ဒံယေလ
၁ ယုဒဘုရင် ယောယကိမ်+ နန်းစံသုံးနှစ်မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ ဂျေရုဆလင်မြို့ဆီ ချီတက်လာပြီး မြို့ကို ဝိုင်းထားတယ်။+ ၂ အဲဒီနောက် ယေဟောဝါက ယုဒဘုရင် ယောယကိမ်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်အသုံးအဆောင် ပစ္စည်းတချို့ကို နေဗုခဒ်နေဇာလက်ထဲ အပ်လိုက်တယ်။+ နေဗုခဒ်နေဇာက အဲဒီပစ္စည်းတွေကို ရှိနာပြည်*+ မှာရှိတဲ့ သူ့ဘုရားကျောင်းဆီ သယ်သွားပြီး ဘဏ္ဍာတိုက်ထဲ ထည့်ထားလိုက်တယ်။+
၃ အဲဒီနောက် ဘုရင်နေဗုခဒ်နေဇာက မင်းမျိုးမင်းနွယ်၊ ဂုဏ်အသရေရှိသူအပါအဝင် အစ္စရေးအမျိုးသားတချို့ကို ခေါ်လာဖို့ နန်းတွင်းအရာရှိချုပ် အာရှပေနတ်ကို အမိန့်ပေးတယ်။+ ၄ သူတို့ဟာ ချို့ယွင်းချက်မရှိ ရုပ်ရည်သန့်ပြန့်သူ၊ ဗဟုသုတကြွယ်သူ၊ ဉာဏ်ပညာရှိသူ၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူ၊+ နန်းတော်မှာ အမှုထမ်းနိုင်စွမ်းရှိသူ လူငယ်လေးတွေ ဖြစ်ရမယ်။ အာရှပေနတ်က ခါလဒဲ* စာကို သူတို့ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် သင်ကြားပေးရမယ်။ ၅ ဒါ့အပြင် နေဗုခဒ်နေဇာက သူတို့ကို ပွဲတော်စာနဲ့ စပျစ်ဝိုင်တွေ နေ့တိုင်းကျွေးမွေးဖို့ သတ်မှတ်လိုက်တယ်။ သူတို့ကို သုံးနှစ်လုံးလုံး လေ့ကျင့်ပေးရမယ်။* သုံးနှစ်စေ့တဲ့အခါ နေဗုခဒ်နေဇာဆီမှာ သူတို့အမှုထမ်းရမယ်။
၆ အဲဒီလူငယ်လေးတွေထဲမှာ ယုဒအနွယ်ထဲက ဒံယေလ၊*+ ဟာနနိ၊* မိရှေလ၊* အာဇရိ*+ တို့ပါတယ်။ ၇ နန်းတွင်းအရာရှိချုပ်က ဒံယေလကို ဗေလတရှာဇာ၊+ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဆိုပြီး နာမည်ပြောင်းပေးလိုက်တယ်။+
၈ ဒံယေလကတော့ ပွဲတော်စာကြောင့်ဖြစ်စေ၊ စပျစ်ဝိုင်ကြောင့်ဖြစ်စေ ကိုယ်ကိုမညစ်ညူးစေဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် အဲဒါတွေကို စားသောက်ပြီး ကိုယ်ကိုညစ်ညူးအောင် မလုပ်ပါရစေနဲ့ဆိုပြီး နန်းတွင်းအရာရှိချုပ်ဆီမှာ ခွင့်တောင်းတယ်။ ၉ အဲဒီအခါ စစ်မှန်တဲ့ ဘုရားသခင်က နန်းတွင်းအရာရှိချုပ်ကို ဒံယေလအပေါ် မျက်နှာသာပေးချင်စိတ်၊ ကရုဏာပြချင်စိတ် ပေါ်လာအောင် လုပ်ပေးတယ်။+ ၁၀ နန်းတွင်းအရာရှိချုပ်က “မင်းတို့ရဲ့ အစားအသောက်ကို သတ်မှတ်ပေးတဲ့ ငါ့သခင် အရှင်မင်းကြီးကို ငါကြောက်တယ်။ မင်းကြီး ကြည့်လိုက်တဲ့အခါ တခြားသက်တူရွယ်တူတွေလို မင်းတို့ ကျန်းမာသန်စွမ်းမနေရင် ဘယ်လိုလုပ်မလဲ။ ငါ့ကို မင်းကြီးရှေ့မှာ အပြစ်သင့်အောင် မင်းတို့လုပ်နေတာပဲ” လို့ ဒံယေလကို ပြောတယ်။ ၁၁ အဲဒီအခါ ဒံယေလက သူ့ကိုရော ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကိုပါ စောင့်ရှောက်ဖို့ နန်းတွင်းအရာရှိချုပ် ခန့်ထားတဲ့ အထိန်းတော်ကို၊ ၁၂ “ကျွန်တော်မျိုးတို့ကို စားစရာ ဟင်းသီးဟင်းရွက်နဲ့ သောက်စရာရေပဲ ပေးပြီး ဆယ်ရက်လောက် စမ်းကြည့်ပါလား။ ၁၃ ပြီးတဲ့နောက် ပွဲတော်စာ စားတဲ့ လူငယ်တွေနဲ့ ကျွန်တော်တို့ကို ယှဉ်ကြည့်ပါ။ ပြီးမှ သခင်မြင်တဲ့အတိုင်း ဆုံးဖြတ်ပါ” လို့တောင်းဆိုတယ်။
၁၄ အထိန်းတော်က သူတို့တောင်းဆိုတာကို သဘောတူပြီး ဆယ်ရက် စမ်းကြည့်တယ်။ ၁၅ ဆယ်ရက်စေ့တဲ့အခါ သူတို့ဟာ ပွဲတော်စာစားတဲ့ တခြားလူငယ်တွေထက် ကျန်းမာသန်စွမ်းနေတယ်။ ၁၆ ဒါကြောင့် အထိန်းတော်က သူတို့ကို ပွဲတော်စာတွေ၊ စပျစ်ဝိုင်တွေ မကျွေးဘဲ ဟင်းသီးဟင်းရွက်တွေပဲ ကျွေးတော့တယ်။ ၁၇ စစ်မှန်တဲ့ ဘုရားသခင်က အဲဒီလူငယ်လေးယောက်ကို ဗဟုသုတ ကြွယ်စေတယ်။ စာပေအမျိုးမျိုးကို နားလည်နိုင်တဲ့ ထိုးထွင်းဉာဏ်၊ ဉာဏ်ပညာကို ပေးတယ်။ အဲဒီအပြင် ဒံယေလကို စိတ်အာရုံနဲ့ အိပ်မက်အမျိုးမျိုး နားလည်နိုင်တဲ့အစွမ်း ကိုလည်း ပေးတယ်။+
၁၈ လူငယ်လေးတွေကို ရှေ့တော်သွင်းဖို့ သတ်မှတ်ထားချိန်ရောက်တဲ့အခါ+ နန်းတွင်းအရာရှိချုပ်က သူတို့ကို နေဗုခဒ်နေဇာရှေ့ ခေါ်လာတယ်။ ၁၉ နေဗုခဒ်နေဇာက စကားပြောကြည့်တဲ့အခါ လူငယ်လေးတွေထဲမှာ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိမှန်း သိလိုက်ရတယ်။+ ဒါကြောင့် ရှေ့တော်မှာ သူတို့ကို ဆက်ပြီးအမှုထမ်းစေတယ်။ ၂၀ သူတို့ဟာ ဉာဏ်ပညာနဲ့ သိနားလည်မှုသုံးပြီး ဖြေရမယ့် မေးခွန်းမှန်သမျှကို ဖြေနိုင်တဲ့အတွက် တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်။+ ၂၁ ဒံယေလက ဆိုင်းရပ်မင်း+ နန်းစံပထမနှစ်အထိ ဗာဗုလုန်မှာ ရှိနေတယ်။
၂ နေဗုခဒ်နေဇာဟာ နန်းစံဒုတိယနှစ်မှာ အိပ်မက်တွေမက်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အတွက်+ အိပ်မပျော်နိုင်တော့ဘူး။ ၂ ဒါကြောင့် အိပ်မက်အကြောင်း ပြောပြခိုင်းဖို့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ပယောဂဆရာတွေ၊ ခါလဒဲလူတွေကို* ဆင့်ခေါ်စေဆိုပြီး အမိန့်ပေးလိုက်တယ်။ ဒါနဲ့ သူတို့ ရှေ့တော်မှာ လာခစားကြတယ်။+ ၃ ဘုရင်က “ငါ အိပ်မက် မက်တယ်။ ဘာအကြောင်းမက်ခဲ့မှန်း မသိတော့လို့ စိတ်အနှောင့်အယှက် ဖြစ်နေတယ်” လို့ပြောတော့၊ ၄ ခါလဒဲလူတွေက “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ကျွန်တော်မျိုးတို့ကို အိပ်မက်အကြောင်း ပြောပြပါ။ အဓိပ္ပာယ်ကို ပြောပြပါ့မယ်” ဆိုပြီး အာရမိတ်စကားနဲ့*+ လျှောက်တင်ကြတယ်။
၅ ဒါနဲ့ ဘုရင်က “ငါအမိန့်တော်ချမှတ်မယ်– အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို မပြောပြနိုင်ရင် မင်းတို့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်။ မင်းတို့ရဲ့အိမ်တွေလည်း လူတွေ မစင်စွန့်တဲ့နေရာ* ဖြစ်ကုန်မယ်။ ၆ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ရင်တော့ ဆုလက်ဆောင်တွေ ချီးမြှင့်ပြီး အကြီးအကျယ် ဂုဏ်ပြုမယ်။+ အခု၊ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို ပြောပြကြ” လို့ ခါလဒဲလူတွေကို ပြောတယ်။
၇ အဲဒီအခါ သူတို့က “မင်းကြီးရဲ့ အိပ်မက်ကိုသာ ပြောပြပါ။ အဓိပ္ပာယ်ကို ကျွန်တော်မျိုးတို့ ပြောပြပါ့မယ်” လို့ ဒုတိယအကြိမ် လျှောက်တင်ကြတယ်။
၈ ဘုရင်က “ငါ့အမိန့်ကို သိသွားလို့ မင်းတို့ အချိန်ဆွဲနေမှန်း ငါကောင်းကောင်းသိတယ်။ ၉ ငါစိတ်ပြောင်းသွားမယ် အထင်နဲ့ မဟုတ်မဟတ်တွေ လျှောက်တင်ဖို့ ကြံစည်နေကြတာပဲ။ အိပ်မက်ကို မပြောပြနိုင်ရင်တော့ မင်းတို့ခံရမယ့်ပြစ်ဒဏ် တစ်ခုပဲရှိတယ်။ ဒါကြောင့် အိပ်မက်ကို ပြောပြကြ။ ဒါမှသာ အဓိပ္ပာယ်ကိုပါ ပြောပြနိုင်မယ်ဆိုတာ ငါသိရမယ်” လို့ပြောတယ်။
၁၀ ခါလဒဲလူတွေက “မင်းကြီးရဲ့အမိန့်အတိုင်း လုပ်နိုင်တဲ့သူ တစ်ယောက်မှ ကမ္ဘာပေါ်မှာ မရှိပါဘူး။ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲ နက္ခတ်ဗေဒင်ဆရာတွေကို ကြီးမြတ်တဲ့ဘုရင်တွေ၊ ဘုရင်ခံတွေ တစ်ယောက်မှ အခုလိုမျိုး မမေးဖူးပါဘူး။ ၁၁ မင်းကြီးမေးတာ ခက်ခဲလွန်းပါတယ်။ နတ်ဘုရားတွေကလွဲလို့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူသားမှ ဒီမေးခွန်းကို မဖြေနိုင်ပါဘူး” ဆိုပြီး လျှောက်တင်ကြတယ်။
၁၂ အဲဒီအခါ နေဗုခဒ်နေဇာကအကြီးအကျယ် ဒေါသထွက်ပြီး ဗာဗုလုန်ပညာရှိ မှန်သမျှကို ကွပ်မျက်စေလို့ အမိန့်ထုတ်လိုက်တယ်။+ ၁၃ အမိန့်တော်ကြောင့် ပညာရှိတွေ ကွပ်မျက်ခံရတော့မယ်။ ဒံယေလနဲ့ သူ့အပေါင်းအဖော်တွေကိုလည်း ကွပ်မျက်ဖို့ လိုက်ရှာကြတယ်။
၁၄ အဲဒီအခါ ဒံယေလက ဗာဗုလုန် ပညာရှိတွေကို ကွပ်မျက်ဖို့ ထွက်သွားတဲ့ ကိုယ်ရံတော်တပ်မှူး အာရုတ်ကို သတိပညာရှိရှိ မေးမြန်းကြည့်တယ်။ ၁၅ “ဒီလောက်ပြင်းထန်တဲ့အမိန့်ကို မင်းကြီး ဘာလို့ ထုတ်ပြန်တာလဲ” လို့ ဒံယေလမေးတဲ့အခါ မင်းအရာရှိ အာရုတ်က အကြောင်းစုံ ရှင်းပြတယ်။+ ၁၆ ဒါနဲ့ ဒံယေလက မင်းကြီးဆီ အခစားဝင်ပြီး အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ဖို့ အချိန်နည်းနည်းပေးပါလို့ ခွင့်တောင်းတယ်။
၁၇ အဲဒီနောက် ဒံယေလက အိမ်ပြန်သွားပြီး အပေါင်းအဖော်တွေဖြစ်တဲ့ ဟာနနိ၊ မိရှေလနဲ့ အာဇရိတို့ဆီ အကြောင်းကြားလိုက်တယ်။ ၁၈ ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြပြီး ကရုဏာပြပါလို့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ဆုတောင်းဖို့လည်း မှာတယ်။ ဒါမှ ဗာဗုလုန် ပညာရှိတွေနဲ့အတူ ဒံယေလနဲ့ အပေါင်းအဖော်တွေ အသတ်မခံရမှာ။
၁၉ ညရောက်တော့ ဘုရားသခင်က ဒံယေလကို စိတ်အာရုံကတစ်ဆင့် အဲဒီလျှို့ဝှက်ချက်ကို ဖွင့်ပြတယ်။+ ဒံယေလလည်း ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ချီးမွမ်းတယ်။ ၂၀ ဒံယေလက
“ဘုရားသခင်ရဲ့ နာမည်ကို အစဉ်ထာဝရ ချီးမွမ်းကြ။
ဉာဏ်ပညာနဲ့ ခွန်အားကို ဒီဘုရားကသာ ပေးနိုင်တယ်။+
၂၁ ဘုရားက အချိန်ကာလနဲ့ ရာသီဥတုကို ပြောင်းလဲနိုင်တယ်။+
ဘုရင်တွေကို နန်းတင်နန်းချတယ်။+
ပညာရှိတွေကို ဉာဏ်ပညာ ပေးတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူတွေကို အသိပညာ ပေးတယ်။+
၂၂ နက်နဲရာတွေ၊ ဖုံးကွယ်ထားရာတွေကို ဖွင့်ပြတယ်။+
အမှောင်ထဲမှာ ရှိတာတွေကို သိတယ်။+
အလင်းက ဘုရားနဲ့အတူ ရှိနေတယ်။+
၂၃ ဘိုးဘေးတို့ရဲ့ ဘုရားသခင်၊ ဉာဏ်ပညာနဲ့ အစွမ်းသတ္တိ ပေးတဲ့အတွက်
ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါတယ်။
ကျွန်တော်တို့ အသနားခံတဲ့ အတိုင်း ကိုယ်တော် အဖြေပေးတယ်။
မင်းကြီးသိချင်တာကို ကျွန်တော်တို့ကို အသိပေးတယ်”+ လို့ပြောတယ်။
၂၄ အဲဒီနောက် ဒံယေလက ဗာဗုလုန်ပညာရှိတွေကို ကွပ်မျက်ဖို့ တာဝန်ရထားတဲ့ အာရုတ်ဆီ သွားပြီး+ “ဗာဗုလုန်ပညာရှိ တစ်ယောက်ကိုမှ မကွပ်မျက်ပါနဲ့။ ကျွန်တော့်ကို ရှေ့တော်ခေါ်သွားပါ။ အိပ်မက်အဓိပ္ပာယ်ကို ပြောပြပါ့မယ်” လို့ပြောတယ်။
၂၅ အာရုတ်လည်း ဒံယေလကို ချက်ချင်း ရှေ့တော်သွင်းပြီး “အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်တဲ့ ယုဒသုံ့ပန်းတစ်ယောက်ကို တွေ့ပါပြီ”+ လို့လျှောက်တင်တယ်။ ၂၆ ဘုရင်က ဗေလတရှာဇာလို့ခေါ်တဲ့+ ဒံယေလကို “ငါမြင်တဲ့အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို မင်း တကယ်ပြောပြနိုင်သလား”+ လို့မေးတဲ့အခါ၊ ၂၇ ဒံယေလက “မင်းကြီးမေးတဲ့ လျှို့ဝှက်ချက်ကို ပညာရှိတွေ၊ မျက်လှည့်ဆရာတွေ၊ မှော်ဆရာတွေ၊ နက္ခတ်ဗေဒင်ဆရာတွေ တစ်ယောက်မှ မဖြေနိုင်ပါဘူး။+ ၂၈ ဒါပေမဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင် ဘုရားသခင်တစ်ပါး ကောင်းကင်မှာ ရှိတယ်။+ အဲဒီဘုရားသခင်က အဆုံးပိုင်းကာလမှာဖြစ်မယ့် အရာတွေကို မင်းကြီးနေဗုခဒ်နေဇာကို အသိပေးလိုက်ပါပြီ။ သလွန်ပေါ်မှာ မင်းကြီးမြင်ခဲ့တဲ့ အိပ်မက်နဲ့ စိတ်အာရုံတွေကတော့–
၂၉ “အရှင်မင်းကြီး၊ သလွန်ပေါ်မှာ လဲလျောင်းရင်း အနာဂတ်မှာ ဖြစ်မယ့်အရာတွေအကြောင်း မင်းကြီး တွေးတောလိုက်တဲ့အခါ လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်က ဖြစ်လာမယ့်အရာတွေကို မင်းကြီးကို အသိပေးပါပြီ။ ၃၀ ကျွန်တော်က တခြားသူတွေထက် ဉာဏ်ပညာရှိလို့ ဒီလျှို့ဝှက်ချက်ကို ဘုရားသခင် ဖွင့်ပြတာ မဟုတ်ပါဘူး။ မင်းကြီးကို အိပ်မက်အဓိပ္ပာယ် ပြောပြနိုင်ဖို့ ကျွန်တော့်ကို ဖွင့်ပြတာပါ။ ဒါမှ မင်းကြီး ဘာအကြောင်း တွေးတောခဲ့မှန်း မင်းကြီး သိနိုင်မှာပါ။+
