သမ္မာကျမ်းစာရှုထောင့်
သက်ကြီးရွယ်အိုများကို မည်သို့ဆက်ဆံသင့်သနည်း
အနှစ် ၆၀ အတွင်း ဥရောပတိုက်ကို ရိုက်ခတ်သွားသော အဆိုးဝါးဆုံးအပူလှိုင်းတစ်ခုကြောင့် ၂၀၀၃ ခုနှစ် နွေရာသီတွင် ဥရောပအနှံ့ လူထောင်နှင့်ချီ သေဆုံးခဲ့ကြသည်။ သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြ၏။ တချို့မှာ ဆွေမျိုးသားချင်းများ အားလပ်ရက်ခရီးထွက်သွားကြသဖြင့် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သူများဖြစ်ကြလေသည်။ တချို့မှာမူ အလုပ်ပိနေကြသည့် ဆေးရုံနှင့် ဘိုးဘွားရိပ်သာ ဝန်ထမ်းများက ဂရုမစိုက်ဘဲ ပစ်ထားခံရသူများ ဖြစ်ကြသည်ဟုဆို၏။ ပါရီမြို့တစ်မြို့တည်းတွင် ပိုင်ရှင်မဲ့အလောင်း ၄၅၀ ရှိသည်ဟု လာ ပါရီဇင်သတင်းစာက ဖော်ပြခဲ့သည်။ တစ်ကိုယ်တည်းသေဆုံးသွားခဲ့ကြသူ၊ အမည်မသိသေဆုံးသွားခဲ့ကြသူတို့၏ အခြေအနေနှင့်ပတ်သက်၍ အဆိုပါသတင်းစာက “မိမိတို့၏ဖခင်များ၊ မိခင်များနှင့် ဘိုးဘွားများကို မေ့လျော့ရလောက်အောင် အဘယ်အခြေအနေမျိုးတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသနည်း” ဟု မေးခွန်းထုတ်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် အသက် ၆၅ နှစ်ကျော်သည့် လူဦးရေ လစဉ် ၇၉၅,၀၀၀ သည် မကြုံစဖူးတိုးများလာရာ သက်ကြီးရွယ်အိုများ၏ လိုအပ်ရာများကို ကြည့်ရှုပေးခြင်းသည် မျက်မှောက်ခေတ်၏ စိုးရိမ်ဖွယ်အကောင်းဆုံးအရာတစ်ခု ဖြစ်လာနေပြီ။ “တစ်ကမ္ဘာလုံးတွင် အိုမင်းခြင်းသည် မတွေ့ မြင်ဖူးသောနှုန်းဖြင့် ဖြစ်ပေါ်နေရာ အသက်အရွယ်ကြီးရင့်ခြင်း၏ စိန်ခေါ်ချက်များနှင့် အခွင့်အလမ်းများကို နိုင်ငံအများက မည်သို့တုံ့ပြန်မည်ကို ကျွန်ုပ်တို့ အာရုံစိုက်ဖို့လိုမည်” ဟု ယူ.အက်စ်. အစိုးရသန်းခေါင်စာရင်းဌာနမှ ဖွားသေစာရင်းအစီအစဉ်၏ တွဲဖက်ညွှန်ကြားရေးမှူးဖြစ်သူ နန်စီ ဂေါ်ဒွန်က ပြောကြားခဲ့သည်။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည်လည်း သက်ကြီးရွယ်အိုများကို စိတ်ဝင်စားတော်မူ၏။ အမှန်ဆိုရလျှင် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာက သူတို့အား မည်သို့ဆက်ဆံရမည်ကို ကျွန်ုပ်တို့အား ညွှန်ကြားထားသည်။
သက်ကြီးရွယ်အိုများကို ရိုသေလေးစားပါ
မောရှေအား ပေးခဲ့သည့် ဘုရားသခင့်ပညတ်တော်က သက်ကြီးရွယ်အိုများကို ရိုသေလေးစားဖို့ အားပေးခဲ့သည်။ ထိုပညတ်တော်က ဤသို့ဆို၏– “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။” (ဝတ်ပြုရာ ၁၉:၃၂) ဘုရားသခင်အား နာခံမှုရှိရှိ ဝတ်ပြုသူများသည် (၁) အသက်ကြီးရင့်သူကို ရိုသေလေးစားသည့် အမှတ်လက္ခဏာအဖြစ်နှင့် (၂) ဘုရားသခင်ကိုဝတ်ပြုသူများ၏ ရိုသေခန့်ညားသည့် အထောက်အထားအဖြစ် သက်ကြီးရွယ်အိုများရှေ့တွင် “ထ” သင့်ပေသည်။ သို့နှင့် အသက်ကြီးသူများသည် ဂုဏ်တင်ခံရကြကာ တန်ဖိုးရှိသူများအဖြစ် မှတ်ယူခံရကြသည်။—သု. ၁၆:၃၁; ၂၃:၂၂။
