-
ထာဝစဉ် တည်တံ့နေမယ့် နိုင်ငံတော်ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၆၀
ထာဝစဉ် တည်တံ့နေမယ့် နိုင်ငံတော်
တစ်ညမှာ နေဗုခဒ်နေဇာမင်းဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်။ အိပ်မက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလွန်းလို့ သူအိပ်လို့မရဘူး။ ဒါနဲ့ မှော်ဆရာတွေကို ခေါ်ပြီး ‘ငါ့ အိပ်မက်ကို ရှင်းပြစမ်း’ လို့ ပြောတယ်။ သူတို့က ‘အိပ်မက်ကို မင်းကြီး ပြောပြပါလား’ လို့ ပြောတော့ နေဗုခဒ်နေဇာက ‘ငါ ဘာအိပ်မက်မက်တယ်ဆိုတာကို ပြောပြ။ မဟုတ်ရင် မင်းတို့ကို ငါသတ်ပစ်မယ်’ တဲ့။ သူတို့က ‘မင်းကြီး ဘာအိပ်မက် မက်တယ်ဆိုတာ ပြောပြမှ ကျွန်တော်တို့ ရှင်းပြနိုင်မှာပါ’ လို့ ပြန်ပြောတယ်။ ဘုရင်က ‘မင်းတို့အားလုံး ငါ့ကိုလှည့်စားနေတာ။ ငါ ဘာအိပ်မက်မက်တယ်ဆိုတာ ပြောပြစမ်း’ လို့ ဆိုတယ်။ ဒါနဲ့ သူတို့က ‘ဒါကိုလုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မင်းကြီး တောင်းဆိုတာ မဖြစ်နိုင်ဘူး’ လို့ ပြန်ပြောတယ်။
ဒီအခါ နေဗုခဒ်နေဇာက စိတ်ဆိုးသွားပြီး တစ်တိုင်းပြည်လုံးက ပညာရှိတွေကို သတ်ပစ်ဖို့ အမိန့်ပေးတယ်။ ဒီတော့ ဒံယေလ၊ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့လည်း အသတ်ခံရတော့မယ်။ ဒါနဲ့ ဒံယေလက ဘုရင်ကို အချိန်နည်းနည်းပေးဖို့ တောင်းဆိုတယ်။ သူနဲ့ သူ့သူငယ်ချင်းတွေက ယေဟောဝါကို ဆုတောင်းပြီး ကူညီပေးပါလို့ အသနားခံကြတယ်။ ယေဟောဝါ ဘာလုပ်သလဲ။
ယေဟောဝါက ဒံယေလကို နေဗုခဒ်နေဇာရဲ့ အိပ်မက်နဲ့ အဓိပ္ပာယ်ကို စိတ်အာရုံနဲ့ ဖော်ပြတယ်။ နောက်နေ့မှာ ဒံယေလက မင်းအရာရှိဆီသွားပြီး ‘ပညာရှိ တစ်ယောက်ကိုမှ မသတ်ပါနဲ့။ မင်းကြီးရဲ့ အိပ်မက်ကို ကျွန်တော် ရှင်းပြနိုင်တယ်’ လို့ ပြောတယ်။ ဒါနဲ့ မင်းအရာရှိက နေဗုခဒ်နေဇာဆီ ခေါ်သွားတော့ ဒံယေလက ‘မင်းကြီးကို ဘုရားသခင်က အနာဂတ်အကြောင်း ကြိုဖော်ပြတာပါ။ မင်းကြီးရဲ့ အိပ်မက်က ဒီလိုပါ– အရှင်မင်းကြီးဟာ ရုပ်တုကြီးတစ်ခုကို မြင်ပါတယ်။ အင်မတန် ကြီးမားတဲ့ အဲဒီရုပ်တုရဲ့ ဦးခေါင်းက ရွှေစင်၊ ရင်ဘတ်နဲ့လက်တွေက ငွေ၊ ဝမ်းဗိုက်နဲ့ပေါင်က ကြေးနီ၊ ခြေထောက်က သံ၊ ခြေဖမိုးနဲ့ခြေဖဝါးက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေပါတယ်။ အဲဒီနောက် တောင်ပေါ်ကထွက်လာတဲ့ ကျောက်တစ်လုံးက ခြေဖဝါးနဲ့ ခြေဖမိုးကို တိုက်ချ ခြေမွှပစ်လိုက်တာ အားလုံးကြေမွကုန်ပြီး လေထဲ လွင့်ပါသွားတယ်။ ကျောက်တုံးကတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီး မြေတစ်ပြင်လုံး ပြည့်သွားတယ်’ လို့ပြောပြတယ်။
