ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၁၆ စာ. ၁၈၃-၁၉၁
  • သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါ
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိမိကိုယ်ကို ထိန်းချုပ်ခြင်း၏တန်ဖိုး
  • ဦးစီးမှုကို သင့်လျော်လျောက်ပတ်စွာ ရှုမြင်ခြင်း
  • “နားကြားခြင်းငှာ လျင်မြန်ကြစေ”
  • မေတ္တာ၏အရေးပါသော အခန်းကဏ္ဍ
  • ဘုရားသခင့်အလိုတော်ဆောင်သော မိသားစု
  • မိသားစုနှင့် သင့်အနာဂတ်
  • မိသားစုဘဝတွင် ဘုရားသခင့်ရေးရာ ငြိမ်သက်ခြင်းကို အမီလိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားတရား ဆည်းကပ်မြှုပ်နှံခြင်းကို အိမ်တွင်း၌ လက်တွေ့ကျင့်ဆောင်ခြင်း
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၁၆ စာ. ၁၈၃-၁၉၁

အခန်း တစ်ဆယ့်ခြောက်

သင့်မိသားစုအတွက်တည်မြဲသောအနာဂတ်ကို အရယူပါ

၁။ မိသားစုအစီအစဉ်အတွက် ယေဟောဝါ၏ရည်ရွယ်တော်မူရင်းကား အဘယ်နည်း။

အဒံနှင့်ဧဝတို့အား ထိမ်းမြားမင်္ဂလာအားဖြင့် ယေဟောဝါပေါင်းဖက်ပေးတော်မူခဲ့သောအခါ အာဒံက ရှေးအကျဆုံးမှတ်တမ်းဝင် ဟီးဘရူးကဗျာတစ်ပုဒ်ကို ရွတ်ဆိုခြင်းအားဖြင့် သူ၏နှစ်ထောင်းအားရမှုကို ဖော်ကျူးခဲ့သည်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) သို့သော် ဖန်ဆင်းရှင်အနေဖြင့် မိမိ၏လူသားသားသမီးများအား ပျော်မွေ့စေရန်သက်သက်ထက်မက ပို၍အကြံတော်ရှိပေသည်။ မင်္ဂလာစုံတွဲများနှင့် မိသားစုများတို့အား မိမိ၏အလိုတော်ကို ကျင့်ဆောင်စေလိုတော်မူ၏။ ကမ္ဘာဦးစုံတွဲအား ကိုယ်တော်က “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ခမ်းနား၍အကျိုးများသော တာဝန်အပ်နှင်းချက်ပါတကား! အာဒံနှင့်ဧဝတို့အနေဖြင့် ယေဟောဝါ၏အလိုတော်ကို နာခံမှုအပြည့်ဖြင့် လုပ်ဆောင်ခဲ့ကြပါက သူတို့နှင့်သူတို့၏ နောင်လာနောက်သားများ မည်မျှတိုင်ပျော်ရွှင်ကြမည်တကား!

၂၊ ၃။ မိသားစုများသည် အကြီးမားဆုံးသောပျော်ရွှင်မှုကို ယနေ့ မည်သို့ရနိုင်ကြသနည်း။

၂ ယနေ့လည်း မိသားစုတို့သည် ဘုရားသခင်၏အလိုတော်ကို အတူတကွလုပ်ဆောင်ကြသောအခါ အပျော်ရွှင်ဆုံးဖြစ်ကြသည်။ “ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုသည် ယခုဘဝနှင့် လာမည့်ဘဝတို့နှင့်ဆိုင်သော ကတိတော်ကိုရထားသဖြင့် အရာရာ၌အကျိုးပေး၏” ဟုတမန်တော်ပေါလုကရေးသားခဲ့သည်။ (၁ တိမောသေ ၄:၈၊ ကဘ) ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကိုပြုကာ ယေဟောဝါ၏လမ်းညွှန်ချက်ကို သမ္မာကျမ်းစာ၌ပါရှိသည့်အတိုင်း လိုက်နာသောမိသားစုသည် “ယခုဘဝ” ၌ပျော်ရွှင်ကြမည်ဖြစ်သည်။ (ဆာလံ ၁:၁-၃; ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆) မိသားစုဝင်တစ်ဦးတည်းက ကျမ်းစာအခြေခံမူများကိုကျင့်သုံးလျှင်ပင် တစ်ဦးမကျင့်သုံးသည်ထက် ပို၍အကျိုးထူးပေသည်။

