အခန်း တစ်ဆယ့်သုံး
အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်
၁၊ ၂။ အိမ်ထောင်တစ်ခု ပျက်ပြားမည့်အခြေအနေ ဆိုက်ရောက်လာသောအခါ အဘယ်မေးခွန်းကို မေးသင့်သနည်း။
လူစီယာအမည်ရှိ အီတလီအမျိုးသမီးတစ်ဦးသည် ၁၉၈၈ ခုနှစ်က အလွန်စိတ်ညှိုးငယ်ခဲ့သည်။a အိမ်ထောင်သက်ဆယ်နှစ်ကြာပြီးနောက် သူ၏အိမ်ထောင်သည် ဇာတ်သိမ်းခန်းသို့ရောက်ရှိခဲ့သည်။ သူ့ ယောက်ျားနှင့် ပြန်လည်သင့်မြတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အသွင်မတူအိမ်သူမဖြစ်ဆိုသည့်အတိုင်း ခွဲ၍နေလိုက်သည်။ သို့နှင့် သမီးနှစ်ယောက်ကို မိမိတစ်ကိုယ်တည်းမွေးမြူရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကာလများကို ပြန်လည်မြင်ယောင်သတိရကာ လူစီယာက “ကျွန်မတို့ရဲ့အိမ်ထောင်ကို ဘာကမှ ကယ်တင်နိုင်မှာမဟုတ်ဘူးလို့ပဲ ကျွန်မတစ်ထစ်ချယုံကြည်ခဲ့တယ်” ဟုဆိုသည်။
၂ သင်သည် အိမ်ထောင်ရေးပြဿနာများနှင့် ကြုံနေရပါက လူစီယာခမျာ မည်သို့ခံစားရသည်ကို သင်နားလည်စာနာနိုင်ပေမည်။ သင့်အိမ်ထောင်ရေးသည် အကျပ်ရိုက်နေပြီး ပြန်လည်ကယ်တင်၍တောင် ရမှရပါ့မလားဟူ၍ပင် အတွေးပေါက်ကောင်းပေါက်ပေမည်။ ယင်းသို့ဖြစ်ပါက အိမ်ထောင်ရေးကိုအောင်မြင်စေရန်အလို့ငှာ သမ္မာကျမ်းစာတွင်ပေးထားသည့် အကြံပြုချက်ကောင်းအားလုံးတို့ကို ကျွန်ုပ်ကျင့်သုံးခဲ့ပြီလောဟူသောမေးခွန်းကို ဆင်ခြင်သုံးသပ်ခြင်းသည် အထောက်အကူရကြောင်း သင်တွေ့ရမည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။
၃။ ကွာရှင်းခြင်းခေတ်စားလာနေသော်လည်း ကွာရှင်းသူနှင့်ယင်းတို့၏မိသားစုအများက အဘယ်တုံ့ပြန်မှုသတင်းများ ထွက်နေသနည်း။
၃ လင်နှင့်မယားစပ်ကြား တင်းမာမှုမြင့်မားသောအခါ အိမ်ထောင်ကိုဖျက်သိမ်းလိုက်ခြင်းသည် အလွယ်ဆုံးသောလုပ်နည်းလုပ်ဟန် ဖြစ်ပုံပေါက်သည်။ သို့သော်၊ နိုင်ငံများစွာ၌ မိသားစုပြိုကွဲခြင်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိုးများလာနေမှုကို ကြုံတွေ့နေကြရသော်လည်း ကွာရှင်းထားသောအမျိုးသား အမျိုးသမီးများအနက် ရာခိုင်နှုန်းအများက ပြတ်စဲခြင်းအတွက်နောင်တရကြကြောင်း မကြာသေးမီကလေ့လာမှုများက ဖော်ပြပေသည်။ အများအပြားမှာ မကွာရှင်းဘဲနေသူများထက် ကာယနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပို၍ခံစားရကြသည်။ ကွာရှင်းသူတို့၏သားသမီးများသည် စိတ်ရှုပ်ထွေးမှုနှင့် စိတ်မချမ်းမြေ့မှုတို့ကို နှစ်ရှည်လများခံစားရလေ့ရှိကြသည်။ ပြိုကွဲသွားသောမိသားစု၏ မိဘများနှင့် အဆွေခင်ပွန်းများလည်း ထိခိုက်နစ်နာကြရသည်။ ဤအခြေအနေအပေါ် အိမ်ထောင်၏စတီထွင်ရှင် ဘုရားသခင်၏ရှုမြင်ပုံကော မည်သို့ရှိသနည်း။
၄။ အိမ်ထောင်ရေးပြဿနာများကို မည်သို့ဖြေရှင်းသင့်သနည်း။
