ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ရောမ ၁:၁-၁၆:၂၇
  • ရောမ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောမ
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ရောမ

ရောမ

၁ ဘုရားသခင်ရဲ့ သတင်းကောင်းကို ကြေညာဖို့ သီးသန့်ဖယ်ထားခံရသူ၊  တမန်တော်အဖြစ် ရွေးချယ်ခံရသူ၊+ ယေရှုခရစ်ရဲ့ ကျွန်ဖြစ်သူ ကျွန်တော်ပေါလု  စာရေးလိုက်ပါတယ်။ ၂ အဲဒီသတင်းကောင်းနဲ့ ပတ်သက်ပြီး ဘုရားသခင်က  ပရောဖက်တွေကတစ်ဆင့် သမ္မာကျမ်းစာမှာ ဟိုးအရင်ကတည်းက   ကတိ ပေးထားတယ်။ ၃ အဲဒီသတင်းကောင်းဟာ ဒါဝိဒ်မျိုးနွယ်ကနေ+ လူသားအဖြစ် မွေးဖွားလာတဲ့ သားတော်နဲ့ဆိုင်တယ်။ ၄ သားတော်ဟာ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်ပဲ။ သူ သေရာကနေ ရှင်ပြန်ထမြောက်လာချိန်မှာ+ ဘုရားသခင်ရဲ့ သားဖြစ်ကြောင်း+ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးအားဖြင့် ထင်ရှားလာတယ်။ ၅ သူကတစ်ဆင့် မဟာကရုဏာတော်နဲ့ တမန်တော်တာဝန်ကို ကျွန်တော်တို့ ရရှိကြတယ်။+ လူမျိုးအပေါင်း ယုံကြည်ပြီး+ နာခံခြင်းအားဖြင့်  သူ့ရဲ့နာမည်ကို ဂုဏ်တင်လာကြဖို့ပဲ။ ၆ ခင်ဗျားတို့လည်း အဲဒီလူမျိုးအပေါင်းထဲမှာ ပါဝင်တဲ့အတွက် ယေရှုခရစ်ရဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ ဘုရားသခင် ရွေးချယ်တဲ့သူတွေ ဖြစ်တယ်။ ၇ ရောမမြို့မှာရှိတဲ့ ဘုရားသခင် ချစ်မြတ်နိုးသူ၊ သန့်ရှင်းသူအဖြစ် ရွေးချယ်ခံရသူ အားလုံးဆီ ကျွန်တော် စာရေးလိုက်ပါတယ်–

အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။

၈ ဦးဆုံး၊ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ချီးမွမ်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်လောကလုံးမှာရှိတဲ့ လူတွေက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းအကြောင်း  ပြောဆိုနေကြလို့ပဲ။ ၉ ကျွန်တော်ဟာ သားတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုပါတယ်။ ကျွန်တော် ဆုတောင်းတဲ့အခါတိုင်း ခင်ဗျားတို့အတွက် အမြဲတောင်းပေးမှန်း ဘုရားသခင်ဟာ သက်သေပဲ။+ ၁၀ ဘုရားသခင်အလိုရှိရင် မကြာမီ ခင်ဗျားတို့ဆီ တစ်နည်းနည်းနဲ့ လာခွင့်ရဖို့ ဆုတောင်းနေတယ်။ ၁၁ ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ ဘုရားသခင်ဆီက ဆုကျေးဇူးကို ဝေမျှပေးပြီး ခင်ဗျားတို့ကို မြဲမြံခိုင်ခံ့စေချင်လို့ပါ။ ၁၂ တစ်နည်းအားဖြင့် ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။+

