နှစ်ခြင်းခံချင်သူတွေအတွက် မေးခွန်းများ
အပိုင်း ၂။ ခရစ်ယာန် အသက်တာ
သင့်ဆီကနေ ယေဟောဝါ ဘာတောင်းဆိုထားသလဲ၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း ဘယ်လို နေထိုင်ရမလဲဆိုတာ ကျမ်းစာလေ့လာမှုကနေ သင်သိရှိလာခဲ့ပြီ။ သိရှိလာတာတွေကို လိုက်နာတဲ့အတွက် သင့်ရဲ့ အကျင့်အကြံနဲ့ ဘဝအပေါ် သဘောထားတွေမှာ ပြုပြင်ပြောင်းလဲမှု အတော်များများ ပြုလုပ်ခဲ့ရမှာပဲ။ အခု ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ သင် ဆုံးဖြတ်ထားပြီဖြစ်လို့ သတင်းကောင်းရဲ့ အမှုဆောင်တစ်ဦးအဖြစ် လက်ခံဖွယ်နည်းနဲ့ ဝတ်ပြုနိုင်တဲ့ အနေအထားမှာ ရှိနေပြီ။
အောက်ပါမေးခွန်းတွေကို သုံးသပ်ခြင်းက ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေကို စိတ်စွဲမှတ်ထားနိုင်ဖို့ ကူညီပေးပြီး ဘုရားသခင် လက်ခံတဲ့ ကျေးကျွန်တစ်ဦး ဖြစ်လာဖို့ သင် လုပ်ဆောင်နိုင်တဲ့ အရာတချို့ကို ပြန်အမှတ်ရစေပါလိမ့်မယ်။ အရာအားလုံးကို ကြည်လင်တဲ့သိစိတ်နဲ့ လုပ်ဆောင်ခြင်း၊ ယေဟောဝါကို ဂုဏ်တင်ဖို့ လုပ်ဆောင်ခြင်းရဲ့ အရေးကြီးမှုကိုလည်း စွဲမှတ်စေပါလိမ့်မယ်။—၂ ကော. ၁:၁၂။ ၁ တိ. ၁:၁၉။ ၁ ပေ. ၃:၁၆၊ ၂၁။
ဒီအဆင့်အထိ လေ့လာသင်ယူခဲ့ပြီ ဖြစ်လို့ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံဖို့၊ ဘုရားအဖွဲ့အစည်းဝင် ဖြစ်ဖို့ စိတ်ပြင်းပြနေမှာ သေချာပါတယ်။ မေးခွန်းတွေနဲ့ ရည်ညွှန်းကျမ်းချက်တွေက အသင်းတော်၊ မိသားစု၊ ဒီလောကစနစ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အစီအစဉ်ကို လက်အောက်ခံခြင်းအကြောင်း သင့်နားလည်မှုကို ဆန်းစစ်ဖို့ ကူညီပေးပါလိမ့်မယ်။ မိမိလူမျိုးကို ပညာပေးဖို့၊ ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ ပြင်ဆင်ပေးထားတဲ့ ယေဟောဝါရဲ့ အစီအစဉ်တွေကို သင် ပိုတန်ဖိုးထားလေးမြတ်လာမှာ သေချာပါတယ်။ အဲဒီထဲမှာ အခြေအနေ ခွင့်ပြုသရွေ့ သင် တက်ရောက်ပါဝင်နိုင်တဲ့ အသင်းတော် အစည်းအဝေးတွေ ပါဝင်တယ်။
အဲဒီအပြင် နိုင်ငံတော်သတင်း ဟောပြောခြင်းမှာ ပုံမှန် ပါဝင်ခြင်း၊ ယေဟောဝါအကြောင်း၊ လူသားတွေအတွက် ဘုရားလုပ်ဆောင်ပေးနေတဲ့ အရာတွေအကြောင်း တခြားသူတွေ သိလာအောင် ကူညီပေးခြင်းရဲ့ အရေးကြီးမှုကို ဒီအပိုင်းမှာ ဆွေးနွေးပါမယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) နောက်ဆုံးအနေနဲ့ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ လေးနက်မှုကို စိတ်စွဲမှတ်စေပါလိမ့်မယ်။ သင့်အကျိုးအတွက် ယေဟောဝါ ဖော်ပြတဲ့ မဟာကရုဏာအပေါ် သင် စိတ်ရင်းမှန်နဲ့ တုံ့ပြန်တာကို ဘုရား တန်ဖိုးထားကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။
၁။ အိမ်ထောင်အတွက် ခရစ်ယာန်စံနှုန်းက ဘာလဲ။ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းက ဘာလဲ။
