ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဖေဖော်ဝါရီ စာ. ၈-၁၃
  • အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေပါ
  • နာခံခြင်းအားဖြင့် မေတ္တာပြပါ
  • ကောင်းကင်အဖကို တခြားသူတွေ ချစ်လာဖို့ ကူညီပေးပါ
  • ယေဟောဝါကို ချစ်ပြီး ပျော်ရွှင်ပါ
  • ကျွန်တော်တို့ကို အဖ ယေဟောဝါ အလွန်ချစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဖေဖော်ဝါရီ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၇

အဖ ယေဟောဝါကို ကျွန်တော်တို့ အလွန်ချစ်

“ဘုရားသခင်က အရင်ဦးဆုံးချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။”—၁ ယော. ၄:၁၉။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

အကြိုသုံးသပ်ချက်a

၁-၂။ ယေဟောဝါက ကျွန်တော်တို့ကို မိမိရဲ့ မိသားစုဝင်ဖြစ်ဖို့ ဘာကြောင့်၊ ဘယ်လို လမ်းဖွင့်ပေးသလဲ။

ယေဟောဝါက ကျွန်တော်တို့ကို မိမိရဲ့ မိသားစုဝင် ဖြစ်ဖို့ ဖိတ်ခေါ်ထားတယ်။ သိပ်ကောင်းတဲ့ ဖိတ်ခေါ်ချက်ပါပဲ။ ဘုရားရဲ့ မိသားစုထဲမှာ ဘုရားဆီ ဆက်ကပ်အပ်နှံထားသူတွေ၊ သားတော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြသူတွေ ပါဝင်တယ်။ ပျော်ရွှင်တဲ့ မိသားစုပါပဲ။ လောလောဆယ် အဓိပ္ပာယ်ရှိတဲ့ဘဝ ရထားတဲ့အပြင် ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ အဆုံးမဲ့အသက် မျှော်လင့်ချက် ရထားလို့ ပျော်ရွှင်နေကြတယ်။

၂ ယေဟောဝါဟာ မေတ္တာရှိလို့ အကြီးအကျယ် အနစ်နာခံပြီး ကျွန်တော်တို့ကို မိမိရဲ့ မိသားစုဝင် ဖြစ်ဖို့ လမ်းဖွင့်ပေးတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို “တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထား” တယ်။ (၁ ကော. ၆:၂၀) ရွေးဖိုးအားဖြင့် မိမိနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိစေတယ်။ စကြဝဠာမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ကို အဖလို့ ကျွန်တော်တို့ ခေါ်ခွင့်ရထားတယ်။ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း ယေဟောဝါဟာ အကောင်းဆုံးဖခင်ပါ။

၃။ ယေဟောဝါရဲ့ ကောင်းမြတ်မှုအကြောင်း စဉ်းစားတဲ့အခါ ဘယ်မေးခွန်းတွေ မေးမိနိုင်သလဲ။ (“ငါ့ကို ယေဟောဝါ သတိထားမိရဲ့လား” လေးထောင့်ကွက်ကို ကြည့်ပါ။)

၃ “ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ” လို့ ရေးခဲ့တဲ့ ဆာလံဆရာလိုပဲ ကျွန်တော်တို့ တွေးမိနိုင်တယ်။ (ဆာ. ၁၁၆:၁၂) ကောင်းကင်ဖခင်ကို ဘယ်တော့မှ ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ဘူး။ ဘုရားရဲ့ မေတ္တာက ဘုရားကို ပြန်ချစ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ “ဘုရားသခင်က အရင်ဦးဆုံးချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ” လို့ တမန်တော် ယောဟန် ရေးတယ်။ (၁ ယော. ၄:၁၉) ကောင်းကင်ဖခင်ကို ချစ်ကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြနိုင်သလဲ။

ငါ့ကို ယေဟောဝါ သတိထားမိရဲ့လား

လူတွေ သွားလာနေတဲ့ လမ်းပေါ် အမျိုးသမီးတစ်ယောက် ရပ်နေ။ ‘ငါ့ကို ဘုရား သတိထားမိရဲ့လား’ လို့ မေးနေတဲ့ပုံနဲ့ အပေါ်ကို မော့ကြည့်နေ။