၃၁ “အရှင်မင်းကြီး ကြည့်လိုက်တော့ ရုပ်တုကြီးတစ်ခုကို မြင်ပါတယ်။ အင်မတန်ကြီးမားပြီး ပြောင်လက်နေတဲ့ အဲဒီရုပ်တုက မင်းကြီးရှေ့မှာ ရှိနေပါတယ်။ ရုပ်တုဟာ ကြောက်စရာကြီးပါ။ ၃၂ ရုပ်တုရဲ့ ဦးခေါင်းက ရွှေစင်၊+ ရင်ဘတ်နဲ့လက်တွေက ငွေ၊+ ဝမ်းဗိုက်နဲ့ပေါင်က ကြေးနီ၊+ ၃၃ ခြေထောက်က သံ၊+ ခြေဖမိုးနဲ့ခြေဖဝါးက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေပါတယ်။+ ၃၄ မင်းကြီး ကြည့်နေတုန်းမှာပဲ လူ့လက်နဲ့ထွင်းထားတာ မဟုတ်တဲ့ ကျောက်တစ်လုံးက သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါးနဲ့ ခြေဖမိုးကို တိုက်ချခြေ မွှပစ်တယ်။+ ၃၅ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေအားလုံး ကြေမွကုန်ပြီး နွေရာသီမှာ ကောက်နယ်တလင်းကနေ လွင့်သွားတဲ့ဖွဲလို ဖြစ်သွားတယ်။ လေထဲ လွင့်ပါသွားတဲ့အတွက် အစအနတောင်ရှာမတွေ့တော့ဘူး။ ရုပ်တုကို တိုက်ချတဲ့ ကျောက်တုံးကတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီး မြေတစ်ပြင်လုံး ပြည့်သွားတယ်။
၃၆ “အဲဒါဟာ အိပ်မက်ပါ။ အခု၊ အဓိပ္ပာယ်ကို ပြောပြပါ့မယ်။ ၃၇ မင်းကြီး၊ မင်းကြီးဟာ ဘုရင်တို့ရဲ့ဘုရင်ပါ။ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က မင်းကြီးကို နိုင်ငံသာမက ခွန်အား၊ အစွမ်းသတ္တိ၊ ဂုဏ်ကျက်သရေတွေ ပေးထားပါတယ်။+ ၃၈ ဘုရားသခင်က ကမ္ဘာအရပ်ရပ်က လူတွေ၊ သားရဲတွေ၊ မိုးကောင်းကင်ငှက်တွေကို မင်းကြီးလက်ထဲ အပ်ပေးပြီး အုပ်ချုပ်စေပါပြီ။+ ဒါကြောင့် မင်းကြီးဟာ ရုပ်တုရဲ့ ရွှေဦးခေါင်းပါ။+
၃၉ “မင်းကြီးရဲ့နောက်မှာ မင်းကြီးရဲ့နိုင်ငံထက် နိမ့်ကျတဲ့ နိုင်ငံတစ်ခု ပေါ်လာမယ်။+ အဲဒီနောက် ပေါ်လာမယ့် တတိယနိုင်ငံကတော့ ကြေးနီဖြစ်ပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မယ်။+
၄၀ “စတုတ္ထနိုင်ငံကတော့ သံလို ခိုင်မာမယ်။+ သံက အရာရာကို ချိုးဖဲ့ခြေ မွှသလို စတုတ္ထနိုင်ငံကလည်း အရင်နိုင်ငံအားလုံးကို ချိုးဖဲ့ခြေမွှပစ်မယ်။+
၄၁ “ခြေဖဝါးခြေဖမိုးနဲ့ ခြေချောင်းတွေက ရွှံ့စေးတစ်ဝက် သံတစ်ဝက် ရောနေတာကို မင်းကြီး မြင်တဲ့အတိုင်း အဲဒီနိုင်ငံက ကွဲပြားပါလိမ့်မယ်။ သံနဲ့ ရွှံ့စေး ရောနေတာကို မြင်တဲ့အတိုင်း အဲဒီနိုင်ငံမှာ သံလို မာကျောမှုမျိုးလည်း ရှိနေမယ်။ ၄၂ ခြေချောင်းတွေက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေတဲ့အတွက် အဲဒီနိုင်ငံဟာ ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေမယ်။ ၄၃ သံနဲ့ ရွှံ့စေး ရောနေတာကို မင်းကြီး မြင်တဲ့အတိုင်း သူတို့မှာ လူအမျိုးမျိုး* ရောနေမယ်။ ဒါပေမဲ့ သံနဲ့ ရွှံ့စေး ရောနှောလို့မရသလို သူတို့အချင်းချင်း ပူးပေါင်းလို့ရမှာ မဟုတ်ဘူး။
၄၄ “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့်+ နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။+ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။+ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။+ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။+ ၄၅ လူ့လက်နဲ့မဟုတ်ဘဲ တောင်ပေါ်ကနေ ထွင်းထုတ်လိုက်တဲ့ ကျောက်တစ်လုံးက သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေနဲ့ ရွှေတွေ ခြေမွှပစ်တာကို မင်းကြီး မြင်ခဲ့တဲ့အတိုင်းပါပဲ။+ ကြီးမြတ်တဲ့ ဘုရားသခင်က မင်းကြီးကို အနာဂတ်မှာ ဖြစ်မယ့်အရာတွေ အသိပေးလိုက်ပါပြီ။+ အိပ်မက်ဟာ မှန်ကန်ပါတယ်။ အဓိပ္ပာယ်ကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်” လို့လျှောက်တင်တယ်။
၄၆ အဲဒီအခါ နေဗုခဒ်နေဇာက ဒံယေလရှေ့မှာ ပျပ်ဝပ်ပြီး ဂါရဝပြုတယ်။ ဒံယေလကို ဆုလက်ဆောင်ပေးဖို့၊ သူ့အတွက် နံ့သာပေါင်းပူဇော်ဖို့ အမိန့်ပေးတယ်။ ၄၇ ပြီးတော့ “ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြနိုင်တဲ့အတွက် မင်းရဲ့ဘုရားသခင်ဟာ ဘုရားတို့ရဲ့ဘုရား၊ ဘုရင်တို့ရဲ့သခင်၊ လျှို့ဝှက်ချက်တွေကို ဖွင့်ပြနိုင်တဲ့အရှင်ဖြစ်မှန်း သေချာတယ်”+ လို့ ဒံယေလကို ပြောတယ်။ ၄၈ ဘုရင်က ဒံယေလကို ချီးမြှောက်ပြီး ဆုလက်ဆောင်အများကြီး ပေးတယ်။ သူ့ကို ဗာဗုလုန်ခရိုင်တစ်ခုလုံး အုပ်ချုပ်စေတယ်။+ ဗာဗုလုန်ပညာရှိတွေကို ကြီးကြပ်ရတဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်တယ်။ ၄၉ ဒံယေလရဲ့ ပန်ကြားချက်အရ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကိုလည်း+ ဗာဗုလုန်ခရိုင်ရဲ့အုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်တယ်။ ဒံယေလကတော့ နန်းတော်မှာ အမှုထမ်းရတယ်။
၃ ဘုရင်နေဗုခဒ်နေဇာက အမြင့်အတောင် ၆၀၊* အနံ ၆ တောင်* ရှိတဲ့ ရွှေရုပ်တုတစ်ခု လုပ်ပြီး ဗာဗုလုန်ခရိုင်၊ ဒုရလွင်ပြင်မှာ တည်ထားတယ်။ ၂ အဲဒီနောက် ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ အကြံပေးအရာရှိ၊ ဘဏ္ဍာထိန်း၊ တရားသူကြီး၊ လက်ထောက်တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ အားလုံးကို သူတည်ထားတဲ့ ရုပ်တုကို ဆက်ကပ်တဲ့ အခမ်းအနားမှာ လာရောက်စုဝေးကြဖို့ ဆင့်ခေါ်လိုက်တယ်။
၃ ဒါကြောင့် ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ အကြံပေးအရာရှိ၊ ဘဏ္ဍာထိန်း၊ တရားသူကြီး၊ လက်ထောက်တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ရုပ်တုဆက်ကပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စုဝေးလာပြီး နေဗုခဒ်နေဇာ တည်ထားတဲ့ ရုပ်တုရှေ့မှာ ရပ်နေကြတယ်။ ၄ အဲဒီအခါ သံတော်ဆင့်က “ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းတို့၊ အမိန့်တော်ကို နားထောင်ကြ။ ၅ တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို မင်းတို့ကြားတဲ့အခါ ဘုရင်နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးချရှိခိုးရမယ်။ ၆ ဦးမချ ဝတ်မပြုတဲ့သူကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲချက်ချင်းပစ်ချမယ်”+ လို့ကြေညာတယ်။ ၇ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းက တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတဲ့အခါ ဘုရင်နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးချဝတ်ပြုကြတယ်။
၈ အဲဒီအချိန်မှာ ခါလဒဲလူတချို့ ရှေ့ထွက်လာပြီး ဂျူးတွေကို စွပ်စွဲကြတယ်။ ၉ ဘုရင်နေဗုခဒ်နေဇာကို “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ၁၀ တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတဲ့အခါ ရွှေရုပ်တုကို ဦးချဝတ်ပြုရမယ်၊ ၁၁ ဦးမချ ဝတ်မပြုတဲ့သူကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချမယ်ဆိုပြီး မင်းကြီး အမိန့်ထုတ်ပါတယ်။+ ၁၂ ဒါပေမဲ့ အရှင်မင်းကြီး၊ ဗာဗုလုန်ခရိုင်မှာ အုပ်ချုပ်ရေးမှူးတွေအဖြစ် မင်းကြီးခန့်ထားတဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ခေါ်တဲ့+ ဂျူးတွေက မင်းကြီးရဲ့အမိန့်ကို အရေးမလုပ်ပါဘူး။ မင်းကြီးရဲ့ ဘုရားတွေကို မကိုးကွယ်တဲ့အပြင် တည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်မပြုကြပါဘူး” လို့လျှောက်တင်တယ်။
၁၃ အဲဒီအခါ နေဗုခဒ်နေဇာက အကြီးအကျယ် ဒေါသထွက်ပြီး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ရှေ့တော်သွင်းစေလို့ အမိန့်ပေးတဲ့အတွက် သူတို့ ရှေ့တော်ကို ရောက်လာကြတယ်။ ၁၄ နေဗုခဒ်နေဇာက “ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့၊ မင်းတို့က ငါ့ဘုရားတွေကို မကိုးကွယ်တဲ့အပြင်+ ငါတည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်မပြုကြဘူးဆို ဟုတ်လား။ ၁၅ အခု တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတာနဲ့ ငါတည်ထားတဲ့ ရုပ်တုကို ဦးချရှိခိုးဖို့ အသင့်ဖြစ်နေမယ်ဆိုရင် မင်းတို့အတွက် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ချက်ချင်းပစ်ချမယ်။ ဘယ်ဘုရားက ငါ့လက်ကနေ မင်းတို့ကို ကယ်တင်နိုင်မလဲ”+ လို့ပြောတယ်။
၁၆ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့က “အရှင်မင်းကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လျှောက်တင်စရာ ဘာမှမရှိပါဘူး။ ၁၇ ကျွန်တော်တို့ကို မီးဖိုထဲ ပစ်ချလိုက်ရင် ကျွန်တော်တို့ကိုးကွယ်တဲ့ ဘုရားသခင်က မီးဖိုကြီးထဲကနေရော မင်းကြီးရဲ့လက်ကနေပါ ကျွန်တော်တို့ကို ကယ်တင်နိုင်ပါတယ်။+ ၁၈ မကယ်တင်ခဲ့ရင်တောင် မင်းကြီးရဲ့ဘုရားတွေကို ကျွန်တော်တို့ ကိုးကွယ်မှာ မဟုတ်ပါဘူး၊ မင်းကြီးတည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်ပြုမှာ မဟုတ်ဘူးဆိုတာ သိမှတ်တော်မူပါ”+ လို့လျှောက်တင်တယ်။
၁၉ အဲဒီအခါ နေဗုခဒ်နေဇာက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို အကြီးအကျယ် ဒေါသထွက်ပြီး မျက်နှာပျက်သွားတယ်။* ဒါနဲ့ မီးဖိုကြီးကို အခုထက် ခုနစ်ဆပူအောင်လုပ်ဖို့ အမိန့်ပေးတယ်။ ၂၀ ပြီးတော့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်ပြီး တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချဖို့ ခွန်အားကြီး စစ်သည်တချို့ကို အမိန့်ပေးလိုက်တယ်။
၂၁ သူတို့ကို ဝတ်ရုံ၊ အဝတ်၊ ခေါင်းပေါင်း၊ ဝတ်ထားတဲ့ အဝတ်တွေနဲ့အတူ တုပ်နှောင်ပြီး တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချကြတယ်။ ၂၂ အမိန့်တော် ပြင်းထန်လွန်းတဲ့အတွက်၊ မီးဖိုကြီးကလည်း အပူရှိန်ပြင်းလွန်းတဲ့အတွက် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ပစ်ချတဲ့လူတွေ မီးဟပ်ပြီး သေကုန်တယ်။ ၂၃ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ သုံးယောက်ကတော့ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ တုပ်နှောင်လျက်သား ကျသွားတယ်။
၂၄ နောက်တော့ ဘုရင်နေဗုခဒ်နေဇာ လန့်ဖျပ်သွားပြီး ချက်ချင်း ထရပ်တယ်။ ပြီးတော့ “လူသုံးယောက်ကို တုပ်နှောင်ပြီး မီးထဲချလိုက်တာ မဟုတ်လား” လို့မေးတဲ့အခါ မင်းအရာရှိတွေက “မှန်လှပါ။ အရှင်မင်းကြီး” လို့ဖြေကြတယ်။ ၂၅ ဘုရင်ကြီးက “ကြည့်စမ်း။ လူလေးယောက် မီးထဲမှာ နှောင်ကြိုးမရှိ၊ မီးမထိဘဲ လမ်းလျှောက်နေတာကို ငါမြင်နေရပါလား။ လေးယောက်မြောက်လူဟာ ဘုရားရဲ့သားနဲ့ တူတယ်” လို့ပြောတယ်။
၂၆ အဲဒီနောက် နေဗုခဒ်နေဇာက တောက်လောင်နေတဲ့ မီးဖိုကြီးရဲ့ တံခါးနားကို သွားပြီး “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ အမြင့်ဆုံး ဘုရားသခင်ရဲ့+ ကျွန်တို့၊ ထွက်လာကြ” လို့ပြောတဲ့အခါ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ မီးထဲကနေ ထွက်လာတယ်။ ၂၇ သူတို့ရဲ့ခန္ဓာကိုယ် မီးမစွဲတာ၊+ ဆံချည်တစ်မျှင်တောင် မီးမကျွမ်းတာ၊ ဝတ်ရုံလည်း ဘာမှမဖြစ်တဲ့အပြင် မီးလောင်ထားတဲ့အနံ့တောင် မထွက်တာကို စုဝေးရောက်ရှိနေတဲ့ ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ မင်းအရာရှိတွေအားလုံး+ တွေ့သွားတယ်။
