မြည်တမ်းစကား
א*
၁ လူစည်ကားခဲ့တဲ့မြို့ဟာ အခုတော့ တစ်ယောက်တည်း ထိုင်နေရပါလား။+
လူမျိုးတွေအလယ်မှာ လူနေထူထပ်ခဲ့တဲ့မြို့ဟာ မုဆိုးမလို ဖြစ်နေပါလား။+
ပြည်နယ်တွေအလယ်မှာ မင်းသမီးဖြစ်ခဲ့သူဟာ ကျွန်ခံနေရပါလား။+
ב
၂ သူဟာ ညမှာ ရှိုက်ကြီးတငင် ငိုနေတယ်။+ ပါးပြင်မှာ မျက်ရည်စိုရွှဲနေတယ်။
ချစ်ရသူတွေထဲမှာ သူ့ကိုနှစ်သိမ့်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။+
အပေါင်းအဖော်တွေလည်း သစ္စာဖောက်ကုန်ပြီ။+ ရန်သူတွေ ဖြစ်ကုန်ပြီ။
ג
၃ ယုဒဟာ ပြည်နှင်ဒဏ်ခံရပြီ။+ ဒုက္ခရောက်ပြီး ကျွန်ခံနေရပြီ။+
လူမျိုးတွေအလယ်မှာ နေထိုင်ရပြီး+ နားခိုရာ ရှာမတွေ့ဘူး။
ဒုက္ခရောက်နေချိန်မှာ ညှဉ်းပန်းနှိပ်စက်သူတွေ သူ့ကို လာဖမ်းသွားကြပြီ။
ד
၄ ပွဲတော်လာတဲ့သူ တစ်ယောက်မှ မရှိလို့ ဇိအုန်ရဲ့လမ်းတွေ ညည်းတွားနေတယ်။+
မြို့တံခါးတွေ ပျက်စီးနေတယ်။+ ပုရောဟိတ်တွေ သက်ပြင်းချနေတယ်။
အပျိုစင်တွေ ဝမ်းနည်းပူဆွေး နေတယ်။ သူကိုယ်တိုင်လည်း ခါးသီးတဲ့ဝေဒနာ ခံစားနေရတယ်။
ה
၅ ရန်ဘက်တွေဟာ အခုတော့ သူ့သခင် ဖြစ်နေပြီ။ ရန်သူတွေ အပူအပင် ကင်းဝေးနေပြီ။+
အပြစ်များလွန်းတဲ့ သူ့ကို ယေဟောဝါ ဝမ်းနည်းပူဆွေးစေပြီ။+
သားသမီးတွေဟာ ရန်သူရှေ့မှာ သုံ့ပန်းဘဝ ရောက်သွားပြီ။+
ו
၆ ဇိအုန်သမီးပျိုရဲ့ ခမ်းနားမြင့်မြတ်မှုတွေ ပျောက်ဆုံးသွားပြီ။+
မင်းညီမင်းသားတွေဟာ စားကျက်ရှာမတွေ့တဲ့ သမင်ဖိုတွေလို ဖြစ်နေပြီ။
လိုက်ဖမ်းသူရှေ့မှာ မောဟိုက်နေပြီ။
ז
၇ ဂျေရုဆလင်ဟာ ဒုက္ခရောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ချိန်မှာ
အတိတ်ကပိုင်ဆိုင်ခဲ့တဲ့ အဖိုးတန်အရာတွေကို+ ပြန်တမ်းတနေတယ်။
သူ့လူတွေ ရန်သူလက်ထဲ ရောက်ပြီး ကူကယ်ရာမဲ့နေချိန်မှာ+
ရန်သူတွေက သူ့အဖြစ်ကိုမြင်ပြီး သူကျဆုံးတာကို ရယ်မောကြတယ်။+
ח
၈ ဂျေရုဆလင်ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်လို့+
ရွံစရာဖြစ်သွားပြီ။
သူ့ကိုဂုဏ်တင်ခဲ့သူတွေ အခုတော့ သူအဝတ်ဗလာဖြစ်နေတာကို မြင်ပြီး အထင်သေးသွားပြီ။+
သူကိုယ်တိုင်လည်း ညည်းတွားပြီး+ အရှက်တကွဲ လှည့်ထွက်သွားပြီ။
ט
၉ သူ့ရဲ့မသန့်ရှင်းမှုဟာ ဝတ်ရုံမှာ စွန်းထင်းနေတယ်။
အနာဂတ်အကြောင်း သူ မစဉ်းစားဘူး။+
သူပြိုလဲသွားတာ မယုံနိုင်စရာပဲ။ နှစ်သိမ့်ပေးမယ့်သူ မရှိပါလား။
ယေဟောဝါဘုရား၊ ကျွန်တော့်ဒုက္ခကို မြင်လှည့်ပါ။ ရန်သူတွေ ကိုယ့်ဂုဏ်ကိုယ်ဖော် နေကြပြီ။+
י
၁၀ သူ့စည်းစိမ်တွေကို ရန်သူတွေ လက်ဝါးကြီးအုပ်လိုက်ပြီ။+
လူမျိုးတော်နဲ့အတူ မစုဝေးရဘူးလို့ ကိုယ်တော် မိန့်မှာထားသူတွေ
သန့်ရှင်းရာဌာနတော်ထဲ ဝင်လာတာကို သူမြင်နေရပြီ။+
כ
၁၁ သူ့လူတွေ သက်ပြင်းချပြီး စားစရာ လိုက်ရှာနေရတယ်။+
မသေရုံတမယ် စားရဖို့ တန်ဖိုးကြီးပစ္စည်းတွေ ပေးလိုက်ရတယ်။
အို ယေဟောဝါ၊ ကျွန်မဟာ တန်ဖိုးမရှိတဲ့မိန်းမလို ဖြစ်နေတာ မြင်လှည့်ပါ။*
ל
၁၂ ဖြတ်သန်းသွားလာသူတို့၊ ကြည့်ကြပါဦး။ ဘယ်လိုမှ မနေကြဘူးလား။
ကျွန်မရဲ့ဝေဒနာမျိုး ဘယ်သူ ခံစားဖူးလို့လဲ။
ယေဟောဝါက အမျက်တော်ထွက်တဲ့နေ့မှာ ကျွန်မကို အဲဒီလိုခံစားစေတယ်။+
מ
၁၃ ဘုရားက ကောင်းကင်ကနေ မီးလွှတ်ပြီး ကျွန်မအရိုးတွေကို လောင်ကျွမ်းစေတယ်။+