၃ မိသားစုပျော်ရွှင်မှုကိုဖြစ်စေသည့် ကျမ်းစာအခြေခံမူများစွာတို့ကို ဤစာအုပ်တွင် ဆွေးနွေးတင်ပြခဲ့ပေပြီ။ ယင်းတို့အနက် အချို့မှာ ဤစာအုပ်တစ်လျှောက်လုံးတွင် ထပ်ခါထပ်ခါတွေ့ရှိရကြောင်း သင်သတိထားမိပါလိမ့်မည်။ အဘယ်ကြောင့် ယင်းသို့တွေ့ရှိရသနည်း။ အကြောင်းမှာ ယင်းတို့သည် မိသားစု၏မျက်နှာစာအဖြာဖြာတွင် အားလုံး၏ကောင်းကျိုးကိုဖြစ်ထွန်းစေသည့် ဩဇာထက်မြက်သောအမှန်တရားကို ဖော်ညွှန်းကြ၍ဖြစ်သည်။ ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုသည် အမှန်ပင် ‘ယခုဘဝနှင့်ဆိုင်သောကတိတော်ကိုရ’ ကြောင်း ယင်းကျမ်းစာအခြေခံမူများကို ဝါယမစိုက်ထုတ်ကျင့်သုံးသည့်မိသားစု တွေ့မြင်ရပေသည်။ အရေးကြီးသောထိုအခြေခံမူများအနက် လေးခုကို ပြန်၍သုံးသပ်ကြပါစို့။

မိမိကိုယ်ကို ထိန်းချုပ်ခြင်း၏တန်ဖိုး

၄။ အိမ်ထောင်ရေး၌ မိမိကိုယ်ကိုထိန်းချုပ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

၄ “ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ၏” ဟုရှောလမုန်မင်းကြီးကဆိုခဲ့သည်။ (သု. ၂၅:၂၈; ၂၉:၁၁) မိမိကိုယ်ကိုထိန်းချုပ်မှုကို လက်တွေ့ကျင့်သုံးခြင်းဖြစ်သည့် ကိုယ်စိတ်ကိုချုပ်တည်းခြင်းသည် ပျော်ရွှင်သောအိမ်ထောင်ကိုလိုလားသူများအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဒေါသစိတ် သို့မဟုတ် မကောင်းသောတပ်မက်မှုကဲ့သို့သော အဖျက်စွမ်းအားရှိသည့် စိတ်လှုပ်ရှားမှုများကို အရှုံးပေးခြင်းသည်—အကယ်၍ ပြန်လည်ကုစား၍ရသည်ပဲထား—နှစ်နှင့်ချီ၍ ပြန်လည်ကုစားနေရသည့် ထိခိုက်နစ်နာမှုများကို ဖြစ်စေမည်ဖြစ်သည်။

၅။ မစုံလင်သောလူသားတစ်ဦးသည် မိမိကိုယ်ကိုထိန်းချုပ်ခြင်းကို မည်သို့ပျိုးထောင်ယူနိုင်သနည်း။ အဘယ်အကျိုးတရား ခံစားရမည်နည်း။

၅ မှန်ပါသည်၊ အာဒံ၏အဘယ်နောင်လာနောက်သားတစ်ဦးကမျှ မိမိ၏မစုံလင်သောလူ့သဘာဝကို အပြည့်အဝမထိန်းချုပ်နိုင်ပါ။ (ရောမ ၇:၂၁၊ ၂၂) သို့လျက်နှင့် မိမိကိုယ်ကိုထိန်းချုပ်ခြင်းသည် ဝိညာဉ်တော်၏အသီးတစ်ခု ဖြစ်လျက်ရှိပေသေးသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်ရာ ဤအရည်အသွေးအတွက်ဆုတောင်းကြပါက၊ ကျမ်းစာပါ လျော်ကန်သင့်မြတ်သောအကြံများကို လက်တွေ့အသုံးချကြပါက၊ ထို့အပြင် ဤအရည်အသွေး တင်ပြသူများနှင့်ပေါင်းသင်းကာ မတင်ပြသူများကိုရှောင်ရှားကြပါက ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အတွင်း၌ မိမိကိုယ်ကိုထိန်းချုပ်ခြင်းသဘောကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၀၊ ၁၀၁၊ ၁၃၀; သု. ၁၃:၂၀; ၁ ပေတရု ၄:၇) သွေးဆောင်ခြင်းခံရသည့်တိုင် “မတရားသောမေထုန်ကို ကြဉ်ရှောင်” စေရန် ယင်းသို့သောလမ်းစဉ်က ကျွန်ုပ်တို့အား ထောက်ကူမည်ဖြစ်သည်။ (၁ ကောရိန္သု ၆:၁၈) အကြမ်းဖက်ခြင်းကိုငြင်းပယ်ကာ အရက်စွဲခြင်းကိုရှောင်ကြဉ် သို့မဟုတ် အနိုင်ယူကြမည်ဖြစ်သည်။ ၎င်းပြင်၊ ဒေါသနှိုးဆွခံရခြင်းနှင့် ခက်ခဲသောအခြေအနေများကို တည်ငြိမ်အေးဆေးစွာ ကိုင်တွယ်ကြမည်ဖြစ်သည်။ ကလေးများအပါအဝင် ကျွန်ုပ်တို့အားလုံး မရှိမဖြစ်လိုအပ်သော ဤဝိညာဉ်တော်အသီးကို သင်ယူပျိုးထောင်နိုင်ကြပါစေသား။—ဆာလံ ၁၁၉:၁၊ ၂။

ဦးစီးမှုကို သင့်လျော်လျောက်ပတ်စွာ ရှုမြင်ခြင်း

၆။ (က) ဘုရားသခင်ချမှတ်တော်မူသည့် ဦးစီးမှုအစီအစဉ်ကား အဘယ်နည်း။ (ခ) မိမိ၏ဦးစီးမှုက မိသားစုအားပျော်ရွှင်စေနိုင်ရန် အမျိုးသားတစ်ဦးသည် အဘယ်အချက်ကို သတိရရမည်နည်း။