၁၃ ညီအစ်ကိုတို့၊ လူမျိုးခြားတွေဆီမှာ ကျွန်တော် ဟောပြောတဲ့အခါ ရလဒ်ကောင်းတွေ ရခဲ့သလို ခင်ဗျားတို့ဆီမှာလည်း  ရလဒ်ကောင်းတွေ ရချင်လို့ ခင်ဗျားတို့ဆီလာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်ဆိုတာ သိစေချင်တယ်။  အခုချိန်ထိတော့  ကျွန်တော်လာလို့ မရသေးဘူး။ ၁၄ ဂရိလူမျိုး၊  တိုင်းတစ်ပါးသား၊ ဉာဏ်ပညာရှိသူ၊ အသိဉာဏ်မဲ့သူ အားလုံးကို ကျွန်တော် အကြွေးတင်နေတယ်။ ၁၅ ဒါကြောင့် ရောမမြို့မှာရှိတဲ့  ခင်ဗျားတို့ကိုလည်း  သတင်းကောင်း သိပ်ပြောပြချင်တယ်။+ ၁၆ သတင်းကောင်းအတွက် ကျွန်တော်  မရှက်ပါဘူး။+  သတင်းကောင်းဟာ ယုံကြည်ခြင်းရှိသူတိုင်းကို+ ကယ်တင်ခြင်းရစေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။ ဦးဆုံး ဂျူးလူမျိုး၊+ ပြီးတဲ့နောက် ဂရိလူမျိုးပါ+ သတင်းကောင်း ကြားခဲ့ရတယ်။ ၁၇ ယုံကြည်ခြင်းရှိသူတွေဟာ သတင်းကောင်းအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ထင်ရှားလာတာကို မြင်တွေ့ ပြီး ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။+ “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။

၁၈ အမှန်တရားကို မတရားနည်းနဲ့  ဖိနှိပ်တားဆီးသူတွေရဲ့+  ဘုရားတရားမဲ့မှု၊ မဖြောင့်မတ်မှုအားလုံးအပေါ် ကောင်းကင်ကနေ ဘုရားသခင်ရဲ့ အမျက်တော်+ သက်ရောက်လိမ့်မယ်။ ၁၉ ဘုရားသခင်က မိမိအကြောင်းကို ရှင်းလင်းစွာ ဖော်ပြခဲ့တဲ့အတွက် ဘုရားသခင့်အကြောင်း သိသင့်သမျှ သူတို့သိထားတယ်။+ ၂၀ ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး+ ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့+ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း+ လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဆင်ခြေပေးလို့မရဘူး။ ၂၁ သူတို့က ဘုရားသခင်ကို သိပေမဲ့ ဘုရားအဖြစ် ဘုန်းတော်ကို မချီးမွမ်းဘူး၊ ကျေးဇူးလည်း မတင်ကြဘူး။ သူတို့ရဲ့ တွေးတောဆင်ခြင်မှုတွေဟာ အချည်းနှီးဖြစ်သွားပြီး အသိဉာဏ်မဲ့တဲ့ စိတ်နှလုံးကလည်း အမှောင်ဖုံးသွားတယ်။+ ၂၂ ဉာဏ်ပညာရှိသူတွေပါလို့ သူတို့ပြောနေပေမဲ့ မိုက်မဲသူတွေ ဖြစ်သွားတယ်။ ၂၃ မဖောက်ပြန်မပျက်စီးနိုင်တဲ့ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းမယ့်အစား ဖောက်ပြန်ပျက်စီးတတ်တဲ့ လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါတွေရဲ့ ရုပ်တုတွေကို ဂုဏ်တင်ချီးမွမ်းကြတယ်။+

၂၄ ဒါကြောင့် ဘုရားသခင်က စိတ်အလိုနောက်ကိုပဲ လိုက်ချင်နေတဲ့ သူတို့ကို စွန့်ပစ်ပြီး ညစ်ညူးတဲ့အရာတွေ၊ ကိုယ်ခန္ဓာ အရှက်ရစေတဲ့အရာတွေ ပြုကျင့်ဖို့ ခွင့်ပြုလိုက်တယ်။ ၂၅ သူတို့က ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မဟုတ်ဘဲ အလိမ်အညာစကားတွေကို ယုံကြည်ဖို့ ရွေးချယ်ကြတယ်။ ထာဝစဉ်ချီးမွမ်းရမယ့် ဖန်ဆင်းရှင်ကို မဟုတ်ဘဲ ဖန်ဆင်းခံရတဲ့အရာတွေကို ကြည်ညိုပြီး ဝတ်ပြုကြတယ်။ အာမင်။* ၂၆ ဒါကြောင့် ဘုရားသခင်က သူတို့ကို စွန့်ပစ်ပြီး အရှက်ကင်းမဲ့တဲ့ ရမ္မက်အလိုအတိုင်း+ အကျင့်ပျက်ပြားဖို့ ခွင့်ပြုလိုက်တယ်။ မိန်းမတွေက သဘာဝကို လွန်ဆန်ပြီး သဘာဝနဲ့ ဆန့်ကျင်တဲ့အကျင့်တွေကို  ကျင့်ကြတယ်။+ ၂၇ ယောက်ျားတွေကလည်း သဘာဝအတိုင်း မိန်းမနဲ့ဆက်ဆံတာကို စွန့်လွှတ်ကြတယ်။ ရာဂမီးတောက်လောင်ပြီး ညစ်ညမ်းတဲ့အကျင့်တွေကို ယောက်ျားအချင်းချင်း  ပြုကျင့်ကြတယ်။+ ဒါကြောင့် အပြစ်အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို သူတို့ အပြည့်အဝ ခံရတယ်။+

