“အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့”
“အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့။ ဉာဏ်ပညာ၊ ဆုံးမမှု၊ သိနားလည်မှုကိုလည်း ဝယ်ပါ။ မရောင်းနဲ့။”—ပညာ. ၂၃:၂၃။
၁၊ ၂။ (က) ကျွန်တော်တို့အတွက် တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ။ (ခ) ဘယ်အမှန်တရားတွေကို တန်ဖိုးထားကြသလဲ။ ဘာကြောင့်လဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
သင့်အတွက် တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ။ အဲဒါကို သိပ်တန်ဖိုးမရှိတဲ့အရာနဲ့ လဲမလား။ လဲမှာ မဟုတ်ဘူး။ ဘုရားလူမျိုးဖြစ်တဲ့ ကျွန်တော်တို့အတွက် တန်ဖိုးအရှိဆုံးအရာဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခြင်းပဲ။ အဲဒါကို ဘာနဲ့မှ လဲမှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေတဲ့ ကျမ်းစာအမှန်တရားကိုလည်း တန်ဖိုးထားကြတယ်။—ကော. ၁:၉၊ ၁၀။
၂ ကျမ်းစာကတစ်ဆင့် ဘုရားသခင် သွန်သင်ပေးရာတွေကို စဉ်းစားကြည့်လိုက်ပါ။ ဘုရားနာမည်ရဲ့ အရေးကြီးပုံနဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို ဖော်ပြပေးတယ်။ သားတော်ယေရှုအားဖြင့် မေတ္တာပါစွာ ပြင်ဆင်ပေးထားတဲ့ ရွေးဖိုး၊ မေရှိယနိုင်ငံ၊ ဘိသိက်ခံတွေ ရမယ့် ကောင်းကင်မျှော်လင့်ချက်၊ “တခြားသိုးတွေ” ရမယ့် မြေကြီးမျှော်လင့်ချက်တွေအကြောင်း ဖော်ပြပေးတယ်။ (ယော. ၁၀:၁၆) ဘယ်လို ပြုမူနေထိုင်သင့်ကြောင်းလည်း သွန်သင်ပေးတယ်။ ဖန်ဆင်းရှင်နဲ့ ရင်းနှီးစေတဲ့ အဲဒီအမှန်တရားတွေကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ ဒါတွေဟာ ဘဝကို အဓိပ္ပာယ်ရှိစေတယ်။
၃။ အမှန်တရားအတွက် ငွေပေးရမယ်လို့ ယေဟောဝါ တောင်းဆိုသလား။
၃ ယေဟောဝါဟာ ရက်ရောတဲ့ဘုရား ဖြစ်တယ်။ အမှန်တရား ရှာဖွေသူတွေကို ကောင်းတာတွေပေးဖို့ မတွန့်တိုဘူး။ သားတော်ရဲ့ အသက်ကိုတောင် လက်ဆောင်အဖြစ် ပေးတယ်။ အမှန်တရားအတွက် အခကြေးငွေ မတောင်းဘူး။ စွမ်းအားတော်ပေးနိုင်စွမ်း ရဖို့ ရှိမုန်ဆိုတဲ့လူက ငွေပေးတဲ့အခါ “ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ကို ငွေနဲ့ဝယ်လို့ရမယ် ထင်နေတာကိုး။ ဒါကြောင့် ခင်ဗျားရော ငွေပါ ပျက်စီးပါစေ” လို့ တမန်တော် ပေတရု ပြောခဲ့တယ်။ (တ. ၈:၁၈-၂၀) ဒါဆို “အမှန်တရားကို ဝယ်ပါ” ဆိုတဲ့ ကျမ်းစကားက ဘာကို ဆိုလိုတာလဲ။
အမှန်တရားကို “ဝယ်ပါ” ဆိုတာ ဘာကို ဆိုလိုသလဲ
