အသင်းတော်အတွက် တန်ဖိုးကြီးတဲ့ အသက်ကြီးသူများ
“ငယ်ငယ်တုန်းက ငါ အဲဒီလောက်ထိ လုပ်နိုင်ခဲ့ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အံ့သြမိတယ်။ အခုတော့ အသက်တွေ ကြီးလာပြီလေ၊ အရင်လို မလုပ်နိုင်တော့ဘူး။”—ကော်နီ၊ ၈၃ နှစ်။
သင်ကော အသက်အရွယ် ကြီးရင့်လာလို့ အဲဒီလို ခံစားနေရသလား။ နှစ်ပေါင်းများစွာ ဘုရားအမှုဆောင်ခဲ့ပေမဲ့ အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျနေနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ဖို့ ဘာလုပ်နိုင်သလဲ။
သင့်ဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ
“ငါ့ဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ပါ” လို့ တရားဟောရာ ၆:၅ မှာ ဖတ်ရတယ်။ အဲဒီစကားတွေကြောင့် သင်အားရှိမှာပဲ။
ဒီကျမ်းချက်အရ ကိုယ့်ရဲ့ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ အကောင်းဆုံးပေးဆက်ဖို့ပဲ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ကိုယ်ငယ်ငယ်က လုပ်ခဲ့တာနဲ့ အခုလုပ်နေတာကိုလည်း မနှိုင်းယှဉ်ပါနဲ့။
သင် ငယ်ငယ်က ယေဟောဝါအတွက် တတ်နိုင်တာကို အကောင်းဆုံးပေးဆက်ခဲ့မှာပဲ။ အခုတော့ သင့်ဘဝအခြေအနေ ပြောင်းလဲသွားပြီ။ ဒါပေမဲ့ အခု လက်ရှိအခြေအနေမှာလည်း ယေဟောဝါအတွက် အကောင်းဆုံး လုပ်ဆောင်နေဆဲပဲ မဟုတ်လား။ ဒါဆိုရင် အရင်ကနဲ့ အတူတူပါပဲ။ သင် ပေးဆက်နေတဲ့ တန်ဖိုးက လျော့မသွားပါဘူး။
အသက်ကြီးလာပေမဲ့ အကောင်းဆုံးပေးဆက်နေတာက ငယ်ရွယ်စဉ်မှာ အကောင်းဆုံးပေးဆက်ခဲ့တာနဲ့ တန်ဖိုးချင်း အတူတူဖြစ်
တခြားသူတွေကို သင် အားပေးထောက်မနိုင်
မလုပ်နိုင်တော့တာတွေကိုမဟုတ်ဘဲ အခု လုပ်နိုင်တာကို စဉ်းစားကြည့်ပါ။ ငယ်ရွယ်စဉ်တုန်းကဆို လုပ်နိုင်မှာမဟုတ်တဲ့၊ အသက်ကြီးလာမှ လုပ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။
တခြားသူတွေကို သင့်ရဲ့ တွေ့ကြုံမှုတွေ မျှဝေပေးပါ။ ဒီကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ။
ဘုရင် ဒါဝိဒ်– “ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊ သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။”—ဆာ. ၃၇:၂၅။
ယောရှု– “ကျုပ်ကတော့ မကြာခင် သေရတော့မယ်။ ယေဟောဝါဘုရား ပေးခဲ့တဲ့ ကောင်းမွန်တဲ့ ကတိအားလုံး မပြည့်စုံဘဲ မနေဘူးဆိုတာ ခင်ဗျားတို့ အကြွင်းမဲ့သိတာပဲ။ အဲဒီကတိတွေ တစ်ခုမကျန် ပြည့်စုံလာတယ်။ တစ်ခုမှ မပြည့်စုံဘဲ မနေခဲ့ဘူး။”—ယရ. ၂၃:၁၄။
