သင်လက်လှမ်းနေသလော
“သင်းအုပ် [အကြီးအကဲ၊ ကဘ] အရာကိုတောင့်တသောသူသည် ကောင်းသောအမှုအရာကိုတောင့်တသည်။” —၁ တိမောသေ ၃:၁။
၁။ အဘယ်ပန်းတိုင်ကိုတက်လှမ်းခြင်းက ယေဟောဝါသက်သေများအတွက် အရေးအကြီးဆုံးဖြစ်သနည်း။
ယေဟောဝါသက်သေများသည် ဘုရားတရားလမ်းစဉ်အရ ညွှန်ကြားဆောင်ရွက်သည့် သင့်လျော်သောပန်းတိုင်များထားကြသည်။ ဤကား အံ့ဩစရာမဟုတ်ပေ။ အကြောင်းမှာ သူတို့၏ဘုရားသခင်သည် ကောင်းမြတ်သောရည်ရွယ်ချက်ပန်းတိုင်များရှိ၍ ရည်ရွယ်တော်မူသည်အတိုင်း အမြဲဖြစ်မြောက်အောင်မြင်စေတော်မူသည်။ (ဟေရှာယ၊ ၅၅:၈-၁၁) ကောင်းမွန်သောရည်ရွယ်ချက်ပန်းတိုင်မရှိဘဲ ကိုယ်မှလွဲ၍ အခြားမည်သူ့ကိုမျှအကျိုးမပြုသည့် အသက်ရှင်တတ်ကြသူများနှင့် ယေဟောဝါကျေးကျွန်များမတူသင့်ပေ။ ဘုရားသခင်၏သက်သေခံများအတွက် အရေးအကြီးဆုံးကား ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကြေညာရခြင်း ရည်ရွယ်ချက်ကိုဖြည့်စွက်ကာ ဘုရား၏နှုတ်ကပါဌ်တော်မှအသက်ပေးပညာကို သူတပါးအားဝေမျှပေးခြင်းဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။ မာကု ၁၃:၁၀။ ယောဟန် ၁၇:၃။
၂။ ၁ တိမောသေ ၃:၁ တွင်ခရစ်ယာန်အမျိုးသားများအတွက် အဘယ်ရည်ရွယ်ချက်ပန်းတိုင်ကိုပေါလုတင်ပြထားသနည်း။
၂ ယေဟောဝါအဖွဲ့အစည်းတွင် အခြားကောင်းမွန်သောရည်ရွယ်ချက်ပန်းတိုင်များလည်း ရှိပါသေးသည်။ ယင်းတို့အနက် တစ်ခုကိုတမန်တော်ပေါလုရေးသားဖေါ်ပြသည်။ “သင်းအုပ် [အကြီးအကဲ၊ ကဘ ] အရာကိုတောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသည်ဟူသောစကားသည် မှန်သောစကားဖြစ်၏။” ဤကဲ့သို့သောသူသည် သူတစ်ပါး၏အကျိုးကိုဆောင်ရွက်လိုပေမည်။ သက်သက်သာသာနှင့် ဂုဏ်အသရေရှိရှိနေထိုင်ခြင်းမဟုတ်ဘဲ “ကောင်းသော အမှုအရာ” ကိုတောင့်တနေခြင်းကိုဆိုလိုသည်။ အခြားဘာသာပြန်ကျမ်းတစ်စောင်က “ဦးစီးရခြင်းကို စိတ်စွဲလမ်းသူသည် ချီးမွမ်းဖွယ်ရည်မှန်းချက်ပန်းတိုင်ရှိသူဖြစ်သည်ဟုဆိုခြင်းကား မှန်လှပေသည်။”—၁ တိမောသေ ၃:၁ Phillips.
