ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရှု နိုင်ငံတော်သတင်း ဟောပြော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ယေရှုနဲ့ တပည့်တစ်ယောက် ဟောပြောနေ

      သင်ခန်းစာ ၇၈

      ယေရှု နိုင်ငံတော်သတင်း ဟောပြော

      ယေရှုဟာ နှစ်ခြင်းခံပြီး မကြာခင်မှာ ‘ဘုရားသခင့်နိုင်ငံ နီးနေပြီ’ လို့စဟောတယ်။ ဂါလိလဲနယ်နဲ့ ယုဒပြည်မှာ ယေရှု ခရီးသွားတဲ့အခါ တပည့်တွေလည်း လိုက်သွားတယ်။ သူ ကြီးပြင်းလာတဲ့ နာဇရက်မြို့ကိုရောက်တော့ တရားဇရပ်ကို သွားတယ်။ ဟေရှာယကျမ်းလိပ်ကိုဖွင့်ပြီး ‘သတင်းကောင်းဟောပြောဖို့ ယေဟောဝါက ကျွန်တော့်ကို စွမ်းအားတော် ပေးတယ်’ လို့ဖတ်ပြတယ်။ ဘာအဓိပ္ပာယ်လဲ။ လူတွေဟာ ယေရှု လုပ်ပြတဲ့အံ့သြစရာတွေ မြင်ချင်ပေမဲ့ ယေရှု စွမ်းအားတော်ရတဲ့ အကြောင်းရင်းက သတင်းကောင်းဟောဖို့ပဲ ဖြစ်တယ်။ ပြီးတော့ ‘အဲဒီပရောဖက်ပြုချက် ဒီနေ့ ပြည့်စုံပြီ’ လို့ ယေရှု ပြောတယ်။

      ဂါလိလဲအိုင်ကို ယေရှု သွားတဲ့အခါ တံငါသည်လေးယောက်ကို တွေ့တော့ ‘ကျွန်တော့်နောက် လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်’ တဲ့။ သူတို့က ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်ပဲ။ တံငါလုပ်ငန်းကို သူတို့ ချက်ချင်းထားခဲ့ပြီး ယေရှုနောက် လိုက်သွားကြတယ်။ ဂါလိလဲနယ်တစ်လျှောက် ယေဟောဝါရဲ့ နိုင်ငံတော်အကြောင်း ဟောပြောကြတယ်။ တရားဇရပ်တွေ၊ စျေးတွေ၊ လမ်းဆုံလမ်းဝတွေမှာ သူတို့ ဟောကြတယ်။ သွားလေရာမှာ လူအုပ်ကြီး လိုက်လာတယ်။ ယေရှုရဲ့သတင်းက ဆီးရီးယားပြည်အထိတောင် ပျံ့နှံ့သွားတယ်။

      နောက်ပိုင်းမှာ ယေရှုက တပည့်တချို့ကို ရောဂါကုပေးနိုင်ဖို့၊ နတ်ဆိုးတွေကို နှင်ထုတ်ပေးနိုင်ဖို့ တန်ခိုးပေးတယ်။ ယေရှုနဲ့ တပည့်တွေဟာ တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာ သွားဟောတယ်။ ယေရှုနဲ့ နောက်လိုက်တွေကို ကျွေးမွေးပြုစုဖို့ မာဂဒလမာရိ၊ ယောဟန္န၊ ရှုရှန္နတို့အပြင် တခြားအမျိုးသမီးတွေလည်း လိုက်သွားကြတယ်။

      ယေရှုက တပည့်တွေကို လေ့ကျင့်ပေးပြီးနောက် ဟောပြောဖို့ စေလွှတ်လိုက်တယ်။ ဂါလိလဲနယ်မှာ သူတို့ သွားဟောတဲ့အခါ လူအတော်များများ တပည့်ဖြစ်လာပြီး နှစ်ခြင်းခံကြတယ်။ တပည့်ဖြစ်ချင်သူတွေ များလွန်းလို့ ယေရှုက ရိတ်စရာစပါး အများကြီးရှိတယ်လို့ပြောပြီး ‘လုပ်သားတွေ စေလွှတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းကြပါ’ တဲ့။ ပြီးတော့ တပည့်တွေထဲက လူ ၇၀ ကိုရွေးပြီး ယုဒပြည်တစ်ဝန်း သွားဟောပြောဖို့ နှစ်ယောက်စီ လွှတ်လိုက်တယ်။ လူအမျိုးမျိုးကို နိုင်ငံတော်အကြောင်း သူတို့ ဟောကြတယ်။ တပည့်တွေ ပြန်ရောက်လာတဲ့အခါ ဖြစ်ပျက်ခဲ့သမျှအားလုံး ယေရှုကို ဝမ်းသာအားရ ပြောပြကြတယ်။ မဟောပြောဖို့ မာရ်နတ် မတားဆီးနိုင်ပါဘူး။

      ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက် ဒီအရေးကြီးတဲ့အလုပ်ကို တပည့်တွေ ဆက်လုပ်နိုင်ဖို့ သေသေချာချာ စီစဉ်ပေးခဲ့တယ်။ ‘သတင်းကောင်းကို မြေကြီးတစ်ပြင်လုံးမှာ ဟောကြ။ လူတွေကို တရားစကားတော် သွန်သင်ပေးပြီး နှစ်ခြင်းပေးကြ’ လို့ တာဝန်ပေးခဲ့တယ်။

      “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ။”—လုကာ ၄:၄၃

      မေးခွန်း– ယေရှုက တပည့်တွေကို ဘာတာဝန်ပေးသလဲ။ သူတို့ရဲ့အလုပ်ကို တပည့်တွေ ဘယ်လို သဘောထားသလဲ။

      မဿဲ ၄:၁၇-၂၅။ ၉:၃၅-၃၈။ ၂၈:၁၉၊ ၂၀။ မာကု ၁:၁၄-၂၀။ လုကာ ၄:၁၄-၂၁။ ၈:၁-၃။ ၁၀:၁-၂၂

  • ယေရှု အံ့ဩစရာတွေ လုပ်ပြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • လူနာတွေက ရောဂါပျောက်ဖို့ ယေရှုဆီလာကြ

      သင်ခန်းစာ ၇၉

      ယေရှု အံ့ဩစရာတွေ လုပ်ပြ

      ယေရှု မြေကြီးပေါ်ကို ဆင်းလာတာက ဘုရားနိုင်ငံတော်အကြောင်း ဟောဖို့ပဲ။ ယေရှု အံ့ဩစရာတွေ လုပ်ပြနိုင်အောင် ယေဟောဝါ စွမ်းအားတော် ပေးတယ်။ ယေရှု ဘုရင်ဖြစ်လာတဲ့အခါ ဘာတွေလုပ်ပေးမယ် ဆိုတာကို သိစေဖို့ဖြစ်တယ်။ ဘယ်ရောဂါမဆို သူကုပေးနိုင်တယ်။ ဘယ်ကိုပဲသွားသွား လူနာတွေကို ရောဂါပျောက်စေတယ်။ မျက်မမြင်တွေ မြင်လာတယ်၊ နားပင်းသူတွေ ကြားလာတယ်၊ လေဖြတ်နေသူတွေ ပြန်လှုပ်ရှားနိုင်တယ်၊ နတ်ဆိုးစွဲသူတွေလည်း လွတ်မြောက်လာကြတယ်။ ယေရှုရဲ့ အဝတ်ကို ထိရုံနဲ့ ရောဂါ ပျောက်ကုန်ကြတယ်။ ဒါကြောင့် လူတွေဟာ ယေရှုနောက် တကောက်ကောက် လိုက်ကြတော့တယ်။ ယေရှုဟာ နားချင်ရင်တောင် လူတွေကို ပြန်မလွှတ်ရက်ဘူး။

      တစ်ကြိမ်မှာ လူတွေက လေဖြတ်နေသူတစ်ယောက်ကို ယေရှုတည်းနေတဲ့အိမ်ဆီ ခေါ်လာတယ်။ ဒါပေမဲ့ အိမ်ထဲမှာ လူတွေပြည့်ကျပ်နေလို့ ဝင်လို့မရဘူး။ ဒါနဲ့ ခေါင်မိုးကိုဖောက်ပြီး ယေရှု အရှေ့ လူနာကို ချပေးတယ်။ ယေရှုက ‘ထပြီး လမ်းလျှောက်ပါ’ လို့ပြောလိုက်တာနဲ့ လူနာထပြီး လမ်းလည်းလျှောက်သွားရော အားလုံး အံ့သြကုန်ကြတယ်။