၂၈ အဲဒီအခါ နေဗုခဒ်နေဇာက “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ချီးမွမ်းကြ။+ အဲဒီဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး သူ့ကျွန်တွေကို ကယ်တင်လိုက်တာပဲ။ သူတို့က အဲဒီဘုရားကို ကိုးစားကြတယ်။ တခြားဘုရားကို ကိုးကွယ်မယ့်အစား ကိုယ့်ဘုရားသခင်ကိုပဲ ကိုးကွယ်ကြတယ်။ အမိန့်တော်ကို ဖီဆန်ပြီး အသေခံဖို့ အသင့်ရှိကြတယ်။+ ၂၉ ဒါကြောင့် ငါအမိန့်ထုတ်ပြန်မယ်– ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ပြစ်မှားပြောဆိုတဲ့သူ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ ဘယ်လူမျိုးကိုမဆို အပိုင်းပိုင်း ခုတ်ဖြတ်စေ။ သူတို့ရဲ့အိမ်တွေလည်း မစင်စွန့်တဲ့နေရာ* ဖြစ်စေ။ ဒီဘုရားလိုမျိုး ဘယ်ဘုရားကမှ မကယ်တင်နိုင်ဘူး”+ လို့အမိန့်ချလိုက်တယ်။
၃၀ အဲဒီနောက် ဘုရင်က ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်ခရိုင်မှာ ချီးမြှင့်မြှောက်စားတယ်။+
၄ “ဘုရင်နေဗုခဒ်နေဇာက ကမ္ဘာမြေတစ်ခွင်မှာ နေထိုင်တဲ့ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအားလုံးကို မိန့်မှာလိုက်တယ်– မင်းတို့ဆီမှာ ငြိမ်သက်ခြင်း တိုးများပါစေ။ ၂ ငါ့ကို အမြင့်ဆုံး ဘုရားသခင်ပြတဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေအကြောင်း မင်းတို့ကို ငါပြောပြချင်တယ်။ ၃ အဲဒီဘုရားပြတဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေဟာ တန်ခိုးကြီးလှတယ်။ သူ့ရဲ့နိုင်ငံဟာ ထာဝစဉ်တည်မြဲတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာလည်း လူမျိုးအဆက်ဆက် တည်တံ့တယ်။+
၄ “ငါနေဗုခဒ်နေဇာက နန်းတော်မှာ အပူအပင်မရှိဘဲ စည်းစိမ်အပြည့်နဲ့ စံမြန်းနေတုန်း၊ ၅ ကြောက်စရာအိပ်မက်တစ်ခုကို မက်တယ်။ သလွန်ပေါ်မှာ လဲလျောင်းနေတုန်း ပုံရိပ်တွေ၊ စိတ်အာရုံတွေမြင်ပြီး ထိတ်လန့်သွားတယ်။+ ၆ ဒါကြောင့် အိပ်မက်အဓိပ္ပာယ်ကို ပြောပြဖို့ ဗာဗုလုန်ပညာရှိအားလုံးကို ရှေ့တော်သွင်းစေလို့ ငါအမိန့်ထုတ်လိုက်တယ်။+
၇ “အဲဒီအခါ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာတယ်။+ အိပ်မက်အကြောင်း ငါပြောပြပေမဲ့ အဓိပ္ပာယ်ကို သူတို့ မပြောပြနိုင်ဘူး။+ ၈ နောက်ဆုံးတော့ ငါ့ရှေ့ကို ဒံယေလ ရောက်လာတယ်။ ငါ့ဘုရားကို ဂုဏ်ပြုတဲ့အနေနဲ့+ ဗေလတရှာဇာလို့+ ငါနာမည်ပေးထားတဲ့သူ၊ သန့်ရှင်းတဲ့ ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူပဲ။+ ငါ့အိပ်မက်အကြောင်း သူ့ကိုပြောပြလိုက်တယ်–
၉ “‘မှော်ဆရာတွေရဲ့ ဦးစီးချုပ်+ ဗေလတရှာဇာ၊ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားတဲ့အတွက်+ မင်း မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ချက်မရှိမှန်း+ ငါကောင်းကောင်းသိတယ်။ ဒါကြောင့် ငါမြင်မက်ခဲ့တဲ့ စိတ်အာရုံတွေကိုရော အဓိပ္ပာယ်ကိုပါ ရှင်းပြပါ။
၁၀ “‘သလွန်ပေါ်မှာ အိပ်နေတုန်း စိတ်အာရုံတွေကို ငါမြင်မက်တယ်။ ကမ္ဘာမြေရဲ့အလယ်မှာ မြင့်မားလှတဲ့ သစ်ပင်တစ်ပင် ပေါက်နေတာကို ငါမြင်တယ်။+ ၁၁ အဲဒီသစ်ပင်က ကြီးထွားသန်မာလာပြီး အပင်ထိပ်ဖျားက မိုးကောင်းကင်အထိ မြင့်လာတယ်။ ကမ္ဘာ့အစွန်အဖျားကနေတောင် မြင်ရတယ်။ ၁၂ အရွက်တွေ လှပဝေဆာတယ်။ အသီးတွေ လှိုင်လှိုင်သီးတဲ့အတွက် သတ္တဝါအားလုံး စားသုံးနိုင်တယ်။ သားရဲတွေ အပင်ရိပ်ကို ခိုတယ်။ အကိုင်းအခက်တွေပေါ် မိုးကောင်းကင်ငှက်တွေ နားတယ်။ သတ္တဝါအားလုံး အပင်ရဲ့အသီးကို စားကြတယ်။
၁၃ “‘သလွန်ပေါ်မှာ အဲဒီစိတ်အာရုံကို ငါမြင်နေတုန်း ကောင်းကင်ကနေ သန့်ရှင်းသူစေတမန်* ဆင်းလာတာကို တွေ့ရတယ်။+ ၁၄ သူက “အဲဒီသစ်ပင်ကို ခုတ်ပစ်လိုက်။+ အကိုင်းအခက်တွေကို ခုတ်ပစ်ပါ။ အရွက်တွေကို ခြွေချပြီး အသီးတွေကို လွှင့်ပစ်ပါ။ အပင်ရိပ်ခိုနေတဲ့ သားရဲတွေ၊ အကိုင်းအခက်မှာ နားနေတဲ့ ငှက်တွေ ထွက်ပြေးပါစေ။ ၁၅ မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ သံကြိုး၊ ကြေးနီကြိုးနဲ့ ပတ်ချည်ပြီး မြက်ပင်တွေကြားမှာ ချန်ထားခဲ့ပါ။ သစ်ငုတ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပါစေ။ သားရဲတွေနဲ့အတူ အပင်တွေကြားမှာ ဒီအတိုင်းရှိနေပါစေ။+ ၁၆ လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ် ဝင်ပါစေ။ ဒီလိုနဲ့ ခုနစ်ကာလ+ ကုန်လွန်သွားပါစေ။+ ၁၇ ဒါဟာ စေတမန်တွေရဲ့ ကြေညာချက်ပဲ။+ သန့်ရှင်းသူတွေ ကြေညာတဲ့ စီရင်ဆုံးဖြတ်ချက်ပဲ။ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်ပြီး+ နိုင်ငံကို သူပေးချင်တဲ့သူကို ပေးနိုင်မှန်း၊ အနိမ့်ကျဆုံးသူကိုတောင် အုပ်စိုးခွင့်ပေးနိုင်မှန်း အသက်ရှင်နေတဲ့ လူသားတွေသိစေဖို့ ဖြစ်တယ်” လို့ ကြွေးကြော်တယ်။
၁၈ “‘ဒါဟာ ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်တဲ့ အိပ်မက်ပဲ။ ဗေလတရှာဇာ၊ အိပ်မက်အဓိပ္ပာယ်ကို အခု ပြောပြပေတော့။ ငါ့နိုင်ငံထဲက ပညာရှိတွေ တစ်ယောက်မှ မပြောနိုင်ဘူး။+ မင်းကတော့ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူဖြစ်လို့ ပြောပြနိုင်မှာပါ။’
၁၉ “အဲဒီအခါ ဗေလတရှာဇာလို့ခေါ်တဲ့+ ဒံယေလက ထိတ်လန့်ပြီး ခဏလောက် ကြက်သေသေသွားတယ်။
“ဘုရင်က ‘ဗေလတရှာဇာ၊ အိပ်မက်နဲ့ အဓိပ္ပာယ်ကြောင့် မကြောက်ပါနဲ့’ လို့ပြောတယ်။
“ဗေလတရှာဇာက ‘အရှင်မင်းကြီး၊ ဒီအိပ်မက်ဟာ မင်းကြီးကို မုန်းတီးနေသူတွေနဲ့ပဲ သက်ဆိုင်ပါစေ။ အိပ်မက်အဓိပ္ပာယ်ဟာ မင်းကြီးရဲ့ ရန်သူတွေနဲ့ပဲ သက်ဆိုင်ပါစေ။
၂၀ “‘မင်းကြီးက ကြီးထွားသန်မာတဲ့ သစ်ပင်ကို မြင်ရတယ်။ အပင်ထိပ်ဖျားက မိုးကောင်းကင်အထိ မြင့်တော့ မြေတစ်ပြင်လုံးကနေတောင် မြင်ရတယ်။+ ၂၁ အရွက်တွေ လှပဝေဆာတယ်။ အသီးတွေ လှိုင်လှိုင်သီးတဲ့အတွက် သတ္တဝါအားလုံး စားသုံးနိုင်တယ်။ သားရဲတွေ အပင်ရိပ်ကို ခိုတယ်။ အကိုင်းအခက်တွေပေါ် မိုးကောင်းကင်ငှက်တွေ နားတယ်။+ ၂၂ အဲဒီသစ်ပင်ဟာ အရှင်မင်းကြီးပါပဲ။ မင်းကြီးက ကြီးမြတ်ပြီး ခိုင်မာလာတယ်။ မင်းကြီးရဲ့ဂုဏ်ကျက်သရေဟာ မိုးကောင်းကင်အထိ ရောက်တယ်။+ အုပ်ချုပ်ခွင့်အာဏာကလည်း ကမ္ဘာ့အစွန်အဖျားအထိ သက်ရောက်တယ်။+
၂၃ “‘အဲဒီအချိန်မှာ ကောင်းကင်ကနေ သန့်ရှင်းသူစေတမန်+ ဆင်းလာပြီး “သစ်ပင်ကို ခုတ်လှဲပြီး ဖျက်ဆီးပစ်လိုက်။ မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ သံကြိုး၊ ကြေးနီကြိုးနဲ့ ပတ်ချည်ပြီး မြက်ပင်တွေကြားမှာ ချန်ထားခဲ့ပါ။ သစ်ငုတ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပါစေ။ သားရဲတွေကြားမှာ ဒီအတိုင်း ရှိနေပါစေ။ ခုနစ်ကာလ ကုန်လွန်သွားတဲ့အထိ အဲဒီအတိုင်း ဖြစ်နေပါစေ”+ လို့ပြောတာကို မင်းကြီး မြင်မက်ခဲ့တယ်။ ၂၄ ကျွန်တော့်သခင် အရှင်မင်းကြီး၊ ဒါဟာ မင်းကြီးအပေါ်ကျရောက်စေဖို့ အမြင့်ဆုံးအရှင် ချမှတ်တဲ့အမိန့်ပါ။ အိပ်မက်အဓိပ္ပာယ်ကတော့– ၂၅ မင်းကြီးဟာ လူတောထဲကနေ နှင်ထုတ်ခံရပါလိမ့်မယ်။ သားရဲတွေနဲ့အတူ နေထိုင်ရပြီး နွားလို မြက်ကို စားရလိမ့်မယ်။ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ရလိမ့်မယ်။+ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ နိုင်ငံကို ပေးချင်တဲ့သူကို ပေးနိုင်မှန်း+ မင်းကြီး သိလာတဲ့အချိန်အထိ ခုနစ်ကာလကြာအောင်+ အဲဒီလို နေရပါလိမ့်မယ်။
၂၆ “‘အမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ ချန်ထားပါလို့+ သူတို့ပြောတဲ့အတွက် ကောင်းကင်အုပ်စိုးရှင် ဘုရားတစ်ပါးရှိမှန်း မင်းကြီးသိလာပြီးတဲ့နောက် နိုင်ငံကို ပြန်အုပ်ချုပ်ရမယ်။ ၂၇ အရှင်မင်းကြီး၊ ကျွန်တော် အကြံပေးတာကို လက်ခံပါ။ မှန်ရာကို လုပ်ပြီး အပြစ်တွေကို ကျောခိုင်းပါ။ ဆင်းရဲသားတွေကို ကရုဏာပြပြီး အမှားတွေကို စွန့်ပစ်ပါ။ ဒါဆိုရင် စည်းစိမ်ချမ်းသာနဲ့ ဆက်ပြီး စံမြန်းနိုင်မယ်။”+
၂၈ ဒါတွေအားလုံးကို ဘုရင်နေဗုခဒ်နေဇာ ကြုံတွေ့ရတယ်။
၂၉ နောက်ဆယ့်နှစ်လအကြာမှာ ဘုရင်က ဗာဗုလုန်နန်းတော် အမိုးပေါ်မှာ လမ်းလျှောက်ရင်း၊ ၃၀ “ဒီမြို့ဟာ ငါကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဗာဗုလုန်မြို့ကြီးပဲ။ ငါ့ဘုန်းတန်ခိုး ထင်ရှားစေဖို့ ငါ့အစွမ်းခွန်အားနဲ့ မင်းနေပြည်တော်အဖြစ် ငါတည်ဆောက်ထားတာပဲ” လို့ပြောတယ်။
၃၁ အဲဒီလိုပြောလို့ မဆုံးခင်မှာပဲ ကောင်းကင်ကနေ စကားသံတစ်ခု ထွက်လာတယ်– “အို ဘုရင်နေဗုခဒ်နေဇာ၊ နားထောင်ပါ။ ‘နိုင်ငံကို မင်းဆီကနေ ရုပ်သိမ်းလိုက်ပြီ။+ ၃၂ မင်းဟာ လူတောထဲကနေ နှင်ထုတ်ခံရလိမ့်မယ်။ သားရဲတွေနဲ့အတူ နေထိုင်ရပြီး နွားလို မြက်ကို စားရလိမ့်မယ်။ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ နိုင်ငံကို ပေးချင်တဲ့သူကို ပေးနိုင်မှန်း မင်းသိလာတဲ့အချိန်အထိ ခုနစ်ကာလ ကြာအောင် အဲဒီလို နေရလိမ့်မယ်။’”+
၃၃ နေဗုခဒ်နေဇာဟာ အဲဒီစကားအတိုင်း ချက်ချင်းကြုံရတယ်။ လူတောထဲကနေ နှင်ထုတ်ခံရပြီး နွားလို မြက်ကိုစားရတယ်။ သူ့ခန္ဓာကိုယ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပြီး ဆံပင်တွေလည်း လင်းယုန်အမွေးအတောင်တွေလို ရှည်လာတယ်။ လက်သည်းခြေသည်းတွေလည်း ငှက်ခြေသည်းတွေလို ရှည်လာတယ်။+
၃၄ “ခုနစ်ကာလစေ့သွားတဲ့အခါ+ ငါနေဗုခဒ်နေဇာက ကောင်းကင်ကို မော့ကြည့်ပြီး စိတ်က ပုံမှန်ပြန်ဖြစ်လာတယ်။ ဒါကြောင့် အမြင့်ဆုံးအရှင်ကို ချီးမွမ်းပြီး ထာဝစဉ်အသက်ရှင်တဲ့အရှင်ကို ချီးမွမ်းဂုဏ်တင်တယ်။ အဲဒီဘုရားရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ ထာဝစဉ်တည်တံ့တယ်။ သူ့နိုင်ငံလည်း လူမျိုးအဆက်ဆက် တည်မြဲတယ်။+ ၃၅ ကမ္ဘာသူကမ္ဘာသားအားလုံးဟာ အဲဒီဘုရားရှေ့မှာ ဘာမှမဟုတ်တဲ့ သူတွေပဲ။ အဲဒီဘုရားဟာ ကောင်းကင်ဗိုလ်ခြေတွေနဲ့ ကမ္ဘာမြေပေါ် နေထိုင်သူတွေကို အလိုရှိတဲ့အတိုင်း လုပ်နိုင်တယ်။ သူ့ကို တားဆီးနိုင်တဲ့သူ၊+ ‘ဘယ်လိုလုပ်လိုက်တာလဲ’ ဆိုပြီး ပြောနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။+
၃၆ “အဲဒီအချိန်မှာ ငါ့စိတ်ဟာ ပုံမှန်ပြန်ဖြစ်လာတယ်။ ငါ့နိုင်ငံ ဂုဏ်ကျက်သရေ၊ ငါ့ရဲ့ခံ့ညားထည်ဝါမှု၊ ခမ်းနားမြင့်မြတ်မှုတွေကို ပြန်ရတယ်။+ မင်းအရာရှိတွေ၊ မှူးမတ်တွေက ငါ့ကို အပူတပြင်း လိုက်ရှာပြီး ထီးနန်းပြန်အပ်တဲ့အတွက် ငါဟာ အရင်ကထက် ဘုန်းတန်ခိုးကြီးလာတယ်။
၃၇ “အခု ငါနေဗုခဒ်နေဇာက ကောင်းကင်အုပ်စိုးရှင် ဘုရင်မင်းမြတ်ကို ချီးမွမ်းဂုဏ်တင်ပါတယ်။ ချီးမြှောက်ပါတယ်။+ အဲဒီဘုရားဟာ လုပ်ဆောင်လေသမျှ မှန်ကန်ပြီး နည်းလမ်းတော်တွေလည်း တရားမျှတတယ်။+ မာနကြီးသူတွေကို နှိမ့်ချနိုင်တယ်။”+
၅ ဘုရင်ဗေလရှာဇာက+ မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီး ကျင်းပပြီး သူတို့နဲ့အတူ စပျစ်ဝိုင် သောက်နေတယ်။+ ၂ ဗေလရှာဇာဟာ ဝိုင်မူးလာတဲ့အခါ ဂျေရုဆလင် ဗိမာန်တော်ကနေ ခမည်းတော်* နေဗုခဒ်နေဇာ သိမ်းယူခဲ့တဲ့ ရွှေခွက်ဖလားတွေ၊ ငွေခွက်ဖလားတွေကို ယူခဲ့ဖို့ အမိန့်ပေးတယ်။+ ဘုရင်ရော မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားငယ်တွေပါ အဲဒီခွက်ဖလားတွေနဲ့ စပျစ်ဝိုင်သောက်ကြဖို့ပဲ။ ၃ ဒါနဲ့ ဂျေရုဆလင်မှာရှိတဲ့ ဘုရားသခင့် ဗိမာန်တော်ကနေ သိမ်းယူခဲ့တဲ့ ရွှေခွက်ဖလားတွေကို ယူလာကြတယ်။ ဘုရင်နဲ့ မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားတွေက အဲဒီခွက်ဖလားတွေနဲ့ ဝိုင်သောက်ကြတယ်။ ၄ သူတို့ စပျစ်ဝိုင်သောက်ပြီး ရွှေဘုရား၊ ငွေဘုရား၊ ကြေးနီဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ချီးမွမ်းကြတယ်။