၄ ပြီးခဲ့သောအခန်းများတွင် သတိပြုမိခဲ့ကြသည့်အတိုင်း ဘုရားသခင်သည် အိမ်ထောင်နှောင်တည်းမှုကို ရာသက်ပန်အတွက် ကြံရွယ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၄) သို့ဖြစ်လျှင် အိမ်ထောင်များစွာတို့ အဘယ်ကြောင့်ပြိုကွဲကြရသနည်း။ ညတွင်းချင်းတော့မဖြစ်နိုင်။ အများအားဖြင့် သတိပေးလက္ခဏာများ ပေါ်ပေါက်တတ်သည်။ ပြဿနာအသေးအမွှားများသည် ပို၍ပို၍ကြီးထွားလာပြီး ဖြေရှင်း၍မရတော့ဟုထင်ရသည့်အဆင့်သို့ ရောက်သွားတတ်သည်။ သို့သော် ယင်းပြဿနာများကို သမ္မာကျမ်းစာ၏အကူအညီဖြင့် ချက်ချင်းဖြေရှင်းပါက အိမ်ထောင်ပြိုကွဲမှုများစွာတို့ကို ရှောင်လွှဲနိုင်ပေသည်။
လက်တွေ့ကျပါ
၅။ မည်သည့်အိမ်ထောင်၌မဆို အဘယ်လက်တွေ့ကျသောအခြေအနေကို ရင်ဆိုင်သင့်သနည်း။
၅ တစ်ခါတစ်ရံတွင် ပြဿနာဖြစ်စေသည့် အခြေခံအကြောင်းတရားမှာ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံး၌ရှိသည့် လက်တွေ့မကျသောမျှော်မှန်းချက်များကြောင့် ဖြစ်တတ်သည်။ အချစ်ဝတ္ထုများ၊ အများကြိုက်မဂ္ဂဇင်းများ၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်ရှင်များက လက်တွေ့ဘဝနှင့်ကင်းကွာသော မျှော်လင့်ချက်နှင့်စိတ်ကူးအိပ်မက်များကို ဖန်တီးပေးတတ်၏။ ယင်းအိပ်မက်များ လက်တွေ့အကောင်အထည် ပေါ်မလာသောအခါ လူတစ်ဦးသည် မိမိအလှည့်စားခံရသည်ဟု မကျေမချမ်းနှင့် ရန်လိုစိတ်ပင်ဖြစ်ပေါ်နိုင်၏။ သို့သော်လည်း မစုံလင်သောလူနှစ်ဦး အိမ်ထောင်ရေးသုခကို မည်သို့ခံစားနိုင်မည်နည်း။ အောင်မြင်သောဆက်ဆံရေးကိုဆွတ်ခူးနိုင်ရန် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပါသည်။
၆။ (က) အိမ်ထောင်နှင့်ပတ်သက်၍ မည်သည့်ချိန်ခွန်လျှာညီမျှသောအမြင်ကို သမ္မာကျမ်းစာကပေးထားသနည်း။ (ခ) အိမ်ထောင်ရေးသဘောကွဲလွဲမှု၏ အကြောင်းရင်းအချို့ကားအဘယ်နည်း။
၆ သမ္မာကျမ်းစာသည် လက်တွေ့ကျသည်။ အိမ်ထောင်ရေးသုခကို အသိအမှတ်ပြုသလို အိမ်ထောင်ပြုသောသူများသည် “လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်” ဟုလည်း သတိပေးထားသည်။ (၁ ကောရိန္သု ၇:၂၈) ဆိုခဲ့သည့်အတိုင်း အိမ်ထောင်ဖက်နှစ်ဦးစလုံးတို့သည် မစုံလင်ကြဘဲ အပြစ်ဘက်သို့တိမ်းညွတ်သောသဘာဝ ရှိကြသည်။ သူတို့၏စိတ္တနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖွဲ့စည်းမှုနှင့် ခံယူလာခဲ့သည့်ပြုစုပျိုးထောင်မှုတို့သည် တစ်ဦးနှင့်တစ်ဦးမတူကြပေ။ လင်မယားများသည် ငွေရေးကြေးရေးကိစ္စ၊ သားရေးသမီးရေးကိစ္စ၊ ယောက်ဖယောက္ခမစသော ဆွေမျိုးရေးကိစ္စများ၌ တစ်ခါတစ်ရံ သဘောချင်းမတိုက်ဆိုင်တတ်ကြချေ။ အတူတကွလုပ်ကိုင်ရန် အချိန်မလုံလောက်ခြင်းနှင့် လိင်မှုဆိုင်ရာပြဿနာများသည်လည်း ပဋိပက္ခ၏အကြောင်းရင်းများဖြစ်တတ်သည်။b ယင်းသို့သောကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ယူဖို့လိုသည်။ စိတ်မပျက်ပါနှင့်။ ဇနီးမောင်နှံအများစုတို့သည် ယင်းသို့သောပြဿနာများကိုရင်ဆိုင်ကာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့်ဖြေရှင်းချက်များကို ရှာယူနိုင်ကြပါသည်။
ကွဲလွဲချက်များကို ဆွေးနွေးညှိနှိုင်းပါ