၂၈ ဘုရားသခင်ကို သူတို့ အသိအမှတ် မပြုချင်တဲ့အတွက် ဘုရားသခင်ကလည်း သူတို့ကို စွန့်ပစ်ပြီး ယုတ်ညံ့တဲ့  အတွေးတွေအတိုင်း လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်တယ်။ ဒါကြောင့် မသင့်လျော်တဲ့အရာတွေကို  သူတို့  ပြုကျင့်ကြတယ်။+ ၂၉ သူတို့ဆီမှာ မဖြောင့်မတ်ခြင်း၊+ ဆိုးညစ်ခြင်း၊ လောဘကြီးခြင်းအပြင်+ မကောင်းမှုအမျိုးမျိုးနဲ့လည်း ပြည့်နေတယ်။ မနာလိုစိတ်များသူ၊+ လူ့အသက်သတ်သူ၊+ ခိုက်ရန်ဖြစ်သူ၊  လှည့်စားသူ၊+  အငြိုးအတေးကြီးသူ၊+ အတင်းအဖျင်းပြောသူ၊ ၃၀ နောက်ကွယ်မှာ အပုပ်ချသူ၊+ ဘုရားသခင်ကို မုန်းတီးသူ၊ ရိုင်းစိုင်းသူ၊ မာနကြီးသူ၊ ဝါကြွားသူ၊ နစ်နာစေတဲ့အရာကို ကြံစည်သူ၊ မိဘစကား နားမထောင်သူ၊+ ၃၁ အသိတရားမရှိသူ၊+ ကတိမတည်သူ၊ ချစ်ခင်တွယ်တာစိတ်  မရှိသူ၊  အကြင်နာတရား ကင်းမဲ့သူတွေပဲ။ ၃၂ အဲဒီလိုပြုကျင့်နေသူတွေ သေဒဏ်ခံထိုက်တယ်ဆိုတဲ့+ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စီရင်ချက်ကို ကောင်းကောင်းသိထားလျက်နဲ့ သူတို့ဟာ ကိုယ်တိုင်ပြုကျင့်နေရုံမက အဲဒီလိုပြုကျင့်နေသူတွေကိုလည်း သဘောကျကြတယ်။

၂ ညီအစ်ကို၊ သူတစ်ပါးကို ဝေဖန်အကဲဖြတ်နေသလား။ အဲဒီလိုလုပ်နေရင် ခင်ဗျားဟာ ဘယ်သူပဲဖြစ်နေပါစေ+ ကိုယ့်ကိုယ်ကိုယ် ခုခံပြောဆိုခွင့် မရှိတော့ဘူး။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာဟာ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာ ရောက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝေဖန်အကဲဖြတ်လိုက်တဲ့ အကျင့်တွေကို ကိုယ်တိုင် ကျင့်မိတတ်လို့ပဲ။+ ၂ အဲဒီလို ပြုကျင့်တတ်သူတွေကို ဘုရားသခင် တရားစီရင်တာဟာ အမှန်တရားနဲ့ ကိုက်ညီမှန်း  ကျွန်တော်တို့ သိပါတယ်။