၅ အဲဒီအချိန်မှာပဲ လူ့လက်တစ်ဖက် ပေါ်လာပြီး ဆီမီးတိုင်နားက နန်းတော်နံရံပေါ်မှာ စာရေးတော့တယ်။ ဘုရင်ဗေလရှာဇာက စာရေးနေတဲ့လက်ကို မြင်ရတဲ့အတွက်၊ ၆ မျက်နှာသွေးဆုတ်ပြီး ထိတ်လန့်လာတယ်။ တင်ပါး တဆတ်ဆတ်တုန်ပြီး+ ဒူးချင်းရိုက်နေတယ်။
၇ ဘုရင်ဗေလရှာဇာက မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေကို ဆင့်ခေါ်စေဆိုပြီး အော်ပြောတယ်။+ ပြီးတော့ “ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ပြောပြနိုင်သူကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးမယ်။+ တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်စေမယ်”+ လို့ အဲဒီပညာရှိတွေကို အမိန့်ထုတ်တယ်။
၈ ဒါနဲ့ ပညာရှိအားလုံး အခစားဝင်လာတယ်။ ဒါပေမဲ့ အဲဒီစာကို သူတို့မဖတ်နိုင်ဘူး။ အဓိပ္ပာယ်ကိုလည်း မပြောပြနိုင်ဘူး။+ ၉ ဒါကြောင့် ဘုရင်ဗေလရှာဇာက အကြီးအကျယ် ထိတ်လန့်ပြီး မျက်နှာသွေးဆုတ်နေတယ်။ မှူးမတ်တွေလည်း ကြံရာမရ ဖြစ်ကုန်တယ်။+
၁၀ မိဖုရားက* ဘုရင်နဲ့ မှူးမတ်တွေပြောနေတာကို ကြားတဲ့အခါ စားသောက်ခန်းမထဲ ဝင်လာပြီး “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ် ရှည်ပါစေ။ အဲဒီလောက်ကြီး စိတ်မပူပါနဲ့။ မျက်နှာမပျက်ပါနဲ့။ ၁၁ ခမည်းတော် လက်ထက်တုန်းက နိုင်ငံမှာ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူတစ်ယောက် ရှိတယ်။ သူ့ဆီမှာ ဉာဏ်အလင်း၊ ထိုးထွင်းဉာဏ်၊ ဘုရားလိုဉာဏ်ပညာမျိုး ရှိတယ်။+ အရှင်မင်းကြီး၊ ခမည်းတော် နေဗုခဒ်နေဇာမင်းကြီးက သူ့ကို မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေရဲ့ ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။+ ၁၂ ဗေလတရှာဇာလို့+ ခမည်းတော်နာမည် ပေးထားတဲ့ ဒံယေလဟာ ထူးခြားတဲ့ စိတ်သဘော၊ အသိပညာနဲ့ ထိုးထွင်းဉာဏ်ရှိသူပါ။ အိပ်မက်အဓိပ္ပာယ်ကို ဖွင့်ပြနိုင်တယ်။ ပဟေဠိတွေကို ရှင်းပြနိုင်တယ်။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။*+ အခု၊ ဒံယေလကို ဆင့်ခေါ်လိုက်ပါ။ စာရဲ့အဓိပ္ပာယ်ကို ပြောပြပါလိမ့်မယ်” လို့ပြောတယ်။
၁၃ ဒါနဲ့ ဒံယေလကို ရှေ့တော်သွင်းကြတယ်။ ဘုရင်က ဒံယေလကို “ယုဒပြည်ကနေ ခမည်းတော်မင်းကြီး ဖမ်းခေါ်လာတဲ့+ ယုဒသုံ့ပန်းတွေထဲက ဒံယေလဆိုတာ မောင်မင်းလား။+ ၁၄ ဘုရားတွေဆီက စွမ်းအားကို မင်း ရရှိထားတယ်၊+ ဉာဏ်အလင်း၊ ထိုးထွင်းဉာဏ်၊ ထူးခြားတဲ့ ဉာဏ်ပညာရှိတယ်လို့ ငါကြားတယ်။+ ၁၅ ဒီစာကို ဖတ်ပြီး အဓိပ္ပာယ်ပြောပြဖို့ ပညာရှိတွေ၊ မျက်လှည့်ဆရာတွေကို ငါခေါ်ပေမဲ့ စာရဲ့အဓိပ္ပာယ်ကို သူတို့ မပြောပြနိုင်ဘူး။+ ၁၆ မင်းကတော့ အဓိပ္ပာယ်ကို ပြောပြနိုင်တယ်၊+ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ငါကြားတယ်။ အခု၊ ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ပြောပြနိုင်မယ်ဆိုရင် မင်းကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးမယ်။ တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်စေမယ်”+ လို့ပြောတယ်။
၁၇ အဲဒီအခါ ဒံယေလက “ဆုလက်ဆောင်တွေကို မင်းကြီးဆီမှာပဲ ထားပြီး တခြားသူတွေကို ပေးချင်ပေးလိုက်ပါ။ ဒီစာကိုတော့ ကျွန်တော်ဖတ်ပြပြီး အဓိပ္ပာယ် ပြောပြပါ့မယ်။ ၁၈ အရှင်မင်းကြီး၊ အမြင့်ဆုံးဘုရားသခင်က မင်းကြီးရဲ့ ခမည်းတော် နေဗုခဒ်နေဇာကို နိုင်ငံ၊ ကြီးမြတ်မှု၊ ဂုဏ်ကျက်သရေ၊ ဘုန်းတန်ခိုးတွေ ပေးခဲ့တယ်။+ ၁၉ ဘုရားပေးတဲ့ ကြီးမြတ်မှုကြောင့် ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူမျိုးအားလုံး သူ့ကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ကြတယ်။+ ကွပ်မျက်ချင်ရင် ကွပ်မျက်နိုင်တယ်။ အသက်ချမ်းသာပေးချင်ရင် ပေးနိုင်တယ်။ ချီးမြှောက်ချင်တဲ့သူကို ချီးမြှောက်ပြီး နှိမ့်ချချင်တဲ့သူကို နှိမ့်ချနိုင်တယ်။+ ၂၀ ဒါပေမဲ့ သူမောက်မာပြီး ခေါင်းမာလာတဲ့အတွက် အတင့်ရဲလာတယ်။+ ဒါကြောင့် သူ နန်းချခံရပြီး ဘုန်းတန်ခိုး ကွယ်ပျောက်ခဲ့ရတယ်။ ၂၁ လူတောထဲကနေ နှင်ထုတ်ခံရတယ်။ တိရစ္ဆာန်စိတ် ဝင်လာပြီး မြည်းရိုင်းတွေနဲ့အတူ နေထိုင်ရတယ်။ နွားလို မြက်ကို စားရတယ်။ သူ့ခန္ဓာကိုယ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ခဲ့ရတယ်။ အမြင့်ဆုံးဘုရားသခင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ အလိုရှိတဲ့သူကို အုပ်စိုးစေနိုင်မှန်း သူသိလာတဲ့အချိန်အထိ အဲဒီလို ကြုံခဲ့ရတယ်။+
၂၂ “အရှင့်သားတော် ဗေလရှာဇာ၊ မင်းကြီးက ဒါတွေအားလုံးကို သိလျက်နဲ့ စိတ်မနှိမ့်ချဘူး။ ၂၃ အဲဒီအစား ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တယ်။+ မင်းကြီးက အဲဒီအရှင်ရဲ့အိမ်တော်က ခွက်ဖလားတွေကို ယူလာခိုင်းပြီး+ မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားငယ်တွေနဲ့အတူ စပျစ်ဝိုင်သောက်တယ်။ ဘာမှ မမြင်နိုင်၊ မကြားနိုင်၊ မသိနိုင်တဲ့ ငွေဘုရား၊ ရွှေဘုရား၊ ကြေးနီဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ချီးမွမ်းတယ်။+ အသက်ပေးရှင် ဘုရားသခင်၊ ဘဝလမ်းစဉ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့အရှင်ကိုတော့ ဂုဏ်မတင်ဘူး။+ ၂၄ ဒါကြောင့် အဲဒီဘုရားသခင်က လက်တစ်ဖက်ကို စေလွှတ်ပြီး ဒီစာတွေ ရေးခိုင်းလိုက်တာပါ။+ ၂၅ မေနေ၊ မေနေ၊ တေကလ၊ ဖေရက်လို့ ရေးထားပါတယ်။
၂၆ “စာရဲ့အဓိပ္ပာယ်ကတော့ မေနေဆိုတာ ဘုရားသခင်က မင်းကြီးရဲ့နန်းသက်ကို ရေတွက်ပြီး အဆုံးသတ်လိုက်ပြီ။+
၂၇ “တေကလဆိုတာကတော့ မင်းကြီးကို ချိန်ခွင်နဲ့ ချိန်ကြည့်တဲ့အခါ အလေးမပြည့်မှန်း သိလိုက်ရပြီ။
၂၈ “ဖာရက်ဆိုတာကတော့ မင်းကြီးရဲ့နိုင်ငံကို ခွဲဝေပြီး မီးဒီးယားနဲ့ ပါးရှားလူမျိုးကို ပေးလိုက်ပြီ။”+
၂၉ အဲဒီအခါ ဗေလရှာဇာ အမိန့်ပေးတဲ့အတွက် ဒံယေလကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးတယ်။ ပြီးတော့ သူဟာ နိုင်ငံမှာ တတိယအကြီးဆုံး အုပ်စိုးရှင်ပဲဆိုပြီး ကြေညာကြတယ်။+
၃၀ အဲဒီညမှာပဲ ခါလဒဲဘုရင် ဗေလရှာဇာ ကွပ်မျက်ခံရတယ်။+ ၃၁ အသက် ၆၂ နှစ်လောက်ရှိတဲ့ မီးဒီးယားလူမျိုး ဒါရိက+ နိုင်ငံကို သိမ်းပိုက်လိုက်တယ်။
၆ ဒါရိမင်းက တစ်နိုင်ငံလုံးကို ကြီးကြပ်ဖို့ ဘုရင်ခံချုပ် ၁၂၀ ကို ခန့်အပ်ရင် ကောင်းမယ်လို့ တွေးပြီး ခန့်အပ်လိုက်တယ်။+ ၂ အဲဒီဘုရင်ခံချုပ်တွေကို ကြီးကြပ်ဖို့ မင်းအရာရှိသုံးယောက်ကို ခန့်အပ်တယ်။ တစ်ယောက်က ဒံယေလ ဖြစ်တယ်။+ ဘုရင့်မှာ ထိခိုက်ဆုံးရှုံးမှုတွေ မရှိစေဖို့ ဘုရင်ခံချုပ်တွေက+ မင်းအရာရှိ သုံးယောက်ဆီ အစီရင်ခံရတယ်။ ၃ ဒံယေလဟာ ထူးခြားတဲ့စိတ်သဘော ရှိတဲ့အတွက် တခြားမင်းအရာရှိတွေ၊ ဘုရင်ခံချုပ်တွေထက် ပိုအရည်အချင်း ရှိတယ်။+ ဒါကြောင့် ဘုရင်က သူ့ကို တစ်နိုင်ငံလုံးကို ကြီးကြပ်ခိုင်းဖို့ အကြံရှိတယ်။
၄ အဲဒီအခါ မင်းအရာရှိတွေ၊ ဘုရင်ခံချုပ်တွေက နိုင်ငံ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဒံယေလကို စွပ်စွဲဖို့ အကြောင်းရင်း ရှာကြတယ်။ ဒါပေမဲ့ ဒံယေလဆီမှာ စွပ်စွဲစရာတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး။ သူဟာ ယုံကြည်စိတ်ချထိုက်တယ်။ သူ့ဆီမှာ လစ်ဟင်းပျက်ကွက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး။ ၅ ဒါနဲ့ သူတို့က “ဒံယေလဆီမှာ သူ့ဘုရားရဲ့ပညတ်ကို လိုက်နာတာကလွဲလို့ တခြားကိစ္စတွေမှာ ငါတို့ စွပ်စွဲစရာတွေ့မှာ မဟုတ်ဘူး”+ လို့ ပြောကြတယ်။
၆ ဒါကြောင့် အဲဒီမင်းအရာရှိတွေနဲ့ ဘုရင်ခံချုပ်တွေက အုပ်စုလိုက် အခစားဝင်ပြီး “ဒါရိမင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ၇ ရက် ၃၀ အတွင်းမှာ မင်းကြီးကလွဲလို့ တခြားဘုရား ဒါမှမဟုတ် တခြားလူ တစ်ယောက်ယောက်ဆီ အသနားခံ ဆုတောင်းသူတိုင်း ခြင်္သေ့တွင်းထဲ ပစ်ချစေဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပြီး+ အဲဒီတားမြစ်ချက်ကို အတည်ပြုဖို့ နန်းတွင်းအရာရှိ၊ ဝန်ကြီး၊ ဘုရင်ခံချုပ်၊ နန်းတွင်းအရာရှိကြီးနဲ့ ဘုရင်ခံတွေအားလုံး တိုင်ပင်ထားပါတယ်။ ၈ အရှင်မင်းကြီး၊ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ။+ မပယ်ဖျက်နိုင်တဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေအတိုင်း အမိန့်ကို ပြန်ရုပ်သိမ်းလို့ မရနိုင်အောင် လက်မှတ်ထိုးပေးပါ”+ လို့ လျှောက်တင်ကြတယ်။
၉ ဒါရိမင်းလည်း အမိန့်စာနဲ့ တားမြစ်ချက်ကို လက်မှတ်ထိုးလိုက်တယ်။
၁၀ အမိန့်စာကို လက်မှတ်ထိုးလိုက်ပြီဆိုတာ ဒံယေလ သိသိချင်း အိမ်ပြန်သွားတယ်။ အိမ်မိုးအထက်ခန်းမှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေဟာ ဂျေရုဆလင်ဘက် မျက်နှာမူထားတယ်။+ လုပ်နေကျအတိုင်း ဒူးထောက်ပြီး သူကိုးကွယ်တဲ့ ဘုရားသခင်ကို တစ်နေ့သုံးကြိမ် ဆုတောင်းပြီး ချီးမွမ်းတယ်။ ၁၁ အဲဒီအချိန်မှာ လူတွေ ဗြုန်းခနဲ ဝင်လာတယ်။ သူကိုးကွယ်တဲ့ ဘုရားသခင်ဆီ အသနားခံ ဆုတောင်းပြီး မျက်နှာသာရဖို့ တောင်းလျှောက်နေတာကို တွေ့သွားတယ်။
၁၂ ဒါနဲ့ သူတို့က ဘုရင့်ဆီသွားပြီး “အရှင်မင်းကြီး၊ ရက် ၃၀ အတွင်း မင်းကြီးကလွဲလို့ တခြားဘုရား ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်ဆီ အသနားခံဆုတောင်းသူတိုင်း ခြင်္သေ့တွင်းထဲ ပစ်ချစေဆိုတဲ့ တားမြစ်ချက်ကို လက်မှတ်ထိုးထားတယ် မဟုတ်လား” ဆိုပြီး ထုတ်ပြန်ထားတဲ့ တားမြစ်ချက်အကြောင်း အသိပေးတဲ့အခါ ဘုရင်က “မပယ်ဖျက်နိုင်တဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေအတိုင်း ဒီကိစ္စကို အမိန့်ထုတ်ပြီးပြီ”+ လို့ဖြေတယ်။ ၁၃ အဲဒီအခါ သူတို့က “အရှင်မင်းကြီး၊ ဒံယေလဆိုတဲ့ ယုဒသုံ့ပန်းဟာ+ မင်းကြီးကိုရော မင်းကြီး လက်မှတ်ထိုးထားတဲ့ တားမြစ်ချက်ကိုပါ အရေးမစိုက်ဘဲ တစ်နေ့သုံးကြိမ် ဆုတောင်းနေပါတယ်”+ လို့ ချက်ချင်း လျှောက်ကြတယ်။ ၁၄ ဘုရင်ဟာ ဒီစကားကို ကြားတာနဲ့ တအားစိတ်ထိခိုက်သွားပြီး ဒံယေလကို ကယ်ဖို့ နည်းလမ်းရှာတယ်။ သူ့ကိုကယ်ဖို့ နေဝင်ချိန်အထိ အစွမ်းကုန် ကြိုးစားတယ်။ ၁၅ နောက်ဆုံး အဲဒီလူတွေ အုပ်စုလိုက် အခစားဝင်လာပြီး “အရှင်မင်းကြီး၊ မင်းကြီးထုတ်ထားတဲ့ တားမြစ်ချက်ဖြစ်စေ၊ အမိန့်ဖြစ်စေ လုံးဝပြောင်းလဲလို့ မရနိုင်ဘူးဆိုတဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေကို သတိရပါ”+ ဆိုပြီး လျှောက်တင်တယ်။
၁၆ ဒါနဲ့ သူတို့က ဘုရင့်အမိန့်နဲ့ ဒံယေလကို ခေါ်လာပြီး ခြင်္သေ့တွင်းထဲ ပစ်ချကြတယ်။+ ဘုရင်က “မင်းအမြဲဝတ်ပြုတဲ့ ဘုရားသခင် ကယ်တင်မှာပါ” လို့ဒံယေလကိုပြောတယ်။ ၁၇ အဲဒီနောက် တွင်းဝကို ကျောက်တုံးနဲ့ ပိတ်လိုက်တယ်။ ဒံယေလနဲ့ပတ်သက်ပြီး ဘာမှအပြောင်းအလဲ မလုပ်နိုင်ဖို့ ဘုရင်က အဲဒီကျောက်တုံးပေါ်မှာ သူ့ရဲ့တံဆိပ်လက်စွပ်၊ မှူးမတ်တွေရဲ့ တံဆိပ်လက်စွပ်နဲ့ တံဆိပ်ခတ်လိုက်တယ်။
၁၈ အဲဒီနောက် ဘုရင်က နန်းတော်ကို ပြန်သွားပြီး တစ်ညလုံး အစာရှောင်တယ်။ ဘယ်သူ့ကိုမှ မဖျော်ဖြေခိုင်းဘူး။* အိပ်လို့လည်း မပျော်နိုင်ဘူး။ ၁၉ အရုဏ်တက်တာနဲ့ ဘုရင်က ထပြီး ခြင်္သေ့တွင်းဆီ အပြေးအလွှား သွားတော့တယ်။ ၂၀ တွင်းနားရောက်တဲ့အခါ ဆို့နင့်တဲ့အသံနဲ့ အော်ခေါ်ပြီး “အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ကျွန် ဒံယေလ၊ မင်း အမြဲဝတ်ပြုတဲ့ ဘုရားသခင်က ခြင်္သေ့ရန်ကနေ ကယ်တင်နိုင်ခဲ့သလား” လို့မေးတယ်။ ၂၁ ချက်ချင်းပဲ ဒံယေလက “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ၂၂ ကျွန်တော်က ဘုရားသခင့်ရှေ့မှာ အပြစ်မဲ့တဲ့အပြင် မင်းကြီးကိုလည်း လုံးဝမပြစ်မှားခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ကိုးကွယ်တဲ့ ဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတဲ့အတွက်+ ကျွန်တော့်ကို အန္တရာယ်မပြုပါဘူး”+ လို့ဖြေတယ်။