၆ ဒုတိယအရေးကြီးသောအခြေခံမူမှာ ဦးစီးမှုကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟုပေါလုဆိုခဲ့စဉ်က သင့်တော်လျောက်ပတ်သော ဦးစီးမှုအစီအစဉ်ကို ဖော်ညွှန်းခဲ့သည်။ (၁ ကောရိန္သု ၁၁:၃) ဆိုလိုရင်းမှာ မိသားစုတစ်စုတွင် ယောက်ျားကဦးစီးပြီး ဇနီးဖြစ်သူက သူ့အားသစ္စာရှိစွာထောက်ခံမှုပြုကာ သားသမီးများက မိဘတို့ကိုနာခံရန်ပင်ဖြစ်သည်။ (ဧဖက် ၅:၂၂-၂၅၊ ၂၈-၃၃; ၆:၁-၄) သို့သော်၊ နည်းမှန်လမ်းမှန်အသုံးပြုပါမှ ဦးစီးမှုသည် ပျော်ရွှင်မှုကိုဖြစ်စေနိုင်သည်ကို သတိချပ်ပါလေ။ ဦးစီးသူဖြစ်ခြင်းသည် အာဏာရှင်ဖြစ်ခြင်းမဟုတ်ကြောင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုသည့် လင်ယောက်ျားများက သိနားလည်ထားကြသည်။ သူတို့သည် မိမိတို့၏ဦးခေါင်းဖြစ်သူယေရှုအား အတုယူကြသည်။ ယေရှုသည် “အလုံးစုံတို့၏ အချုပ်အခြာဦးခေါင်း” ဖြစ်မည့်သူဖြစ်သော်လည်း “သူတစ်ပါးကိုစေစားခြင်းငှာမလာ။ သူတစ်ပါးအစေကိုခံခြင်းငှာ” သာကြွလာတော်မူခဲ့သည်။ (ဧဖက် ၁:၂၂; မဿဲ ၂၀:၂၈) ထိုနည်းတူစွာပင် ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မိမိ၏ဦးစီးမှုအခွင့်အာဏာကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဇနီးသည်နှင့်သားသမီးများ၏ကောင်းကျိုးအတွက် အသုံးပြုပေသည်။—၁ ကောရိန္သု ၁၃:၄၊ ၅။

၇။ မိသားစုတွင် သူ၏ ဘုရားသတ်မှတ်ကဏ္ဍကိုဖြည့်ဆည်းရန် ဇနီးသည်တစ်ဦးအား အဘယ်ကျမ်းစာအခြေခံမူများက ကူညီမည်နည်း။

၇ ဘုရားရေးရာဆည်းကပ်ဝတ်ပြုသည့် ဇနီးသည်အနေဖြင့်လည်း လင်​ယောက်ျားဖြစ်သူအား တုလားပြိုင်လားလုပ်ခြင်း သို့မဟုတ် ဩဇာညောင်းရန်ကြိုးစားခြင်း ပြုမည်မဟုတ်ပေ။ ခင်ပွန်းသည်အတွက် ထောက်ခံအားပေးသူဖြစ်ရခြင်းနှင့် သူနှင့်အတူလုပ်ကိုင်ရခြင်းတို့အတွက် ပျော်ရွှင်သည်။ ဇနီးသည်အား ခင်ပွန်းဖြစ်သူ၏ “ပိုင်ဆိုင်ရာ” အဖြစ် သမ္မာကျမ်းစာက တစ်ခါတစ်ရံ ဆိုထားသည့်အချက်က လင်ယောက်ျားဖြစ်သူသည် သူ၏ခေါင်းဖြစ်ကြောင်း သံသယရှင်းစေပါသည်။ (ကမ္ဘာဦး ၂၀:၃၊ ကဘ) ထိမ်းမြားခြင်းအားဖြင့် သူသည် “ခင်ပွန်းသည်၏တရား” အောက်သို့ရောက်ရှိလာခဲ့သည်။ (ရောမ ၇:၂၊ ကဘ) တစ်ချိန်တည်းတွင် ကျမ်းစာကသူ့အား “အထောက်အမ” နှင့် “အဖြည့်အစွက်” ဟုခေါ်ဆိုထားသည်။ (ကမ္ဘာဦး ၂:၂၀၊ကဘ) ခင်ပွန်းဖြစ်သူ၌ မရှိသည့်အရည်အသွေးနှင့် အစွမ်းအစများကိုဖြည့်စွက်ပေးကာ လိုအပ်သောထောက်ခံအားပေးမှုကို ပြုပေသည်။ (သု. ၃၁:၁၀-၃၁) သမ္မာကျမ်းစာက ဇနီးသည်အား အိမ်ထောင်ဖက်ဖြစ်သူနှင့် ဘေးချင်းယှဉ်ကာလုပ်ကိုင်သည့် “အဖော်အဖက်” အဖြစ်ဖြင့်လည်းဆိုထားသေးသည်။ (မာလခိ ၂:၁၄၊ ကဘ) ကျမ်းစာဆိုင်ရာ ဤအခြေခံမူများက လင်နှင့်မယားတို့အား တစ်ဦး၏အနေအထားကို တစ်ဦးကလေးမြတ်ကာ မှန်ကန်သောလေးစားဂုဏ်တင်မှုဖြင့် အချင်းချင်းဆက်ဆံကြစေရန် ကူညီပေးပါသည်။

