ယေဟောဝါသက်သေမဟုတ်တော့တဲ့သူကို ကျွန်တော်တို့ ဘယ်လိုဆက်ဆံကြသလဲ
လူအားလုံးကို ကျွန်တော်တို့ အတတ်နိုင်ဆုံး မေတ္တာပြတယ်။ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံကြတယ်။ ယေဟောဝါသက်သေတစ်ယောက် ဝတ်ပြုရေးမှာ အရင်လို မပါဝင်တော့ရင် ဒါမှမဟုတ် လုံးဝမပါဝင်တော့ရင် သူ့ကို အရင်ဆုံး ဆက်သွယ်ဖို့ ကြိုးစားပြီး မေတ္တာပြတယ်။ ဘုရားနဲ့ ပြန်ရင်းနှီးလာအောင် အတတ်နိုင်ဆုံး ကူညီပေးတယ်။—လုကာ ၁၅:၄-၇။
လူတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် အသင်းတော်ကနေ ဖယ်ရှားရတဲ့အခါတွေ ရှိတယ်။ (၁ ကောရိန္သု ၅:၁၃) ဒါပေမဲ့ ယုံကြည်သူချင်းတွေကို သိပ်ချစ်လို့ အသင်းတော်ကနေ ဖယ်ရှားရတဲ့အဆင့်အထိ မရောက်အောင် အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ ဖယ်ရှားခဲ့ရင်တောင် ကျမ်းစာမှာ အားပေးထားတဲ့အတိုင်း သူ့ကို ဆက်ပြီး မေတ္တာပြတယ်၊ လေးလေးစားစား ဆက်ဆံတယ်။—မာကု ၁၂:၃၁။ ၁ ပေတရု ၂:၁၇။
ဘယ်အကြောင်းရင်းတွေကြောင့် လူတစ်ယောက်ကို အသင်းတော်ကနေ ဖယ်ရှားသလဲ
ခရစ်ယာန်တစ်ယောက် ကြီးလေးတဲ့အပြစ်တစ်ခု ကျူးလွန်ပြီး ပြုပြင်ချင်စိတ် မရှိဘူးဆိုရင် အသင်းတော်ကနေ ဖယ်ရှားသင့်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။a (၁ ကောရိန္သု ၅:၁၁-၁၃) အသင်းတော်ကနေ ဖယ်ရှားရတဲ့အထိ ဖြစ်စေတဲ့ ကြီးလေးတဲ့အပြစ်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ လူ့အသက် သတ်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ခိုးခြင်းတို့ ပါဝင်တယ်။—၁ ကောရိန္သု ၆:၉၊ ၁၀။ ဂလာတိ ၅:၁၉-၂၁။ ၁ တိမောသေ ၁:၉၊ ၁၀။
ဒါပေမဲ့ လူတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်တာနဲ့ အသင်းတော်ကနေ ချက်ချင်းဖယ်ရှားတာတော့ မဟုတ်ဘူး။ အရင်ဆုံး သူ့အကျင့် ပြောင်းလဲဖို့ အသင်းတော်အကြီးအကဲတွေb ကြိုးစားကူညီပေးပါတယ်။ (ရောမ ၂:၄) ကူညီတဲ့အခါမှာလည်း ပြောင်းလဲချင်စိတ် ပေါ်လာအောင် သူ့ကို မေတ္တာ၊ ကရုဏာ၊ နူးညံ့သိမ်မွေ့မှုအပြည့်နဲ့ တိုက်တွန်းတယ်။ (ဂလာတိ ၆:၁) ဒါမှ အပြစ်ပြုသူဘက်က အသိတရားဝင်ပြီး နောင်တရမှာ ဖြစ်တယ်။ (၂ တိမောသေ ၂:၂၄-၂၆) ထပ်ခါထပ်ခါ ကြိုးစားကူညီပေးလည်း နောင်တမယူ၊ ကျမ်းစာ တားမြစ်ထားတာတွေကို ဆက်လုပ်နေမယ်ဆိုရင်တော့ အသင်းတော်ကနေ ဖယ်ရှားပါတယ်။ သူဟာ ယေဟောဝါသက်သေတစ်ယောက် မဟုတ်တော့တဲ့အကြောင်း အကြီးအကဲက အသင်းတော်မှာ ရိုးရိုးရှင်းရှင်း အသိပေးကြေညာပါတယ်။
အပြစ်ပြုသူ စိတ်ပြောင်းလဲလာအောင် အကြီးအကဲတွေက မေတ္တာ၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှုအပြည့်နဲ့ ကြိုးပမ်းကူညီပေးကြ