၂၃ အဲဒီအခါ ဘုရင်က ဝမ်းသာလုံးဆို့ပြီး ဒံယေလကို တွင်းထဲကနေ ဆွဲတင်ဖို့ အမိန့်ပေးတယ်။ ဒံယေလကို တွင်းထဲကနေ ဆွဲတင်တဲ့အခါ ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိဘူး။ သူကိုးကွယ်တဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့လို့ပဲ။+
၂၄ အဲဒီနောက် ဘုရင်က ဒံယေလကို စွပ်စွဲခဲ့သူတွေကို ခေါ်လာပြီး သားမယားတွေနဲ့အတူ ခြင်္သေ့တွင်းထဲ ပစ်ချဖို့ အမိန့်ထုတ်လိုက်တယ်။ သူတို့ တွင်းအောက် မရောက်သေးခင် ခြင်္သေ့တွေက ဖမ်းဆွဲပြီး အရိုးပါမကျန် ကိုက်စားပစ်လိုက်တယ်။+
၂၅ အဲဒီနောက် ဒါရိမင်းဟာ ကမ္ဘာမြေတစ်ခွင်မှာ နေထိုင်တဲ့၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဆီ သဝဏ်လွှာ ရေးပို့လိုက်တယ်–+ “မင်းတို့ဆီမှာ ငြိမ်သက်ခြင်း တိုးများပါစေ။ ၂၆ ငါ့နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူအားလုံး ဒံယေလကိုးကွယ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြစေလို့ ငါအမိန့်ထုတ်တယ်။+ အဲဒီဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရား၊ ထာဝစဉ်တည်တဲ့အရှင် ဖြစ်တယ်။ သူ့နိုင်ငံဟာ ဘယ်တော့မှ မပျက်စီးဘူး။ အုပ်ချုပ်ခွင့်အာဏာဟာ ထာဝစဉ် တည်တံ့တယ်။+ ၂၇ အဲဒီဘုရားက ဒံယေလကို ခြင်္သေ့တွေရဲ့ရန်ကနေ ကယ်တင်လိုက်ပြီ။ ဒါကြောင့် ဒီဘုရားဟာ သူ့လူတွေကို မစကယ်တင်တဲ့ဘုရား၊+ ကောင်းကင်နဲ့ မြေကြီးပေါ်မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ဆောင်တဲ့ဘုရားပဲ။”+
၂၈ ဒီလိုနဲ့ ဒံယေလဟာ ဒါရိမင်းရဲ့နိုင်ငံ၊+ ပါးရှားဘုရင် ဆိုင်းရပ်ရဲ့နိုင်ငံမှာ+ ကောင်းစားခဲ့တယ်။
၇ ဗာဗုလုန်ဘုရင် ဗေလရှာဇာ+ နန်းစံပထမနှစ်မှာ ဒံယေလ အိပ်စက်နေတုန်း အိပ်မက်မက်ပြီး စိတ်အာရုံတွေ မြင်တယ်။+ ဒါနဲ့ အဲဒီအိပ်မက်အကြောင်းကို ချရေးပြီး+ အပြည့်အစုံ မှတ်တမ်းတင်လိုက်တယ်။ ၂ မှတ်တမ်းထဲမှာ သူရေးထားတာက–
“ညအခါမြင်တဲ့ စိတ်အာရုံတွေထဲမှာ ကျယ်ပြောလှတဲ့ ပင်လယ်ပေါ် အရပ်လေးမျက်နှာကနေ လေတွေ* တိုက်ခတ်နေတာကို ငါမြင်တယ်။+ ၃ အဲဒီနောက် ပုံသဏ္ဌာန်ချင်းမတူတဲ့ သားရဲကြီး ၄ ကောင်+ ပင်လယ်ထဲက တက်လာတယ်။
၄ “ပထမသားရဲဟာ ခြင်္သေ့နဲ့တူတယ်။+ လင်းယုန်ရဲ့တောင်ပံတွေရှိတယ်။+ ငါကြည့်နေတုန်းမှာပဲ သူ့တောင်ပံတွေ ကျွတ်ထွက်သွားတယ်။ သူ့ကို မြေပေါ်ကနေ ချီမလိုက်တဲ့အတွက် လူလို ခြေနှစ်ချောင်းနဲ့ မတ်တတ်ရပ်တယ်။ သူက လူမှာရှိတဲ့ စိတ်နှလုံးမျိုးကို ရတယ်။
၅ “ငါကြည့်လိုက်ပြန်တော့ ဝက်ဝံနဲ့တူတဲ့ ဒုတိယသားရဲကို မြင်တယ်။+ သူဟာ လက်တစ်ဖက် ကြွထားပြီး နံရိုးသုံးချောင်း ကိုက်ထားတယ်။ အသံတစ်သံက ‘ထပါ။ အသား များများ စားပါ’ လို့ သူ့ကိုပြောတယ်။+
၆ “ငါဆက်ကြည့်နေတဲ့အခါ ကျားသစ်နဲ့တူတဲ့ သားရဲတစ်ကောင်ကို မြင်တယ်။+ သူ့ကျောပေါ်မှာ ငှက်တောင်ပံလိုမျိုး တောင်ပံ ၄ ခုရှိတယ်။ ခေါင်း ၄ လုံးရှိတယ်။+ သူက အုပ်ချုပ်ခွင့်အာဏာကို ရတယ်။
၇ “ငါဆက်ကြည့်နေတုန်း စိတ်အာရုံမှာ စတုတ္ထသားရဲကို မြင်တယ်။ သူဟာ သိပ်ကြောက်စရာကောင်းပြီး တအားသန်မာတယ်။ သံသွားကြီးတွေရှိတယ်။ အရာအားလုံးကို ကိုက်စားခြေမွှပြီး ကျန်တာတွေကို နင်းခြေပစ်တယ်။+ သူ့ရှေ့က သားရဲတွေနဲ့ လုံးဝမတူဘူး။ သူ့မှာ ဦးချို ၁၀ ချောင်းရှိတယ်။ ၈ အဲဒီချိုတွေအကြောင်း ငါစဉ်းစားနေတုန်းမှာပဲ ချိုတွေအလယ်မှာ ချိုငယ်တစ်ချောင်း ထပ်ပေါက်လာတယ်။+ အရင်ချိုသုံးချောင်းဟာ သူ့ရှေ့မှာ ကျွတ်ထွက်သွားတယ်။ အဲဒီချိုငယ်မှာ လူ့မျက်စိနဲ့တူတဲ့ မျက်စိတွေရှိပြီး မောက်မောက်မာမာ ပြောတတ်တဲ့ ပါးစပ်ရှိတယ်။+
၉ “ငါဆက်ကြည့်နေတုန်း ရာဇပလ္လင်တွေကို နေရာချထားတာ၊ အသက်အကြီးဆုံးအရှင်+ ထိုင်နေတာကို+ မြင်တယ်။ သူ့အဝတ်ဟာ နှင်းလို ဖြူဖွေးနေပြီး+ ဆံပင်လည်း သိုးမွေးလို သန့်စင်တယ်။ သူထိုင်တဲ့ ရာဇပလ္လင်ဟာ မီးလျှံတွေ၊ ပလ္လင်ရဲ့ဘီးတွေဟာ တောက်လောင်နေတဲ့ မီးတွေ ဖြစ်နေတယ်။+ ၁၀ သူ့ဆီကနေ မီးတွေ ချောင်းလိုစီးဆင်းလာတယ်။+ သန်းနဲ့ချီတဲ့သူတွေ သူ့ဆီမှာ အမှုထမ်းကြတယ်။ သန်းရာချီရှိတဲ့သူတွေ သူ့ရှေ့မှာ ခစားနေကြတယ်။+ တရားရုံး+ ဖွင့်လှစ်ပြီ။ စာစောင်တွေကို ဖွင့်ထားတယ်။
၁၁ “အဲဒီအချိန်မှာ ငါကြည့်လိုက်တဲ့အခါ အဲဒီသားရဲဟာ မောက်မောက်မာမာ ပြောတဲ့ ဦးချိုရဲ့အသံကြောင့်+ အသတ်ခံရတာ၊ သူ့ကိုယ်ခန္ဓာ မီးထဲပစ်ချပြီး ဖျက်ဆီးခံလိုက်ရတာကို ငါမြင်တယ်။ ၁၂ ကျန်တဲ့သားရဲတွေကတော့+ အာဏာရုပ်သိမ်းခံရပေမဲ့ အချိန်ကာလတစ်ခုအထိ ဆက်အသက်ရှင်ခွင့် ရကြတယ်။
၁၃ “ငါဆက်ကြည့်နေတုန်း စိတ်အာရုံမှာ လူသားနဲ့တူတဲ့သူတစ်ယောက်+ မိုးတိမ်ခြံရံပြီး လာနေတာကို ငါမြင်တယ်။ သူက အသက်အကြီးဆုံးအရှင်ရှေ့ ဝင်ခွင့်ရတယ်။+ သူ့ကို အဲဒီအရှင်ရဲ့ရှေ့တော် ခေါ်လာကြတယ်။ ၁၄ သူက အုပ်ချုပ်ခွင့်အာဏာ၊+ ဂုဏ်ကျက်သရေနဲ့+ နိုင်ငံတစ်ခုကိုရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။+ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။+
၁၅ “ငါဒံယေလဟာ မြင်ရတဲ့ စိတ်အာရုံတွေကြောင့် ထိတ်လန့်ပြီး ပူပင်သောက ရောက်နေတယ်။+ ၁၆ ဒါနဲ့ အဲဒီမှာရပ်နေသူအနားကို သွားပြီး ဒါ ဘာကိုဆိုလိုတာလဲလို့ မေးလိုက်တယ်။ သူက အဓိပ္ပာယ်ကို ပြောပြတယ်–
၁၇ “‘အဲဒီသားရဲကြီး ၄ ကောင်ဟာ+ ကမ္ဘာပေါ်မှာ ပေါ်ထွန်းလာမယ့် ဘုရင် ၄ ပါးပဲ။+ ၁၈ ဒါပေမဲ့ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေက+ နိုင်ငံကို ရလိမ့်မယ်။+ အဲဒီနိုင်ငံကို သူတို့ အစဉ်ထာဝရ ပိုင်ဆိုင်ကြလိမ့်မယ်။’+
၁၉ “တခြားသားရဲတွေနဲ့ လုံးဝမတူတဲ့ စတုတ္ထသားရဲအကြောင်းကို ငါသိချင်တယ်။ သူဟာ ကြောက်စရာ သိပ်ကောင်းတယ်။ သူ့မှာ သံသွားတွေ၊ ကြေးနီခြေသည်းတွေ ရှိတယ်။ အရာအားလုံးကို ကိုက်စားခြေ မွှပြီး ကျန်တာတွေကို နင်းခြေပစ်တယ်။+ ၂၀ သူ့ခေါင်းပေါ်က ဦးချို ၁၀ ချောင်းနဲ့+ ထပ်ပေါက်လာတဲ့ ချိုတစ်ချောင်းရဲ့ အကြောင်းကိုလည်း ငါသိချင်တယ်။ အရင်ချိုသုံးချောင်းက အဲဒီချိုရှေ့မှာ ကျိုးသွားတယ်။+ အဲဒီချိုမှာ မျက်စိတွေရှိတယ်။ မောက်မောက်မာမာ ပြောတတ်တဲ့ ပါးစပ်ရှိတယ်။ တခြားချိုတွေထက် ပိုကြီးတယ်။
၂၁ “ငါဆက်ကြည့်နေတုန်း အဲဒီချိုက သန့်ရှင်းသူတွေကို စစ်တိုက်ပြီး အနိုင်ရသွားတယ်။+ ၂၂ အသက်အကြီးဆုံးအရှင်+ မရောက်လာမချင်း၊ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေဘက်ကနေ+ တရားစီရင်ပေးချိန် မရောက်မချင်း သူအနိုင်ရတယ်။ အဲဒီနောက် နိုင်ငံကို သန့်ရှင်းသူတွေ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားတဲ့အချိန် ရောက်လာတယ်။+
၂၃ “ငါ့ကို အဓိပ္ပာယ်ပြောပြတဲ့သူက ‘စတုတ္ထသားရဲဟာ ကမ္ဘာပေါ်မှာ ပေါ်လာမယ့် စတုတ္ထနိုင်ငံပဲ။ အဲဒီနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ တူမှာ မဟုတ်ဘူး။ မြေတစ်ပြင်လုံးကို ကိုက်စားခြေမွှပြီး နင်းခြေလိမ့်မယ်။+ ၂၄ ချို ၁၀ ချောင်းကတော့ အဲဒီနိုင်ငံထဲကနေ ပေါ်ထွက်လာမယ့် ဘုရင် ၁၀ ပါးပဲ။ အဲဒီနောက် ဘုရင်တစ်ပါး ပေါ်လာဦးမယ်။ သူဟာ အရင်ကဘုရင်တွေနဲ့ မတူဘူး။ ဘုရင် ၃ ပါးကို နှိမ်နင်းလိမ့်မယ်။+ ၂၅ အမြင့်ဆုံးအရှင်ကို သူ ပုတ်ခတ်ပြောဆိုမယ်။+ အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေကို မပြတ်ဒုက္ခပေးမယ်။ အချိန်ကာလနဲ့ ပညတ်တရားကို ပြောင်းလဲဖို့ သူကြိုးစားမယ်။ သန့်ရှင်းသူတွေဟာ တစ်ကာလ၊ နှစ်ကာလနဲ့ ကာလတစ်ဝက်ပတ်လုံး* သူ့လက်ထဲကျရောက်လိမ့်မယ်။+ ၂၆ ဒါပေမဲ့ တရားရုံး ဖွင့်လှစ်ပြီး သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာကို ရုပ်သိမ်းလိမ့်မယ်။ သူ့ကို အစတုံး ဖျက်ဆီးလိမ့်မယ်။+
၂၇ “‘အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေဟာ နိုင်ငံနဲ့ အုပ်ချုပ်ခွင့်အာဏာကို၊ ကောင်းကင်အောက်မှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ခမ်းနားထည်ဝါမှုကိုရလိမ့်မယ်။+ သူတို့ရဲ့နိုင်ငံဟာ ထာဝစဉ် တည်လိမ့်မယ်။+ နိုင်ငံအားလုံးက သူတို့ဆီမှာ အမှုထမ်းပြီး အမိန့်ကို နာခံကြလိမ့်မယ်။’
၂၈ “ငါမြင်ခဲ့ကြားခဲ့တာတွေဟာ ဒီလောက်ပါပဲ။ ငါဒံယေလက အကြီးအကျယ် ထိတ်လန့်နေတဲ့အတွက် မျက်နှာသွေးဆုတ်တဲ့အထိ ဖြစ်နေတယ်။ ဒီအကြောင်းကိုတော့ စိတ်ထဲမှာပဲထားလိုက်တယ်။”
၈ ငါဒံယေလက ဗေလရှာဇာမင်း+ နန်းစံသုံးနှစ်မှာ စိတ်အာရုံ နောက်တစ်ခုကို မြင်တယ်။+ ၂ မြင်ရတဲ့ စိတ်အာရုံမှာ ငါဟာ ဧလံခရိုင်မှာရှိတဲ့+ ရှုရှန်နန်းတော်ထဲ+ ရောက်နေတယ်။ ဥလဲမြစ်ဘေးမှာ* စိတ်အာရုံကို ငါမြင်တယ်။ ၃ ငါလှမ်းကြည့်လိုက်တဲ့အခါ အဲဒီမြစ်ရှေ့မှာ သိုးထီးတစ်ကောင်+ ရပ်နေတာကို မြင်တယ်။ သူ့မှာ ဦးချိုနှစ်ချောင်း ရှိတယ်။+ ချိုနှစ်ချောင်းစလုံး ရှည်ပေမဲ့ တစ်ချောင်းက ပိုရှည်တယ်။ ပိုရှည်တဲ့ချိုက နောက်မှ ပေါက်လာတယ်။+ ၄ အဲဒီသိုးထီးကအနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက်ကို ဝှေ့နေတာ ငါမြင်တယ်။ သူ့ရှေ့မှာ သားရဲတစ်ကောင်မှ မရပ်တည်နိုင်ဘူး။ သူ့လက်ကလွတ်အောင် ဘယ်သူမှ မကယ်နိုင်ဘူး။+ အလိုရှိတဲ့အတိုင်း လုပ်ပြီး မာန်ထောင်နေတယ်။
၅ ငါဆက်ကြည့်နေတုန်း ဆိတ်ထီးတစ်ကောင်က+ အနောက်ဘက်ကနေ ရောက်လာတယ်။ မြေကို မနင်းဘဲ မြေတစ်ပြင်လုံးကို ဖြတ်ကျော်လာတယ်။ သူ့မျက်စိနှစ်လုံးကြားမှာ သိသာထင်ရှားတဲ့ ချိုတစ်ချောင်းရှိတယ်။+ ၆ အဲဒီဆိတ်ထီးက ချိုနှစ်ချောင်းနဲ့ သိုးထီးဆီ ဒေါသတကြီး ပြေးလာတယ်။ အဲဒီသိုးဟာ မြစ်ရှေ့မှာရပ်နေတာကို ငါမြင်ခဲ့တဲ့ သိုးထီးပဲ။
၇ ဆိတ်ထီးက သိုးထီးနား ရောက်တဲ့အခါ ဒေါသတကြီး ဝှေ့ပြီး သိုးထီးရဲ့ ချိုနှစ်ချောင်းကို ချိုးပစ်တာ ငါမြင်တယ်။ သိုးထီးဟာ ဆိတ်ထီးရှေ့မှာ ရပ်တည်နိုင်စွမ်း မရှိဘူး။ ဆိတ်ထီးက သိုးထီးကို မြေပေါ်လှဲချပြီး နင်းခြေပစ်တယ်။ သူ့လက်ကနေ ဘယ်သူမှ မကယ်နိုင်ဘူး။
၈ ဆိတ်ထီးက အကြီးအကျယ် မာန်ထောင်လာတယ်။ ဒါပေမဲ့ ခွန်အားကြီးလာတာနဲ့ တစ်ပြိုင်နက် သူ့ချိုကြီး ကျိုးသွားတယ်။ အဲဒီနေရာမှာ သိသာထင်ရှားတဲ့ချို ၄ ချောင်းက အရပ်လေးမျက်နှာဆီ* မျက်နှာမူပြီး ပေါက်လာတယ်။+
၉ အဲဒီချို ၄ ချောင်းထဲက တစ်ချောင်းကနေ ချိုငယ်တစ်ချောင်း ထပ်ပေါက်လာတယ်။ အဲဒီချိုငယ်က တောင်ဘက်၊ အရှေ့ဘက်နဲ့ သာယာလှပတဲ့ ပြည်ဘက်ကို မျက်နှာမူပြီး တန်ခိုးကြီးလာတယ်။+ ၁၀ ကောင်းကင်ဗိုလ်ခြေကို မီတဲ့အထိ တန်ခိုးကြီးလာတော့ ဗိုလ်ခြေတချို့နဲ့ ကြယ်တချို့ကို မြေပေါ်ဆွဲချပြီး နင်းခြေပစ်တယ်။ ၁၁ အဲဒီချိုငယ်ဟာ မာန်ထောင်လာပြီး ဗိုလ်ခြေတို့ရဲ့မင်းကိုတောင် အန်တုလာတယ်။ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာကို ဗိုလ်ခြေတို့ရဲ့ မင်းဆီကနေ ဖယ်ရှားပစ်ပြီး တည်ထားတဲ့ သန့်ရှင်းရာဌာနတော်ကိုလည်း ဖြိုချလိုက်တယ်။+ ၁၂ အဲဒီပြစ်မှားမှုကြောင့် ဗိုလ်ခြေတစ်တပ်နဲ့ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာဟာ ချိုငယ်လက်ထဲ ရောက်သွားတယ်။ ချိုငယ်က အမှန်တရားကို မြေပေါ် ပစ်ချတယ်။ လုပ်လေသမျှ အောင်မြင်တယ်။