“နားကြားခြင်းငှာ လျင်မြန်ကြစေ”

၈၊ ၉။ ပြောဆိုဆက်သွယ်မှုစွမ်းရည်ကိုမြှင့်တင်ရန် မိသားစုဝင်အားလုံးအား အကူအညီပေးမည့် အခြေခံမူအချို့၏အကြောင်းကို ရှင်းပြပါ။

၈ ပြောဆိုဆက်သွယ်မှုလိုအပ်ပုံကို ဤစာအုပ်၌ မကြာခဏ အလေးအနက်ပြုထားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် တစ်ဦးနှင့်တစ်ဦးစကားပြောဆို၍ တစ်ဦးကိုတစ်ဦး အမှန်ပင် နားထောင်ကြသည့်အခါမျိုး၌ အခြေအနေ ပို၍အဆင်ပြေချောမွေ့တတ်သောကြောင့်ဖြစ်သည်။ ပြောဆိုဆက်သွယ်မှုဟူသည် နှစ်ဖက်သွားလမ်းဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက်ပြုခဲ့ပေပြီ။ တပည့်တော်ယာကုပ်က ဤအကြောင်းကို ဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ။”—ယာကုပ် ၁:၁၉။

၉ ပြောပုံဆိုပုံကိုဂရုစိုက်ရန်လည်း အရေးကြီးသည်။ လောကြီးသော၊ ရန်လိုသော သို့မဟုတ် အပြစ်ရှာဝေဖန်လွန်းသောစကားများသည် အောင်မြင်သောပြောဆိုဆက်သွယ်မှုကို မဖြစ်စေနိုင်ပါ။ (သု. ၁၅:၁; ၂၁:၉; ၂၉:၁၁၊ ၂၀) ပြောလိုက်သည့်အကြောင်းသည် မှန်ကန်သည့်တိုင်အောင် အညှာတာကင်းမဲ့စွာ၊ ဝင့်ဝါစွာ သို့မဟုတ် ခံစားမှုကင်းမဲ့စွာပြောပါက ကောင်းကျိုးထက်ဆိုးကျိုး ပိုဖြစ်စေရန် အကြောင်းများပေသည်။ ကျွန်ုပ်တို့၏အပြောအဆိုသည် “ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက်” နားထောင်ချင့်စဖွယ်ဖြစ်သင့်ပေသည်။ (ကောလောသဲ ၄:၆) ကျွန်ုပ်တို့သုံးသောစကားလုံးများသည် “ငွေပန်းထည်၌ခြယ်သော ရွှေပန်းသီးကဲ့သို့ဖြစ်” သင့်သည်။ (သု. ၂၅:၁၁၊ ကဘ) ကောင်းစွာဆက်သွယ်တတ်အောင် သင်ယူကြသည့်မိသားစုများသည် ပျော်ရွှင်မှုကိုဆွတ်ခူးရန် အဓိကကျသောခြေလှမ်းကြီးကို လှမ်းခဲ့ကြပေပြီ။

မေတ္တာ၏အရေးပါသော အခန်းကဏ္ဍ

၁၀။ မည်သို့သောမေတ္တာမျိုးသည် အိမ်ထောင်ရေး၌ မရှိမဖြစ်အရေးကြီးသနည်း။

၁၀ “မေတ္တာ” ဟူသောဝေါဟာရကို ဤစာအုပ်တစ်လျှောက်လုံး၌ အကြိမ်ကြိမ်တွေ့ရသည်။ အဘယ်မေတ္တာမျိုးကို အဓိကရည်ညွှန်းသည်ကို သင်မှတ်မိသလော။ စိတ်ကူးယဉ်ဆန်သောမေတ္တာ (ဂရိလို အီးရော့စ်) သည်အိမ်ထောင်ရေး၌ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်မှာ မှန်ပါသည်။ နက်ရှိုင်းသောချစ်ခင်စုံမက်ခြင်းနှင့် အဆွေခင်ပွန်းဖြစ်ခြင်းမေတ္တာ (ဂရိလို ဖီလီယာ) သည်လည်း အောင်မြင်သောအိမ်ထောင်ရေး၌ လင်နှင့်မယားစပ်ကြားတွင် ကြီးထွားလာတတ်ပါသည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ ဂရိစကားလုံး အဂါးပေး ကရည်ညွှန်းသည့်မေတ္တာမျိုးပင်ဖြစ်သည်။ ယင်းမှာ ယေဟောဝါအတွက်၊ ယေရှုအတွက်၊ ကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကျွန်ုပ်တို့ပျိုးထောင်ရသည့်မေတ္တာပင်တည်း။ (မဿဲ ၂၂:၃၇-၃၉) ယင်းသည် လူသားမျိုးနွယ်အပေါ် ယေဟောဝါ တင်ပြတော်မူသည့်မေတ္တာပင်တည်း။ (ယောဟန် ၃:၁၆) အလားတူမေတ္တာမျိုးကို ကျွန်ုပ်တို့၏အိမ်ထောင်ဖက်နှင့် သားသမီးများအပေါ် ကျွန်ုပ်တို့ပြသနိုင်သည်မှာ အံ့သြဖွယ်ပါတကား!—၁ ယောဟန် ၄:၁၉။

