ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၁၅ စာ. ၁၇၃-၁၈၂
  • မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို သိမှတ်ပေးခြင်း
  • ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များဖြင့် ထောက်ပင့်ကူညီခြင်း
  • မေတ္တာနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှု
  • ကိုယ်ချင်းစာနာပါ၊ နားလည်မှုရှိပါ
  • မှန်ကန်သောသဘောထားကို ထိန်းသိမ်းခြင်း
  • စောင့်ရှောက်သူလည်း မိမိကိုယ်ကို စောင့်ရှောက်ရန်လိုအပ်
  • သာမန်ထက်ကျော်လွန်သောခွန်အား
  • သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သက်ကြီးရွယ်အိုတွေကို လေးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၁၅ စာ. ၁၇၃-၁၈၂

အခန်း တစ်ဆယ့်ငါး

မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း

၁။ မိဘတို့အပေါ် မည်သို့သောအကြွေး ကျွန်ုပ်တို့တင်ရှိကြသနည်း။ ထို့ကြောင့် ၎င်းတို့အပေါ် ကျွန်ုပ်တို့ မည်သို့သဘောထား၍ ပြုမူသင့်သနည်း။

“သင့်မွေးသဖခင်၏စကားကို နားထောင်လော့။ အိုမင်းသွားကာမျှဖြင့် သင့်အမိကို မထီမဲ့မြင်မပြုနှင့်” ဟုရှေးပညာရှိတစ်ဦးက အကြံပေးခဲ့သည်။ (သု. ၂၃:၂၂၊ ကဘ) ‘ကျုပ် ဘယ်တော့မှ အဲသလိုမလုပ်ဘူး’ ဟုသင်ဆိုပေမည်။ ကိုယ့်မိခင်—သို့မဟုတ် ကိုယ့်ဖခင်—အား မထီမဲ့မြင်ပြုမည့်အစား ကျွန်ုပ်တို့သည် သူတို့အပေါ် နက်ရှိုင်းသောမေတ္တာ ထားရှိကြသည်။ သူတို့အပေါ် ကြီးမားသောအကြွေးတင်ရှိနေကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။ တစ်ချက်အနေနှင့် မိဘတို့က ကျွန်ုပ်တို့အား အသက်ပေးကြသည်။ ယေဟောဝါသည် အသက်၏ပင်ရင်းဇာစ်မြစ် ဖြစ်တော်မူသော်လည်း ကျွန်ုပ်တို့၏မိဘများမရှိကြပါက ကျွန်ုပ်တို့သည် လူဖြစ်လာကြမည်မဟုတ်။ မိဘတို့အား ကျွန်ုပ်တို့ပေးကမ်းနိုင်သည့် မည်သည့်အရာမျှ အသက်လောက် အဖိုးမထိုက်တန်ပေ။ သို့ဖြစ်လျှင် ကလေးငယ်တစ်ဦးကို မွေးကင်းစမှ အရွယ်ရောက်သည်အထိမွေးမြူရာ၌ စိုက်ထုတ်ရသည့် ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ကုန်ကျမှုနှင့် ချစ်မြတ်နိုးစွာဂရုစိုက်မှုတို့ကို ဆင်ခြင်သာကြည့်ပါလေ။ သို့ဖြစ်ရာ ဘုရားသခင့်နှုတ်မြွက်စကားတော်က ‘သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း မိဘကိုရိုသေစွာပြုလော့’ ဟုအကြံပေးထားခြင်းသည် ဆီလျော်လှပေစွတကား!—ဧဖက် ၆:၂၊ ၃။

စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို သိမှတ်ပေးခြင်း

၂။ အရွယ်ရောက်သောသားသမီးများသည် မိဘတို့အား “ထိုက်သင့်သောကျေးဇူး” ကိုမည်သို့ဆပ်နိုင်ကြသနည်း။

၂ “[သားမြေးတို့သည်] မိမိတို့အိမ်ထောင်စုအတွင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို လက်တွေ့ကျင့်သုံးကာ မိဘဘိုးဘွားတို့အား ထိုက်သင့်သောကျေးဇူးဆပ်ခြင်းကို မပြတ်ပြုရန် ရှေးဦးစွာသင်ယူကြစေ။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏အမြင်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏” ဟု တမန်တော်ပေါလုက ခရစ်ယာန်တို့အား စာရေးခဲ့သည်။ (၁ တိမောသေ ၅:၄၊ ကဘ) အရွယ်ရောက်သားသမီးများသည် မိဘဘိုးဘွားများက မိမိတို့အား မေတ္တာပြကာ ရှာဖွေလုပ်ကိုင်ကျွေးမွေးစောင့်ရှောက်လာခဲ့သည့် နှစ်ကာလများအတွက် ကျေးဇူးတင်လေးမြတ်စိတ်ပွားခြင်းအားဖြင့် ယင်း “ထိုက်သင့်သော ကျေးဇူးဆပ်ခြင်း” ကိုပြုကြသည်။ သားသမီးများပြုနိုင်သည့်နည်းတစ်နည်းမှာ အသက်ကြီးရင့်သူများသည် အခြားသူအားလုံးကဲ့သို့ပင် မေတ္တာနှင့်အားပေးနှစ်သိမ့်မှုကို လိုအပ်ကြကြောင်း—အများအားဖြင့် အလွန့်အလွန် လိုအပ်တတ်ကြကြောင်း—အသိအမှတ်ပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် သူတို့လည်း တန်ဖိုးထားခြင်းကိုခံလိုကြသည်။ သူတို့၏ဘဝသည် အသုံးဝင်ပါကလားဟူသောခံစားချက်ကို သူတို့လိုအပ်ကြသည်။

