ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၉ စာ. ၁၀၃-၁၁၅
  • မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်မှုကိစ္စကို ပိုင်နိုင်စွာကွပ်ကဲထိန်းသိမ်းခြင်း
  • အသက်မွေးမှုဆိုင်ရာ စိန်ခေါ်ချက်
  • မည်သူက မည်သူ့ကို စောင့်ရှောက်သနည်း
  • ဆက်၍ဆုံးမပဲ့ပြင်ပါ
  • အထီးကျန်ဖြစ်ခြင်းကို အနိုင်ယူပါ
  • အခြားသူများ ကူညီပေးနိုင်ပုံ
  • ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
    နိုးလော့!—၂၀၀၃
  • အဖော်မဲ့မိဘ ဖြစ်သော်လည်း အဖော်မမဲ့
    နိုးလော့!—၂၀၀၃
  • သင့်အိမ်ထောင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားအားထုတ်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၉ စာ. ၁၀၃-၁၁၅

အခန်း ကိုး

မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!

၁-၃။ အဘယ်အကြောင်းတို့ကြောင့် မိမစုံဖမစုံမိသားစုအရေအတွက် တိုးပွားလာရသနည်း။ သက်ဆိုင်သူများ မည်သို့ထိခိုက်သနည်း။

အမေရိကန် ပြည်ထောင်စုတွင် မိမစုံဖမစုံမိသားစုကို “အမြန်ဆုံးတိုးပွားလျက်ရှိသည့် မိသားစုဟန်” ဟုခေါ်ဝေါ်သမုတ်လာကြသည်။ အခြားသောတိုင်းပြည်များစွာတွင်လည်း အခြေအနေမှာ ထူးမခြားနားလှပေ။ အရေအတွက် စံချိန်တင်မြင့်မားသည့် လင်မယားကွာရှင်းမှု၊ သားမယားစွန့်ပစ်မှု၊ တရားဝင်ကွာရှင်းခြင်းမရှိဘဲ ခွဲနေမှု၊ တရားဝင်လက်ထပ်ထားခြင်းမရှိသောမိဘများမှ မွေးဖွားမှုတို့သည် မိဘဖြစ်သူနှင့် ကလေးသူငယ်သန်းပေါင်းများစွာအဖို့ မရေမတွက်နိုင်သည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။

၂ “ကျွန်မသည် အသက် ၂၈-နှစ်အရွယ်ရှိ ကလေးနှစ်ယောက်မိခင် မုဆိုးမဖြစ်သည်။ ဖခင်မရှိဘဲ ကလေးနှစ်ယောက်ကို တစ်ဦးတည်း မွေးမြူပျိုးထောင်ရသည်ကို မလိုလားသဖြင့် ကျွန်မ အလွန်စိတ်မချမ်းမသာဖြစ်နေရပါသည်။ ကျွန်မကိုဂရုစိုက်သူ တစ်ယောက်မျှမရှိဟုပင်ထင်ရသည်။ ကျွန်မ ခဏခဏငိုသည်ကို ကလေးတို့တွေ့ရသဖြင့် သူတို့လည်း စိတ်မကောင်းဖြစ်ရကြသည်” ဟုကြင်ဖော်မဲ့မိခင်တစ်ဦးက ရေးသားခဲ့သည်။ ကြင်ဖော်မဲ့မိဘအများတို့သည် ဒေါသ၊ ရှက်စိတ်နှင့် အထီးကျန်အားငယ်စိတ်အစရှိသော ခံစားချက်များနှင့် နပန်းလုံးရသည့်အပြင် တစ်ဖက်တွင် ဝမ်းစာရေးအတွက် အိမ်ပြင်ထွက်အလုပ်လုပ်ရပြီး တစ်ဖက်တွင် အိမ်တွင်းအလုပ်များကိုလည်း လုပ်ရကြသည်။ “ကြင်ဖော်မဲ့မိဘဖြစ်ရသည်မှာ ဘောလုံးအများကို တစ်ပြိုင်တည်းလေထဲသို့ တစ်ဖက်ကပစ်မြှောက်၍ တစ်ဖက်ကဖမ်းပြီး ကစားပြသူနှင့်တူသည်။ ခြောက်လမျှ အပြင်းအထန်လေ့ကျင့်ပြီးနောက် ဘောလုံးလေးလုံးကို တစ်ပြိုင်တည်းပစ်မြှောက်ကစားလာနိုင်သည်။ သို့သော် ထိုသို့ကစားလာနိုင်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ဘောလုံးအသစ်တစ်လုံး ထပ်ပစ်သွင်းလိုက်သည်” ဟုကြင်ဖော်မဲ့မိဘတစ်ဦးကဆိုသည်။

၃ မိမစုံဖမစုံမိသားစုရှိ ကလေးငယ်တို့လည်း ၎င်းတို့ဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများ ရှိကြစမြဲဖြစ်သည်။ သူတို့သည် မိဘတစ်ဦး ရုတ်တရက် အိမ်မှထွက်ခွာသွားခြင်း၊ သို့မဟုတ် သေဆုံးခြင်းနှင့်အတူ ထက်ကြပ်မကွာ လိုက်ပါလာသည့် ပြင်းပြသောစိတ်လှုပ်ရှားမှုတို့ကို ဘက်ပြိုင်နေရကြဖွယ်ရှိသည်။ လူငယ်များစွာအဖို့ဆိုလျှင် မိဘတစ်ဦးဦးမဲ့သွားခြင်းကြောင့် ဖြစ်ပေါ်သည့်ဆိုးကျိုးသည် လေးနက်သိမ်မွေ့လှသည်ဟု ထင်ရပေသည်။

၄။ မိမစုံဖမစုံမိသားစုများအတွက် ယေဟောဝါစိုးရိမ်ကြောင့်ကြတော်မူကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။

၄ သမ္မာကျမ်းစာခေတ်၌လည်း မိမစုံဖမစုံမိသားစုများ ရှိကြသည်။ ကျမ်းစာက “ဖတဆိုး” နှင့် “မုဆိုးမ” တို့အကြောင်း ကြိမ်ဖန်များစွာဆိုထားသည်။ (ထွက်မြောက်ရာ ၂၂:၂၂၊ သမ; တရားဟောရာ ၂၄:၁၉-၂၁; ယောဘ ၃၁:၁၆-၂၂) သူတို့၏ဖြစ်အင်ကို ယေဟောဝါဘုရားသခင် ရှုဆိတ်တော်မူသည်မဟုတ်ပါ။ ဆာလံဆရာက ဘုရားသခင်အား “ဖတဆိုးတို့အဘ၊ မုဆိုးမတို့တရားမင်း” ဟူ၍ခေါ်ဝေါ်တော်မူ၏။ (ဆာလံ ၆၈:၅၊ သမ) ယနေ့လည်း ယေဟောဝါသည် မိမစုံဖမစုံမိသားစုများအပေါ် ထပ်တူထပ်မျှ စိုးရိမ်ကြောင့်ကြတော်မူသည်မှာ သေချာပါသည်။ စင်စစ်အားဖြင့် သူတို့၏ဘဝအောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သည့် အခြေခံမူများကို ကိုယ်တော့်နှုတ်မြွက်စကားတော်၌ ဖော်ပြထားပေသည်။