၁၁။ မေတ္တာသည် အိမ်ထောင်တစ်ခုကို မည်သို့ကောင်းကျိုးပြုသနည်း။

၁၁ မြင့်မြတ်သောဤမေတ္တာကား အိမ်ထောင်တွင် “စည်းလုံးခြင်း၏ စုံလင်သောအနှောင်အဖွဲ့” အမှန်ပင်ဖြစ်ပေသည်။ (ကောလောသဲ ၃:၁၄၊ ကဘ) ယင်းက ဇနီးမောင်နှံတို့ကို အတူတကွနှောင်တည်းကာ အချင်းချင်းအတွက်နှင့် သားသမီးများအတွက် အကောင်းဆုံးပြုလုပ်ပေးလိုသောဆန္ဒကို ဖြစ်ပေါ်စေသည်။ ခက်ခဲသောအခြေအနေနှင့် မိသားစုများရင်ဆိုင်ရသောအခါ၌ အရာရာကို စည်းလုံးညီညွတ်စွာ ကိုင်တွယ်ဖြေရှင်းစေရန် မေတ္တာကထောက်ကူပေးသည်။ ဇနီးမောင်နှံ ပို၍အသက်အရွယ်ရလာကြသည်နှင့်အမျှ တစ်ဦးကိုတစ်ဦးထောက်မအားပေးပြီး ဆက်လက်လေးမြတ်ကြစေရန် မေတ္တာကကူညီပေးသည်။ “မေတ္တာသည် . . . ကိုယ်အကျိုးကိုမရှာတတ်၊ . . . ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။”—၁ ကောရိန္သု ၁၃:၄-၈။

၁၂။ အိမ်ထောင်သည်မောင်နှံတို့၏ ဘုရားသခင်အပေါ်ထားရှိသည့်မေတ္တာသည် ယင်းတို့၏အိမ်ထောင်ကို အဘယ်ကြောင့်အားဖြည့်ပေးသနည်း။

၁၂ ထိမ်းမြားနှောင်ဖွဲ့မှုသည် အိမ်ထောင်ဖက်နှစ်ဦးထားရှိသည့် မေတ္တာတစ်ခုတည်းဖြင့်သာမဟုတ်ဘဲ အဓိကအားဖြင့် ယေဟောဝါအားချစ်သောမေတ္တာဖြင့် နှောင်တည်းထားပါမှ အထူးခိုင်မြဲပေသည်။ (ဒေ. ၄:၉-၁၂) အဘယ်ကြောင့်နည်း။ တမန်တော်ယောဟန်က “ပညတ်တော်တို့ကိုကျင့်စောင့်ခြင်းသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၅:၃) သို့ဖြစ်၍ ဇနီးမောင်နှံတို့အနေဖြင့် မိမိတို့၏သားသမီးများအား ချစ်လွန်းလှသောကြောင့်သာမဟုတ်ဘဲယေဟောဝါ၏ပညတ်ချက်ဖြစ်သောကြောင့်လည်း သားသမီးများအား ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၌ လေ့ကျင့်ပေးသင့်သည်။ (တရားဟောရာ ၆:၆၊ ၇) တစ်ဦးကိုတစ်ဦးချစ်သောကြောင့်သာမဟုတ်ဘဲ “မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို . . . စစ်ကြောစီရင်တော်မူ” မည့်ယေဟောဝါအားချစ်ကြသောကြောင့် အကျင့်ပျက်ပြားခြင်းကိုကြဉ်ရှောင်ကြခြင်း အဓိကဖြစ်သင့်သည်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ဖက်တစ်ဦးက ဆိုးရွားသောပြဿနာများကို ဖြစ်ပေါ်စေခဲ့လျှင်ပင် ကျန်တစ်ဦးအနေဖြင့် ကျမ်းစာအခြေခံမူများကို ဆက်လက်လိုက်နာရန် ယေဟောဝါအားချစ်သောမေတ္တာက လှုံ့ဆော်မည်ဖြစ်သည်။ အချင်းချင်းချစ်သောမေတ္တာကို ယေဟောဝါအားချစ်သောမေတ္တာဖြင့် မွမ်းမံခိုင်ခံ့စေသည့်မိသားစုများကား အမှန်ပင်ပျော်ရွှင်လှသည်တကား!

