လက်မထပ်ဘဲ အတူနေတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
ကျမ်းစာအဆို
“လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်” ဖို့ ဘုရားအလိုရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ (၁ သက်သာလောနိတ် ၄:၃) “လိင်အကျင့်ယိုယွင်းမှု” ဆိုတဲ့ ကျမ်းစကားက အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိင်တူဆက်ဆံတာ၊ အိမ်ထောင်မပြုထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံတာတွေကို ဆိုလိုတယ်။
လက်ထပ်တဲ့ကိစ္စက ဘုရားအတွက် ဘာကြောင့် အရေးပါသလဲ
အိမ်ထောင်အစီအစဉ်ကို ဘုရား အစပြုခဲ့တာဖြစ်တယ်။ ပထမလူသားမောင်နှံကို ပေါင်းဖက်ပေးချိန်မှာ ဒီအစီအစဉ်ကို ဘုရားအစပြုခဲ့တယ်။ (ကမ္ဘာဦး ၂:၂၂-၂၄) အမျိုးသားနဲ့ အမျိုးသမီး အိမ်ထောင်ကတိသစ္စာ မပြုဘဲ အတူနေထိုင်ဖို့ ဘုရား မရည်ရွယ်ခဲ့ဘူး။
လူသားတွေအတွက် အကောင်းဆုံးကို ဘုရားသိတယ်။ ဘုရားရဲ့ အစီအစဉ်က လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ထာဝစဉ် ပေါင်းသင်းနေထိုင်ဖို့ဖြစ်တယ်။ ဒါမှသာ မိသားစုဝင်အားလုံး အကျိုးရပြီး လုံခြုံမှု ခံစားရမယ်။ ဥပမာရိုးရိုးလေးတစ်ခုကို စဉ်းစားကြည့်ပါ။ ပရိဘောဂ စက်ရုံက ပေးလိုက်တဲ့ လမ်းညွှန်ချက်တွေက ပရိဘောဂတစ်ခုကို နေရာတကျ ဘယ်လို တပ်ဆင်ရမယ်ဆိုတာ ပြပေးသလိုပဲ ဘုရားရဲ့ လမ်းညွှန်ချက်တွေက အောင်မြင်ပျော်ရွှင်တဲ့ မိသားစုကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာ ဖော်ပြတယ်။ ဘုရားရဲ့စံနှုန်းတွေက လိုက်နာသူတွေကို အမြဲ အကျိုးပြုတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
ပရိဘောဂ စက်ရုံက ပေးလိုက်တဲ့ လမ်းညွှန်ချက်တွေက ပရိဘောဂတစ်ခုကို နေရာတကျ ဘယ်လို တပ်ဆင်ရမယ်ဆိုတာ ပြပေးသလိုပဲ ဘုရားရဲ့ လမ်းညွှန်ချက်တွေက အောင်မြင်ပျော်ရွှင်တဲ့ မိသားစုကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာ ဖော်ပြတယ်
လက်မထပ်ထားသူနဲ့ လိင်ဆက်ဆံတာက ဆိုးကျိုးတွေ ခံစားရစေတယ်။ ဥပမာ၊ မလိုချင်တဲ့ ကိုယ်ဝန်၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရလာနိုင်တယ်။ စိတ်ဒုက္ခတွေ ခံစားရနိုင်တယ်။
အမျိုးသားနဲ့ အမျိုးသမီးတွေကို လိင်မှုကိစ္စအားဖြင့် မျိုးပွားနိုင်စွမ်း ဘုရား ပေးထားတယ်။ အသက်ကို မြင့်မြတ်ရာအဖြစ် ဘုရားသခင် ရှုမြင်တယ်။ မျိုးပွားနိုင်စွမ်းဟာ အဖိုးတန်လက်ဆောင်ပါ။ အိမ်ထောင်အစီအစဉ်ကို ဂုဏ်တင်ခြင်းအားဖြင့် ဒီလက်ဆောင်ကို လေးစားကြောင်း ပြနိုင်ပါတယ်။—ဟီဘရူး ၁၃:၄။
အဆင်ပြေမပြေ သိနိုင်ဖို့ လက်မထပ်ခင် အတူနေတယ်ဆိုရင်ကော
အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ဖြစ်ဖို့ ကတိသစ္စာမပြုဘဲ အရင် အတူနေထိုင်ကြည့်ဖို့ မလိုအပ်ဘူး။ အဲဒီအစား အိမ်ထောင်ဖက် ၂ ဦးစလုံး အပြန်အလှန် သစ္စာခိုင်မြဲပြီး ပြဿနာတွေကို အတူ ဖြေရှင်းမယ်ဆိုရင် အောင်မြင်ပျော်ရွှင်နိုင်ပါတယ်။a လက်ထပ်ထိမ်းမြားတာက သစ္စာကတိကို ပိုခိုင်မြဲစေတယ်။—မဿဲ ၁၉:၆။
ခိုင်မြဲတဲ့အိမ်ထောင်ကို ဘယ်လို တည်ဆောက်နိုင်သလဲ
ပြီးပြည့်စုံတဲ့ အိမ်ထောင်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အိမ်ထောင်ရှင်တွေဟာ ကျမ်းစာအကြံပြုချက်ကို လိုက်နာခြင်းအားဖြင့် အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်နိုင်ပါတယ်။ ဥပမာ–
ကိုယ့်လိုအပ်ရာထက် အိမ်ထောင်ဖက်ရဲ့ လိုအပ်ရာကို ဦးစားပေးပါ။—၁ ကောရိန္သု ၇:၃-၅။ ဖိလိပ္ပိ ၂:၃၊ ၄။
အပြန်အလှန် မေတ္တာထားပြီး လေးစားပါ။—ဧဖက် ၅:၂၅၊ ၃၃။
အပြောအဆိုကို ထိန်းချုပ်ပါ။—ပညာအလိမ္မာ ၁၂:၁၈။
စိတ်ရှည်ပါ၊ ခွင့်လွှတ်ဖို့ အသင့်ရှိပါ။—ကောလောသဲ ၃:၁၃၊ ၁၄။
a “မိသားစုအောင်မြင်ရေး—ကတိသစ္စာ” ဆောင်းပါးကို ကြည့်ပါ။