၃။ မိဘဘိုးဘွားတို့အား ကျွန်ုပ်တို မည်သို့ရိုသေဂုဏ်တင်နိုင်ကြသနည်း။

၃ သို့ဖြစ်ရာ၊ သူတို့ကို ကျွန်ုပ်တို့ချစ်ကြောင်းသိစေခြင်းအားဖြင့် ကျွန်ုပ်တို့၏မိဘဘိုးဘွားများကို ကျွန်ုပ်တို့ ရိုသေဂုဏ်တင်နိုင်၏။ (၁ ကောရိန္သု ၁၆:၁၄) အကယ်၍ ကျွန်ုပ်တို့၏မိဘများသည် ကျွန်ုပ်တို့နှင့်အတူမနေထိုင်ကြပါက ကျွန်ုပ်တို့ထံမှအကျိုးအကြောင်းကြားသိရခြင်းသည် သူတို့အဖို့များစွာအဓိပ္ပာယ်ရှိကြောင်း သတိရသင့်သည်။ စိတ်ရွှင်လန်းစေသော ပေးစာတစ်စောင်၊ တယ်လီဖုန်းဖြင့်လှမ်း၍ပြောခြင်း သို့မဟုတ် သွားရောက်လည်ပတ်ခြင်းတို့သည် သူတို့အတွက် ပျော်ရွှင်မှုကြီးစွာဖြစ်စေနိုင်ပေသည်။ ဂျပန်နိုင်ငံတွင်နေထိုင်သော မီယိုက အသက် ၈၂ နှစ်တွင် ဤသို့ရေးခဲ့သည်– “ကျွန်မ၏သမီး [ခင်ပွန်းဖြစ်သူမှာ နယ်လှည့်ဓမ္မအမှုဆောင်] က ကျွန်မအားစာရေးပြီး ‘မေမေ၊ ကျွန်မတို့နဲ့ “ခရီးသွား” ပါနော်’ ဟုပြောပါသည်။ သူတို့၏ သီတင်းတစ်ပတ်စီအတွက် ခရီးစဉ်ဇယားနှင့် ဖုန်းနံပါတ်များကိုလည်းပေးပို့ပါသည်။ ဤသို့ဖြင့် ကျွန်မသည် မြေပုံတွင်ကြည့်ပြီး ‘ဟော၊ အခုဆို သူတို့ဒီမှာရောက်နေပြီ!’ ဟုပြောနိုင်ပါသည်။ ဒီလိုကလေးတစ်ယောက်ဖြင့် ကျွန်မကိုကောင်းချီးပေးတော်မူသော ယေဟောဝါအား ကျွန်မကျေးဇူးတင်မဆုံးပါ။”

ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များဖြင့် ထောက်ပင့်ကူညီခြင်း

၄။ မိအိုဖအိုတို့အပေါ် ကြင်နာမှုကင်းခြင်းကို ဂျူးဘာသာရေးထုံးတမ်းစဉ်လာက မည်သို့အားပေးခဲ့သနည်း။

၄ မိဘကိုရိုသေဂုဏ်တင်ခြင်း၌ သူတို့၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဂရုစိုက်ပေးခြင်းပါဝင်နိုင်သလော။ ဟုတ်ကဲ့၊ အများအားဖြင့် ပါဝင်နိုင်ပါသည်။ ယေရှုခေတ် ဂျူးဘာသာရေးခေါင်းဆောင်များက လူတစ်ဦးသည် အကယ်၍ သူ၏ငွေကြေးနှင့်ဓနဥစ္စာများကို “ဘုရားသခင်အတွက် ရည်စူးထားသည့်လှူဖွယ်ဝတ္ထု” ဟုကြေညာပါက သူသည် ယင်းဥစ္စာများဖြင့် မိဘတို့ကိုလုပ်ကျွေးရမည့်တာဝန်မှ ကင်းလွတ်သည်ဟူသောထုံးစံဓလေ့ကို အားပေးကြသည်။ (မဿဲ ၁၅:၃-၆) အကြင်နာတရား ကင်းမဲ့လေစွ! တကယ်တမ်းဆိုလျှင် အဆိုပါဘာသာရေးခေါင်းဆောင်များသည် ပြည်သူတို့အား မိဘတို့ကိုရိုသေမည့်အစား မိဘတို့၏လိုအပ်ချက်များကို တစ်ကိုယ်ကောင်းဆန်ဆန်ငြင်းပယ်ခြင်းအားဖြင့် မထီမဲ့မြင်ပြုရန် အားပေးနေကြခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်တော့မျှ ထိုသို့မပြုလိုပါ!—တရားဟောရာ ၂၇:၁၆။

၅။ နိုင်ငံအချို့၏အစိုးရများက ထောက်ပံ့မှုပေးသည့်တိုင်အောင် မိဘကိုရိုသေဂုဏ်တင်ခြင်း၌ ရံဖန်ရံခါ ငွေကြေးအကူအညီသည် အဘယ်ကြောင့်ပါဝင်တတ်သနည်း။