အပြစ်ဆက်လုပ်သူတစ်ယောက်ကို အသင်းတော်ကနေ ဖယ်ရှားတာ ဘာအကျိုးရလဒ်တွေ ဖြစ်ထွန်းစေသလဲ။ ရလဒ်တစ်ခုအနေနဲ့ အသင်းတော်က ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဘုရားချမှတ်ထားတဲ့ စံနှုန်းတွေကို လိုက်နာကြောင်း ပြရာရောက်တဲ့အပြင် အပြစ်လုပ်သူရဲ့ ဩဇာကနေလည်း အသင်းတော်ကို ကာကွယ်ရာရောက်တယ်။ (၁ ကောရိန္သု ၅:၆။ ၁၅:၃၃။ ၁ ပေတရု ၁:၁၆) ဒါ့အပြင် အပြစ်လုပ်သူအနေနဲ့လည်း မကောင်းတဲ့အကျင့်ကို အပြီးအပိုင် စွန့်ပြီး လိုအပ်တဲ့ပြောင်းလဲမှုတွေ လုပ်ချင်စိတ် ပေါ်လာနိုင်တယ်။—ဟီဘရူး ၁၂:၁၁။
အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို ယေဟောဝါသက်သေတွေ ဘယ်လိုဆက်ဆံကြသလဲ
အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို “ပေါင်းဖော်ဖို့ မပြောနဲ့ အတူစားသောက်တာတောင် မလုပ်ကြဖို့” ခရစ်ယာန်တွေကို ကျမ်းစာ မိန့်မှာထားတယ်။ (၁ ကောရိန္သု ၅:၁၁) ဒါကြောင့် သူနဲ့ သွားလာပေါင်းသင်းမှာ မဟုတ်ဘူး။ ဒီလိုပြောလို့ သူ့ကို လုံးလုံး ဥပေက္ခာပြုထားတယ်လို့ မဆိုလိုပါဘူး။ အရင်လိုပဲ သူ့ကို လေးလေးစားစား ဆက်ဆံကြမှာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စုဆုံဝတ်ပြုတဲ့နေရာတွေကို သူလွတ်လွတ်လပ်လပ် လာတက်ရောက်နိုင်တယ်။ လာတဲ့အခါလည်း ယေဟောဝါသက်သေတွေက သူ့ကို နှုတ်ဆက်ကြတယ်။c အသင်းတော်ထဲ ပြန်ဝင်ဖို့ ဆန္ဒရှိရင် အကြီးအကဲတွေကို သူ အကူအညီတောင်းနိုင်တယ်။
အသင်းတော်ကနေ ဖယ်ရှားခံရသူတွေက ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကို လာတက်ရောက်နိုင်
အသင်းတော်ကနေ ဖယ်ရှားခံရသူဟာ ယေဟောဝါသက်သေ အိမ်ထောင်ဖက်၊ သားသမီး ရှိသူဖြစ်နေရင်ကော။ မိသားစုနဲ့ အတူတကွ ယေဟောဝါကို မဝတ်ပြုတော့ပေမဲ့ သွေးရင်းသားရင်း မိသားစုအဖြစ်ကနေ ပြောင်းလဲမသွားပါဘူး။ တစ်မိုးအောက်မှာ နေထိုင်ကြလို့ အိမ်ထောင်ဖက်တွေကြား၊ မိဘနဲ့ သားသမီးကြား နှောင်ကြိုးက အရင်တိုင်းပါပဲ။
ဖယ်ရှားခံရသူတစ်ယောက်က သူ့ဆီ လာလည်ပတ်ဖို့ အကြီးအကဲတွေကို တောင်းဆိုခွင့် ရှိတယ်။ အဲဒီအခါ ဖယ်ရှားခံရသူ နောင်တယူပြီး ဘုရားဆီ ပြန်လာဖို့ အကြီးအကဲတွေက ကျမ်းစာပေါ်အခြေခံပြီး ကြင်ကြင်နာနာ အားပေးကြပါမယ်။ (ဇာခရိ ၁:၃) အပြစ်ဆက်မလုပ်တော့ဘဲ ကျမ်းစာစံနှုန်းအတိုင်း အမှန်တကယ် အသက်ရှင်လိုမှန်း လုပ်ရပ်နဲ့ သက်သေပြတယ်ဆိုရင် အသင်းတော်က သူ့ကို ပြန်လက်ခံမှာ ဖြစ်တယ်။ အပြစ်ဆက်မလုပ်တော့တဲ့သူကို ကောရိန္သုအသင်းတော် ခရစ်ယာန်တွေ ဆက်ဆံခဲ့ပုံအတိုင်း ကျွန်တော်တို့လည်း အသင်းတော်ထဲ ပြန်ဝင်လာသူကို “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေး” ကြပါမယ်။—၂ ကောရိန္သု ၂:၆-၈။