၇၊ ၈။ အိမ်ထောင်ဖက်အချင်းချင်းကြား နာကြည်းမှု သို့မဟုတ် အထင်အမြင်လွဲမှားမှုများရှိပါက ကျမ်းစာနည်းကျဖြေရှင်းနည်းကား အဘယ်နည်း။
၇ နာကြည်းချက်များ၊ အထင်လွဲမှုများ သို့မဟုတ် ပုဂ္ဂိုလ်ရေးချွတ်ယွင်းချက်များကို ဆွေးနွေးရာ၌ များစွာသောသူတို့သည် စိတ်ကိုတည်ငြိမ်စွာထားရှိရန် ခက်ခဲတတ်ကြသည်။ လင်သား သို့မဟုတ် ဇနီးသည်အနေဖြင့် “ကိုယ့်ကို [သို့မဟုတ် ခင့်ကို] အထင်လွဲနေပြီ” ဟုပွင့်ပွင့်လင်းလင်းပြောမည့်အစား စိတ်လှုပ်ရှားကာ ပြဿနာကိုပုံကြီးချဲ့ကောင်းချဲ့ပေမည်။ တော်တော်များများကဆိုလျှင် “နင့်ကိုနင်ပဲဂရုစိုက်တယ်”၊ “နင် ငါ့ကိုမချစ်ဘူး” စသည်ဖြင့် နင်ပဲငဆပြောကြပေမည်။ အငြင်းအခုံမလုပ်ချင်သဖြင့် ကျန်တစ်ဦးက မတုံ့ပြန်ဘဲနေကောင်းနေမည်။
၈ ပို၍ကောင်းသောနည်းလမ်းမှာ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသောကျမ်းစာဆုံးမစကားကို အလေးမူခြင်းဖြစ်သည်။ (ဧဖက် ၄:၂၆) ပျော်ရွှင်သောမောင်နှံတစ်စုံအား ယင်းတို့၏အနှစ် ၆၀ ပြည့် နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်ပွဲတွင် ယင်းတို့၏အိမ်ထောင်ရေးအောင်မြင်မှု၏ လျှို့ဝှက်ချက်နှင့်ပတ်သက်၍ မေးမြန်းသောအခါ အမျိုးသားဖြစ်သူက “အမြင်ကွဲလွဲချက်တွေကို မဖြေရှင်းဘဲ အိပ်ရာမဝင်ဖို့ ကျုပ်တို့သင်ထားကြတယ်။ ဘယ်လောက်သေးမွှားတဲ့ကိစ္စပဲဖြစ်ဖြစ်ပေါ့” ဟုဆိုပေသည်။
၉။ (က) ပြောဆိုဆက်သွယ်ရေး၏ အလွန်အရေးပါသောအစိတ်အပိုင်းအဖြစ် အဘယ်အရာကို ကျမ်းစာထဲတွင် သတ်မှတ်ဖော်ပြထားသနည်း။ (ခ) သတ္တိနှင့်စိတ်နှိမ့်ချမှု လိုအပ်သည့်တိုင်အောင် အိမ်ထောင်ဖက်များသည် မည်ကဲ့သို့ပြုရန်လိုအပ်သနည်း။
၉ လင်နှင့်မယား သဘောကွဲလွဲသောအခါ တစ်ဦးစီအနေဖြင့် “နားကြားခြင်းငှာလျင်မြန်” ကာ “စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေး” ရန်လိုအပ်သည်။ (ယာကုပ် ၁:၁၉) ဂရုတစိုက်နားထောင်ပြီးနောက် ဝန်ချတောင်းပန်ရန်လိုကြောင်း နှစ်ဦးစလုံးက သိမြင်လာကောင်းသိမြင်လာနိုင်ပါသည်။ (ယာကုပ် ၅:၁၆) သဘောရိုးဖြင့် “မောင့်ကို [သို့မဟုတ် ခင့်ကို] စိတ်ထိခိုက်အောင်လုပ်မိတာ စိတ်မကောင်းပါဘူး” ဟုပြောထွက်ရန် စိတ်နှိမ့်ချမှုနှင့်သတ္တိလိုသည်။ သို့သော်၊ ကွဲလွဲချက်များကို ဤနည်းဖြင့်ဖြေရှင်းခြင်းသည် ဇနီးမောင်နှံတို့အား သူတို့၏ပြဿနာများကို ကူညီဖြေရှင်းရာ၌သာမက တစ်ဦး၏အဖော်ပြုမှုကို တစ်ဦးပို၍သာယာကြည်နူးစေမည့် နွေးထွေးမှုနှင့်ရင်းနှီးမှုတို့ကို ဖြစ်ထွန်းစေရာ၌လည်း များစွာထိရောက်တာသွားပေသည်။
ဆက်ဆံခြင်းဝတ်ကို ပြုစေခြင်း
၁၀။ ကောရိန္သုခရစ်ယာန်များအား ပေါလုထောက်ခံအကြံပြုခဲ့သည့် အဘယ်ကာကွယ်မှုသည် ယနေ့ခရစ်ယာန်တစ်ဦးအတွက်လည်း အကျုံးဝင်နိုင်သနည်း။