ဒံယေလ အခုလို ဆက်ပြောတယ်– ‘အိပ်မက်အဓိပ္ပာယ်ကတော့ မင်းကြီးရဲ့ နိုင်ငံဟာ ရုပ်တုရဲ့ ရွှေဦးခေါင်းပါ။ ငွေက မင်းကြီး နောက်မှာ ပေါ်လာမယ့် နိုင်ငံပါ။ အဲဒီနောက် မြေတစ်ပြင်လုံးကို အစိုးရမယ့် ကြေးနီနဲ့တူတဲ့ နိုင်ငံပေါ်လာလိမ့်မယ်။ ပြီးတော့ သံလို ခိုင်မာတဲ့နိုင်ငံ ပေါ်လာမယ်။ နောက်ဆုံးမှာ သံလိုခိုင်မာပြီး ပျော့တဲ့ရွှံ့စေးလို ဖြစ်မယ့် ကွဲပြားနေတဲ့ နိုင်ငံပေါ်လာလိမ့်မယ်။ တောင်ကြီးဖြစ်သွားတဲ့ ကျောက်ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ပါ။ ဘုရားနိုင်ငံက အဲဒီနိုင်ငံအားလုံးကို ခြေမွှပစ်ပြီး အစဉ်အမြဲ တည်ပါလိမ့်မယ်။’
ဒါနဲ့ နေဗုခဒ်နေဇာက ဒံယေလရှေ့မှာ ပျပ်ဝပ်ပြီး ‘မင်းရဲ့ ဘုရားက မင်းကို ဒီအိပ်မက်အကြောင်း ဖော်ပြတာ။ ဒီဘုရားနဲ့တူတဲ့ဘုရား ဘယ်မှာမှ မရှိဘူး’ ဆိုပြီး ချီးကျူးတယ်။ နေဗုခဒ်နေဇာက ဒံယေလကို သတ်ပစ်မယ့်အစား ပညာရှိချုပ် ဖြစ်စေပြီး ဗာဗုလုန်ခရိုင်တစ်ခုလုံးကို အုပ်ချုပ်စေတယ်။ ဒံယေလရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးတယ်ဆိုတာ တွေ့လား။
“သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန် လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။”—ဗျာဒိတ် ၁၆:၁၆
-
-
သူတို့ ဦးမချကြကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၆၁
သူတို့ ဦးမချကြ
ရုပ်တုအကြောင်း နေဗုခဒ်နေဇာမင်းကြီး အိပ်မက်မက်ပြီးနောက်ပိုင်းမှာ ရွှေရုပ်တုကြီးတစ်ခု သူလုပ်တယ်။ အဲဒီရုပ်တုကို ဒုရလွင်ပြင်မှာ သူတည်ထားတယ်။ ပြီးတော့ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ အပါအဝင် တစ်နိုင်ငံလုံးက အရေးပါတဲ့ မင်းအရာရှိတွေကို အဲဒီရုပ်တုရှေ့ လာစုဝေးခိုင်းတယ်။ ပြီးတော့ ‘တံပိုး၊ ဗျပ်စောင်း၊ အိတ်ပလွေတွေ တီးမှုတ်သံကို မင်းတို့ကြားတဲ့အခါ ရုပ်တုကို ဦးချရမယ်။ ဦးမချတဲ့သူမှန်သမျှ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချခံရမယ်’ လို့ ဘုရင်မိန့်ဆိုတယ်။ ဟီဘရူးသုံးဦးဟာ ရုပ်တုကို ဦးချမလား။ ယေဟောဝါကိုပဲ ဝတ်ပြုကိုးကွယ်မလား။