ကျွန်မခြေရှေ့မှာ ပိုက်ကွန်ချထားတယ်။ အတင်းပဲ နောက်ပြန်လှည့်ခိုင်းတယ်။
စွန့်ပစ်ခံရတဲ့မိန်းမ ဖြစ်စေတယ်။
ကျွန်မ တစ်နေ့လုံး ဖျားနာနေတယ်။
נ
၁၄ ဘုရားက ကျွန်မအပြစ်တွေကို လက်တော်နဲ့စည်းနှောင်ပြီး ထမ်းပိုးလိုဖြစ်အောင် လုပ်တယ်။
အဲဒီထမ်းပိုးကို လည်ကုပ်ပေါ်တင်တဲ့အတွက် ကျွန်မမှာ အားအင်မဲ့နေပြီ။
ကျွန်မ မခုခံနိုင်သူတွေလက်ထဲကို ယေဟောဝါ အပ်လိုက်တယ်။+
ס
၁၅ ကျွန်မရဲ့ ခွန်အားကြီးသူတွေကို ယေဟောဝါ ဖယ်ရှားလိုက်ပြီ။+
လူငယ်တွေကို နင်းခြေဖို့ လူအုပ်ကို ဆင့်ခေါ်တယ်။+
ယုဒသမီးပျိုကို စပျစ်ကျင်းမှာ ယေဟောဝါ နင်းနယ်တယ်။+
ע
၁၆ ဒါတွေကြောင့် ကျွန်မ ငိုနေရပြီ။+ မျက်ရည်တွေ ချောင်းလိုစီးနေပြီ။
နှစ်သိမ့်မယ့်သူ၊ အားပေးမယ့်သူ အလှမ်းဝေးနေတယ်။
ရန်သူတွေ အနိုင်ရသွားလို့ ကျွန်မရဲ့သားတွေ မရှိတော့ဘူး။
פ
၁၇ ဇိအုန်ဟာ လက်ဖြန့်ထားပေမဲ့+ နှစ်သိမ့်ပေးမယ့်သူ မရှိဘူး။
ယာကုပ်ကို တိုက်ခိုက်ဖို့ ပတ်ဝန်းကျင်ရန်သူတွေကို ယေဟောဝါ အမိန့်ပေးထားတယ်။+
ဂျေရုဆလင်ဟာ သူတို့အတွက် ရွံစရာဖြစ်နေပြီ။+
צ
၁၈ ယေဟောဝါဟာ ဖြောင့်မတ်တယ်။+ အမိန့်တော် ဖီဆန်မိလို့ ကျွန်မ အခုလိုဖြစ်ရတာ။+
လူအပေါင်းတို့၊ နားထောင်ကြ။ ကျွန်မရဲ့ နာကျင်မှုကို ကြည့်ကြ။
ကျွန်မရဲ့ အပျိုလူပျိုတွေ သုံ့ပန်းဘဝ ရောက်ကုန်ပြီ။+
ק
၁၉ ချစ်ရသူတွေကို ကျွန်မ ခေါ်နေလည်းပဲ သူတို့ သစ္စာဖောက်ကုန်ပြီ။+
ပုရောဟိတ်တွေ၊ အသက်ကြီးသူတွေဟာ
အသက်ဆက်နိုင်ဖို့ စားစရာရှာရင်း+ မြို့ထဲမှာ သေဆုံးကုန်ကြပြီ။
ר
၂၀ အို ယေဟောဝါ၊ ကြည့်ပါဦး။ ကျွန်မ ဒုက္ခလှလှ တွေ့နေပြီ။
ရင်ထဲမှာ ဗလောင်ဆူနေပြီ။
အကြီးအကျယ် ပုန်ကန်မိလို့+ စိတ်ယောက်ယက်ခတ်နေပြီ။
အပြင်မှာ ဓားဘေးကြောင့် သေဆုံးကုန်ပြီ။+ အိမ်ထဲမှာလည်း သေဘေးပဲ ရှိတယ်။
ש
၂၁ ကျွန်မရဲ့သက်ပြင်းချသံကို ကြားကြပေမဲ့ နှစ်သိမ့်မယ့်သူ မရှိဘူး။
ရန်သူတွေက ကျွန်မရဲ့ဘေးဆိုးအကြောင်း ကြားကြပြီ။
အဲဒီလိုဖြစ်အောင် ကိုယ်တော်လုပ်လို့ ဝမ်းသာနေကြတာ။+
ဒါပေမဲ့ ကိုယ်တော်ပြောထားတဲ့နေ့ကို သူတို့ကြုံရမှာပါ။+ ကျွန်မလိုပဲ ဖြစ်သွားကြမှာပါ။+
ת
၂၂ ကျွန်မရဲ့ အပြစ်တွေအတွက် ကိုယ်တော် ပြင်းပြင်းထန်ထန် ဒဏ်ပေးသလို
သူတို့ရဲ့ ဆိုးညစ်မှုတွေကို မြင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ပေးပါစေ။+
ကျွန်မ အကြိမ်ကြိမ် သက်ပြင်းချနေရတယ်။ စိတ်နာကျင်နေတယ်။
א
၂ ယေဟောဝါဟာ ဇိအုန်သမီးပျိုကို ဒေါသမိုးတိမ်နဲ့ ဖုံးလွှမ်းလိုက်ပြီပဲ။
အစ္စရေးရဲ့ အလှတရားကို ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချလိုက်ပြီ။+
အမျက်တော်ထွက်တဲ့နေ့မှာ ခြေတင်ရာခုံကို သတိမရတော့ဘူး။+
ב
၂ ယာကုပ်ရဲ့နေရာတွေကို ယေဟောဝါ မညှာမတာ ဝါးမျိုလိုက်ပြီ။
ယုဒသမီးပျိုရဲ့ ခံတပ်တွေကို ဒေါသတကြီး ဖြိုချလိုက်ပြီ။+
သူ့နိုင်ငံနဲ့ မင်းညီမင်းသားတွေကို မြေပေါ် ဆွဲချပြီး ရှုတ်ချလိုက်ပြီ။+
ג
၃ အစ္စရေးရဲ့ အစွမ်းခွန်အားကို* ဒေါသတကြီး ချိုးပစ်တယ်။
အစ္စရေးကို ရန်သူတွေလာတိုက်တဲ့အခါ ညာလက်တော်ကို ရုပ်သိမ်းလိုက်တယ်။+
အမျက်တော်ဟာ ပတ်လည်မှာရှိသမျှကို လောင်တဲ့မီးလို ယာကုပ်ကို လောင်နေတယ်။+