၄။ ဒီဆောင်းပါးမှာ အမှန်တရားနဲ့ပတ်သက်တဲ့ ဘာအကြောင်း လေ့လာကြမလဲ။
၄ ပညာအလိမ္မာ ၂၃:၂၃ ကိုဖတ်ပါ။ ကြိုးစားအားထုတ်မှု မပါဘဲ ကျမ်းစာအမှန်တရားကို မရနိုင်ဘူး။ အမှန်တရားရဖို့ ဘာကိုမဆို စွန့်လွှတ်အနစ်နာခံချင်တဲ့စိတ် ရှိရမယ်။ “ဝယ်” ပြီးသား “အမှန်တရား” ကို “မရောင်း” လိုက်ဖို့ သတိထားရမယ်။ အမှန်တရားကို “ဝယ်” တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ ဘာတွေ ပေးဆပ်ရနိုင်သလဲ။ ဒါတွေကို သိလာရင် အမှန်တရားကို ပိုလေးမြတ်လာမယ်။ ဘယ်တော့မှ “မရောင်း” ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာမယ်။ အမှန်တရားကို ဝယ်ရကျိုးနပ်ပါတယ်။
၅၊ ၆။ (က) အခကြေးငွေ မပေးဘဲ အမှန်တရားကို ဘယ်လို ဝယ်နိုင်သလဲ။ (ခ) အမှန်တရားက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။
၅ အခမဲ့ဆိုပေမဲ့လည်း ပေးဆပ်ရတဲ့အရာတွေ ရှိတယ်။ ပညာအလိမ္မာ ၂၃:၂၃ မှာ “ဝယ်” လို့ ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးက “ရယူ” လို့လည်း အဓိပ္ပာယ်ရှိတယ်။ နှစ်မျိုးစလုံးက တန်ဖိုးရှိတာတစ်ခုခု ရဖို့ ကြိုးစားခြင်း၊ အလဲအလှယ်လုပ်ခြင်းကို ဆိုလိုတယ်။ ဥပမာ၊ စျေးမှာ “ငှက်ပျောသီး အခမဲ့ ပေးသည်” ဆိုပြီး ကြော်ငြာထားတယ် ဆိုပါစို့။ ငှက်ပျောသီးတွေ ကိုယ့်စားပွဲပေါ် အလိုလိုရောက်လာမှာ မဟုတ်ဘူး။ ဈေးထဲသွားရမယ်၊ သယ်လာရမယ်။ အခမဲ့ ဖြစ်ပေမဲ့ စျေးသွားဖို့ အချိန်နဲ့ ခွန်အားတော့ စိုက်ထုတ်ရမယ်။ အဲဒီလိုပဲ အမှန်တရားကို ဝယ်ဖို့ အခကြေးငွေ မလိုပေမဲ့ ကြိုးစားအားထုတ်ဖို့တော့ လိုတယ်။
၆ ဟေရှာယ ၅၅:၁-၃ ကိုဖတ်ပါ။ ဟေရှာယရေးတဲ့ ယေဟောဝါရဲ့ စကားတွေက အမှန်တရားကို ဝယ်တယ်ဆိုတာ ဘာကိုဆိုလိုကြောင်း ပိုနားလည်စေတယ်။ ယေဟောဝါက မိမိရဲ့ စကားကို ရေ၊ နို့၊ စပျစ်ဝိုင်နဲ့ ခိုင်းနှိုင်းထားတယ်။ ကြည်လင်အေးမြတဲ့ ရေကို သောက်ရသလိုပဲ ဘုရားသခင့် အမှန်တရားစကားတွေက လန်းဆန်းစေတယ်။ နို့က ကလေးကို သန်မာထွားကျိုင်းစေသလို ယေဟောဝါရဲ့ စကားတွေက ကျွန်တော်တို့ကို ဘုရားရေးရာဘက် သန်မာထွားကျိုင်းစေတယ်။ ယေဟောဝါရဲ့စကားဟာ စပျစ်ဝိုင်နဲ့လည်း တူတယ်။ ကျမ်းစာမှာ စပျစ်ဝိုင်ကို ပျော်ရွှင်ခြင်းနဲ့ ဆက်စပ်ဖော်ပြထားတယ်။ (ဆာ. ၁၀၄:၁၅) ‘စပျစ်ဝိုင်ကို ဝယ်ကြ’ လို့ ယေဟောဝါပြောတာက မိမိစကားအတိုင်း နေထိုင်ရင် ပျော်ရွှင်မယ်လို့ အာမခံနေတာဖြစ်တယ်။ (ဆာ. ၁၉:၈) ဘုရားသခင့် အမှန်တရား စကားတွေကို လေ့လာ၊ လိုက်နာခြင်းရဲ့ အကျိုးတွေကို လှလှပပ ပုံဖော်လိုက်တာပဲ။ ကျွန်တော်တို့ပေးရတဲ့ အဖိုးအခက ကြိုးစားအားထုတ်မှုပါပဲ။ အမှန်တရားကို ဝယ်ဖို့ ပေးဆပ်ရတဲ့ အရာငါးခုကို သုံးသပ်ကြည့်ကြစို့။
