ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၁၁ စာ. ၁၂၈-၁၄၁
  • အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ခင်ပွန်းက ခြားနားသောဘာသာကို ကိုးကွယ်သော်
  • ဇနီးဖြစ်သူ ခရစ်ယာန်မဟုတ်လျှင်
  • ကလေးများကို သွန်သင်လေ့ကျင့်ခြင်း
  • သင့်မိဘတို့နှင့် ဘာသာအယူမတူသော်
  • မိထွေးပထွေးဖြစ်ရခြင်း၏ စိန်ခေါ်ချက်
  • ဥစ္စာဓနလိုက်စားမှုက သင့်အိမ်ထောင်ကို ကွဲပြားစေသလော
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၁၁ စာ. ၁၂၈-၁၄၁

အခန်း တစ်ဆယ့်တစ်

အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ

၁။ မိသားစုများကို ကွဲပြားစေသည့်အကြောင်းရပ်အချို့ကား အဘယ်နည်း။

မတ္တာ၊ ငြိမ်သက်အေးချမ်းမှု၊ တစ်ဦးကိုတစ်ဦး နားလည်မှုတို့ဖြင့် ပြည့်ဝသောမိသားစု၌ ပါဝင်သူတို့သည် ပျော်ရွှင်သူများဖြစ်ကြပေသည်။ သင့်မိသားစုသည် ထိုသို့သောမိသားစုဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဝမ်းနည်းဖွယ်မှာ မရေမတွက်နိုင်သောမိသားစုများသည် ဖော်ပြပါမိသားစုမျိုးမဟုတ်ကြဘဲ အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားနေကြသည်။ အိမ်ထောင်များကို မည်သည့်အရာက ကွဲပြားစေသနည်း။ ဤအခန်းတွင် အကြောင်းရပ်သုံးရပ်ကို ဆွေးနွေးကြမည်။ အချို့သောမိသားစုများတွင် မိသားစုဝင်အားလုံး ဘာသာတစ်ခုတည်းကို မကိုးကွယ်ကြချေ။ အချို့မိသားစုများတွင် ကလေးများသည် မိမိတို့နှင့် သွေးတူသားတူမိဘရင်း မရှိကြချေ။ အချို့သောမိသားစုများဆိုပြန်လျှင် ဘဝဝမ်းရေးအတွက် ရုန်းကန်နေရခြင်း၊ သို့မဟုတ် ဥစ္စာဓန ပို၍ကြွယ်ဝလိုသောလောဘက မိသားစုဝင်များအား မကွဲကွဲအောင်ပြုလုပ်နေသည်။ သို့ဖြစ်သည့်တိုင် အိမ်ထောင်တစ်ခုကို ကွဲပြားစေသည့်အခြေအနေများသည် အခြားအိမ်ထောင်တစ်ခုကိုမူ ထိခိုက်ချင်မှထိခိုက်မည်ဖြစ်သည်။ ကွဲပြားခြားနားချက်ကား အဘယ်နည်း။

၂။ လူအချို့တို့က မိသားစုဘဝလမ်းညွှန်ကို အဘယ်မှရှာဖွေကြသနည်း။ သို့သော် ထိုသို့သောလမ်းညွှန်၏ အကောင်းဆုံးဇာစ်မြစ်ကား အဘယ်နည်း။

၂ သဘောထားအမြင်သည် အခြေခံအကြောင်းတရားတစ်ခုဖြစ်သည်။ တစ်ဖက်သား၏ သဘောထားအမြင်ကိုနားလည်ရန် သင်ရိုးသားစွာကြိုးစားပါက သင်သည် အိမ်ထောင်တစ်ခု မည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည်ကို ပိုင်းခြားသိမြင်ရန် ပို၍အကြောင်းများသည်။ ဒုတိယအခြေခံအကြောင်းတရားမှာ သင်ခံယူသည့်လမ်းညွှန်ချက်၏ဇာစ်မြစ်ဖြစ်သည်။ များစွာသောသူတို့က အလုပ်ဖော်များ၊ အိမ်နီးချင်းများ၊ သတင်းစာပင်တိုင်ဆောင်းပါးရှင်များ သို့မဟုတ် အခြားလူသားချင်းများထံမှ အကြံဉာဏ်များကိုလိုက်နာကြသည်။ သို့သော်၊ အချို့ကမူ သူတို့၏အခြေအနေနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အဆိုအမိန့်များကိုတွေ့ရှိပြီး သိရှိလာသည့်အတိုင်းကျင့်သုံးကြသည်။ ထိုသို့ပြုခြင်းက မိသားစုတစ်ခုအား အိမ်ထောင်၏ငြိမ်သက်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် မည်သို့ထောက်ကူနိုင်သနည်း။—၂ တိမောသေ ၃:၁၆၊ ၁၇။

သင့်ခင်ပွန်းက ခြားနားသောဘာသာကို ကိုးကွယ်သော်

၃။ (က) ယုံကြည်ခြင်းမတူသူကို လက်ထပ်ထိမ်းမြားခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၏သြဝါဒကား အဘယ်နည်း။ (ခ) အိမ်ထောင်ဖက်တစ်ဦးက ယုံကြည်သူဖြစ်ပြီး ကျန်တစ်ဦးကမဟုတ်ပါက လက်တွေ့ကျင့်ဆောင်နိုင်သည့် အဘယ်အခြေခံမူအချို့ရှိသနည်း။

၃ ဘာသာရေးယုံကြည်ချက်မတူသူကို လက်မထပ်ရန် သမ္မာကျမ်းစာက အခိုင်အမာဆုံးမထားသည်။ (တရားဟောရာ ၇:၃၊ ၄; ၁ ကောရိန္သု ၇:၃၉) သို့သော်၊ သင်သည် အိမ်ထောင်ကျပြီးနောက်ပိုင်းတွင်သာ အမှန်တရားကို သင်ကြားနားလည်လာခြင်းဖြစ်ပြီး သင့်ခင်ပွန်းကမူ ထိုသို့သင်ကြားခြင်းမပြုဘဲနေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ သို့ဖြစ်လျှင် မည်သို့နည်း။ သင်တို့၏လက်ထပ်ကတိသစ္စာ ဆက်လက်တရားဝင်သည်မှာ ဆိုဖွယ်မရှိ။ (၁ ကောရိန္သု ၇:၁၀) သမ္မာကျမ်းစာက အိမ်ထောင်နှောင်ကြိုး၏ ထာဝရတည်မြဲမှုကို အလေးအနက်ပြုကာ အိမ်ထောင်သည်များအား မိမိတို့၏ကွဲလွဲချက်များကို အဖြေရှာရန်၊ ကျောခိုင်း၍ထွက်မပြေးရန် အားပေးသည်။ (ဧဖက် ၅:၂၈-၃၁; တိတု ၂:၄၊ ၅) သို့သော်၊ သမ္မာကျမ်းစာနည်းကျဘာသာတရား သင်ကျင့်သုံးသည်ကို သင့်ခင်ပွန်းက အပြင်းအထန်ဆန့်ကျင်လျှင်ကော။ အသင်းတော်အစည်းအဝေးများသို့ သင်သွားသည်ကို သူတားဆီးကောင်းတားဆီးမည်။ သို့မဟုတ်၊ ဇနီးဖြစ်သူ တစ်အိမ်တက်ဆင်းသွားကာ ဘာသာတရားအကြောင်းပြောဆိုသည်ကို သူမလိုလားဟုဆိုချင်ဆိုမည်။ သင်မည်သို့ပြုမည်နည်း။