အကြီးအကဲများအတွက်အန္တရယ်များ
၃၊ ၄။ အကြီးအကဲအရာသို့တက်လှမ်းနေသောသူသည် သူ၏နှလုံးကိုအဘယ်ကြောင့်စောင့်ရှောက်ပေးရန် လိုအပ်ပါသနည်း။
၃ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်ရန် စိတ်စွဲလမ်းသူသည် “ချီးမွမ်းဖွယ်ပန်းတိုင်” ထားသည်ဟုမည်သို့ဆိုနိုင်မည်နည်း။ ရည်မှန်းချက်ပန်းတိုင်သည် ရည်ရွယ်ချက်တစ်ခုအောင်မြင်ရန် ပြင်းပြသောဆန္ဒဖြစ်သည်။ ချီးမွမ်းထိုက်သော ရည်ရွယ်ချက်ပန်းတိုင်ရှိသည်နည်းတူ ချီးမွမ်းမခံထိုက်သော ပန်းတိုင်များလည်းရှိသည်။ သို့သော် သူတစ်ပါးအစေကိုခံလို၍ အကြီးအကဲအရာကိုနှိမ့်ချသောသဘောဖြင့် တက်လှမ်းနေမည်ဆိုလျှင် သူ၏အမှုဆောင်ခြင်းသည် ရည်ရွယ်ချက်မှန်ပြီး ဝိညာဏကောင်းကျိုးများခံစားရစေသည်။ သို့ဖြစ်စေကာမူ သူ၏နှလုံးကို စောင့်ရှောက်ပေးရန်လိုအပ်ပါသည်။—သု၊ ၄:၂၃။
၄ ရည်မှန်းချက်ပန်းတိုင်မြင့်မားသူအချို့သည် ဂုဏ်အသရေရှိလိုကြသည်။ အခြားသူတို့မှာမူ လူလူချင်းအုပ်ချုပ်လိုသည်။ နာမည်ကြီးရန်၊ အာဏာရှိရန်တပ်မက်ခြင်းသည် ကြံ့ခိုင်ပုံရှိသောအပင်ကြီးကိုပင် လဲကျစေနိုင်သည့် ပုပ်ပျက်သောအမြစ်နှင့်တူပေသည်။ ခရစ်ယာန်တစ်ဦးသည်လည်း ဤသို့သောမှားယွင်းသည့်စိတ်ထား၏လှုံ့ဆော်မှုကြောင့် ရည်မှန်းချက်မှားယွင်းနိုင်သည်။ (သု၊ ၁၆:၁၈) တမန်တော်ယောဟန်က ဤသို့ဆိုသည်။ “အသင်းတော်ထံသို့ မှာစာကိုရေး၍ပေးလိုက်လေပြီ။ သို့သော်လည်းအကဲအမှူးလုပ်ချင်သော [အရာရာ၌ဦးစီးချင်သော၊ Phillips ] ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထိုကြောင့်ငါလာသောအခါ သူသည်မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့်ငါတို့ကို ကဲ့ရဲ့သည်သာမက ကဲ့ရဲ့ခြင်းနှင့်စိတ်မပြေဘဲလျက် ညီအစ်ကိုတို့ကိုကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍ အသင်းတော်ထဲကနှင်ထုတ်တတ်၏။” (၃ ယောဟန်၊ ၉၊ ၁၀) ဒယောတရပ်၏ ရည်မှန်းချက်ပန်းတိုင်သည် ခရစ်ယာန်မပီသချေ။ မာနထောင်လွားခြင်းနှင့် သူတစ်ထူးအပေါ်အာဏာပြရန်ရည်မှန်း၍လုပ်ကိုင်ခြင်းတို့သည် ယေရှု၏တပည့်နောက်လိုက်စစ်တို့တွင် မရှိသင့်ပါ။—သု၊ ၂၁:၄။
၅။ မိမိတာဝန်များကိုအဘယ်သဘောထားမျိုးဖြင့် အကြီးအကဲများထမ်းဆောင်သင့်သနည်း။
၅ ရည်ရွယ်ချက်မှန်ဖြင့် မိမိတာဝန်များကိုဆောင်ရွက်ရသော ခရစ်ယာန်အကြီးအကဲတစ်ဦးသည် အတ္တဆန်သောရည်မှန်းချက်များထားရှိမည်မဟုတ်ပါ။ ဤမွန်မြတ်သောခရစ်ယာန်အကြီးအကဲတာဝန်ကို ဘုရားပေးအခွင့်အရေးအနေနှင့်သူသဘောထားပြီး ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းရာတွင် “အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာရှိ၍ကြည့်ရှုအုပ်ထိန်းကြ၏။ အသီးသီးအုပ်သောအသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကောင်းပြသောသူဖြစ်” မည်။ (၁ ပေတရု ၅:၂၊ ၃) မှန်ပေသည်။ အကြီးအကဲများသည် မာနထောင်လွှားစိတ်မရှိရန်နှင့် ဩဇာအာဏာကို အလွဲသုံးစားမပြုမိရန် သတိပြုသင့်သည်။
၆။ ဘုရားသခင်၏လူတို့ကို အကြီးအကဲတစ်ဦး အဘယ်ကြောင့်အစိုးတရမပြုသင့်သနည်း။
