမှာပဲ။ ဆာလံဆရာက “ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာ၊ ကျွန်တော့်ရဲတိုက်၊ ကျွန်တော်ကိုးစားတဲ့ ဘုရားသခင်ပါ” လို့ ယေဟောဝါကို ငါပြောမယ်” ဆိုပြီး ရေးခဲ့တယ်။ (ဆာလံ ၉၁:၂) ယေဟောဝါက လောလောဆယ် ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေကနေ သက်သာရာရစေနိုင်တဲ့အပြင် သိပ်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်ကိုပါ ပေးထားတယ်။

၃။ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ရဲ့ခိုလှုံရာ ဖြစ်စေနိုင်သလဲ။

၃ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကာကွယ်ပေးနိုင်သလဲ။ ယေဟောဝါဟာ ဘယ်ပြဿနာကိုမဆို ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်တဲ့အပြင် ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်သူ ဘယ်သူမဆိုထက် တန်ခိုးပိုကြီးတယ်။ အခုချိန်မှာ အဖြစ်ဆိုးကြုံရရင်တောင် အနာဂတ်မှာ အကောင်းအတိုင်း ပြန်ဖြစ်အောင် ယေဟောဝါ လုပ်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ “ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်” ပါဆိုပြီး ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ယုဒ ၂၁) ခက်ခဲချိန်မှာ ယေဟောဝါဆီက အကူအညီရဖို့ဆိုရင် ကိုယ်တော်နဲ့ အမြဲရင်းနှီးအောင် ကြိုးစားဖို့ လိုတယ်။ အမြဲရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲ။

ဘုရားသခင့်မေတ္တာကို တုံ့ပြန်ပါ

၄၊ ၅။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို မေတ္တာပြသလဲ။

၄ ယေဟောဝါနဲ့ အမြဲရင်းနှီးနေဖို့ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်တယ်ဆိုတာ သဘောပေါက်ရမယ်။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးခဲ့သမျှကို စဉ်းစားကြည့်ပါ။ စိတ်ဝင်စားစရာ အပင်တွေ၊ တိရစ္ဆာန်တွေ မျိုးပေါင်းစုံလင်တဲ့ လှပတဲ့ကမ္ဘာမြေကို ပေးထားတယ်။ အရသာရှိတဲ့ အစားအစာ၊ သန့်ရှင်းတဲ့ရေကိုလည်း ပေးထားတယ်။ ဘုရားရဲ့ နာမည်၊ ဘုရားရဲ့ အရည်အသွေးကောင်းတွေအကြောင်း ကျမ်းစာကတစ်ဆင့် သွန်သင်ပေးတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့အတွက် အသက်စွန့်ဖို့ ချစ်သားတော်ယေရှုကို မြေကြီးပေါ် စေလွှတ်တယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ကို ချစ်ကြောင်း ပြခဲ့တယ်။ (ယောဟန် ၃:၁၆) ယေရှုရဲ့ ပူဇော်သက္ကာကြောင့် ကျွန်တော်တို့မှာ သိပ်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက် ရှိလာတယ်။

၅ ယေဟောဝါက ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားပေးမယ့် ကောင်းကင်အစိုးရဖြစ်တဲ့ မေရှိယနိုင်ငံကို ဖွဲ့စည်းတည်ထောင်ပေးတယ်။ အဲဒီနိုင်ငံတော်က မြေကြီးကို ပရဒိသုဖြစ်စေမယ်၊ အဲဒီမှာ လူအားလုံး ထာဝစဉ် ငြိမ်သက်ပျော်ရွှင်စွာ နေထိုင်ရမယ်။ (ဆာလံ ၃၇:၂၉) ယေဟောဝါ မေတ္တာပြတဲ့ နောက်တစ်နည်းကတော့ အခုချိန်မှာ အကောင်းဆုံး အသက်ရှင်နေထိုင်နိုင်အောင် ကျွန်တော်တို့ကို သင်ပေးတာဖြစ်တယ်။ သူ့ဆီ ဆုတောင်းဖို့ ဖိတ်ခေါ်ထားပြီး ဆုတောင်းချက်တွေကို နားထောင်ဖို့ အမြဲအသင့်ရှိတယ်။ ကျွန်တော်တို့အားလုံးကို ယေဟောဝါ မေတ္တာပြတယ်။