၄။ ဇနီးတစ်ဦးအနေဖြင့် မိမိခင်ပွန်းသည် မိမိနှင့်ယုံကြည်ခြင်းမတူပါက အဘယ်နည်းဖြင့် ကိုယ်ချင်းစာနာစိတ် ပြသနိုင်သနည်း။

၄ ‘ငါ့ယောက်ျားက ဘာလို့ဒီလိုသဘောမျိုး ပိုက်ထားတာပါလိမ့်’ ဟု မိမိကိုယ်ကိုစောကြောပါ။ (သု. ၁၆:၂၀၊ ၂၃) သင်ဘာလုပ်နေသည်ကို သူအမှန်ပင် နားမလည်၍ သင့်အတွက်စိုးရိမ်ပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် သူ၏ဆွေမျိုးများက သူတို့အတွက်အရေးကြီးသည့် ဓလေ့ထုံးစံအချို့တွင် သင်မပါဝင်တော့သဖြင့် သူ့အားဖိအားပေးကြခြင်း ဖြစ်ချင်ဖြစ်နိုင်သည်။ “အိမ်မှာတစ်ယောက်ထဲနေရတော့ စွန့်ပစ်ခံထားရသလို ခံစားရတယ်” ဟုလင်ယောက်ျားတစ်ဦးကဆိုသည်။ ထိုအမျိုးသားက မိမိဇနီးကို ဘာသာတရားတစ်ခုက လုယူသွားသည်ဟုခံစားခဲ့ရသည်။ သိက္ခာကျမခံလိုသဖြင့် သူ၏အထီးကျန်စိတ်ကို ဝန်မခံဘဲနေသည်။ ယေဟောဝါအားသင်ချစ်ခြင်းသည် ယခု သင့်ခင်ပွန်းအား ယခင်ကလောက်မချစ်နိုင်တော့ ဟူသည့်အဓိပ္ပာယ်မဟုတ်ကြောင်း သင့်ခင်ပွန်းအနေဖြင့် အာမခံချက်လိုအပ်နေခြင်းဖြစ်နိုင်၏။ သူနှင့်အတူနေရန် မဖြစ်မနေ အချိန်ပေးပါလေ။

၅။ ယုံကြည်ခြင်းမတူသောခင်ပွန်းရှိသူ ဇနီးတစ်ဦးအနေဖြင့် ချိန်ခွင်လျှာညီမျှရန် မည်သို့ထိန်းရမည်နည်း။

၅ သို့သော်၊ အခြေအနေကို ပညာရှိရှိကိုင်တွယ်ရတော့မည်ဆိုလျှင် ပို၍ပင်အရေးကြီးသောအရာတစ်ခုကို သင်ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။ “သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်က ဇနီးသည်များကိုတိုက်တွန်းထားသည်။ (ကောလောသဲ ၃:၁၈) ဤနည်းအားဖြင့် အမှီအခိုကင်းကင်းနေလိုသည့်စိတ်ဓာတ်ကို မမွေးမြူရန် သတိပေးထားသည်။ ထို့အပြင် “သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း” ဟုဆိုခြင်းအားဖြင့် ခင်ပွန်းအားလက်အောက်ခံခြင်းတွင် သခင်ဘုရားအား လက်အောက်ခံခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဤကျမ်းစကားက ညွှန်းဆိုနေသည်။ ချိန်ခွင်လျှာညီမျှရန်လိုပေသည်။

၆။ ခရစ်ယာန်ဇနီးတစ်ဦးသည် အဘယ်အခြေခံမူများကို စိတ်ထဲတွင်စွဲမှတ်ထားသင့်သနည်း။

၆ ခရစ်ယာန်တစ်ဦးအတွက် အသင်းတော်အစည်းအဝေးများကိုတက်ရောက်ခြင်းနှင့် မိမိ၏ကျမ်းစာအခြေခံယုံကြည်ချက်ကို အခြားသူများအား သက်သေခံခြင်းတို့သည် စစ်မှန်သောကိုးကွယ်မှု၏ လျစ်လျူမရှုရမည့် အရေးကြီးသည့်မျက်နှာစာများဖြစ်ကြသည်။ (ရောမ ၁၀:၉၊ ၁၀၊ ၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) သို့ဖြစ်လျှင်၊ ဘုရားသခင်၏ သေချာတိကျသောတောင်းဆိုချက်ကို မလိုက်လျောရန် သင့်အား လူသားတစ်ဦးဦးက ဗြောင်အမိန့်ပေးလာပါက သင်မည်သို့ပြုမည်နည်း။ ယေရှုခရစ်၏တမန်တော်များ အတိအလင်းဆိုခဲ့ကြသည်မှာ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟူ၍ဖြစ်သည်။ (တမန်တော် ၅:၂၉) သူတို့၏စံနမူနာက ဘဝ၏အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သည့်အစဉ်အလာတစ်ခုကို ချမှတ်ခဲ့ပေသည်။ ယေဟောဝါအားချစ်သောမေတ္တာက ကိုယ်တော်ပိုင်သင့်ပိုင်ထိုက်ရာဖြစ်သည့် ဆည်းကပ်ဝတ်ပြုမှုကို ကိုယ်တော်အားပေးအပ်ရန် သင့်အားလှုံ့ဆော်မည်လော။ တစ်ကြိမ်တည်းတွင်၊ သင့်ခင်ပွန်းအပေါ် သင်ထားရှိသည့် မေတ္တာနှင့်ရိုသေလေးစားမှုက သူလက်ခံနိုင်သောနည်းဖြင့် ထိုသို့ပြုရန် ကြိုးစားစေမည်လော။—မဿဲ ၄:၁၀; ၁ ယောဟန် ၅:၃။

၇။ ခရစ်ယာန်ဇနီးတစ်ဦးသည် အဘယ်ခိုင်မာသောစိတ်ပိုင်းဖြတ်ချက် ရှိရမည်နည်း။

၇ ထိုသို့ပြုရန် အစဉ်သဖြင့် လွယ်ကူမည်မဟုတ်ကြောင်း ယေရှုက မှတ်ချက်ပြုတော်မူခဲ့သည်။ စစ်မှန်သောကိုးကွယ်မှု အတိုက်အခံပြုခြင်းခံရသည့်အတွက် အချို့သောမိသားစုများမှ ယုံကြည်သူတို့သည် ယင်းတို့နှင့် ကျန်မိသားစုဝင်များအကြား ဓားရှည်တစ်ချောင်းရောက်ရှိလာသည့်အလား ဝိုင်းပယ်ဖြတ်တောက်ခံရသကဲ့သို့ ခံစားရကြမည်ဖြစ်ကြောင်း ကိုယ်တော်ကသတိပေးတော်မူခဲ့သည်။ (မဿဲ ၁၀:၃၄-၃၆) ဂျပန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ထိုအတိုင်းပင်ခံစားခဲ့ရသည်။ သူ့ခမျာ ခင်ပွန်းဖြစ်သူ၏အတိုက်အခံပြုမှုကို ၁၁ နှစ်တိုင်တိုင်ခံခဲ့ရသည်။ သူ့ကို ခက်ထန်စွာပြုမူဆက်ဆံကာ မကြာခဏ အိမ်ထဲဝင်ခွင့်မပြုဘဲ တံခါးကိုသော့ခတ်ထားတတ်သည်။ သို့သော်၊ သူဇွဲရှိရှိဖြင့် ရပ်တည်လာခဲ့သည်။ ခရစ်ယာန်အသင်းတော်မှ အဆွေခင်ပွန်းများကလည်း သူ့ကိုကူညီကြသည်။ သူသည် အဆက်မပြတ်ဆုတောင်းကာ ၁ ပေတရု ၂:၂၀ မှ ခွန်အားများစွာရယူခဲ့သည်။ မိမိခိုင်မာစွာ ဆက်လက်ရပ်တည်မြဲရပ်တည်ပါက မိမိ၏ခင်ပွန်းသည် မိမိနှင့်အတူ ယေဟောဝါအားဝတ်ပြုရေး၌ တစ်နေ့နေ့တွင် ပါဝင်ပူးပေါင်းလာလိမ့်မည်ဟု ဤခရစ်ယာန်အမျိုးသမီးက ယုံကြည်စိတ်ချလျက်ရှိခဲ့သည်။ ထိုအတိုင်းလည်းဖြစ်လာခဲ့သည်။