၁၃ သန့်ရှင်းသူတစ်ယောက် စကားပြောနေတာကို ငါကြားတယ်။ သန့်ရှင်းသူနောက်တစ်ယောက်က သူ့ကို “ဒီစိတ်အာရုံမှာပါတဲ့ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာ၊ ပျက်စီးစေတဲ့ပြစ်မှားမှု၊ သန့်ရှင်းရာအရပ်နဲ့ ဗိုလ်ခြေတစ်တပ် နင်းခြေခံရတာတွေဟာ ဘယ်လောက်ကြာကြာ ဖြစ်နေမှာလဲ”+ လို့မေးတယ်။ ၁၄ ဒါနဲ့ သူက “ညဦးနဲ့မနက် ပေါင်း ၂,၃၀၀ ကြာလိမ့်မယ်။ ပြီးမှ သန့်ရှင်းရာအရပ်ဟာ အခြေအနေမှန်ကို ပြန်ရောက်လိမ့်မယ်” လို့ ငါ့ကိုပြောတယ်။
၁၅ ငါဒံယေလက စိတ်အာရုံကို ကြည့်ပြီး နားလည်ဖို့ ကြိုးစားနေတုန်း လူသဏ္ဌာန်ရှိသူတစ်ယောက် ငါ့ရှေ့မှာ ရပ်နေတာကို မြင်တယ်။ ၁၆ အဲဒီနောက် ဥလဲမြစ်လယ်မှာရှိတဲ့+ လူတစ်ယောက်က “ဂါဗြေလ၊+ သူမြင်ရတာတွေကို နားလည်အောင် ရှင်းပြလိုက်ပါ”+ ဆိုပြီး လှမ်းပြောတာကို ငါကြားတယ်။ ၁၇ ဒါနဲ့ လူသဏ္ဌာန်ရှိသူဟာ ငါရပ်တဲ့နေရာနားကို ရောက်လာတဲ့အတွက် ငါလည်း ကြောက်လွန်းလို့ ပျပ်ဝပ်လိုက်တယ်။ သူက “လူသား၊ ဒီစိတ်အာရုံဟာ အဆုံးပိုင်းကာလမှာ ပြည့်စုံမယ်ဆိုတာ သိထားပါ”+ လို့ပြောတယ်။ ၁၈ သူစကားပြောနေတုန်း မြေပေါ် မျက်နှာအပ်ပြီး ငါအိပ်မောကျသွားတယ်။ ဒါကြောင့် သူက ငါ့ကို လက်နဲ့တို့ပြီး နဂိုနေရာမှာ ပြန်ရပ်ခိုင်းတယ်။+ ၁၉ အဲဒီနောက် သူပြောတာက– “ပြစ်ဒဏ်စီရင်ချိန်ရဲ့ အဆုံးပိုင်းကာလမှာ ဘာဖြစ်လာမယ်ဆိုတာ ခင်ဗျားကို ကျုပ်ပြောပြမယ်။ အဆုံးပိုင်းကာလ သတ်မှတ်ထားချိန်မှာ အဲဒီအတိုင်း ဖြစ်လာမယ်။+
၂၀ “ခင်ဗျားမြင်ရတဲ့ ချိုနှစ်ချောင်းနဲ့ သိုးထီးက မီးဒီးယားနဲ့ ပါးရှားဘုရင်တွေကို ဆိုလိုတယ်။+ ၂၁ အမွေးထူတဲ့ ဆိတ်ထီးဟာ ဂရိဘုရင်ကို ဆိုလိုတယ်။+ သူ့မျက်စိနှစ်လုံးကြားက ချိုကြီးဟာ ပထမဘုရင်ကို ဆိုလိုတယ်။+ ၂၂ အဲဒီချို ကျိုးသွားပြီး အဲဒီနေရာမှာ ချို ၄ ချောင်း ပေါက်လာတယ်ဆိုတော့+ သူ့လူမျိုးထဲကနေ နိုင်ငံ ၄ ခု ပေါ်လာမယ်။ ဒါပေမဲ့ သူ့လောက် တန်ခိုးကြီးမှာ မဟုတ်ဘူး။
၂၃ “ပြစ်မှားသူတွေဟာ မိမိတို့အုပ်ချုပ်ချိန် အဆုံးပိုင်းမှာ ကမ်းကုန်အောင် အပြစ်ကျူးလွန်ကြလိမ့်မယ်။ အဲဒီအချိန်မှာ မျက်နှာထား ကြမ်းကြုတ်ပြီး ရှုပ်ထွေးတဲ့ စကားတွေကို နားလည်တဲ့* ဘုရင်တစ်ပါး ပေါ်လာမယ်။ ၂၄ အဲဒီဘုရင်ဟာ ကိုယ်ပိုင်အစွမ်းအစကြောင့် မဟုတ်ဘဲ တန်ခိုးကြီးမားလာပြီး သိမ်းရုံးဖျက်ဆီးမယ်။ လုပ်ဆောင်လေသမျှ အောင်မြင် ထိရောက်မယ်။ ခွန်အားကြီးသူတွေကိုရော သန့်ရှင်းသူတွေကိုပါ ဖျက်ဆီးမယ်။+ ၂၅ လူတွေကို ကလိမ်ဉာဏ်နဲ့ လှည့်စားနိုင်လိမ့်မယ်။ စိတ်နေမြင့်လာမယ်။ ဘေးကင်းလုံခြုံနေချိန်မှာ* လူအများကြီးကို ဖျက်ဆီးလိမ့်မယ်။ ဘုရင်တို့ရဲ့ဘုရင်ကိုတောင် အန်တုလိမ့်မယ်။ ဒါပေမဲ့ လူ့လက်နဲ့မဟုတ်ဘဲ ကျိုးပဲ့ပျက်စီးရလိမ့်မယ်။
၂၆ “ညဦးနဲ့ မနက်တွေအကြောင်း စိတ်အာရုံမှာ ပြောခဲ့တဲ့အချက်ဟာ မှန်ကန်တယ်။ ဒီစိတ်အာရုံဟာ နောင်အနာဂတ်နဲ့ သက်ဆိုင်တဲ့အတွက် လျှို့ဝှက်ထားပါ။”+
၂၇ ငါဒံယေလက မောပန်းနွမ်းနယ်ပြီး ရက်အတော်ကြာ ဖျားနေတယ်။+ အဲဒီနောက် ထပြီး မင်းကြီးဆီမှာ ပြန်အမှုထမ်းတယ်။+ ဒါပေမဲ့ မြင်ခဲ့ရတဲ့အရာကြောင့် မိန်းမောတွေဝေနေတုန်းပဲ။ အဲဒီစိတ်အာရုံအကြောင်း ဘယ်သူမှ နားမလည်နိုင်ဘူး။+
၉ အချိန်ကတော့ ခါလဒဲလူတွေရဲ့ နိုင်ငံကို အုပ်စိုးဖို့+ မီးဒီးယားလူမျိုး အာရွှေရုရဲ့သား ဒါရိမင်း နန်းတက်လာတဲ့ ပထမနှစ် ဖြစ်တယ်။+ ၂ ဒါရိမင်း နန်းစံပထမနှစ်မှာ ငါဒံယေလက ဂျေရုဆလင်မြို့ ပျက်စီးနေမယ့်+ အချိန်ကာလဟာ နှစ်ပေါင်း ၇၀ ကြာမယ်ဆိုတာကို+ ကျမ်းစောင်တွေကတစ်ဆင့် သိလာတယ်။ ပရောဖက်ယေရမိကို ယေဟောဝါ အဲဒီလိုပဲမိန့်မှာခဲ့တယ်။ ၃ ဒါကြောင့် ငါလည်း အစာရှောင်၊+ အထည်ကြမ်းဝတ်ပြီး ပြာထဲမှာ ထိုင်နေတယ်။ စစ်မှန်တဲ့ဘုရား ယေဟောဝါကို မျှော်ကိုးပြီး ဆုတောင်းအသနားခံတယ်။ ၄ ယေဟောဝါဘုရားဆီ ဆုတောင်းပြီး အပြစ်တွေကို ဝန်ချတောင်းပန်တယ်–
“အို စစ်မှန်တဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ကြီးမြတ်ပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့အရှင်၊ ပဋိညာဉ်ကို တည်စေတဲ့အရှင်၊ ကိုယ်တော့်ကိုချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့အရှင်ပါ။+ ၅ ကျွန်တော်တို့ ပြစ်မှားပါပြီ။ မကောင်းမှု ကျူးလွန်ပြီး ဆိုးညစ်စွာ လုပ်ဆောင်ခဲ့ပါပြီ။ ကိုယ်တော့်ကို ပုန်ကန်ခဲ့ပါပြီ။+ ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေကနေ လမ်းလွဲခဲ့ပါပြီ။ ၆ ကိုယ်တော့်ကျွန် ပရောဖက်တွေက နာမတော်ကို အမှီပြုပြီး ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ဘိုးဘေးတွေ၊ ပြည်သူပြည်သားတွေကို ဟောခဲ့ပေမဲ့ ကျွန်တော်တို့ နားမထောင်ခဲ့ဘူး။+ ၇ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ဖြောင့်မတ်ပါတယ်။ ကိုယ်တော့်ကို သစ္စာမဲ့ခဲ့တဲ့အတွက် ရပ်နီးရပ်ဝေးကပြည်တွေဆီ ကွဲလွင့်သွားတဲ့ ကျွန်တော်တို့ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေ၊ အစ္စရေးတွေကတော့ အခုလို အရှက်တကွဲ ဖြစ်နေရပါတယ်။+
၈ “ယေဟောဝါဘုရား၊ ကိုယ်တော့်ကို ပြစ်မှားခဲ့တဲ့အတွက် ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ဘိုးဘေးတွေအပါအဝင် ကျွန်တော်တို့အားလုံး အရှက်တကွဲ ဖြစ်နေရပါတယ်။ ၉ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါဟာ ကရုဏာရှိပြီး ခွင့်လွှတ်တတ်တယ်။+ ဒါပေမဲ့ ကိုယ်တော့်ကို ကျွန်တော်တို့ ပုန်ကန်ခဲ့တယ်။+ ၁၀ ယေဟောဝါဘုရားရဲ့ စကားကို မနာခံခဲ့ဘူး။ ကိုယ်တော့်ကျွန် ပရောဖက်တွေကတစ်ဆင့် ပေးခဲ့တဲ့ ပညတ်တွေကို မလိုက်နာခဲ့ဘူး။+ ၁၁ အစ္စရေးတစ်မျိုးလုံး ပညတ်တရားကို ချိုးဖောက်ခဲ့တယ်။ ကိုယ်တော့်ကို မနာခံဘဲ လမ်းလွဲခဲ့တယ်။ ပြစ်မှားခဲ့တယ်။ ဒါကြောင့် စစ်မှန်တဲ့ဘုရားသခင်ရဲ့ကျွန် မောရှေရဲ့ ပညတ်မှာပါတဲ့ ကျိန်စာတွေ၊ သစ္စာဆိုချက်တွေအတိုင်း ကျွန်တော်တို့ကို ကြုံတွေ့စေခဲ့တယ်။+ ၁၂ ကျွန်တော်တို့နဲ့ပတ်သက်ပြီး၊ ကျွန်တော်တို့ကို အုပ်စိုးတဲ့ အုပ်စိုးရှင်တွေနဲ့ပတ်သက်ပြီး ကိုယ်တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခဲ့တယ်။+ ဂျေရုဆလင်မှာ ကျရောက်ခဲ့တဲ့ ဘေးဆိုးလောက် ကြီးမားတဲ့ဘေးဆိုးမျိုး ကောင်းကင်အောက်မှာ တစ်ခါမှ မကျရောက်ဖူးပါဘူး။+ ၁၃ မောရှေပညတ်မှာ ပါတဲ့အတိုင်း ဒီဘေးဆိုးတွေ ကျွန်တော်တို့အပေါ် ကျရောက်ခဲ့တယ်။+ ဒါတောင် ကျွန်တော်တို့က ယေဟောဝါဘုရားဆီ မျက်နှာသာရဖို့ အသနားမခံခဲ့ဘူး။ အမှားတွေကို မစွန့်လွှတ်ခဲ့ဘူး။+ ကိုယ်တော်နဲ့ပတ်သက်တဲ့ အမှန်တရားကို နားလည်ဖို့ မကြိုးစားခဲ့ဘူး။
၁၄ “ဒါကြောင့် ယေဟောဝါဘုရားက မပြတ်စောင့်ကြည့်နေပြီး ကျွန်တော်တို့အပေါ် ဘေးဆိုးကျရောက်စေခဲ့တယ်။ ယေဟောဝါဘုရား လုပ်ဆောင်လေသမျှ ဖြောင့်မတ်ပါတယ်။ ကျွန်တော်တို့ကသာ ကိုယ်တော့်စကားကို မနာခံခဲ့တာပါ။+
၁၅ “ယေဟောဝါဘုရား၊ လူမျိုးတော်ကို အားကြီးတဲ့လက်ရုံးနဲ့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး+ နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပါပြီ။+ ကျွန်တော်တို့ကတော့ ပြစ်မှားပြီး ဆိုးညစ်စွာ လုပ်ဆောင်ခဲ့ပါပြီ။ ၁၆ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့လုပ်ရပ်တွေကို ထောက်ထားပြီး+ အမျက်တော်ကို သန့်ရှင်းတဲ့တောင်ဖြစ်တဲ့ ဂျေရုဆလင်မြို့ကနေ ရုပ်သိမ်းပေးလှည့်ပါ။ ကျွန်တော်တို့နဲ့ ဘိုးဘေးတွေရဲ့ အပြစ်တွေ၊ အမှားတွေကြောင့် ဂျေရုဆလင်မြို့ရော လူမျိုးတော်ပါ ပတ်ဝန်းကျင်လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်နေပါပြီ။+ ၁၇ အို ဘုရားသခင်၊ အခု ကျွန်တော်မျိုး ဆုတောင်းတာ၊ အသနားခံတာကို နားထောင်ပေးပါ။ ယေဟောဝါဘုရား၊ နာမတော်ကို ထောက်ထားပြီး ပျက်စီးနေတဲ့+ သန့်ရှင်းရာဌာနတော်အပေါ် မျက်နှာသာအလင်း ထွန်းလင်းပေးပါ။+ ၁၈ အို ဘုရားသခင်၊ နားထောင်လှည့်ပါ။ ကြားလှည့်ပါ။ ပျက်စီးနေတဲ့ ကျွန်တော်တို့ရဲ့ အဖြစ်ကိုရော နာမတော်နဲ့ မှည့်ခေါ်ထားတဲ့ ဒီမြို့ရဲ့အဖြစ်ကိုပါ ကြည့်မြင်လှည့်ပါ။ ကိုယ့်ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကြောင့် မဟုတ်ဘဲ ကြီးမားလှတဲ့ ကရုဏာတော်ကို မျှော်ကိုးပြီး အခုလို အသနားခံနေတာပါ။+ ၁၉ ယေဟောဝါဘုရား၊ ကြားလှည့်ပါ။ ယေဟောဝါဘုရား၊ ခွင့်လွှတ်ပေးပါ။+ ယေဟောဝါဘုရား၊ အာရုံစိုက်ပေးပါ။ ဘုရားသခင်၊ ဒီမြို့နဲ့ ဒီလူတွေကို နာမတော်နဲ့ မှည့်ခေါ်ထားတဲ့အတွက် နာမတော်ကိုထောက်ပြီး မနှောင့်နှေးဘဲ အရေးယူ လုပ်ဆောင်ပေးပါ။”+
၂၀ ငါက အဲဒီလိုပြောပြီး ငါ့အပြစ်၊ ငါ့လူမျိုးအစ္စရေးတွေရဲ့ အပြစ်ကို ဝန်ချတောင်းပန်ရင်း ဆုတောင်းတယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့တောင်နဲ့ပတ်သက်ပြီး ယေဟောဝါဘုရားရဲ့ မျက်နှာသာရဖို့ အသနားခံတယ်။+ ၂၁ အဲဒီလိုဆုတောင်းလို့ မဆုံးခင်မှာပဲ အရင်စိတ်အာရုံမှာ မြင်ခဲ့ရတဲ့+ ဂါဗြေလဆိုတဲ့သူ+ ငါ့ဆီရောက်လာတယ်။ ညဦးပိုင်းပူဇော်သက္ကာ ဆက်သရမယ့် အဲဒီအချိန်မှာ ငါအကြီးအကျယ် နွမ်းလျနေတယ်။ ၂၂ ငါ့ကို သူရှင်းပြတာက–
“ဒံယေလ၊ ထိုးထွင်းသိမြင်နိုင်စွမ်း၊ သိနားလည်နိုင်စွမ်း ပေးဖို့ ခင်ဗျားဆီ ကျုပ်လာခဲ့တာ။ ၂၃ ခင်ဗျား စပြီးအသနားခံချိန်မှာ အမိန့်တစ်ခု ရတယ်။ ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ*+ ဖြစ်လို့ အဲဒီအမိန့်အကြောင်း ကျုပ်လာပြောတာ။ ဒါကြောင့် ကျုပ်ပြောတာကို စဉ်းစားပြီး စိတ်အာရုံကို နားလည်အောင် ကြိုးစားပါ။
၂၄ “ပြစ်မှားမှုကို အဆုံးသတ်ဖို့၊ အပြစ်ကို ဖယ်ရှားဖို့၊+ အမှားကို ခွင့်လွှတ်ဖို့၊+ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊+ စိတ်အာရုံနဲ့ ပရောဖက်ပြုချက်ကို တံဆိပ်ခတ်ဖို့၊+ သန့်ရှင်းတကာ့ အသန့်ရှင်းဆုံးအရပ်ကို ဘိသိက်ဆီ လောင်းပြီး ဆက်ကပ်ဖို့ ခင်ဗျားရဲ့လူမျိုးနဲ့ သန့်ရှင်းတဲ့မြို့တော်အတွက်+ သီတင်း* ၇၀ ကို သတ်မှတ်ထားတယ်။ ၂၅ ဂျေရုဆလင်မြို့ကို ထူထောင်ပြီး ပြန်တည်ဆောက်ဖို့ အမိန့်ထုတ်ပြန်ချိန်ကနေ+ ခေါင်းဆောင်+ မေရှိယ*+ ပေါ်ထွန်းချိန်အထိ ၇ သီတင်းနဲ့ ၆၂ သီတင်း ကြာမယ်+ ဆိုတာကို သိနားလည်ထားပါ။ လူထုရင်ပြင်နဲ့ ကျုံးအပါအဝင် ဂျေရုဆလင်မြို့ကို ထူထောင်ပြီး ပြန်တည်ဆောက်လိမ့်မယ်။ ဒါပေမဲ့ အကျပ်အတည်းကာလမှာ ဖြစ်လိမ့်မယ်။
၂၆ “၆၂ သီတင်းကုန်ဆုံးတဲ့အခါ မေရှိယဟာ ဘာကိုမှ မပိုင်ဆိုင်ဘဲ+ ပယ်ရှင်းခံရမယ်။+
“ပေါ်လာမယ့် ခေါင်းဆောင်ရဲ့ လူတွေက မြို့တော်နဲ့ သန့်ရှင်းရာအရပ်ကို ဖျက်ဆီးမယ်။+ ရေလွှမ်းမိုးဘေးကြောင့် ဇာတ်သိမ်းသွားမယ်။* အဲဒီဇာတ်သိမ်းခန်း မရောက်မချင်း စစ်ဖြစ်နေလိမ့်မယ်။ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်အရ ပျက်စီးခြင်း ရောက်လာမယ်။+
၂၇ “သူက* သီတင်းပတ်တစ်ပတ်လုံး လူများစွာအတွက် ပဋိညာဉ်ကို အကျိုးသက်ရောက်စေမယ်။ အဲဒီတစ်သီတင်းရဲ့ တစ်ဝက်မှာ ပူဇော်သက္ကာတွေ၊ အလှူတွေကို ရပ်စဲစေမယ်။+