‘ကမ္ဘာပေါ်က လူသန်းပေါင်းများစွာထဲမှာ ငါ့ကို ယေဟောဝါ သတိထားမိရဲ့လား’ လို့ သင် တွေးဖူးသလား။ အဲဒီလို တွေးတာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ “အို ယေဟောဝါ၊ လူဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။ သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အာရုံစိုက်နေရတာလဲ” လို့ ဘုရင်ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၄၄:၃) မိမိကို ယေဟောဝါ ကောင်းစွာ သိကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ (၁ ရာ. ၁၇:၁၆-၁၈) သင် ပြတဲ့မေတ္တာကို သိကြောင်း ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ဘုရား စိတ်ချစေတယ်။ အဲဒီလို စိတ်ချစေတဲ့ ကျမ်းစာပါ အချက်တချို့ကို သုံးသပ်ကြည့်ပါ–

  • သင် မမွေးခင်ကတည်းက သင့်ကို ယေဟောဝါ သိတယ်။—ဆာ. ၁၃၉:၁၆။

  • သင့်စိတ်နှလုံးထဲ ဘာရှိတယ်၊ ဘာတွေးနေတယ်ဆိုတာ ယေဟောဝါ သိတယ်။—၁ ရာ. ၂၈:၉။

  • တစ်ယောက်စီရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ကိုယ်တိုင်ကိုယ်ကျ နားထောင်ပေးတယ်။—ဆာ. ၆၅:၂။

  • သင့်လုပ်ရပ်တွေက ယေဟောဝါရဲ့ ခံစားချက်အပေါ် သက်ရောက်မှုရှိတယ်။—ပညာ. ၂၇:၁၁။

  • သင့်ကို ယေဟောဝါ ကိုယ်တိုင် ဆွဲဆောင်တယ်။—ယော. ၆:၄၄။

  • သေဆုံးသွားရင်လည်း သင့်ကို ယေဟောဝါ ကောင်းစွာ သိတဲ့အတွက် ထမြောက်ပေးနိုင်တယ်။ သင့်ကိုယ်ခန္ဓာလိုမျိုး အသစ်တစ်ခုကို ပြန်တည်ဆောက်ပြီး သင့်ရဲ့ မှတ်ဉာဏ်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ အပါအဝင် စိတ်ကို ပြန်ထည့်သွင်းပေးပါလိမ့်မယ်။ —ယော. ၁၁:၂၁-၂၆၊ ၃၉-၄၄။ တ. ၂၄:၁၅။

ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေပါ

ရုပ်ပုံ– ၁။ ညီအစ်မတစ်ယောက် စားပွဲပေါ်မှာ ကျမ်းစာဖွင့်ပြီး ဆုတောင်းနေ။ ၂။ ကျောင်းနေဖက်တစ်ယောက် ဆေးလိပ် တိုက်တာကို ညီအစ်ကိုငယ် ငြင်းနေ။ ၃။ အစားအသောက် ရောင်းတဲ့ ထရပ်ကားထဲက စားဖိုမှူးကို ညီအစ်ကိုတစ်ယောက် ဝေစာ ပြနေ။

ဆုတောင်းခြင်း၊ နာခံခြင်း၊ ဘုရားကို ချစ်လာအောင် တခြားသူတွေကို ကူညီခြင်းအားဖြင့် ကောင်းကင်ဖခင် ယေဟောဝါကို ဘယ်လောက် ချစ်ကြောင်း ကျွန်တော်တို့ ဖော်ပြ (စာပိုဒ် ၄-၁၄ ကိုကြည့်ပါ)