၈၊ ၉။ ဇနီးတစ်ဦးသည် ခင်ပွန်းရှေ့၌ မလိုအပ်သောအတားအဆီးများ မချမိစေရန် မည်သို့ပြုမူသင့်သနည်း။

၈ သင့်အိမ်ထောင်ဖက်၏စိတ်သဘောအပေါ် ဩဇာသက်ရောက်စေမည့် သင်ပြုလုပ်နိုင်သည့် လက်တွေ့ကျသောအရာများစွာ ရှိပါသည်။ ဥပမာ၊ သင့်အိမ်ထောင်ဖက်က သင့်ဘာသာတရားကိုကန့်ကွက်ပါက အခြားနယ်ပယ်ကဏ္ဍများတွင် သူ့အတွက် မကျေမနပ်ဖြစ်စရာ ခိုင်လုံသောအကြောင်းတရားများ မရှိပါစေနှင့်။ အိမ်ကိုသန့်ပြန့်စွာထားရှိပါ။ သင့်ပုဂ္ဂလိကရုပ်သွင်ကို ဂရုစိုက်ပါ။ ချစ်ကြောင်း၊ လေးမြတ်ကြောင်းဖော်ပြရာ၌ ရက်ရောပါ။ ပြစ်တင်ဝေဖန်မည့်အစား ထောက်မအားပေးပါ။သူ့အား ဦးစီးသူအဖြစ် ရှုမြင်ကြောင်းပြသပါ။ ထိပါးခံရသည်ဟုခံစားမိလျှင်လည်း လက်တုံ့မပြန်ပါနှင့်။ (၁ ပေတရု ၂:၂၁၊ ၂၃) လူ့မစုံလင်မှုကို ထည့်သွင်းစဉ်းစားပါ။ အငြင်းပွားစရာပေါ်ပေါက်လာပါက စိတ်နှိမ့်ချစွာဖြင့် အလျင်ဦး၍တောင်းပန်သူဖြစ်ပါ။—ဧဖက် ၄:၂၆။

၉ သင်၏ အစည်းအဝေးတက်ရောက်ခြင်းသည် သူ့အတွက် ထမင်းစားနောက်ကျစရာအကြောင်း မဖြစ်ပါစေနှင့်။ ခရစ်ယာန်ဓမ္မအမှု၌ပါဝင်ခြင်းကိုလည်း သင်၏ခင်ပွန်း အိမ်တွင်မရှိသည့်အခါများတွင်ပြုလုပ်ရန် ရွေးချယ်နိုင်သည်။ ခင်ပွန်းဖြစ်သူ မကြိုက်သည့်အခါမျိုးတွင် သူ့အားဟောပြောခြင်းကိုရှောင်ကြဉ်ခြင်းသည် ခရစ်ယာန်ဇနီးတစ်ဦးအတွက် ပညာရှိရာရောက်သည်။ ထိုသို့ဟောပြောမည့်အစား တမန်တော်ပေတရု၏ဆုံးမစကားကို လိုက်နာသည်။ “မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သို့ပြု၍၊ နှုတ် [မြွက်] တရားကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍၊ [“နှုတ်ဖြင့်ပြောပြရန်မလိုဘဲ၊” ကဘ] မိမိမယား၏အကျင့်အားဖြင့်သွေးဆောင်လျက် အတူပါမည်အကြောင်းရှိ၏။” (၁ ပေတရု ၃:၁၊ ၂) ခရစ်ယာန်ဇနီးများသည် ဘုရားသခင့်ဝိညာဉ်တော်အသီးကို ပိုမိုပြည့်ဝစွာပေါ်လွင်စေရေးကို အားထုတ်ကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။

ဇနီးဖြစ်သူ ခရစ်ယာန်မဟုတ်လျှင်

၁၀။ ယုံကြည်သူခင်ပွန်းတစ်ဦးသည် ဘာသာကွဲဇနီးဖြစ်သူအား မည်သို့ပြုမူဆက်ဆံသင့်သနည်း။

၁၀ လင်ယောက်ျားက ခရစ်ယာန်ဘာသာကိုကျင့်သုံးသူဖြစ်ပြီး ဇနီးဖြစ်သူကမဟုတ်လျှင် မည်သို့နည်း။ ယင်းသို့သောအခြေအနေမျိုးအတွက် သမ္မာကျမ်းစာက လမ်းညွှန်ချက်ပေးထားပါသည်။ “တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည်မိမိခင်ပွန်းနှင့်နေခြင်းငှာ အလိုရှိလျှင်၊ မကွာစေနှင့်” ဟုဆိုသည်။ (၁ ကောရိန္သု ၇:၁၂) လင်ယောက်ျားတို့အား “ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ဟုလည်းဆုံးမထားသည်။—ကောလောသဲ ၃:၁၉။

၁၁။ ခင်ပွန်းတစ်ဦးအနေဖြင့် မိမိဇနီးသည် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူမဟုတ်လျှင် ပိုင်းခြားသိမြင်တတ်သောဉာဏ်ကို မည်သို့ပြသ၍ ဇနီးအပေါ် ဦးစီးမှုအခွင့်အာဏာကို လိမ္မာပါးနပ်စွာ မည်သို့ကျင့်သုံးနိုင်သနည်း။

၁၁ သင်၌ ယုံကြည်ခြင်းမတူသူဇနီးရှိပါက သူ့အားလေးစားမှုပြရန်နှင့် သူ၏ခံစားမှုများကို စာနာထောက်ထားတတ်ရန် အထူးဂရုစိုက်ပါလေ။ သင်သဘောမတူသည့်တိုင်အောင်၊ အရွယ်ရောက်လူကြီးတစ်ဦးအနေနှင့် သူ၏ဘာသာရေးခံယူချက်များကို အတိုင်းအတာတစ်ခုဖြင့် လွတ်လပ်စွာကျင့်သုံးပိုင်ခွင့် သူ၌ရှိပါသည်။ သင့်ယုံကြည်ချက်ကို ပထမအကြိမ်ပြောပြသောအခါ သူ့ဘက်မှ ကာလကြာမြင့်စွာ ကိုင်ဆွဲလာခဲ့သည့်ယုံကြည်ချက်ကို အသစ်သောအရာတစ်ခုခုအတွက် စွန့်လွှတ်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ သူနှင့်သူ့မိသားစုတို့ နှစ်ရှည်လများ အမြတ်တနိုးကျင့်သုံးလာခဲ့သည့် ဘာသာရေးဓလေ့ထုံးစံများသည်မှားကြောင်း တုံးတိတိပြောမည့်အစား ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ရန် သည်းခံစိတ်ရှည်စွာဖြင့်ကြိုးစားပါ။ အသင်းတော်လှုပ်ရှားမှုများတွင် ကြီးမားသောအချိန်ကို သင်မြှုပ်နှံအသုံးပြုခြင်းကြောင့် သူ့အားလျစ်လျူရှုထားသည်ဟု သူခံစားရခြင်းဖြစ်နိုင်သည်။ ယေဟောဝါ၏အမှုတော်ကိုဆောင်ရန် သင်၏ကြိုးပမ်းမှုကို သူအတိုက်အခံပြုကောင်းပြုမည်။ မည်သို့ပင်ဆိုစေ၊ သူ့ဘက်မှ သိစေလိုသည့်အဓိကအချက်မှာ “ကျွန်မအတွက် အချိန်ပိုပေးပါ” ဟူ၍ ရိုးရိုးကလေးဖြစ်နိုင်သည်။ သည်းခံစိတ်ရှည်ပါ။ သင်၏မေတ္တာပြည့်ဝသော စာနာထောက်ထားတတ်မှုဖြင့် အချိန်တန်လျှင် သူသည် စစ်မှန်သောကိုးကွယ်မှုကို လက်ခံယုံကြည်လာနိုင်ဖွယ်ရှိသည်။—ကောလောသဲ ၃:၁၂-၁၄; ၁ ပေတရု ၃:၈၊ ၉။