အမှန်တရားကို ဝယ်ဖို့ ဘာတွေ ပေးဆပ်ရ
၇၊ ၈။ (က) အမှန်တရားကို ဝယ်ဖို့ ဘာကြောင့် အချိန်ပေးရသလဲ။ (ခ) လူငယ်တစ်ယောက် ဘယ်လောက်ထိ ပေးဆပ်ခဲ့သလဲ။ ဘာရလဒ် ရခဲ့သလဲ။
၇ အချိန်။ အမှန်တရားကို ဝယ်လိုသူတိုင်း ပေးဆပ်ရတဲ့အရာ ဖြစ်တယ်။ သတင်းကောင်း နားထောင်ဖို့၊ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ ဖတ်ဖို့၊ ကိုယ်ပိုင် ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတွေကို ပြင်ဆင်တက်ရောက်ဖို့ အချိန်ပေးရတယ်။ သိပ်အရေးမပါတဲ့ လုပ်ဆောင်မှုတွေကနေ အချိန်ကို ‘ဝယ်’ ရမယ်။ (ဧဖက် ၅:၁၅၊ ၁၆ နဲ့ အောက်ခြေမှတ်ချက်ကို ဖတ်ပါ။) အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို တိကျမှန်ကန်စွာ သိလာဖို့ အချိန် ဘယ်လောက်လိုသလဲ။ ကိုယ့်အခြေအနေပေါ် မူတည်တယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာ၊ နည်းလမ်း၊ လုပ်ဆောင်မှုတွေကို သင်ယူလို့ မကုန်နိုင်ဘူး။ (ရော. ၁၁:၃၃) ပထမဆုံးထုတ် ကင်းမျှော်စင် စာစောင်မှာ အမှန်တရားကို “ပန်းတစ်ပွင့်” နဲ့ ခိုင်းနှိုင်းထားပြီး “အမှန်တရားပန်း တစ်ပွင့်တည်းနဲ့ ကျေနပ်မနေပါနဲ့။ တစ်ပွင့်တည်းနဲ့ လုံလောက်ရင် ဘုရားသခင်က ဒီလောက်အများကြီး ပြင်ဆင်ပေးမှာ မဟုတ်ဘူး။ ဆက်ရှာပါ။ ဆက်စုပါ” လို့ ဖော်ပြထားတယ်။ ‘ငါ့ရဲ့ အမှန်တရားပန်းစည်း ဘယ်လောက် ကြီးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ထာဝရအသက်ရှင်နေရင်တောင် ယေဟောဝါအကြောင်း သင်ယူလို့ ကုန်မှာမဟုတ်ဘူး။ အမှန်တရားကို ဝယ်ဖို့ ကိုယ့်အခြေအနေ ခွင့်ပြုသရွေ့ အချိန်ကို ပညာရှိရှိ သုံးဖို့ အရေးကြီးတယ်။ အမှန်တရား ဆာငတ်သူတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။
၈ မာရီကိုa ဆိုတဲ့ ဂျပန်အမျိုးသမီးဟာ ကျောင်းတက်ဖို့ အမေရိကန်၊ နယူးယောက်မြို့ကို ရောက်လာတယ်။ ၁၉၅၉ ကတည်းက ဂျပန်မှာ စတင်ခဲ့တဲ့ ဘာသာရေးလှုပ်ရှားမှုမှာ ပါဝင်နေသူဖြစ်တယ်။ တစ်အိမ်တက်ဆင်းမှာ ရှေ့ဆောင်ညီအစ်မနဲ့ တွေ့ပြီး ကျမ်းစာအမှန်တရား သိလာတယ်။ သိပ်သဘောကျသွားလို့ တစ်ပတ် နှစ်ခါ လေ့လာဖို့ တောင်းဆိုတယ်။ ကျောင်းတစ်ဖက်၊ အချိန်ပိုင်းအလုပ်တစ်ဖက် ရှိတာတောင် ချက်ချင်း အစည်းအဝေးတွေ တက်တယ်။ အမှန်တရား ပိုသင်ယူနိုင်အောင် အချိန်ရဖို့ လူမှုရေးအလုပ်တချို့ကို စွန့်လွှတ်လိုက်တယ်။ အဲဒီလို စွန့်လွှတ်အနစ်နာခံတဲ့အတွက် အမြန်တိုးတက်လာပြီး တစ်နှစ်အတွင်း နှစ်ခြင်းခံခဲ့တယ်။ ခြောက်လအကြာ ၂၀၀၆ မှာ ရှေ့ဆောင်စလုပ်တာ အခုချိန်ထိပါပဲ။