၁၀ ကောရိန္သုမြို့သားများထံ တမန်တော်ပေါလုစာရေးခဲ့စဉ်က ‘မတရားသောမေထုန်မှီဝဲခြင်းအကျင့် ပျံ့နှံ့နေခြင်းကြောင့်’ အိမ်ထောင်ပြုခြင်းကို သူထောက်ခံခဲ့သည်။ (၁ ကောရိန္သု ၇:၂) ယနေ့ကမ္ဘာကြီးသည် ရှေးခေတ်ကောရိန္သုမြို့ကဲ့သို့၊ သို့မဟုတ် ယင်းထက်ပင်ဆိုးသွမ်းနေချေ၏။ လောကီသားများ လူရှေ့သူရှေ့ပြောဆိုကြသည့် အညှီအဟောက်စကားများ၊ အရှက်မဲ့သော ဝတ်စားဆင်ယင်ပုံများ၊ မဂ္ဂဇင်းနှင့်စာအုပ်များ၊ ရုပ်သံနှင့်ရုပ်ရှင်တို့တွင် အသားပေးထည့်သွင်းဖော်ပြကြသည့် ကာမဂုဏ်ရမ္မက်နှိုးဆွသော ဇာတ်လမ်းများစသည်တို့က မတော်လျော်သောကာမဆန္ဒများကို လှုံ့ဆော်ဖြစ်ပေါ်စေ၏။ ဤကဲ့သို့သော အလားတူပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ကြသည့် ကောရိန္သုမြို့သားတို့အား တမန်တော်ပေါလုက “ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်းပြုသော် သာ၍ကောင်း၏” ဟုရေးသားခဲ့သည်။—၁ ကောရိန္သု ၇:၉။
၁၁၊ ၁၂။ (က) လင်နှင့်မယား တစ်ဦးနှင့်တစ်ဦး အဘယ်အရာပေးရန်ရှိကြပြီး ယင်းကိုမည်သို့သောစိတ်သဘောထားဖြင့် ပေးသင့်သနည်း။ (ခ) ခင်ပွန်းဝတ်ကို ယာယီဆိုင်းငံ့ထားဖို့လိုအပ်လာပါက အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။
၁၁ ထို့ကြောင့် သမ္မာကျမ်းစာက အိမ်ထောင်ရှင်ခရစ်ယာန်များအား ပညတ်ထားသည်မှာ “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့” ဟူ၍ဖြစ်သည်။ (၁ ကောရိန္သု ၇:၃) အလေးအနက်ပြုထားသည်မှာ ပေးကမ်းခြင်းဖြစ်ကြောင်း၊ တောင်းဆိုခြင်းမဟုတ်ကြောင်း သတိပြုပါလေ။ အိမ်ထောင်ရေးတွင် ကိုယ်လက်နှီးနှောခြင်းဆိုသည်မှာ တစ်ဦး၏အကျိုးကို တစ်ဦးကဂရုစိုက်ပေးမှသာ ကျေနပ်မှုကိုအမှန်တကယ် ခံစားနိုင်ပေသည်။ ဥပမာအားဖြင့်၊ သမ္မာကျမ်းစာက လင်ယောက်ျားတို့အား မိမိတို့၏ဇနီးသည်တို့ကို “သတိပညာနှင့်လျော်စွာ” ပြုမူဆက်ဆံရန် ပညတ်ထားသည်။ (၁ ပေတရု ၃:၇) ဤအချက်သည် အထူးသဖြင့် ကိုယ်လက်နှီးနှောရာ၌ မှန်ကန်လှပေသည်။ ဇနီးသည်အား နူးညံ့ကြင်နာစွာမပြုမူပါက အိမ်ထောင်ရေး၏ဤကဏ္ဍတွင် သူ့ခမျာ ပျော်ရွှင်မှုခံစားရန် အခက်အခဲတွေ့နိုင်ပေသည်။
၁၂ အိမ်ထောင်ဖက်တို့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးဝတ် မပြုစေရသည့်အခါမျိုးလည်း ရှိနိုင်သည်။ ဤအချက်သည် ဇနီးသည်အတွက်ဆိုလျှင် လတစ်လ၏တစ်စုံတစ်ခုသောအချိန်အခါ သို့မဟုတ် သူလွန်စွာပင်ပန်းနွမ်းရိနေချိန်မျိုးတွင် မှန်ကန်ပေသည်။ (ဝတ်ပြုရာ ၁၈:၁၉ နှိုင်းယှဉ်။) လင်ယောက်ျားအတွက်ဆိုပါက အလုပ်တွင် အရေးကြီးသည့်ပြဿနာတစ်ရပ်ကို ကိုင်တွယ်ရသဖြင့် စိတ်အားကုန်ခန်းနေချိန်မျိုး၌ ဖြစ်နိုင်သည်။ ယင်းသို့ ခင်ပွန်းဝတ်ကို ယာယီဆိုင်းငံ့ထားခြင်းပြုရာ၌ အခြေအနေကိုနှစ်ဦးသား ပွင့်လင်းစွာဆွေးနွေးကာ “အပြန်အလှန်သဘောတူညီမှု” ဖြင့်ပြုပါက အကောင်းဆုံးဖြစ်သည်။ (၁ ကောရိန္သု ၇:၅၊ ကဘ) ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်တို့သည် အလျင်စလို လွဲမှားစွာကောက်ချက်ဆွဲခြင်းကို ရှောင်ကြဉ်နိုင်ကြမည်ဖြစ်သည်။ ဇနီးသည်အနေဖြင့် မိမိခင်ပွန်းအား ဆက်ဆံခြင်းဝတ်ကို တမင်သက်သက်ငြင်းပယ်ပါက သို့မဟုတ် လင်ယောက်ျားအနေဖြင့် မိမိ၏ဇနီးသည်အား ခင်ပွန်းဝတ်ကို ချစ်ခင်ယုယသောနည်းဖြင့် ပေးရမည်ကိုသိလျက်နှင့် ပျက်ကွက်ပါက မိမိ၏အိမ်ထောင်ဖက်အား အပြစ်သွေးဆောင်ခံစေရန် လမ်းဖွင့်ပေးရာရောက်မည်ဖြစ်သည်။ ဤသို့ဖြင့် အိမ်ထောင်ရေးတွင် ပြဿနာများ ပေါ်ပေါက်လာနိုင်ပေသည်။