ဘုရားသခင့်အလိုတော်ဆောင်သော မိသားစု

၁၃။ ဘုရားသခင့်အလိုတော်ကိုဆောင်ရန် သန္နိဋ္ဌာန်ချမှတ်ခြင်းက ပုဂ္ဂိုလ်တစ်ဦးစီအား အမှန်တကယ်အရေးကြီးသောအရာများအပေါ် မည်သို့အာရုံစူးစိုက်စေမည်နည်း။

၁၃ ခရစ်ယာန်တစ်ဦး၏ ဘဝတစ်ခုလုံးသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ်တွင် ဗဟိုပြုသည်။ (ဆာလံ ၁၄၃:၁၀) ဤသည်မှာ ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု စင်စစ်ဖြစ်ပေသည်။ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းက မိသားစုတို့အား အမှန်တကယ်အရေးကြီးသည့်အရာများကို အာရုံစိုက်ဖြစ်ရန်ကူညီပေးသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) သာဓကအားဖြင့် ယေရှုက “အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ၊ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်” ဟုသတိပေးတော်မူခဲ့သည်။ (မဿဲ ၁၀:၃၅၊ ၃၆) ယေရှု၏သတိပေးချက်အတိုင်းပင် ကိုယ်တော်၏များစွာသောနောက်လိုက်တို့သည် မိမိတို့မိသားစုဝင်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရကြသည်။ မည်မျှဝမ်းနည်းနာကြည်းဖွယ် အခြေအနေပါတကား! သို့တိုင်အောင်၊ မိသားစုသံယောဇဉ်ကြောင့် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့အပေါ်ထားရှိသည့်မေတ္တာ လျော့ပါးမသွားစေသင့်ပေ။ (မဿဲ ၁၀:၃၇-၃၉) မိသားစုအတိုက်အခံကြားမှ ခံနိုင်ရည်ရှိရှိဖြင့်ရပ်တည်ပါက ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှု၏ကောင်းကျိုးများကို တွေ့မြင်လာသောအခါ အတိုက်အခံပြုသူများသည် စိတ်သဘောထားပြောင်းလဲသွားနိုင်ပါသည်။ (၁ ကောရိန္သု ၇:၁၂-၁၆; ၁ ပေတရု ၃:၁၊ ၂) ထိုသို့ဖြစ်မလာလျှင်ပင် ဆန့်ကျင်မှုကြောင့် ဘုရားသခင်အားဝတ်ပြုရာမှ ရပ်စဲလိုက်ခြင်းအားဖြင့် တည်မြဲသောအကျိုးကျေးဇူး ဘာမျှရရှိမည်မဟုတ်ပေ။

၁၄။ ဘုရားသခင့်အလိုတော်ကို ဆောင်လိုသည့်ဆန္ဒက မိဘတို့အား သားသမီးများ၏ အကောင်းဆုံးသောအကျိုးစီးပွားအတွက် မည်သို့ပြုမူစေမည်နည်း။

၁၄ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းက မိဘဖြစ်သူတို့အား မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးသည်။ ဥပမာဆိုသော်၊ အချို့သောလူမျိုးစုအသိုင်းအဝိုင်းတွင် မိဘတို့က သားသမီးများကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားကြပြီး မိမိတို့အိုမင်းလာသောအခါ စောင့်ရှောက်မည့်သူများအဖြစ် အားကိုးကြသည်။ အရွယ်ရောက်သောသားသမီးများက အိုမင်းသောမိဘတို့အား စောင့်ရှောက်ခြင်းသည် မှန်ကန်လျောက်ပတ်သော်လည်း ယင်းသို့သောဆင်ခြင်သုံးသပ်မှုက မိမိတို့၏သားသမီးများအား ရုပ်ပစ္စည်းပဓာနဝါဒဆန်သောဘဝလမ်းစဉ်သို့ ဦးမတည်စေသင့်ပေ။ သားသမီးများအား ဝိညာဏရေးရာထက် ရုပ်ပစ္စည်းပိုင်ဆိုင်မှုကို ပို၍တန်ဖိုးထားအောင် ပျိုးထောင်မွေးမြူပါက သားသမီးများကို ကျေးဇူးပြုရာရောက်မည်မဟုတ်ပါ။—၁ တိမောသေ ၆:၉။

၁၅။ တိမောသေ၏မိခင် ဥနိတ်သည် ဘုရားသခင့်အလိုတော်ကိုဆောင်သော မိဘတစ်ဦးအနေနှင့် မည်သို့ အလွန်ကောင်းသောစံနမူနာဖြစ်သနည်း။