၆ အကြီးအကဲတစ်ဦးသည် အခြားခရစ်ယာန်များ၏ “ယုံကြည်ခြင်းကိုအစိုးရ” သူမဟုတ်ဘဲ လုပ်ဖော်ဆောင်ဖက်များသာဖြစ်သောကြောင့် အစိုးတရပြုမည်မဟုတ်။ (၂ ကောရိန္သု ၁: ၂၄) တမန်တော်အချို့ ကျော်ကြားမှုရလိုကြသောအခါ ယေရှုဤသို့ဆိုသည်။ “သင်တို့သိသည့်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးအားစေစားခြင်းငှာမလာ။ သူတစ်ပါး၏အစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်ဖြစ်၍ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။” (မဿဲ၊ ၂၀:၂၀-၂၈) အကြီးအကဲတစ်ဦးသည် သိုးထိန်းချုပ်မဟုတ်၊ လက်ထောက်သိုးထိန်းမျှသာဖြစ်သည်။ သိုးအုပ်ကိုသူအစိုးတရပြုမည်ဆိုလျှင် မာနထောင်လွှားသောသဘော တင်ပြနေခြင်းဖြစ်သည်။ အထူးသဖြင့် သူ၏ဝင့်ဝါသောရည်မှန်းချက်များ ဖြစ်ထွန်းလာစေရန် သူတစ်ထူးအားဖြားယောင်းသွေးဆောင်ပါက အန္တရာယ်ရှိစရာအကြောင်းရှိပေသည်။ ပညာရှိစကားတစ်ခွန်းကား ဤသို့။ “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် သင်းဖွဲ့သော်လည်း အပြစ်ဒဏ်နှင့်မလွတ်ရကြ။ —သု၊ ၁၆:၅။
၇၊ ၈။ (က) ခရစ်ယာန်အကြီးအကဲများ အဘယ်ကြောင့်နှိမ့်ချမှုရှိရန်လိုသနည်း။ (ခ) နှိမ့်ချမှုရှိသောအကြီးအကဲတစ်ဦးပုံသက်သေကိုတင်ပြပါ။
၇ ထိုကြောင့် ခရစ်ယာန်အကြီးအကဲများသည် ဘုရားသခင်၏ “တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုယ်ကိုနှိမ့်ချကြ” ရမည်။ မာန်မာနသည် ဝိညာဏအသုံးဝင်မှုအတွက် အတားအဆီးဖြစ်သည်။ အကြောင်းမူကား နှိမ့်ချသောသဘောရှိသူများသာလျှင် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် စိတ်နှလုံးရှိကြသည်။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅၊ ၆) မှန်ပေသည်။ နှိမ့်ချသောသဘောရှိသူကို ယေဟောဝါကောင်းချီးပေးတော်မူ၏။ ဤသူတို့အထဲမှ ခရစ်ယာန်အကြီးအကဲများအဖြစ်အမှုထမ်းရန် အရည်အချင်းရှိအမျိုးသားများကို ခန့်အပ်တော်မူသည်။
၈ ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းသည် ဘုရားတရားကြည်ညိုသူများ၏ နှိမ့်ချစွာအမှုထမ်းခဲ့ခြင်း အတ္ထုပ္ပတ္တိများနှင့်ပြည့်နေပါသည်။ ဥပမာ၊ တစ်ချိန်ကပီလ်ဂရင်မ်ခေါ် နယ်လှည့်ကြီးကြပ်မှူး၊ နောက်ပိုင်းဗေသလလုပ်ငန်းကို ကြာမြင့်စွာထမ်းဆောင်သူတစ်ဦးဖြစ်ခဲ့သည့် နူးညံ့သိမ်မွေ့သောသဘောရှိသူ ဒဗလျူဂျေသောန် (W. J. Thorn) ကိုသုံးသပ်ပါ။ “ယနေ့ထိကျွန်တော့်ကိုအကူအညီပေးခဲ့သည့် ညီအစ်ကိုသောန်ပြောခဲ့သောစကားတစ်ခွန်းကို ဘယ်တော့မျှမမေ့နိုင်ပါ။ သူက ‘ကိုယ့်ကိုယ်ကိုအထင်ကြီးလာမိတိုင်း ကိုယ့်ကိုယ်ကိုချောင်ပိတ်ဘိသကဲ့သို့ပြုကာ “အသင်ဖုံမှုန့်၊ မာနထောင်လွှားစရာ ဘာရှိလို့လဲ” ဟူ၍ဆုံးမသည်’ ” ဟုသူ့အကြောင်းခရစ်ယာန်တစ်ဦးပြောသည်။ အကြီးအကဲများနှင့်အခြားသူများ တင်ပြသင့်သောချီးမွမ်းဖွယ်အရည်အချင်းပါတကား။ “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏” ဟူသောစကားကိုသတိရပါ။—သု၊ ၂၂:၄။
အမှုဆောင်ရန် ဘုရားပေးဆန္ဒ