ကလေးများကို သွန်သင်လေ့ကျင့်ခြင်း

၁၂။ လင်နှင့်မယားတို့သည် ယုံကြည်ခြင်းမတူစေကာမူ သားသမီးများကို လေ့ကျင့်သွန်သင်ရာ၌ ကျမ်းစာအခြေခံမူများကို မည်သို့လိုက်နာကျင့်သုံးသင့်သနည်း။

၁၂ ကိုးကွယ်မှုတွင် စည်းလုံးခြင်းမရှိသောအိမ်ထောင်၌ ကလေးများကို ဘာသာတရားအရ သွန်သင်လေ့ကျင့်ပေးခြင်းသည် မကြာခဏ ပြဿနာတစ်ရပ်ဖြစ်တတ်သည်။ ကျမ်းစာအခြေခံမူများကို မည်သို့အသုံးချသင့်သနည်း။ သားသမီးများကို သွန်သင်လေ့ကျင့်ပေးရေးအတွက် သမ္မာကျမ်းစာက ဖခင်ဖြစ်သူအား အဓိက တာဝန်ပေးထားသည်။ သို့သော်၊ မိခင်၌လည်း ပါဝင်စရာ အရေးကြီးသောအခန်းကဏ္ဍရှိသည်။ (သု. ၁:၈; ကမ္ဘာဦး ၁၈:၁၉; တရားဟောရာ ၁၁:၁၈၊ ၁၉ တို့နှင့်နှိုင်းယှဉ်။) ဖခင်တစ်ဦးသည် ခရစ်တော်၏ဦးစီးမှုကို လက်မခံလျှင်ပင် အိမ်ထောင်ဦးစီး ဆက်လက်ဖြစ်နေသည်သာဖြစ်သည်။

၁၃၊ ၁၄။ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား သားသမီးများကို ခရစ်ယာန်အစည်းအဝေးများသို့ခေါ်သွားခြင်း၊ သို့မဟုတ် သူတို့ကိုကျမ်းစာသင်ပေးခြင်း မပြုရန်တားမြစ်လျှင် သူမည်သို့ပြုနိုင်သနည်း။

၁၃ အချို့မယုံကြည်သောဖခင်များသည် ကလေးတို့၏မိခင်က ကလေးများအား ဘာသာရေးဘက် သွန်သင်လေ့ကျင့်ပေးသည်ကို မကန့်ကွက်ကြပါ။ အချို့ကမူ ကန့်ကွက်တတ်ကြသည်။ သင့်ခင်ပွန်းက သင့်အား ကလေးများကို အသင်းတော်အစည်းအဝေးများသို့ ခေါ်သွားခွင့်မပြုလျှင်၊ သို့မဟုတ် အိမ်၌ ကျမ်းစာသင်ပေးခြင်းကိုပင်တားမြစ်လျှင် မည်သို့နည်း။ တာဝန်ဝတ္တရား အတော်များများကို မျှမျှတတဖြစ်စေရန် ယခုလိုအပ်လာသည်။ ယေဟောဝါဘုရားသခင်အပေါ်၊ ဦးခေါင်းဖြစ်သူလင်ယောက်ျားနှင့် သင်ချစ်လှစွာသောသားသမီးများအပေါ်ပြုရမည့် တာဝန်ဝတ္တရားများပင်တည်း။ ယင်းတို့ကို သင်မည်သို့ညှိယူနိုင်သနည်း။

၁၄ ဤကိစ္စအတွက် သင်ဆုတောင်းရမည်မှာ သေချာသောအချက်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇; ၁ ယောဟန် ၅:၁၄) သို့သော်၊ အဆုံးတွင် အဘယ်နည်းလမ်းကိုလိုက်ရမည်ဟု ဆုံးဖြတ်ရမည့်သူမှာ သင်သာလျှင်ဖြစ်သည်။ သူ၏ဦးစီးမှုကို စိန်ခေါ်ခြင်းမဟုတ်ကြောင်း သေချာစေလျက် အကင်းပါးပါးဖြင့် သင်ဆက်လက်လုပ်ဆောင်သွားပါက သူ၏အတိုက်အခံပြုမှုသည် နောက်ဆုံးတွင် လျော့နည်းလာနိုင်၏။ ကလေးများကို အစည်းအဝေးသို့ခေါ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်အတူ ပုံမှန်ကျမ်းစာလေ့လာခြင်းကိုမပြုရန် တားမြစ်သည့်တိုင်အောင် သင်ဆက်လက်၍သင်ပေးနိုင်ပါသည်။ သင်၏နေ့စဉ်စကားပြောဆိုခြင်းနှင့် စံနမူနာကောင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲတွင် ယေဟောဝါအားချစ်ခြင်း၊ ကိုယ်တော့်နှုတ်မြွက်စကားတော်ကိုယုံကြည်ခြင်း၊ သူတို့၏ဖခင်အပါအဝင် မိဘတို့ကိုရိုသေခြင်း၊ အခြားသူများ၏အကျိုးကို မေတ္တာပါပါ ပူပန်ပေးတတ်ခြင်း၊ အသိစိတ်ဖြင့်ကြိုးစားလုပ်ကိုင်ခြင်းအကျင့်ကို ချစ်မြတ်နိုးခြင်းစသည်တို့ကို အတိုင်းအတာတစ်ခုအားဖြင့် သွတ်သွင်းပေးပါ။ အချိန်တန်လျှင် ဖခင်ဖြစ်သူသည် ရလဒ်ကောင်းများကို သတိပြုမိပြီး သင့်အားထုတ်မှု၏တန်ဖိုးကို လေးမြတ်လာနိုင်ပါသည်။—သု. ၂၃:၂၄။

၁၅။ သားသမီးတို့၏ပညာရေးနှင့်ပတ်သက်၍ ယုံကြည်သူဖခင်တစ်ဦး၌ အဘယ်တာဝန်ရှိသနည်း။

၁၅ သင်သည် ယုံကြည်သူလင်ယောက်ျားဖြစ်ပြီး သင့်ဇနီးသည် မယုံကြည်သူဖြစ်ပါက သားသမီးများအား “ယေဟောဝါ၏ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကွပ်ပဲ့ပြင်ခြင်းနှင့်အညီ” မွေးမြူပျိုးထောင်ရန် သင်တာဝန်ယူရမည်ဖြစ်သည်။ (ဧဖက် ၆:၄၊ ကဘ) တစ်ကြိမ်တည်းတွင် သင့်ဇနီးအား ကြင်နာစွာ၊ ချစ်မြတ်နိုးစွာ၊ အကျိုးသင့်အကြောင်းသင့်ရှိစွာ ဆက်ဆံသင့်သည်မှာ အထူးပြောစရာမလိုပေ။