“ဖျက်ဆီးမယ့်သူဟာ ရွံစရာကောင်းတဲ့အရာတွေရဲ့ တောင်ပံနဲ့အတူ ရောက်လာမယ်။+ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်က ပျက်စီးနေတဲ့အရာအပေါ် ကျရောက်လာပြီး နောက်ဆုံးမှာ အဲဒီနေရာဟာ လုံးဝ ပျက်သုဉ်းသွားရလိမ့်မယ်။”
၁၀ ပါးရှားဘုရင် ဆိုင်းရပ်+ နန်းစံသုံးနှစ်မှာ ဗေလတရှာဇာလို့ခေါ်တဲ့ ဒံယေလက ဗျာဒိတ်တော်ရတယ်။+ အဲဒီဗျာဒိတ်စကားဟာ မှန်ကန်တယ်။ ဆိုင်ပြိုင်တိုက်ခိုက်မှုကြီးအကြောင်းပဲ။ ဒံယေလက အဲဒီဗျာဒိတ်စကားကို နားလည်တယ်။ သိနားလည်နိုင်စွမ်းရတဲ့အတွက် မြင်ခဲ့ရတာတွေကို နားလည်တယ်။
၂ အဲဒီအချိန်တုန်းက ငါဒံယေလဟာ သုံးပတ်လုံးလုံး ညည်းတွားငိုကြွေးနေတယ်။+ ၃ အဲဒီသုံးပတ်လုံးလုံး အရသာရှိတာတွေ၊ အသားတွေကို မစားဘူး။ စပျစ်ဝိုင် မသောက်ဘူး။ ကိုယ်ကိုလည်း ဆီမလိမ်းဘူး။ ၄ ပထမလ၊ ၂၄ ရက်နေ့မှာ တိုက်ဂရစ်* မြစ်ကြီး+ ကမ်းဘေးကို ငါရောက်နေတယ်။ ၅ ငါကြည့်လိုက်တဲ့အခါ ချည်ထည်ဝတ်ထားတဲ့ လူတစ်ယောက်ကို မြင်တယ်။+ ဥဖတ်မြို့ထွက်ရွှေနဲ့ လုပ်ထားတဲ့ ခါးပတ်ကို သူပတ်ထားတယ်။ ၆ သူ့ကိုယ်ခန္ဓာဟာ ပြောင်ခေါင်းစိမ်းနဲ့ တူတယ်။+ မျက်နှာဟာ လျှပ်စီးလို လက်နေတယ်။ မျက်လုံးဟာ မီးရှူးနဲ့ တူတယ်။ ခြေလက်တွေဟာ ပြောင်လက်နေတဲ့ ကြေးနီရောင် ထနေတယ်။+ စကားသံဟာ လူအုပ်ကြီးရဲ့ စကားသံလိုပဲ။ ၇ ငါဒံယေလတစ်ယောက်ပဲ အဲဒီစိတ်အာရုံကို မြင်တယ်။ ငါနဲ့အတူ ရှိနေသူတွေကတော့ မမြင်ရဘူး။+ ဒါပေမဲ့ သူတို့ အကြီးအကျယ် ထိတ်လန့်ပြီး ပြေးပုန်းကြတယ်။
၈ ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။ အဲဒီစိတ်အာရုံကြီးကို မြင်တဲ့အခါ ငါ့မှာ ခွန်အားမရှိတော့ဘူး။ ဣန္ဒြေပျက်သွားပြီး လုံးဝအားပြတ်နေတယ်။+ ၉ အဲဒီနောက် သူ့စကားသံကို ငါကြားလိုက်ရတယ်။ သူစကားပြောနေတုန်း ငါဟာ မြေပေါ် မျက်နှာအပ်ပြီး အိပ်မောကျသွားတယ်။+ ၁၀ အဲဒီအခါ သူ လက်နဲ့ပုတ်ပြီး+ လှုပ်နှိုးတဲ့အတွက် ငါလည်း လေးဖက်ထောက်လိုက်တယ်။ ၁၁ သူက
“သိပ်တန်ဖိုးထားရတဲ့သူ*+ ဒံယေလ၊ ကျုပ်ပြောမယ့် စကားတွေကို အာရုံစိုက်ပါ။ ကိုယ့်နေရာမှာ ပြန်ရပ်ပါ။ ဘုရားသခင် စေလွှတ်လိုက်လို့ ကျုပ်ရောက်လာတာ” လို့ပြောတယ်။
သူအဲဒီလိုပြောတော့ ငါလည်း ကတုန်ကယင်နဲ့ ထရပ်လိုက်တယ်။
၁၂ သူ ဆက်ပြောတာက– “ဒံယေလ၊ မကြောက်ပါနဲ့။+ ဘုရားသခင်ရှေ့မှာ စိတ်နှိမ့်ချပြီး သိနားလည်နိုင်စွမ်းရှိဖို့ ခင်ဗျား စိတ်ဆုံးဖြတ်လိုက်တဲ့ ပထမနေ့ကတည်းက ခင်ဗျားပြောတာတွေကို ဘုရားသခင် ကြားတယ်။ ခင်ဗျားရဲ့ စကားတွေကြောင့် ကျုပ်ရောက်လာတာ။+ ၁၃ ဒါပေမဲ့ ပါးရှားပြည်စောင့်နတ်မင်းက+ ကျုပ်ကို ၂၁ ရက်လုံး တားဆီးထားလို့ ထိပ်သီးမင်းသား မိက္ခေလက*+ ကျုပ်ကို လာကူညီတယ်။ ဒီအတောအတွင်း ပါးရှားပြည်စောင့်မင်းတွေဆီမှာ ကျုပ် သောင်တင်နေခဲ့တာ။ ၁၄ ဒီစိတ်အာရုံဟာ နောင်အနာဂတ်နဲ့ သက်ဆိုင်တဲ့အတွက်+ အဆုံးပိုင်းကာလမှာ ခင်ဗျားရဲ့ လူတွေကြုံရမယ့်အရာကို နားလည်အောင် ရှင်းပြဖို့ ကျုပ်ရောက်လာတာ။”+
၁၅ သူ အဲဒီလိုပြောနေတုန်း ငါဟာ မြေပေါ် မျက်နှာအပ်ပြီး ဆွံ့အသွားတယ်။ ၁၆ အဲဒီအခါ လူသဏ္ဌာန်ရှိသူတစ်ယောက်က ငါ့နှုတ်ခမ်းကို တို့တဲ့အတွက်+ ငါ စကားပြန်ပြောနိုင်လာတယ်။ ငါ့ရှေ့မှာရပ်နေသူကို “သခင်၊ ကျွန်တော် ဒီစိတ်အာရုံကြောင့် ဖိမ့်ဖိမ့်တုန်ပြီး ခွန်အားမရှိတော့ဘူး။+ ၁၇ သခင့်ကို ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ။+ ကျွန်တော့်မှာ ခွန်အားမှမရှိတာ။ အသက်တောင် မနည်းရှူနေရတာ”+ လို့ပြောတယ်။
၁၈ အဲဒီအခါ လူသဏ္ဌာန်ရှိသူက ငါ့ကို ထပ်တို့ပြီး အားပေးပြန်တယ်။+ ၁၉ ပြီးတော့ သူက “သိပ်တန်ဖိုးထားရတဲ့သူ၊+ မကြောက်ပါနဲ့။+ ကောင်းသွားမှာပါ။+ အားမာန်တင်းပါဦး။ အားမာန်တွေ တင်းလိုက်ပါဦး” လို့ပြောတယ်။ အဲဒီလိုပြောတဲ့အတွက် ငါလည်း အားရှိလာပြီး “သခင်၊ ပြောပါ။ သခင့်ကြောင့် ကျွန်တော် အားရှိသွားပြီ” လို့ ပြောလိုက်တယ်။
၂၀ အဲဒီအခါ သူက “ကျုပ် ဘာဖြစ်လို့ ရောက်လာတယ်ဆိုတာ သိသလား။ အခု ပါးရှားပြည်စောင့်နတ်မင်းကို တိုက်ဖို့ ပြန်သွားရမယ်။+ ကျုပ်ထွက်သွားတဲ့အခါ ဂရိပြည်စောင့်နတ်မင်း ရောက်လာလိမ့်မယ်။ ၂၁ ဒါပေမဲ့ အမှန်တရားကျမ်းစောင်တွေမှာ ရေးထားတဲ့အရာတွေကို ကျုပ်ပြောပြမှာပါ။ ဒီကိစ္စတွေမှာ မင်းသား+ မိက္ခေလကလွဲလို့+ ကျုပ်ကို ကူညီပေးတဲ့သူ တစ်ယောက်မှ မရှိဘူး။
၁၁ “မီးဒီးယားလူမျိုး ဒါရိမင်း+ နန်းစံပထမနှစ်မှာ မိက္ခေလကို* ကျုပ် အားပေးပြီး ကာကွယ်ပေးခဲ့တယ်။ ၂ အခု၊ ကျုပ်ပြောမယ့်အရာဟာ အမှန်တွေပဲ–
“ပါးရှားနိုင်ငံအတွက် ဘုရင်သုံးပါး ပေါ်လာဦးမယ်။ စတုတ္ထဘုရင်ဟာ သူတို့ထက် စည်းစိမ်ကြွယ်ဝမယ်။ စည်းစိမ်ဥစ္စာကြောင့် သူအင်အားကြီးလာတဲ့အခါ ဂရိနိုင်ငံကို တိုက်ခိုက်ဖို့ အားလုံးကို နှိုးဆော်လိမ့်မယ်။+
၃ “အဲဒီနောက် တန်ခိုးကြီးဘုရင်တစ်ပါး ပေါ်လာမယ်။ ကျယ်ပြောတဲ့ ပိုင်နက်ကို အုပ်ချုပ်ပြီး+ အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ ၄ တန်ခိုးအာဏာ အထွတ်အထိပ် ရောက်ချိန်မှာ* သူ့နိုင်ငံ ပြိုကွဲပြီး အရပ်လေးမျက်နှာဆီ* ကွဲလွင့်သွားမယ်။+ ဒါပေမဲ့ အရိုက်အရာဆက်ခံသူတွေက သူ့မျိုးဆက်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ပိုင်နက်ကလည်း သူအုပ်ချုပ်ခဲ့တဲ့ ပိုင်နက်လိုဖြစ်မှာ မဟုတ်ဘူး။ သူ့နိုင်ငံဟာ ဆွဲနုတ်ခံရပြီး သူ့မျိုးဆက်မဟုတ်တဲ့ တခြားသူတွေလက်ထဲ ရောက်သွားလိမ့်မယ်။
၅ “သူ့ရဲ့ဗိုလ်ချုပ်တွေထဲက* တစ်ယောက်ဖြစ်တဲ့ တောင်ဘုရင်ဟာ အင်အားကြီးလာမယ်။ ဒါပေမဲ့ နောက်တစ်ယောက်က* သူ့ကို အနိုင်ရပြီး ပိုကျယ်ပြောတဲ့ ပိုင်နက်ကို အုပ်ချုပ်လိမ့်မယ်။ သူ့ထက် တန်ခိုးအာဏာ ကြီးမားလာမယ်။
၆ “နှစ်အတော်ကြာတဲ့အခါ သူတို့ မဟာမိတ်ဖွဲ့လိမ့်မယ်။ အချင်းချင်း သဘောတူညီမှုရယူဖို့ တောင်ဘုရင်ရဲ့သမီးက မြောက်ဘုရင်ဆီ ရောက်လာမယ်။ ဒါပေမဲ့ အဲဒီမင်းသမီးက လက်ရုံးတန်ခိုးကို မထိန်းနိုင်ဘူး။ ဘုရင်နဲ့ ဘုရင့်လက်ရုံးလည်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ အဲဒီမင်းသမီးနဲ့ ခေါ်ဆောင်လာသူတွေရော၊ ခမည်းတော်နဲ့ အဲဒီအတောအတွင်းမှာ မင်းသမီးကို အင်အားကြီးစေသူတွေပါ ရှုံးနိမ့်သွားလိမ့်မယ်။ ၇ မင်းသမီးရဲ့ အမြစ်ကနေပေါက်လာတဲ့အတက်ဟာ ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံလိမ့်မယ်။ သူက စစ်တပ်ရှိရာကို ရောက်လာပြီး မြောက်ဘုရင်ရဲ့ ခံတပ်ကို တိုက်ခိုက်လိမ့်မယ်။ သူတို့ကို တိုက်ပြီး အနိုင်ရလိမ့်မယ်။ ၈ သူတို့ရဲ့ဘုရားတွေ၊ ရုပ်တုတွေ၊ အဖိုးတန် ရွှေငွေပစ္စည်းတွေ၊ သုံ့ပန်းတွေကို ယူပြီး အီဂျစ်ပြည်ကို ပြန်လာမယ်။ မြောက်ဘုရင်နဲ့ နှစ်အတော်ကြာကြာ ခပ်ကင်းကင်း နေလိမ့်မယ်။ ၉ မြောက်ဘုရင်က တောင်ဘုရင်ရဲ့ နိုင်ငံကို လာတိုက်ပေမဲ့ နေရင်းပြည်ကို ပြန်သွားရလိမ့်မယ်။
၁၀ “သူ့သားတော်တွေက စစ်တိုက်ဖို့ အသင့်ပြင်ပြီး အင်အားကြီးစစ်တပ်ကို စုစည်းမယ်။ သားတော်တစ်ယောက်က* ချီတက်တိုက်ခိုက်ပြီး ပြည်ကို ရေလွှမ်းမိုးသလို တိုက်ချလိမ့်မယ်။ ဒါပေမဲ့ သူ ပြန်သွားရလိမ့်မယ်။ သူ့ခံတပ် မရောက်မချင်း လမ်းတစ်လျှောက်လုံး တိုက်ခိုက်သွားရလိမ့်မယ်။
၁၁ “တောင်ဘုရင်က နာကြည်းခံပြင်းလှတဲ့အတွက် ထွက်လာပြီး မြောက်ဘုရင်ကို တိုက်လိမ့်မယ်။ မြောက်ဘုရင်လည်း စစ်အင်အား အမြောက်အမြားကို စုစည်းပေမဲ့ အဲဒီစစ်အင်အားဟာ တောင်ဘုရင်လက်ထဲ ရောက်သွားမယ်။ ၁၂ အဲဒီစစ်သည်အလုံးအရင်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သူ စိတ်နေမြင့်လာမယ်။ သောင်းနဲ့ချီတဲ့ လူတွေကို ကျဆုံးစေမယ်။ ဒါပေမဲ့ သူ့ရဲ့ ခိုင်မာတောင့်တင်းတဲ့ အနေအထားကို အသုံးချမှာ မဟုတ်ဘူး။
၁၃ “မြောက်ဘုရင်က ပြန်သွားပြီး အရင်ထက် ပိုကြီးမားတဲ့ စစ်အင်အားကို စုစည်းလိမ့်မယ်။ အချိန်တွေ၊ နှစ်တွေ အတော်ကြာပြီးတဲ့နောက် စစ်လက်နက် အပြည့်အစုံပါတဲ့ တပ်မဟာကြီးနဲ့အတူ ကျိန်းသေ ပြန်လာမယ်။ ၁၄ အဲဒီအချိန်မှာ တောင်ဘုရင်ကို ဆန့်ကျင်မယ့်သူတွေ အများကြီး ပေါ်လာဦးမယ်။
“ခင်ဗျားရဲ့လူတွေထဲက အကြမ်းဖက်သူတွေဟာ လူအများနောက် ပါသွားပြီး စိတ်အာရုံပြည့်စုံစေဖို့ ကြိုးစားကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ ခလုတ်တိုက်လဲလိမ့်မယ်။
၁၅ “မြောက်ဘုရင် ရောက်လာပြီး ထိုးစစ်ကုန်းရိုးကို တည်ဆောက်လိမ့်မယ်။ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မယ်။ တောင်ဘုရင်ရဲ့ လက်ရုံးတွေရော* လက်ရွေးစင်စစ်သည်တွေပါ ခုခံနိုင်မှာ မဟုတ်ဘူး။ သူတို့ ခုခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ၁၆ တောင်ဘုရင်ကို လာတိုက်တဲ့သူက အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ သူ့ရှေ့မှာ ဘယ်သူမှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ သာယာလှပတဲ့ပြည်မှာ သူမတ်တတ်ရပ်လိမ့်မယ်။+ သူ့လက်မှာ သုတ်သင်ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မယ်။ ၁၇ သူဟာ သန္နိဋ္ဌာန်ချပြီး တစ်နိုင်ငံလုံးရဲ့ စစ်အင်အားနဲ့ ရောက်လာမယ်။ တောင်ဘုရင်နဲ့ သဘောတူညီမှုရယူပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သမီးမိန်းကလေးကို ပျက်စီးကိန်းဆိုက်အောင် လုပ်ပိုင်ခွင့်ရလိမ့်မယ်။ အဲဒီသမီးဟာ ရပ်တည်နိုင်မှာ မဟုတ်တဲ့အပြင် သူ့ပိုင်ဆိုင်ရာအဖြစ် ဆက်ရှိနေမှာ မဟုတ်ဘူး။ ၁၈ သူဟာ* ကမ်းရိုးတန်းဒေသဘက် လှည့်ပြီး နယ်မြေအများကြီးကို သိမ်းပိုက်လိမ့်မယ်။ သူကဲ့ရဲ့ရှုတ်ချတာကို ခံရတဲ့ တပ်မှူးတစ်ယောက်က အဲဒီကဲ့ရဲ့မှုကို အဆုံးတိုင်စေမယ်။ ဒါကြောင့် သူ ကဲ့ရဲ့ရှုတ်ချနိုင်တော့မှာ မဟုတ်ဘူး။ တပ်မှူးက အဲဒီကဲ့ရဲ့ရှုတ်ချမှုကို သူ့အပေါ် ပြန်ရောက်စေမယ်။ ၁၉ အဲဒီနောက် နေရင်းပြည်မှာရှိတဲ့ ခံတပ်တွေဆီ လှည့်ပြန်သွားလိမ့်မယ်။ သူ ခလုတ်တိုက်ပြီး လဲကျသွားမှာဖြစ်လို့ သူ့ကို ရှာတွေ့တော့မှာ မဟုတ်ဘူး။
၂၀ “သူ့အရိုက်အရာကို ဆက်ခံသူက အခွန်ကောက်သူကို* ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတစ်ဝန်းမှာ လျှောက်သွားစေလိမ့်မယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာ သူဟာ ဒေါသကြောင့်လည်း မဟုတ်၊ စစ်မှုကြောင့်လည်း မဟုတ်ဘဲ ပျက်စီးသွားလိမ့်မယ်။
၂၁ “အဲဒီနောက် သူ့အရိုက်အရာကို အထင်သေးခံရသူတစ်ယောက် ဆက်ခံမယ်။ သူတို့က အဲဒီတစ်ယောက်ကို နိုင်ငံရဲ့ ဘုန်းစည်းစိမ်ပေးမှာ မဟုတ်ဘူး။ သူဟာ ဘေးကင်းလုံခြုံနေချိန်မှာ* ရောက်လာပြီး နိုင်ငံကိုပရိယာယ်နဲ့ သိမ်းယူလိမ့်မယ်။ ၂၂ ရေလွှမ်းသလို ချီတက်လာတဲ့ စစ်သည်ဗိုလ်ပါတွေကို* တိုက်ချပစ်လိုက်တဲ့အတွက် သူတို့ ပျက်စီးသွားလိမ့်မယ်။ ပဋိညာဉ်+ ခေါင်းဆောင်လည်း+ ပျက်စီးသွားလိမ့်မယ်။ ၂၃ သူက မဟာမိတ်ဖွဲ့တဲ့သူတွေကို လှည့်စားမြဲလှည့်စားပြီး တိုက်ခိုက်လိမ့်မယ်။ လူမျိုးငယ်တစ်မျိုးကြောင့် သူခွန်အားကြီးလာမယ်။ ၂၄ ဘေးကင်းလုံခြုံနေချိန်မှာ* သူဟာ ခရိုင်ရဲ့ အဖွံ့ဖြိုးဆုံးဒေသတွေထဲ ဝင်ရောက်လာမယ်။ ဘိုးဘေးဘီဘင်တွေ မလုပ်ခဲ့ဖူးတာကို လုပ်လိမ့်မယ်။ လူတွေကို တိုက်ရာပါဥစ္စာတွေ၊ ပစ္စည်းတွေ ခွဲဝေပေးလိမ့်မယ်။ ခံတပ်မြို့တွေကို တိုက်ခိုက်ဖို့ ကြံစည်လိမ့်မယ်။ ဒါပေမဲ့ ခဏပဲ ခံလိမ့်မယ်။