၉၊ ၁၀။ (က) အမှန်တရားကို ဝယ်ခြင်းက ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ သဘောထားကို ဘယ်လို ပြောင်းလဲစေသလဲ။ (ခ) အမျိုးသမီးငယ်တစ်ယောက် ဘာတွေ စွန့်လွှတ်ခဲ့သလဲ။ အဲဒီလို စွန့်လွှတ်ခဲ့လို့ ဘယ်လို ခံစားရသလဲ။
၉ ပစ္စည်းဥစ္စာ။ အမှန်တရားကို ဝယ်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်လွှတ်ရနိုင်တယ်။ ယေရှုက တံငါသည် ပေတရုနဲ့ အန္ဒြေကို “လူဖမ်းတဲ့ တံငါသည်တွေ” ဖြစ်ဖို့ ဖိတ်ခေါ်တဲ့အခါ သူတို့ “ပိုက်ကွန်တွေကို ချက်ချင်း ထားရစ်” ခဲ့ကြတယ်။ (မ. ၄:၁၈-၂၀) ဒီနေ့ခေတ်မှာ အမှန်တရား သင်ယူဖို့ အလုပ်ထွက်ရမယ်လို့ မဆိုလိုပါဘူး။ ကျမ်းပေးတာဝန်တွေ ရှိသေးတယ်။ (၁ တိ. ၅:၈) ဒါပေမဲ့ အမှန်တရား သိလာသူတွေဟာ ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ သဘောထားကို ပြောင်းလဲပြီး ဦးစားထားရာတွေကို ချိန်ညှိရမယ်။ ‘မြေကြီးဘဏ္ဍာကို မစုဆောင်းကြနဲ့တော့။ ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ’ လို့ ယေရှု ပြောတယ်။ (မ. ၆:၁၉၊ ၂၀) အမျိုးသမီးငယ်တစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။
၁၀ မာရီယာဟာ ကျောင်းနေအရွယ် မတိုင်ခင်ကတည်းက ဂေါက်သီး ရိုက်တတ်နေပြီ။ အထက်တန်းရောက်တော့ ဂေါက်ရိုက် ပိုကျွမ်းကျင်လာပြီး တက္ကသိုလ်တက်ဖို့ ပညာသင်ဆု ရခဲ့တယ်။ ဂေါက်ရိုက်တာဟာ သူ့ဘဝပဲ။ ပန်းတိုင်ကတော့ ကြေးစားဂေါက်ရိုက်သမားဖြစ်ဖို့ပါ။ ဒါပေမဲ့ ကျမ်းစာစလေ့လာပြီးနောက် သိလာတဲ့ အမှန်တရားကို မြတ်နိုးလာပြီး ဘဝကို ပြောင်းလဲခဲ့တယ်။ “ကိုယ့်သဘောထားနဲ့ ဘဝပုံစံကို ကျမ်းစာစံနှုန်းတွေနဲ့အညီ ပြောင်းလဲလေ ပိုပျော်လေပဲ” လို့ မာရီယာ ပြောတယ်။ ဘုရားရေးရာကိုရော ပစ္စည်းဥစ္စာကိုပါ တစ်ပြိုင်တည်း ဦးစားထားလို့ မရမှန်း သိလာတယ်။ (မ. ၆:၂၄) ဒါကြောင့် နာမည်ကြီး ကြေးစားဂေါက်ရိုက်သမားဖြစ်ဖို့၊ ချမ်းသာဖို့ဆိုတဲ့ ငယ်ဘဝပန်းတိုင်ကို စွန့်လွှတ်လိုက်တယ်။ အမှန်တရားကို ဝယ်ခဲ့တဲ့အတွက် အခု “အပျော်ဆုံး၊ အဓိပ္ပာယ်အရှိဆုံး ဘဝ” ကို ပိုင်ဆိုင်တဲ့ ရှေ့ဆောင်တစ်ယောက် ဖြစ်နေပါပြီ။