၄။ ယာကုပ် ၄:၈ အရ ယေဟောဝါနဲ့ ရင်းနှီးဖို့ ဘာကြောင့် ကြိုးစားအားထုတ်သင့်သလဲ။

၄ ယေဟောဝါက ကျွန်တော်တို့ကို မိမိနဲ့ ရင်းနှီးစေချင်တယ်။ ဆက်သွယ်စေချင်တယ်။ (ယာကုပ် ၄:၈ ကိုဖတ်ပါ။) “ဇွဲမလျှော့တမ်း ဆုတောင်း” ဖို့ တိုက်တွန်းပြီး နားထောင်ပေးဖို့ အမြဲအသင့်ရှိတယ်။ (ရော. ၁၂:၁၂) အလုပ်များလို့၊ ပင်ပန်းလို့ ဆုတောင်းချက်တွေကို နားမထောင်တာမျိုး မရှိဘူး။ ကျွန်တော်တို့လည်း ကျမ်းစာနဲ့ ကျမ်းစာကို နားလည်ဖို့ ထောက်ကူပေးတဲ့ စာပေတွေကို ဖတ်ရှုခြင်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ အာရုံစိုက် နားထောင်ခြင်းအားဖြင့် ဘုရားစကားကို နားထောင်ကြတယ်။ ဆက်သွယ်ရေး ကောင်းခြင်းက မိဘနဲ့ ရင်းနှီးဖို့ ကူညီပေးသလို ယေဟောဝါနဲ့ ပုံမှန် ဆက်သွယ်ခြင်းက ဘုရားနဲ့ ရင်းနှီးစေတယ်။

ညီအစ်မတစ်ယောက် စားပွဲပေါ်မှာ ကျမ်းစာဖွင့်ပြီး ဆုတောင်းနေ။

စာပိုဒ် ၅ ကိုကြည့်ပါ

၅။ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်း အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်သလဲ။

၅ သင့်ရဲ့ ဆုတောင်းခြင်း အရည်အသွေးကို ဆန်းစစ်ကြည့်ပါ။ ယေဟောဝါက ကျွန်တော်တို့ကို ရင်ဖွင့်ဆုတောင်းစေချင်တယ်။ (ဆာ. ၆၂:၈) ‘ငါ့ဆုတောင်းချက်တွေက အပေါ်ယံပဲ ဖြစ်နေသလား။ တစ်ခါလာလည်း ဒီစကားလုံးတွေပဲလား ဒါမှမဟုတ် ကိုယ့်ရဲ့ ရင်တွင်းစကားတွေလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ သင်ဟာ ယေဟောဝါကို အလွန်ချစ်ပြီး ဘုရားနဲ့ ဆက်ဆံရေး ကောင်းချင်မှာ သေချာတယ်။ အဲဒီလို ကောင်းဖို့ ပုံမှန် ဆက်သွယ်ရမယ်။ ပျော်စရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ ခံစားချက်တွေကို ရင်ဖွင့်ပြောပြပါ။ ဘာဖြစ်ဖြစ် အကူအညီ တောင်းနိုင်တယ်ဆိုတာ စိတ်ချပါ။

၆။ ကောင်းကင်ဖခင်နဲ့ ရင်းနှီးဖို့ ဘာလုပ်ရမလဲ။

၆ ကောင်းကင်ဖခင်နဲ့ ရင်းနှီးဖို့ ကျေးဇူးတင်တတ်တဲ့စိတ် ဆက်ရှိနေရမယ်။ “ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊ အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။ ကိုယ်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ အဲဒီအကြောင်းတွေကို ပြောကြည့်လိုက်တဲ့အခါ ပြောမကုန်နိုင်အောင် များလှတယ်” လို့ ရေးခဲ့တဲ့ ဆာလံဆရာလို ကျွန်တော်တို့ ခံစားကြရတယ်။ (ဆာ. ၄၀:၅) ယေဟောဝါကို ကျေးဇူးတင်တဲ့စိတ် ရှိရုံသာမက ကျေးဇူးတင်ကြောင်း စကားနဲ့ရော လုပ်ရပ်နဲ့ပါ ဖော်ပြရမယ်။ ဒါက ဒီနေ့ခေတ် လူများစွာနဲ့ ကွာခြားစေတယ်။ ဘုရား လုပ်ပေးထားတာတွေအတွက် ကျေးဇူးမတင်တတ်သူတွေ ကြားမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ကျေးဇူးကန်းသူတွေ များလာတာဟာ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရတယ်ဆိုတဲ့ သက်သေတစ်ခုပဲ။ (၂ တိ. ၃:၁၊ ၂) အဲဒီလို သဘောထားမျိုး ကျွန်တော်တို့ မတင်ပြချင်ကြဘူး။

၇။ ကျွန်တော်တို့ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ။ ဘာကြောင့်လဲ။