၁၅ ဤကိစ္စတွင် ကောင်းမြတ်သောစံနမူနာမှာ ပေါလု၏သက်ငယ်မိတ်ဆွေ တိမောသေ၏မိခင် ဥနိတ်ပင်ဖြစ်သည်။ (၂ တိမောသေ ၁:၅) မယုံကြည်သူနှင့် အိမ်ထောင်ကျသည့်တိုင်အောင် ဥနိတ်သည် တိမောသေ၏အဘွား လောဣနှင့်အတူ တိမောသေအား ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကိုလိုက်စားရန် အောင်မြင်စွာပြုစုမွေးမြူခဲ့သည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေ အတော်အသင့်အရွယ်ရောက်လာသောအခါ ဥနိတ်က သူ့အား အိမ်ကိုစွန့်ခွာ၍ ပေါလု၏သာသနာပြုဖော်အဖြစ် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကိုဆောင်ရွက်ရန် ခွင့်ပြုလိုက်သည်။ (တမန်တော် ၁၆:၁-၅) သားလေးတစ်ယောက် အထင်ကရ သာသနာပြုဆရာတစ်ဦး ဖြစ်လာသည့်အတွက် ဥနိတ်ခမျာ နှစ်ထောင်းအားရ ပီတိဖြာလိုက်မည်ဖြစ်ခြင်း! အရွယ်ရောက်သူတစ်ဦးအနေနှင့် သူ၏ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုက သူငယ်စဉ်ကလေ့ကျင့်ခံခဲ့ရမှုကို ကောင်းစွာဖော်ကျူးလျက်ရှိပေသည်။ ဥနိတ်အနေဖြင့် သားဖြစ်သူ သူနှင့်အတူရှိခဲ့သည့်အချိန်များကို လွမ်းဆွတ်မည်ဖြစ်သော်လည်း သားဖြစ်သူ၏သစ္စာရှိသော ဓမ္မအမှုတော်သတင်းများကိုကြားရသည့်အခါ ကျေနပ်အားရမှုခံစားခဲ့သည်မှာ သေချာလှပေသည်။—ဖိလိပ္ပိ ၂:၁၉၊ ၂၀။

မိသားစုနှင့် သင့်အနာဂတ်

၁၆။ သားတစ်ဦးအနေဖြင့် ယေရှုသည် အဘယ်လျော်ကန်သောပူပန်မှုကို ပြသခဲ့သနည်း။ သို့သော် သူ၏အဓိကဦးတည်ချက်ကား အဘယ်နည်း။

၁၆ ယေရှုသည် ဘုရားဝတ်၌မွေ့လျော်သောမိသားစုထဲတွင် ပျိုးထောင်ခြင်းခံခဲ့ရပြီး အရွယ်ရောက်သူတစ်ဦးအနေဖြင့် မိခင်အပေါ် သားတစ်ယောက်၌ရှိသင့်သည့် စိုးရိမ်ပူပန်စိတ်ကိုတင်ပြခဲ့ပါသည်။ (လုကာ ၂:၅၁၊ ၅၂; ယောဟန် ၁၉:၂၆) သို့ဖြစ်သည့်တိုင်အောင်၊ ယေရှု၏ ပဓာနအကျဆုံးသောရည်မှန်းချက်မှာ ဘုရားသခင့်အလိုတော်ကိုဖြည့်ဆည်းရန်ဖြစ်ပြီး ထိုအထဲ၌ လူသားများအတွက် ထာဝရအသက်ခံစားနိုင်သည့်လမ်းကို ဖွင့်ပေးရန်လည်းပါဝင်ပေသည်။ အပြစ်ရှိသောလူသားလောကအတွက် ရွေးဖိုးအဖြစ် မိမိ၏စုံလင်သောလူသားအသက်ကို စွန့်လွှတ်ပူဇော်လိုက်ခြင်းဖြင့် ယင်းသို့ပြုတော်မူခဲ့သည်။—မာကု ၁၀:၄၅; ယောဟန် ၅:၂၈၊ ၂၉။

၁၇။ ဘုရားသခင့်အလိုတော်ကို ဆောင်သောသူတို့အတွက် ယေရှု၏သစ္စာရှိသောအသက်တာက အဘယ်ခမ်းနားထည်ဝါသော အနာဂတ်အလားအလာကို ဖွင့်ပေးခဲ့သနည်း။

၁၇ ယေရှုသေဆုံးပြီးနောက် ယေဟောဝါသည် သူ့အား ကောင်းကင်သားဘဝသို့ထမြောက်စေကာ ကြီးမားသောအခွင့်အာဏာကို အပ်နှင်းတော်မူခဲ့သည်။ နောက်ဆုံး၌၊ ကောင်းကင်နိုင်ငံတော်တွင် ဘုရင်မင်းအဖြစ် နန်းတင်တော်မူခဲ့သည်။ (မဿဲ ၂၈:၁၈; ရောမ ၁၄:၉; ဗျာဒိတ် ၁၁:၁၅) ယေရှု၏ယဇ်သကာက လူသားအချို့တို့အား ယင်းနိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ အုပ်စိုးမည့်သူများအဖြစ် ရွေးကောက်ခံရန်လမ်းစပေါ်စေသည်။ စိတ်နှလုံးမှန်ကန်သော ကျန်လူသားများအတွက်လည်း ပရဒိသုအခြေအနေ ပြန်လည်ထူထောင်ထားသည့် မြေကြီးပေါ်တွင် စုံလင်သောဘဝကိုစံစားနိုင်စေရန် လမ်းဖွင့်ပေးသည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၄; ၂၁:၃-၅; ၂၂:၁-၄) ယနေ့ ကျွန်ုပ်တို့ပိုင်ဆိုင်သည့် အကြီးမြတ်ဆုံးအခွင့်ထူးတစ်ခုမှာ ဂုဏ်ကျက်သရေရှိလှသော ဤသတင်းကောင်းကို ကျွန်ုပ်တို့နှင့်စပ်ဆိုင်သူတို့အား ပြောပြခြင်းပင်ဖြစ်ပေတော့သည်။—မဿဲ ၂၄:၁၄။

