မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ
ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ
ယေဟောဝါသက်သေတွေက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ တခြားဘာသာရေးအဖွဲ့တွေနဲ့ သီးခြားနေပါတယ်။ ဌာနချုပ်က အမေရိကန်နိုင်ငံမှာရှိပေမဲ့ ယေဟောဝါသက်သေအများစုက တခြားနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့စကားကို နာခံတဲ့အနေနဲ့ ယေဟောဝါသက်သေ ၈ သန်းလောက်က နိုင်ငံနဲ့ကျွန်ပေါင်း ၂၃၀ ကျော်မှာ လူတွေကို ကျမ်းစာသင်ပေးနေပါတယ်။—မဿဲ ၂၄:၁၄။
ကျွန်ုပ်တို့ ဘယ်နေရာမှာပဲနေပါကြစေ၊ ဥပဒေကို ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာကြပါတယ်။ နိုင်ငံရေးမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ကြိုးစားတာက “ဤလောကနှင့် မသက်ဆိုင်” နဲ့လို့ ယေရှုရဲ့မိန့်မှာချက်ကို ကျွန်ုပ်တို့ လိုက်နာကြတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးမှာ မပါဝင်တဲ့အပြင် စစ်မှုရေးရာကို မထောက်ပံ့တာဖြစ်တယ်။ (ယောဟန် ၁၅:၁၉; ၁၇:၁၆) ဒုတိယကမ္ဘာစစ်မှာ ယေဟောဝါသက်သေတွေက နိုင်ငံရေးမှာကြားနေတဲ့အတွက် ထောင်ချခံရ၊ ညှဉ်းဆဲခံရတဲ့အပြင် အသတ်တောင်ခံခဲ့ရတယ်။ ဂျာမန်ဘိရှော့ဟောင်းတစ်ဦးက ကျွန်ုပ်တို့နဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “နာဇီအုပ်ချုပ်မှုအောက်မှာ အုပ်စုလိုက် စစ်မှုထမ်းဖို့ ငြင်းပယ်ခဲ့တဲ့သူတွေက ယေဟောဝါသက်သေတွေပဲ ဖြစ်တယ်။”
“[ယေဟောဝါသက်သေတွေ] ဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူတွေဖြစ်တယ်။ ကိုယ်ကျိုးမဖက်တဲ့ ဒီလူတွေကို နိုင်ငံရေးမှာ အဆင့်မြင့်ရာထူးတွေပေးပြီး သုံးချင်တယ်။ ဒါပေမဲ့ သူတို့က အဲဒီလိုရာထူးတွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ . . . အစိုးရအာဏာပိုင်တွေကို သူတို့ အသိအမှတ်ပြုပေမဲ့ ဘုရားနိုင်ငံတော်ကသာ လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။”—နိုဗာ စဗိုဘိုဒါ သတင်းစာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ
ဒါပေမဲ့ ကျွန်ုပ်တို့က တစ်သီးပုဂ္ဂလနေတဲ့သူတွေ မဟုတ်ပါဘူး။ တပည့်တွေနဲ့ပတ်သက်ပြီး ယေရှုက “သူတို့ကို ဤလောကမှ နုတ်ယူရန် တောင်းလျှောက်သည် မဟုတ်ပါ” လို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၁၅) ဒါကြောင့် ကျွန်ုပ်တို့ကို အလုပ်ခွင်မှာ၊ ဈေးတွေမှာ၊ ကျောင်းတွေမှာ သင်တို့ တွေ့ရမှာဖြစ်တယ်။