သင့်မိဘတို့နှင့် ဘာသာအယူမတူသော်

၁၆၊ ၁၇။ သားသမီးတို့သည် မိဘတို့၏ယုံကြည်ခြင်းနှင့်ကွဲပြားသည့် ယုံကြည်ခြင်းကိုလက်ခံလျှင် အဘယ်ကျမ်းစာအခြေခံမူများကို သတိရသင့်သနည်း။

၁၆ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကပင် မိဘတို့နှင့်မတူသော ဘာသာရေးအမြင်များ စွဲကိုင်လာကြခြင်းသည် အထူးအဆန်းမဟုတ်တော့ပါ။ သင် ထိုအတိုင်းဖြစ်သလော။ ထိုအတိုင်းဖြစ်ပါက သင့်အတွက် သမ္မာကျမ်းစာ၌ အကြံဉာဏ်ရှိပါသည်။

၁၇ ဘုရားသခင့်နှုတ်မြွက်စကားတော်က “သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ ‘မိဘကိုရိုသေစွာပြုလော့’” ဟုဆိုထားသည်။ (ဧဖက် ၆:၁၊ ၂) ဤတွင် ရိုးသားစစ်မှန်သောရိုသေလေးစားမှု ပါဝင်၏။ သို့သော်၊ မိဘစကားကိုနားထောင်ခြင်းသည် အရေးကြီးသော်လည်း စစ်မှန်သောဘုရားသခင်အား မထောက်ထားဘဲမပြုသင့်ပါ။ ကလေးတစ်ဦးသည် ဆုံးဖြတ်မှုများ စတင်ပြုလုပ်နိုင်သည့်အရွယ် ရောက်လာသည့်အခါ မိမိ၏အပြုအမူများအတွက် ပို၍တာဝန်ရှိလာသည်။ ဤအချက်သည် လောကီတရားဥပဒေအရသာမဟုတ် အထူးသဖြင့် ဘုရားသခင်၏တရားတော်အရလည်း မှန်ကန်ပေသည်။ “ငါတို့တစ်ဦးစီသည် မိမိတို့ကိုယ်တိုင်အတွက် ဘုရားသခင်ထံ အစီရင်ခံကြမည်” ဟုသမ္မာကျမ်းစာကဆိုသည်။—ရောမ ၁၄:၁၂၊ ကဘ။

၁၈၊ ၁၉။ သားသမီးတို့အနေဖြင့် မိမိတို့၏ဘာသာသည် မိဘတို့၏ဘာသာနှင့်မတူပါက မိမိတို့၏ယုံကြည်ချက်ကို မိဘတို့ပိုမိုကောင်းစွာသိရှိနားလည်စေရန် မည်သို့ကူညီပေးနိုင်သနည်း။

၁၈ သင့်ယုံကြည်ချက်များက သင့်ဘဝတွင် အပြောင်းအလဲများပြုလုပ်ရန်အကြောင်း ဖြစ်ပေါ်စေပါက သင့်မိဘတို့၏ရှုမြင်ချက်ကို နားလည်ရန်ကြိုးစားပါ။ သမ္မာကျမ်းစာ၏သင်ကြားချက်များကို ဆည်းပူးလေ့လာကျင့်သုံးခြင်း၏ရလဒ်အနေဖြင့် သင်သည် ပို၍ရိုသေလေးစားတတ်သူ၊ ပို၍နာခံတတ်သူ၊ သူတို့ခိုင်းသမျှကို ပို၍ကြိုးပမ်းဆောင်ရွက်တတ်သူဖြစ်လာပါက သူတို့နှစ်သက်သဘောကျရန် အကြောင်းများသည်။ သို့သော်၊ သင့်ယုံကြည်ခြင်းအသစ်က သင့်အား သူတို့ကိုယ်တိုင်ကိုယ်ကျ အမြတ်တနိုးကျင့်သုံးသည့် ယုံကြည်ချက်နှင့်ဓလေ့ထုံးစံများကို ငြင်းပယ်စေပါက သင့်အား သူတို့ပေးလိုသည့်အမွေအနှစ်ကို ခြေဖြင့်ကန်သည်ဟု သူတို့သဘောထားကောင်းထားကြမည်ဖြစ်သည်။ သင်ပြုလုပ်နေသည့်အရာသည် အသိုင်းအဝိုင်းတွင် လူကြိုက်မများသည့်အရာဖြစ်ပါက၊ သို့မဟုတ် သင့်အား ရုပ်ပစ္စည်းကြွယ်ဝမှုကိုပေးနိုင်သည်ဟု သူတို့ယူဆသည့်အရာများကိုလိုက်စားခြင်းမှ သင့်အာရုံကိုသွေဖည်စေပါက သင့်ကောင်းစားရေးအတွက်လည်း သူတို့စိုးရိမ်ကြပေမည်။ မာနစိတ်သည်လည်း အတားအဆီးတစ်ခုဖြစ်နိုင်သည်။ စင်စစ်အားဖြင့် သင်မှန်သည်၊ သူတို့မှားသည်ဟု သင်ဆိုနေသည်ဟု သူတို့ထင်မှတ်ကောင်းထင်မှတ်ပေမည်။

၁၉ သို့ဖြစ်သောကြောင့်၊ ဒေသအသင်းတော်မှအကြီးအကဲ သို့မဟုတ် ပါရမီရင့်သောအခြားသက်သေခံအချို့နှင့် သင့်မိဘတို့တွေ့ဆုံရန် အမြန်ဆုံးအစီအစဉ်ပြုလုပ်ပါ။ အစည်းအဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာများကို ကိုယ်တိုင်နားထောင်ကြည့်ရန်၊ ယေဟောဝါသက်သေများသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရန် နိုင်ငံတော်ခန်းမသို့ တစ်ခါတစ်ခေါက်သွားရောက်ပါရန် သင့်မိဘတို့ကိုအားပေးပါ။ အတန်ကြာလျှင် သင့်မိဘတို့၏စိတ်သဘောထားသည် ပျော့ပျောင်းလာဖွယ်ရှိသည်။ မိဘတို့က အကျောက်အကန်ဆန့်ကျင်၍ ကျမ်းစာစာပေများကိုဖျက်ဆီးပြီး ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းကို တားမြစ်သည့်တိုင်အောင် အခြားနေရာများတွင် ကျမ်းစာစာပေဖတ်ရှုရန်၊ ခရစ်ယာန်ချင်းတို့နှင့်စကားပြောရန်၊ အခြားသူများအား အလွတ်သဘောသက်သေခံရန်နှင့် အကူအညီပေးရန် အများအားဖြင့် အခွင့်အလမ်းများရှိတတ်ပါသည်။ ယေဟောဝါထံလည်း ဆုတောင်းနိုင်ပါသည်။ လူငယ်လူရွယ်အချို့တို့သည် လွတ်လပ်မှုပိုမိုရရှိရေးအတွက် အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်နိုင်သည့်အရွယ်ရောက်သည်အထိ စောင့်ဆိုင်းကြရသည်။ သို့ရာတွင် အိမ်တွင် မည်သည့်အခြေအနေပင်ရှိစေကာမူ “မိဘကိုရိုသေစွာပြု” ရန်မမေ့ပါနှင့်။ အိမ်ထောင်တွင် ငြိမ်သက်အေးချမ်းမှုရှိအောင် တတ်အားသ၍ကြိုးစားပါ။ (ရောမ ၁၂:၁၇၊ ၁၈) အရေးအကြီးဆုံးမှာ ဘုရားသခင်နှင့်ငြိမ်သက်ခြင်းရှိအောင် အားထုတ်ပါ။

