တောလည်ရာ
၂၈ အဲဒီနောက် ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “‘ငါ့ရဲ့စားစရာဖြစ်တဲ့ အလှူတွေကို ဂရုတစိုက် ဆက်သကြပါ။ သတ်မှတ်ထားချိန်မှာ အလှူတွေကို မွှေးကြိုင်တဲ့ရနံ့ထွက်အောင် မီးရှို့ဆက်သပါ’+ ဆိုပြီး အစ္စရေးတွေကို ပြောပါ။
၃ “အစ္စရေးတွေကို ပြောပါ– ‘ယေဟောဝါဆီ မီးရှို့ဆက်သရမယ့် အလှူကတော့ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးတွေကို တစ်ရက်နှစ်ကောင် ပုံမှန်ပူဇော်ရမယ်။+ ၄ မနက် တစ်ကောင်၊ ညနေ တစ်ကောင် ပူဇော်ရမယ်။+ ၅ ကောက်နှံအလှူအဖြစ် ဂျုံနု တစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံကို ဆီစစ်စစ် တစ်ဟိန်ရဲ့* လေးပုံတစ်ပုံ ရောပြီး ပူဇော်ရမယ်။+ ၆ ဒါဟာ ဆိုင်းနိုင်းတောင်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပုံမှန်မီးရှို့ရာအလှူ၊+ မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူဖြစ်တယ်။ ၇ သိုးထီးလေး တစ်ကောင်စီအတွက် တစ်ဟိန်ရဲ့ လေးပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။+ ယေဟောဝါအတွက် သွန်းလောင်းရာအလှူအဖြစ် ယမကာအရည်ကို သန့်ရှင်းရာဌာနတော်မှာ သွန်းလောင်းရမယ်။ ၈ နောက်တစ်ကောင်ကို ညနေမှာ ပူဇော်ရမယ်။ မနက်မှာ ပူဇော်သလိုပဲ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူနဲ့အတူ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။+
၉ “‘ဥပုသ်နေ့မှာ+ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးနှစ်ကောင်၊ ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံနှစ်ပုံကို သွန်းလောင်းရာအလှူနဲ့အတူ ပူဇော်ရမယ်။ ၁၀ အဲဒါတွေက ပုံမှန်မီးရှို့ရာအလှူ၊ သွန်းလောင်းရာအလှူနဲ့အတူ ဥပုသ်နေ့မှာ ပူဇော်တဲ့ မီးရှို့ရာအလှူဖြစ်တယ်။+
၁၁ “‘လဆန်းနေ့တိုင်းမှာ ယေဟောဝါအတွက် မီးရှို့ရာအလှူအဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို ပူဇော်ရမယ်။+ ၁၂ နွားထီးတစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံသုံးပုံ၊+ သိုးထီးတစ်ကောင်အတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံနှစ်ပုံ၊+ ၁၃ သိုးထီးလေး တစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံတစ်ပုံကို မွှေးကြိုင်တဲ့ရနံ့ထွက်အောင်+ ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။ ၁၄ သွန်းလောင်းရာအလှူအဖြစ် နွားထီးတစ်ကောင်အတွက် စပျစ်ဝိုင် တစ်ဟိန်ရဲ့တစ်ဝက်၊+ သိုးထီးတစ်ကောင်အတွက် တစ်ဟိန်ရဲ့ သုံးပုံတစ်ပုံ၊+ သိုးထီးလေးတစ်ကောင်အတွက် တစ်ဟိန်ရဲ့ လေးပုံတစ်ပုံကိုလည်း+ ပူဇော်ရမယ်။ ဒါဟာ တစ်နှစ်လုံး လတိုင်း ပူဇော်ရမယ့် မီးရှို့ရာအလှူပဲ။ ၁၅ ပုံမှန်မီးရှို့ရာအလှူ၊ သွန်းလောင်းရာအလှူအပြင် အပြစ်ဖြေရာအလှူအဖြစ် ဆိတ်ကလေးတစ်ကောင်ကိုလည်း ယေဟောဝါဆီ ပူဇော်ရမယ်။
၁၆ “‘ပထမလ၊ ၁၄ ရက်နေ့ဟာ ယေဟောဝါရဲ့ ပသခါပွဲဖြစ်တယ်။+ ၁၇ ဆယ့်ငါးရက်နေ့မှာလည်း ပွဲတော်ရှိမယ်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမယ်။+ ၁၈ ပွဲတော်ပထမနေ့မှာ မြင့်မြတ်တဲ့ စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။ ၁၉ နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ခုနစ်ကောင်ကို ယေဟောဝါဆီ မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင် ဖြစ်ရမယ်။+ ၂၀ နွားထီးတစ်ကောင်အတွက် ဆီရောထားတဲ့ ဂျုံနု+ ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်အတွက် ဂျုံနုဆယ်ပုံနှစ်ပုံကိုလည်း ကောက်နှံအလှူအဖြစ် ပူဇော်ရမယ်။ ၂၁ သိုးထီးလေးခုနစ်ကောင်မှာ တစ်ကောင်စီအတွက် ဂျုံနုဆယ်ပုံတစ်ပုံ ပူဇော်ရမယ်။ ၂၂ မင်းတို့ကို အပြစ်ဖြေပေးဖို့ ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာ အလှူအဖြစ် ပူဇော်ရမယ်။ ၂၃ အဲဒါတွေကို ပုံမှန်မီးရှို့ရာအလှူဖြစ်တဲ့ မနက်ပိုင်း မီးရှို့ရာအလှူနဲ့အတူ ပူဇော်ရမယ်။ ၂၄ အဲဒီလိုပဲ၊ စားစရာဖြစ်တဲ့ မီးရှို့ရာအလှူကိုလည်း ခုနစ်ရက်လုံး မွှေးကြိုင်တဲ့ရနံ့ ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ ပုံမှန်မီးရှို့ရာအလှူ၊ သွန်းလောင်းရာအလှူနဲ့အတူ ပူဇော်ရမယ်။ ၂၅ ခုနစ်ရက်မြောက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။+ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+
၂၆ “‘ယေဟောဝါဆီ ကောက်သစ်ဆက်သတဲ့+ သီးဦးသီးဖျားမှည့်ချိန်+ ခုနစ်သီတင်းပွဲမှာ+ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+ ၂၇ နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။+ ၂၈ နွားထီးတစ်ကောင်စီအတွက် ဆီလောင်းထားတဲ့ ဂျုံနု ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်အတွက် ဆယ်ပုံနှစ်ပုံ၊ ၂၉ သိုးထီးလေး ခုနစ်ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကို ကောက်နှံအလှူအဖြစ် ပူဇော်ရမယ်။ ၃၀ မင်းတို့အတွက် အပြစ်ဖြေပေးဖို့ ဆိတ်ကလေး တစ်ကောင်ကိုလည်း ပူဇော်ရမယ်။+ ၃၁ ပုံမှန်မီးရှို့ရာအလှူ၊ ကောက်နှံအလှူ၊ သွန်းလောင်းရာ အလှူတို့နဲ့အတူ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+