ဆီအဲရာလီယွန်နဲ့ဂီနီ
၁၉၄၅-၁၉၉၀ ‘လူအများကြီးကို ဖြောင့်မတ်လာစေ’—ဒံ ၁၂:၃ (အပိုင်း ၁)
ဂိလဒ်ကျောင်းဆင်း သာသနာပြုတွေရောက်လာ
၁၉၄၇၊ ဇွန်လမှာ ဂိလဒ် ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းက ကျောင်းဆင်းတွေဖြစ်တဲ့ ချားလ်စ် ဖစ်ပက်ထရစ်၊ ဂျော့ချ် ရစ်ချက်စန်နဲ့ ဟျူးဘတ် ဂရက်ရှန်တို့ဟာ ဖရီးတောင်းကို ရောက်လာတယ်။ သူတို့က သာသနာပြုတွေထဲမှာ အရင်ဆုံးရောက်လာသူတွေဖြစ်တယ်။
ဒေသခံညီအစ်ကိုတွေဟာ ဟောပြောဖို့ ထက်သန်တယ်ဆိုတာကို သာသနာပြုတွေ မြင်တွေ့ ခဲ့တယ်။ ဒါပေမဲ့ ထိရောက်တဲ့သွန်သင်သူတွေဖြစ်ဖို့ လိုနေတယ်။ (မ. ၂၈:၂၀) ဒါနဲ့ သာသနာပြုတွေဟာ စိတ်ဝင်စားသူတွေဆီ ဘယ်လိုပြန်သွားရမယ်၊ ကျမ်းစာသင်အံမှု ဘယ်လိုစရမယ်ဆိုတာ ကြေညာသူတွေကို စပြီး သင်ပေးတယ်။ အသင်းတော်အစည်းအဝေးတွေနဲ့ အဖွဲ့အစည်းရဲ့ နောက်ဆုံးညွှန်ကြားချက်တွေကိုလည်း ပြောပြတယ်။ ဝီဘာဖို့ဒ်အောက်မေ့ရာခန်းမမှာ အစည်းအဝေးကြီးတစ်ခု လုပ်ခဲ့ကြတယ်။ တက်ရောက်သူ ၄၅၀ ရှိခဲ့လို့ သာသနာပြုတွေ ပျော်ရွှင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ သာသနာပြုတွေက တစ်ပတ်မှာတစ်ရက် မဂ္ဂဇင်းဝေငှတဲ့နေ့ သတ်မှတ်ခဲ့တယ်။ ဒီလေ့ကျင့်ပေးမှုက အသင်းတော်ကို အားပေးမှုဖြစ်စေခဲ့ပြီး အနာဂတ်တိုးတက်မှုအတွက် အုတ်မြစ်ဖြစ်ခဲ့တယ်။
အဲဒီအချိန်မှာ သာသနာပြုတွေဟာ အဲဒီကရာသီဥတုဒဏ်ခံနိုင်ဖို့ ကြိုးစားကြတယ်။ ၁၉၄၈ ခုနှစ် ဌာနခွဲမှတ်တမ်းတစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “ဆီအဲရာလီယွန်ရဲ့ ရာသီဥတုက အရမ်းဆိုးဝါးတယ်။ မိုးရာသီက ခြောက်လကြာပြီး မိုး အဆက်မပြတ် သည်းကြီးမဲကြီး ရွာတတ်တယ်။ တစ်ခါတလေဆိုရင် နှစ်ပတ်ဆက်တိုက် မရပ်မနား မိုးရွာတယ်။ ခြောက်သွေ့ရာသီမှာတော့ အိုက်စပ်စပ်နဲ့ နေရခက်တယ်။” ဆီအဲရာလီယွန်ကို ဥရောပကနေ အရင်ဆုံးရောက်လာသူတွေက အဲဒီနေရာကို လူဖြူတွေရဲ့သင်္ချိုင်းလို့ ခေါ်ကြတယ်။ ငှက်ဖျားနဲ့ အပူပိုင်းဒေသမှာဖြစ်တဲ့ တခြားရောဂါတွေ သိပ်များတယ်။ သာသနာပြုတွေ တစ်ယောက်ပြီးတစ်ယောက် ဖျားနာပြီး ပြန်သွားကြရတယ်။