၇ မိဘတွေဟာ သားသမီးတွေကို ချစ်ချစ်ခင်ခင် ရှိစေချင်တယ်။ ယေဟောဝါလည်း မိမိရဲ့ သားသမီးတွေကို အချင်းချင်း သင့်မြတ်စေချင်တယ်။ အချင်းချင်း ချစ်တဲ့ မေတ္တာဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားဖြစ်တယ်။ (ယော. ၁၃:၃၅) “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ပြောခဲ့တဲ့ ဆာလံဆရာလို ကျွန်တော်တို့ ခံစားရတယ်။ (ဆာ. ၁၃၃:၁) ညီအစ်ကို/မတွေကို ချစ်တာက ယေဟောဝါကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ (၁ ယော. ၄:၂၀) ‘အချင်းချင်း သနားကြင်နာပြီး ကရုဏာပြတဲ့’ ညီအစ်ကို/မတွေနဲ့ မိသားစုဝင် ဖြစ်ရတာ အလွန်ကြည်နူးစရာပါပဲ။—ဧ. ၄:၃၂။

နာခံခြင်းအားဖြင့် မေတ္တာပြပါ

ကျောင်းနေဖက်တစ်ယောက် ဆေးလိပ် တိုက်တာကို ညီအစ်ကိုငယ် ငြင်းနေ။

စာပိုဒ် ၈ ကိုကြည့်ပါ

၈။ ၁ ယောဟန် ၅:၃ အရ ယေဟောဝါကို နာခံရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။

၈ ယေဟောဝါက မိဘကို နာခံဖို့ သားသမီးတွေဆီက မျှော်လင့်သလို မိမိကို နာခံဖို့ ကျွန်တော်တို့ဆီက မျှော်လင့်တယ်။ (ဧ. ၆:၁) ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်၊ ပညာအရှိဆုံးမိဘဖြစ်လို့ ကျွန်တော်တို့ရဲ့ နာခံမှုကို ရထိုက်တယ်။ ဒါပေမဲ့ အဓိကကတော့ ယေဟောဝါကို ချစ်လို့ နာခံကြတာပါ။ (၁ ယောဟန် ၅:၃ ကိုဖတ်ပါ။) နာခံမှု ရထိုက်တဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို အတင်း ဖိအားမပေးဘူး။ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ဘုရားကို ချစ်လို့ နာခံရင် ဘုရား ပျော်ရွှင်တယ်။

၉-၁၀။ ဘုရားသခင့် စံနှုန်းတွေကို သိပြီး လိုက်နာဖို့ ဘာကြောင့် အရေးကြီးသလဲ။

၉ မိဘတွေက သားသမီးတွေကို ဘေးကင်းလုံခြုံစေချင်တဲ့အတွက် စည်းကမ်းတွေ ချမှတ်ပေးတယ်။ အဲဒါတွေကို နာခံတာက မိဘကို ယုံကြည်ကိုးစားကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်တယ်။ ကောင်းကင်ဖခင် ချမှတ်ထားတဲ့ စံနှုန်းတွေကို ကျွန်တော်တို့ သိပြီး လိုက်နာဖို့ဆိုရင် ပိုလို့တောင် အရေးကြီးတယ်။ အဲဒီလို လိုက်နာတယ်ဆိုရင် ယေဟောဝါကို ချစ်ကြောင်း၊ လေးစားကြောင်း ဖော်ပြရာရောက်ပြီး ကိုယ်တိုင်လည်း အကျိုးရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ဘုရားစံနှုန်းတွေကို ငြင်းပယ်ရင်တော့ အကျိုးယုတ်မယ်။—ဂလ. ၆:၇၊ ၈။

၁၀ ယေဟောဝါ နှစ်သက်တဲ့နည်းအတိုင်း နေထိုင်ရင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း အကာအကွယ် ရတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးကို ယေဟောဝါ သိတယ်။ “ယေဟောဝါကို နာခံတာက အကောင်းဆုံး ဘဝကို ရစေမှန်း ကျွန်မ သိတယ်” လို့ အမေရိကန်က အော်ရိုရာ ပြောတယ်။ အဲဒီစကားက တကယ် မှန်တယ်။ သင်ကော ယေဟောဝါရဲ့ မေတ္တာပါ လမ်းညွှန်ချက်တွေကို နာခံခြင်းကနေ ဘယ်လို အကျိုးရနေသလဲ။