မျက်မှောက်ခေတ် ခရစ်ယာန်များသည် မောရှေပညတ်အောက်မရှိကြသော်လည်း ၎င်း၏မူများသည် ယေဟောဝါ၏ အတွေးအခေါ်များနှင့် ဦးစားပေးရာများကို ဖော်ပြရာ သက်ကြီးရွယ်အိုများကို ကိုယ်တော်တန်ဖိုးထားကြောင်း သေချာစေပါသည်။ ယင်းမူများကို ပထမရာစုခရစ်ယာန်အသင်းသားများ နားလည်သဘောပေါက်ခဲ့ကြ၏။ ယင်းနှင့်စပ်လျဉ်း၍ အစောပိုင်းသာဓကတစ်ခုကို တမန်တော်ဝတ္ထုတွင် ဖော်ပြထားသည်။ ထိုအချိန်က ယေရုရှလင်မြို့ရှိ ခရစ်ယာန်များအလယ်တွင် အကူအညီလိုအပ်နေသည့် မုဆိုးမများရှိလေသည်။ ၎င်းတို့အထဲတွင် အတော်များများမှာ သက်ကြီးရွယ်အိုများဖြစ်ကြမည်မှာ သေချာသည်။ တမန်တော်များသည် “အသရေရှိသောလူ” ခုနစ်ဦးကို ခန့်အပ်ပြီး ထိုအမျိုးသမီးများအား အစာရေစာကို စနစ်တကျ နေ့စဉ်ရရှိစေခဲ့သည်၊ ထိုသို့သော အထူးဂရုစိုက်မှုကို အသင်းတော်၏ “အမှု” အဖြစ် ယူမှတ်ခဲ့ကြသည်။—တမန်တော် ၆:၁-၇။
တမန်တော်ပေါလုသည် ‘အသက်ကြီးသောသူရှေ့တွင် ထခြင်း’ ဟူသောမူကို ခရစ်ယာန်အသင်းတော်၌လည်း ကျင့်သုံးစေခဲ့၏။ အသက်ပိုငယ်သည့် ခရစ်ယာန်ကြီးကြပ်မှူး တိမောသေအား “အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်။ အဘကဲ့သို့မှတ် . . . လော့။ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ . . . မှတ်၍ကျင့်ကြလော့” ဟု သူဆိုခဲ့သည်။ (၁ တိမောသေ ၅:၁၊ ၂) လူငယ်တိမောသေသည် သက်ကြီးရွယ်အိုခရစ်ယာန်များကိုကျော်၍ အခွင့်အာဏာ အတော်အတန်ရရှိထားသော်လည်း အသက်ကြီးသူတစ်ဦးကို ချိုးနှိမ်၍မပြောဆိုမိဖို့ မှာကြားခံရသည်။ သို့အစား ဖခင်တစ်ဦးကဲ့သို့ ရိုသေလေးစားစွာ ဆက်ဆံရမည်ဖြစ်သည်။ ထို့အပြင် အသင်းတော်ရှိ အသက်ကြီးသော အမျိုးသမီးများကိုလည်း ထပ်တူဂုဏ်တင်ရမည်ဖြစ်၏။ အမှန်ဆိုရလျှင် တိမောသေနှင့် ခရစ်ယာန်အသင်းသားအားလုံး ‘အသက်ကြီးသောသူရှေ့တွင် ထ’ ရမည်ဟု တမန်တော်ပေါလုက ဆုံးမနေခြင်းဖြစ်ပေသည်။
ဘုရားသခင်ရေးရာစိတ်ထားရှိသူတို့တွင် အသက်ကြီးသူများကို သိက္ခာရှိရှိ၊ ရိုသေလေးစားစွာ ဆက်ဆံသည့် ဥပဒေပြဋ္ဌာန်းချက် ရှိစရာမလိုချေ။ အသက် ၁၃၀ အရွယ်ရှိ ယာကုပ်အား နေရာအနှံ့ဖြစ်နေသည့် ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ကယ်တင်ရန် မိမိ၏သက်ကြီးရွယ်အိုဖခင်ကို အီဂျစ်ပြည်သို့ အကုန်ကျခံ ခေါ်ဆောင်ခဲ့သူ ယောသပ်၏ ကျမ်းစာပုံနမူနာကို သုံးသပ်ကြည့်ပါ။ အနှစ်နှစ်ဆယ်ကျော်အတွင်း