• “အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တဲ့အကြောင်း မဖတ်ဖူးဘူးလား။ ‘ဒါကြောင့် ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ လို့ ပြောခဲ့တာကိုလည်း မဖတ်ဖူးဘူးလား။ သူတို့ဟာ နှစ်ယောက်မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။ ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။”—မ. ၁၉:၄-၆၊ ၉။
၂။ အကြင်လင်မယားအဖြစ် အတူနေထိုင်သူတွေဟာ ဘာကြောင့် တရားဝင် ထိမ်းမြားထားသင့်သလဲ။ သင်ဟာ အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် အစိုးရ အသိအမှတ်ပြုတဲ့ ပုံစံအတိုင်း တရားဝင် လက်ထပ်ထားသလား။
• “အစိုးရနဲ့ အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံဖို့ . . . သူတို့ကို မပြတ်သတိပေးနေပါ။”—တိ. ၃:၁၊ ၂။
• “အိမ်ထောင်မင်္ဂလာကို လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို မညစ်ညူးစေပါနဲ့။ လိင်အကျင့်ယိုယွင်းသူတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်။”—ဟီ. ၁၃:၄။
၃။ မိသားစုမှာ သင့်အခန်းကဏ္ဍက ဘာလဲ။
• “ငါ့သား၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။”—ပညာ. ၁:၈။
• “ခရစ်တော်ဟာ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်သလို ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်းဖြစ်လို့ပဲ။ . . . ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။ ခရစ်တော်က အသင်းတော်ကို ချစ် . . . သလိုပေါ့။”—ဧ. ၅:၂၃၊ ၂၅။
• “ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။”—ဧ. ၆:၄။
• “သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။ အဲဒီလိုနာခံတာကို သခင် နှစ်သက်တယ်။”—ကော. ၃:၂၀။
• “ဇနီးတို့၊ ခင်ပွန်းကို လက်အောက်ခံကြပါ။”—၁ ပေ. ၃:၁။
၄။ အသက်ကို ဘာကြောင့် လေးမြတ်သင့်သလဲ။
• “ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတဲ့အရှင်၊ အရာခပ်သိမ်းကို ပေးသနားတဲ့အရှင် ဖြစ်လို့ပဲ။ . . . ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။”—တ. ၁၇:၂၅၊ ၂၈။
၅။ မမွေးသေးတဲ့ ကလေး အပါအဝင် ဘယ်သူ့ကိုမှ မသတ်သင့်တာ ဘာကြောင့်လဲ။
• “ယောက်ျားချင်း ခိုက်ရန်ဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်မိပြီး . . . တစ်ယောက်ယောက်သေရင် အသက်အတွက် အသက် ပြန်လျော်ပေးရမယ်။”—ထွ. ၂၁:၂၂၊ ၂၃။
• “ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော် မြင်တယ်။ အင်္ဂါအစိတ်အပိုင်းလေးတွေ တစ်ခုမှ မရှိခင်ကတည်းက ဘယ်အပိုင်းလေးက ဘယ်နေ့မှာ ပုံပေါ်လာမယ်ဆိုတာကို ကိုယ်တော့်စာစောင်ထဲမှာ တစ်ခုမကျန် ရေးမှတ်ထားတယ်။”—ဆာ. ၁၃၉:၁၆။
• “ယေဟောဝါ မုန်းတီးတဲ့အရာက . . . အပြစ်မဲ့သူကို သတ်တဲ့လက်။”—ပညာ. ၆:၁၆၊ ၁၇။
၆။ သွေးနဲ့ပတ်သက်တဲ့ ဘုရားပညတ်က ဘာလဲ။
• ‘သွေး၊ လည်ညှစ်သတ်ထားတဲ့ တိရစ္ဆာန်ကို အမြဲရှောင်ကြဉ်ကြပါ။’—တ. ၁၅:၂၉။
၇။ ခရစ်ယာန် ညီအစ်ကိုညီအစ်မတွေကို ဘာကြောင့် ချစ်ရမလဲ။
• “အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို အချင်းချင်း ချစ်ကြပါ။ အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်။”—ယော. ၁၃:၃၄၊ ၃၅။