၁၁။ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးသလဲ။

၁၁ နာခံဖို့ ခက်ခဲချိန်တွေမှာတောင် ဆုတောင်းခြင်းက ကူညီပေးတယ်။ တစ်ခါတလေ ယေဟောဝါကို နာခံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ အပြစ်လုပ်ချင်စိတ်ကို မပြတ် တိုက်ထုတ်ရမယ်။ “စိတ်ပါလက်ပါ နာခံချင်စိတ်ရှိအောင် လှုံ့ဆော်ပေးပါ” လို့ ဆာလံဆရာ အသနားခံခဲ့တယ်။ (ဆာ. ၅၁:၁၂) မှန်မှန်ရှေ့ဆောင် ညီအစ်မ ဒဲန်နီ ဒီလို ပြောတယ်– “ယေဟောဝါရဲ့ ပညတ်တစ်ခုကို နာခံဖို့ ခက်နေတယ်ဆိုရင် မှန်ရာလုပ်နိုင်အောင် ခွန်အားပေးပါလို့ ဆုတောင်းလိုက်တယ်။” အဲဒီလို အသနားခံတဲ့အခါ ယေဟောဝါ အမြဲ အဖြေပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။—လု. ၁၁:၉-၁၃။

ကောင်းကင်အဖကို တခြားသူတွေ ချစ်လာဖို့ ကူညီပေးပါ

၁၂။ ဧဖက် ၅:၁ အရ ဘာလုပ်သင့်သလဲ။

၁၂ ဧဖက် ၅:၁ ကိုဖတ်ပါ။ ယေဟောဝါ “ချစ်ရတဲ့ သားသမီးတွေ” အနေနဲ့ ဘုရားကို ကျွန်တော်တို့ အတတ်နိုင်ဆုံး တုပကြတယ်။ မေတ္တာပြခြင်း၊ ကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းအားဖြင့် ဘုရားသခင့် အရည်အသွေးတွေကို တုပကြတယ်။ ဘုရားကို မသိတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းကို မြင်တဲ့အခါ ဘုရားအကြောင်း ပိုသိချင်လာနိုင်တယ်။ (၁ ပေ. ၂:၁၂) ခရစ်ယာန်မိဘတွေဟာ သားသမီးတွေကို ဆက်ဆံရာမှာ ယေဟောဝါကို တုပသင့်တယ်။ ဒါဆိုရင် သားသမီးတွေလည်း ကောင်းကင်ဖခင်နဲ့ ရင်းနှီးချင်လာပါလိမ့်မယ်။

အစားအသောက် ရောင်းတဲ့ ထရပ်ကားထဲက စားဖိုမှူးကို ညီအစ်ကိုတစ်ယောက် ဝေစာ ပြနေ။

စာပိုဒ် ၁၃ ကိုကြည့်ပါ

၁၃။ ရဲရင့်လာအောင် ဘာလုပ်သင့်သလဲ။

၁၃ ကလေးတွေဟာ ဖခင်နဲ့ပတ်သက်ပြီး ဂုဏ်ယူပြောတတ်ကြတယ်။ ကျွန်တော်တို့လည်း ကောင်းကင်ဖခင် ယေဟောဝါအတွက် ဂုဏ်ယူပြီး တခြားသူတွေကို ဘုရားအကြောင်း သိစေချင်တယ်။ “ယေဟောဝါအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောမယ်” လို့ ရေးခဲ့တဲ့ ဘုရင်ဒါဝိဒ်လို ခံစားရတယ်။ (ဆာ. ၃၄:၂) ဒါပေမဲ့ ကိုယ်က ရှက်တတ်တဲ့သူ ဖြစ်နေရင်ကော။ ဘယ်လို ရဲရင့်လာနိုင်မလဲ။ ယေဟောဝါအကြောင်း ပြောတဲ့အခါ ဘုရား ဘယ်လောက် ပျော်မယ်၊ တခြားသူတွေ ဘယ်လောက် အကျိုးရမယ်ဆိုတာ စဉ်းစားရင် ရဲရင့်လာမယ်။ လိုနေတဲ့ ရဲစွမ်းသတ္တိကို ယေဟောဝါ ပေးမယ်။ ပထမရာစု ညီအစ်ကို/မတွေကို သတ္တိရှိဖို့ ကူညီခဲ့သလို ကျွန်တော်တို့ကိုလည်း ကူညီပါလိမ့်မယ်။—၁ သက်. ၂:၂။