၅ ယနေ့ နိုင်ငံများစွာတို့၌ အစိုးရအထောက်အပံ့ခံ လူမှုရေးအစီအစဉ်များက စား၊ ဝတ်၊ နေရေးကဲ့သို့သော သက်ကြီးရွယ်အိုတို့၏လိုအပ်ချက်အချို့ကို ထောက်ပံ့ပေးသည်။ ဤသည်အပြင် သက်ကြီးရွယ်အိုများကိုယ်တိုင်ကလည်း မိမိတို့အတွက် အိုစာမင်းစာအချို့ စုဆောင်းထားကောင်းစုဆောင်းထားနိုင်ပေမည်။ သို့သော် စုဆောင်းထားရာများကုန်ခန်းလျှင် သို့မဟုတ် မလောက်မငဖြစ်လျှင် မိဘတို့၏လိုအပ်ချက်ပြည့်ဝအောင် တတ်အားသ၍လုပ်ဆောင်ပေးခြင်းအားဖြင့် သားသမီးတို့သည် မိဘတို့ကို ရိုသေဂုဏ်တင်သမှုပြုကြသည်။ အမှန်တရားမှာ မိအိုဖအိုတို့ကိုစောင့်ရှောက်ခြင်းသည် မိသားစုအစီအစဉ်၏စထွင်ရှင် ယေဟောဝါဘုရားသခင်အတွက် မိမိကိုယ်ကိုမြှုပ်နှံခြင်းတည်းဟူသော ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၏ သက်သေအထောက်အထားပင်ဖြစ်ပေသည်။

မေတ္တာနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှု

၆။ မိဘတို့၏လိုအပ်ချက်များကို ဂရုစိုက်ပေးနိုင်ရန်အလို့ငှာ အချို့က မည်သို့သောနေရေးထိုင်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြပြီနည်း။

၆ အရွယ်ရောက်သားသမီးများစွာတို့သည် မေတ္တာနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုဖြင့် အသက်ကြီး၍ မမာမကျန်းဖြစ်သောမိဘတို့၏ လိုအပ်ချက်များကို တုံ့ပြန်ခဲ့ကြပေပြီ။ အချို့က မိဘတို့ကိုမိမိတို့နေအိမ်သို့ ခေါ်ထားကြသည်။ သို့မဟုတ် မိဘတို့၏အနီးအပါးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အချို့က မိဘတို့နှင့်အတူ ပြောင်းရွှေ့နေထိုင်ကြသည်။ မကြာခဏတွေ့ရတတ်သည်မှာ ယင်းသို့သောစီစဉ်မှုများသည် မိဘနှင့်သားသမီး နှစ်ဖက်စလုံးအတွက် ကောင်းချီးများဖြစ်စေတတ်ခြင်းပင်။

၇။ မိအိုဖအိုတို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာ၌ အလောတကြီးမပြုမူခြင်းသည် အဘယ်ကြောင့်ကောင်းသနည်း။

၇ သို့သော်၊ တစ်ခါတစ်ရံတွင်မူ ယင်းသို့သောလုပ်ဆောင်မှုများသည် မျှော်လင့်သကဲ့သို့ အကောင်းဖြစ်မလာတတ်ချေ။ အဘယ်ကြောင့်နည်း။ ဆုံးဖြတ်ချက်များကို အလောတကြီးချမှတ်၍၊ သို့မဟုတ် စိတ်လှုပ်ရှားမှုတစ်ခုတည်းပေါ်အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ “အကင်းပါးသောသူသည် မိမိခြေလှမ်းများကို ဆင်ခြင်ပိုင်းခြားတတ်၏” ဟုသမ္မာကျမ်းစာက ပညာရှိစွာသတိပေးထားသည်။ (သု. ၁၄:၁၅၊ ကဘ) သာဓကအနေဖြင့် သင့်မိခင်အိုသည် တစ်ဦးတည်းနေထိုင်ရာ၌ အခက်အခဲရှိသဖြင့် သူ့အား သင့်ထံပြောင်းရွှေ့နေထိုင်စေပါက သူ့အတွက်အကျိုးဖြစ်ထွန်းမည်ဟု သင်စဉ်းစားသည်ဆိုပါစို့။ သင့်ခြေလှမ်းများကို အကင်းပါးစွာဆင်ခြင်ပိုင်းခြားရာ၌ ဤအချက်များကို သင်ဆင်ခြင်သုံးသပ်ဖွယ်ရှိသည်– တကယ်တမ်းအားဖြင့် သူဘာကိုလိုအပ်နေသနည်း။ အခြားလက်ခံနိုင်ဖွယ်ဖြေရှင်းနည်းကို ကမ်းလှမ်းသည့်ပုဂ္ဂလိက သို့မဟုတ် အစိုးရထောက်ပံ့ခံ ဝန်ဆောင်လုပ်ငန်းများရှိသလော။ သူပြောင်းရွှေ့လိုသလော။ ပြောင်းရွှေ့ပါက မည်သည့်နည်းဖြင့် သူ၏ဘဝကိုထိခိုက်နိုင်သနည်း။ မိတ်ဆွေများကို ချန်ရစ်ထားရန်ရှိသလော။ ဤသည်က စိတ်လှုပ်ရှားမှုပိုင်းတွင် သူ့အား မည်သို့ထိခိုက်နိုင်သနည်း။ ဤအရာများကို သင် သူနှင့်ဆွေးနွေးပြီးပြီလော။ ယင်းသို့ပြောင်းရွှေ့ခြင်းက သင်၊ သင့်ဇနီးနှင့် သင့်သားသမီးတို့အား မည်သို့ထိခိုက်နိုင်သနည်း။ သင့်မိခင်အနေဖြင့် ပြုစုမှုလိုအပ်ပါက မည်သူပြုစုမည်နည်း။ ယင်းတာဝန်ကို မျှဝေယူ၍ရမည်လော။ တိုက်ရိုက်သက်ဆိုင်သူအားလုံးတို့နှင့် ဤကိစ္စကို သင်ဆွေးနွေးပြီးပြီလော။