ד
၄ ဘုရားဟာ ရန်သူလို လေးကိုတင်ထားတယ်။ ရန်ဘက်လို ညာလက်ကို ရွယ်ထားတယ်။+
ငါတို့ချစ်ခင်ရသူတွေကို ကွပ်မျက်တယ်။+
အမျက်တော်မီးကို+ ဇိအုန်သမီးပျိုရဲ့ တဲအပေါ်+ သွန်းလောင်းတယ်။
ה
၅ ယေဟောဝါဟာ ငါတို့ရန်သူ ဖြစ်သွားပြီ။+
အစ္စရေးကို ဝါးမျိုလိုက်ပြီ။
ဇိအုန်မျှော်စင်တွေကို ဝါးမျိုပြီး
ခံတပ်တွေကို ဖျက်ဆီးလိုက်ပြီ။
ယုဒသမီးပျိုကို အကြီးအကျယ် ငိုကြွေးမြည်တမ်းစေတယ်။
ו
၆ ယေဟောဝါက သူ့တဲကို ယာခင်းထဲက တဲလို ဖြိုချတယ်။+
ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်။+
ဇိအုန်မှာ ပွဲတော်နဲ့ ဥပုသ်နေ့ကို မေ့လျော့စေတယ်။
ဘုရင်နဲ့ ပုရောဟိတ်ကို အကြီးအကျယ် အမျက်ထွက်ပြီး အရေးမလုပ်တော့ဘူး။+
ז
၇ ယေဟောဝါဟာ ပူဇော်ရာပလ္လင်ကို စွန့်ပယ်လိုက်ပြီ။
သန့်ရှင်းရာဌာနတော်ကို ပစ်ပယ်လိုက်ပြီ။+
ခံတပ်မျှော်စင်တွေကို ရန်သူလက်ထဲ အပ်လိုက်ပြီ။+
ပွဲတော်နေ့မှာ ကြွေးကြော်သလို ယေဟောဝါရဲ့ အိမ်တော်မှာ ရန်သူတွေ ကြွေးကြော်နေကြပြီ။+
ח
၈ ယေဟောဝါက ဇိအုန်သမီးပျိုရဲ့ မြို့ရိုးကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားတယ်။+
တိုင်းကြိုးကို ဆန့်တန်းလိုက်တယ်။+
ဖျက်ဆီးဖို့ လက်တော်ကို မရုပ်သိမ်းဘူး။
ခံစစ်ကုန်းရိုးနဲ့ မြို့ရိုးကို ညည်းတွားငိုကြွေးစေတယ်။
အားလုံး ပြိုကျကုန်ပြီ။
ט
၉ ဇိအုန်မြို့တံခါးတွေ မြေကြီးထဲ နစ်မြုပ်ကုန်ပြီ။+
ဇိအုန်ကန့်လန့်ကျင်တွေကို ချိုးဖျက်တယ်။
ဘုရင်နဲ့ မင်းညီမင်းသားတွေ လူမျိုးတွေအလယ်မှာ နေထိုင်ရတယ်။+
ပညတ်ချက်တွေ လိုက်နာသူ တစ်ယောက်မှ မရှိဘူး။
ပရောဖက်တွေတောင် ယေဟောဝါဆီက စိတ်အာရုံကို မရတော့ဘူး။+
י
၁၀ ဇိအုန်သမီးပျိုရဲ့ အကြီးအကဲတွေ မြေပေါ်ထိုင်ပြီး နှုတ်ဆိတ်နေကြတယ်။+
မြေမှုန့်ကို ခေါင်းပေါ်တင်ပြီး အထည်ကြမ်း* ဝတ်ထားကြတယ်။+
ဂျေရုဆလင်ရဲ့ အပျိုစင်တွေ ခေါင်းငိုက်စိုက်နဲ့ မြေမှာ ပြားပြားဝပ်နေပြီ။
כ
၁၁ ငိုရလွန်းလို့ ငါ့မျက်စိတွေ ညောင်းလှပြီ။+ ရင်ထဲမှာ ဗလောင်ဆူနေတယ်။
အသည်းတွေ ကွဲကြေပြီး မြေပေါ် စီးကျနေတယ်။
ငါ့လူမျိုးသမီးပျို ပြိုလဲပြီး+
လူထုရင်ပြင်တွေမှာ နို့စို့နို့ ညှာကလေးတွေ အားပြတ်နေလို့ပေါ့။+
ל
၁၂ သူတို့ဟာ လူထုရင်ပြင်တွေမှာ ဒဏ်ရာရသူတွေလို အားပြတ်နေကြပြီ။
မိခင်ရင်ခွင်မှာ အသက်ယဲ့ယဲ့လေးပဲ ကျန်တော့တယ်။
“အမေ၊ စားစရာသောက်စရာတွေကော” လို့မေးနေကြတယ်။+
מ
၁၃ အို ဂျေရုဆလင်သမီးပျို၊ မင်းကို ဘာနဲ့ ဥပမာပေးရမလဲ။
ဘာနဲ့ ခိုင်းနှိုင်းရမလဲ။
အို ဇိအုန်သမီးပျို၊ မင်းကို ဘာနဲ့ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမလဲ။
မင်းရဲ့ဒဏ်ရာဟာ ပင်လယ်ကြီးလောက် ကျယ်ပြောနေလို့+ ဘယ်သူ ကုသပေးနိုင်မှာလဲ။+
נ
၁၄ ပရောဖက်တွေဟာ မှားယွင်းတဲ့၊ အဓိပ္ပာယ်မရှိတဲ့ စိတ်အာရုံတွေကို မြင်မက်ကြတယ်။+
သုံ့ပန်းဘဝ မရောက်ရလေအောင် မင်းရဲ့အမှားကို မဖော်ထုတ်ပေးကြဘူး။+
မှားယွင်းတဲ့၊ လမ်းလွဲစေတဲ့ သတင်းစကားတွေပါတဲ့ စိတ်အာရုံကိုပဲ မြင်ကြတယ်။+
ס
၁၅ လမ်းသွားလမ်းလာတွေ မင်းကိုကြည့်ပြီး လှောင်တဲ့အနေနဲ့ လက်ခုပ်တီးကြတယ်။+