၈။ တခြားသူတွေကို ကူးစက်ရောဂါ ဒါမှမဟုတ် သေစေနိုင်တဲ့ရောဂါ ကူးစက်စေခြင်းကို ရှောင်ဖို့ ကူးစက်ရောဂါရှိသူဟာ (က) ဖက်ခြင်း၊ နမ်းခြင်း စတဲ့ ချစ်ခင်မှုကို ဘာကြောင့် မပြသင့်သလဲ။ (ခ) တချို့က အိမ်ကို မဖိတ်ခေါ်တဲ့အခါမျိုးမှာ ဘာကြောင့် အပျက်သဘောနဲ့ မတုံ့ပြန်သင့်သလဲ။ (ဂ) ကူးစက်ရောဂါရှိခဲ့ဖူးသူဟာ မပိုးပန်းမီ ဘာကြောင့် စိတ်လိုကိုယ်လျောက် သွေးစစ်သင့်သလဲ။ (ဃ) ကူးစက်ရောဂါရှိသူဟာ နှစ်ခြင်းမခံခင် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို ဘာကြောင့် အသိပေးသင့်သလဲ။
• “အချင်းချင်းအပေါ် မေတ္တာကြွေးကလွဲလို့ ဘာအကြွေးမှ မတင်စေနဲ့။ . . . ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။’ . . . မေတ္တာဟာ သူတစ်ပါးကို နစ်နာအောင် မလုပ်တတ်ဘူး။”—ရော. ၁၃:၈-၁၀။
• “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိ. ၂:၄။
၉။ တခြားသူတွေကို ကျွန်တော်တို့ ခွင့်လွှတ်ဖို့ ယေဟောဝါ ဘာကြောင့် မျှော်လင့်သလဲ။
• “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။”—ကော. ၃:၁၃။
၁၀။ ညီအစ်ကိုတစ်ယောက် သင့်ကို အသရေဖျက်ပြောဆိုရင်၊ လိမ်လည်လှည့်စားရင် ဘာလုပ်သင့်သလဲ။
• “ညီအစ်ကိုက အပြစ်တစ်ခုခုလုပ်ရင် သူနဲ့ နှစ်ယောက်ချင်းတွေ့ပြီး သူ့အမှားကို ပြောပြပါ။ ကိုယ့်စကားကို သူနားထောင်တယ်ဆိုရင် သူ့ကို လမ်းမှန်ရောက်အောင် လုပ်နိုင်ပြီ။ နားမထောင်ရင် လူတစ်ယောက် နှစ်ယောက်ကို ခေါ်သွားပါ။ ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်တယ်။ သူတို့ရဲ့စကားကို နားမထောင်ဘူးဆိုရင် အသင်းတော်ကို အကြောင်းကြားပါ။ အသင်းတော်ရဲ့ စကားကိုတောင် နားမထောင်ဘူးဆိုရင် သူ့ကို လူမျိုးခြား၊ အခွန်ခံလို့ပဲ သတ်မှတ်လိုက်ပါ။”—မ. ၁၈:၁၅-၁၇။
၁၁။ အောက်ပါအပြစ်တွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။
▪ လိင်အကျင့်ယိုယွင်းတာ
▪ ဝတ်ပြုရေးမှာ ရုပ်တု အသုံးပြုတာ
▪ လိင်တူဆက်ဆံတာ
▪ ခိုးတာ
▪ လောင်းကစားတာ
▪ သောက်စားမူးယစ်တာ
• “လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာ၊ ယောက်ျားချင်း လိင်ဆက်ဆံသူ၊ သူခိုး၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲဆိုသူ၊ လုယက်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။”—၁ ကော. ၆:၉၊ ၁၀။
၁၂။ အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်အကျင့်ပျက်တဲ့ လုပ်ရပ်အမျိုးမျိုး အပါအဝင် လိင်အကျင့် ယိုယွင်းခြင်းနဲ့ပတ်သက်ပြီး သင် ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။
• “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ။”—၁ ကော. ၆:၁၈။
၁၃။ ဆေးကုသမှုအတွက် မဟုတ်ဘဲ စွဲစေတဲ့၊ စိတ်ကို ပြောင်းလဲစေတဲ့အရာတွေ အသုံးပြုတာကို ဘာကြောင့် ရှောင်သင့်သလဲ။