၃ ညီအစ်ကို၊ ခင်ဗျားက အဲဒီလိုပြုကျင့်သူတွေကို ဝေဖန်အကဲဖြတ်နေလျက်နဲ့ ကိုယ်တိုင်ပြုကျင့်နေတယ်ဆိုရင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကနေ လွတ်မယ်ထင်သလား။ ၄ ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ။+ ဒါကိုမသိဘဲ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ကရုဏာ၊+ သည်းခံမှု၊+ စိတ်ရှည်မှုကို+ မထီမဲ့မြင် လုပ်နေတာလား။ ၅ ခင်ဗျားသာ ခေါင်းမာပြီး နောင်တရချင်စိတ် မရှိရင် အမျက်တော်နေ့မှာ၊ လူတွေကို ဘုရားသခင် ဖြောင့်မတ်စွာ တရားစီရင်တဲ့နေ့မှာ အမျက်တော် သင့်လိမ့်မယ်။+ ၆ ဘုရားသခင်က လူတိုင်းကို သူတို့ရဲ့ လုပ်ရပ်နဲ့အညီ အကျိုးအပြစ်ကို ပြန်ဆပ်ပေးလိမ့်မယ်။+ ၇ ကောင်းတဲ့အကျင့်ကို ခံနိုင်ရည်ရှိရှိ ကျင့်ကြံပြီး ဘုန်းအသရေနဲ့ ဂုဏ်အသရေရဖို့ ကြိုးစားသူတွေကို မဖောက်ပြန် မပျက်စီးတတ်တဲ့+ ခန္ဓာနဲ့ ထာဝရအသက် ပေးသနားလိမ့်မယ်။ ၈ ငြင်းခုံရန်တွေ့တတ်သူ၊ အမှန်တရားကို မလိုက်နာဘဲ မဖြောင့်မတ်ရာကို လိုက်စားတဲ့သူတွေကတော့ အမျက်တော်သင့်လိမ့်မယ်။+ ၉ နစ်နာစေတဲ့အရာကို ပြုကျင့်သူတိုင်းအပေါ် ဒုက္ခဝေဒနာ သက်ရောက်လိမ့်မယ်။ ဦးဆုံး ဂျူးလူမျိုးတွေ၊ ပြီးတဲ့နောက် ဂရိလူမျိုးတွေအပေါ် သက်ရောက်လာမယ်။ ၁၀ ကောင်းတဲ့အကျင့်  ကျင့်ကြံသူတိုင်းကတော့ ဘုန်းအသရေနဲ့ ငြိမ်သက်ခြင်း ခံစားရမယ်။  ဦးဆုံး ဂျူးလူမျိုးတွေ၊+  ပြီးတဲ့နောက်  ဂရိလူမျိုးတွေလည်း+  ခံစားရမယ်။ ၁၁ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်လို့ပဲ။+

၁၂ ပညတ်ကို မသိဘဲ ပြစ်မှားသူတွေဟာ ပညတ်ကိုမသိဘဲ သေဆုံးသွားမယ်။+ ပညတ်ကို သိလျက်နဲ့ ပြစ်မှားသူတွေကတော့ ပညတ်အတိုင်း စီရင်ခံရမယ်။+ ၁၃ ပညတ်ကို ကြားနာရုံနဲ့ ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်သူတွေ မဖြစ်နိုင်ဘူး။ ပညတ်ကို ကျင့်ကြံမှသာ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ်။+ ၁၄ လူမျိုးခြားတွေဟာ ပညတ်မရရှိထားပေမဲ့+ ပညတ်တွေကို ကိုယ့်အသိစိတ်နဲ့ ကျင့်ကြံကြတယ်။ ပညတ်မရရှိထားပေမဲ့ သူတို့စိတ်ထဲမှာ ပညတ်တွေ ရှိနေတယ်။ ၁၅ သူတို့စိတ်ထဲမှာ ပညတ်တွေရှိမှန်း လုပ်ရပ်နဲ့ ဖော်ပြကြတယ်။ သူတို့ရဲ့ အမှားအမှန်သိစိတ်က သူတို့ရဲ့လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာကို အသိပေးတယ်။ ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်။ ၁၆ လူတွေ တိတ်တဆိတ် ကြံစည်လုပ်ဆောင်နေတာတွေကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင် တရားစီရင်တဲ့နေ့မှာ အဲဒီအတိုင်း ဖြစ်လာမယ်။+ ကျွန်တော်ဟောပြောတဲ့ သတင်းကောင်းမှာ အဲဒီအကြောင်းလည်း ပါတယ်။