ဂျေရုဆလင်သမီးပျိုကို ခေါင်းတခါခါနဲ့ အံ့သြတကြီး ကြည့်ရင်း လှောင်ပြောင်ကြလိမ့်မယ်။*+
“‘အလှတရားနဲ့ ပြည့်စုံတဲ့မြို့၊ မြေတစ်ပြင်လုံးရဲ့ ရွှင်လန်းစရာမြို့’ ဆိုတာ ဒီမြို့တဲ့လား” ဆိုပြီး ပြောကြတယ်။+
פ
၁၆ ရန်သူတွေ မင်းကိုဝါးမျိုဖို့ ပါးစပ်ဟထားကြတယ်။ လှောင်ပြောင်ကြတယ်။ အံကြိတ်ခံပြင်းနေကြတယ်။
“သူ့ကို မျိုချလိုက်ပြီ။+ ငါတို့စောင့်မျှော်နေတဲ့နေ့ ရောက်လာပြီ။+
ဒီလိုနေ့မျိုး မြင်ရပြီဟေ့”+ လို့ပြောကြတယ်။
ע
၁၇ ယေဟောဝါက ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်တယ်။+
အရင်ကမိန့်မှာခဲ့တာကို+ အကောင်အထည်ဖော်တယ်။+
မညှာမတာ ဖြိုချတယ်။+
ရန်သူတွေကို မင်းအပေါ် အောင်ပွဲဆင်ပြီး ဝမ်းမြောက်ခွင့်ပေးတယ်။ ရန်ဘက်တွေရဲ့ အစွမ်းခွန်အားကို ချီးမြှောက်တယ်။
צ
၁၈ အို ဇိအုန်သမီးပျိုရဲ့ မြို့ရိုး၊ ယေဟောဝါကို လူတွေ အော်ဟစ်အကူအညီတောင်းနေတယ်။
မျက်ရည်တွေ နေ့ရောညပါ ချောင်းလို စီးဆင်းပါစေ။
အနားမယူနဲ့။ မနားတမ်း ငိုလိုက်ပါ။
ק
၁၉ တစ်ညလုံး ငိုကြွေးပါ။
ရေသွန်ချသလို ယေဟောဝါရှေ့မှာ ရင်ဖွင့်ချလိုက်ပါ။
လမ်းထောင့်တိုင်းမှာ ငတ်ပြတ်နေတဲ့ သားသမီးတွေ အသက်ချမ်းသာရအောင်
လက်ဖြန့်ဆုတောင်းပါ။+
ר
၂၀ အို ယေဟောဝါ၊ ကိုယ်တော် ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိုက်တဲ့သူကို ကြည့်ပါဦး။
မိခင်တွေဟာ ကိုယ့်ရင်သွေးတွေ၊ ကျန်းကျန်းမာမာ မွေးထုတ်ခဲ့တဲ့ သားသမီးတွေရဲ့ အသားကို စားသင့်သလား။+
ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်မှာ ပုရောဟိတ်တွေ၊ ပရောဖက်တွေ အသတ်ခံရသင့်သလား။+
ש
၂၁ လူကြီးလူငယ်ပါမကျန် လမ်းပေါ် လဲသေနေကြတယ်။+
အပျိုလူပျိုတွေ ဓားဘေးကြောင့် ကျဆုံးကုန်ပြီ။+
အမျက်တော်ထွက်တဲ့နေ့မှာ သူတို့ကို ကွပ်မျက်တယ်။ မညှာမတာ ကွပ်မျက်တယ်။+
ת
၂၂ အရပ်ရပ်က ကြောက်မက်ဖွယ်ရာတွေကို ကိုယ်တော်ဖိတ်ခေါ်နေတာ ပွဲတော်နေ့ကျနေတာပဲ။+
ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ မရှိဘူး။+
ငါမွေးထုတ်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သူတွေကို ရန်သူ ချေမှုန်းလိုက်ပြီ။+
א
၃ ငါဟာ အမျက်တော်ကြိမ်လုံးကြောင့် ဒုက္ခခံနေရသူပါ။
၂ ဘုရားက ငါ့ကို မောင်းထုတ်ပြီး အလင်းထဲမှာ မဟုတ်ဘဲ အမှောင်ထဲမှာ လျှောက်ခိုင်းနေတယ်။+
၃ ငါ့ကို တစ်နေ့လုံး လက်တော်နဲ့ အကြိမ်ကြိမ် ဒဏ်ခတ်နေတယ်။+
ב
၄ ငါ့ကို အရိုးပေါ်အရေတင် ဖြစ်စေတယ်။
အရိုးတွေကို ချိုးပစ်တယ်။
၅ ဘုရားက ငါ့ကို ဝိုင်းထားတယ်။ ခါးသီးတဲ့အဆိပ်တွေ၊+ အခက်အခဲတွေနဲ့ ဝိုင်းရံထားတယ်။
၆ ဟိုးတုန်းက သေဆုံးသွားသူတွေလို အမှောင်ထဲမှာ အတင်းထိုင်ခိုင်းတယ်။
ג
၇ ငါမလွတ်မြောက်နိုင်အောင် တံတိုင်းခတ်ထားတယ်။
ကြေးနီခြေကျဉ်းတွေ ခတ်ထားတယ်။+
၈ အသည်းအသန် အော်ဟစ်အကူအညီတောင်းပေမဲ့ ငါ့ဆုတောင်းချက်ကို နားမထောင်ဘူး။+
၉ ငါ့လမ်းတွေကို ဆစ်ထားတဲ့ကျောက်တုံးတွေနဲ့ ပိတ်ဆို့ထားတယ်။
လမ်းတွေကို ကွေ့ကောက်စေတယ်။+
ד
၁၀ ငါ့ကို တိုက်ဖို့ ဝက်ဝံလို ချောင်းမြောင်းပြီး ခြင်္သေ့လို ဝပ်နေတယ်။+
၁၁ လမ်းပေါ်ကနေ တွန်းချတယ်။ အပိုင်းပိုင်း ဆွဲဖဲ့တယ်။*
လူသူကင်းမဲ့စေတယ်။+