အိမ်မှုကိစ္စကို ပိုင်နိုင်စွာကွပ်ကဲထိန်းသိမ်းခြင်း

၅။ အဘယ်ပြဿနာကို ကြင်ဖော်မဲ့မိဘများ လက်မွန်မဆွ ရင်ဆိုင်ရသနည်း။

၅ အိမ်ထောင်တစ်ခုကို စီမံအုပ်ချုပ်ရသည့်တာဝန်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ “ယောက်ျားသားတစ်ယောက် အနားမှာရှိရင်သိပ်ကောင်းမှာပဲလို့ တောင့်တမိတဲ့အခါမျိုး အများကြီးရှိတယ်။ ဥပမာ၊ ကားစက်သံက တစ်မျိုးကြီးဖြစ်လာတယ်၊ ဘယ်နေရာမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အခါမျိုးလိုပေါ့” ဟုတစ်ခုလပ်တစ်ဦးက ဝန်ခံပြောဆိုခဲ့သည်။ များမကြာမီက မယားနှင့်ကွာရှင်းလိုက်သည့်၊ သို့မဟုတ် မုဆိုးဖိုဖြစ်သွားသည့် အမျိုးသားများသည်လည်း ကိုယ်တိုင်ထမ်းဆောင်ရတော့မည့် မြားမြောင်လှသည့် အိမ်မှုကိစ္စအဝဝကိုကြည့်ပြီး ခေါင်းရှုပ်သွားပေမည်။ သားသမီးများအဖို့ဆိုလျှင် ဖရိုဖရဲဖြစ်နေသည့် အိမ်တွင်းအခြေအနေကြောင့် စိတ်ထဲ၌မတည်မငြိမ်ဖြစ်ပြီး လုံခြုံမှုကင်းမဲ့သည့်ခံစားချက်များ ဖြစ်ပေါ်လာတတ်သည်။

၆၊ ၇။ (က) နယပုံပြင်ကျမ်းမှ “စွမ်းရည်ရှိသောမယား” က အဘယ်စံနမူနာကောင်း ထားခဲ့သနည်း။ (ခ) မိမစုံဖမစုံမိသားစုတွင် အိမ်တွင်းမှုတာဝန်များနှင့်ပတ်သက်၍ လုံ့လဝီရိယရှိခြင်းက မည်သို့အထောက်အကူပြုသနည်း။

၆ အဘယ်အရာက အကူအညီပေးမည်နည်း။ နယပုံပြင်ကျမ်း ၃၁:၁၀-၃၁ (ကဘ) တွင်ဖော်ပြထားသည့် “စွမ်းရည်ရှိသောမယား” ၏စံနမူနာကို သတိပြုပါ။ သူ၏ အောင်မြင်ပြီးမြောက်မှုများသည် ကျယ်ပြန့်များပြားလှသည်။ ဝယ်ခြမ်းခြင်း၊ ရောင်းဝယ်ခြင်း၊ ချုပ်လုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အိမ်မြေရောင်းဝယ်ရေး၌ ရင်းနှီးမြှုပ်နှံခြင်း၊ စိုက်ပျိုးမွေးမြူခြင်းနှင့် လုပ်ငန်းတစ်ခုကို တာဝန်ယူခြင်းတို့ဖြစ်သည်။အောင်မြင်မှု၏လျှို့ဝှက်ချက်ကား အဘယ်နည်း။ သူသည် လုံ့လဝီရိယရှိပြီး စောစောအိပ်ရာထကာ အလုပ်စသည့်အပြင် မိုးချုပ်သည့်အထိ အလုပ်လုပ်သူဖြစ်သည်။ ကောင်းစွာစီစဉ်ဆောင်ရွက်တတ်သူ၊ အလုပ်တာဝန်ခွဲဝေတတ်သူ၊ အခြားသူများအကျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ပေးတတ်သူလည်းဖြစ်သည်။ သို့ဖြစ်သောကြောင့် သူချီးမွမ်းခံရသည်မှာ အဆန်းမဟုတ်ပေ။

၇ အကယ်၍ သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်လျှင် သင်၏အိမ်တွင်းမှုတာဝန်များကို အသိစိတ်ဓာတ်အပြည့်ဖြင့် ကျေပွန်စွာထမ်းဆောင်ပါ။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင့်သားသမီးများ၏ပျော်ရွှင်မှုကို တိုးပွားစေနိုင်သောကြောင့် သင်ကိုယ်တိုင်လည်း ကျေနပ်နှစ်သိမ့်မှု ရရှိသည်။ သို့သော် ကောင်းစွာအစီအစဉ်ရေးဆွဲ၍ စည်းရုံးဆောင်ရွက်တတ်ရန် အလွန်အရေးကြီးသည်။ “လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့် . . . ဆိုင်ပေ၏” ဟုသမ္မာကျမ်းစာဆို၏။ (သု. ၂၁:၅) “များသောအားဖြင့် ထမင်းဆာတော့မှ ထမင်းချက်ဖို့ သတိရလာတတ်တယ်” ဟုကြင်ဖော်မဲ့ဖခင်တစ်ဦးက ဝန်ခံပြောကြား၏။ သို့သော် ကြိုတင်စီစဉ်ထားသည့် ထမင်းဟင်းသည် ကတိုက်ကရိုက်ပြင်ဆင်သည့် ထမင်းဟင်းထက် ပို၍အာဟာရကြွယ်ဝပြီး ပို၍ခံတွင်းတွေ့တတ်သည်။ သင့်လက်နှစ်ဖက်ကိုလည်း အသစ်သောနည်းလမ်းဖြင့် အသုံးပြုတတ်လာဖွယ်ရှိသည်။ ဗဟုသုတများသောမိတ်ဆွေများ၊ နည်းပေးလမ်းညွှန်စာအုပ်များ၊ ကူညီတတ်သော အတတ်ပညာရှင်များနှင့် တိုင်ပင်ခြင်းအားဖြင့် အချို့ကြင်ဖော်မဲ့မိခင်တို့သည် ဆေးသုတ်ခြင်း၊ ရေပိုက်ပြုပြင်ခြင်းနှင့် လွယ်ကူသော ကားပြုပြင်မှုများကို လုပ်ကိုင်တတ်လာကြသည်။

၈။ ကြင်ဖော်မဲ့မိဘတို့၏ သားသမီးများအနေဖြင့် အိမ်အတွင်း၌ မည်သို့အကူအညီပေးနိုင်သနည်း။

၈ သားသမီးများကို အကူအညီတောင်းလျှင် တရားပါမည်လော။ “ကလေးတွေမှာ အဖေမရှိတော့တာကိုထေမိဖို့အတွက် ကျွန်မလုပ်ပေးနိုင်တာက သူတို့လေးတွေ အေးအေးဆေးဆေးနဲ့ သက်သက်သာသာ နေနိုင်ဖို့ပါပဲ” ဟုကြင်ဖော်မဲ့မိခင်တစ်ဦးက ဆင်ခြင်တွေးဆသည်။ ဤသို့ဆင်ခြင်တွေးဆသည်ကို နားလည်နိုင်သော်လည်း ကလေးအတွက် အမြဲတမ်းအကောင်းဆုံးအကျိုး ဖြစ်ချင်မှဖြစ်မည်။ သမ္မာကျမ်းစာခေတ်မှ ဘုရားသခင်ကိုခန့်ညားသည့်လူငယ်များသည် သင့်တော်သောအိမ်မှုကိစ္စများလုပ်ဆောင်ရန် တာဝန်ခွဲဝေခြင်းခံရကြသည်။ (ကမ္ဘာဦး ၃၇:၂; ရှောလမုန်သီချင်း ၁:၆) ထို့ကြောင့်၊ သင့်သားသမီးများအပေါ် ဝန်မပိစေရန် တစ်ဖက်က သတိထားပြီး တစ်ဖက်တွင် သူတို့ကို အလုပ်တာဝန် ခွဲဝေပေးခြင်းသည် အမြော်အမြင်ရှိရာရောက်မည်။ ဥပမာ ပန်းကန်ခွက်ယောက်များကို ဆေးကြောခြင်း၊ သူတို့၏အခန်းကို သန့်ရှင်းရေးပြုလုပ်ခြင်းစသည့် အိမ်မှုကိစ္စအချို့ကို အတူတကွ လုပ်ကိုင်ပါ။ အလွန်ပျော်စရာ ကောင်းပေမည်။