      တစ်ကြိမ်မှာလည်း၊ ယေရှု ရွာတစ်ရွာသွားနေတုန်း နူနာစွဲသူ ၁၀ ယောက်က အဝေးကနေ ‘ယေရှု၊ ကူညီပေးပါ’ လို့ အော်ပြောတယ်။ အဲဒီခေတ်တုန်းက နူနာသည်တွေဟာ လူတွေအနားကို သွားခွင့်မရှိဘူး။ ယေရှုက နူနာသည်တွေကို ဗိမာန်တော်ဆီ သွားခိုင်းတယ်။ ရောဂါပျောက်တဲ့အခါ ဗိမာန်တော်ဆီ သွားရမယ်ဆိုပြီး ယေဟောဝါရဲ့ ပညတ်မှာ ပြောထားတယ်။ အဲဒီကို သူတို့သွားနေတုန်း ရောဂါပျောက်သွားတယ်။ ဒါကို သိတော့ ကျေးဇူးတင်စကားပြောဖို့၊ ဘုရားသခင်ကိုချီးမွမ်းဖို့ နူနာသည်တစ်ယောက် ယေရှုဆီ ပြန်လာတယ်။

      အမျိုးသမီးတစ်ယောက်ဟာ ၁၂ နှစ်လုံးလုံး ရောဂါခံစားနေရလို့ ရောဂါ သိပ်ပျောက်ချင်တဲ့အတွက် လူအုပ်ကြားထဲဝင်ပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့လိုက်တယ်။ ချက်ချင်းပဲ သူ့ရောဂါ ပျောက်သွားရော။ ယေရှုက ‘ကျွန်တော့်ကို ဘယ်သူတို့သလဲ’ လို့မေးတော့ အဲဒီ အမျိုးသမီးက ကြောက်အားလန့်အားနဲ့ ရှေ့ထွက်လာပြီး အမှန်အတိုင်း ဝန်ခံတယ်။ ယေရှုက ‘သမီး၊ စိတ်အေးလက်အေးသာ ပြန်ပါတော့’ လို့ နှစ်သိမ့်ပေးတယ်။

      ယာအိရုလို့ခေါ်တဲ့ တရားဇရပ်မှူးက ယေရှုဆီလာပြီး ‘ကျွန်တော့်အိမ်ကို လိုက်လာပါ။ သမီးလေး အသည်းအသန် ဖျားနေလို့ပါ’ ဆိုပြီး အသနားခံတယ်။ ဒါပေမဲ့ ယေရှုမရောက်ခင်မှာဘဲ ကလေးမလေး ဆုံးသွားတယ်။ ယေရှုရောက်သွားတဲ့အခါ ငိုကြွေးနေတဲ့ မိသားစုနဲ့ လူတွေကို တွေ့လိုက်ရတယ်။ ဒါနဲ့ ယေရှုက ‘မငိုကြပါနဲ့။ သူ အိပ်နေတာပါ’ လို့ပြောပြီး သူ့လက်ကိုကိုင်ရင်း ‘သမီးလေး၊ ထပါ’ ဆိုပြီးပြောတာနဲ့ သူ ချက်ချင်း ထလာတယ်။ ကလေးမကို စားစရာတစ်ခုခုကျွေးပါလို့ မိဘတွေကို ယေရှု ပြောတယ်။ မိဘတွေ ဘယ်လောက် ဝမ်းသာလိုက်မလဲ။

      ယေရှုဟာ ယာအိရုရဲ့သမီးကို အသက်ပြန်ရှင်စေ

      “ဘုရားသခင်က သူ့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးပြီး တန်ခိုးပေးတယ်။ သူနဲ့အတူ ဘုရားသခင်ရှိတဲ့အတွက် သူဟာ တစ်ပြည်လုံး လှည့်လည်ရင်း ကောင်းမှုတွေပြုပြီး မာရ်နတ်ညှဉ်းဆဲတဲ့သူတွေကို ပြန်ကျန်းမာလာအောင် လုပ်ပေးခဲ့တယ်။” —တမန်တော် ၁၀:၃၈

      မေးခွန်း– ရောဂါအမျိုးမျိုးကို ယေရှု ဘာကြောင့် ကုပေးနိုင်တာလဲ။ ယာအိရုရဲ့သမီး ဘာဖြစ်သွားသလဲ။

      မဿဲ ၉:၁၈-၂၆။ ၁၄:၃၆။ မာကု ၂:၁-၁၂။ ၅:၂၁-၄၃။ ၆:၅၅၊ ၅၆။ လုကာ ၆:၁၉။ ၈:၄၁-၅၆။ ၁၇:၁၁-၁၉

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