၉။ အကြီးအကဲအဖြစ်အမှုထမ်းလိုသောဆန္ဒသည် ဘုရားပေးဆန္ဒဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၉ အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းရန်အလိုဆန္ဒသည် ဘုရားပေးဆန္ဒဖြစ်သလော။ ဖြစ်ပါသည်။ အကြောင်းမူကား၊ ကိုယ်တော်၏ မြင့်မြတ်သောလုပ်ငန်းတော်ကိုဆောင်ရွက်နိုင်ရန် ယေဟောဝါ၏ဝိညာဉ်တော်သည် စိတ်ကိုလှုံ့ဆော်ပေးသည်၊ သတ္တိနှင့် ခွန်အားလည်းရှိစေသည်။ ဥပမာ၊ နှိပ်စက်ညှဉ်းပန်းခံရသော ယေရှု၏တပည့်နောက်လိုက်များသည် ဟောပြောရန်သတ္တိရှိဖို့ ဆုတောင်းခဲ့သောအခါ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ “စုဝေးသောအရပ်သည်တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တရားကို ရဲရင့်စွာဟောပြောကြ၏။ (တမန်တော် ၄:၂၇-၃၁) သန့်ရှင်းသောဝိညာဉ်တော်သည် ဤရလဒ်များကိုဖြစ်ပေါ်စေသည့်အတွက် လူတစ်ဦးအားတက်လှမ်းရန် တိုက်တွန်းပေးနိုင်ပါသည်။
၁၀။ (က) ခရစ်ယာန်အမျိုးသားတစ်ဦး တက်လှမ်းရန်မကြိုးစားခြင်းကား အဘယ်ကြောင့်ဖြစ်နိုင်သနည်း။ (ခ) လုပ်ငန်းတော်အခွင့်အရေးတစ်ခုကို ဘုရားသခင်ကျွန်ုပ်တို့အားကမ်းလှမ်းပါက အဘယ်အရာကိုလည်းစိတ်ချနိုင်ပါသနည်း။
၁၀ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် အဘယ်ကြောင့်တက်လှမ်းရန် မကြိုးစားဘဲနေကောင်းနေမည်နည်း။ သူသည်ဝိညာဏလူဖြစ်လျက်ပင် မိမိကိုယ်ကိုအရည်အချင်းမပြည့်စုံဟူ၍ စိတ်အားငယ်နေသူဖြစ်ပေမည်။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ကိုယ့်ကိုယ်ကိုအထင်မကြီးဘဲ ကိုယ်မစွမ်းဆောင်နိုင်သည့်အချက်များကို အသိအမှတ်ပြုသူဖြစ်ရမည်မှန်၏။ (မိက္ခာ ၆:၈) တာဝန်တစ်ခုကိုဆောင်ရွက်ရန် မိမိသည်အရည်အချင်းအရှိဆုံးသူဖြစ်သည်ဟု ရောင့်တက်ထောင်လွှားမည့်အစား “စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ” ကြောင်းသတိရထားလျှင်ကောင်းပေသည်။ (သု၊ ၁၁:၂) သို့သော် လုပ်ငန်းတော်အခွင့်အရေးတစ်ခုကို ဘုရားသခင်ပေးတော်မူလျှင် ယင်းကိုထမ်းဆောင်နိုင်ရန်ခွန်အားကိုလည်း ကိုယ်တော်ပေးသနားတော်မူမည်။ ပေါလုပြောသည့်အတိုင်းပင် “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။—ဖိလိပ္ပိ ၄:၁၃။
၁၁။ ဆုံးမသြဝါဒပေးရန် အသိပညာအလုံအလောက်မရှိဟုအထင်ရှိသောကြောင့် တက်လှမ်းရန်မကြိုးစားသောခရစ်ယာန်သည် မည်သို့ပြုလုပ်နိုင်သနည်း။
၁၁ ဆုံးမပဲ့ပြင်ရန် ဉာဏ်ပညာအလုံအလောက်မရှိဟူသည့်အထင်နှင့် ခရစ်ယာန်တစ်ဦး မတက်လှမ်းဘဲ နေကောင်းနေမည်။ သို့ဖြစ်လျှင် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ဝီရိယပိုစိုက်ထုတ်လေ့လာခြင်းဖြင့် ဉာဏ်ပညာတိုးလာနိုင်သည်။ ယင်းအတွက်လည်း သူအမှန်ဆုတောင်းသင့်သည်။ ယာကုပ်ဤသို့ရေးသားခဲ့သည်။ “သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်။ သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား လေခတ်၍လှုပ်ရှားတတ်သောလှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၏လက်တော်မှ တစ်စုံတစ်ခုကိုရမည်ဟု မထင်မမှတ်စေနှင့်။” (ယာကုပ် ၁:၅-၈) ရှောလမုန်ဆုတောင်းခဲ့သည့်အတွက် တရားစီရင်ရာတွင် အကောင်းအဆိုးကိုထိုးထွင်းသိမြင်နိုင်ရန် “ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်” ကိုဘုရားသခင်ပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၉-၁၄) ရှောလမုန်၏အဖြစ်အပျက်သည် အထူးကိစ္စဖြစ်သည်။ သို့သော်ဝီရိယစိုက်ထုတ်လေ့လာ၍ ဘုရားသခင်၏အကူအညီရသောအခါ အသင်းတော်တာဝန်အပ်နှင်းခံရသောအမျိုးသားတို့သည် သူတစ်ထူးကိုဖြောင့်မတ်မှန်ကန်စွာ ဆုံးမပဲ့ပြင်ပေးနိုင်ပါသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပါဌ်တော်အားဖြင့်သာဖြစ်တတ်၏။”—သု၊ ၂:၆။