၆။ ယေဟောဝါရဲ့မေတ္တာကို သင် ဘယ်လိုတုံ့ပြန်မလဲ။

၆ ယေဟောဝါရဲ့မေတ္တာကို သင် ဘယ်လိုတုံ့ပြန်မလဲ။ သင့်အတွက် ကိုယ်တော်လုပ်ပေးထားတာတွေကို ကျေးဇူးတင်ကြောင်း ပြရမယ်။ ဝမ်းနည်းစရာက အခုခေတ်လူအများစုဟာ ကျေးဇူးမသိတတ်ကြဘူး။ ယေရှု မြေကြီးပေါ်ရှိတုန်းကလည်း အဲဒီအတိုင်းပဲ။ တစ်ခါက၊ အနာကြီးရောဂါသည် ဆယ်ယောက်ကို ယေရှု ကုသပေးခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ပဲ ကျေးဇူးတင်စကား လာပြောတယ်။ (လုကာ ၁၇:၁၂-၁၇) ကျွန်တော်တို့လည်း ကျေးဇူးသိတတ်တဲ့ သူ့လိုပဲ ဖြစ်ချင်တယ်။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း အမြဲပြချင်ပါတယ်။

၇။ ယေဟောဝါကို ဘယ်လောက်အထိ ချစ်ရမလဲ။

၇ ယေဟောဝါကို ချစ်ကြောင်း ပြဖို့လည်း လိုတယ်။ ယေရှုက ယေဟောဝါကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ရမယ်လို့ တပည့်တွေကို သင်ပေးတယ်။ (မဿဲ ၂၂:၃၇ ကိုဖတ်ပါ။) ဘာကို ဆိုလိုတာလဲ။

၈၊ ၉။ ယေဟောဝါကို ချစ်တယ်ဆိုတာ ဘယ်လိုပြမလဲ။

၈ ယေဟောဝါကို ချစ်တယ်လို့ ပြောရုံနဲ့ လုံလောက်ပြီလား။ မလုံလောက်ဘူး။ ယေဟောဝါကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်တယ်ဆိုရင် လုပ်ရပ်နဲ့သက်သေပြကြမှာ ဖြစ်တယ်။ (မဿဲ ၇:၁၆-၂၀) ဘုရားသခင်ကို ချစ်တယ်ဆိုရင် ပညတ်ချက်တွေ လိုက်နာရမယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ပြောတယ်။ အဲဒီလိုလုပ်ဖို့ ခက်သလား။ မခက်ပါဘူး။ ယေဟောဝါရဲ့ “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်” လို့ပဲ။—၁ ယောဟန် ၅:၃ ကိုဖတ်ပါ။

၉ ယေဟောဝါကို နာခံတဲ့အခါ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အသက်တာကို ပိုင်ဆိုင်ကြတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ဘာက ကူညီပေးမလဲဆိုတာ သုံးသပ်ကြည့်ကြစို့။

ယေဟောဝါနဲ့ ရင်းနှီးသည်ထက် ရင်းနှီးအောင် ကြိုးစားပါ

၁၀။ ဘာကြောင့် ယေဟောဝါအကြောင်း အမြဲသင်ယူနေရမလဲ။

၁၀ သင်ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်လာတာလဲ။ ကျမ်းစာလေ့လာတဲ့အတွက် ယေဟောဝါကို ပိုသိကျွမ်းလာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာတယ်။ အဲဒီရင်းနှီးမှုဟာ အမြဲ မီးတောက်လောင်နေတဲ့ မီးပုံနဲ့တူတယ်။ မီးတောက်လောင်နေအောင် လောင်စာထည့်ပေးရသလို ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ခိုင်မြဲနေအောင် ကိုယ်တော့်အကြောင်း အမြဲသင်ယူနေဖို့ လိုတယ်။—ပညာအလိမ္မာ ၂:၁-၅။

မီးလှုံနေသူ

မီးတောက်လောင်နေအောင် လောင်စာထည့်ပေးရသလို ယေဟောဝါကိုချစ်တဲ့မေတ္တာ ရှင်သန်နေအောင် လုပ်ဆောင်နေဖို့ လိုတယ်

၁၁။ ကျမ်းစာသွန်သင်ချက်တွေက သင့်အပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ။