၁၁။ အမှန်တရားကို ဝယ်တဲ့အခါ ပေါင်းသင်းဆက်ဆံရေး ဘယ်လိုဖြစ်သွားနိုင်သလဲ။
၁၁ ပေါင်းသင်းဆက်ဆံရေး။ ကျမ်းစာအမှန်တရားနဲ့အညီ နေထိုင်ဖို့ ရွေးချယ်တဲ့အခါ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေး ပြောင်းလဲသွားနိုင်တယ်။ ဘာကြောင့်လဲ။ “အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်။ အဲဒီအမှန်တရားအားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ တပည့်တွေအတွက် ယေရှု ဆုတောင်းပေးခဲ့တယ်။ (ယော. ၁၇:၁၇) “သန့်စင်စေပါ” ဆိုတာ “သီးခြားဖြစ်စေခြင်း” လို့လည်း အဓိပ္ပာယ်ရှိတယ်။ အမှန်တရားကို လက်ခံတဲ့အခါ လောကရဲ့ ပုံသွင်းမှုကို မခံတော့တဲ့အတွက် လောကနဲ့ သီးခြားဖြစ်လာတယ်။ စံနှုန်းတွေ မတူတော့တဲ့အတွက် ကျွန်တော်တို့ကို လောကက လူတွေ တစ်မျိုးမြင်လာကြတယ်။ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ စိတ်ဝမ်းမကွဲချင်ပေမဲ့ သူတို့က ကျွန်တော်တို့ကို ရှောင်ဖယ်လာနိုင်ပြီး ယုံကြည်ခြင်းကိုတောင် ဆန့်ကျင်လာနိုင်တယ်။ အဲဒါမဆန်းပါဘူး။ “ကိုယ့်အိမ်သူအိမ်သားတွေဟာ ကိုယ့်ရန်သူ ဖြစ်လိမ့်မယ်” လို့ ယေရှု ကြိုပြောထားတယ်။ (မ. ၁၀:၃၆) ဒါပေမဲ့ အမှန်တရားကို ဝယ်လို့ ရမယ့် အကျိုးကျေးဇူးဟာ ပေးဆပ်ရတဲ့ အဖိုးအခထက် များစွာသာလွန်မယ်လို့ ကတိပေးတယ်။—မာကု ၁၀:၂၈-၃၀ ကိုဖတ်ပါ။
၁၂။ အမှန်တရားအတွက် ဂျူးတစ်ယောက် ဘာပေးဆပ်ခဲ့ရသလဲ။
၁၂ ဂျူးလူမျိုး စီးပွားရေးသမား အေရွန်ဟာ ဘုရားသခင့်နာမည်ကို အသံထွက်မပြောဖို့ ငယ်ငယ်ကတည်းက သွန်သင်ခံရတယ်။ ဒါပေမဲ့ အမှန်တရားကို သိချင်ခဲ့တယ်။ ဘုရားသခင့်နာမည် ဗျည်းလေးလုံးကို သရသံနဲ့ ပေါင်းတဲ့အခါ “ယေဟောဝါ” လို့ အသံထွက်ကြောင်း သက်သေခံတစ်ယောက်ပြောပြတော့ သိပ်စိတ်လှုပ်ရှားပြီး ရဗ္ဗိတွေကို ပြောပြဖို့ တရားဇရပ်ကို သွားခဲ့တယ်။ ဒါပေမဲ့ အေရွန် မျှော်လင့်ထားသလို သူတို့ မတုံ့ပြန်ကြဘူး။ ဘုရားနာမည် သိလာတာကို ဝမ်းသာမယ့်အစား သူ့ကို တံတွေးနဲ့ထွေးပြီး ဝိုင်းပယ်လိုက်ကြတယ်။ မိသားစုနဲ့လည်း ဆက်ဆံရေး ထိခိုက်လာတယ်။ ဒါပေမဲ့ အမှန်တရားကို ဆက်ဝယ်ပြီး ဘဝတစ်လျှောက်လုံး ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်။ ကျွန်တော်တို့လည်း အေရွန်လိုပဲ အမှန်တရားကို ဝယ်ဖို့ လူမှုရေးအခြေအနေနဲ့ မိသားစုဆက်ဆံရေး ဘယ်လို အပြောင်းအလဲကိုမဆို လိုလိုလားလား လက်ခံကြတယ်။
၁၃၊ ၁၄။ အမှန်တရားကို ဝယ်ဖို့ အတွေးအခေါ်၊ အပြုအမူ ဘယ်လို ပြောင်းလဲဖို့ လိုသလဲ။ ဥပမာပေးပါ။