၁၂။ စိုးရိမ်မှုကြောင့် လူတစ်ဦးမတက်လှမ်းဘဲနေမည်ဆိုလျှင် သူ့အားအဘယ်အရာကအကူအညီဖြစ်စေမည်နည်း။
၁၂ စိုးရိမ်တတ်သောသဘောကြောင့် လူတစ်ဦးမတက်လှမ်းဘဲ နေကောင်းနေမည်။ အကြီးအကဲတစ်ဦး၏ ကြီးလေးသောတာဝန်ကို မိမိမထမ်းဆောင်နိုင်ဟူ၍ သူထင်ကောင်းထင်မည်။ ပေါလုကိုယ်တိုင်ဤသို့ဝန်ခံသည်။ “အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့်ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကိုငါခံရ၏။” (၂ ကောရိန္သု ၁၁:၂၈) သို့သော် စိုးရိမ်စိတ်ရှိသည့်အခါ မည်သို့ပြုလုပ်ရမည်ကိုသိထားကြောင်း သူ၏ဤစာကတင်ပြသည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပေသည်။ ဆုတောင်းခြင်းနှင့် ဘုရားသခင်ကိုအားထားခြင်းကား စိုးရိမ်စိတ်ကိုပြေပျောက်လျော့နည်းစေသည်။
၁၃။ တက်လှမ်းရန်မဝံ့မရဲဖြစ်နေသူသည် မည်သို့ဆုတောင်းနိုင်သနည်း။
၁၃ စိုးရိမ်စိတ်အနည်းငယ်ရှိမည်ဆိုလျှင် တက်လှမ်းရန်စိတ်မတင်မကျဖြစ်နေသူသည် ဒါဝိဒ်နည်းတူ ဤသို့ဆုတောင်းနိုင်ပါသည်။ “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်းသိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကိုကြည့်ရှု၍ ထာဝရလမ်းထဲသို့သွေးဆောင်တော်မူပါ။” (ဆာလံ ၁၃၉:၂၃၊ ၂၄) ကျွန်ုပ်တို့ “စိတ်ပူစရာ” သို့မဟုတ် “စိုးရိမ်” စရာများသည် မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့ဝိညာဉ်ရေးဘက်တိုးတက်ရန် ၄င်းတို့ကိုဖြေရှင်းနိုင်ဖို့ ဘုရားသခင်ကူညီပေးနိုင်ပါသည်။ (The New International Version ကိုရှု) အခြားဆာလံတစ်ပုဒ်တွင် ဤသို့လျောက်ပတ်စွာဖော်ပြထားသည်။ “ငါခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကိုထောက်မပါ၏။ အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ ကိုယ်တော်သည်သက်သာစေတော်မူသဖြင့် အကျွန်ုပ်၏ဝိညာဉ်သည်ရွှင်လန်းပါ၏။”—ဆာလံ ၉၄:၁၈၊ ၁၉။
ယေဟောဝါအလိုတော်ရှိသည်အတိုင်း ရွှင်လန်းစွာအမှုတော်ထမ်း
၁၄။ တက်လှမ်းရန်မကြိုးစားသူသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အတွက် အဘယ်ကြောင့်ဆုတောင်းသင့်သနည်း။
၁၄ စိုးရိမ်စိတ်၊ မပြည့်စုံ၍မစွမ်းဆောင်နိုင်ဟူသော အားငယ်မှု၊ တိုက်တွန်းမှုမခံရခြင်းတို့ကြောင့် ခရစ်ယာန်တစ်ဦးသည် တက်လှမ်းရန်ပျက်ကွက်မည်ဆိုလျှင် ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအတွက် ဆုတောင်းလျှင်အမှန်သင့်လျော်ပေသည်။ ယေရှုဤသို့ မိန့်တော်မူသည်။ “သင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုယ့်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပေးမည် မဟုတ်လော။” (လုကာ ၁၁:၁၃) ငြိမ်သက်ခြင်းနှင့်ချုပ်တည်းခြင်းသည် ဝိညာဉ်အသီးများအဝင်ဖြစ်သောကြောင့် ဤဝိညာဉ်တော်သည် စိုးရိမ်စိတ်၊ မပြည့်စုံ၍မစွမ်းဆောင်နိုင်ဟုထင်သောစိတ်ထားများကို အောင်မြင်နိုင်ရန် ကူညီပေးပါလိမ့်မည်။—ဂလာတိ၊ ၅:၂၂၊ ၂၃။
