ယုံကြည်ချက်ကြောင့် ထောင်ချခံရ—အီရီထရီးယား
အီရီထရီးယားအစိုးရက တရားစွဲခြင်း၊ ရုံးတင်စစ်ဆေးခြင်း မရှိဘဲ အမျိုးသမီးတွေ၊ အသက်ကြီးသူတွေ အပါအဝင် ယေဟောဝါသက်သေတွေကို ဖမ်းဆီး၊ ထောင်ချလာတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှာ သမ္မတ အက်ဖ်ဝါကီရဲ့ အမိန့်နဲ့ ယေဟောဝါသက်သေတွေဟာ နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံကြရတယ်။ အကြောင်းကတော့ ယေဟောဝါသက်သေတွေဟာ ၁၉၉၃ ခုနှစ် လွတ်လပ်ရေး ဆန္ဒခံယူပွဲမှာ မဲမထည့်လို့၊ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းကြလို့ပါ။ စစ်မှုမထမ်းမနေရအမိန့် မထုတ်ပြန်ခင်တုန်းကဆိုရင် အီရီထရီးယား အာဏာပိုင်တွေက အစားထိုးအရပ်ဘက်လုပ်ငန်း စီစဉ်ပေးကြတယ်။ ယေဟောဝါသက်သေများစွာက အစိုးရ အုပ်ချုပ်ရေးရုံး အသီးသီးရဲ့ လက်အောက်မှာ အရပ်ဘက်လုပ်ငန်းတွေ ထမ်းဆောင်ခဲ့ကြတယ်။ တာဝန်ထမ်းဆောင်သူတွေကို အာဏာပိုင်တွေက “အမျိုးသားရေးလုပ်ငန်းတာဝန် ပြီးဆုံးကြောင်း လက်မှတ်တွေ” ထုတ်ပေးပြီး ချီးမွမ်းလေ့ရှိတယ်။ ဒါပေမဲ့ သမ္မတအမိန့် ထုတ်ပြန်ပြီးနောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ယေဟောဝါသက်သေတွေကို ယုံကြည်ချက် စွန့်လွှတ်အောင် ဖိအားပေးတဲ့အနေနဲ့ ထောင်ချတယ်၊ ညှဉ်းပန်းနှိပ်စက်တယ်၊ ဒုက္ခပေးနှောင့်ယှက်တယ်။
အခုလောလောဆယ် ယေဟောဝါသက်သေ ၆၄ ယောက် (အမျိုးသား ၃၇ ယောက်၊ အမျိုးသမီး ၂၇ ယောက်) ထောင်ကျနေတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ကျမ်းစာအကြောင်း ဆွေးနွေးဖို့ ငြိမ်းချမ်းစွာ စည်းဝေးနေတဲ့ အိမ်တစ်အိမ်ကို ရဲတွေ ဝင်ပြီး လူ ၂၄ ယောက်ကို ဖမ်းဆီးလိုက်လို့ ဒီအရေအတွက်အထိ တိုးသွားတာပါ။ ကလေးနှစ်ယောက်ကို နောက်ပိုင်း ပြန်လွှတ်ပေးကြတယ်။ ရက်အနည်းငယ်ကြာတော့ အသက် ၈၅ နှစ်အရွယ် ယေဟောဝါသက်သေအမျိုးသမီး အဖမ်းခံရတယ်။ အဲဒီနောက် ယေဟောဝါသက်သေ ၂၃ ယောက်စလုံးကို မိုင်ဆာဝါအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်ကြတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှာ သားဦးကိုယ်ဝန် ကိုးလလွယ်ထားရသူ ညီအစ်မ ဆာရွန် ဂေဘရူကို လွှတ်ပေးပြီး၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှာတော့ အသက် ၈၂ နှစ်အရွယ် ညီအစ်မ မီဇန် ဂေဘရီယာဆုကို