၁၂ လေးကိုတင်ပြီး ငါ့ကို ပစ်မှတ်အဖြစ် ချိန်ရွယ်တယ်။
ה
၁၃ မြားကျည်တောက်ထဲက မြားတွေနဲ့ ငါ့ကျောက်ကပ်တွေကို ခွင်းပစ်တယ်။
၁၄ ငါဟာ လူတွေ ဝိုင်းဟားစရာ၊ တစ်နေ့လုံး သီချင်းဖွဲ့ဆိုစရာ ဖြစ်နေတယ်။
၁၅ ငါ့ကို ခါးသီးတဲ့အရာတွေနဲ့ ဗိုက်ဝစေတယ်။ ဒေါနနဲ့* ဝစေတယ်။+
ו
၁၆ ကျောက်စရစ်ခဲ ကျွေးပြီး ငါ့သွားတွေကို ချိုးပစ်တယ်။
ငါ့ကို ပြာထဲမှာ လူးလိမ့်စေတယ်။+
၁၇ ကျွန်တော့်ကို စိတ်ငြိမ်သက်မှု မပေးဘူး။ ကောင်းတာတွေကို မေ့ကုန်ပြီ။
၁၈ ဒါကြောင့် “ငါ့ရဲ့ခမ်းနားမှုတွေ၊ ယေဟောဝါ အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီ” လို့ ကျွန်တော်ပြောတယ်။
ז
၁၉ ကျွန်တော် ဒုက္ခရောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာ၊+ ဒေါနနဲ့ ခါးသီးတဲ့အဆိပ်ပဲ စားနေရတာကို သတိရလှည့်ပါ။+
၂၀ ကိုယ်တော် ကျိန်းသေသတိရပြီး ကျွန်တော့်ကို ကူညီပေးဖို့ ကိုယ်ကို ကိုင်းညွတ်လိမ့်မယ်။+
၂၁ အဲဒါကို ကျွန်တော့်စိတ်ထဲ ပြန်အမှတ်ရနေတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်။+
ח
၂၂ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူး။+
ကရုဏာတော် ဘယ်တော့မှ မကုန်ဆုံးဘူး။+
၂၃ ကရုဏာတော်ဟာ မနက်တိုင်း သစ်လွင်နေတယ်။+ သစ္စာတရား ကြီးမားလှတယ်။+
၂၄ “ယေဟောဝါဟာ ငါ့ဝေစုပဲ။+ ဒါကြောင့် ကိုယ်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်မယ်”+ လို့ ကျွန်တော်ပြောတယ်။
ט
၂၅ ယေဟောဝါဟာ မိမိကို မျှော်လင့်နေသူအပေါ်၊+ မိမိကို အမြဲရှာဖွေနေသူအပေါ် ကောင်းမြတ်တယ်။+
၂၆ ယေဟောဝါရဲ့ ကယ်တင်ခြင်းကို+ နှုတ်ဆိတ်ပြီး* စောင့်နေတာ ကောင်းတယ်။+
၂၇ လူဟာ ငယ်ရွယ်တုန်း ထမ်းပိုးထမ်းတာ ကောင်းတယ်။+
י
၂၈ သူ့အပေါ် ဘုရား ထမ်းပိုးတင်တဲ့အခါ တစ်ယောက်တည်း ထိုင်ပြီး နှုတ်ဆိတ်နေပါစေ။+
၂၉ မျှော်လင့်ချက် ရှိကောင်းရှိနိုင်တဲ့အတွက်+ မျက်နှာကို မြေမှာအပ်ထားပါစေ။+
၃၀ ပါးရိုက်တဲ့သူကို ပါးရိုက်ခွင့်ပေးပါစေ။ စော်ကားမှုတွေကို အပြည့်အဝ ခံရပါစေ။
כ
၃၁ ငါတို့ကို ယေဟောဝါ ထာဝစဉ် စွန့်ပစ်ထားမှာ မဟုတ်ဘူး။+
၃၂ ဘုရားက ဝမ်းနည်းပူဆွေးစေပေမဲ့ ခိုင်မြဲတဲ့မေတ္တာတော် ကြွယ်ဝတဲ့အတိုင်း ကရုဏာလည်း ပြလိမ့်မယ်။+
၃၃ လူတွေကို ဒုက္ခရောက်စေဖို့၊ သောကရောက်စေဖို့ အလိုမရှိဘူး။+
ל
၃၄ အကျဉ်းသားတွေကို နင်းခြေတာ၊+
၃၅ အမြင့်ဆုံးအရှင်ရှေ့မှာ တရားမျှတစွာ မစီရင်ပေးတာ၊+
၃၆ ဖြတ်စားလျှပ်စား လုပ်ပြီး အမှုရှုံးစေတာ၊
ဒါတွေကို ယေဟောဝါ သည်းမခံဘူး။
מ
၃၇ ယေဟောဝါ အမိန့်မပေးဘဲ ဘယ်သူ အမိန့်ပေးပြီး အဲဒီအတိုင်းဖြစ်အောင် လုပ်နိုင်လို့လဲ။
၃၈ အမြင့်ဆုံးအရှင်ရဲ့ နှုတ်ကနေ
ကောင်းတာရော မကောင်းတာရော အတူ ထွက်မလာဘူး။
၃၉ ကိုယ့်အပြစ်နဲ့ ကိုယ်ခံရတာကို ဘာလို့ မကျေမနပ် ဖြစ်နေရမှာလဲ။+
נ
၄၀ ငါတို့ရဲ့လမ်းစဉ်တွေကို အသေအချာ ဆန်းစစ်ပြီး+ ယေဟောဝါဆီ ပြန်သွားကြစို့။+
၄၁ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ဆီ စိတ်ရင်းမှန်နဲ့ လက်ဖြန့်ဆုတောင်းကြစို့-+
၄၂ “ကျွန်တော်တို့ ပြစ်မှားမိပါပြီ။ ပုန်ကန်မိပါပြီ။+ ကျွန်တော်တို့ကို ကိုယ်တော် ခွင့်မလွှတ်ဘူး။+
ס