၁၁ ကျမ်းစာကို ဆက်လေ့လာတဲ့အခါ သင့်ရင်ထဲ ထိသွားစေတဲ့အချက်တွေကို သိရှိလာလိမ့်မယ်။ ကျမ်းစာကြိုဟောချက်တွေကို ယေရှုရှင်းပြတဲ့အခါ တပည့်နှစ်ယောက် ဘယ်လိုခံစားခဲ့ရမှန်း သတိပြုကြည့်ပါ။ “လမ်းမှာ ငါတို့ကို သူစကားတွေပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြတုန်းက ငါတို့ရင်ထဲမှာ လှိုက်ဆူသွားတာပဲ မဟုတ်လား” လို့ သူတို့ ပြောကြတယ်။—လုကာ ၂၄:၃၂။

၁၂၊ ၁၃။ (က) ဘုရားသခင်အပေါ် ထားတဲ့မေတ္တာ ဘာဖြစ်သွားနိုင်သလဲ။ (ခ) ယေဟောဝါကိုချစ်တဲ့မေတ္တာ ဆက်ရှင်သန်နေအောင် ဘယ်လိုလုပ်ရမလဲ။

၁၂ ကျမ်းစာကို နားလည်လာတဲ့အခါ တပည့်တွေ ရင်ထဲထိသွားသလို သင်လည်း ကျမ်းစာအကြောင်း နားလည်လာခါစမှာ အဲဒီလို စိတ်အားထက်သန်ခဲ့မှာပဲ။ ဒါဟာ ယေဟောဝါကို သိကျွမ်းဖို့၊ ကိုယ်တော့်ကို ချစ်ဖို့ ကူညီပေးတယ်။ အဲဒီချစ်ခြင်းမေတ္တာ အေးစက်သွားတာကို သင်လိုလားမှာ မဟုတ်ဘူး။—မဿဲ ၂၄:၁၂။

၁၃ ဘုရားရဲ့မိတ်ဆွေ ဖြစ်လာပြီဆိုရင် အဲဒီမိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေအောင် ကြိုးစားရမယ်။ ယေဟောဝါနဲ့ ယေရှုအကြောင်း ဆက်ပြီး လေ့လာဆည်းပူးရမယ်။ လေ့လာဆည်းပူးခဲ့တာတွေ၊ အသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ ဆိုတာတွေကို တွေးတောရမယ်။ (ယောဟန် ၁၇:၃) ကျမ်းစာကို ဖတ်ရှုလေ့လာတဲ့အခါ ‘ဒီအချက်က ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ ဘုရားသခင်ကို ဘာကြောင့် စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်သင့်သလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။—၁ တိမောသေ ၄:၁၅။

၁၄။ ဆုတောင်းခြင်းက ယေဟောဝါကိုချစ်တဲ့မေတ္တာ ခိုင်မြဲအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၄ မိတ်ဆွေကောင်းတစ်ယောက်နဲ့ မှန်မှန် စကားပြောမယ်ဆိုရင် မိတ်ဆွေနှောင်ကြိုး ခိုင်မြဲလာမယ်။ အလားတူပဲ၊ ယေဟောဝါကို ဆုတောင်းပြီး မှန်မှန်စကားပြောမယ်ဆိုရင် ကိုယ်တော့်အပေါ် ထားတဲ့မေတ္တာ ခိုင်မြဲလာမယ်။ (၁ သက်သာလောနိတ် ၅:၁၇ ကိုဖတ်ပါ။) ဆုတောင်းခြင်းဟာ ကောင်းကင်ဖခင်ဆီကရတဲ့ လက်ဆောင်မွန်ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းတဲ့အခါတိုင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းရမယ်။ (ဆာလံ ၆၂:၈) အလွတ်ကျက်ပြီး ရွတ်တာမျိုး မဟုတ်ဘဲ ဆုတောင်းတဲ့အတိုင်း တကယ်ဖြစ်စေချင်တဲ့ဆန္ဒ ရှိရမယ်။ ကျမ်းစာကို ဆက်လေ့လာပြီး လှိုက်လှိုက်လှဲလှဲ ဆုတောင်းမယ်ဆိုရင် ယေဟောဝါကိုချစ်တဲ့မေတ္တာ ခိုင်မြဲနေပါလိမ့်မယ်။