အသက်မွေးမှုဆိုင်ရာ စိန်ခေါ်ချက်

၉။ ကြင်ဖော်မဲ့မိခင်ဖြစ်သူများသည် ငွေရေးကြေးရေးအခက်အခဲများနှင့် အဘယ်ကြောင့် ကြုံတွေ့လေ့ရှိသနည်း။

၉ ကြင်ဖော်မဲ့မိဘအများစုက ငွေရေးကြေးရေးလိုအပ်ချက်များအတွက် ရုန်းကန်ရသည်မှာ မလွယ်ကူကြောင်း တွေ့ရှိကြသည်။ ငယ်ရွယ်၍ထိမ်းမြားထားခြင်းမရှိသည့် မိခင်ဖြစ်သူများအဖို့ အခြေအနေမှာ သာ၍ပင်ဆိုးရွားသည်။a ပြည်သူ့လူမှုဘဝဖူလုံရေး ထောက်ပံ့ကြေးပေးသည့်နိုင်ငံများတွင် အနည်းဆုံး အလုပ်ရရှိသည့်အချိန်အထိ ယင်းထောက်ပံ့မှုကိုရယူခြင်းသည် အမြော်အမြင်ရှိရာ ရောက်နိုင်သည်။ လိုအပ်သည့်အခါ ထိုသို့သောအစီအစဉ်များကိုသုံးစွဲရန် ခရစ်ယာန်များကို သမ္မာကျမ်းစာက ခွင့်ပြုထားသည်။ (ရောမ ၁၃:၁၊ ၆) မုဆိုးမများနှင့် မုဆိုးဖိုများလည်း အလားတူစိန်ခေါ်ချက်မျိုးကို ရင်ဆိုင်ကြရသည်။ အိမ်မှုကိစ္စများနှင့် နှစ်ပေါင်းများစွာလုံးပန်းပြီးနောက် အခြေအနေအရ အလုပ်ပြန်ဝင်ရသူအများသည် အများအားဖြင့် လစာဝင်ငွေနိမ့်သည့်အလုပ်ကိုသာ ရရှိကြသည်။ အချို့သူတို့သည် အလုပ်ကျွမ်းကျင်မှုသင်တန်းအစီအစဉ် သို့မဟုတ် အချိန်တိုသင်တန်းကျောင်း တက်ရောက်ခြင်းအားဖြင့် မိမိတို့၏ဘဝအခြေအနေကို တိုးတက်အောင်ပြုလုပ်ကြသည်။

၁၀။ ကြင်ဖော်မဲ့မိခင်တစ်ဦးအနေဖြင့် မိမိအဘယ်ကြောင့် အလုပ်အကိုင်ရှာလုပ်ရကြောင်း သားသမီးများအား အဘယ်သို့ရှင်းပြနိုင်သနည်း။

၁၀ သင်အပြင်ထွက်အလုပ်လုပ်သည်ကို သားသမီးများ သဘောမကျလျှင် မအံ့သြပါနှင့်။ မိမိကိုယ်ကိုလည်း အပြစ်မတင်ပါနှင့်။ မိမိအဘယ်ကြောင့် အလုပ်လုပ်ရကြောင်းရှင်းပြပြီး သားသမီးများကိုထောက်ပံ့ရန် မိမိအား ယေဟောဝါ တောင်းဆိုတော်မူကြောင်း သဘောပေါက်အောင် ကူညီပေးပါ။ (၁ တိမောသေ ၅:၈) အချိန်တန်လျှင် ကလေးအများစုသည် နေသားကျအောင် ပြုပြင်ပြောင်းလဲလာကြသည်။ သို့သော်လည်း အလုပ်များသည့်ကြားမှ တတ်နိုင်သလောက် သားသမီးများနှင့်အတူနေရန် အချိန်ပေးပါ။ ဤကဲ့သို့ မိသားစုကို မေတ္တာဖြင့် ဂရုစိုက်စောင့်ရှောက်မည်ဆိုလျှင် ငွေရေးကြေးရေး အဆင်မပြေမှုကြောင့် မိသားစုကြုံတွေ့နေရသည့် ဂယက်ရိုက်ခတ်မှုကိုလည်း လျော့ပါးစေနိုင်သည်။—သု. ၁၅:၁၆၊ ၁၇။

မည်သူက မည်သူ့ကို စောင့်ရှောက်သနည်း

၁၁၊ ၁၂။ ကြင်ဖော်မဲ့မိဘတို့အနေဖြင့် အဘယ်နယ်နိမိတ်စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း။ မည်သို့ထိန်းသိမ်းစောင့်ရှောက်နိုင်သနည်း။

၁၁ ကြင်ဖော်မဲ့မိဘတို့အနေဖြင့် သားသမီးများကို အထူးချစ်ခင်တွယ်တာသည်မှာ ဓမ္မတာဖြစ်သော်လည်း မိဘနှင့်သားသမီးစပ်ကြား ဘုရားသခင်ပိုင်းခြားထားသည့် နယ်နိမိတ်စည်းမျဉ်းကို မချိုးဖောက်မိအောင် သတိထားရန်လိုသည်။ သာဓကအားဖြင့် ကြင်ဖော်မဲ့မိခင်တစ်ဦးအနေဖြင့် သားဖြစ်သူအား အိမ်ထောင်ဦးစီးတာဝန်ထမ်းဆောင်ရန် မျှော်လင့်လျှင်ဖြစ်စေ၊ သမီးဖြစ်သူအား တိုးတိုးဖော်အဖြစ်သဘောထားကာ ကိုယ်ရေးကိုယ်တာပြဿနာများကို ရင်ဖွင့်ပြောဆိုမည်ဆိုလျှင်ဖြစ်စေ ကြီးလေးသည့်အခက်အခဲများ ပေါ်ပေါက်လာတတ်သည်။ ဤသို့ပြုခြင်းသည် မသင့်တော်ရုံမက ကလေးတစ်ယောက်အဖို့ စိတ်ဖိစီးမှုတိုးစေပြီး ခေါင်းရှုပ်သွားစေနိုင်သည်။

