စာရှုသူများထံမှ မေးခွန်းလွှာ
သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ဘယ်အချိန် ပြီးဆုံးမလဲ
“လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၄:၁၄) အဲဒီအခန်းငယ်နဲ့ အခန်းငယ် ၆၊ ၁၃ မှာ “အဆုံး” လို့ ဘာသာပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ အာမဂေဒုန်မှာ စာတန့်စနစ် အဆုံးတိုင်မယ့်အချိန်ကို ရည်ညွှန်းတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒါကြောင့် အာမဂေဒုန် မရောက်ခင်လေးအထိ ကျွန်တော်တို့ သတင်းကောင်း ဆက်ဟောပြောကြရမယ်။ ဒါဟာ နားလည်မှုအသစ် ဖြစ်တယ်။
အရင်နားလည်မှုအရဆိုရင် ကြီးစွာသောဒုက္ခ စတင်ချိန် မဟာဗာဗုလုန် တိုက်ခိုက်ခံရတဲ့အခါ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ပြီးဆုံးသွားမယ်။ (ဗျာ. ၁၇:၃၊ ၅၊ ၁၅၊ ၁၆) “ယေဟောဝါရဲ့ မင်္ဂလာနှစ်၊” တစ်နည်းအားဖြင့် သတင်းကောင်း လက်ခံဖို့ လူတွေကို အခွင့်အရေး ပေးထားတဲ့အချိန် ကုန်ဆုံးသွားမယ်။ (ဟေရှာ. ၆၁:၂) ဒါ့အပြင် ကြီးစွာသောဒုက္ခကနေ လွတ်မြောက်မယ့်သူတွေဟာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုကြောင်း အဲဒီအချိန် မတိုင်ခင် သက်သေပြထားသူတွေ ဖြစ်မယ်လို့ အရင်က ယူဆခဲ့ကြတယ်။ ဘီစီ ၆၀၇၊ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ လွတ်မြောက်သွားတဲ့ ဂျူးတွေနဲ့ သူတို့ကို နှိုင်းယှဉ်ခဲ့ကြတယ်။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုကြောင်း၊ ဆိုးသွမ်းမှုကို ရွံမုန်းကြောင်း ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် သက်သေပြခဲ့ကြတဲ့ အဲဒီဂျူးတွေဟာ အသက်ရှင်လွတ်မြောက်ဖို့ နဖူးမှာ မှတ်သားခံကြရတယ်။ (ယေဇ. ၅:၁၁။ ၉:၄) ဒါပေမဲ့ အဲဒီလိုနှိုင်းယှဉ်တာ မဿဲ ၂၄:၁၄ နဲ့ မကိုက်ညီဘူး။ ယေရှုစကားအရ အာမဂေဒုန် မရောက်ခင်လေးအထိ သတင်းကောင်း လက်ခံဖို့ လူတွေ အခွင့်အရေး ရကောင်း ရနိုင်လို့ပါပဲ။
မဿဲ ၂၄:၁၄ ကို ရှင်းရှင်းလင်းလင်း နားလည်လာတဲ့အတွက် မိုးသီးကပ်ဘေးအကြောင်း ဖော်ပြထားတဲ့ ဗျာဒိတ် ၁၆:၂၁ နားလည်မှုလည်း ပြုပြင်ပြောင်းလဲဖို့ လိုလာတယ်။ ထပ်ဆင့်လေ့လာတဲ့အခါ ဒီကျမ်းပိုဒ်နှစ်ပိုဒ်ဟာ သတင်းတရားတစ်ခုတည်းကိုပဲ ရည်ညွှန်းနေတာ။ ဘယ်လို သိရသလဲ။ သတင်းတရားဟာ “ကယ်တင်ခံရမယ့်သူတွေအတွက်” သတင်းကောင်း၊ တစ်နည်းအားဖြင့် “အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ ဘုရားသခင့်ရန်သူတွေအတွက်တော့ သတင်းဆိုး၊ တစ်နည်းအားဖြင့် “သေခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ။” (၂ ကော. ၂:၁၅၊ ၁၆) သူတို့ ချစ်တဲ့ လောကဟာ ဆိုးညစ်တယ်၊ စာတန့်ဩဇာအောက်မှာ ရှိတယ်၊ ရွေ့သွားကွယ်ပျောက်တော့မယ်ဆိုတာ သတင်းတရားက ဖော်ထုတ်လို့ သိပ်မုန်းကြတယ်။ ဒါကြောင့် သတင်းတရားဟာ တစ်ခုတည်း ဖြစ်ပြီး လူတွေရဲ့ တုံ့ပြန်ပုံပဲ ကွာသွားတာ။—ယော. ၇:၇။ ၁ ယော. ၂:၁၇။ ၅:၁၉။
ဒါဆိုရင် မိုးသီးကပ်ဘေးဟာ အလွန် “ကြီးမားပြင်းထန်” မယ်ဆိုတဲ့အချက်ကကော။ ကြီးစွာသောဒုက္ခအတွင်း ဟောပြောခြင်းလုပ်ငန်း အရှိန်ပိုမြင့်လာမယ်၊ ယေဟောဝါရဲ့ နာမည်ကို လူတွေ ပိုသိလာကြမယ်ဆိုတာ ဖော်ပြနေတာပါ။ (ယေဇ. ၃၉:၇) မဟာဗာဗုလုန် တိုက်ခိုက်ခံရပြီးနောက် သတင်းတရားကို မွှေးကြိုင်တဲ့ရနံ့လို လူတချို့ နှစ်သက်လာတာမျိုး ဖြစ်နိုင်သလား။ ဖြစ်နိုင်တယ်။ မှားယွင်းတဲ့ ဘာသာတရား ဖျက်ဆီးခံရမယ့်အကြောင်း ယေဟောဝါသက်သေတွေ နှစ်ပေါင်းများစွာ ကြေညာခဲ့တာကို သူတို့ သတိရကောင်း ရလာနိုင်တယ် ဒါမှမဟုတ် သိကောင်း သိလာနိုင်တယ်။
အီဂျစ်ပြည်မှာ ကပ်ဘေးဆယ်ခု ကျရောက်ပြီးနောက် ဖြစ်ပျက်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ အီဂျစ်နတ်ဘုရားအားလုံးကို ယေဟောဝါ တရားစီရင်ပြီးနောက် အစ္စရေးလူမျိုးနဲ့အတူ အစ္စရေးလူမျိုး မဟုတ်တဲ့ “ဧရာမလူအုပ်ကြီး” လိုက်လာတယ်။ (ထွ. ၁၂:၁၂၊ ၃၇၊ ၃၈) မောရှေ သတိပေးတဲ့အတိုင်း ကပ်ဘေးဆယ်ခု ကျရောက်လာတာကို တွေ့ပြီး အစ္စရေးလူမျိုးနဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်တာ ဖြစ်နိုင်တယ်။
မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက် ယေဟောဝါကို ဝတ်ပြုလာသူ ဘယ်သူမဆိုဟာ မြေကြီးပေါ် ကျန်ရှိနေဆဲ ခရစ်တော်ရဲ့ ညီတွေကို ထောက်မဖို့၊ သိုးအဖြစ် သတ်မှတ်ခံရဖို့ အခွင့်အရေး ရကြမယ်။ (မ. ၂၅:၃၄-၃၆၊ ၄၀) အဲဒီအခွင့်အရေး ဘယ်အချိန်မှာ ကုန်ဆုံးသွားမလဲ။ မြေကြီးပေါ် ကျန်ရှိနေဆဲ ဘိသိက်ခံတွေ အာမဂေဒုန် မတိုင်ခင်လေးမှာ ကောင်းကင်ဆုကျေးဇူး ရသွားတဲ့အခါ ကုန်ဆုံးသွားမယ်။
ယေဟောဝါ မေတ္တာကရုဏာ ကြီးမားတယ်၊ ‘ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး၊ လူအားလုံးကို နောင်တရစေချင်တယ်’ ဆိုတာ ဒီနားလည်မှုအသစ်က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—၂ ပေ. ၃:၉။