၂၅ “အဲဒီနောက် သူဟာ တောင်ဘုရင်ကို စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ အစွမ်းသတ္တိတွေ၊ စိတ်ဓာတ်အင်အားတွေ စုစည်းလိမ့်မယ်။ တောင်ဘုရင်ကလည်း စစ်ဆင်ဖို့ အင်အားကြီးမားတဲ့ တပ်မဟာကို အသင့်ပြင်လိမ့်မယ်။ သူ့ကို* လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်ကြမှာဖြစ်လို့ သူ ရပ်တည်နိုင်မှာမဟုတ်ဘူး။ ၂၆ သူ့ရဲ့ပွဲတော်စာကို စားသုံးသူတွေရဲ့ လက်ချက်နဲ့ သူကျဆုံးလိမ့်မယ်။
“သူ့စစ်တပ်ဟာ တိုက်ချခံရပြီး အတုံးအရုံး သေကျေပျက်စီးလိမ့်မယ်။
၂၇ “အဲဒီဘုရင်နှစ်ပါးက မကောင်းတာကိုပဲ လုပ်ချင်ကြလိမ့်မယ်။ တစ်စားပွဲတည်း ထိုင်နေပေမဲ့ အချင်းချင်း လိမ်ပြောကြလိမ့်မယ်။ သတ်မှတ်ထားချိန်မှာ အဆုံးရောက်လာမှာဖြစ်လို့+ သူတို့ အကြံအစည်တွေ အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။
၂၈ “မြောက်ဘုရင်က ပစ္စည်းဥစ္စာအများကြီးနဲ့အတူ နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို ဆန့်ကျင်ချင်တဲ့သဘောထား သူ့မှာ ရှိလိမ့်မယ်။ ထိထိရောက်ရောက် လုပ်ဆောင်ပြီး နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။
၂၉ “သတ်မှတ်ထားချိန် ရောက်တဲ့အခါ သူက ပြန်လာပြီး တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မယ်။ ဒီတစ်ကြိမ်တော့ အရင်လိုဖြစ်မှာ မဟုတ်ဘူး။ ၃၀ ခိတိမ်သင်္ဘောတွေ+ လာတိုက်ခိုက်တဲ့အတွက် သူ အရေးနိမ့်သွားလိမ့်မယ်။
“သူ ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို ဒေါသထွက်ပြီး+ ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သူ ပြန်သွားလိမ့်မယ်။ သန့်ရှင်းတဲ့ပဋိညာဉ်ကို စွန့်ပစ်သွားသူတွေကို အရေးစိုက်လိမ့်မယ်။ ၃၁ စစ်တပ်တွေက* သူ့ဆီကနေ ပေါ်ထွက်လာပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့+ ခံတပ်ကို ညစ်ညူးစေမယ်။ ပုံမှန်ဆက်သနေကျ ပူဇော်သက္ကာကိုလည်း ဖယ်ရှားလိမ့်မယ်။+
“သူတို့က ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထားလိမ့်မယ်။+
၃၂ “ပဋိညာဉ်ကို ချိုးဖောက်ပြီး ဆိုးညစ်စွာ ပြုမူသူတွေကို သူက ချိုသာတဲ့စကားတွေ ပြောပြီး အယူဖောက်ပြန်စေလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေဟာ အနိုင်ရပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ ၃၃ ထိုးထွင်းဉာဏ်ရှိသူတွေဟာ+ လူများစွာကို သိနားလည်နိုင်စွမ်း ပေးလိမ့်မယ်။ ဓားဘေး၊ မီးဘေး၊ သုံ့ပန်းဘေး၊ လုယက်ဖျက်ဆီးခြင်းဘေးတွေကြောင့် ရက်အတော်ကြာကြာ တိုက်မိလဲလိမ့်မယ်။ ၃၄ ဒါပေမဲ့ သူတို့ တိုက်မိလဲချိန်မှာ အကူအညီ အနည်းငယ်ရလိမ့်မယ်။ လူများစွာက ချိုသာတဲ့စကားတွေ ပြောပြီး သူတို့နဲ့ ပူးပေါင်းလိမ့်မယ်။ ၃၅ ထိုးထွင်းဉာဏ်ရှိသူတချို့ တိုက်မိလဲလိမ့်မယ်။ ဒီနည်းနဲ့ အဆုံးပိုင်းကာလအထိ သူတို့ သန့်စင်ခံရပြီး သန့်ရှင်းဖြူစင်သွားမယ်။+ အဲဒါက သတ်မှတ်ထားချိန်မှာ အဆုံးတိုင်လိမ့်မယ်။
၃၆ “မြောက်ဘုရင်က အလိုရှိတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဂုဏ်တင်မယ်။ ဘုရားတို့ရဲ့ဘုရားကို ဆန့်ကျင်ပြီး+ ထူးဆန်းတဲ့အရာတွေ ပြောဆိုမယ်။ ပြစ်ဒဏ်စီရင်ချက် ပြီးဆုံးချိန်အထိတော့ သူအောင်မြင်မယ်။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ထားတဲ့အရာဟာ တကယ်ဖြစ်လာမှာ မို့လို့ပဲ။ ၃၇ သူဟာ ဘိုးဘေးတို့ရဲ့ ဘုရားသခင်ကို အရေးစိုက်မှာ မဟုတ်ဘူး။ မိန်းမတွေရဲ့ အလိုဆန္ဒကိုဖြစ်စေ၊ တခြားဘုရားတွေကိုဖြစ်စေ အရေးစိုက်မှာ မဟုတ်ဘူး။ လူတကာထက် သူ့ကိုယ်သူ ဂုဏ်တင်ချီးမွမ်းမယ်။ ၃၈ ခံတပ်စောင့် နတ်ဘုရားကို ဘုရင်အဖြစ် ဂုဏ်တင်လိမ့်မယ်။ ဘိုးဘေးတို့မသိတဲ့ အဲဒီဘုရားကို ရွှေငွေ၊ ကျောက်မျက်ရတနာ၊ အဖိုးတန်တဲ့အရာတွေနဲ့ ဂုဏ်တင်လိမ့်မယ်။ ၃၉ အဲဒီဘုရားအားကိုးနဲ့ အခိုင်ခံ့ဆုံး ရဲတိုက်တွေကို တိုက်ခိုက်ပြီး ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ်။ သူ့ကို အသိအမှတ်ပြုသူတိုင်းကို* အကြီးအကျယ် ဂုဏ်တင်ပြီး လူအမြောက်အမြားအပေါ် အုပ်ချုပ်ရတဲ့အခွင့် ပေးလိမ့်မယ်။ တန်ရာတန်ကြေး ရမယ်ဆိုရင် မြေကြီးကို ခွဲဝေပေးလိမ့်မယ်။
၄၀ “အဆုံးပိုင်းကာလမှာ တောင်ဘုရင်က သူနဲ့ အပြန်အလှန် တွန်းထိုးကြမယ်။ အဲဒီအခါ မြောက်ဘုရင်လည်း ပြန်တိုက်ခိုက်ဖို့ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေ၊ သင်္ဘောတွေအများကြီးနဲ့အတူ လေပြင်းမုန်တိုင်းလို ချီတက်လာလိမ့်မယ်။ တိုင်းပြည်တွေထဲကို ရေလွှမ်းမိုးသလို ဝင်ရောက်လွှမ်းမိုးပြီး တိုက်ချသွားလိမ့်မယ်။ ၄၁ သာယာလှပတဲ့ ပြည်ထဲကိုလည်း ဝင်လာမယ်။+ တိုင်းပြည်အတော်များများကို ပြိုလဲစေမယ်။ ဧဒုံပြည်၊ မောဘပြည်နဲ့ အမ္မုန်အမျိုးရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကတော့ သူ့လက်ကနေ လွတ်မြောက်လိမ့်မယ်။ ၄၂ သူဟာ လက်ဆန့်ပြီး တိုင်းပြည်တွေကို တိုက်ခိုက်လိမ့်မယ်။ အီဂျစ်ပြည်လည်း လွတ်မြောက်မှာ မဟုတ်ဘူး။ ၄၃ အီဂျစ်ပြည်ရဲ့ ဝှက်ထားတဲ့ ရွှေငွေဘဏ္ဍာတွေ၊ အဖိုးတန်တဲ့အရာတွေကို အုပ်စိုးရလိမ့်မယ်။ လစ်ဗျားနဲ့ အီသီယိုးပီးယားပြည်သားတွေ သူ့နောက်ကို လိုက်ကြလိမ့်မယ်။
၄၄ “သူဟာ အရှေ့အရပ်နဲ့ မြောက်အရပ်ကလာတဲ့ သတင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး လူများစွာကို အစတုံးဖျက်ဆီးဖို့ ဒေါသတကြီး ထွက်လာလိမ့်မယ်။ ၄၅ ပင်လယ်ကြီးနဲ့ သန့်ရှင်းတဲ့တောင်ကြားမှာ နန်းဆောင်တွေ ဆောက်လိမ့်မယ်။+ ဒီလိုနဲ့ သူ့ဇာတ်သိမ်းခန်း ရောက်လာမယ်။ ကူညီမယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။
၁၂ “အဲဒီအတောအတွင်းမှာ ခင်ဗျားရဲ့လူမျိုးအတွက် ရပ်တည်ပေးနေတဲ့ ကြီးမြတ်တဲ့မင်းသား+ မိက္ခေလ*+ ပေါ်လာမယ်။ လူမျိုးတစ်မျိုး စတင်ဖြစ်လာချိန်ကနေ အဲဒီအချိန်အထိ တစ်ခါမှမဖြစ်ဖူးတဲ့ ဒုက္ခကာလ ရောက်လာမယ်။ အသက်စာစောင်ထဲ ရေးမှတ်ခံရတဲ့+ ခင်ဗျားရဲ့လူမျိုးတွေ အဲဒီအတောအတွင်းမှာ လွတ်မြောက်လိမ့်မယ်။+ ၂ မြေကြီးထဲမှာ အိပ်ပျော်နေသူ အတော်များများ နိုးထလာမယ်။ တချို့က ထာဝရအသက်ရှင်ဖို့၊ တချို့က ကဲ့ရဲ့ရှုတ်ချခံရဖို့၊ ထာဝရ အထင်သေးရွံရှာခံရဖို့ နိုးထလာမယ်။
၃ “ထိုးထွင်းဉာဏ်ရှိသူတွေက ကောင်းကင်ဟင်းလင်းပြင်လို ထွန်းလင်းတောက်ပနေလိမ့်မယ်။ လူများစွာကို ဖြောင့်မတ်တဲ့လမ်းစဉ် လိုက်စေတဲ့သူတွေဟာ ကြယ်တွေလို အစဉ်ထာဝရ ထွန်းလင်းနေလိမ့်မယ်။
၄ “ဒံယေလ၊ ခင်ဗျားကတော့ အဆုံးပိုင်းကာလအထိ ဒီစကားတွေကို လျှို့ဝှက်ထားပြီး စာစောင်ကို တံဆိပ်ခတ်ထားပါ။+ လူများစွာက အဲဒီစာစောင်ကို နှံ့နှံ့စပ်စပ် လေ့လာဆန်းစစ်ပြီး စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်။”+
၅ ငါဒံယေလ ကြည့်လိုက်တဲ့အခါ ပုဂ္ဂိုလ်နှစ်ယောက်ကို မြင်တယ်။ မြစ်ရဲ့ ဒီဘက်ကမ်းမှာ တစ်ယောက်၊ ဟိုဘက်ကမ်းမှာ တစ်ယောက် ရပ်နေတယ်။+ ၆ တစ်ယောက်က “ဒီအံ့ဖွယ်အမှုတွေရဲ့ အဆုံးရောက်ဖို့ ဘယ်လောက်ကြာမှာလဲ” လို့ ချည်ထည်ဝတ်ပြီး+ မြစ်ရေပေါ်ရပ်နေသူကို မေးတယ်။ ၇ အဲဒီအခါ ချည်ထည်ဝတ်ပြီး မြစ်ရေပေါ်ရပ်နေသူက လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ရင်း ထာဝစဉ်အသက်ရှင်တဲ့ ဘုရားသခင်ကို တိုင်တည်ကျိန်ဆိုပြီး+ “သတ်မှတ်ထားတဲ့ တစ်ကာလ၊ သတ်မှတ်ထားတဲ့ နှစ်ကာလနဲ့ ကာလတစ်ဝက် ကြာလိမ့်မယ်။* သန့်ရှင်းတဲ့လူမျိုးရဲ့ အစွမ်းတန်ခိုးကို တစ်စစီဖြစ်အောင် ထုခြေပြီးတာနဲ့+ တစ်ပြိုင်နက် ဒီအရာအားလုံး အဆုံးတိုင်လိမ့်မယ်” လို့ပြောတာကို ငါကြားတယ်။
၈ ငါက ကြားသာကြားပေမဲ့ နားမလည်နိုင်တဲ့အတွက်+ “သခင်၊ ဒါတွေအားလုံး အဆုံးတိုင်တဲ့အခါ ဘာတွေဖြစ်မလဲ” လို့မေးလိုက်တယ်။
၉ အဲဒီအခါ သူက “ဒံယေလ၊ သွားပါတော့။ ဒီစကားတွေဟာ အဆုံးပိုင်းကာလအထိ တံဆိပ်ခတ်ထားမှာဖြစ်လို့ လျှို့ဝှက်ချက်ဖြစ်နေမှာ။+ ၁၀ လူများစွာက ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းဖြူစင်အောင် လုပ်ကြလိမ့်မယ်။ သူတို့ သန့်စင်ခံရလိမ့်မယ်။+ လူဆိုးတွေက ဆိုးညစ်စွာ ပြုမူကြလိမ့်မယ်။ ဒီစကားတွေကို လူဆိုးတစ်ယောက်မှ နားလည်မှာ မဟုတ်ဘူး။ ထိုးထွင်းဉာဏ်ရှိသူတွေကတော့ နားလည်လိမ့်မယ်။+
၁၁ “ပုံမှန်ဆက်သနေကျ ပူဇော်သက္ကာကို+ ဖယ်ရှားပြီး ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထားချိန်ကစလို့+ ရက်ပေါင်း ၁,၂၉၀ ကြာလိမ့်မယ်။
၁၂ “မျှော်လင့်စောင့်စားနေပြီး ရက်ပေါင်း ၁,၃၃၅ ရက် ကုန်ဆုံးချိန်ကို မီတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။
၁၃ “ခင်ဗျားကတော့ အဆုံးတိုင်အောင် ရပ်တည်ပါ။ ခင်ဗျား အနားယူရလိမ့်မယ်။ ဒါပေမဲ့ နေ့ရက်တွေရဲ့အဆုံးမှာ ဝေစုကို ရယူဖို့ ခင်ဗျား မတ်တတ်ရပ်ရလိမ့်မယ်။”+
ဗာဗုလုန်ပြည်။
ခက်ဆစ်ကိုကြည့်။
“ကျွေးမွေးရမယ်”လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ဘုရားသခင်ဟာ ငါ့ရဲ့တရားသူကြီး။”
အဓိပ္ပာယ်၊ “ယေဟောဝါ မျက်နှာသာပေးပြီ။”
အဓိပ္ပာယ်၊ “ဘုရားသခင်နဲ့ ဘယ်သူတူသလဲ။”
အဓိပ္ပာယ်၊ “ယေဟောဝါ ကူညီပေးပြီ။”
နတ်ဆိုးပညာ၊ နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းသူတစ်စု။
ဒံ ၂:၄ခ ကနေ ၇:၂၈ အထိ အာရမိတ်လို ရေးထား။
“အမှိုက်ပုံ၊ နောက်ချေးပုံ” လည်းဖြစ်နိုင်။
သာမန်လူတန်းစားတွေ။
၈၈ ပေခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
၈.၈ ပေခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “သဘောထား လုံးလုံးပြောင်းသွားတယ်။”
“အမှိုက်ပုံ၊ နောက်ချေးပုံ” လည်းဖြစ်နိုင်။
နတ်ဆိုးပညာ၊ နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းသူတစ်စု။
မူရင်း၊ “ကင်းစောင့်။”
ဒါမှမဟုတ်၊ ‘အဘိုး။’
နတ်ဆိုးပညာ၊ နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းသူတစ်စု။
မယ်တော်ကို ဆိုလို။
နတ်ဆိုးပညာ၊ နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းသူတစ်စု။
မူရင်း၊ “ကြိုးထုံးတွေကို ဖြေနိုင်တယ်။”
“သီဆိုတီးမှုတ်သူတွေကို ရှေ့တော်မသွင်းဘူး” လည်းဖြစ်နိုင်။
မူရင်း၊ “မိုးကောင်းကင် လေ ၄ မျိုး။”
သုံးကာလခွဲ။
ဒါမှမဟုတ်၊ “ဥလဲတူးမြောင်းဘေးမှာ။”
မူရင်း၊ “မိုးကောင်းကင် လေ ၄ မျိုးဆီ။”
ဒါမှမဟုတ်၊ “ဉာဏ်နီဉာဏ်နက်များတဲ့။”
“ကြိုတင်သတိမပေးဘဲ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “သိပ်ချစ်စရာကောင်းသူ၊ လေးစားထိုက်သူ။”
သီတင်းနှစ်။
ဒါမှမဟုတ်၊ “ဘိသိက်ခံရသူ။”
သန့်ရှင်းရာအရပ်ရဲ့ ဇာတ်သိမ်းခန်းကို ဆိုလို။
မေရှိယ။
မူရင်း၊ “ဟိဒကေလ။”
ဒါမှမဟုတ်၊ “သိပ်ချစ်စရာကောင်းသူ၊ လေးစားထိုက်သူ။”
အဓိပ္ပာယ်၊ “ဘုရားသခင်နဲ့ ဘယ်သူတူသလဲ။”
မူရင်း၊ “သူ့ကို။”
မူရင်း၊ “သူမတ်တတ်ထချိန်မှာ။”
မူရင်း၊ “မိုးကောင်းကင် လေ ၄ မျိုးဆီ။”
ဒါမှမဟုတ်၊ “သူ့မှူးမတ်တွေထဲက။”
မြောက်ဘုရင် ဖြစ်နိုင်။
မူရင်း၊ “သူ။”
ဒါမှမဟုတ်၊ “စစ်တပ်တွေရော။”
မြောက်ဘုရင် ဖြစ်နိုင်။
စစ်မှုထမ်းဖို့ လူတွေကို စာရင်းကောက်တဲ့သူကို ဆိုလိုနိုင်။
“ကြိုတင်သတိမပေးဘဲ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “လက်ရုံးတွေကို။”
“ကြိုတင်သတိမပေးဘဲ” လည်းဖြစ်နိုင်။
မြောက်ဘုရင် ဖြစ်နိုင်။
မူရင်း၊ “လက်ရုံးတွေက။”
“သူအသိအမှတ်ပြုသူတိုင်းကို” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ဘုရားသခင်နဲ့ ဘယ်သူတူသလဲ။”
သုံးကာလခွဲ။