၁၅။ လုပ်ငန်းတော်အခွင့်အရေးများအတွက် အသင့်ရှိစေရန် လှုံ့ဆော်မှုမခံရသူများကို မည်ကဲ့သို့သောဆုတောင်းချက်များသည် အကူအညီဖြစ်စေမည်နည်း။
၁၅ တိုက်တွန်းလှုံ့ဆော်မှု မခံရလျှင်ကော။ နှစ်ခြင်းခံပြီးသားခရစ်ယာန်များအနေနှင့် ဘုရားသခင့်အလိုတော်နှင့်တွေ့မည့်အရာများကိုပြုလုပ်ကြဖို့ ကိုယ်တော်တိုက်တွန်းပေးပါရန် ဆုတောင်းဖို့လိုသည်။ ဒါဝိဒ်ဤသို့ အသနားခံခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။” (ဆာလံ ၂၅:၄၊ ၅) ဤသို့သောဆုတောင်းချက်များက လမ်းမှားကိုရှောင်ကြဉ်ရန် အကူအညီပေးပါလိမ့်မည်။ တက်လှမ်းရန်လှုံ့ဆော်မှုမခံရလျှင် ထပ်တူနည်းအတိုင်းဆုတောင်းနိုင်ပါသည်။ အမှန်မှာ ဘုရားသခင့်ဝိညာဉ်တော်အတွက်ဆုတောင်းပြီး ၄င်း၏လမ်းညွှန်မှုကိုခံယူမည်ဆိုလျှင် လုပ်ငန်းတော်အခွင့်အရေးများရရှိလာပါက လက်ခံယူရန်အသင့်ရှိနေမည်။ တကယ်ဆိုလျှင် ဘုရားသခင်၏ကျေးကျွန်များသည် အဘယ်နည်းနှင့်မျှကိုယ်တော်၏ဝိညာဉ်တော်ကို ငြင်းပယ်လိုကြမည်မဟုတ်ပါ။—ဧဖက် ၄:၃၀။
၁၆။ အသင်းတော်တာဝန်အတွက်တက်လှမ်းရန် အဘယ်စိတ်ထားကပြင်းပြစွာလှုံ့ဆော်ပေးသနည်း။
၁၆ “ခရစ်တော်စိတ်” ရှိထားမည်ဆိုလျှင် ဘုရားသခင့်အလိုတော်ဆောင်ရွက်ရာ၌ အားရရွှင်လန်းမည်ဖြစ်သည်။ (၁ ကောရိန္သု ၂:၁၆) “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရာ၌ အကျွန်ုပ်သည်အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” ဟုပြောခဲ့သောဆာလံဆရာ၏စိတ်ထားမျိုး ယေရှု၌ရှိတော်မူသည်။ (ဆာလံ ၄၀:၈) ခရစ်တော်ဤသို့မိန့်တော်မူသည်။ “အိုဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာသွားပါမည်။” နှက်တိုင်ပေါ်သေသည်အထိ ထိုသို့ပြုလုပ်သွားတော်မူသည်။ (ဟေဗြဲ ၁၀:၉၊ ၁၀) ယေဟောဝါ၏လုပ်ငန်းတော်တွင် တတ်နိုင်သည့်အရာအားလုံးကိုလုပ်ကိုင်လိုစိတ်သည် အသင်းတော်တာဝန်များကိုလက်ခံယူရန် တက်လှမ်းဖို့လှုံ့ဆော်အားပေသည်။
အနာဂတ်သို့ရှု
၁၇။ (က) တစ်ချိန်ကကဲ့သို့ ယခုအပြည့်အဝအမှုမထမ်းနေသောအမျိုးသားများသည် အဘယ်ကြောင့်စိတ်ဓာတ်မကျသင့်သနည်း။ (ခ) အကြီးမြတ်ဆုံးအခွင့်အရေးကားအဘယ်နည်း။
၁၇ တစ်ချိန်ကအသင်းတော်၏အရေးကြီးတာဝန်များကိုထမ်းဆောင်ခဲ့သူအချို့သည် ကျန်းမာရေးပြဿနာများ၊ သို့မဟုတ်အခြားအကြောင်းများကြောင့် ယခုဤအခွင့်အရေးများမရရှိတော့ပေ။ ဤသူတို့သည် စိတ်ဓာတ်မကျသင့်ပါ။ တစ်ချိန်ကကဲ့သို့ အပြည့်အဝအမှုမထမ်းနိုင်ကြတော့သည့် သစ္စာရှိသူအမျိုးသားများစွာတို့သည် ယခုထိပင်သမာဓိစောင့်သိသူများအဖြစ် ခိုင်ခံ့မြဲမြံစွာရပ်တည်နေကြသည်။ (ဆာလံ ၂၅:၂၁) နှိမ့်ချကျိုးနွံသောအကြီးအကဲအရာကိုကြာမြင့်စွာခံယူထားသူတို့သည် အကြီးအကဲအဖွဲ့တွင်ဆက်ပါဝင်နေခြင်းဖြင့် သူတို့၏အတွေ့အကြုံကို အသုံးခံစေနိုင်ပါသေးသည်။ အသက်အရွယ် သို့မဟုတ် မသန်မစွမ်းမှုများကြောင့် ချို့ငဲ့နေမည်ဖြစ်သော်လည်း အခွင့်အရေးကိုစွန့်လွှတ်စရာမလိုပါ။ တစ်ချိန်တည်းတွင် ယေဟောဝါ၏သက်သေတစ်ဦးစီသည် အထူးတကာ့အထူးမြတ်ဆုံးသောအခွင့်အရေးဖြစ်သည့် နာမတော်မြတ်ကိုချီးမြှောက်သူအနေနှင့် ‘ဘုရားသခင့်နိုင်ငံတော်၏ဘုန်းအသရေတော်ကို ဖော်ပြပြောဆိုခြင်း’ ကိုတန်ဖိုးထားကြစို့လေ။—ဆာလံ ၁၄၅:၁၀-၁၃။
