လူ့ဘဝက ဒီလိုပဲဖြစ်သင့်သလား
သတင်းစာဖတ်တဲ့အခါ၊ ရုပ်မြင်သံကြားကြည့်တဲ့အခါ ဒါမှမဟုတ် ရေဒီယိုနားထောင်တဲ့အခါတွေမှာ ရာဇဝတ်မှု၊ စစ်မှု၊ အကြမ်းဖက်မှုအကြောင်း အများကြီး မြင်ရကြားရတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ခံစားနေရတဲ့ ဒုက္ခတွေကိုလည်း စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ဖျားနာနေလို့ ဒါမှမဟုတ် သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားလို့ အရမ်းစိတ်သောက ရောက်နေနိုင်တယ်။ လူကောင်းတစ်ဦးဖြစ်တဲ့ယောဘလို သင်လည်း ခံစားနေရမှာဖြစ်တယ်၊ “ဒုက္ခပြည့်နှက်နေလို့ ခေါင်းမော့နိုင်မှာမဟုတ်ဘူး” လို့ သူပြောခဲ့တယ်။—ယောဘ ၁၀:၁၅၊ ကဘ။
သင့်ကိုယ်သင် ဒီလိုမေးပါ–
ငါနဲ့ တခြားလူသားအားလုံးအတွက် ဘဝက ဒီလိုပဲဖြစ်သင့်သလား။
ငါ့ရဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်နေရာကနေ အကူအညီရနိုင်သလဲ။
ကမ္ဘာကြီး ငြိမ်းချမ်းလာမယ်လို့ မျှော်လင့်စရာအကြောင်း ရှိသလား။
ဒီမေးခွန်းတွေရဲ့ စိတ်ကျေနပ်စရာအဖြေတွေ သမ္မာကျမ်းစာမှာ ပါပါတယ်။
ဘုရားသခင်က ကမ္ဘာပေါ်မှာ ဒီအပြောင်းအလဲတွေဖြစ်စေမယ်လို့ သမ္မာကျမ်းစာသွန်သင်တယ်။
“ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” —ဗျာဒိတ် ၂၁:၄
“ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။” —ဟေရှာယ ၃၅:၆
“မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။” —ဟေရှာယ ၃၅:၅
‘သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် ထွက်ရကြလိမ့်မည်။’ —ယောဟန် ၅:၂၈၊ ၂၉
“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” —ဟေရှာယ ၃၃:၂၄
‘ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိမည်။’ —ဆာလံ ၇၂:၁၆
သမ္မာကျမ်းစာသွန်သင်ရာတွေကနေ အကျိုးရယူပါ
ရှေ့စာမျက်နှာမှာ ဖော်ပြထားတဲ့အချက်တွေက ဖြစ်စေချင်တဲ့စိတ်ကူးတွေပါလို့ပြောပြီး အလျင်စလို မငြင်းပယ်လိုက်ပါနဲ့။ အဲဒီအရာတွေဖြစ်လာမယ်လို့ ဘုရားသခင် ကတိပြုထားပြီး သမ္မာကျမ်းစာက ကိုယ်တော် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာ ရှင်းပြတယ်။
ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒါထက်မက ပိုဖော်ပြတယ်။ ယခုအချိန်မှာတောင် အမှန်တကယ် ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝအသက်တာမျိုးမှာ သင်အသက်ရှင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သင်ကိုယ်တိုင်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေကို ခဏစဉ်းစားကြည့်လိုက်ပါ။ အဲဒီအထဲမှာ ငွေရေးကြေးရေးပြဿနာ၊ မိသားစုပြဿနာ၊ ကျန်းမာရေးမကောင်းတာ၊ ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်းစတာတွေ ပါဝင်မယ်။ သမ္မာကျမ်းစာက မျက်မှောက်ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ပြီး အောက်ပါမေးခွန်းတွေကိုလည်း ဖြေဆိုပေးနိုင်တယ်–
ကျွန်ုပ်တို့ ဘာကြောင့် ဆင်းရဲဒုက္ခတွေ ခံစားနေရသလဲ။
ဘဝစိုးရိမ်ပူပန်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ။
မိသားစုဘဝကို ပိုပျော်ရွှင်စေဖို့ ဘာလုပ်နိုင်သလဲ။
ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲ။
ကျွန်ုပ်တို့ချစ်မြတ်နိုးရတဲ့ သေဆုံးသွားသူတွေကို ပြန်တွေ့ရဦးမလား။
ဘုရားသခင်က အနာဂတ်နဲ့ပတ်သက်တဲ့ မိမိရဲ့ကတိတော်ကို ပြည့်စုံစေမယ်ဆိုတာ ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။
သင် ဒီစာအုပ်ကိုဖတ်ရှုတဲ့အတွက်ကြောင့် သင်ဟာ သမ္မာကျမ်းစာသွန်သင်ချက်တွေကို သိချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီစာအုပ်က သင့်ကို အကူအညီပေးပါလိမ့်မယ်။ စာပိုဒ်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖော်ပြထားတာကို သတိပြုပါ။ မေးခွန်းတွေက စာပိုဒ်တစ်ပိုဒ်စီရဲ့အဓိကအချက်ကို ရှာတွေ့ဖို့ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ သန်းနဲ့ချီတဲ့သူတွေက ဒီနည်းကိုသုံးပြီး ယေဟောဝါသက်သေတွေနဲ့ သမ္မာကျမ်းစာအကြောင်း ဆွေးနွေးကြတယ်။ သင်လည်းနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ သင်ဟာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာတွေကို လေ့လာခြင်းကနေ နှစ်ထောင်းအားရ၊ ကျေနပ်ဖွယ်အတွေ့အကြုံရရှိပြီး ဘုရားသခင့်ကောင်းချီးကိုပါ ရရှိနိုင်ပါစေ။