မိထွေးပထွေးဖြစ်ရခြင်း၏ စိန်ခေါ်ချက်

၂၀။ မိဘတစ်ဦးဦးသည် မိထွေး သို့မဟုတ် ပထွေးဖြစ်နေပါက ကလေးတို့၌ မည်သို့သောခံစားချက်များ ရှိကောင်းရှိမည်နည်း။

၂၀ အိမ်ထောင်အမြောက်အမြားတွင် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်စေသော အခြေအနေမှာ ဘာသာရေးမဟုတ်ဘဲ သွေးရင်းသားရင်းမဟုတ်သည့် ပြဿနာသာဖြစ်သည်။ ယနေ့အိမ်ထောင်စုအများတွင် မိဘတစ်ဖက်ဘက်မှ သို့မဟုတ် နှစ်ဖက်စလုံးမှ ယခင်အိမ်ထောင်ဟောင်းမှ သားသမီးများပါဝင်ကြသည်။ ထိုသို့သောမိသားစုမျိုးတွင် ကလေးတို့သည် မနာလိုမှု၊ စိတ်မကျေနပ်မှု သို့မဟုတ် မိဘအပေါ်သစ္စာစောင့်သိမှုတွင် သဘောထားကွဲလွဲမှုများ တွေ့ကြုံတတ်ကြသည်။ အကျိုးရလဒ်အနေနှင့် သူတို့သည် ဖခင်ကောင်းမိခင်ကောင်းဖြစ်ရန် မိထွေးပထွေးဖြစ်သူ၏ စိတ်ရင်းစေတနာမှန်နှင့် ကြိုးပမ်းအားထုတ်မှုကိုပင် ပစ်ပစ်ခါခါပယ်ချတတ်ကြသည်။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတစ်ခု အောင်မြင်ရေးအတွက် အဘယ်အရာက အထောက်အကူပေးနိုင်သနည်း။

၂၁။ မိထွေးပထွေးဖြစ်သူတို့အနေဖြင့် တစ်မူထူးခြားသည့်အခြေအနေမျိုးရှိလင့်ကစား သမ္မာကျမ်းစာအခြေခံမူများမှ အဘယ်ကြောင့် အကူအညီရယူသင့်သနည်း။

၂၁ အခြေအနေတစ်မူထူးခြားစေကာမူ အခြားသောအိမ်ထောင်စုများကိုအောင်မြင်စေသည့် သမ္မာကျမ်းစာအခြေခံမူများသည် သွေးရင်းသားရင်းမဟုတ်သည့်မိသားစုနှင့်လည်း သက်ဆိုင်ပါသည်။ ထိုအခြေခံမူများကိုလျစ်လျူရှုခြင်းသည် ယာယီအခိုက်အတန့်အားဖြင့် ပြဿနာပြေလည်သယောင်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ဆင်းရဲကိန်းဆိုက်ရန် အကြောင်းများသည်။ (ဆာလံ ၁၂၇:၁; သု. ၂၉:၁၅) ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ်တို့ကို ပြုစုပျိုးထောင်ပါ။ ဉာဏ်ပညာက ရေရှည်အကျိုးမျှော်ကိုးလျက် ဘုရားရေးရာအခြေခံမူများကို ကျင့်သုံးရန်ကူညီပေးမည်ဖြစ်ပြီး ပိုင်းခြားသိမြင်သည့်ဉာဏ်က မိသားစုဝင်များ အကြောင်းအရာတစ်ခုခုကို အဘယ်ကြောင့်ပြောဆိုပြုမူသည်ကို သိမြင်နားလည်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ကိုယ်ချင်းစာတရားထားရန်လည်းလိုသည်။—သု. ၁၆:၂၁; ၂၄:၃; ၁ ပေတရု ၃:၈။

၂၂။ ကလေးတို့သည် မိထွေး သို့မဟုတ် ပထွေးတစ်ဦးကိုလက်ခံရန် အဘယ်ကြောင့် အခက်အခဲရှိသနည်း။

၂၂ သင်သည်မိထွေး သို့မဟုတ် ပထွေးတစ်ဦးဖြစ်လျှင် ထိုမိသားစု၏မိတ်ဆွေတစ်ဦးဖြစ်စဉ်က ကလေးများက သင့်ကို လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်ကို သတိရကောင်းရပေမည်။ သို့သော် သူတို့၏မိထွေး သို့မဟုတ် ပထွေးဖြစ်လာသည့်အခါ သူတို့စိတ်ထားပြောင်းလဲကောင်း ပြောင်းလဲသွားမည်။ ကလေးတို့သည် သူတို့နှင့်အတူမနေတော့သည့် မိဘရင်းကိုသတိရလျက် သစ္စာစောင့်သိခြင်းတွင် သဘောထားကွဲလွဲမှုနှင့် နပန်းလုံးနေရပေမည်။ မရှိတော့သည့်မိဘရင်းအပေါ် သူတို့ထားရှိသည့် ချစ်ခင်တွယ်တာမှုကို သင်ကလုယူရန်ကြိုးစားနေသည်ဟု သူတို့ယူဆကောင်းယူဆကြမည်။ တစ်ခါတစ်ရံ သူတို့က သင်သည် သူတို့၏ ဖခင်အရင်း၊ သို့မဟုတ် သူတို့၏ မိခင်အရင်းမဟုတ်ကြောင်း တဲ့တိုးပင် သတိပေးကောင်းပေးမည်။ ဤသို့သောစကားများသည် အသည်းနာစရာကောင်းသည်။ သို့သော်၊ “ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိနှင့်။” (ဒေ. ၇:၉၊ သမ) ကလေးတို့၏စိတ်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ်နှင့် ကိုယ်ချင်းစာတရားရှိရန်လိုအပ်သည်။

၂၃။ လင်ပါ သို့မဟုတ် မယားပါ သားသမီးများရှိသည့်မိသားစုတွင် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ပြုသင့်သနည်း။

၂၃ ဆုံးမပဲ့ပြင်မှုပြုရသည့်အခါ ထိုအရည်အချင်းများသည် အထူးပင်အရေးကြီး၏။ ရှေ့နောက်ညီညွတ်သောဆုံးမပဲ့ပြင်ခြင်းသည် အရေးကြီး၏။ (သု. ၆:၂၀; ၁၃:၁) ကလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် မတူကြသဖြင့် ဆုံးမပဲ့ပြင်ရာ၌ တစ်ယောက်ပုံစံတစ်မျိုးစီ လိုကောင်းလိုမည်။ အချို့မိထွေးပထွေးတို့အနေဖြင့် မိဘတာဝန်၏ဤအပိုင်းကဏ္ဍကို အနည်းဆုံးအစပိုင်းတွင် မိဘအရင်းဖြစ်သူက ထမ်းဆောင်လျှင်ပိုမိုသင့်တော်ကြောင်း တွေ့ရှိကြသည်။ သို့ရာတွင်၊ မိဘနှစ်ဦးစလုံးအနေဖြင့် ဆုံးမပဲ့ပြင်ခြင်းကို သဘောတူထောက်ခံရန် အလွန်အရေးကြီးသည်။ ကလေးအရင်းကို အရင်းမဟုတ်သည့်ကလေးထက် မျက်နှာသာပေးခြင်းမပြုရပေ။ (သု. ၂၄:၂၊ ၃) နာခံခြင်းသည် အရေးကြီးသော်လည်း ကလေးများသည် မစုံလင်သူများဖြစ်ကြောင်းကိုလည်း ထည့်တွက်ရန်လိုသည်။ လွန်လွန်ကျွံကျွံမပြုပါနှင့်။ မေတ္တာဖြင့်ဆုံးမပဲ့ပြင်ပေးပါ။—ကောလောသဲ ၃:၂၁။