၁၈။ (က) အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် ထုတ်ပယ်ခံရလျှင် အဘယ်အရာလိုအပ်မည်နည်း။ (ခ) ထုတ်ပယ်ခံရသောအကြီးအကဲတစ်ဦးသည် အဘယ်မွန်မြတ်သောစိတ်ထားတင်ပြခဲ့သနည်း။
၁၈ တစ်ချိန်ကသင်သည် အကြီးအကဲသို့မဟုတ်ဓမ္မအမှုထမ်းတစ်ဦးဖြစ်ခဲ့၍ ယခုထိုအခွင့်အရာကိုမခံယူရတော့လျှင် သင့်အားဘုရားသခင်ဂရုစိုက်နေသေးကြောင်း၊ နောင်အနာဂတ်တွင် မမျှော်လင့်သောအခွင့်ထူးတစ်မျိုးမျိုးကို ပေးကောင်းပေးတော်မူမည်ဖြစ်ကြောင်း စိတ်ချနေပါ။ (၁ ပေတရု ၅:၆၊ ၇) ပြုပြင်စရာအနည်းငယ်ရှိနေမည်ဆိုလျှင် မိမိအမှားကိုဝန်ခံရန်အသင့်ရှိပြီး ဘုရားသခင်အကူအညီဖြင့် ပြုပြင်နိုင်ရန်ကြိုးစားပါ။ အကြီးအကဲအဖြစ်မှထုတ်ပယ်ခံရသူအချို့သည် ခရစ်ယာန်မပီသသောသဘောထားများတင်ပြခဲ့ကြသည်။ အချို့မှာဝိညာဉ်ရေးဘက်မလှုပ်ရှားတော့သူ၊ သို့မဟုတ် သမ္မာတရားလမ်းမှသွေဖည်သူများဖြစ်သွားသည်။ သို့သော်မွန်မြတ်သောစိတ်ဓာတ်တင်ပြခဲ့သူများနှင့်တူခြင်းကား ပညာရှိလှသည်တကား။ ဥပမာ၊ အလယ်ပိုင်းအမေရိကရှိ အကြီးအကဲတစ်ဦးအဖြစ် နှစ်ချီအမှုထမ်းခဲ့သောသူတစ်ဦးသည် ထုတ်ပယ်ခံရသောအခါ သူဤသို့ဆိုသည်။ “ကျွန်တော်နှစ်ချီတန်ဖိုးထားခဲ့တဲ့အခွင့်အရေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်တကယ်ထိခိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကိုညီအစ်ကိုများအသုံးပြုချင်တဲ့အဘယ်နည်းနဲ့မဆို အသုံးခံနိုင်ဖို့ကြိုးစားမယ်။ လုပ်ငန်းတော်အခွင့်အရေးများပြန်ရလာနိုင်ဖို့ ကြိုးစားအားထုတ်မယ်။” အတန်ကြာသော် ဤညီအစ်ကိုသည် အကြီးအကဲအဖြစ်အမှုပြန်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။
၁၉။ အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူအား အဘယ်လျောက်ပတ်သောအကြံပေးချက်ပေးထားသနည်း။
၁၉ အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ်မှ ထုတ်ပယ်ခံရမည်ဆိုလျှင် နှိမ့်ချသောသဘောကိုအမြဲတင်ပြပါ။ နောက်နောင်အခွင့်အရေးများကိုပိတ်ပင်စေသည့် စိတ်နာကြည်းနေသောသဘောထားမျိုးကိုရှောင်ပါ။ ဘုရားတရားစိတ်ဓာတ်သည် လေးစားမှုခံရစေသည်။ စိတ်ဓာတ်ကျမည့်အစား သင့်ဓမ္မအမှုသို့မဟုတ်သင့်အိမ်ထောင်ကို ယေဟောဝါမည်သို့ကောင်းချီးပေးနေကြောင်း ပြန်သုံးသပ်ပါ။ သင့်အိမ်ထောင်၏ဝိညာဉ်ရေးကို တည်ဆောက်ပေးပါ။ ဖျားနာသူတို့ထံလည်ပတ်ပါ။ အားနည်းသူများကို အားပေးတိုက်တွန်းပါ။ ထိုထက်ကား ဘုရားသခင်ကိုချီးမွမ်းခွင့်ရခြင်း၊ ယေဟောဝါသက်သေတစ်ဦးအနေနှင့် သတင်းကောင်းဟောပြောခွင့်ရှိခြင်းကို တန်ဖိုးထားပါ။—ဆာလံ ၁၄၅:၁၊ ၂။ ဟေရှာယ ၄၃:၁၀-၁၂။
၂၀။ ယခင်ကအကြီးအကဲသို့မဟုတ်ဓမ္မအမှုထမ်းဖြစ်ခဲ့ဖူးသူအား အကြီးအကဲအဖွဲ့သည် မည်သို့ကူညီပေးနိုင်မည်နည်း။