၁၃။ ခရစ်ယာန်တစ်ဦးသည် စိတ်ကူးစိတ်သန်း သန့်ရှင်းမှုကိုထိန်းသိမ်းရန် မည်သို့လုပ်ဆောင်နိုင်သနည်း။
၁၃ ကျန်ခရစ်ယာန်အားလုံးနည်းတူ အိမ်ထောင်ရှိသော ယေဟောဝါ၏အစေခံတို့သည် ညစ်ညမ်း၍ဓမ္မတာနှင့်ဆန့်ကျင်သော ဆန္ဒများကိုဖြစ်ပေါ်စေသည့် အညှီအဟောက်စာပေကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ (ကောလောသဲ ၃:၅) အရွယ်မရွေး ဆန့်ကျင်ဘက်လိင်ရှင်များနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်း မိမိတို့၏စိတ်ကူးစိတ်သန်းနှင့် အပြုအမူများကို ထိန်းသိမ်းရမည်ဖြစ်သည်။ “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟု ယေရှုကသတိပေးတော်မူခဲ့သည်။ (မဿဲ ၅:၂၈) လိင်မှုဆိုင်ရာကျမ်းစာဆုံးမစကားများကို ကျင့်သုံးခြင်းအားဖြင့် မောင်နှံစုံတို့သည် အပြစ်သွေးဆောင်ခြင်းသို့ကျရောက်၍ သူ့အိမ်ရာပြစ်မှားမှုကျူးလွန်သည့်အဖြစ်မျိုးကို ရှောင်လွှဲနိုင်သင့်ပေသည်။ အိမ်ထောင်ရေးတွင် လိင်သည် ထိမ်းမြားမင်္ဂလာ၏စထွင်ရှင် ယေဟောဝါထံတော်မှ ကျန်းမာမှုသုခကိုပေးစွမ်းသည့် ဆုလက်ဆောင်တစ်ပါးအဖြစ် ပါဝင်သည်နှင့်အညီ သူတို့သည် အားရနှစ်ခြိုက်ဖွယ်ကောင်းသော ကိုယ်လက်နှီးနှောမှုစည်းစိမ်ကို ဆက်လက်မွေ့လျော်နိုင်ပါသည်။—သု. ၅:၁၅-၁၉။
ကွာရှင်းရန် ကျမ်းစာဆိုင်ရာ ခိုင်လုံသောအကြောင်းများ
၁၄။ မည်သို့သောဝမ်းနည်းဖွယ်အခြေအနေသည် တစ်ခါတစ်ရံ ပေါ်ပေါက်တတ်သနည်း။ အဘယ်ကြောင့်နည်း။
၁၄ ခရစ်ယာန်အိမ်ထောင်အများစုတို့တွင် ပေါ်ပေါက်လာသည့်ပြဿနာများကို ဖြေရှင်းနိုင်ကြသည်မှာ ဝမ်းသာစရာပင်။ သို့သော်၊ တစ်ခါတလေ ယင်းသို့မဖြစ်ချေ။ လူသားတို့သည် မစုံလင်ကြသည့်အပြင် စာတန်စိုးမိုးထားသည့် အပြစ်နှင့်ပြည့်ဝသောလောကကြီးတွင် နေထိုင်ကြရသဖြင့် အိမ်ထောင်အချို့တို့သည် ပြိုကွဲမှတ်သို့ အမှန်ပင်ရောက်နေကြသည်။ (၁ ယောဟန် ၅:၁၉) ယင်းသို့ခက်ခဲသောအခြေအနေများကို ခရစ်ယာန်များ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။
၁၅။ (က) အိမ်ထောင်သစ်ပြန်ထူနိုင်သည့် ကွာရှင်းမှုအတွက် ကျမ်းစာဆိုင်ရာ တစ်ခုတည်းသောအခြေခံကား အဘယ်နည်း။ (ခ) သစ္စာမဲ့သောအိမ်ထောင်ဖက်ကိုမကွာရှင်းရန် အဘယ်ကြောင့်အချို့က ဆုံးဖြတ်ကြသနည်း။
၁၅ ဤစာအုပ်အခန်း ၂ တွင်ဆိုခဲ့သည့်အတိုင်း မတရားသောမေထုန်မှုသည် ကွာရှင်း၍အိမ်ထောင်သစ်ပြန်ထူနိုင်ရန် ကျမ်းစာဆိုင်ရာ တစ်ခုတည်းသောခိုင်လုံသည့်အကြောင်းပင်ဖြစ်သည်။c (မဿဲ ၁၉:၉၊ သမ) သင့်အိမ်ထောင်ဖက်ဖောက်ပြားကြောင်း တိကျသောအထောက်အထား ရရှိထားပါက သင်သည် မလွယ်ကူသောဆုံးဖြတ်စရာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဆက်ပေါင်းမည်လော၊ ကွာရှင်းမည်လော။ ဥပဒေသတ်မှတ်ချက်မရှိပါ။ အချို့သောခရစ်ယာန်များက နောင်တစစ်နောင်တမှန်ရသော အိမ်ထောင်ဖက်အား ကွင်းလုံးကျွတ်ခွင့်လွှတ်ကြသည်။ သူတို့၏ ဆက်လက်တည်တံ့သောအိမ်ထောင်သည်လည်း တိုးတက်ကောင်းမွန်လာသည်။ အချို့ကမူ ကလေးများကိုငဲ့၍ ဆက်ပေါင်းရန်ဆုံးဖြတ်ကြသည်။