ယေဟောဝါအကြောင်း တခြားသူတွေကို ပြောပြပါ

၁၅၊ ၁၆။ ဟောပြောခြင်းလုပ်ငန်းကို သင် ဘယ်လိုရှုမြင်သလဲ။

၁၅ ယေဟောဝါနဲ့ အမြဲရင်းနှီးချင်တယ်ဆိုရင် ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြဖို့လည်း လိုတယ်။ ယေဟောဝါအကြောင်း ပြောပြရတာဟာ တကယ့်အခွင့်ထူးကြီးပါပဲ။ (လုကာ ၁:၇၄) ခရစ်ယာန်စစ်အားလုံးကို ယေရှုပေးခဲ့တဲ့ တာဝန်လည်း ဖြစ်တယ်။ ကျွန်တော်တို့ယောက်တိုင်း ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောရမယ်။ သင်ကော ဟောပြောနေပြီလား။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။

၁၆ တမန်တော်ပေါလုဟာ ဟောပြောခြင်းလုပ်ငန်းကို အလွန်အဖိုးတန်တဲ့အရာအဖြစ် ရှုမြင်ပြီး “ဘဏ္ဍာ” လို့ခေါ်ခဲ့တယ်။ (၂ ကောရိန္သု ၄:၇) ယေဟောဝါအကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း လူတွေကို ပြောပြရတာဟာ သင်လုပ်နိုင်တဲ့ အရေးကြီးဆုံးအလုပ်ပါပဲ။ ဒါဟာ ယေဟောဝါကို အမှုဆောင်တဲ့နည်းတစ်နည်း ဖြစ်ပြီး ကိုယ်တော်ကလည်း သင့်လုပ်ဆောင်မှုကို တန်ဖိုးထားတယ်။ (ဟီဘရူး ၆:၁၀) ဟောပြောခြင်းက သင်ကိုယ်တိုင်နဲ့ နားထောင်တဲ့သူကိုပါ ယေဟောဝါနဲ့ ရင်းနှီးစေပြီး ထာဝရအသက် ရစေနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။) ဒီထက် ပိုပြီးကျေနပ်မှုပေးနိုင်တဲ့ အလုပ်မျိုး ရှိပါဦးမလား။

၁၇။ ဟောပြောခြင်းလုပ်ငန်းကို ဘာကြောင့် အရေးတကြီး လုပ်ရမလဲ။

၁၇ ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်။ “တရားစကားကို ဟောပြော” ရမယ်။ “အရေးတကြီး ဟောပြော” ရမယ်။ (၂ တိမောသေ ၄:၂) ဘုရားသခင့်နိုင်ငံတော်အကြောင်း လူတွေကြားဖို့ လိုတယ်။ “ယေဟောဝါရဲ့နေ့ကြီး နီးနေပြီ။ နီးနေပြီ။ အလျင်အမြန် လာနေပြီ။” အဆုံးဟာ “နောက်ကျမှာ မဟုတ်ဘူး” လို့ ကျမ်းစာပြောတယ်။ (ဇေဖနိ ၁:၁၄။ ဟဗက္ကုတ် ၂:၃) မကြာခင် စာတန်ရဲ့ ဆိုးညစ်တဲ့လောကကို ယေဟောဝါ ဖျက်ဆီးပါတော့မယ်။ မဖျက်ဆီးခင် လူတွေကို သတိပေးဖို့ လိုတယ်။ ဒါမှ ယေဟောဝါကို ဝတ်ပြုဖို့ သူတို့ ရွေးချယ်နိုင်မယ်။

၁၈။ ခရစ်ယာန်စစ်တွေနဲ့အတူ ယေဟောဝါကို ဘာကြောင့် ဝတ်ပြုကိုးကွယ်ရမလဲ။

၁၈ ယေဟောဝါက ကျွန်တော်တို့ကို ခရစ်ယာန်စစ်တွေနဲ့အတူ ဝတ်ပြုကိုးကွယ်စေချင်တယ်။ “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ” လို့ကျမ်းစာပြောတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) အစည်းအဝေးအားလုံးကို အတတ်နိုင်ဆုံး တက်ရောက်ရမယ်။ အစည်းအဝေးတွေမှာ အချင်းချင်း အားပေးခွင့် ရကြတယ်။