၈။ သက်ကြီးရွယ်အိုမိဘတို့အား မည်သို့ကူညီမည်ကိုဆုံးဖြတ်ရာ၌ မည်သူတို့နှင့် သင်တိုင်ပင်နိုင်ကောင်းတိုင်ပင်နိုင်သနည်း။

၈ ပြုစုစောင့်ရှောက်မှုတာဝန်သည် မိသားစုအတွင်းရှိ သားသမီးအားလုံးတို့နှင့်သက်ဆိုင်ရကား ဆုံးဖြတ်ချက်ချရာ၌ အားလုံးပါဝင်နိုင်ဖို့အတွက် မိသားစုကွန်ဖရင့်ကျင်းပလျှင် ပညာရှိရာရောက်မည်။ ခရစ်ယာန်အသင်းတော်ထဲမှ အကြီးအကဲများ သို့မဟုတ် အလားတူအခြေအနေမျိုး ရင်ဆိုင်ပြီးခဲ့သည့်မိတ်ဆွေများအား တိုင်ပင်ခြင်းဖြင့်လည်း အထောက်အကူရနိုင်ပေသည်။ “တိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏” ဟုသမ္မာကျမ်းစာက သတိပေးထားသည်။—သု. ၁၅:၂၂။

ကိုယ်ချင်းစာနာပါ၊ နားလည်မှုရှိပါ

၉၊ ၁၀။ (က) တိုး၍အိုမင်းလာကြသည့်တိုင်အောင် သက်ကြီးရွယ်အိုတို့အား မည်သို့သောစာနာထောက်ထားမှုကို ပေးသင့်သနည်း။ (ခ) အရွယ်ရောက်သောသားသမီးတစ်ဦးအနေဖြင့် မိဘတို့အတွက် မည်သို့သောခြေလှမ်းကိုလှမ်းသည်ဖြစ်စေ၊ သူတို့အား မည်သည့်အရာကို အမြဲပေးသင့်သနည်း။

၉ မိအိုဖအိုများကို ရိုသေဂုဏ်တင်ခြင်း၌ ကိုယ်ချင်းစာတရားနှင့် နားလည်မှုလိုအပ်သည်။ သူတို့ပို၍အိုမင်းလာသည်နှင့်အမျှ ခြေလှမ်းရန်၊ အစာစားရန်၊ မှတ်မိရန် ပို၍အခက်အခဲတွေ့လာနိုင်သည်။ သူတို့ အကူအညီလိုနိုင်သည်။ မကြာခဏ သားသမီးများက အစိုးရိမ်ပိုကာ လမ်းညွှန်ကြပ်မတ်မှုများ ပေးတတ်ကြသည်။ သို့သော်၊ သက်ကြီးရွယ်အိုများသည် ဉာဏ်ပညာနှင့်အတွေ့အကြုံကို တစ်သက်လုံးရှာမှီးစုဆောင်းလာခဲ့သူ၊ တစ်သက်လုံး ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး မိမိဘာသာဆုံးဖြတ်ချက်ချလာခဲ့သူများဖြစ်ကြသည်။ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းနှင့် ကိုယ့်သိက္ခာကိုလေးစားခြင်းတို့သည် သူတို့၏ လူကြီးမိဘအဖြစ်အနေပေါ်တွင် ဗဟိုပြုကောင်းပြုမည်ဖြစ်သည်။ ကိုယ့်ဘဝကို စီမံထိန်းချုပ်ပိုင်ခွင့်အား သားသမီးများလက်သို့ ဝကွက်အပ်ရတော့မည်ဟူသောအသိကြောင့် မိဘများသည် စိတ်ညှိုးငယ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းပင် ဖြစ်ကောင်းဖြစ်ကြမည်။ အချို့ဆိုလျှင် သူတို့၏အမှီအခိုကင်းလွတ်မှုကို လုယူမည့်အားထုတ်မှုဟု သူတို့ရှုမြင်သည့်လုပ်ရပ်များကို မကျေမနပ်နှင့်ခုခံတတ်ကြသည်။