လွှတ်ပေးတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ အာဏာပိုင်တွေက အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အရွယ် ယေဟောဝါသက်သေ ကျောင်းသားလေးယောက်ကို ဖမ်းဆီးပြန်တယ်။ သူတို့ကို စစ်ဆေးမေးမြန်းပြီးတာနဲ့ မိုင်ဆာဝါအကျဉ်းထောင်ကို ချက်ချင်း ခေါ်သွားကြတယ်။ နိုဝင်ဘာလ ၂၂ ရက်မှာ ညီအစ်မ အယ်မာ ဂေဘရီဟူးဝစ်ရဲ့ သမီးလေးကို ကျောင်းကနေ ရဲစခန်း ခေါ်သွားကြတယ်။ သမီးကို ရဲစခန်းကနေ အယ်မာ သွားခေါ်ထုတ်ချိန်မှာ ရဲတွေက သမီးကို လွှတ်ပေးလိုက်ပြီး အယ်မာကို ထိန်းသိမ်းလိုက်တယ်။ အက်စ်မာရာမြို့က အမှတ် ၅ ရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။
ဝမ်းသာစရာက ညီအစ်မ နောက်ထပ်နှစ်ယောက် အကျဉ်းထောင်ကနေ မကြာသေးခင်က လွတ်လာကြတယ်။ မီကယ် တက်ဒေဆီဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှာ မိုင်ဆာဝါ အကျဉ်းထောင်ကနေ လွတ်လာပြီး ဘာရက်တီ ဂေဘရက်တက်ယိုကတော့ အက်ဒီ အဘက်တို အကျဉ်းထောင်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်မှာ လွတ်လာပါတယ်။
ထောင်ထဲက ဆိုးရွားတဲ့အခြေအနေ
မိုင်ဆာဝါအကျဉ်းထောင်နဲ့ တခြားအကျဉ်းထောင်တွေမှာ ယေဟောဝါသက်သေတွေဟာ ဆိုးဝါးတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်။ အခန်းကျဉ်းလေးထဲမှာ အကျဉ်းသားတွေ ပြည့်ကျပ်နေလို့ လဲလျောင်းလို့တောင် မရကြဘူး။ ကျပ်ကျပ်သိပ်သိပ် ဘေးချင်းကပ်ပြီး အိပ်ကြရတယ်။ အိမ်သာ မရှိဘူး။ အမျိုးသမီး၊ အမျိုးသားတွေဟာ တစ်ရက်ကို နှစ်ကြိမ် သတ်မှတ်ထားတဲ့ အချိန်ကျမှပဲ စစ်သားတွေ စောင့်ကြည့်နေတဲ့နေရာမှာ အပေါ့အပါး သွားကြရတယ်။ ဆေးကုသမှု၊ အစားအစာ၊ သောက်ရေ ပြည့်ပြည့်ဝဝ မရကြဘူး။
ဒီလိုဆိုးဝါးတဲ့ အခြေအနေတွေကြောင့် အီရီထရီးယားနိုင်ငံမှာ ထောင်ကျရင်း သေဆုံးသွားတဲ့ ယေဟောဝါသက်သေ လေးယောက် ရှိပြီ။ ထောင်ကျနေတုန်း ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် သက်ကြီး ယေဟောဝါသက်သေ သုံးယောက် ထောင်ကနေ လွတ်ပြီး မကြာခင်မှာ သေဆုံးသွားကြတယ်။
၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်၊ မာတာအကျဉ်းစခန်းမှာ လူမဆန်စွာ နှိပ်စက်ခံရတဲ့အတွက် ယေဟောဝါသက်သေ နှစ်ယောက် သေဆုံးသွားတယ်။ အသက် ၆၂ အရွယ် မစ်ဂီနာ ဂေဘရီတင်စေးဟာ “မြေအောက်ခန်း” မှာ ပြစ်ဒဏ်ကျခံနေတုန်း အပူဒဏ်ကြောင့် ၂၀၁၁၊ ဇူလိုင်လမှာ သေဆုံးသွားတယ်။ အသက် ၆၈ နှစ်အရွယ် ယိုဟန်းနစ် ဟိုင်လာလည်း လေးနှစ်နီးပါး အကျဉ်းကျပြီးနောက် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၆ မှာ အပူဒဏ်ကြောင့် သေဆုံးသွားတယ်။