၁၂ မိဘတစ်ဦးအနေနှင့် မိမိက သားသမီးများကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သားသမီးများက မိမိကိုစောင့်ရှောက်ရမည်မဟုတ်ကြောင်း အသေအချာပြောပြပါ။ (၂ ကောရိန္သု ၁၂:၁၄ နှိုင်းယှဉ်။) တစ်ခါတစ်ရံ အကြံဉာဏ် သို့မဟုတ် အားပေးထောက်ခံမှု လိုကောင်းလိုလာမည်။ ထိုအခါ အရွယ်မရောက်သေးသည့် သားသမီးများထံမှမဟုတ်ဘဲ ခရစ်ယာန်အကြီးအကဲများ သို့မဟုတ် ရင့်ကျက်သောခရစ်ယာန်အမျိုးသမီးများထံမှ အကူအညီတောင်းခံပါ။—တိတု ၂:၃။

ဆက်၍ဆုံးမပဲ့ပြင်ပါ

၁၃။ ဆုံးမပဲ့ပြင်ခြင်းနှင့်ပတ်သက်၍ အဘယ်ပြဿနာကို ကြင်ဖော်မဲ့မိခင်တစ်ဦး ကြုံတွေ့နိုင်သနည်း။

၁၃ အမျိုးသားတစ်ဦးကို ဆုံးမပဲ့ပြင်သူအဖြစ်လက်ခံရန် အခက်အခဲမရှိလှသော်လည်း အမျိုးသမီးတစ်ဦးကို ထိုသို့လက်ခံရန်မူ ပြဿနာရှိနိုင်သည်။ ကြင်ဖော်မဲ့မိခင်တစ်ဦးက “ကျွန်မရဲ့သားတွေမှာ ယောက်ျားကိုယ်လုံးကိုယ်ထည်နဲ့ ယောက်ျားအသံတွေရှိကြတယ်။ သူတို့နဲ့ယှဉ်လိုက်ရင် ကျွန်မရဲ့အသံဟာ တစ်ခါတလေ ခိုင်မာပြတ်သားမှုမရှိဘဲ ဩဇာကင်းမဲ့နေတယ်” ဟုဆိုသည်။ ၎င်းအပြင်၊ သင်သည် ဆုံးပါးသွားသည့် ချစ်ရသူကြင်ဖော်အတွက် ပူဆွေးသောကရောက်နေဆဲ ဖြစ်ကောင်းဖြစ်နေမည်။ သို့တည်းမဟုတ် အိမ်ထောင်ပြိုကွဲမှုအတွက် ရှက်စိတ်၊ ဒေါသစိတ် ဖြစ်ကောင်းဖြစ်နေမည်။ သားသမီးများကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်ရသည်ဆိုလျှင် ကလေးက အိမ်ထောင်ဖက်ဟောင်းနှင့် ပို၍နေထိုင်လိုသည်ကို သင်စိုးရိမ်မိပေမည်။ ဤသို့သောအခြေအနေများကြောင့် ဟန်ချက်ညီညီ ဆုံးမပဲ့ပြင်ရန် အခက်အခဲဖြစ်နိုင်ပေသည်။

၁၄။ ကြင်ဖော်မဲ့မိဘတစ်ဦးအနေဖြင့် ဆုံးမပဲ့ပြင်ခြင်းနှင့်စပ်လျဉ်း၍ မျှတသည့်အမြင်ကို မည်သို့ထိန်းသိမ်းနိုင်သနည်း။

၁၄ “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏” ဟူ၍ သမ္မာကျမ်းစာကဆို၏။ (သု. ၂၉:၁၅) မိသားစုစည်းမျဉ်းစည်းကမ်းများချမှတ်၍ ကျင့်သုံးရာ၌ ယေဟောဝါ၏ထောက်ခံမှုကို သင်ရရှိထားသည်ဖြစ်ရာ စိတ်မလုံမလဲဖြစ်မှု၊ နောင်တရမှု၊ စိုးရွံ့မှုကြောင့် အရှုံးမပေးလိုက်ပါနှင့်။ (သု. ၁:၈) ကျမ်းစာမူများကို မည်သည့်အခါမျှ မဖောက်ဖျက်ပါနှင့်။ (သု. ၁၃:၂၄) အကျိုးသင့်အကြောင်းသင့်ရှိပါ။ ရှေ့နောက်ညီညွတ်မှုရှိပါ။ ခိုင်မာပြတ်သားမှုရှိပါ။ အချိန်တန်လျှင် သားသမီးအများက တုံ့ပြန်လာကြပေမည်။ သို့တိုင်အောင် သားသမီးတို့၏ ခံစားချက်များကို သင်ထည့်သွင်းစဉ်းစားပေးလိုပေမည်။ “ကလေးတွေက သူတို့အမေဆုံးသွားလို့ စိတ်ထိခိုက်နေကြတဲ့အတွက် သူတို့ကိုဆုံးမပဲ့ပြင်တဲ့အခါမှာ နားလည်စာနာမှုနဲ့ သက်သက်ညှာညှာ ဆုံးမရတယ်။ အခွင့်အခါရတိုင်း သူတို့နဲ့စကားစမြည်ပြောတယ်။ ညစာပြင်ဆင်တဲ့အချိန်တိုင်းဟာ ကျွန်တော်တို့မိသားစုအတွက် ‘ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးရှိတဲ့အခိုက်အတန့်’ ပါပဲ။ အဲဒီအချိန်မှာ ကလေးတွေက သူတို့ရဲ့အတွင်းရေးတွေကို ကျွန်တော့်ကို ဖွင့်ပြောကြတယ်” ဟူ၍ ကြင်ဖော်မဲ့ဖခင်တစ်ဦးကဆို၏။

၁၅။ လင်မယားကွာရှင်းထားသူ မိဘတစ်ဦးအနေဖြင့် အိမ်ထောင်ဖက်ဟောင်းအကြောင်းပြောသည့်အခါ၌ အဘယ်အရာကိုရှောင်သင့်သနည်း။

၁၅ အကယ်၍ သင်သည် လင်မယားကွာရှင်းထားသူဖြစ်လျှင် အိမ်ထောင်ဖက်ဟောင်းကို အရိုအသေတန်အောင်ပြုလုပ်ခြင်းဖြင့် ဘာမျှအကျိုးရှိမည်မဟုတ်။ မိဘချင်း ကတောက်ကဆတ်ဖြစ်မှုသည် သားသမီးများအဖို့ စိတ်ထိခိုက်စရာဖြစ်သည့်အပြင်နောက်ဆုံးတွင် သင်တို့နှစ်ဦးစလုံးအပေါ် ရိုသေလေးစားသည့်စိတ် အားနည်းချည့်နဲ့သွားစေနိုင်သည်။ ထို့ကြောင့်၊ ​“မင်းဟာလေမင်းအဖေလိုပဲ” ဟူသော စိတ်ထိခိုက်စေသည့်စကားမျိုး မပြောမိအောင်သတိထားပါ။ အိမ်ထောင်ဖက်ဟောင်းက သင့်အားစိတ်နာအောင် မည်သို့ပင်ပြုလုပ်စေခဲ့ကာမူ သူသည်ကလေး၏မိဘဖြစ်လျက်ပင်ရှိသည်။ သင့်သားသမီးကလည်း မိဘနှစ်ဦးစလုံး၏မေတ္တာ၊ ဂရုစိုက်မှုနှင့် ဆုံးမပဲ့ပြင်မှု လိုအပ်လျက်ရှိသည်။b