၁၈။ အဘယ်နှိုးဆော်ချက်နှင့် အဘယ်အားပေးမှုကို မိသားစုနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ပေးထားသနည်း။

၁၈ တမန်တော်ပေါလုပြညွှန်သည့်အတိုင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုဖြင့် အသက်ရှင်ခြင်းက “လာမည့်” ဘဝတွင် အဆိုပါကောင်းချီးများကို အမွေခံမည့်ကတိတော်ကို ရရှိစေသည်။ ယင်းသည် ပျော်ရွှင်မှုရရှိနိုင်သည့် အကောင်းဆုံးသောနည်းဖြစ်သည်မှာ သေချာလှပေသည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟူသောအချက်ကိုသတိရပါလေ။ (၁ ယောဟန် ၂:၁၇) သို့ဖြစ်ရာ သင်သည် ကလေးတစ်ဦးဖြစ်သည်ဖြစ်စေ၊ မိဘတစ်ဦးဖြစ်သည်ဖြစ်စေ၊ လင်သားတစ်ဦးဖြစ်သည်ဖြစ်စေ၊ ဇနီးသည်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ကလေးရှိသော သို့မဟုတ် ကလေးမရှိသော တစ်ကိုယ်ရေတစ်ကာယ အရွယ်ရောက်သူတစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင့်အလိုတော်ဆောင်ရန် ဝါယမစိုက်ထုတ်ပါလေ။ ဖိစီးမှုအောက်၌နေရသည်ဖြစ်စေ၊ သို့မဟုတ် လွန်ကဲသောအခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သင်သည် အသက်ရှင်တော်မူသောဘုရားသခင်၏ အစေခံတစ်ဦးဖြစ်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ ဤသို့ဖြင့် သင်၏ပြုမူလုပ်ဆောင်မှုများက ယေဟောဝါအား ရွှင်လန်းအားရမှုဖြစ်စေနိုင်ပါစေသား။ (သု. ၂၇:၁၁) သင်၏ကျင့်ကြံပြုမူပုံကလည်း သင့်အား ယခုဘဝတွင် ပျော်ရွှင်မှုကိုလည်းကောင်း၊ လာလတ္တံ့သောကမ္ဘာသစ်တွင် ထာဝရအသက်ကိုလည်းကောင်း ခံစားရပါစေသား!

သင့်မိသားစုအားပျော်ရွှင်စေရန် . . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း။

မိမိကိုယ်ကိုထိန်းချုပ်တတ်ခြင်းကို ပျိုးထောင်၍ရသည်။ —ဂလာတိ ၅:၂၂၊ ၂၃။

ဦးစီးမှုကို မှန်ကန်စွာရှုမြင်ခြင်းဖြင့် လင်နှင့်မယားနှစ်ဦးစလုံးက မိသားစု၏အကောင်းဆုံးအကျိုးစီးပွားကို ရှာကြံကြသည်။ —ဧဖက် ၅:၂၂-၂၅၊ ၂၈-၃၃; ၆:၄။

ပြောဆိုဆက်သွယ်မှု၌ နားထောင်ခြင်းပါဝင်၏။—ယာကုပ် ၁:၁၉။

ယေဟောဝါအားချစ်ခြင်းက အိမ်ထောင်ကိုစည်းလုံးခိုင်မြဲစေ၏။—၁ ယောဟန် ၅:၃။

ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းသည် မိသားစု၏ အရေးအကြီးဆုံးသောပန်းတိုင်ဖြစ်၏။—ဆာလံ ၁၄၃:၁၀; ၁ တိမောသေ ၄:၈။

တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ခြင်းဆုလာဘ်

လူတိုင်းအိမ်ထောင်ပြုကြသည်မဟုတ်။ အိမ်ထောင်ပြုသူတိုင်းလည်း သားသမီးယူကြသည်မဟုတ်။ ယေရှုသည် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ခဲ့ပြီး “ကောင်းကင်နိုင်ငံတော်အတွက်” ဖြစ်လျှင် တစ်ကိုယ်တည်းနေခြင်းသည် ဆုလာဘ်တစ်ပါးပင်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ (မဿဲ ၁၉:၁၁၊ ၁၂) တမန်တော်ပေါလုလည်း အိမ်ထောင်မပြုရန်ရွေးချယ်ခဲ့သည်။ တစ်ကိုယ်တည်းနေခြင်းနှင့် အိမ်ထောင်ပြုခြင်းနှစ်ရပ်စလုံးသည် ‘ဆုလာဘ်များ’ ပင်ဖြစ်သည်ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၇:၇၊ ၈၊ ၂၅-၂၈) သို့ဖြစ်ရာ၊ ဤစာအုပ်၌ အိမ်ထောင်သားမွေးကိစ္စကို အဓိကဆွေးနွေးတင်ပြထားသည်မှန်သော်လည်း တစ်ကိုယ်တည်းနေခြင်း သို့မဟုတ် အိမ်ထောင်ပြုသော်လည်း သားသမီးမယူခြင်းဖြင့် ခံစားနိုင်သည့်ကောင်းချီးနှင့် ဆုလာဘ်များကိုလည်း ကျွန်ုပ်တို့မျက်ခြည်မပြတ်သင့်ပေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