စနေနေ့၊ ဩဂုတ် ၉
ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်။ —လု. ၉:၂၃။
မိသားစုဝင်တွေ ဆန့်ကျင်တာ သင် ကြုံခဲ့ရနိုင်တယ်။ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ ငွေကြေးဥစ္စာ စွန့်ခဲ့ရနိုင်တယ်။ (မ. ၆:၃၃) သင် ကိုယ်ကျိုးစွန့်သမျှ ယေဟောဝါ သိတယ်။ (ဟီ. ၆:၁၀) “ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အခုအချိန်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်ရမယ့်အပြင် ညှဉ်းဆဲတာ ခံရမယ်။ နောင်လာမယ့် လောကစနစ်မှာလည်း ထာဝရအသက်ကို ရဦးမယ်” ဆိုတဲ့ ယေရှုစကားတွေ မှန်ကန်ကြောင်း ကိုယ်တွေ့ ကြုံခဲ့မှာပါ။ (မာ. ၁၀:၂၉၊ ၃၀) စွန့်လွှတ်လိုက်ရတာတွေထက် ရလာတဲ့ ကောင်းချီးတွေ ပိုများတယ် မဟုတ်လား။—ဆာ. ၃၇:၄။ w24.03 ၉ ¶၅
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၀
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြ တတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုး ရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ယုဒပြည်က ခရစ်ယာန်တွေ အငတ်ဘေးကြီး ကြုံတုန်းက အန္တိအုတ်မြို့က ညီအစ်ကို/မတွေ “တတ်နိုင်သလောက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။” (တ. ၁၁:၂၇-၃၀) အငတ်ဘေး ဆိုက်တဲ့ ဒေသနဲ့ တော်တော် လှမ်းပေမဲ့ မရရအောင် ကူညီပေးကြတယ်။ (၁ ယော. ၃:၁၇၊ ၁၈) ဒီနေ့လည်း ဘေးအန္တရာယ် ကြုံရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ စာနာမှု ပြနိုင်တယ်။ ကယ်ဆယ်ရေး စီမံကိန်းတွေမှာ ဘယ်လို ကူညီပေးရမလဲဆိုတာ အကြီးအကဲတွေကို မေးနိုင်တယ်။ ကမ္ဘာချီ အလှူငွေ ထည့်နိုင်တယ်။ ဘေးသင့် ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးနိုင်တယ်။ ညီအစ်ကို/မတွေဟာ အခြေခံ လိုအပ်ရာတွေ ရဖို့တောင် အခက်တွေ့နိုင်တယ်။ ဘုရင် ခရစ်တော် ယေရှု တရားစီရင်ဖို့ ကြွလာတဲ့အခါ ကျွန်တော်တို့ အချင်းချင်း စာနာမှု ပြနေတာကို မြင်စေချင်တယ် မဟုတ်လား။ “နိုင်ငံကို လာပြီး အမွေခံကြပါ” လို့ ဖိတ်ခေါ်ခံချင်တယ် မဟုတ်လား။—မ. ၂၅:၃၄-၄၀။ w23.07 ၄ ¶၉-၁၀။ ၆ ¶၁၂
တနင်္လာနေ့၊ ဩဂုတ် ၁၁
ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။—ဖိ. ၄:၅။
ယေဟောဝါကို ယေရှု အတုယူတယ်။ တကယ်တော့ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ကို ဟောဖို့ မြေကြီးပေါ် ယေရှု စေလွှတ်ခံရတာ။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ခေါက် ‘နတ်ဆိုးစွဲတဲ့ ဝေဒနာ အလူးအလိမ့် ခံစားနေရ’ တဲ့ သမီးကို ကုပေးဖို့ အစ္စရေးလူမျိုး မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ယေရှုကို လာအသနားခံတယ်။ အမျိုးသမီး တောင်းဆိုတဲ့အတိုင်း ယေရှု ကုပေးလိုက်တယ်။ (မ. ၁၅:၂၁-၂၈) နောက်ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ‘ကျွန်တော့်ကို ငြင်းပယ်သူကို ငြင်းပယ်မယ်’ လို့ အမှုဆောင်ချိန် အစောပိုင်းမှာ ယေရှု ပြောဖူးတယ်။ (မ. ၁၀:၃၃) ဒါပေမဲ့ မိမိကို သုံးကြိမ် ငြင်းတဲ့ ပေတရုကို ယေရှု ငြင်းပယ်သလား။ မငြင်းပယ်ဘူး။ ပေတရု နောင်တ ရတယ်၊ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ထည့်တွက်ပေးတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုဆီ ကိုယ်ယောင်ထင်ပြပြီး ခွင့်လွှတ်တယ်၊ ချစ်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။ (လု. ၂၄:၃၃၊ ၃၄) ယေဟောဝါဘုရားနဲ့ ယေရှုခရစ် အကျိုးသင့်အကြောင်းသင့် ရှိတယ်။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ w23.07 ၂၁ ¶၆-၇