ဒီနောက် တူရိယာတွေကို တီးမှုတ်ဖို့ ဘုရင် အမိန့်ပေးလိုက်တယ်။ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါကလွဲလို့ လူအားလုံး ရုပ်တုကို ဦးချကြတယ်။ သူတို့ကို လူတချို့ သတိထားမိလို့ ဘုရင်ကို ဒီလိုပြောတယ်– ‘မင်းကြီးရဲ့ရုပ်တုကို ဟိုဟီဘရူးသုံးယောက် ဦးမချဘူး။’ ဒါနဲ့ သူတို့ကို လူလွှတ်ခေါ်ခိုင်းပြီး ဒီလိုပြောတယ်– ‘ရုပ်တုကို ဦးချဖို့ မင်းတို့ကို အခွင့်အရေး ထပ်ပေးမယ်။ ဦးမချရင် မီးဖိုထဲ ပစ်ချမယ်။ ငါ့လက်ထဲကနေ မင်းတို့ကို ဘယ်ဘုရားမှ ကယ်နိုင်မှာ မဟုတ်ဘူး။’ သူတို့က ‘နောက်ထပ် အခွင့်အရေး ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားက ကျွန်တော်တို့ကို ကယ်တင်နိုင်ပါတယ်။ အိုအရှင်မင်းကြီး၊ ကျွန်တော်တို့ကို ဘုရားမကယ်ရင်တောင် ရုပ်တုကို ဦးမချနိုင်ပါဘူး’ လို့ ပြန်ဖြေတယ်။
နေဗုခဒ်နေဇာ အကြီးအကျယ် ဒေါသထွက်သွားတယ်။ ဒါနဲ့ သူ့လူတွေကို ဒီလိုပြောတယ်– ‘မီးဖိုကို ခါတိုင်းထက် ခုနစ်ဆပူအောင် မီးထိုးလိုက်။’ ပြီးတော့ စစ်သားတွေကို ဒီလို အမိန့်ပေးတယ်– ‘အဲဒီလူတွေကို ကြိုးနဲ့တုပ်ပြီး မီးဖိုထဲ ပစ်ချလိုက်။’ မီးဖိုက ပူလွန်းလို့ စစ်သားတွေ မီးဖိုနားရောက်တဲ့အခါ မီးဟပ်ပြီး ချက်ချင်းသေကုန်တယ်။ ဟီဘရူးသုံးယောက် မီးဖိုထဲ ကျသွားတယ်။ မီးဖိုထဲကို နေဗုခဒ်နေဇာ ကြည့်လိုက်တဲ့အခါ လူလေးယောက် လမ်းလျှောက်နေတာ တွေ့လိုက်တယ်။ သူ အတော်လေး ထိတ်လန့်သွားပြီး အရာရှိတွေကို ဒီလိုပြောတယ်– ‘မီးဖိုထဲကို ပစ်ချတာ လူသုံးယောက် မဟုတ်လား။ ဘယ့်နှယ့် လူလေးယောက် တွေ့နေရတာလဲ။ သူတို့ထဲက တစ်ယောက်ဟာ ကောင်းကင်တမန်နဲ့ တူတယ်။’
နေဗုခဒ်နေဇာက မီးဖိုနားသွားပြီး ဒီလို အော်ခေါ်လိုက်တယ်– ‘အမြင့်ဆုံးဘုရားရဲ့ ကျေးကျွန်တို့၊ မီးဖိုထဲက ထွက်လာကြပါ။’ လူအားလုံး အံ့သြတကြီးနဲ့ ကြည့်နေတုန်း ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ဟာ ထိခိုက်ဒဏ်ရာ ဘာမှမရှိဘဲ မီးထဲကနေ ထွက်လာတယ်။ သူတို့ရဲ့ အသား၊ ဆံပင်၊ အဝတ်အစားတွေက မီးမလောင်တဲ့အပြင် မီးနံ့တောင် မရဘူး။
ဒီနောက် နေဗုခဒ်နေဇာ ဒီလိုပြောတယ်– ‘ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ရဲ့ ဘုရားဟာ သိပ်ကြီးမြတ်တယ်။ ကောင်းကင်တမန်ကို စေလွှတ်ပြီး သူတို့ကို ကယ်တင်တယ်။ သူတို့ဘုရားနဲ့ တူတဲ့ဘုရား လုံးဝမရှိဘူး။’
ဟီဘရူးသုံးယောက်လို ယေဟောဝါကို သစ္စာရှိမယ်လို့ ဆုံးဖြတ်ထားသလား။
“ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်။” —မဿဲ ၄:၁၀
-