၁၆။ (က) အချို့သောသူတို့အား မိမိတို့၏ ပြစ်မှားသောအိမ်ထောင်ဖက်ကိုကွာရှင်းရန် လှုံ့ဆော်သည့်အကြောင်းတရားအချို့ကား အဘယ်နည်း။ (ခ) အပြစ်ကင်းသူအနေဖြင့် ကွာရှင်းရန် သို့မဟုတ် မကွာရှင်းရန်ဆုံးဖြတ်သည်ကို အဘယ်ကြောင့်မည်သူမျှ မဝေဖန်သင့်သနည်း။
၁၆ တစ်ဖက်တွင် ပြုခဲ့သည့်ပြစ်မှုကြောင့် ကိုယ်ဝန် သို့မဟုတ် လိင်ဆက်ဆံခြင်းဖြင့်ကူးစက်သည့်ရောဂါတစ်ခုခု အကျိုးဆက်ထင်ကောင်းထင်ပေမည်။ သို့မဟုတ် ကလေးများအား လိင်ဘက်မတော်မတရားပြုတတ်သည့် မိဘတစ်ဦး၏အန္တရာယ်မှ ကာကွယ်ရန်လိုကောင်းလိုပေမည်။ ဆုံးဖြတ်ချက်မချမီ စဉ်းစားစရာအများအပြားရှိသည်မှာ ရှင်းလှသည်။ မည်သို့ပင်ဖြစ်စေ၊ သင့်အိမ်ထောင်ဖက်၏ဖောက်ပြန်မှုကို သိရှိရပြီးနောက် သူနှင့်လိင်ဆက်ဆံခြင်းကို သင်ဆက်လက်ပြုလုပ်ပါက သူ့အားခွင့်လွှတ်ကာ ဆက်လက်ပေါင်းလိုသည့်သဘော သက်ရောက်မည်ဖြစ်သည်။ သို့ဖြင့် ကွာရှင်း၍အိမ်ထောင်ပြန်ထူရန် ကျမ်းစာဆိုင်ရာ ခိုင်လုံသောအကြောင်းလည်း ရှိတော့မည်မဟုတ်။ သင်၏ဆုံးဖြတ်ချက်ကို မည်သူမျှကြားဝင်စွက်ဖက်ကာ ဩဇာပေးရန်မကြိုးစားသင့်။ သင်ချမှတ်သောဆုံးဖြတ်ချက်ကိုလည်း မည်သူမျှမဝေဖန်သင့်။ သင့်ဆုံးဖြတ်ချက်၏အကျိုးဆက်များကို သင်ခံယူရမည်ဖြစ်သည်။ “လူအသီးသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။”—ဂလာတိ ၆:၅။
ခွဲနေရန် ခိုင်လုံသောအကြောင်း
၁၇။ မတရားသောမေထုန်မှုမပါဝင်ပါက ခွဲနေခြင်း သို့မဟုတ် ကွာရှင်းခြင်းနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့သောကန့်သတ်ချက်ကို ချမှတ်ထားသနည်း။
၁၇ မတရားသောမေထုန်မှုကို မကျူးလွန်မိသည့်တိုင်အောင် အိမ်ထောင်ဖက်တစ်ဦးနှင့်ခွဲ၍နေခြင်း သို့မဟုတ် ဖြစ်နိုင်လျှင် ကွာရှင်းခြင်းကို မှန်ကန်သည်ဟုဆိုနိုင်သည့်အခြေအနေများ ရှိပါသလော။ ရှိပါသည်။ သို့သော် ဤသို့သောကိစ္စမျိုးတွင် ခရစ်ယာန်တစ်ဦးသည် လက်ထပ်ရန်မျှော်မှန်းလျက် နောက်တစ်ဦးကိုပိုးပန်းရန်အခွင့်မရှိပါ။ (မဿဲ ၅:၃၂) သမ္မာကျမ်းစာက ထိုသို့ခွဲနေခြင်းကိုခွင့်ပြုသော်လည်း ခွဲနေသူသည် “အိမ်ထောင်မပြုဘဲဆက်၍နေစေ။ သို့တည်းမဟုတ် ခင်ပွန်းဟောင်းနှင့်ပြန်၍သင့်မြတ်စေ” ဟုစည်းကမ်းပြဋ္ဌာန်းထားပေသည်။ (၁ ကောရိန္သု ၇:၁၁၊ ကဘ) ခွဲနေခြင်းကို အမြော်အမြင်ရှိသောလုပ်ရပ်အဖြစ် ယူမှတ်ဖွယ်ဖြစ်စေသည့် လွန်ကဲဆိုးရွားသောအခြေအနေအချို့ကား မည်သို့သောအခြေအနေမျိုးနည်း။
၁၈၊ ၁၉။ အိမ်ထောင်သစ် ပြန်ထူနိုင်ခွင့်မရှိသည့်တိုင်အောင် တရားဝင်ခွဲနေရန် သို့မဟုတ် တရားဝင်ကွာရှင်းရန် အိမ်ထောင်ဖက်တစ်ဦးအား စဉ်းစားချင့်ချိန်လာစေသည့် အလွန်အမင်းဆိုးရွားသော အခြေအနေအချို့ကား အဘယ်နည်း။