၁၆။ မိမစုံဖမစုံအိမ်ထောင်တစ်ခုတွင် ဆုံးမပဲ့ပြင်ခြင်း၏ ပုံမှန်အစိတ်အပိုင်းတစ်ရပ်အဖြစ် အဘယ်ဝိညာဉ်ရေးအစီအစဉ်များကို ထည့်သွင်းသင့်သနည်း။

၁၆ ရှေ့အခန်းများ၌ ဆွေးနွေးခဲ့သည့်အတိုင်း ဆုံးမပဲ့ပြင်သည်ဆိုရာ၌ ပြစ်ဒဏ်ပေးခြင်းမျှသာမဟုတ်၊ လေ့ကျင့်ခြင်းနှင့်သွန်သင်ခြင်းတို့ ပါဝင်သည်။ ဝိညာဉ်ရေးလေ့ကျင့်မှု အစီအစဉ်ကောင်းကောင်းရှိမည်ဆိုလျှင် ပြဿနာအများအပြားကို လွှဲဖယ်စေနိုင်ပေသည်။ (ဖိလိပ္ပိ ၃:၁၆) ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန်လည်း အရေးကြီးသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အပတ်စဉ် မိသားစုကျမ်းစာသင်အံမှုလည်း ထပ်တူပင်အရေးကြီးသည်။ မှန်ပါသည်၊ ဤသို့သောသင်အံမှုကို ပုံမှန်ပြုလုပ်သွားရန်မှာ လွယ်ကူလှသည်မဟုတ်။ “တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးတဲ့နောက် အရမ်းကိုအနားယူချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ သင်အံမှုဟာ လုပ်ကိုလုပ်ရမယ့်တာဝန်ဖြစ်မှန်း သိထားတဲ့အတွက် သမီးနဲ့သင်အံမှုလုပ်ဖို့ ကျွန်မစိတ်ထဲမှာ ကြိုပြီးပြင်ဆင်ထားတယ်။ သမီးလေးလည်း မိသားစုသင်အံမှုကို သိပ်နှစ်သက်တယ်” ဟူ၍ အသိစိတ်ဖြင့် တာဝန်ကျေပွန်သည့်မိခင်တစ်ဦးကဆို၏။

၁၇။ ပေါလု၏အဖော်တိမောသေ ကောင်းစွာပြုစုပျိုးထောင်ခံရပုံမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာယူနိုင်သနည်း။

၁၇ တမန်တော်ပေါလု၏အဖော် တိမောသေသည် ကျမ်းစာမူများဖြင့်လေ့ကျင့်ခြင်းကို မိခင်နှင့်အဖွားတို့ထံမှရရှိသည်မှာ သိသာသည်။ ဖခင်ထံမှ ရရှိပုံမရပါ။ သို့နှင့်ပင် တိမောသေသည် မည်မျှထူးချွန်သည့်ခရစ်ယာန်တစ်ဦး ဖြစ်လာသည်တကား! (တမန်တော် ၁၆:၁၊ ၂; ၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) သားသမီးများကို “ယေဟောဝါ၏ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းကွပ်ခြင်းတို့ဖြင့်” ပြုစုပျိုးထောင်ရန် ကြိုးပမ်းအားထုတ်ရာ၌ နှစ်သက်ဖွယ်အကျိုးရလဒ်မျိုးကို သင်လည်း အလားတူမျှော်လင့်နိုင်ပေသည်။—ဧဖက် ၆:၄၊ ကဘ။

အထီးကျန်ဖြစ်ခြင်းကို အနိုင်ယူပါ

၁၈၊ ၁၉။ (က) ကြင်ဖော်မဲ့မိဘတစ်ဦး၌ အထီးကျန်အားငယ်စိတ် မည်သို့ဝင်လာနိုင်သနည်း။ (ခ) သွေးသားဆန္ဒထိန်းချုပ်ရေးအတွက် အကူအညီအဖြစ် အဘယ်သြဝါဒ ပေးထားသနည်း။

၁၈ “အိမ်ပြန်ရောက်လို့ လေးဘက်လေးတန်ကနံရံတွေကို မြင်လိုက်ရတဲ့အခါမှာ၊ အထူးသဖြင့် ကလေးတွေ အိပ်ရာဝင်ပြီးတဲ့နောက်မှာ အထီးကျန်အားငယ်စိတ်က ကျွန်မကို လွှမ်းမိုးသိုင်းခြုံလာတယ်” ဟူ၍ ကြင်ဖော်မဲ့မိခင်တစ်ဦးက သက်မချ၍ဆို၏။ မှန်ပါသည်၊ အထီးကျန်အားငယ်စိတ်သည် အများအားဖြင့် ကြင်ဖော်မဲ့မိဘတစ်ဦး ရင်ဆိုင်ရသည့် အကြီးမားဆုံးပြဿနာ ဖြစ်လေ့ရှိသည်။ အိမ်ထောင်သည်ဘဝ၏နွေးထွေးသည့်ပေါင်းဖော်မှုနှင့် ရင်းနှီးသည့်ဆက်ဆံမှုတို့ကို တမ်းတမိမည်မှာ သဘာဝကျပါသည်။ သို့သော် မည်သည့်အရာကိုမျှ မှုစရာမလိုဘဲ ဤပြဿနာကို ဖြစ်သည့်နည်းဖြင့်ဖြေရှင်းသင့်ပါသလော။ တမန်တော်ပေါလုလက်ထက်၌ အရွယ်နုပျိုသောမုဆိုးမအချို့တို့သည် “သူတို့နှင့်ခရစ်တော်၏ဆက်ဆံရေးတွင် မိမိတို့၏လိင်စိတ်နှိုးဆွမှုကို ကြားဝင်နှောင့်ယှက်” ရန်ခွင့်ပြုခဲ့ကြသည်။ (၁ တိမောသေ ၅:၁၁၊ ၁၂၊ ကဘ) သွေးသားဆန္ဒရမ္မက်ကြောင့် ဝိညာဉ်ရေးအကျိုးစီးပွား လောင်းရိပ်မိခံမည်ဆိုလျှင် မိမိသာ ထိခိုက်နစ်နာမည်ဖြစ်သည်။—၁ တိမောသေ ၅:၆။

၁၉ “သွေးသားဆန္ဒရမ္မက်ဟာ အင်မတန်ပြင်းပြပေမဲ့လို့ ထိန်းလို့ရပါတယ်။ စိတ်ထဲမှာ စိတ်ကူးအတွေးတစ်ခု ဝင်လာပြီဆိုရင် အဲဒီစိတ်ကူးအတွေးကို တစိမ့်စိမ့်တွေးမနေဖို့လိုတယ်။ စိတ်ထဲက ထုတ်ပစ်ရမယ်။ သားသမီးအကြောင်းတွေးလိုက်ရင်လည်း တော်တော်လေး အထောက်အကူရတယ်” ဟူ၍ ခရစ်ယာန်အမျိုးသားတစ်ဦးကဆိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ‘ကိလေသာအာသာဆန္ဒတည်းဟူသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့’ ဟုဆုံးမထားသည်။ (ကောလောသဲ ၃:၅) အစာစားချင်သည့်အာသာဆန္ဒကို ငြိမ်းသတ်လိုလျှင် အလွန်အရသာရှိသောအစာများ၏ပုံကို အသားပေးဖော်ပြသည့်မဂ္ဂဇင်းများကို သင်ဖတ်မည်လော။ တစ်ချိန်လုံး အစားအစာအကြောင်းချည်း ပြောနေသူတို့နှင့် သင်ပေါင်းမည်လော။ လုံးဝလုပ်မည်မဟုတ်။ သွေးသားဆန္ဒနှင့်ပတ်သက်လာလျှင်လည်း ထပ်တူပင်ဖြစ်သည်။