အဲဒါကြောင့် ဒေသခံကြေညာသူတွေ စိတ်ဓာတ်ကျမယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။ ၁၉၄၇ နဲ့ ၁၉၅၂ ခုနှစ်ကြားမှာ ကြေညာသူ ၃၈ ယောက်ကနေ ၇၃ ယောက်အထိ တိုးများလာတယ်။ အလုပ်ကြိုးစားတဲ့ ရှေ့ဆောင်တွေဟာ ဖရီးတောင်းမြို့အနားက ဝါတာလူမြို့မှာ အသင်းတော်သစ်တစ်ခု တည်ထောင်ခဲ့တယ်။ ဖရီးတောင်းမြို့အစွန်မှာရှိတဲ့ ကီစီနဲ့ ဝယ်လင်တန်မြို့မှာ ကျမ်းစာလေ့လာတဲ့အုပ်စုအသစ်နှစ်ခု ရှိလာတယ်။ ဆီအဲရာလီယွန်နိုင်ငံမှာ တိုးတက်ဖို့ အသင့်ရှိနေပုံရတယ်။ ဒါပေမဲ့ တစ်ခုခုတော့လိုနေတယ်။
အားပေးမှုဖြစ်စေတဲ့ လည်ပတ်မှု
၁၉၅၂၊ နိုဝင်ဘာမှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ အသက် ၃၀ ကျော်စ အမေရိကန်လူမျိုးတစ်ယောက် ဖရီးတောင်းကို ရောက်လာတယ်။ သူကတော့ ကမ္ဘာ့ဌာနချုပ်က မီတန် ဂျီ ဟဲန်ရှယ်လ်ပဲ၊ သူဒီလိုပြောတယ်– “တခြားနေရာတွေထက် သန့်ရှင်းပြီး ခေတ်မီတဲ့မြို့တစ်မြို့ကို တွေ့ လိုက်ရလို့ အံ့ဩသွားတယ်။ . . . ကျောက်ခင်းလမ်းတွေ၊ စည်းကားတဲ့ဈေးဆိုင်တွေ၊ ကားသစ်တွေနဲ့ လူတွေလည်း အများကြီးပဲ။”
ညီအစ်ကိုဟဲန်ရှယ်လ်ဟာ လဲမှို့ပင်နဲ့ နှစ်ဘလောက်အကွာမှာရှိတဲ့ ဖရီးတောင်းသာသနာပြုအိမ်ကို လမ်းလျှောက်သွားခဲ့တယ်။ ဆီအဲရာလီယွန်မှာ အကူအညီတွေ ထပ်ရောက်လာလိမ့်မယ်လို့ ညီအစ်ကိုတွေကို ပြောခဲ့တယ်။ အဲဒီအပတ် တနင်္ဂနွေနေ့မှာ ဝီဘာဖို့စ်အောက်မေ့ရာခန်းမမှာ စုရုံးနေတဲ့ လူ ၂၅၃ ယောက်ကို ညီအစ်ကိုဟဲန်ရှယ်လ်က စိတ်လှုပ်ရှားစရာ ဒီအစီအစဉ်တွေ ကြေညာခဲ့တယ်– ဆီအဲရာလီယွန်မှာ ဌာနခွဲရုံးတစ်ခုဖွင့်မယ်၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ တိုက်နယ်စည်းဝေးပွဲတွေ ကျင်းပမယ်၊ ကီစီမှာ အသင်းတော်သစ်ဖွင့်မယ်၊ တခြားနယ်တွေမှာလည်း ဟောပြောခြင်းလုပ်ငန်း တိုးချဲ့မယ်။ အဲဒါကို ပရိသတ်ကြားတဲ့အခါ အရမ်းဝမ်းသာတယ်။
ညီအစ်ကိုဟဲန်ရှယ်လ် ဒီလိုပြောတယ်– “သူတို့တွေက ‘အရမ်းကောင်းတယ်’ လို့အဓိပ္ပာယ်ရှိတဲ့ ကူရှီလို့ပဲ တတွတ်တွတ် ပြောနေကြတယ်။ ညီအစ်ကိုတွေဟာ အရမ်းကိုအားတက်လာကြတယ်။ ညမိုးချုပ်မှာ အုပ်စုတွေဟာ ခန်းမကနေထွက်သွားရင်း . . . တချို့က သီချင်းဆိုသွားကြတယ်။”
ရောက်လာကာစ သာသနာပြု ဝီလျံနူရှီးကို ဌာနခွဲရုံးကြီးကြပ်ဖို့ တာဝန်ပေးလိုက်တယ်။ ဝီလျံဟာ အရင်က အမေရိကန်နိုင်ငံက ကာစီနိုလောင်းကစားရုံတွေမှာ ဖဲဝေတဲ့သူဖြစ်တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်လာတဲ့အခါ အဲဒီအလုပ်ကနေထွက်ပြီး ရိုးသားတဲ့လူဖြစ်လာတယ်၊ သူ့ရဲ့ရိုးသားတဲ့စရိုက်ကြောင့် ဆီအဲရာလီယွန်ကကြေညာသူတွေဟာ သူ့ကိုလေးစားပြီး ချစ်ခင်ကြတယ်။