၂၄။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုအတွင်း လိင်ခြားသူမိသားစုဝင် အချင်းချင်းစပ်ကြားတွင် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများကို လွဲဖယ်နိုင်ရန် အဘယ်အရာက အထောက်အကူပေးနိုင်သနည်း။

၂၄ မိသားစုဆွေးနွေးတိုင်ပင်ခြင်းသည် ဒုက္ခအခက်အခဲများကိုရှောင်လွဲရန်အတွက် များစွာအကျိုးပြုသည်။ ဘဝတွင် အရေးအကြီးဆုံးအရာများအပေါ် အာရုံစိုက်ရန် မိသားစုကို အထောက်အကူပေးနိုင်သည်။ (ဖိလိပ္ပိ ၁:၉-၁၁ နှိုင်းယှဉ်။) မိသားစုပန်းတိုင် လှမ်းကိုင်နိုင်ရေးအတွက် မိသားစုဝင်တစ်ဦးစီအနေနှင့် မည်သို့မည်ပုံ ပံ့ပိုးကူညီနိုင်ကြောင်းသိမြင်ရန်လည်း ထောက်ကူပေးနိုင်သည်။ ၎င်းပြင်၊ မိသားစု ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများကို လွဲဖယ်ပစ်နိုင်သည်။ မိန်းကလေးများအနေဖြင့် သူတို့၏ပထွေးနှင့် မအေတူဖအေကွဲညီအစ်ကိုများရှေ့တွင် မည်ကဲ့သို့ဝတ်စားဆင်ယင် ပြုမူကျင့်ကြံအပ်ကြောင်း သိရှိရန်လိုသကဲ့သို့ ယောက်ျားကလေးများအနေဖြင့်လည်း သူတို့၏မိထွေးနှင့် ဖအေတူမအေကွဲညီအစ်မများအပေါ် မည်သို့လျောက်ပတ်စွာပြုမူဆက်ဆံအပ်ကြောင်း အကြံဉာဏ်လိုအပ်သည်။—၁ သက်သာလောနိတ် ၄:၃-၈။

၂၅။ သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတွင် ငြိမ်သက်အေးချမ်းမှုရှိအောင် အဘယ်အရည်အချင်းများက အထောက်အကူပေးသနည်း။

၂၅ မိထွေးပထွေးဖြစ်ခြင်းနှင့်ဆိုင်သော အထူးစိန်ခေါ်ချက်ကို ရင်ဆိုင်ရာ၌ စိတ်ရှည်သည်းခံမှုရှိပါ။ ဆက်ဆံမှုအသစ်ထူထောင်ရန်အတွက် အချိန်ပေးရမည်။ သွေးရင်းသားရင်းမဟုတ်သည့်ကလေးများ၏ မေတ္တာနှင့်ရိုသေလေးစားမှုကိုရယူရေးသည် ဧရာမလုပ်ငန်းတာဝန်ကြီးတစ်ရပ်ဖြစ်နိုင်သည်။ သို့သော် မဖြစ်နိုင်သည့်အလုပ်မဟုတ်ပါ။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုသည့် ပြင်းပြသောဆန္ဒနှင့်အတူ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်သည့်ဉာဏ်ရှိသောနှလုံးသည် သွေးရင်းသားရင်းမဟုတ်သည့်မိသားစုတွင် ငြိမ်သက်အေးချမ်းမှုရှိရေးအတွက် အဓိကသော့ချက်ပင်ဖြစ်သည်။ (သု. ၁၆:၂၀) ဤသို့သောအရည်အချင်းများသည် အခြားသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်လည်း သင့်အားအထောက်အကူပေးနိုင်သည်။

ဥစ္စာဓနလိုက်စားမှုက သင့်အိမ်ထောင်ကို ကွဲပြားစေသလော

၂၆။ ရုပ်ဝတ္ထုပစ္စည်းနှင့်ပတ်သက်သည့် ပြဿနာများနှင့် စိတ်သဘောထားတို့က မိသားစုကို အဘယ်နည်းများဖြင့် ကွဲပြားစေနိုင်သနည်း။

၂၆ ရုပ်ဝတ္ထုပစ္စည်းနှင့်ပတ်သက်သည့်ပြဿနာများနှင့် စိတ်သဘောထားတို့သည် မိသားစုများကို နည်းအမျိုးမျိုးဖြင့် ကွဲပြားစေတတ်သည်။ ဝမ်းနည်းစရာမှာ အချို့သောမိသားစုတို့သည် ငွေနှင့်ကြီးပွားချမ်းသာလိုသည့်ဆန္ဒ—ယုတ်စွအဆုံး အနည်းငယ်ပို၍ချမ်းသာလိုသည့်ဆန္ဒ—အတွက် အငြင်းပွားမှုကြောင့် ပြိုကွဲလျက်ရှိကြသည်။ လင်မယားနှစ်ဦးစလုံးအလုပ်လုပ်ပြီး “ငါ့ငွေ၊ မင်းငွေ” ဆိုသည့်သဘောထားမျိုး မွေးမြူလာကြပြီဆိုလျှင် စိတ်ဝမ်းကွဲပြားမှုဖြစ်လာတတ်သည်။ အငြင်းပွားမှုများကို ရှောင်ကြဉ်နိုင်သည်ပဲထား လင်မယားနှစ်ဦးစလုံး အလုပ်လုပ်ကြသည့်အခါ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အချိန်ပေးစရာအနည်းငယ်သာရှိတော့သည်ကို တွေ့ကောင်းတွေ့ရပေမည်။ ဖခင်ဖြစ်သူတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် ရှာဖွေနိုင်သည်ထက် ငွေပိုမိုရှာဖွေနိုင်ရန်အတွက် မိသားစုနှင့်ခွဲခွာ၍ ဝေးရပ်တွင်နှစ်ရှည်လများ ကြာမြင့်စွာနေထိုင်သည့်ဓလေ့သည် ယနေ့ကမ္ဘာတွင် ခေတ်ထနေသည့်ရေစီးကြောင်းတစ်ရပ်ဖြစ်သည်။ ယင်းအခြေအနေသည် အလွန်ကြီးလေးသည့်ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

၂၇။ ငွေရေးကြေးရေးအကျပ်အတည်း ရင်ဆိုင်နေရသည့်မိသားစုအား အဘယ်အခြေခံမူအချို့က အထောက်အကူပေးနိုင်သနည်း။