၂၀။ (က) မယုံကြည်သူတို့ကို ပိုးပန်းသူတို့အဖို့ အဘယ်အန္တရာယ် ချောင်းမြောင်းနေသနည်း။ (ခ) ပထမရာစုနှင့်ယခုခေတ် တစ်ကိုယ်ရေတစ်ကာယသမားများက အထီးကျန်အားငယ်စိတ်ကို မည်သို့တိုက်ထုတ်ခဲ့ကြသနည်း။

၂၀ ခရစ်ယာန်အချို့သည် မယုံကြည်သူတို့ကိုပိုးပန်းကြသည်။ (၁ ကောရိန္သု ၇:၃၉) ဤသို့ပြုခြင်းဖြင့် သူတို့၏ပြဿနာများ ပြေလည်သွားပါသလော။ မပြေလည်ပါ။ “တစ်ကိုယ်ရေတစ်ကာယနေတာထက် ပိုဆိုးတာတစ်ခုရှိတယ်။ အဲဒါကတော့ မဟုတ်တဲ့လူနဲ့ အိမ်ထောင်ပြုမိခြင်းပါပဲ” ဟူ၍ တစ်ခုလပ် ခရစ်ယာန်အမျိုးသမီးတစ်ဦးက သတိပေးသည်။ ပထမရာစုမှ ခရစ်ယာန်မုဆိုးမတို့သည်လည်း အထီးကျန်အားငယ်စိတ်ဝင်သည့် အခိုက်အတန့်များ ရှိခဲ့ကြသော်လည်း အမြော်အမြင်ရှိသူတို့သည် “ဧည့်သည်ဝတ်ကိုပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကိုလုပ်ကျွေးခြင်း” အားဖြင့် အလုပ်များနေခဲ့ကြသည်။ (၁ တိမောသေ ၅:၁၀) ဘုရားတရားခန့်ညားသည့် အိမ်ထောင်ဖက်တွေ့ရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြသော ယနေ့ သစ္စာရှိခရစ်ယာန်များသည်လည်း အလားတူစွာ အလုပ်များလျက်နေကြသည်။ အသက် ၆၈-နှစ်အရွယ်ရှိ ခရစ်ယာန်မုဆိုးမတစ်ဦးသည် အထီးကျန်အားငယ်စိတ် ဝင်လာသည့်အခါတိုင်း အခြားမုဆိုးမများထံ သွားရောက်လည်ပတ်သည်။ သူက “ဒီလိုအလည်အပတ်သွားလိုက်၊ အိမ်အလုပ်တွေလုပ်လိုက်၊ ကိုယ့်​ဝိညာဉ်ရေးကို ဂရုစိုက်လိုက်နဲ့ပဲ အထီးကျန်အားငယ်တဲ့စိတ်ဝင်ဖို့အတွက်တောင် အချိန်မရှိပါဘူးရှင်” ဟုဆိုသည်။ သူတစ်ပါးအား ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ကြားပေးခြင်းသည် အထူးပင်အကျိုးရှိသည့် ကောင်းသောအလုပ်တစ်မျိုးဖြစ်ပေသည်။—မဿဲ ၂၈:၁၉၊ ၂၀။

၂၁။ ဆုတောင်းခြင်းနှင့် အကျိုးပြုသော ပေါင်းသင်းဆက်ဆံမှုတို့က အထီးကျန်အားငယ်စိတ်ကိုအောင်နိုင်ရန် အဘယ်နည်းဖြင့် အကူအညီပေးသနည်း။

၂၁ အထီးကျန်အားငယ်စိတ်ကို ယူပစ်သလိုတစ်မုဟုတ်ချင်း ပျောက်ကင်းစေနိုင်သည့်ဆေးနည်းမရှိသည်မှာ မငြင်းသာပေ။ သို့သော်လည်း ယေဟောဝါထံတော်မှခွန်အားဖြင့် ကြံ့ကြံ့ခံနိုင်ပါသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် “အသနားခံခြင်းနှင့် ဆုတောင်း . . . ခြင်း၌ နေ့ညမပြတ်တည်နေ” မည်ဆိုလျှင် ထိုသို့သောခွန်အား ရရှိပေမည်။ (၁ တိမောသေ ၅:၅၊ ကဘ) အသနားခံခြင်းဆိုသည်မှာ စိတ်အားထက်သန်စွာ မေတ္တာရပ်ခံခြင်းဖြစ်သည်။ ပြင်းစွာငိုကြွေးလျက်၊ မျက်ရည်ကျလျက် အကူအညီတောင်းခံခြင်းလည်း ဖြစ်နိုင်ပေသည်။ (ဟေဗြဲ ၅:၇ နှိုင်းယှဉ်။) ယေဟောဝါထံ “နေ့ညမပြတ်” ရင်ဖွင့်ခြင်းအားဖြင့် အမှန်ပင် အထောက်အကူရနိုင်ပါသည်။ ၎င်းပြင်၊ အကျိုးပြုသော ပေါင်းသင်းဆက်ဆံမှုကလည်း အထီးကျန်ခြင်းဖြစ်သောကွက်လပ်ကို ဖြည့်ဆည်းရာ၌ များစွာအကျိုးပြုသည်။ ကောင်းသောပေါင်းသင်းဆက်ဆံမှုအားဖြင့် နယပုံပြင်ကျမ်း ၁၂:၂၅ ၌ဖော်ပြသည့် အားတက်ဖွယ် “ကောင်းသောစကား” ကိုရရှိနိုင်သည်။

၂၂။ အထီးကျန်အားငယ်စိတ် တစ်ခါတစ်ခါ ဝင်လာသည့်အခါ အဘယ်အကြောင်းများကိုစဉ်းစားလျှင် အကျိုးရှိသနည်း။

၂၂ တစ်ခါတစ်ရံ အထီးကျန်အားငယ်စိတ် ဝင်လာလျှင်—ဝင်လည်းဝင်လာတတ်သည်—ဘဝတွင် လိုလေသေးမရှိပြည့်စုံသူ မရှိကြောင်းသတိရပါ။ စင်စစ်ဆိုလျှင် “သင်တို့၏ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးသည်” တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆင်းရဲခံလျက်ရှိကြသည်။ (၁ ပေတရု ၅:၉၊ ကဘ) အတိတ်ကာလကို တစိမ့်စိမ့်တွေးမနေပါနှင့်။ (ဒေ. ၇:၁၀) ခံစားနေရသည့် ပစ္စက္ခအကျိုးအမြတ်များကို သုံးသပ်ပါ။ အရေးအကြီးဆုံးမှာ၊ သမာဓိခိုင်မြဲရန်နှင့် ယေဟောဝါ၏နှလုံးတော်ကို ရွှင်ပြုံးစေရန် သန္နိဋ္ဌာန်ချပါလေ။—သု. ၂၇:၁၁။

အခြားသူများ ကူညီပေးနိုင်ပုံ

၂၃။ ခရစ်ယာန်ချင်းတို့သည် အသင်းတော်အတွင်းရှိ ကြင်ဖော်မဲ့မိဘတို့အပေါ် အဘယ်တာဝန်ရှိသနည်း။