၁၀ ယင်းသို့သောပြဿနာများအတွက် လွယ်ကူသောဖြေရှင်းနည်းဟူ၍မရှိပါ။ သို့သော်၊ သူတို့အား ကိုယ့်ကိုယ်ကိုစောင့်ရှောက်ခွင့်နှင့် မိမိဘာသာဆုံးဖြတ်ခွင့်တို့ကို အဖြစ်နိုင်ဆုံးအတိုင်းအတာဖြင့် ပေးထားပါက ကြင်နာရာရောက်ပေသည်။ သူတို့နှင့်ရှေးဦးစွာ တိုင်ပင်ခြင်းမရှိဘဲ မည်သည့်အရာသည် သူတို့အတွက်အကောင်းဆုံးဖြစ်သည်ကို ဆုံးဖြတ်ခြင်းမပြုလျှင် ပညာရှိရာရောက်ပေသည်။ သူတို့သည် များစွာဆုံးရှုံးခဲ့ပြီးဖြစ်နိုင်သည်။ သူတို့၌ကျန်ရှိသေးသည့်အရာများကို ထိန်းထားခွင့်ပြုပါလေ။ သူတို့၏ဘဝကိုထိန်းချုပ်ဖို့ သင်အားထုတ်ခြင်းနည်းပါးလေလေ သူတို့နှင့်သင့်အကြားဆက်ဆံရေး ပို၍ကောင်းမွန်လေလေဖြစ်ကြောင်း သင်တွေ့မြင်ရာ၏။ သူတို့ပို၍ပျော်ရွှင်လာမည်ဖြစ်ပြီး သင်လည်းအလားတူပျော်ရွှင်လိမ့်မည်။ သူတို့၏ကောင်းကျိုးအတွက် သူတို့ကိုဖိအားပေးရန် လိုအပ်သည့်အချို့ကိစ္စများ၌ပင် သူတို့ရရှိထိုက်သည့်ဂုဏ်သိက္ခာနှင့် ရိုသေလေးစားမှုကို သူတို့အားခံယူစေရန် မိဘကိုရိုသေဂုဏ်တင်ခြင်းတရားက တောင်းဆို၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်က “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်” ဟုအကြံပေးထားသည်။—ဝတ်ပြုရာ ၁၉:၃၂။

မှန်ကန်သောသဘောထားကို ထိန်းသိမ်းခြင်း

၁၁-၁၃။ မိဘတို့နှင့် ယခင်က ဆက်ဆံရေးမကောင်းခဲ့သည့်တိုင်အောင် အိုမင်းလာသည့်အရွယ်တွင် သူတို့အားစောင့်ရှောက်ရေးဟူသောစိန်ခေါ်ချက်ကို အရွယ်ရောက်သားသမီးတစ်ဦးအနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။

၁၁ မိအိုဖအိုများအား ရိုသေဂုဏ်တင်ရေးတွင် တစ်ခါတစ်ရံ အရွယ်ရောက်သားသမီးများ ရင်ဆိုင်ရသည့်ပြဿနာမှာ သူတို့နှင့်သူတို့မိဘများကြား ယခင်ကရှိခဲ့သည့်ဆက်ဆံရေးနှင့် အကျုံးဝင်ပတ်သက်နေတတ်သည်။ သင့်ဖခင်သည် အေးတိအေးစက်နှင့် ချစ်ခင်ယုယတတ်မှုကင်းမဲ့ကာ မိခင်သည် ပိုင်စိုးပိုင်နင်းနှင့် ရုန့်ရင်းကြမ်းတမ်းသူ ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ သူတို့သည် သင်လိုလားသောမိဘမျိုး မဟုတ်ခဲ့သဖြင့် ယနေ့တိုင် သင်သည် မချင့်မရဲဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ သို့မဟုတ်နာကြည်းခြင်းဖြစ်ကောင်းဖြစ်မည်။ ယင်းသို့သောခံစားချက်များကို သင်အောင်မြင်ကျော်လွှားနိုင်မည်လော။a

၁၂ ဖင်လန်နိုင်ငံတွင်ကြီးပြင်းလာသည့် ဘာဆာဆိုသူက ဤသို့ပြန်လည်ပြောပြသည်– “ကျွန်တော့်ပထွေးဟာ နာဇီဂျာမနီမှာ အက်စ်အက်စ် အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်တတ်တယ်။ ကြောက်စရာလည်းကောင်းတယ်။ ကျွန်တော့်ရှေ့မှာလည်း အမေကို ခဏခဏရိုက်တယ်။ တစ်ခါကျတော့ သူ ကျွန်တော့်ကိုစိတ်ဆိုးတယ်။ သူ့ခါးပတ်နဲ့လွှဲပြီး ခါးပတ်ခေါင်းနဲ့ ကျွန်တော့်မျက်နှာကိုရိုက်လိုက်တာ ကျွန်တော်လည်းနာလွန်းလို့ ခုတင်ပေါ်ကနေ လိမ့်ကျသွားတော့တာပဲ။”

၁၃ သို့ဖြစ်သည့်တိုင်၊ ရုပ်ပုံလွှာ၏အခြားတစ်ဖက်ရှိပါသည်။ ဘာဆာက ဆက်လက်ပြောပြသည်– “အခြားတစ်ဖက်မှာတော့ သူဟာ အလုပ်ကိုအရမ်းကြိုးစားပြီး မိသားစုကိုရုပ်ပိုင်းဆိုင်ရာအရ စောင့်ရှောက်တဲ့နေရာမှာ သူ့ကိုယ်သူ မညှာတတ်ဘူးဗျ။ ဖခင်တစ်ဦးရဲ့ချစ်ခင်စုံမက်မှုမျိုး ကျွန်တော့်အပေါ်မှာ ဘယ်တော့မှမပြတာကတော့ သူဟာ စိတ်လှုပ်ရှားမှုပိုင်းမှာ ဒဏ်ရာဒဏ်ချက်ရထားလို့ပဲဆိုတာ ကျွန်တော်သိတယ်။ သူငယ်ငယ်တုန်းက သူ့အမေက သူ့ကိုအိမ်ကနှင်ထုတ်ပစ်တယ်လေ။ သူဟာ လက်သီးအားကိုးနဲ့ကြီးပြင်းလာပြီး လူငယ်တစ်ဦးအနေနဲ့ စစ်ထဲဝင်သွားတယ်။ တစ်စုံတစ်ခုသောအတိုင်းအတာအထိ ကျွန်တော်နားလည်သဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်အပြစ်မတင်ပါဘူး။ ကျွန်တော်ကြီးပြင်းလာတဲ့အခါ သူကွယ်လွန်တဲ့အထိ သူ့ကို ကျွန်တော်တတ်နိုင်သလောက် ကူညီချင်တာပေါ့။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်သလောက်တော့ လုပ်ပေးခဲ့ပါတယ်။ သားလိမ္မာတစ်ဦးဖြစ်ဖို့ ကျွန်တော်နောက်ဆုံးအထိကြိုးစားခဲ့တယ်၊ သူကလည်း ကျွန်တော့်ကို လိမ္မာတဲ့သားတစ်ဦးအဖြစ် လက်ခံခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