၁၃ ဘုရား မကြိုက်တဲ့ အတွေးအခေါ်၊ အပြုအမူ။ အမှန်တရားကို လက်ခံပြီး ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းအတိုင်း နေထိုင်ဖို့ ကိုယ့်အတွေးအခေါ်၊ အပြုအမူ ပြောင်းလဲရမယ်။ “နာခံတတ်တဲ့ သားသမီးတွေ ဖြစ်ကြပါ။ ဘုရားသခင်ကို မသိခင်က ခင်ဗျားတို့မှာရှိခဲ့တဲ့ အလိုဆန္ဒတွေရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ . . . ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၁:၁၄၊ ၁၅) အကျင့်ပျက်တဲ့ ကောရိန္သုမြို့မှာ နေထိုင်သူတွေဟာ အမှန်တရားကို ဝယ်ဖို့ ဘဝပုံစံကို အကြီးအကျယ် ပြောင်းလဲခဲ့ရတယ်။ (၁ ကော. ၆:၉-၁၁) ဒီနေ့လည်း လူများစွာဟာ အမှန်တရားကို ဝယ်ဖို့ ဘုရား မကြိုက်တဲ့ အကျင့်တွေကို စွန့်ခဲ့ကြတယ်။ “တစ်ချိန်တုန်းက လောကမှာရှိတဲ့လူတွေရဲ့ အလိုအတိုင်း ခင်ဗျားတို့ ကျင့်ကြံခဲ့တာတွေ တော်လောက်ပါပြီ။ အဲဒီတုန်းက ခင်ဗျားတို့ဟာ မျက်နှာပြောင်တိုက်တာ၊ ရမ္မက်အလိုကို မထိန်းနိုင်တာ၊ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ၊ ရွံမုန်းဖွယ်ကောင်းတဲ့ ရုပ်တုကိုးကွယ်တာတွေ လုပ်ခဲ့ကြတယ်” လို့ ပေတရု ပြောတယ်။—၁ ပေ. ၄:၃။
၁၄ ဒါဗင်နဲ့ ဂျက်စမင်တို့ဟာ အရက်စွဲနေတာ နှစ်ပေါင်းများစွာကြာပြီ။ ဒါဗင်က ကျွမ်းကျင်တဲ့ စာရင်းကိုင် ဖြစ်ပေမဲ့ အရက်မူးမူးနေလို့ အလုပ်မမြဲဘူး။ ဂျက်စမင်ကလည်း အာကြမ်းလျှာကြမ်းပဲ။ တစ်နေ့၊ ဂျက်စမင် အရက်မူးမူးနဲ့ လမ်းလျှောက်လာနေတုန်း သက်သေခံ သာသနာပြုနှစ်ယောက်နဲ့ ဆုံပြီး ကျမ်းစာသင်ဖို့ စီစဉ်ကြတယ်။ နောက်တစ်ပတ် သာသနာပြုတွေ အိမ်ကို ရောက်လာတော့ နှစ်ယောက်စလုံး မူးနေတယ်။ အိမ်အထိ တကယ်လာမယ်လို့ သူတို့ မထင်ထားဘူး။ နောက်တစ်ခေါက် သာသနာပြုတွေ ပြန်လာချိန်မှာတော့ အခြေအနေ ပြောင်းနေပြီ။ ဦးဆုံး ကျမ်းစာသင်ချိန်ကစပြီး ဝီရိယရှိရှိ လေ့လာခဲ့ကြတယ်။ သိလာတာတွေကို ကျင့်သုံးကြတယ်။ သုံးလအတွင်း အရက်ဖြတ်ဖို့ ဆုံးဖြတ်ပြီး တရားဝင် လက်ထပ်လိုက်ကြတယ်။ သူတို့ရဲ့ ပြောင်းလဲမှုကို လူများစွာ သတိထားမိပြီး ကျမ်းစာလေ့လာဖို့ လှုံ့ဆော်ခံခဲ့ရတယ်။
၁၅။ အမှန်တရားကို ဝယ်ဖို့ အခက်ခဲဆုံး စွန့်လွှတ်မှုက ဘာဖြစ်နိုင်သလဲ။ ဘာကြောင့်လဲ။