၂၀ ယခင်ကအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းဖြစ်ဖူးသူတစ်ဦးသည် ထိုအခွင့်အရေးကိုသူကိုယ်တိုင်စွန့်ခဲ့ဦးတော့ ထုတ်ပယ်ခံရခြင်းကြောင့် သူ့အတွက်စိတ်မချမ်းသာမှုဖြစ်နိုင်ကြောင်း အကြီးအကဲအဖွဲ့ အသိအမှတ်ပြုသင့်သည်။ အသင်းမှသူ့အားမနှင်ထုတ်သော်လည်း ထိုညီအစ်ကိုသည် စိတ်ဓာတ်ကျနေကြောင်း အကြီးအကဲများသတိပြုမိလျှင် မေတ္တာပါပါ ဝိညာဏအကူအညီပေးသင့်သည်။ (၁ သက်သာလောနိတ် ၅:၁၄) အသင်းတော်တွင် သူ့အကူအညီလိုအပ်ကြောင်း သူ့အားသိမြင်စေပါ။ ဆုံးမခံရရန်လိုအပ်ခဲ့သော်လည်း နှိမ့်ချကျိုးနွံ၍ ကျေးဇူးသိတတ်သောသူတစ်ဦးသည် အသင်းတော်တွင်အခွင့်အရေးများပြန်ရနိုင်ရန် ကြာမြင့်စွာစောင့်စရာလိုမည်မဟုတ်ကြောင်း နားလည်စေပါ။
၂၁။ လုပ်ငန်းတော်အခွင့်အရေးများအတွက် မည်သူတို့စောင့်ဆိုင်းခဲ့သနည်း။ ယနေ့ယင်းအတွက်စောင့်မျှော်နေသူများအား အဘယ်အကြံပေးချက်ရှိသနည်း။
၂၁ သင်သည်တက်လှမ်းနေသူဖြစ်ပါက လုပ်ငန်းတော်အခွင့်အရေးများထပ်ဆင့်ရရှိနိုင်ရန် ခေတ္တစောင့်ဆိုင်းရပေမည်။ စိတ်မရှည်နိုင်သည့်သဘောမရှိပါနှင့်။ အီဂျစ်ပြည်တွင် ကျွန်ဘဝမှဣသရေလလူမျိုးကိုလွတ်မြောက်စေရန် ဘုရားသခင်၏အသုံးတော်ခံဖြစ်ဖို့ မောရှေသည်နှစ်ပေါင်း ၄၀ စောင့်ခဲ့ရသည်။ (တမန်တော် ၇:၂၃-၃၆) မောရှေနောက်ဆက်ခံသူအဖြစ်ခန့်အပ်မခံရမီ မောရှေ၏အစေအပါးအဖြစ် ယောရှုကြာမြင့်စွာအမှုထမ်းခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၁၁။ တောလည်ရာ ၂၇:၁၄-၂၃) ဣသရေလနိုင်ငံတွင်နန်းတင်ခံရရန် ဒါဝိဒ်ကြာမြင့်စွာစောင့်ခဲ့ရသည်။ (၂ ဓမ္မရာဇဝင် ၂:၇။ ၅:၃) ပေတရုနှင့်ယောဟန်မာကုတို့သည် စမ်းသပ်စစ်ဆေးခြင်းအမျိုးမျိုးခံခဲ့ရပုံရှိသည်။ (မဿဲ ၂၆:၆၉-၇၅။ ယောဟန် ၂၁:၁၅-၁၉။ တမန်တော် ၁၃:၁၃။ ၁၅:၃၆-၄၁။ ကောလောသဲ ၄:၁၀) ထိုကြောင့်အသင်းတော်တာဝန်များကို ယခုသင်မထမ်းဆောင်ရဦးတော့ အတွေ့အကြုံရင့်ကျက်လာစေရန် သင့်အားယေဟောဝါပုံသွင်းပေးနေပေမည်။ မည်သို့ပင်ဆိုစေကာမူ သင်တက်လှမ်းရာတွင် ဘုရားသခင်၏အကူအညီကိုရှာယူတောင်းခံပါ။ ထပ်ဆင့်အခွင့်အရေးများကိုပေးခြင်းဖြင့် သင့်အားကောင်းချီးများပေးတော်မူမည်။ ဤအချိန်အတောအတွင်း အသင်းတော်တာဝန်များထမ်းဆောင်ခွင့်အတွက် အရည်အချင်းရှိသူတစ်ဦးဖြစ်လာရန် ကြိုးစားအားထုတ်ပါ။ ဒါဝိဒ်၏စိတ်ထားမျိုးတင်ပြပါ။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ကိုချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကိုကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ။”—ဆာလံ ၁၄၅:၂၁။
သင်မည်သို့ဖြေမည်နည်း
▫ အဘယ်အန္တရာယ်များကို ခရစ်ယာန်အကြီးအကဲများသတိပြုရမည်နည်း။
▫ စိုးရိမ်မှုသို့မဟုတ်အရည်အချင်းမရှိဟုထင်သော အားငယ်စိတ်ကြောင့် မတက်လှမ်းသူများကို မည်သို့ကူညီပေးနိုင်မည်နည်း။
▫ အသင်းတော်တာဝန်များကိုလက်ခံယူရန်အသင့်ရှိဖို့ လူတစ်ဦးအား အဘယ်အရာကလှုံ့ဆော်ပေးမည်နည်း။
▫ ယခင်ကအကြီးအကဲသို့မဟုတ်ဓမ္မအမှုထမ်းများဖြစ်ခဲ့ဖူးသူများသည် အဘယ်သဘောထားမျိုးဖြင့် ရှေ့ရေးကို ရှုမျှော်သင့်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဒဗလျူဂျေသောန်သည် နှိမ့်ချသောအကြီးအကဲအဖြစ် ပုံသက်သေကောင်းတင်ပြခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေရှုနည်းတူ ယေဟောဝါလုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးပါဝင်လုပ်ကိုင်ရန် သင်အသင့်ရှိပါသလော