၁၄။ အဘယ်ကျမ်းစာဆုံးမစကားသည် မိအိုဖအိုများကိုစောင့်ရှောက်ခြင်း၌ ပေါ်ပေါက်တတ်သည့်အခြေအနေအပါအဝင် အခြေအနေအားလုံး၌ အကျုံးဝင်သနည်း။

၁၄ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟူသောကျမ်းစာအကြံပေးချက်သည် အခြားကိစ္စများမှာကဲ့သို့ပင် မိသားစုအခြေအနေနှင့်လည်း သက်ဆိုင်ပေသည်။—ကောလောသဲ ၃:၁၂၊ ၁၃။

စောင့်ရှောက်သူလည်း မိမိကိုယ်ကို စောင့်ရှောက်ရန်လိုအပ်

၁၅။ မိဘတို့ကိုစောင့်ရှောက်ခြင်းသည် အဘယ်ကြောင့် တစ်ခါတစ်ရံ စိတ်ပင်ပန်းစရာကောင်းတတ်သနည်း။

၁၅ အိုမင်းမစွမ်းသောမိဘများကို စောင့်ရှောက်ရခြင်းသည် အလုပ်ကြမ်းပင်ဖြစ်သည်။ ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့်အလုပ် များစွာပါဝင်ပြီး တာဝန်လည်းများပြားသည်။ နာရီပေါင်းများစွာသုံးရသည်။ သို့သော် အခက်ခဲဆုံးသောအပိုင်းမှာ စိတ်လှုပ်ရှားမှုပိုင်းဖြစ်လေ့ရှိသည်။ သင့်မိဘများ ကျန်းမာရေး၊ မှတ်ဉာဏ်နှင့် မိမိကိုယ်ကိုမိမိအားကိုးနိုင်စွမ်း ဆုတ်ယုတ်လာသည်ကို စောင့်ကြည့်ရသည်မှာ စိတ်မကောင်းကြီးစွာဖြစ်စရာပင်။ ပွာတိုရီကိုနိုင်ငံမှ စန္ဒီဆိုသူက ယခုလိုပြန်ပြောင်းပြောပြသည်– “ကျွန်မရဲ့အမေဟာ ကျွန်မတို့မိသားစုရဲ့ နှလုံးသည်းပွတ်ပေါ့။ သူ့ကိုစောင့်ရှောက်ရတာ အရမ်းပဲစိတ်မကောင်းစရာဖြစ်ခဲ့တယ်။ ပထမဆုံး သူစပြီးခြေဆာလာတယ်။ နောက်တော့ တုတ်ကောက်သုံးဖို့လိုလာတယ်။ အဲဒီနောက် ချိုင်းထောက်။ အဲဒီနောက်မှာ ဘီးတပ်ကုလားထိုင်နဲ့နေရတယ်။ အဲဒီကနေ တောက်လျှောက်တစ်သမတ်တည်း အခြေအနေဆုတ်ယုတ်သွားပြီး ကွယ်လွန်သွားတော့တာပါပဲ။ သူဟာ အရိုးကင်ဆာဖြစ်လာပြီး နေ့ရောညပါ မနားတမ်းကြည့်ရှုပေးဖို့ လိုအပ်လာတယ်။ ကျွန်မတို့ သူ့ကိုရေချိုးပေးတယ်။ အစာကျွေးတယ်။ စာဖတ်ပြတယ်။ တကယ်ပင်ပန်းတဲ့အလုပ်ပါပဲ—အထူးသဖြင့် စိတ်လှုပ်ရှားမှုပိုင်းမှာပေါ့လေ။ အမေဆုံးတော့မှာကို သိရတဲ့အခိုက်မှာ ကျွန်မငိုချတော့တာပေါ့။ ကျွန်မသူ့ကို သိပ်ချစ်တာကိုး။”

၁၆၊ ၁၇။ မည်သည့်အကြံပေးချက်က စောင့်ရှောက်မှုပေးသူအား အရာရာကို မျှမျှတတရှုမြင်တတ်ရန် ကူညီမည်နည်း။