၄၃ ကျွန်တော်တို့ မလာနိုင်အောင် အမျက်တော်နဲ့ ကာဆီးထားတယ်။+ လိုက်ဖမ်းပြီး မညှာမတာ ကွပ်မျက်တယ်။+
၄၄ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ ရှေ့တော် မရောက်နိုင်အောင် တိမ်ထုကြီးနဲ့ ကာဆီးထားတယ်။+
၄၅ ကျွန်တော်တို့ကို လူပုံအလယ်မှာ အညစ်အကြေး၊ အမှိုက်သရိုက် ဖြစ်စေတယ်။”
פ
၄၆ ငါတို့ကို ဝါးမျိုဖို့ ရန်သူတွေ ပါးစပ်ဟထားကြတယ်။+
၄၇ ကြောက်လန့်စရာတွေ၊ တွင်းတွေ၊+ လူသူကင်းမဲ့တာတွေ၊ ဒဏ်ရာဒဏ်ချက်တွေဟာ ငါတို့ရဲ့ဝေစုပဲ။+
၄၈ ငါ့လူမျိုးသမီးပျိုရဲ့ ဒဏ်ရာကြောင့် ငါ့မျက်ရည်တွေ ချောင်းလိုစီးနေတယ်။+
ע
၄၉ မနားတမ်း ဆက်တိုက် ငိုနေတယ်။+
၅၀ ကောင်းကင်ပေါ်ကနေ ယေဟောဝါ ငုံ့ပြီး မကြည့်မချင်း ငါငိုနေမယ်။+
၅၁ ငါ့မြို့မှာရှိတဲ့ သမီးပျိုတွေရဲ့အဖြစ်ကို မြင်နေရလို့ ငါ့မှာ ဝမ်းနည်းကြေကွဲနေတယ်။+
צ
၅၂ ငှက်ဖမ်းသလို ရန်သူတွေက အကြောင်းမရှိဘဲ ငါ့ကို လိုက်ဖမ်းနေကြတယ်။
၅၃ ငါ့ကို တွင်းထဲမှာ အဆုံးစီရင်ကြတယ်။ ကျောက်ခဲနဲ့ ပေါက်ကြတယ်။
၅၄ ခေါင်းပေါ် ရေတွေ ဒလဟောစီးကျနေတဲ့အတွက် “သေပါပြီ” လို့ ငါပြောမိတယ်။
ק
၅၅ အို ယေဟောဝါ၊ တွင်းနက်ထဲကနေ နာမတော်ကို အော်ခေါ်ပါတယ်။+
၅၆ ကျွန်တော့်အသံကို ကြားလှည့်ပါ။ လွတ်မြောက်နိုင်ဖို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားပိတ်မထားပါနဲ့။
၅၇ ကျွန်တော် အော်ခေါ်တဲ့နေ့မှာအနားရောက်လာပြီး “မကြောက်ပါနဲ့” လို့ ကိုယ်တော် ပြောတယ်။
ר
၅၈ အို ယေဟောဝါ၊ ကျွန်တော့်အမှုကို ကိုယ်တော် ခုခံကာကွယ်ပေးတယ်။ ကျွန်တော့်အသက်ကို ရွေးယူတယ်။+
၅၉ ယေဟောဝါဘုရား၊ ကျွန်တော် မတရားခံရတာကို ကိုယ်တော် မြင်ပါပြီ။ တရားမျှတစွာ စီရင်ပေးလှည့်ပါ။+
၆၀ ကျွန်တော့်ကို လက်စားချေနေတာ၊ မကောင်းကြံတာကိုလည်း မြင်ပါပြီ။
ש
၆၁ အို ယေဟောဝါ၊ ကျွန်တော့်ကို
ကဲ့ရဲ့ထေ့ငေါ့နေတာ၊ မကောင်းကြံတာ၊+
၆၂ ဆန့်ကျင်သူတွေရဲ့စကား၊
ကျွန်တော့် မကောင်းကြောင်း တစ်နေ့လုံး တီးတိုးပြောနေတာကို ကိုယ်တော်ကြားပါပြီ။
၆၃ ထိုင်နေနေ၊ ထနေနေ ကျွန်တော့်အကြောင်း သီချင်းဖွဲ့ဆိုပြီး လှောင်နေတာကို ကြည့်လှည့်ပါဦး။
ת
၆၄ အို ယေဟောဝါ၊ သူတို့လုပ်ရပ်တွေအတိုင်း ကိုယ်တော် ပြန်ဆပ်ပေးလိမ့်မယ်။
၆၅ ကျိန်စာတိုက်ထားတဲ့အတိုင်း သူတို့ကို အကြင်နာတရား ကင်းမဲ့စေမယ်။
၆၆ အို ယေဟောဝါ၊ သူတို့ကို ဒေါသတကြီး လိုက်ဖမ်းပြီး ကောင်းကင်အောက်ကနေ အစတုံး ဖျက်ဆီးလိမ့်မယ်။
א
၄ တောက်ပတဲ့ရွှေစင် အရောင်မှိန်သွားပြီပဲ။+
သန့်ရှင်းရာဌာနတော်ရဲ့ ကျောက်တုံးတွေ+ လမ်းထောင့်တိုင်းမှာ ပြန့်ကျဲနေပြီပဲ။+
ב
၂ ရိုသေလေးစားခံခဲ့ရတဲ့
ဇိအုန်သားတွေ၊
ရွှေစင်လို အဖိုးတန်တဲ့သူတွေဟာ
အိုးထိန်းသမားလုပ်တဲ့ မြေအိုးတွေလို ယူမှတ်ခံရပြီပဲ။
ג
၃ ခွေးအတွေတောင် သားငယ်တွေကို နို့တိုက်တယ်။
ငါ့လူမျိုး သမီးပျိုကတော့ ကန္တာရထဲက ငှက်ကုလားအုတ်တွေလို+ ရက်စက်တယ်။+
ד
၄ နို့စို့ကလေးတွေရဲ့ လျှာဟာ နို့ဆာလို့ အာခေါင်မှာ ကပ်နေတယ်။
ကလေးတွေ စားစရာတောင်းပေမဲ့+ ဘယ်သူမှ မပေးကြဘူး။+
ה
၅ စားကောင်းသောက်ဖွယ် စားသုံးခဲ့သူတွေဟာ လမ်းမှာ ငတ်မွတ်ပြီး လဲကျနေပြီ။+