သင်ကော အဲဒီလိုပြောဖူးသလား။ ဒါဝိဒ်နဲ့ ယောရှုဟာ နှစ်တွေတစ်လျှောက် သူတို့ကိုယ်တိုင် မြင်ခဲ့၊ ကြားခဲ့၊ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောနေတာဖြစ်လို့ သူတို့ရဲ့ စကားတွေဟာ ပိုအဓိပ္ပာယ်ရှိတယ်။
သင်လည်း ယေဟောဝါကို ဝတ်ပြုတာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်နိုင်တယ်။ ဒါဆိုရင် သင့်မှာ ဘဝအတွေ့အကြုံတွေ အများကြီး ရှိမှာပဲ။ မိမိကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးခဲ့တဲ့၊ ကောင်းချီးပေးခဲ့တဲ့ တွေ့ကြုံမှုတွေအကြောင်း ညီအစ်ကို/မတွေကို ပြောပြနိုင်တယ်။ ဒါက သင့်ကို အားတက်လန်းဆန်းစေသလို ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းကိုလည်း ပိုခိုင်ခံ့စေပါလိမ့်မယ်။—ရော. ၁:၁၁၊ ၁၂။
ဖြစ်နိုင်တဲ့အခါတိုင်း အစည်းအဝေးတွေကို လူကိုယ်တိုင် တက်ရောက်ပါ။ ဒါက ညီအစ်ကို/မတွေနဲ့ အပြန်အလှန် အားပေးခွင့် ရစေတယ်။ “အစည်းအဝေးတွေတက်တာက ကျွန်မကို စိတ်ဓာတ်မကျသွားအောင် ကူညီပေးတယ်။ အစည်းအဝေးခန်းမမှာ ညီအစ်ကို/မတွေရဲ့မေတ္တာကို ခံစားရလို့ ဝမ်းနည်းစရာတွေ မေ့သွားတယ်။ မေတ္တာပြကြတဲ့ ညီအစ်ကို/မတွေကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးတွေ ပေးဖြစ်တယ်။ ပြီးတော့ ညီအစ်ကို/မတွေနဲ့ တွဲပြီး ဘုရားအမှုတော်မှာ ဆက်ပါဝင်သွားချင်ပါတယ်” လို့ ညီအစ်မ ကော်နီ ပြောပြတယ်။
သင့် ကြိုးစားမှုကို ယေဟောဝါ တန်ဖိုးထား
ငယ်တုန်းကလောက် မလုပ်နိုင်တော့ပေမဲ့ ယေဟောဝါရဲ့မေတ္တာ ခံစားရသူတွေအကြောင်း ကျမ်းမှတ်တမ်းတွေ ရှိပါတယ်။ ဥပမာ၊ အစ္စရေးတစ်ယောက်ဖြစ်တဲ့ သက်ကြီးသူ ရှိမောင်အကြောင်း စဉ်းစားကြည့်ပါ။ သူ ဗိမာန်တော်ကို သွားတော့ ငယ်ရွယ်တဲ့အမျိုးသားတွေ အရေးကြီးတာဝန်တွေ ထမ်းဆောင်နေကြတာ တွေ့မှာပဲ။ ရှိမောင် ဘယ်လိုခံစားရမလဲ။ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေလို မလုပ်နိုင်တော့လို့ ဘုရားရှေ့ တန်ဖိုးမရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ရှိမောင်ကို “ဖြောင့်မတ်သူ၊ ဘုရားတရားကြည်ညိုသူ” လို့ ယေဟောဝါမြင်တယ်။ မွေးကင်းစ ယေရှုလေးကို တွေ့ခွင့်ပေးတယ်။ ယေရှုဟာ မေရှိယဖြစ်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို ကြေညာဖို့ သက်ကြီးရှိမောင်ကို ယေဟောဝါ သုံးတယ်။ (လု. ၂:၂၅-၃၅) ရှိမောင်ကို ခွန်အားဆုတ်ယုတ်နေတဲ့ သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ မဟုတ်ဘဲ “သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်ခံရသူ၊” ယုံကြည်ခြင်း ခိုင်ခံ့သူအဖြစ် ယေဟောဝါ ရှုမြင်ကြောင်း ရှင်းနေပါတယ်။
