ထွက်မြောက်ရာ
၁ အစ္စရေးလို့ခေါ်တဲ့ ယာကုပ်ဟာ အီဂျစ်ပြည်ကို သွားတဲ့အခါ သူ့သားတွေလည်း မိသားစုဝင်တွေနဲ့အတူ လိုက်သွားကြတယ်။ ယာကုပ်ရဲ့သားတွေက–+ ၂ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊+ ၃ အိသခါ၊ ဇာဗုလုန်၊ ဗင်ယာမိန်၊ ၄ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ+ တို့ဖြစ်တယ်။ ၅ ယာကုပ်ကနေ ဆင်းသက်လာတဲ့ လူပေါင်း အယောက် ၇၀ ရှိတယ်။ ယောသပ်က အီဂျစ်ပြည်မှာ ကြိုရောက်နေပြီ။+ ၆ နောက်ဆုံးမှာ၊ ယောသပ်နဲ့ ညီအစ်ကိုအားလုံးရော အဲဒီလူမျိုးဆက်* အားလုံးပါ သေဆုံးသွားကြတယ်။+ ၇ အစ္စရေးရဲ့သားမြေးတွေကတော့ သားသမီးတွေ မွေးဖွားပြီး လူဦးရေများလာတယ်။ လူဦးရေ များသည်ထက်များပြီး အင်မတန် အင်အားကြီးမားလာတဲ့အတွက် တစ်ပြည်လုံးအနှံ့ နေထိုင်ကြတယ်။+
၈ နောက်ပိုင်း၊ အီဂျစ်ပြည်မှာ ယောသပ်ကိုမသိတဲ့ ဘုရင်တစ်ပါး နန်းတက်လာတယ်။ ၉ သူက “အစ္စရေးလူတွေဟာ ငါတို့ထက် ပိုများပြီး ပိုအင်အားကြီးနေပြီ။+ ၁၀ ဒီတော့ ပရိယာယ်သုံးပြီး လူဦးရေ မတိုးပွားအောင် လုပ်ကြစို့။ ဒီလိုမှမလုပ်ရင် စစ်ဖြစ်တဲ့အခါ သူတို့က ရန်သူတွေနဲ့ပူးပေါင်း၊ ငါတို့ကို တိုက်ခိုက်ပြီး တိုင်းပြည်ကနေ ထွက်ခွာသွားလိမ့်မယ်” လို့သူ့လူတွေကိုပြောတယ်။
၁၁ အဲဒီနောက် မတရားခိုင်းစေတဲ့ အလုပ်ကြီးကြပ်သူတွေ ခန့်လိုက်တယ်။ အစ္စရေးတွေကို အလုပ်ကြမ်းလုပ်ခိုင်းပြီး နှိပ်စက်ညှဉ်းဆဲတယ်။+ ဖာရောမင်းအတွက် စားနပ်ရိက္ခာသိုလှောင်ဖို့ ပိသုံမြို့နဲ့ ရာမသက်မြို့ကို+ သူတို့တည်ရတယ်။ ၁၂ ဒါပေမဲ့ နှိပ်စက်လေလေ တိုးပွားပျံ့နှံ့လေလေ ဖြစ်လာတော့ အီဂျစ်တွေက အစ္စရေးတွေကို ကြောက်ပြီးရွံမုန်းလာတယ်။+ ၁၃ ဒါကြောင့် အစ္စရေးတွေကို ကျွန်အဖြစ် မတရားခိုင်းစေတယ်။+ ၁၄ သူတို့ဘဝ ပိုပြီး ခက်ခဲကြမ်းတမ်းအောင် ရွှံ့စေးနဲ့ အုတ်ဖုတ်ခိုင်းတယ်။ လယ်ထဲမှာလည်း ကျွန်အလုပ်မှန်သမျှ လုပ်ခိုင်းပြီး ရက်ရက်စက်စက်၊ မညှာမတာ ခိုင်းစေတော့တယ်။+
၁၅ အီဂျစ်ဘုရင်က ရှိဖရနဲ့ ပုအာလို့ခေါ်တဲ့ ဟီဘရူးလက်သည် နှစ်ယောက်ကို ဆင့်ခေါ်ပြီး၊ ၁၆ “ဟီဘရူးအမျိုးသမီးတွေကို မီးဖွားပေးတဲ့အခါ+ ယောက်ျားလေးဆိုရင် သတ်ပစ်၊ မိန်းကလေးဆိုရင် အရှင်ထား” လို့အမိန့်ပေးတယ်။ ၁၇ ဒါပေမဲ့ လက်သည်တွေက စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့တဲ့အတွက် ဘုရင့်အမိန့်အတိုင်း မလုပ်ဘဲ ယောက်ျားလေးတွေကို အသက်ချမ်းသာပေးတယ်။+ ၁၈ ဒါကြောင့် အီဂျစ်ဘုရင်က လက်သည်တွေကို ခေါ်ပြီး “မင်းတို့ ဘာကြောင့် ယောက်ျားလေးတွေကို အသက်ချမ်းသာပေးရတာလဲ” လို့ မေးတယ်။ ၁၉ လက်သည်တွေက “ဟီဘရူးအမျိုးသမီးတွေဟာ အီဂျစ်အမျိုးသမီးတွေလို မဟုတ်ဘူး။ သူတို့က သန်စွမ်းတော့ ကျွန်မတို့မရောက်ခင် ကလေးမွေးပြီးနေကြပြီ” လို့ပြန်လျှောက်တယ်။
၂၀ ဒါကြောင့် ဘုရားသခင်က အဲဒီလက်သည်တွေကို ကျေးဇူးပြုတယ်။ အစ္စရေးလူတွေလည်း များသည်ထက်များလာပြီး အင်အားကြီးမားလာတယ်။ ၂၁ လက်သည်တွေဟာ စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့တဲ့အတွက် နောက်ပိုင်းမှာ ဘုရားသခင်က သူတို့ကို မိသားစုဘဝ ပေးသနားတယ်။ ၂၂ နောက်တော့ ဖာရောမင်းက “မွေးကင်းစ ဟီဘရူးယောက်ျားလေးအားလုံးကို နိုင်းမြစ်ထဲ ပစ်ချကြ။ မိန်းကလေးတွေကိုတော့ အရှင်ထားကြ” ဆိုပြီး သူ့လူတွေကို အမိန့်ပေးတယ်။+