၁၅ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံများ။ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေကို စွန့်လွှတ်ဖို့ဆိုတာ အခက်ဆုံးဖြစ်နိုင်တယ်။ တချို့အတွက် သိပ်မခက်ပေမဲ့ တချို့ကတော့ မိသားစု၊ အလုပ်ဖော်၊ မိတ်ဆွေတွေရဲ့ ဖိအားကြောင့် တွန့်ဆုတ်နေနိုင်တယ်။ အထူးသဖြင့် ကွယ်လွန်သူ ဆွေမျိုးတွေကို ဂုဏ်တင်တဲ့ ဓလေ့ထုံးစံနဲ့ပတ်သက်ရင် ပိုထိခိုက်လွယ်ကြတယ်။ (တရား. ၁၄:၁) သတ္တိရှိတဲ့ တခြားသူတွေရဲ့ ပုံနမူနာက ပြောင်းလဲဖို့ ကူညီပေးတယ်။ ပထမရာစု ဧဖက်မြို့သားတချို့ သတ္တိရှိရှိ လုပ်ဆောင်ခဲ့ပုံကို သုံးသပ်ကြည့်ကြစို့။
၁၆။ အမှန်တရားကို ဝယ်ဖို့ ဧဖက်မြို့သားတချို့ ဘာလုပ်ခဲ့ကြသလဲ။
၁၆ ဧဖက်မြို့ဟာ မှော်အတတ်လိုက်စားတဲ့မြို့ ဖြစ်တယ်။ ဘာသာပြောင်းခါစ ခရစ်ယာန်လူသစ်တွေက ကျမ်းစာနဲ့မညီတဲ့ မှော်အတတ်ကို စွန့်ဖို့၊ အမှန်တရားကို ဝယ်ဖို့ ဘာလုပ်ခဲ့ကြသလဲ။ “မှော်အတတ်လိုက်စားသူ များစွာလည်း သူတို့ရဲ့စာစောင်တွေ ယူလာပြီး လူအားလုံးရှေ့မှာ မီးရှို့လိုက်တယ်။ အဲဒီစာစောင်တွေကို တန်ဖိုးတွက်ချက်ကြည့်လိုက်တဲ့အခါ ငွေစ ၅၀,၀၀၀ တန်ဖိုးရှိမှန်း သိလိုက်ရတယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွားတော့တယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တ. ၁၉:၁၉၊ ၂၀) အဲဒီသစ္စာရှိ ခရစ်ယာန်တွေရဲ့ စွန့်လွှတ်မှုက တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းချီးတွေ ရရှိစေခဲ့တယ်။
၁၇။ (က) အမှန်တရားအတွက် ပေးဆပ်ရတဲ့ အဖိုးအခထဲမှာ ဘာတွေ ပါဝင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၇ အမှန်တရားအတွက် သင် ဘာတွေ ပေးဆပ်ခဲ့သလဲ။ ကျွန်တော်တို့အားလုံး အမှန်တရားပန်းတွေ စုဆောင်းဖို့ အချိန်ပေးခဲ့ကြတယ်။ တချို့က ချမ်းသာကြွယ်ဝစေမယ့် အခွင့်အလမ်းတွေ စွန့်လွှတ်ခဲ့ကြတယ်။ ပေါင်းသင်းဆက်ဆံရေး အပြောင်းအလဲတွေ ကြုံခဲ့ရတယ်။ ဘုရား မကြိုက်တဲ့ အတွေးအခေါ်၊ အပြုအမူ၊ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေကို စွန့်လွှတ်ခဲ့ကြတယ်။ ဘာပဲပေးဆပ်ရပါစေ ပေးဆပ်ရကျိုးနပ်ပါတယ်။ ကျမ်းစာအမှန်တရားက ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေတယ်။ ဒါဟာ အဖိုးတန်ဆုံးပါပဲ။ အမှန်တရားသိလို့ ရရှိလာတဲ့ ကောင်းချီးတွေအကြောင်း စဉ်းစားတဲ့အခါ ဘယ်သူမှ ပြန်ရောင်းချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လို ရောင်းမိနိုင်သလဲ။ အဲဒီလို အမှားမျိုး မလုပ်မိအောင် ဘယ်လို ရှောင်နိုင်မလဲ။ အဲဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။