ယေဟောဝါရဲ့ကောင်းချီးကြောင့် ရှိမောင်ဟာ မွေးကင်းစ ယေရှုလေးကို မြင်ခွင့်ရပြီး ယေရှု မေရှိယဖြစ်ကြောင်း ပရောဖက်ပြုခွင့်ရ
သင်လည်း လုပ်နိုင်တာတွေ အကန့်အသတ်ရှိနေရင်တောင် သစ္စာရှိရှိ ဝတ်ပြုနေတာကို ယေဟောဝါ တန်ဖိုးထားကြောင်း စိတ်ချပါ။ ယေဟောဝါက “မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့” မျှော်လင့်တယ်။—၂ ကော. ၈:၁၂။
ဒါကြောင့် ကိုယ်လုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ အချိန်နည်းနည်းပဲ ပါဝင်နိုင်ရင်တောင် ဟောပြောနိုင်တဲ့ နည်းလမ်းတွေ ရှာကြည့်နိုင်မလား။ ဖုန်းဆက်ပြီးဖြစ်ဖြစ်၊ စာရေးပြီးဖြစ်ဖြစ် တခြားသူတွေကို အားပေးနိုင်မလား။ နှစ်ပေါင်းများစွာ ယေဟောဝါကို အမှုဆောင်ခဲ့တဲ့ သင့်ဆီကနေ အားပေးစကားကြားရတဲ့အခါ ညီအစ်ကို/မတွေ တကယ်အားရှိသွားနိုင်တယ်။
အသက်အရွယ်ကြီးလာလို့ အရင်ကလောက် မလုပ်နိုင်တော့ပေမဲ့ ယေဟောဝါအတွက် အကောင်းဆုံး ပေးဆက်နိုင်ဆဲ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ဆဲပါပဲ။ “အမျိုးသမီးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့” လေးထောင့်ကွက်မှာ ပါတဲ့ အရှေ့အာဖရိကက တွေ့ကြုံမှုကို ဖတ်ကြည့်ပါ။
နှစ်ပေါင်းများစွာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေတာဟာ တခြားသူတွေအတွက် စံနမူနာကောင်းဆိုတာ မမေ့ပါနဲ့။ သင့်ရဲ့ ခံနိုင်ရည်ကလည်း အတုယူစရာပါပဲ။ “ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး” ဆိုတာလည်း စိတ်ချနိုင်တယ်။—ဟီ. ၆:၁၀။
တခြားသူတွေကို တတ်နိုင်သလောက် ကူညီပေးပါ
တခြားသူတွေကို ကူညီပေးတာဟာ သက်ကြီးသူတွေကို မှတ်ဉာဏ်ပိုကောင်းစေပြီး သက်ရှည်ကျန်းမာစေတယ်လို့ လေ့လာမှုတွေအရ သိရတယ်။
တခြားသူတွေကို ကူညီပေးနေတဲ့အတွက် ဇရာအိုအရွယ် ပြဿနာတွေ မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ အာဒံဆီကနေ အမွေရထားတဲ့ အပြစ်၊ မစုံလင်မှုနဲ့ သေခြင်းကို ဘုရားသခင့် နိုင်ငံတော်ကပဲ ဖယ်ရှားပေးနိုင်တယ်။—ရော. ၅:၁၂။
တခြားသူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးတာက သင့်ရဲ့ မျှော်လင့်ချက်ကို ရှင်သန်နေစေတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်။ ဒါကြောင့် အသက်ကြီးသူတွေ အမှုတော်မှာ ကြိုးစားပါဝင်နေတာ၊ ယုံကြည်ခြင်း ခိုင်ခံ့နေတာကို ယေဟောဝါနဲ့ အသင်းတော်ကညီအစ်ကို/မတွေ သိပ်တန်ဖိုးထားပါတယ်။