၁၆ အလားတူအခြေအနေမျိုးအောက် သင်ကျရောက်လျှင် သင်မည်သို့အောင်မြင်နိုင်မည်နည်း။ ကျမ်းစာဖတ်ခြင်းအားဖြင့် ယေဟောဝါ၏စကားတော်ကိုကြားနာခြင်း၊ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နှင့်စကားပြောဆိုခြင်းတို့က သင့်အားများစွာထောက်မနိုင်မည်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) လက်တွေ့ကျသောနည်းဖြင့် အာဟာရမျှတသောအစာကို စားသုံးပါ။ အိပ်ရေးဝအောင် ကြိုးစားပါလေ။ ဤနည်းဖြင့် သင်သည် သင်ချစ်ရသူအား ကြည့်ရှုစောင့်ရှောက်ရန် စိတ်လှုပ်ရှားမှုနှင့်ကာယပိုင်း နှစ်တန်စလုံး၌ ပိုမိုကောင်းမွန်သောအခြေအနေတွင်ရှိပါလိမ့်မည်။ သင်သည် နေ့စဉ်ပုံမှန်အလုပ်မှ အခါအားလျော်စွာ ခေတ္တအနားယူခြင်းကို စီစဉ်နိုင်ကောင်းစီစဉ်နိုင်ပေမည်။ ရက်အားယူရန်မဖြစ်နိုင်သည့်တိုင် ဖြေလျှော့အနားယူချိန်ကို စီစဉ်ခြင်းသည်လည်း ပညာရှိရာရောက်ပေသည်။ ခေတ္တရှောင်ရှားချိန်ရနိုင်အောင် နာမကျန်းဖြစ်နေသော သင့်မိဘနှင့်အတူနေပေးရန် တစ်စုံတစ်ဦးအား သင်စီစဉ်နိုင်ရာ၏။

၁၇ အရွယ်ရောက်သော စောင့်ရှောက်မှုပေးသူများအနေဖြင့် မဖြစ်နိုင်သောမျှော်မှန်းချက်များ ထားမိတတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ သို့သော် သင်မတတ်နိုင်သောအရာအတွက် မိမိကိုယ်ကိုအပြစ်မမြင်ပါနှင့်။ အချို့အခြေအနေများတွင် သင့်ချစ်ရသူအား အိုမင်းမစွမ်းနှင့်နာမကျန်းသူများကို စောင့်ရှောက်သည့်ဂေဟာတစ်ခုခုတွင် အပ်နှံရန်လိုကောင်းလိုပေမည်။ သင်သည် စောင့်ရှောက်မှုပေးသူဖြစ်ပါက ကျိုးကြောင်းဆီလျော်သောမျှော်မှန်းချက်များကို ထားရှိပါ။ မိဘတို့၏လိုအပ်ချက်ကိုသာမဟုတ်ဘဲ သင့်သားသမီးများ၊ သင့်ကြင်ဖော်နှင့် သင်ကိုယ်တိုင်၏လိုအပ်ချက်များကိုလည်း ထည့်သွင်းချင့်ချိန်ပါလေ။

သာမန်ထက်ကျော်လွန်သောခွန်အား

၁၈၊ ၁၉။ ယေဟောဝါက မည်သို့သောထောက်မမှုကတိကို ပေးထားတော်မူသနည်း။ ယင်းကတိတော်ကို ကိုယ်တော်စောင့်ထိန်းကြောင်း မည်သည့်တွေ့ကြုံမှုကပြသနည်း။

၁၈ မိအိုဖအိုတို့ကို စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ လူတစ်ဦးအား ကြီးစွာအထောက်အကူပြုနိုင်သည့်လမ်းညွှန်ချက်ကို သမ္မာကျမ်းစာတည်းဟူသော မိမိ၏နှုတ်မြွက်တရားတော်အားဖြင့် ယေဟောဝါ ထောက်ပံ့ပေးထားတော်မူ၏။ သို့သော် ယင်းတစ်ခုတည်းမကပါ။ “ထာဝရဘုရားသည် [ဆုတောင်း] သောသူအပေါင်း . . .တို့၏ အနီးအပါး၌ရှိတော်မူ၏။ . . . သူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏” ဟုဆာလံဆရာက ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် ရေးခဲ့ပေသည်။ ယေဟောဝါသည် အဆိုးရွားဆုံးသောအခြေအနေများအောက်၌ပင် မိမိ၏သစ္စာရှိသူတို့အား ကယ်တင်စောင့်ရှောက်တော်မူမည်သာဖြစ်သည်။—ဆာလံ ၁၄၅:၁၈၊ ၁၉။

၁၉ ဖိလစ်ပိုင်နိုင်ငံမှ မာရ်နာဆိုသူက လေသင်တုန်းကြောင့် ဘာမျှမလုပ်နိုင်သောဘဝ ရောက်သွားရှာသည့်မိခင်အား ပြုစုစောင့်ရှောက်ရာမှ ယင်းအချက်ကို သိနားလည်ခဲ့ရသည်။ “ချစ်ရသူတစ်ဦးက ဘယ်နေရာမှာ နာလို့နာမှန်းမပြောနိုင်ဘဲ ဝေဒနာခံစားနေတာကို မြင်ရတာလောက် စိတ်မချမ်းမြေ့စရာ မရှိတော့ပါဘူး။ တဖြည်းဖြည်းချင်း ရေနစ်သွားတာကို ကြည့်နေရသလိုပါပဲ။ ကျွန်မလုပ်နိုင်တာလဲ ဘာမှမရှိဘူး။ ယေဟောဝါဆီကို အကြိမ်ပေါင်းများစွာ ဒူးထောက်ဆုတောင်းပြီး ကျွန်မဘယ်လောက်ပင်ပန်းမောဟိုက်နေတယ်ဆိုတာကို တိုင်တည်တယ်။ သူ့ရဲ့မျက်ရည်တွေကို ဘူးထဲမှာထည့်ပြီး သူ့ကိုမှတ်မိဖို့ ယေဟောဝါကို အသနားခံခဲ့တဲ့ဒါဝိဒ်လို ကျွန်မအော်ဟစ်ခဲ့တယ်။ [ဆာလံ ၅၆:၈] ယေဟောဝါဟာ ကတိတော်ရှိတဲ့အတိုင်းပဲ ကျွန်မလိုအပ်တဲ့ခွန်အားကို ပေးတော်မူခဲ့ပါတယ်။ ‘ယေဟောဝါဟာ ကျွန်မအတွက်ထောက်မသူအဖြစ် ကြွလာတော်မူ’ ပါတယ်” ဟုမာရ်နာကစာရေးသားသည်။—ဆာလံ ၁၈:၁၈၊ ကဘ။