ကြက်သွေးရောင်အဝတ်တွေ ဝတ်ပြီး ကြီးပြင်းလာသူတွေ+ ပြာပုံပေါ် ရောက်နေပြီ။
ו
၆ ငါ့လူမျိုးသမီးပျိုခံရတဲ့ အပြစ်ဒဏ်ဟာ သောဒုံမြို့ခံရတဲ့ အပြစ်ဒဏ်ထက် ပိုကြီးတယ်။+
သောဒုံမြို့ဟာ ကူညီမယ့်သူမရှိဘဲ တစ်ခဏအတွင်း ပျက်စီးသွားတယ်။+
ז
သန္တာကျောက်ထက် နီပြီး နီလာကျောက်လို တောက်ပခဲ့တယ်။
ח
၈ အခုတော့ သူတို့ရုပ်ရည်ဟာ ကျပ်ခိုးထက်တောင် မည်းနေပြီ။
လမ်းမှာ သူတို့ကို မမှတ်မိတော့ဘူး။
အရိုးပေါ် အရေတင် ဖြစ်နေပြီ။+ ထင်းတုံးလို ခြောက်နေပြီ။
ט
၉ ဓားဘေးကြောင့် သေတဲ့သူတွေဟာ အငတ်ဘေးကြောင့် သေတဲ့သူတွေ၊+
စားစရာမရှိလို့ အားပြတ်နေသူတွေ၊ ဓားထိုးခံရသူတွေထက် ပိုကောင်းတယ်။
י
၁၀ သနားစာနာတတ်တဲ့ မိန်းမတွေဟာ သားသမီးကို ပြုတ်စားကြတယ်။+
ငါ့လူမျိုးသမီးပျို ဒုက္ခရောက်ချိန်မှာ အဲဒီကလေးတွေဟာ ညည်းတွားငိုကြွေးချိန်မှာ စားရတဲ့အစာ ဖြစ်ရရှာတယ်။+
כ
၁၁ ယေဟောဝါ အမျက်ထွက်နေတယ်။
အမျက်တော်မီး သွန်းလောင်းတယ်။+
ဇိအုန်ကို မီးရှို့တယ်။ ဇိအုန်ရဲ့ အုတ်မြစ်တွေ မီးလောင်သွားတယ်။+
ל
၁၂ ဂျေရုဆလင်မြို့တံခါးထဲ ရန်သူတွေ ဝင်လာတဲ့အခါ
မြေကြီးဘုရင်တွေ၊ ပြည်သူပြည်သားတွေ မယုံနိုင်အောင် ဖြစ်နေတယ်။+
מ
၁၃ ဒါဟာ ပရောဖက်တွေ၊ ပုရောဟိတ်တွေရဲ့ အပြစ်ကြောင့်ပဲ။+
သူတို့က မြို့ထဲမှာ ဖြောင့်မတ်သူတွေကို သတ်ဖြတ်ခဲ့ကြတယ်။+
נ
၁၄ သူတို့ဟာ လမ်းပေါ်မှာ မမြင်မကန်း လျှောက်သွားနေကြတယ်။+
သွေးစွန်းနေတဲ့အတွက်+
သူတို့အဝတ်ကို ဘယ်သူမှ မထိရဲကြဘူး။
ס
၁၅ “မသန့်ရှင်းသူတို့၊ ထွက်သွားကြ။ ထွက်သွားကြ။ ထွက်သွားကြ။ ကျုပ်တို့ကို မထိကြနဲ့” လို့ လူတွေပြောကြတယ်။
သူတို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လျှောက်သွားနေကြတယ်။
လူမျိုးခြားတွေက “ငါတို့နဲ့အတူ သူတို့ ဒီမှာဆက်နေလို့ မရဘူး။+
פ
၁၆ ယေဟောဝါက သူတို့ကို ကွဲလွင့်စေတယ်။+
မျက်နှာသာ မပေးတော့ဘူး။
ပုရောဟိတ်တွေကို လူတွေ မလေးစားကြဘူး။+ အကြီးအကဲတွေကိုလည်း မျက်နှာသာ မပေးကြဘူး”+ လို့ပြောကြတယ်။
ע
၁၇ အခုတောင် ကူညီမယ့်သူကို မျှော်နေပေမဲ့ မျက်စိညောင်းတာပဲ အဖတ်တင်တယ်။+
မကယ်တင်နိုင်တဲ့ လူမျိုးဆီက အကူအညီကို စောင့်ပြီးရင်း စောင့်နေရတယ်။+
צ
၁၈ ရန်သူတွေ လိုက်ဖမ်းတဲ့အတွက်+ လူထုရင်ပြင်တွေမှာ ငါတို့ မလျှောက်ရဲကြဘူး။
ငါတို့ရဲ့အဆုံး နီးလာပြီ။ ငါတို့ရဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ။ နောက်ဆုံးအချိန် ရောက်လာပြီ။
ק
၁၉ ငါတို့ကို လိုက်ဖမ်းသူတွေဟာ ကောင်းကင်ပေါ်က လင်းယုန်တွေထက် မြန်တယ်။+
ငါတို့ကို တောင်တန်းတွေပေါ်မှာ လိုက်ဖမ်းကြတယ်။ တောကန္တာရမှာ ချောင်းမြောင်းကြတယ်။
ר
၂၀ ယေဟောဝါ ဘိသိက်ပေးထားသူ၊+ ငါတို့ရဲ့ ထွက်သက်ဝင်သက်ဟာ သူတို့ရဲ့ တွင်းကြီးထဲမှာ အဖမ်းခံရပြီ။+
“လူမျိုးတွေအလယ်မှာ သူ့အရိပ်ကိုခိုပြီး နေထိုင်ကြမယ်” လို့ ငါတို့ ပြောခဲ့ဖူးတယ်။
ש
၂၁ ဥဇပြည်မှာနေထိုင်တဲ့ ဧဒုံသမီးပျို၊ ရွှင်လန်းဝမ်းမြောက်ပါ။+
ဒါပေမဲ့ မင်းလည်း ဘုရားသခင်ရဲ့ခွက်ကို သောက်ရမယ်။+ မူးအောင်သောက်ပြီး အဝတ်ဗလာ ဖြစ်ရမယ်။+
ת
၂၂ အို ဇိအုန်သမီးပျို၊ မင်း ခံရမယ့်အပြစ်ဒဏ် ပြီးဆုံးပြီ။
ဘုရားက မင်းကို ပြည်နှင်ခံဘဝ ပြန်ရောက်စေတော့မှာ မဟုတ်ဘူး။+