၁၈ လင်ယောက်ျားဖြစ်သူ၏ အပျင်းထူလွန်းမှုနှင့် အကျင့်ဆိုးများကြောင့် မိသားစုခမျာ မရှိနွမ်းပါးဘဝ ရောက်ကောင်းရောက်ပေမည်။d သူသည် မိသားစုဝင်ငွေကို လောင်းကစားအတွက် သို့မဟုတ် စွဲနေသည့်မူးယစ်ဆေး သို့မဟုတ် အရက်အတွက် သုံးပစ်ကောင်းသုံးပစ်ပေမည်။ “မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက်သာ၍ ယုတ်မာ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ တိမောသေ ၅:၈) ယင်းကဲ့သို့သောသူသည် အချိုးမပြောင်းဘဲ သူ၏အကျင့်ဆိုးများကို ငွေကြေးထောက်ပံ့ရန် ဇနီးသည်၏ချွေးနှဲစာကိုပင် သုံးပစ်ကောင်းသုံးပစ်ပါက ဇနီးသည်အနေဖြင့် တရားဝင်ခွဲနေခွင့်ကိုရယူခြင်းအားဖြင့် မိမိနှင့်သားသမီးတို့၏ ဘဝဖူလုံရေးကိုကာကွယ်ရန် ရွေးချယ်နိုင်၏။
၁၉ အိမ်ထောင်ဖက်ဖြစ်သူအား ကျန်းမာရေး သို့မဟုတ် အသက်ကိုပင် အန္တရာယ်ပြုသည်အထိ အကြိမ်ကြိမ်ရိုက်နှက်ခြင်းမျိုး ဖြစ်ကောင်းဖြစ်မည့် လွန်မင်းစွာအကြမ်းဖက်မှုများတွင်လည်း ယင်းသို့ဥပဒေကြောင်းအရဆောင်ရွက်ရေးကို စဉ်းစားနိုင်သည်။ ထို့အပြင်၊ အိမ်ထောင်ဖက်တစ်ဦးက အိမ်ထောင်ဖက်တစ်ဦးအားဘုရားသခင်၏ပညတ်တော်များကို တစ်နည်းနည်းဖြင့်ချိုးဖောက်စေရန် အထူးသဖြင့် ဝိညာဉ်ရေးအသက်တာကို အန္တရာယ်ပြုသည်အထိ အဆက်မပြတ် အတင်းအဓမ္မပြုလျှင်လည်း ခြိမ်းခြောက်ခံရသည့်အိမ်ထောင်ဖက်သည် ခွဲနေရေးကိုစဉ်းစားနိုင်သည်။ အန္တရာယ်ပြုခံရသူအနေဖြင့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်” ရန်တစ်ခုတည်းသောနည်းမှာ တရားဝင်ခွဲနေခြင်းပင်ဖြစ်သည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။—တမန်တော် ၅:၂၉။
၂၀။ (က) မိသားစုပြိုကွဲသောကိစ္စတစ်ခုတွင် ရင့်ကျက်သောမိတ်ဆွေများနှင့် အကြီးအကဲများသည် အဘယ်အရာကိုကမ်းလှမ်းကြပြီး အဘယ်အရာကို မကမ်းလှမ်းသင့်ကြသနည်း။ (ခ) အိမ်ထောင်သည်များသည် ခွဲနေခြင်းနှင့် ကွာရှင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာ၏ရည်ညွှန်းချက်များကို ဘာအတွက် ဆင်ခြေဆင်လက်အဖြစ် အသုံးမချသင့်သနည်း။
၂၀ အိမ်ထောင်ဖက်အား မတော်မတရားပြုခြင်းကိစ္စမှန်သမျှတွင် ခွဲနေရန် သို့မဟုတ် အတူဆက်နေရန် အပြစ်ကင်းသူအား မည်သူကမျှ ဖိအားမပေးသင့်ပေ။ ရင့်ကျက်သောမိတ်ဆွေများနှင့် အကြီးအကဲများအနေဖြင့် ထောက်မမှုနှင့် ကျမ်းစာအခြေပြုအကြံဉာဏ်များကို ကမ်းလှမ်းနိုင်ကြသော်လည်း လင်နှင့်မယားကြား ဖြစ်စဉ်အသေးစိတ်ကို မသိနိုင်ကြပေ။ ယေဟောဝါကသာ သိနိုင်တော်မူ၏။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် အိမ်ထောင်မှလွတ်ကျွတ်ရန် ခိုင်လုံမှုမရှိသော ဆင်ခြေဆင်လက်များကိုအသုံးပြုပါက ဘုရားသခင်၏အိမ်ထောင်မှုအစီအစဉ်ကို လေးစားရာရောက်မည်မဟုတ်သည်မှာ ဆိုဖွယ်မရှိ။ သို့သော်၊ အလွန်အမင်းအန္တရာယ်ရှိသောအခြေအနေမျိုး ဆက်လက်တည်ရှိနေမည်ဆိုပါက ခွဲနေရန်သူရွေးချယ်လျှင် မည်သူကမျှမဝေဖန်သင့်ပေ။ အတိအကျဆိုရလျှင် ခွဲနေရန်ရှာကြံသည့် ခရစ်ယာန်လင်ယောက်ျားအတွက်လည်း ထိုနည်းအတိုင်းပင်။ “ငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။”—ရောမ ၁၄:၁၀၊ ကဘ။