၂၀။ မိမိတို့စောင့်ရှောက်ခံရသူ ဆုံးပါးသည့်တိုင်အောင် အဘယ်ကျမ်းစာကတိများက စောင့်ရှောက်မှုပေးသူတို့အား ဆက်လက်၍အကောင်းမြင်ရန် ထောက်ကူသနည်း။

၂၀ မိအိုဖအိုတို့ကို စောင့်ရှောက်ရခြင်းသည် “ဇာတ်သိမ်းမလှသော ပုံပြင်တစ်ပုဒ်ဖြစ်သည်” ဟုပြောစမှတ်ပြုကြသည်။ အကောင်းဆုံးကြိုးစားစောင့်ရှောက်မှု ပေးသည့်ကြားမှပင် သက်ကြီးရွယ်အိုများသည် မာရ်နာ၏မိခင်ကဲ့သို့ပင် သေဆုံးသွားနိုင်ကြပါသည်။ သို့သော်၊ ယေဟောဝါအား ယုံကြည်ကိုးစားသူများကမူ သေခြင်းသည် ဇာတ်လမ်း၏အဆုံးသတ်နိဂုံးမဟုတ်ကြောင်း သိထားကြပါသည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ် . . . ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏” ဟုတမန်တော်ပေါလုကဆိုခဲ့သည်။ (တမန်တော် ၂၄:၁၅) သက်ကြီးရွယ်အိုမိဘများနှင့် သေကွဲကွဲကြရရှာသူများသည် ဘုရားသခင်ပြုလုပ်သည့်၊ “နောက်တစ်ဖန် သေဘေးမရှိရ” တော့သည့် နေချင့်စဖွယ်ကမ္ဘာသစ်ဆိုင်ရာ ကတိတော်အပါအဝင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်တို့၌ နှစ်သိမ့်မှုကိုရရှိကြပါသည်။—ဗျာဒိတ် ၂၁:၄။

၂၁။ မိအိုဖအိုတို့ကို ရိုသေဂုဏ်တင်ခြင်းမှ အဘယ်အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာသနည်း။

၂၁ ဘုရားသခင့်အစေခံများသည် မိမိတို့၏မိဘများ အိုမင်းရင့်ရော်ကြပြီဖြစ်သည့်တိုင်အောင် မိဘများအပေါ် နက်ရှိုင်းသောကြည်ညိုလေးမြတ်မှုကို ထားရှိကြပါသည်။ (သု. ၂၃:၂၂-၂၄) သူတို့အား ရိုသေဂုဏ်တင်ကြပါသည်။ ယင်းသို့ပြုခြင်းအားဖြင့် “သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်” ဟူသော ဝိညာဉ်တော်လှုံ့ဆော်ချက်ဖြင့် ရေးထားသည့်ပညာရှိစကား မည်မျှမှန်ကန်သည်ကို ကိုယ်တိုင်တွေ့မြင်ကြရပေသည်။ (သု. ၂၃:၂၅) ပို၍အရေးကြီးသည်မှာ မိမိတို့၏မိအိုဖအိုများကို ရိုသေဂုဏ်တင်ခြင်းပြုသောသူတို့သည် ယေဟောဝါဘုရားသခင်ကိုလည်း ရိုသေဂုဏ်တင်ကာ စိတ်တော်ကိုရွှင်လန်းစေကြသည် ဟူသည့်အချက်ပင်တည်း။

a ဤနေရာတွင် ရာဇဝတ်မှုမြောက်သည်ဟု ယူဆရသည်အထိ မိဘများက မိမိတို့၏အခွင့်အာဏာနှင့် အုပ်ထိန်းမှုတာဝန်ကို လွန်ကဲစွာအလွဲသုံးစားပြုသည့် အခြေအနေမျိုးကို ကျွန်ုပ်တို့ဆွေးနွေးနေခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့၏ မိအိုဖအိုများအား ရိုသေဂုဏ်တင်ရန် . . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း။

မိဘဘိုးဘွားတို့အား ကျွန်ုပ်တို့ ထိုက်သင့်သောကျေးဇူး ပေးဆပ်သင့်သည်။—၁ တိမောသေ ၅:၄။

ကျွန်ုပ်တို့၏ အမှုရေးရာမှန်သမျှကို မေတ္တာရှေ့ထား၍ ဆောင်ရွက်ရမည်။—၁ ကောရိန္သု ၁၆:၁၄။

အရေးကြီးသောကိစ္စများကို အလျင်စလိုမဆုံးဖြတ်သင့်။—သု. ၁၄:၁၅။

မိအိုဖအိုများသည် ဖျားနာ၍မစွမ်းမသန်ပင်ဖြစ်နေပါစေ သူတို့ကိုရိုသေလေးစားရမည်။—ဝတ်ပြုရာ ၁၉:၃၂။

အိုမင်း၍သေဆုံးမည့်အရေးကို ကျွန်ုပ်တို့ အစဉ်ထာဝရ ရင်ဆိုင်ကြရမည်မဟုတ်။—ဗျာဒိတ် ၂၁:၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