သက်ကြီး ယေဟောဝါသက်သေ သုံးယောက် ဖြစ်တဲ့ ကာဆိုင် မက်ကိုနန်၊ ဂိုင်တမ် ဂါဘရီခရစ်တိုစ်၊ တက်ဟေယာ တယ်စဖာမာရီယမ်ဟာ မာတာအကျဉ်းစခန်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံခဲ့ရတာကြောင့် ထောင်က လွတ်ပြီး မကြာခင်မှာ သေဆုံးသွားတယ်။
၂၀၁၈ ခုနှစ်မှာ၊ ယေဟောဝါသက်သေ နှစ်ယောက် မိုင်ဆာဝါ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် သေဆုံးသွားတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ အသက် ၇၆ နှစ်အရွယ် ဟက်တယ်မိုက်ကယ် တယ်စဖာမာရီယမ် သေဆုံးသွားပြီး မတ်လ ၆ ရက်နေ့မှာ အသက် ၇၇ နှစ်အရွယ် ဟက်တယ်မိုက်ကယ် မက်ကိုနန် သေဆုံးသွားတယ်။ အီရီထရီးယား အာဏာပိုင်တွေက သူတို့နှစ်ယောက်ကို ၂၀၀၈ ခုနှစ်ကတည်းက စစ်ဆေးခြင်း မရှိဘဲ ထောင်ချခဲ့တာ ဖြစ်တယ်။
အကန့်အသတ်မဲ့ ထောင်ဒဏ်ချ
ယေဟောဝါသက်သေ ညီအစ်ကို အများစုဟာ အကန့်အသတ်မဲ့ ထောင်ကျနေကြတယ်။ မသေမချင်း ဒါမှမဟုတ် သေခါနီး အခြေအနေ မဖြစ်သရွေ့ လွတ်လမ်း မရှိကြဘူး။ ထိရောက်တဲ့ တရားရေး လုပ်ထုံးလုပ်နည်းတွေ၊ အခွင့်အလမ်းတွေလည်း မရှိတဲ့အတွက် ရာသက်ပန် ထောင်ကျနေကြတာ။
အချိန်ပြဇယား
မေ ၂၀၊ ၂၀၂၅
ယေဟောဝါသက်သေ ၆၄ ယောက် ထောင်ကျနေပါတယ်။
နိုဝင်ဘာ ၂၂၊ ၂၀၂၄
နိုင်ငံရေးပါတီမှာ ပါဝင်ဖို့ ငြင်းဆိုမှုနဲ့ အယ်မာ ဂေဘရီဟူးဝစ် အဖမ်းခံရတယ်။
နိုဝင်ဘာ ၁၊ ၂၀၂၄
သက်သေခံ ကျောင်းသား လေးယောက်ကို ရဲတွေ ဖမ်းပြီး မိုင်ဆာဝါထောင်ဆီ ပို့လိုက်တယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၄
သက်သေခံ ၂၃ ယောက်ကို ရဲတွေ ဖမ်းပြီး မိုင်ဆာဝါထောင်ဆီ ပို့လိုက်တယ်။ နောက်ပိုင်း နှစ်ယောက်ကို ပြန်လွှတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၊ ၂၀၂၁
ယေဟောဝါသက်သေ သုံးယောက် ထောင်ကနေ လွတ်လာတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၁
ယေဟောဝါသက်သေ တစ်ယောက် ထောင်ကနေ လွတ်လာတယ်။
ဒီဇင်ဘာ ၄၊ ၂၀၂၀
ယေဟောဝါသက်သေ ၂၈ ယောက် ထောင်ကနေ လွတ်လာတယ်။
မတ် ၆၊ ၂၀၁၈
အသက် ၇၇ နှစ်အရွယ် ဟက်တယ်မိုက်ကယ် မက်ကိုနန်ဟာ မိုင်ဆာဝါ အကျဉ်းထောင်ကို ပြောင်းရွှေ့ပြီးနောက် သေဆုံးသွားတယ်။