• “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။ ဒီလိုဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ရာရောက်တယ်။ ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်းသိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရော. ၁၂:၁၊ ၂။
၁၄။ ဘုရား တားမြစ်ထားတဲ့ နတ်ဆိုးနဲ့ဆိုင်တဲ့ လုပ်ရပ်တချို့က ဘာတွေလဲ။
• “ခင်ဗျားတို့ဆီမှာ ကိုယ့်သားသမီးကို မီးရှို့ပူဇော်သူ၊ နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။”—တရား. ၁၈:၁၀၊ ၁၁။
၁၅။ လူတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်မိပြီး ယေဟောဝါရဲ့ မျက်နှာသာ ပြန်ခံစားချင်တယ်ဆိုရင် ချက်ချင်း ဘာလုပ်သင့်သလဲ။
• “အပြစ်ကို ဝန်ချတောင်းပန်ရပါတယ်။ အမှားတွေကို မဖုံးကွယ်ထားတော့ဘူး။ ‘အပြစ်တွေကို ယေဟောဝါဆီ ဝန်ချတောင်းပန်ပါတယ်’ လို့ ပြော . . . [ပါ]တယ်။”—ဆာ. ၃၂:၅။
• “ဖျားနာနေတဲ့သူ ရှိသလား။ ရှိရင် အသင်းတော် အကြီးအကဲတွေကို သူခေါ်ပါစေ။ အကြီးအကဲတွေက ယေဟောဝါရဲ့ နာမည်ကိုသုံးပြီး သူ့အတွက် ဆုတောင်းပေးမယ်၊ ဆီလိမ်းပေးလိမ့်မယ်။ ယုံကြည်ခြင်းနဲ့တောင်းတဲ့ ဆုတောင်းချက်တွေဟာ လူနာကို ကျန်းမာစေတယ်။ ယေဟောဝါက သူ့ကို ထူမပေးလိမ့်မယ်၊ သူအပြစ်ကျူးလွန်ထားရင်လည်း ခွင့်လွှတ်ပေးလိမ့်မယ်။”—ယာ. ၅:၁၄၊ ၁၅။
၁၆။ ယုံကြည်သူချင်းတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတာကို သိရင် ဘာလုပ်သင့်သလဲ။
• “လူတစ်ယောက်က သက်သေထွက်ဆိုပေးဖို့ လူသိရှင်ကြား တောင်းဆိုတဲ့ စကားကို ကြားတဲ့အပြင် တစ်ယောက်ယောက် အပြစ်လုပ်တာကို မြင်လျက်၊ သိလျက်၊ သက်သေဖြစ်လျက်နဲ့ သတင်းမပေးရင် အပြစ်ရှိတယ်။ သူ့အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။”—ဝတ်. ၅:၁။
၁၇။ ယေဟောဝါသက်သေ မဟုတ်တော့ကြောင်း ကြေညာခံရတဲ့သူကို ဘယ်လို ဆက်ဆံသင့်သလဲ။
• “ညီအစ်ကိုလို့ ပြောပြီး လိင်အကျင့်ယိုယွင်းသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်ကြူးသူ၊ လုယက်သူ ဖြစ်နေရင်တော့ သူနဲ့ ပေါင်းဖော်ဖို့ မပြောနဲ့ အတူစားသောက်တာတောင် မလုပ်ကြ [နဲ့]။”—၁ ကော. ၅:၁၁။
• “ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း မသွန်သင်တဲ့သူက ခင်ဗျားတို့ဆီ ရောက်လာရင် သူ့ကို လုံးဝ လက်မခံနဲ့။ နှုတ်ဆက်စကားတောင် မပြောနဲ့။”—၂ ယော. ၁၀။
၁၈။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ပဲ ဘာကြောင့် ရင်းရင်းနှီးနှီး ပေါင်းသင်းသင့်သလဲ။
• “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။”—ပညာ. ၁၃:၂၀။
• “လှည့်စားမခံကြပါနဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်။”—၁ ကော. ၁၅:၃၃။
၁၉။ ယေဟောဝါသက်သေတွေ နိုင်ငံရေးမှာ ဘာကြောင့် ကြားနေကြသလဲ။
• “ကျွန်တော် [ယေရှု] က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။”—ယော. ၁၇:၁၆။
၂၀။ အစိုးရကို ဘာကြောင့် နာခံသင့်သလဲ။
• “အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။ ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။”—ရော. ၁၃:၁။