၂၃ ခရစ်ယာန်ချင်းတို့၏ ထောက်မကူညီမှုတို့သည် တန်ဖိုးဖြတ်၍မရပေ။ ယာကုပ် ၁:၂၇ ၌ “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့်ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း” ဟုဆိုထားသည်။ မှန်ပါသည်၊ ခရစ်ယာန်တို့သည် မိမစုံဖမစုံမိသားစုများကို အကူအညီပေးရန်တာဝန်ရှိသည်။ လက်တွေ့ကျကျ အကူအညီပေးနိုင်သည့်နည်းလမ်းအချို့ကား အဘယ်နည်း။

၂၄။ ချို့ငဲ့သည့် မိမစုံဖမစုံမိသားစုများကို အဘယ်နည်းများဖြင့် ကူညီပေးနိုင်သနည်း။

၂၄ ရုပ်ဝတ္ထုပစ္စည်းဖြင့် အကူအညီပေးနိုင်သည်။ “အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်းကရုဏာစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း”ဟုကျမ်းစာကဆိုသည်။ (၁ ယောဟန် ၃:၁၇) မူရင်းဂရိဘာသာတွင် “မြင်” ဟူသောစကားလုံးသည် အကြမ်းဖျင်းကြည့်ခြင်းမျှသာမဟုတ်ဘဲ တမင်သက်သက် စူးစိုက်ကြည့်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ဤအချက်က ကြင်နာတတ်သောခရစ်ယာန်တစ်ဦးသည် မိသားစုတစ်စု၏အခြေအနေနှင့် လိုအပ်ချက်များကို စတင်အကျွမ်းဝင်လာသည်ဟုဆိုလိုသည်။ သူတို့ ငွေရေးကြေးရေး အကူအညီလိုအပ်နေကောင်း လိုအပ်နေမည်။ အချို့မိသားစုသည် အိမ်တွင်းပြင်ဆင်မှုဘက်တွင် အကူအညီလိုအပ်နေကောင်း လိုအပ်နေမည်။ သို့တည်းမဟုတ် သူတို့ကို ထမင်းစားရန်၊ သို့မဟုတ် မိတ်ဆုံပေါင်းသင်းဆက်ဆံရန်အတွက် ဖိတ်ခေါ်သည်ကို ငံ့လင့်နေခြင်းမျှသာ ဖြစ်ကောင်းဖြစ်မည်။

၂၅။ ခရစ်ယာန်ချင်းတို့သည် ကြင်ဖော်မဲ့မိဘတို့အား မည်သို့ကရုဏာ ပြသနိုင်ကြသနည်း။

၂၅ ထို့ပြင်၊ ၁ ပေတရု ၃:၈ ၌ “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့” ဟူ၍မိန့်မှာထားသည်။ “ဘဝဟာ အတော့်ကိုခဲယဉ်းကျပ်တည်းတဲ့အတွက် တစ်ခါတလေ ကျွန်မစိတ်ဓာတ်တွေကျမိတယ်။ ဒါပေမဲ့၊ တစ်ခါတစ်ခါ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်က ကျွန်မကို ‘ဂျိုအဲန်၊ အခြေအနေကို ခင်ဗျားကောင်းကောင်း ထိန်းသိမ်းကိုင်တွယ်နိုင်တာပဲ။ ကြိုးပမ်းအားထုတ်မှုအတွက် ထိုက်တန်တဲ့အကျိုးကို ခင်ဗျားရရှိမှာပါ’ လို့ပြောလာတတ်တယ်။ တခြားလူတွေက ကျွန်မကိုစိတ်ဝင်စားကြသားပဲ၊ ဂရုလည်းစိုက်ကြသားပဲဆိုတဲ့အသိစိတ်က တော်တော့်ကိုအားရှိစေပါတယ်” ဟူ၍ ကလေးခြောက်ယောက်ရှိသည့် ကြင်ဖော်မဲ့မိခင်တစ်ဦးကဆိုသည်။ အသက်ကြီးသောခရစ်ယာန်အမျိုးသမီးများသည် အသက်ငယ်သည့် ကြင်ဖော်မဲ့မိခင်ဖြစ်သူတို့အား အထူးသဖြင့်ထိရောက်စွာ အကူအညီပေးနိုင်ဖွယ်ရှိသည်။ ထိုအမျိုးသမီးများက အမျိုးသားတစ်ဦးနှင့်ဆွေးနွေးရန် စိတ်ကသိကအောက်ဖြစ်နိုင်သည့် ပြဿနာများနှင့်ကြုံတွေ့ရသည့် အချိန်အခါမျိုး၌ အသက်ကြီးသောအမျိုးသမီးများအနေဖြင့် သူတို့၏ရင်ဖွင့်သံကို နားထောင်ပေးနိုင်သည်။

၂၆။ ရင့်ကျက်သောခရစ်ယာန်အမျိုးသားများအနေဖြင့် ဖတဆိုးကလေးများအား မည်သို့ကူညီပေးနိုင်သနည်း။

၂၆ ခရစ်ယာန်အမျိုးသားများလည်း တစ်နည်းတစ်ဖုံအားဖြင့် အကူအညီပေးနိုင်ပါသည်။ “ငါသည် . . . ဖတဆိုးနှင့် ခိုကိုးရာမဲ့သောသူတို့ကို ကယ်တင်တတ်၏” ဟုဖြောင့်မတ်သောအမျိုးသား ယောဘကဆို၏။ (ယောဘ ၂၉:၁၂၊ ကဘ) ယနေ့ခရစ်ယာန်အမျိုးသားအချို့လည်း အခြားမည်သည့်ရည်ရွယ်ချက်မျှမရှိဘဲ စေတနာသန့်သန့်ဖြင့် ဖတဆိုးကလေးများကို စိတ်ဝင်စားပြီး “စင်ကြယ်သောစိတ်နှလုံးနှင့် . . . စပ်ဆိုင်သော ချစ်ခြင်းမေတ္တာ” အစစ်အမှန်ကိုပြကြသည်။ (၁ တိမောသေ ၁:၅) မိမိတို့၏မိသားစုကို လျစ်လျူရှုခြင်းမရှိဘဲ ခရစ်ယာန်ဓမ္မအမှုတော်တွင် ထိုသို့သောကလေးများနှင့်အတူ အမှုဆောင်ရန် ရံဖန်ရံခါ စီစဉ်နိုင်သည့်အပြင် မိသားစုသင်အံမှုနှင့် အပန်းဖြေမှုတွင်ပါဝင်ရန်လည်း သူတို့ကိုဖိတ်ခေါ်နိုင်သည်။ ဤသို့သောကြင်နာမှုသည် ဖတဆိုးကလေးတစ်ယောက်ကို လမ်းမှားမလိုက်မိစေရန် ကယ်တင်နိုင်ပေသည်။