၁၉။ ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၉ အစည်းအဝေးတွေ တက်ရောက်တဲ့အခါ ယေဟောဝါကို ဆက်ပြီး ဝတ်ပြုကိုးကွယ်ဖို့ ကူညီပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေ တွေ့နိုင်တယ်။ သင့်လိုပဲ အတတ်နိုင်ဆုံး ယေဟောဝါကို ကြိုးစားဝတ်ပြုနေတဲ့ အသက်အရွယ်၊ အခြေအနေအမျိုးမျိုးရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ဆုံတွေ့ရမယ်။ သူတို့လည်း ပြီးပြည့်စုံလင်သူတွေ မဟုတ်ဘူး၊ သင့်လိုပဲ အမှားလုပ်တတ်ကြတယ်။ သူတို့မှားတဲ့အခါ ခွင့်လွှတ်ဖို့ အသင့်ရှိပါ။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) ညီအစ်ကိုညီအစ်မတွေရဲ့ ကောင်းကွက်ကို အမြဲအာရုံစိုက်ပါ။ ဒါဆိုရင် သူတို့ကို ပိုချစ်လာပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။

စစ်မှန်တဲ့အသက်

၂၀၊ ၂၁။ “စစ်မှန်တဲ့အသက်” ဆိုတာ ဘာလဲ။

၂၀ ယေဟောဝါက မိမိရဲ့မိတ်ဆွေအားလုံးကို အကောင်းဆုံးအသက်တာ ရရှိစေချင်တယ်။ လက်ရှိအသက်တာနဲ့ လုံးလုံးမတူတဲ့ အသက်တာမျိုးကို အနာဂတ်မှာ ရရှိမယ်လို့ ကျမ်းစာသွန်သင်တယ်။

ပရဒိသုမှာ ပျော်ရွှင်နေတဲ့ မိသားစု

ယေဟောဝါက သင့်ကို “စစ်မှန်တဲ့အသက်” ရစေချင်တယ်။ သင်ကော ရချင်သလား

၂၁ အနာဂတ်မှာ ကျွန်တော်တို့ အသက် ၇၀၊ ၈၀ လောက် မဟုတ်ဘဲ ထာဝစဉ် အသက်ရှင်ကြမှာ။ လှပတဲ့ပရဒိသုမှာ “ထာဝရအသက်” ကို ရရှိပါလိမ့်မယ်။ ဒေါင်ဒေါင်မြည် ကျန်းမာပြီး ငြိမ်သက်ပျော်ရွှင်စွာ နေထိုင်ရပါလိမ့်မယ်။ အဲဒါကို ကျမ်းစာမှာ “စစ်မှန်တဲ့အသက်” လို့ခေါ်တယ်။ စစ်မှန်တဲ့အသက် ပေးမယ်လို့ ယေဟောဝါ ကတိပြုထားတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အသက် ရနိုင်ဖို့ ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားရမယ်။—၁ တိမောသေ ၆:၁၂၊ ၁၉။

၂၂။ (က) “စစ်မှန်တဲ့အသက်” ကို ဘယ်လိုရနိုင်သလဲ။ (ခ) ထာဝရအသက်ဟာ ဘာကြောင့် ကျွန်တော်တို့ ရသင့်ရထိုက်တဲ့အရာ မဟုတ်သလဲ။

၂၂ “စစ်မှန်တဲ့အသက်” ကို ဘယ်လိုရနိုင်သလဲ။ “ကောင်းမှုပြုဖို့၊ မွန်မြတ်တဲ့လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ဖို့” လိုတယ်။ (၁ တိမောသေ ၆:၁၈) ကျမ်းစာကနေ လေ့လာသိရှိလာတာတွေကို လက်တွေ့ကျင့်သုံးရမယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့တော့ စစ်မှန်တဲ့အသက် မရနိုင်ဘူး။ ထာဝရအသက်ဆိုတာ သစ္စာရှိကျေးကျွန်တွေကို “မဟာကရုဏာတော်” ကြောင့် ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ဖြစ်တယ်။ ကျွန်တော်တို့ ရသင့်ရထိုက်လို့ရတာ မဟုတ်ဘူး။ (ရောမ ၅:၁၅) ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင်က သစ္စာရှိကျေးကျွန်တွေကို ဒီလက်ဆောင် တကယ်ပေးချင်နေတာ။