ဇန်နဝါရီ ၃၊ ၂၀၁၈
အသက် ၇၆ နှစ်အရွယ် ဟက်တယ်မိုက်ကယ် တယ်စဖာမာရီယမ်ဟာ မိုင်ဆာဝါ အကျဉ်းထောင်ကို ပြောင်းရွှေ့ပြီးနောက် သေဆုံးသွားတယ်။
ဇူလိုင် ၂၀၁၇
မာတာ အကျဉ်းစခန်းမှာ ထောင်ကျနေတဲ့ ယေဟောဝါသက်သေအားလုံးကို အက်စ်မာရာမြို့ပြင်က မိုင်ဆာဝါ အကျဉ်းထောင်ကို ပြောင်းရွှေ့တယ်။
ဇူလိုင် ၂၅၊ ၂၀၁၄
ဧပြီ ၁၄ ရက်မှာ အဖမ်းခံရသူ အများစုကို လွှတ်လိုက်ပေမဲ့ ဧပြီ ၂၇ ရက်မှာ အဖမ်းခံရတဲ့ အယောက် ၂၀ ကို ချုပ်ထားဆဲ ဖြစ်တယ်။
ဧပြီ ၂၇၊ ၂၀၁၄
ကျမ်းစာလေ့လာမှု အစည်းအဝေးမှာ သက်သေခံ ၃၁ ယောက်ကို ဖမ်းဆီးတယ်။
ဧပြီ ၁၄၊ ၂၀၁၄
ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲမှာ သက်သေခံ ၉၀ ကျော် ဖမ်းဆီးခံရတယ်။
ဩဂုတ် ၁၆၊ ၂၀၁၂
အသက် ၆၈ နှစ်အရွယ် ယိုဟန်းနစ် ဟိုင်လာဟာ ဆိုးရွားတဲ့ အခြေအနေကြောင့် ထောင်ထဲမှာ သေဆုံးသွားတယ်။
ဇူလိုင် ၂၀၁၁
အသက် ၆၂ အရွယ် မစ်ဂီနာ ဂေဘရီတင်စေးဟာ ဆိုးရွားတဲ့ အခြေအနေကြောင့် ထောင်ထဲမှာ သေဆုံးသွားတယ်။
ဇွန် ၂၈၊ ၂၀၀၉
အာဏာပိုင်တွေက ဝတ်ပြုစည်းဝေးနေတဲ့ သက်သေခံ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီး အသက် ၂ နှစ်ကနေ ၈၀ ကြား သက်သေခံ ၂၃ ယောက်ကို ဖမ်းဆီးခဲ့တယ်။
ဧပြီ ၂၈၊ ၂၀၀၉
အာဏာပိုင်တွေက ယေဟောဝါသက်သေတစ်ဦးကို ရဲစခန်းမှာ ချုပ်ထားပေမဲ့ ကျန်တဲ့သူအားလုံးကို မာတာ အကျဉ်းစခန်းဘက် ရွှေ့ပြောင်းလိုက်တယ်။
ဇူလိုင် ၈၊ ၂၀၀၈
အာဏာပိုင်တွေက အိမ်တွေ၊ အလုပ်တွေမှာ ဝင်ရောက်စီးနင်းပြီး သက်သေခံ ၂၄ ယောက်ကို ဖမ်းဆီးခဲ့တယ်။ အများစုက မိသားစုကို ရှာကျွေးနေသူတွေ ဖြစ်တယ်။
မေ ၂၀၀၂
အစိုးရ သဘောကျတဲ့ ယုံကြည်ချက် လေးရပ်ကို မလိုက်နာတဲ့ ဘာသာရေး အုပ်စုအားလုံးကို ပိတ်ပင်လိုက်တယ်။
အောက်တိုဘာ ၂၅၊ ၁၉၉၄
ယေဟောဝါသက်သေတွေရဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ အခြေခံ နိုင်ငံသား အခွင့်အရေးတွေကို သမ္မတအမိန့်နဲ့ ရုပ်သိမ်းလိုက်တယ်။
စက်တင်ဘာ ၁၇၊ ၁၉၉၄
ပေါ်လိုစ် အီယာဆူ၊ အိုင်းဇက် မိုဂိုစ်၊ နိဂီဒီ တက်ကလီမာရီယမ်တို့ကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ထောင်ချလိုက်တယ်။
၁၉၅၀ ပြည့်လွန်နှစ်များ
အီရီထရီးယားနိုင်ငံမှာ ယေဟောဝါသက်သေ အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တယ်။