၂၇။ အဘယ်ထောက်မမှုကို ကြင်ဖော်မဲ့မိဘဖြစ်သူများ ယုံကြည်စိတ်ချနိုင်သနည်း။

၂၇ နောက်ဆုံးတွင်၊ ကြင်ဖော်မဲ့မိဘတို့အနေဖြင့် ‘ကိုယ့်ဝန်ကိုယ်ထမ်းရကြမည်’ သာဖြစ်သည်။ (ဂလာတိ ၆:၅) သို့ရာတွင်၊ သူတို့သည် ခရစ်ယာန်ညီအစ်ကိုညီအစ်မများ၏မေတ္တာနှင့် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်၏ မေတ္တာတော်တို့ကို ရယူနိုင်ပေသည်။ “ထာဝရဘုရားသည် . . . မုဆိုးမနှင့် မိဘမရှိသောသူတို့ကို ထောက်မတော်မူ၏” ဟူ၍ ကိုယ်တော်အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာကဆိုသည်။ (ဆာလံ ၁၄၆:၉) ကိုယ်တော်၏ထောက်မမှုအားဖြင့် မိမစုံဖမစုံမိသားစုလည်း အောင်မြင်နိုင်ပါသည်!

a ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့် ငယ်ရွယ်သောခရစ်ယာန်တစ်ဦး ကိုယ်ဝန်ရှိခဲ့သော် ခရစ်ယာန်အသင်းတော်သည် သူပြုလုပ်ခဲ့ရာများကို မုချသည်းခံခွင့်လွှတ်မည်မဟုတ်။ သို့သော် နောင်တရလျှင် အသင်းတော်အကြီးအကဲများနှင့် အသင်းတော်မှအခြားသူတို့က အကူအညီပေးလိုကြပေမည်။

b မတော်မတရားပြုကျင့်သည့် မိဘတစ်ဦး၏ဘေးရန်မှ အကာအကွယ်လိုအပ်သော ကလေးတစ်ယောက်၏ အခြေအနေမျိုးကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ ၎င်းပြင်၊ အိမ်ထောင်ဖက်ဟောင်းဖြစ်သူက သားသမီးများ သင့်ကိုစွန့်ခွာသွားစေရန် သိမ်းသွင်းသည့်သဘောဖြင့် သင်၏ အခွင့်အာဏာကို အားနည်းချည့်နဲ့အောင် ကြိုးစားလာပါက ခရစ်ယာန်အသင်းတော်မှ အကြီးအကဲများကဲ့သို့သော အတွေ့အကြုံရှိသည့်မိတ်ဆွေများနှင့် ဆွေးနွေးတိုင်ပင်၍ ဤသို့သောအခြေအနေကို မည်သို့ကိုင်တွယ်သင့်ကြောင်း အကြံဉာဏ်တောင်းလျှင်ကောင်းမည်။

မိမစုံဖမစုံမိသားစုများ၏ ပြဿနာများကိုကိုင်တွယ်ရန် မိဘနှင့်သားသမီးများအား. . . ဤကျမ်းစာအခြေခံမူများက မည်သို့ထောက်ကူနိုင်သနည်း

ယေဟောဝါဘုရားသခင်သည် “ဖတဆိုးတို့အဘ၊ မုဆိုးမတို့ တရားမင်း” ဖြစ်တော်မူ၏။—ဆာလံ ၆၈:၅၊ သမ။

သင့်တင့်လျောက်ပတ်စွာ စီစဉ်ခြင်းသည် အောင်မြင်မှုအတွက်အလွန်အရေးကြီး၏။—သု. ၂၁:၅။

တော်လျော်သည့် ဆုံးမပဲ့ပြင်မှုပေးခြင်းဆိုင်ရာ မိဘတို့၏အခွင့်အရေးကို ယေဟောဝါ ထောက်ခံတော်မူ၏။—သု. ၁:၈။

အမြော်အမြင်ရှိသည့် ခရစ်ယာန်မုဆိုးမများသည်ကောင်းသောအမှုများ၌ အလုပ်များလျက် ဆုတောင်းခြင်း၌ စွဲမြဲကြ၏။—၁ တိမောသေ ၅:၅၊ ၁၀။

“မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” အပေါ် တော်လျော်သောစိတ်ဝင်စားမှု ပြသခြင်းသည် စစ်မှန်သောကိုးကွယ်မှု၏တစ်စိတ်တစ်ဒေသဖြစ်၏။—ယာကုပ် ၁:၂၇။

ကလေးများလုပ်နိုင်သည့်အရာများ

သင်၏မိခင် သို့မဟုတ် ဖခင်သည် ကြင်ဖော်မဲ့မိဘဖြစ်သလော။ ဖြစ်သည်ရှိသော်၊ ကူညီသည့်အနေနှင့် သင်ဘာလုပ်ပေးနိုင်သနည်း။ တစ်ခုအနေနှင့် စကားနားထောင်ပါ။ ကိုယ်ခန္ဓာအရွယ်အစား မည်မျှရှိရှိ၊ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ‘အမိ၏တရားကိုပယ်ရန်’ အခွင့်မရှိ။ (သု. ၁:၈) မိဘတို့၏စကားကိုနားထောင်ရန် သင့်အား ယေဟောဝါပညတ်ထားသည်ဖြစ်ရာ ဤသို့ပြုခြင်းသည် ရေရှည်တွင် သင့်အတွက် ပျော်ရွှင်ချမ်းမြေ့မှုဖြစ်ပွားစေမည်။—သု. ၂၃:၂၂; ဧဖက် ၆:၁-၃။

ဦးဆောင်လုပ်ကိုင်ပါ။ ကျေးဇူးတင်လေးမြတ်စိတ်ရှိပါ။ “မေမေက ဆေးရုံမှာအလုပ်လုပ်တော့ မေမေရဲ့ဝတ်စုံတွေက မီးပူတိုက်စရာလိုတယ်။ ဒါနဲ့ ကျွန်တော်တိုက်ပေးလိုက်တယ်။ မေမေ့ကိုကူညီရာရောက်တဲ့အတွက် ကျွန်တော်ခုလိုလုပ်တာပါ” ဟုတိုနီကပြောသည်။ ကြင်ဖော်မဲ့မိခင်တစ်ဦးက “ကျွန်မအရမ်းကို စိတ်ဓာတ်ကျတဲ့အခါတွေ၊ ဒါမှမဟုတ် အထူးသဖြင့် အလုပ်မှာ တစ်နေကုန်ပင်ပန်းတဲ့အတွက် စိတ်တိုနေတတ်တဲ့အခါတွေမှာ အိမ်ပြန်ရောက်ရင် အဲဒီနေ့တွေမှာ သမီးက ညစာကို အသင့်ချက်ပြုတ်ပြင်ဆင်ထားတာကို တွေ့ရလေ့ရှိတယ်” ဟုဆိုသည်။

သင်၏ပူးပေါင်းလုပ်ဆောင်မှုသည် အရေးကြီးကြောင်း မမေ့ပါနှင့်။ သင့်မိဘသည် တစ်နေကုန် အလုပ်ပင်ပန်းလာပြီးသည့်နောက် မိသားစုကျမ်းစာသင်အံမှုပြုလုပ်ရန် လွယ်ကူချင်မှလွယ်ကူပေမည်။ အကယ်၍ သင့်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အခြေအနေ ပို၍ဆိုးပေမည်။ ဇယားဆွဲထားသည့်အချိန်ရောက်သည့်အခါ အဆင်သင့်ဖြစ်အောင်ပြင်ထားပါ။ သင်ခန်းစာများကို ကြို၍ပြင်ဆင်ထားပါ။ သင့်အနေဖြင့် စကားနားထောင်ခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်မိဘကို ကျေနပ်နှစ်သိမ့်စေမည်ဖြစ်သည်။ သာ၍အရေးကြီးသည်မှာ ဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