၂၃။ အခုချိန်မှာ ဘာကြောင့် မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်ဖို့လိုသလဲ။

၂၃ ‘ဘုရားနှစ်သက်တဲ့နည်းအတိုင်း ငါဝတ်ပြုနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုရင် ချက်ချင်း ပြုပြင်ပြောင်းလဲပါ။ ယေဟောဝါကို အားထားပြီး ကိုယ်တော့်ကို အတတ်နိုင်ဆုံး နာခံမယ်ဆိုရင် ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ခိုလှုံရာ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါက သစ္စာရှိသူတွေကို စာတန့်ဆိုးညစ်တဲ့ လောကရဲ့ နောက်ဆုံးကာလအတွင်း ကာကွယ်ပေးမယ်။ ကတိပြုထားတဲ့အတိုင်း ပရဒိသုမှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်အောင် ကျိန်းသေ လုပ်ဆောင်ပေးမယ်။ အခုချိန်မှာ မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်မယ်ဆိုရင် စစ်မှန်တဲ့အသက်ကို သင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အကျဉ်းချုပ်

အမှန်တရား ၁။ သင့်ကို ယေဟောဝါ ချစ်တယ်

“ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”—ယောဟန် ၃:၁၆

သင့်ကိုချစ်ကြောင်း ဘုရားသခင် ဘယ်လိုဖော်ပြသလဲ။

  • ဆာလံ ၉၁:၂

    ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ခိုလှုံရာ ဖြစ်တယ်။ လောလောဆယ် ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေကနေ သက်သာရာရစေနိုင်တယ်။

  • ဆာလံ ၃၇:၂၉

    သိပ်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်ကို ဘုရားပေးထားတယ်။

  • ၁ တိမောသေ ၆:၁၂၊ ၁၉

    ပြည့်ဝစုံလင်တဲ့ အခြေအနေအောက် ထာဝစဉ် အသက်ရှင်နိုင်အောင် ဘုရားသခင် လုပ်ပေးမယ်။ လှပတဲ့ပရဒိသုမှာ ငြိမ်သက်မှု၊ ပျော်ရွှင်မှု ခံစားရပြီး ဒေါင်ဒေါင်မြည် ကျန်းမာလာမယ်။

အမှန်တရား ၂။ ယေဟောဝါဟာ သူ့ကို ချစ်စေချင်တယ်

“ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။”—မဿဲ ၂၂:၃၇

ယေဟောဝါရဲ့မေတ္တာဟာ ဘာလုပ်ဖို့ သင့်ကို လှုံ့ဆော်သလဲ။

  • လုကာ ၁၇:၁၂-၁၇

    သင့်အတွက် ဘုရားလုပ်ပေးသမျှကို ကျေးဇူးတင်လေးမြတ်ပါ။

  • မဿဲ ၇:၁၆-၂၀

    နေ့တိုင်း ဘုရားအလိုတော်ဆောင်ခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ပြပါ။

  • ၁ ယောဟန် ၅:၃

    ဘုရားရဲ့ ပညတ်တွေကို နာခံပါ။

  • ၁ တိမောသေ ၆:၁၈

    သူတစ်ပါးကို ကောင်းမှုပြုဖို့ ကြိုးစားပါ။

အမှန်တရား ၃။ ယေဟောဝါအပေါ်ထားတဲ့ သင့်မေတ္တာကို ခိုင်မြဲနေစေပါ

‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ။’—ယုဒ ၂၁

ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ဘာက ကူညီပေးမလဲ။

  • ၁ သက်သာလောနိတ် ၅:၁၇

    မကြာခဏ ဆုတောင်းပါ။

  • မဿဲ ၂၈:၁၉၊ ၂၀။ ၂ တိမောသေ ၄:၂

    ဘုရားသခင့်နိုင်ငံတော်အကြောင်း အတတ်နိုင်ဆုံး ဟောပြောပါ။

  • ပညာအလိမ္မာ ၂:၁-၅

    ယေဟောဝါအကြောင်း ဆက်ပြီး လေ့လာဆည်းပူးပါ။

  • ဟီဘရူး ၁၀:၂၄၊ ၂၅

    အစည်းအဝေးတွေကို မှန်မှန်တက်ပါ။ ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် သင့်ကို ညီအစ်ကိုညီအစ်မတွေ ကူညီပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