ပြိုကွဲသောအိမ်ထောင်တစ်ခု ကယ်တင်ခံရပုံ
၂၁။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏အကြံပေးချက် လက်တွေ့ကျ၍ထိရောက်ပုံကို အဘယ်ကိုယ်တွေ့ဖြစ်ရပ်က ပြသသနည်း။
၂၁ စောစောကဆိုခဲ့သည့်လူစီယာသည် သူ့ခင်ပွန်းနှင့်ခွဲနေပြီးသုံးလအကြာတွင် ယေဟောဝါသက်သေများနှင့်တွေ့ပြီး ကျမ်းစာကိုစတင်သင်ကြားခဲ့သည်။ “အံ့သြကုန်နိုင်ဖွယ်ကတော့ ကျွန်မရဲ့ပြဿနာအတွက် လက်တွေ့ကျတဲ့ဖြေရှင်းနည်းတွေကို သမ္မာကျမ်းစာက ပေးထားလို့ပါပဲရှင်။ တစ်ပတ်သင်ပြီးရုံနဲ့ ကျွန်မယောက်ျားနဲ့ ချက်ချင်းပြန်လည်သင့်မြတ်ချင်စိတ်ဖြစ်လာတယ်။ အခု ကျွန်မပြောနိုင်တာကတော့ ယေဟောဝါဟာ အကျပ်အတည်းကြုံတွေ့နေတဲ့ အိမ်ထောင်တွေကို ဘယ်လိုကယ်တင်မလဲဆိုတာ သိတော်မူတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်သင်ကြားတော်မူချက်တွေက အိမ်ထောင်ဖက်တွေကို တစ်ဦးနဲ့တစ်ဦး ဘယ်လိုအကြည်ညိုပွားရမယ်ဆိုတာကို ကူညီသိနားလည်စေပါတယ်။ တချို့လူတွေပြောကြသလို ယေဟောဝါသက်သေတွေဟာ မိသားစုတွေကိုကွဲပြားစေကြတယ်ဆိုတာ မမှန်ပါဘူးရှင့်။ ကျွန်မရဲ့ကိစ္စမှာတော့ အမှန်တရားဟာ အဲဒါရဲ့လုံးဝဆန့်ကျင်ဘက်ပါပဲရှင်” ဟု သူရှင်းပြသည်။ လူစီယာသည် ကျမ်းစာအခြေခံမူများကို သူ၏ဘဝတွင်လက်တွေ့ကျင့်သုံးရန် သင်ကြားခဲ့ပေသည်။
၂၂။ အိမ်ထောင်သည်မောင်နှံစုံအားလုံး အဘယ်အရာကို ယုံကြည်စိတ်ချသင့်သနည်း။
၂၂ လူစီယာ၏အဖြစ်သည် ခြွင်းချက်မဟုတ်ပါ။ အိမ်ထောင်ဆိုသည်မှာ ကောင်းချီးတစ်ရပ်ဖြစ်သင့်ပေသည်။ ဝန်ထုပ်ဝန်ပိုးမဖြစ်သင့်ပေ။ ဤအတွက် ယေဟောဝါသည် အကောင်းတကာ့အကောင်းဆုံး အကြံဉာဏ်ရယူရာပင်ရင်းဇာစ်မြစ်ကို ထောက်ပံ့ပေးထားတော်မူ၏။ ယင်းကား အဖိုးအနဂ္ဃထိုက်သည့် ကိုယ်တော့်နှုတ်မြွက်စကားတော်ပင်တည်း။ သမ္မာကျမ်းစာသည် “မလိမ္မာသောသူကို လိမ္မာစေ” နိုင်၏။ (ဆာလံ ၁၉:၇-၁၁) ယင်းသည် ပြိုကွဲမှတ်သို့ရောက်နေသည့်အိမ်ထောင်များစွာတို့ကို ကယ်တင်ခဲ့ပြီး ဆိုးရွားစွာပြဿနာကြုံနေသည့် အခြားအိမ်ထောင်များစွာကိုလည်း တိုးတက်ကောင်းမွန်စေခဲ့ပေပြီ။ အိမ်ထောင်ရှင်မောင်နှံစုံအားလုံး ယေဟောဝါထောက်ပံ့ပေးတော်မူထားသည့် အိမ်ထောင်ရေးအကြံဉာဏ်များကို အကြွင်းမဲ့ယုံကြည်စိတ်ချကြပါစေသား။ ယင်းသည် အမှန်ပင်ထိရောက်လှပေသည်!
a နာမည်ကိုပြောင်းလဲထားသည်။
b ဤကိစ္စအချို့ကို ရှေ့အခန်းများတွင် ဆွေးနွေးတင်ပြပြီးဖြစ်သည်။
c “မတရားသောမေထုန်မှု” ဟုပြန်ဆိုထားသည့် သမ္မာကျမ်းစာဝေါဟာရ၏ဆိုလိုရင်းတွင် သူ့အိမ်ရာပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့်ဆက်ဆံခြင်း၊ လိင်အင်္ဂါကိုအသုံးပြု၍ သိသိနှင့်ပြုလုပ်သည့် အခြားတရားမဝင်သောလုပ်ရပ်များ ပါဝင်၏။
d ဤတွင် လင်ယောက်ျားဖြစ်သူသည် ရည်ရွယ်ချက်ကောင်းသော်လည်း အဖျားအနာ သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်းကဲ့သို့သော အစိုးမရသည့်အကြောင်းတရားများကြောင့် မိသားစုကို မထောက်ပံ့ပေးနိုင်သည့်အခြေအနေမျိုးကို မဆိုလိုပါ။