၁၄။ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်သင့်တဲ့ အကြောင်းရင်းတချို့က ဘာလဲ။

၁၄ ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ နောက်ခံ ဘယ်လိုရှိတဲ့သူပဲ ဖြစ်ပါစေ သူတို့ကို ကျွန်တော်တို့ မေတ္တာပြတဲ့အခါ ဘုရား ပျော်တယ်။ (တ. ၁၀:၃၄၊ ၃၅) တခြားသူတွေကို မေတ္တာပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ သတင်းကောင်း ဟောပြောခြင်းပဲ။ (မ. ၂၈:၁၉၊ ၂၀) ဟောပြောခြင်းက ဘယ်လို အကျိုးပြုနိုင်သလဲ။ နားထောင်သူတွေရဲ့ လက်ရှိဘဝကို တိုးတက်ကောင်းမွန်စေတဲ့အပြင် အနာဂတ်မှာလည်း ထာဝရအသက်ရဖို့ မျှော်လင့်ချက် ရှိစေတယ်။—၁ တိ. ၄:၁၆။

ယေဟောဝါကို ချစ်ပြီး ပျော်ရွှင်ပါ

၁၅-၁၆။ ဘယ်အကြောင်းရင်းတွေကြောင့် ပျော်ရွှင်နိုင်ကြသလဲ။

၁၅ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင်ဖြစ်လို့ မိသားစုဝင်တွေကို ပျော်ရွှင်စေချင်တယ်။ (ဟေရှာ. ၆၅:၁၄) အခက်အခဲတွေကြားမှာတောင် ကျွန်တော်တို့ ပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ဥပမာ၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန်ချစ်ကြောင်း သိထားတယ်။ တိကျမှန်ကန်တဲ့ ကျမ်းစာ အသိပညာ ရရှိထားတယ်။ (ယေ. ၁၅:၁၆) ယေဟောဝါကို ချစ်တဲ့၊ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို မြတ်နိုးတဲ့၊ အချင်းချင်း ချစ်တဲ့ မိသားစုဝင်တွေ ရှိထားတယ်။—ဆာ. ၁၀၆:၄၊ ၅။

၁၆ အနာဂတ်မှာ ဘဝ ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိထားလို့ ပျော်ရွှင်နေနိုင်ပါတယ်။ မကြာခင် ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါ ဖယ်ရှားတော့မယ်၊ နိုင်ငံတော် အုပ်ချုပ်မှုအောက် တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာတော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ သေဆုံးသွားသူတွေ ပြန်ရှင်လာပြီး ချစ်ရသူတွေနဲ့ ပြန်ဆုံဆည်းမယ်ဆိုတဲ့ အံ့ဖွယ် မျှော်လင့်ချက်ကိုလည်း ကျွန်တော်တို့ ရရှိထားတယ်။ (ယော. ၅:၂၈၊ ၂၉) တကယ့်ကို ဝမ်းသာစရာပါပဲ။ အရေးကြီးဆုံးကတော့ မကြာခင် ကောင်းကင်နဲ့ မြေကြီးပေါ်မှာ ရှိတဲ့သူအားလုံး မေတ္တာရှင် ဖခင်တစ်ပါးတည်းကိုပဲ ဂုဏ်တင်ချီးမွမ်းပြီး ဝတ်ပြုကြပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • မကြာခဏ ဆုတောင်းသင့်တယ်လို့ ဘာကြောင့် ထင်သလဲ။

  • ယေဟောဝါကို နာခံသင့်တယ်လို့ ဘာကြောင့် ထင်သလဲ။

  • ကောင်းကင်ဖခင်အကြောင်း တခြားသူတွေကို ပြောပြသင့်တယ်လို့ ဘာကြောင့် ထင်သလဲ။

သီချင်း ၁၂ ကြီးမြတ်သောဘုရား ယေဟောဝါ

a ကျွန်တော်တို့ကို အဖ ယေဟောဝါ အလွန်ချစ်လို့ မိမိရဲ့ မိသားစုဝင် ဖြစ်ခွင့်ပေးထားမှန်း ကျွန်တော်တို့ သိတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဘုရားကို ချစ်ကြတယ်။ ဘုရားကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။ သတ်သတ်မှတ်မှတ် အချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