၂၇ ခြားနားသောမိသားစုတို့သည် ခြားနားသောဖိစီးမှုများနှင့် လိုအပ်ချက်တို့ကို ကိုင်တွယ်ဖြေရှင်းနေကြရသဖြင့် ယင်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းရန်မဖြစ်နိုင်ပေ။ သို့တိုင်အောင်၊ သမ္မာကျမ်းစာဆုံးမစကားက အထောက်အကူပေးနိုင်ပါသည်။ နယပုံပြင် ၁၃:၁၀ (ကဘ) ၌ “အတူတကွ တိုင်ပင်ခြင်း” အားဖြင့် မလိုလားအပ်သည့် ရုန်းကန်လှုပ်ရှားမှုကို တစ်ခါတစ်ရံ ရှောင်ရှားနိုင်ကြောင်း ဖော်ပြထားသည်။ တိုင်ပင်ခြင်းဆိုရာ၌ ကိစ္စတစ်ခုနှင့်ပတ်သက်၍ မိမိ၏ကိုယ်ပိုင်အမြင်သဘောထားကို တင်ပြရုံမျှမက အကြံဉာဏ်တောင်းခံခြင်း၊ တစ်ဖက်သား၏ အမြင်သဘောထားကိုရယူခြင်းတို့ အကျုံးဝင်သည်။ ၎င်းအပြင်၊ လက်တွေ့ကျသော ခန့်မှန်းခြေရသုံးငွေစာရင်း ရေးဆွဲခြင်းအားဖြင့် မိသားစုကြိုးပမ်းအားထုတ်မှုများကို ပို၍အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ တစ်ခါတစ်ရံ အပိုကုန်ကျစရိတ်များကိုကာမိစေရန်၊ အထူးသဖြင့် သားသမီးများ သို့မဟုတ် အခြားမှီခိုသူများရှိသည့်အခါမျိုး၌ အခိုက်အတန့်အားဖြင့်ဖြစ်ဖြစ် လင်မယားနှစ်ယောက်စလုံး အပြင်ထွက်၍အလုပ်လုပ်ရန် လိုအပ်လာတတ်သည်။ အခြေအနေဤသို့ဖြစ်လာပါက ခင်ပွန်းဖြစ်သူအနေဖြင့် မိမိဇနီးနှင့်အဖော်ပြုရန် အချိန်ရှိပါသေးကြောင်း သူ့အားစိတ်ချယုံကြည်အောင် ပြောပြပါ။ ခင်ပွန်းဖြစ်သူနှင့် သားသမီးများကလည်း သာမန်အားဖြင့် သူတစ်ဦးတည်းလုပ်ကိုင်ရသည့် အလုပ်အချို့ကို မေတ္တာဖြင့်ကူညီပေးနိုင်ကြသည်။—ဖိလိပ္ပိ ၂:၁-၄။

၂၈။ အဘယ်သတိပေးချက်များကိုလိုက်နာလျှင် မိသားစုတစ်ခုကို စည်းလုံးညီညွတ်မှုရှိအောင် ထောက်ကူပေးနိုင်သနည်း။

၂၈ သို့ရာတွင်၊ ဤအစီအစဉ်စနစ်အတွင်း ငွေသည် လိုအပ်သောအရာဖြစ်သော်လည်း ပျော်ရွှင်မှုကိုကား မပေးစွမ်းနိုင်ကြောင်း စိတ်ထဲ၌စွဲမှတ်ထားပါလေ။ အသက်ပေးရန်ဆိုလျှင် ပို၍ဝေးပေသည်။ (ဒေ. ၇:၁၂) စင်စစ်အားဖြင့် ဥစ္စာဓနကို အလေးပေးလွန်းလျှင် ဝိညာဉ်ရေးနှင့်ကိုယ်ကျင့်တရား ပျက်စီးစေတတ်သည်။ (၁ တိမောသေ ၆:၉-၁၂) စားဝတ်နေရေးအတွက် လိုအပ်ချက်များကို ကြိုးပမ်းရှာဖွေရာ၌ ဘုရားသခင်၏ကောင်းချီးရရှိထားသည်ဟူသော အာမခံချက်နှင့်အတူ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးရှာလျှင် မည်မျှသာ၍ကောင်းမည်တကား! (မဿဲ ၆:၂၅-၃၃; ဟေဗြဲ ၁၃:၅) ဝိညာဉ်ရေးအကျိုးစီးပွားများကို ရှေ့တန်းတင်၍ ဘုရားသခင်နှင့် ဦးစွာငြိမ်သက်ခြင်းရအောင် အမီလိုက်မည်ဆိုလျှင် သင့်အိမ်ထောင်စုသည် အချို့သောအခြေအနေများကြောင့် ကွဲပြားကောင်းကွဲပြားနေမည်ဖြစ်သော်လည်း အရေးအကြီးဆုံးသောကဏ္ဍများ၌ အမှန်ပင်စည်းလုံးသည့်မိသားစု ဖြစ်လာပေမည်။

အိမ်ထောင်အတွင်း အေးချမ်းငြိမ်သက်မှုကိုထိန်းသိမ်းစောင့်ရှောက်ရန် မိသားစုဝင်များအား. . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း

ခရစ်ယာန်တို့သည် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ်ကို ပြုစုပျိုးထောင်၏။—သု. ၁၆:၂၁; ၂၄:၃။

အိမ်ထောင်သည်ဘဝတွင် ဇနီးမောင်နှံအချင်းချင်း မေတ္တာနှင့်လေးစားမှုပြခြင်းသည် တူညီသောဘာသာတစ်ခုတည်းကို ကိုးကွယ်ခြင်းအပေါ် မူမတည်ပါ။—ဧဖက် ၅:၂၃၊ ၂၅။

ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်ပညတ်တော်ကို မည်သည့်အခါမျှ တမင်တကာ ချိုးဖောက်မည်မဟုတ်။—တမန်တော် ၅:၂၉။

ခရစ်ယာန်တို့သည် ငြိမ်းချမ်းရေးကို ပြုစုသူများဖြစ်ကြ၏။—ရောမ ၁၂:၁၈။

လျင်မြန်စွာ ဗွေမယူပါနှင့်။—ဒေ. ၇:၉။

သင့်တင့်လျောက်ပတ်စွာထိမ်းမြားလက်ထပ်ခြင်းသည်ဂုဏ်သိက္ခာနှင့် ငြိမ်သက်ခြင်းတိုးပွားစေ၏

ယခုခေတ်တွင် ယောက်ျားနှင့်မိန်းမအများအပြားတို့သည့် တရားဝင်ကတိကဝတ်ပြုခြင်းမရှိဘဲနှင့် အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူပေါင်းသင်းနေထိုင်ကြသည်။ ဤအခြေအနေမျိုးကို ယုံကြည်သူဖြစ်လာသည့်လူသစ်တစ်ဦး ကိုင်တွယ်ဖြေရှင်းရဖွယ်ရှိသည်။ အချို့သောသာဓကများတွင် ထိုသို့သောပေါင်းသင်းခြင်းကို ရပ်ကွက် သို့မဟုတ် လူမျိုးနွယ်စုဓလေ့ထုံးစံအရ လက်ခံကောင်းလက်ခံဖွယ်ဖြစ်သော်လည်း ဥပဒေအရ တရားမဝင်ပါ။ သမ္မာကျမ်းစာစံနှုန်းအရ သင့်တင့်လျောက်ပတ်စွာမှတ်ပုံတင်၍ ထိမ်းမြားလက်ထပ်ရန်လိုသည်။ (တိတု ၃:၁; ဟေဗြဲ ၁၃:၄) ခရစ်ယာန်အသင်းတော်အတွင်းရှိသူများအဖို့ သမ္မာကျမ်းစာက ထိမ်းမြားပေါင်းသင်းရာ၌ တစ်လင်တစ်မယားသာဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားပါသည်။ (၁ ကောရိန္သု ၇:၂; ၁ တိမောသေ ၃:၂၊ ၁၂) ဤစံနှုန်းအတိုင်းလိုက်နာခြင်းသည် သင့်အိမ်ထောင်အတွင်း ငြိမ်သက်အေးချမ်းမှုရှိရန်အတွက် ပထမခြေလှမ်းဖြစ်သည်။ (ဆာလံ ၁၁၉:၁၆၅) ယေဟောဝါ၏တောင်းဆိုချက်များသည် သဘာဝမကျသောအရာ၊ သို့မဟုတ် ဝန်လေးစရာမဟုတ်ပါ။ ကိုယ်တော် ကျွန်ုပ်တို့အားသွန်သင်ပေးသမျှသည် ကျွန်ုပ်တို့၏အကျိုးသက်သက်အတွက်ဖြစ်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