၂၁။ လူ့ဥပဒေ တောင်းဆိုချက်ဟာ ဘုရားပညတ်နဲ့ ဆန့်ကျင်တဲ့အခါ ဘာလုပ်မလဲ။
• “ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။”—တ. ၅:၂၉။
၂၂။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ လောကနဲ့ သီးခြားနေဖို့ ဘယ်ကျမ်းချက်တွေက ကူညီပေးနိုင်သလဲ။
• “လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—မိ. ၄:၃။
• “ငါ့လူတို့၊ သူ့ [မဟာဗာဗုလုန်] ရဲ့အပြစ်တွေမှာ မပါချင်ဘူး၊ သူခံရမယ့်ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင် သူ့ဆီကနေ ထွက်သွားကြ။”—ဗျာ. ၁၈:၄။
၂၃။ ဘယ်လို ဖျော်ဖြေမှု၊ အပန်းဖြေမှုမျိုးကို ရွေးချယ်မလဲ။ ဘယ်လိုမျိုးကို ငြင်းပယ်မလဲ။
• “ယေဟောဝါက . . . အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်။”—ဆာ. ၁၁:၅။
• “ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ။ ကောင်းတဲ့အရာကို တွယ်တာပါ။”—ရော. ၁၂:၉။
• “မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာ မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ။”—ဖိ. ၄:၈။
၂၄။ ယေဟောဝါသက်သေတွေဟာ ဝတ်ပြုရေးမှာ တခြားဘာသာရေးအုပ်စုတွေနဲ့ ဘာကြောင့် မရောနှောသလဲ။
• “‘ယေဟောဝါရဲ့ စားပွဲ’ နဲ့ နတ်ဆိုးတွေရဲ့စားပွဲ နှစ်ခုစလုံးမှာ သုံးဆောင်လို့မရဘူး။”—၁ ကော. ၁၀:၂၁။
• “‘တသီးတခြားနေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့’ ဆိုပြီး ယေဟောဝါ ပြောတယ်။ ‘မင်းတို့ကို ငါလက်ခံမယ်။’”—၂ ကော. ၆:၁၇။
၂၅။ ပွဲနေ့တစ်ခုမှာ ပါဝင်သင့်မသင့် ဆုံးဖြတ်ရာမှာ ဘယ်ကျမ်းစာမူတွေက ကူညီပေးမလဲ။
• “အဲဒီလူမျိုးတွေနဲ့ ရောနှောနေထိုင်ပြီး သူတို့ရဲ့လမ်းစဉ်တွေကို ခံယူလိုက်ကြတယ်။ ရုပ်တုတွေကို ဆက်ဝတ်ပြုကြတယ်။ ဒါကြောင့် ရုပ်တုတွေဟာ သူတို့အတွက် ထောင်ချောက်ဖြစ်လာတယ်။”—ဆာ. ၁၀၆:၃၅၊ ၃၆။
• “သေလွန်သူကတော့ ဘာမှ မသိဘူး။”—ဒေ. ၉:၅။
• “ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး။”—ယော. ၁၇:၁၆။
• “တစ်ချိန်တုန်းက လောကမှာရှိတဲ့လူတွေရဲ့ အလိုအတိုင်း ခင်ဗျားတို့ ကျင့်ကြံခဲ့တာတွေ တော်လောက်ပါပြီ။ အဲဒီတုန်းက ခင်ဗျားတို့ဟာ မျက်နှာပြောင်တိုက်တာ၊ ရမ္မက်အလိုကို မထိန်းနိုင်တာ၊ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ၊ ရွံမုန်းဖွယ်ကောင်းတဲ့ ရုပ်တုကိုးကွယ်တာတွေ လုပ်ခဲ့ကြတယ်။”—၁ ပေ. ၄:၃။
၂၆။ မွေးနေ့ပွဲ ကျင်းပသင့်မသင့် ဆုံးဖြတ်ရာမှာ ကျမ်းစာနမူနာတွေက ဘယ်လို ကူညီပေးသလဲ။
• “သုံးရက်မြောက်နေ့ ရောက်တော့ ဖာရောမင်းက သူ့မွေးနေ့ပွဲ လုပ်ပြီး မင်းမှုထမ်းအားလုံးအတွက် စားသောက်ပွဲ ကျင်းပပေးတယ်။ ပြီးတော့ ဖလားတော်ဝန်နဲ့ စားတော်ဝန်ကို မင်းမှုထမ်းတွေရှေ့ ခေါ်ထုတ်လာခိုင်းတယ်။ ဖလားတော်ဝန်က အရင်ရာထူး ပြန်ရ . . . တယ်။ စားတော်ဝန်ကိုတော့ တိုင်မှာ ဆွဲထားတယ်။”—က. ၄၀:၂၀-၂၂။