အို ဧဒုံသမီးပျို၊ မင်းအပြစ်တွေကို ဘုရား အာရုံစိုက်လိမ့်မယ်။
ဖော်ထုတ်လိမ့်မယ်။+
၅ အို ယေဟောဝါ၊ ကျွန်တော်တို့ ဘာတွေကြုံနေရတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော်တို့
အရှက်ကွဲနေရတာကို မြင်လှည့်ပါ။+
၂ ကျွန်တော်တို့ရဲ့အမွေဟာ သူစိမ်းတွေဆီ၊ အိမ်တွေဟာ လူမျိုးခြားတွေဆီ ရောက်သွားပြီ။+
၃ ကျွန်တော်တို့ဟာ မိဘမဲ့တွေ၊ ဖတဆိုးလေးတွေ ဖြစ်နေပြီ။ အမေတွေလည်း မုဆိုးမလို ဖြစ်နေပြီ။+
၄ ငွေပေးပြီး ရေကို ပြန်ဝယ်သောက်နေရတယ်။+ ထင်းကိုလည်း ဝယ်ရတယ်။
၅ ရန်သူတွေ ကျွန်တော်တို့ကို ဖမ်းမိတော့မယ်။ ကျွန်တော်တို့ နွမ်းလျနေပေမဲ့ လုံးဝမနားရဘူး။+
၆ လောက်ငရုံ စားရဖို့အရေး အီဂျစ်နဲ့+ အဆီးရီးယားဆီ+ လက်ဖြန့်တောင်းနေရတယ်။
၇ အပြစ်ကျူးလွန်ခဲ့တဲ့ ဘိုးဘေးတွေ မရှိတော့ပေမဲ့ သူတို့ရဲ့ အမှားတွေအတွက် ကျွန်တော်တို့ ခံနေရတယ်။
၈ အခုတော့ ကျွန်တွေက ကျွန်တော်တို့ကို အုပ်ချုပ်နေတယ်။ သူတို့လက်ကနေ ကယ်မယ့်သူ မရှိဘူး။
၉ တောကန္တာရထဲက ဓားဘေးကြောင့် ကျွန်တော်တို့ အသက်ကိုရင်းပြီး စားစရာ ရှာနေရတယ်။+
၁၀ ဆာလွန်းလို့ အရေပြားဟာ မီးဖိုကြီးလို ပူလောင်နေတယ်။+
၁၁ ဇိအုန်မှာရှိတဲ့ ဇနီးသည်တွေ၊ ယုဒမြို့တွေမှာရှိတဲ့ အပျိုစင်တွေကို သူတို့ စော်ကားကြတယ်။+
၁၂ မင်းညီမင်းသားတွေရဲ့လက်ကို ကြိုးနဲ့ချည်ပြီး ချိတ်ဆွဲထားကြတယ်။+ အကြီးအကဲတွေကိုလည်း မလေးစားကြဘူး။+
၁၃ လူငယ်တွေ ကြိတ်ဆုံကျောက် ထမ်းနေရတယ်။ ချာတိတ်တွေ ထင်းစည်းသယ်ရင်း ခလုတ်တိုက်လဲကြတယ်။
၁၄ မြို့တံခါးမှာ အကြီးအကဲတွေ မရှိတော့ဘူး။+ လူငယ်တွေလည်း တူရိယာတွေ မတီးမှုတ်တော့ဘူး။+
၁၅ ကျွန်တော်တို့ စိတ်မပျော်တော့ဘူး။ ကျွန်တော်တို့ရဲ့ ကခုန်ခြင်းဟာ ညည်းတွားငိုကြွေးစရာ ဖြစ်သွားပြီ။+
၁၆ ခေါင်းပေါ်က သရဖူ ပြုတ်ကျသွားပြီ။ အပြစ်ကျူးလွန်ခဲ့လို့ ကျွန်တော်တို့ အဖြစ်ဆိုးကြုံနေရပြီ။
၁၇ ဒါကြောင့် ကျွန်တော်တို့ စိတ်နာကျင်နေတယ်။+ ဒါတွေကြောင့် မျက်စိတွေ မှုန်ဝါးနေတယ်။+
၁၈ ဇိအုန်တောင်မှာ လူသူကင်းမဲ့နေတဲ့အတွက်+ အခု မြေခွေးတွေ ကျက်စားနေပြီ။
၁၉ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ထာဝစဉ် နန်းထိုင်တယ်။
ရာဇပလ္လင်ဟာ နောင်လာနောက်သား အဆက်ဆက် တည်မြဲတယ်။+
၂၀ ကျွန်တော်တို့ကို ဘာလို့ ထာဝစဉ် မေ့ထားတာလဲ။ ဘာလို့ အကြာကြီး စွန့်ပစ်ထားတာလဲ။+
၂၁ အို ယေဟောဝါ၊ ကျွန်တော်တို့ကို ပြန်ခေါ်ပါတော့။ ဝမ်းမြောက်ဝမ်းသာ ပြန်လာပါ့မယ်။+
ဟိုးအရင်ကလို ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို သစ်လွင်စေပါ။+
၂၂ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော် လုံးလုံး စွန့်ပစ်ထားတယ်။
အမျက်တော် ထွက်နေတုန်းပဲ။+
အခန်းကြီး ၁-၄ ဟာ ဟီဘရူးအက္ခရာစဉ်အလိုက် စီထားတဲ့ ငိုချင်း။
ဂျေရုဆလင်မြို့ကို လူပုဂ္ဂိုလ်အဖြစ် တင်စားထား။
မူရင်း၊ “ဦးချို။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “လေချွန်ကြလိမ့်မယ်။”
“ငါ့ကို မြေရိုင်းလို ဖြစ်စေတယ်” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “စိတ်ရှည်ရှည်။”
ခက်ဆစ်ကိုကြည့်။