အသင်းတော်က ဖယ်ရှားခံရဖူးသူတချို့ရဲ့ ရင်တွင်းစကား
အသင်းတော်ကနေ ဖယ်ရှားခံရပြီး နောက်ပိုင်း ဘုရားဆီ ပြန်လှည့်လာသူတချို့ရဲ့ မှတ်ချက်တွေကို သတိပြုပါ။
“အသင်းတော်ဆီ ပြန်သွားဖို့ ဆုံးဖြတ်တုန်းက ကျွန်မကို အကြီးအကဲတွေက လွန်ခဲ့တဲ့နှစ်တွေအတွင်း ဘာတွေလုပ်ခဲ့သလဲဆိုပြီး အကုန်စစ်မေးတော့မှာပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ထင်ထားသလို မဟုတ်ဘူး။ ‘အခုအချိန်က စပြီး အရှေ့ကိုပဲ အာရုံစိုက်ပြီး ဆက်ကြိုးစားသွားနော်’ လို့ အားပေးတော့ ကျွန်မမှာ စိတ်ပေါ့သွားတာပဲ။”—မာရီယာ၊ အမေရိကန်။
“အသင်းတော်က ကျွန်တော် ပြန်လာမှာကို မျှော်နေတာ။ ကိုယ့်ကို တန်ဖိုးထားကြပါလားလို့ ခံစားမိတယ်။ ခွင့်လွှတ်ခံရပြီဖြစ်လို့ အတိတ်ကို အတိတ်မှာထားခဲ့ဖို့ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ ဝိုင်းအားပေးကြတယ်။ ယေဟောဝါနဲ့ ပြန်ရင်းနှီးလာဖို့ အကူအညီလိုတိုင်း အကြီးအကဲတွေ အမြဲအသင့်ပဲ။ အကြီးအကဲတွေက ကျွန်တော့်ကို နှစ်သိမ့်ပေးကြတယ်။ ယေဟောဝါ ကျွန်တော့်ကို ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာ သိအောင် ကူညီပေးကြတယ်။”—မယ်လ်ကမ်၊ ဆီရာလီယွန်။
“အဖွဲ့အစည်းကို ယေဟောဝါ သန့်သန့်ရှင်းရှင်းထားတာက မိမိလူတွေကို ချစ်လွန်းလို့ဆိုတာ သိလာတယ်။ မသိတဲ့သူတွေအတွက်တော့ ရက်စက်တယ်လို့ မြင်ကောင်းမြင်နိုင်တယ်။ တကယ်ဆိုရင် ဒါဟာ မေတ္တာပါတဲ့ အစီအစဉ်ပါ။ လိုလည်း လိုအပ်တယ်။ ကျွန်မရဲ့ ကောင်းကင်အဖဟာ မေတ္တာကြီးမားပြီး ခွင့်လွှတ်တတ်တဲ့ ဘုရားဖြစ်နေလို့ ကျေးဇူးတင်လိုက်တာ။”—ဆန်ဒီ၊ အမေရိကန်။
a နောင်တမရတဲ့ အပြစ်လုပ်သူတွေကို အသင်းတော်ကနေ နှင်ထုတ်တယ်လို့ အရင်က သုံးနှုန်းခဲ့ပေမဲ့ အခုတော့ အသင်းတော်ကနေ ဖယ်ရှားတယ်လို့ ကျမ်းစာအသုံးနှုန်းအတိုင်း ခေါ်ဆိုပါတယ်။
b အကြီးအကဲတွေဟာ ဝါရင့် ခရစ်ယာန်အမျိုးသားတွေပါ။ ဘုရားလူမျိုးကို ကျမ်းစာအကြောင်း သွန်သင်ပြီး အားပေးကူညီတယ်။ လခစားတွေ မဟုတ်ကြဘူး။—၁ ပေတရု ၅:၁-၃။
c တချို့အခြေအနေတွေမှာ အသင်းတော်ကနေ ထွက်သွားတဲ့ လူတစ်ယောက်က အသင်းတော်ကို တိုက်ခိုက်နိုင်တယ် ဒါမှမဟုတ် အသင်းသားတွေကို အပြစ်လုပ်ဖို့ အားပေးအားမြှောက် လုပ်နိုင်တယ်။ ဒီလိုပုဂ္ဂိုလ်တွေကို “နှုတ်ဆက်စကားတောင် မပြောနဲ့” ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို ကျွန်တော်တို့ လိုက်နာကြပါတယ်။—၂ ယောဟန် ၉-၁၁။