• “ဟေရုဒ်ရဲ့ မွေးနေ့ ရောက်လာပြီး ပွဲခံနေချိန်မှာ ဟေရောဒိရဲ့ သမီးက ဧည့်သည်တွေကို ကပြဖျော်ဖြေတယ်။ ဟေရုဒ်လည်း သိပ်သဘောကျသွားပြီး၊ တောင်းသမျှ ပေးမယ်လို့ အလေးအနက် ကတိပေးလိုက်တယ်။ အဲဒီအခါ မိန်းကလေးက ‘နှစ်ခြင်းပေးသူ ယောဟန်ရဲ့ ဦးခေါင်းကို ဒီလင်ပန်းထဲ ထည့်ပေးပါ’ ဆိုပြီး မိခင် တောင်းခိုင်းတဲ့အတိုင်း တောင်းဆိုတယ်။ [ဟေရုဒ်မင်းလည်း] ထောင်ထဲကို လူလွှတ်ပြီး ယောဟန်ရဲ့ ခေါင်းကို ဖြတ်ခိုင်းတယ်။”—မ. ၁၄:၆-၈၊ ၁၀။
၂၇။ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုကို ဘာကြောင့် လိုက်နာချင်သလဲ။
• “ခင်ဗျားတို့ကို ဦးဆောင်တဲ့သူတွေကို နာခံပါ၊ လက်အောက်ခံပါ။ ခင်ဗျားတို့ကို သူတို့ ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။ သူတို့ရဲ့ တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့ ခင်ဗျားတို့ပဲ အကျိုးယုတ်လိမ့်မယ်။”—ဟီ. ၁၃:၁၇။
၂၈။ သင်နဲ့ သင့်မိသားစု ကျမ်းစာ ဖတ်ရှု၊ လေ့လာဖို့ ဘာကြောင့် ပုံမှန် အချိန်ဖယ်ထားရမလဲ။
• “သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ ရာသီအလိုက် အသီးသီးပြီး မညှိုးနွမ်းတဲ့ သစ်ပင်၊ စမ်းချောင်းနား စိုက်ထားတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။ လုပ်သမျှ အောင်မြင်လိမ့်မယ်။”—ဆာ. ၁:၂၊ ၃။
၂၉။ အစည်းအဝေး တက်တာ၊ အစည်းအဝေးမှာ ပါဝင်ရတာကို ဘာကြောင့် နှစ်သက်သလဲ။
• “နာမတော်ကို ညီအစ်ကိုတွေ သိအောင် ကြေညာပါ့မယ်။ လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။”—ဆာ. ၂၂:၂၂။
• “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့ နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။”—ဟီ. ၁၀:၂၄၊ ၂၅။
၃၀။ ကျွန်တော်တို့ကို ယေရှု ပေးအပ်ထားတဲ့ အရေးကြီးဆုံး အလုပ်က ဘာလဲ။
• “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။”—မ. ၂၈:၁၉၊ ၂၀။
၃၁။ နိုင်ငံတော်လုပ်ငန်းအတွက် ပေးလှူတဲ့အခါ၊ ညီအစ်ကို/မတွေကို ကူညီတဲ့အခါ ဘယ်လို သဘောထားနဲ့ ပေးလှူ၊ ကူညီတာကို ယေဟောဝါ နှစ်သက်သလဲ။
• “ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ . . . ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်ပါ။”—ပညာ. ၃:၉။
• “လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရဆိုတဲ့ စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။”—၂ ကော. ၉:၇။
၃၂။ ဘယ်အခက်အခဲတွေ ကြုံတွေ့ရမယ်လို့ ခရစ်ယာန်တွေ မျှော်လင့်ထားသလဲ။
• “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့ညှဉ်းဆဲခံရတဲ့အခါ၊ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်မှာ ခင်ဗျားတို့ ရမယ့် ဆုဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက် ရွှင်လန်းကြပါ။ အရင်က ပရောဖက်တွေလည်း ဒီလိုပဲ ညှဉ်းဆဲခံခဲ့ရတယ်။”—မ. ၅:၁၀-၁၂။
၃၃။ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံရတာ ဘာကြောင့် အခွင့်ထူး ဖြစ်သလဲ။
• “နာမတော်ကို ခံယူထားတဲ့အတွက် နှုတ်တော်ထွက်စကားတွေက ကျွန်တော့်ကို ရွှင်လန်းစေတယ်။ ရင်ကို ကြည်နူးစေပါတယ်။”—ယေ. ၁၅:၁၆။