ဦးဆုံးအကြိမ် မိမိဖခင်ကို ယောသပ်တွေ့ မြင်သောအခါ “အဘ၏လည်ပင်းကိုဖက်လျက် ကြာကြာငိုလေ၏။” (ကမ္ဘာဦး ၄၆:၂၉) သက်ကြီးရွယ်အိုများကို ထောက်ထားစာနာပြီး အလွန်ရိုသေလေးစားစွာဆက်ဆံခြင်းသည် ကြာမြင့်စွာကတည်းက ဣသရေလလူမျိုးတို့အလယ်တွင် ပညတ်တရားဖြစ်လာခဲ့ရာ ယောသပ်သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင့်ရှုမြင်ချက်ကို ရောင်ပြန်ဟပ်ခဲ့လေသည်။
မိမိ၏ဓမ္မအမှုဆောင်ချိန်အတွင်း ယေရှုကိုယ်တိုင်လည်း သက်ကြီးရွယ်အိုများအတွက် စိုးရိမ်ကြောင်းပြသခဲ့၏။ ဘာသာရေးထုံးတမ်းစဉ်လာကြောင့် အိုမင်းနေသောမိဘများကို လျစ်လျူရှုရမည်ဟု ယူဆခဲ့ကြသည့် ဘာသာရေးခေါင်းဆောင်များကို ကိုယ်တော် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ (မဿဲ ၁၅:၃-၉) ယေရှုသည်လည်း မိခင်ဖြစ်သူကို မေတ္တာပြည့်ဝစွာ ဂရုစိုက်ပေးခဲ့၏။ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် မချိမဆံ့နာကျင်မှုကို ခံစားနေရစဉ် မိမိ၏ အိုမင်းနေသောမိခင်အား မိမိချစ်သော တမန်တော်ယောဟန်က ကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သေချာစေခဲ့၏။—ယောဟန် ၁၉:၂၆၊ ၂၇။
ဘုရားသခင်သည် မိမိအပေါ်တည်ကြည်သူတို့ကို စွန့်တော်မမူ
ဆာလံဆရာက ဤသို့ဆုတောင်းခဲ့၏– “အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။” (ဆာလံ ၇၁:၉) တည်ကြည်သောကျေးကျွန်များသည် အသုံးမဝင်တော့ဟု သူတို့ကိုယ်၌ ခံစားကြရသည့်တိုင် သူတို့ကို ဘုရားသခင် “စွန့်ပစ်တော်” မမူချေ။ ယေဟောဝါ၏စွန့်ပစ်ခြင်းကို ခံရသည်ဟု ဆာလံဆရာ မခံစားခဲ့ရချေ၊ ယင်းအစား အသက်အရွယ်အိုမင်းလာသည့်တိုင် မိမိ၏ဖန်ဆင်းရှင်အပေါ် အားထားမှီခိုဖို့လိုအပ်ကြောင်း သူအသိအမှတ်ပြုခဲ့လေသည်။ ယေဟောဝါသည် ယင်းသို့တည်ကြည်မှုတင်ပြသူကို သူ့ဘဝတစ်လျှောက်လုံး ကူညီထောက်မပေးခြင်းဖြင့် တုံ့ပြန်တော်မူလေသည်။ (ဆာလံ ၁၈:၂၅) ယင်းသို့သောထောက်မကူညီမှုကို ခရစ်ယာန်ချင်းများထံမှတစ်ဆင့် ရလေ့ရှိ၏။
အထက်ပါအချက်ကို ထောက်ရှုသော် ဘုရားသခင်အား ဂုဏ်တင်လိုသူအားလုံးတို့သည် သက်ကြီးရွယ်အိုများကိုလည်း ဂုဏ်တင်ရမည်မှာ ရှင်းနေပါသည်။ အသက်ကြီးသူများသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ မျက်မှောက်တော်တွင် အမှန်ပင်အဖိုးထိုက်လှ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသူများဖြစ်ကြသောကြောင့် “ဆံပင်ဖြူ” သောသူကို ဘုရားသခင်ရှုမြင်သကဲ့သို့ အမြဲရှုမြင်နိုင်ကြပါစေ။—ဆာလံ ၇၁:၁၈။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် အသက်ကြီးသူများကို ဂုဏ်တင်၍ ရိုသေလေးစားကြ