၁၇ ခင်ဗျားဟာ  ဂျူးလူမျိုးလို့အခေါ်ခံရသူ၊+ ပညတ်ကို မှီခိုအားကိုးသူ၊ ဘုရားသခင့် လူမျိုးအဝင်ဖြစ်ရလို့ ဂုဏ်ယူတဲ့သူ၊ ၁၈ အလိုတော်ကို သိတဲ့သူ၊ ပညတ်တရားအတိုင်း သွန်သင်ခံရတဲ့အတွက် ထူးမြတ်တဲ့အရာတွေကို နှစ်သက်လက်ခံသူ၊+ ၁၉ မျက်မမြင်တွေကို လမ်းပြပေးသူ၊ အမှောင်ထဲကလူတွေကို အလင်းပေးသူ၊ ၂၀ ဆင်ခြင်ဉာဏ်မဲ့သူတွေကို တည့်မတ်ပေးသူ၊ ကလေးတွေကို  သင်ကြားပေးသူ၊ ပညတ်တရားမှာပါတဲ့  အသိပညာနဲ့ အမှန်တရားရဲ့  အခြေခံသွင်ပြင်လက္ခဏာတွေကို နားလည်သူလို့ ကိုယ့်ကိုယ်ကိုယ် ယူမှတ်တယ်ဆိုပါစို့။ ၂၁ အဲဒီလိုသာဆိုရင် သူတစ်ပါးကို သင်ကြားပေးပြီး ကိုယ်တိုင်ကျတော့ ဘာလို့ မသင်ယူသလဲ။+ “မခိုးနဲ့”+ လို့ သူတစ်ပါးကို ဆုံးမပြီး ဘာလို့ ကိုယ်တိုင်ခိုးနေသလဲ။ ၂၂ “အိမ်ထောင်ရေးမဖောက်ပြန်နဲ့”+ လို့ ပြောပြီး  ဘာလို့ ကိုယ်တိုင် ဖောက်ပြန်နေသလဲ။ ရုပ်တုတွေကို စက်ဆုပ်ရွံရှာလျက်နဲ့ ရုပ်တုတည်ရာ ဗိမာန်တွေကို  ဘာလို့  လုယက်နေသလဲ။ ၂၃ ပညတ်တရားကြောင့်  ဂုဏ်ယူနေလျက်နဲ့  ပညတ်တရားကို ကိုယ်တိုင်ချိုးဖောက်ပြီး ဘုရားသခင်ကို ဂုဏ်ပျက်အောင်  ဘာလို့  လုပ်နေသလဲ။ ၂၄ အဲဒါကြောင့် ကျမ်းစာမှာ “လူမျိုးခြားတွေက မင်းတို့ကြောင့် ဘုရားသခင်ရဲ့နာမည်ကို စော်ကားပြောဆိုကြပြီ” ဆိုပြီး ရေးထားတာပေါ့။+

၂၅ တကယ်တော့ ပညတ်ကို ကိုယ်တိုင်ကျင့်မှသာ+ အရေဖျားဖြတ်တာက+ အကျိုးရှိမှာ။ ပညတ်ကို ချိုးဖောက်ရင်တော့ အရေဖျားဖြတ်ထားတာဟာ အရေဖျားမဖြတ်တာနဲ့  အတူတူပဲ။ ၂၆ ဒါကြောင့် အရေဖျားမဖြတ်ထားသူက+ ပညတ်တရားမှာပါတဲ့ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေကို လိုက်နာနေရင်  အရေဖျား  မဖြတ်ထားပေမဲ့ အရေဖျားဖြတ်ထားသူလို့ ယူမှတ်ခံရလိမ့်မယ်။+ ၂၇ လူတစ်ယောက်က အရေဖျား မဖြတ်ထားပေမဲ့ ပညတ်တရားကို လိုက်နာတယ်ဆိုရင် သူအဲဒီလို လိုက်နာတာက ခင်ဗျားမှာ အပြစ်ရှိကြောင်း ဖော်ထုတ်လိုက်တာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားက အရေဖျားဖြတ်ထားပြီး မောရှေရေးခဲ့တဲ့ ပညတ်တွေ ရရှိထားပါလျက်နဲ့ အဲဒီပညတ်တွေကို ချိုးဖောက်နေတာကိုး။ ၂၈ အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူဟာ+  ဂျူးလူမျိုးအစစ်အမှန် မဟုတ်ဘူး။ အပြင်ပန်းအားဖြင့် ကိုယ်ခန္ဓာမှာ အရေဖျား ဖြတ်ထားတာကလည်း  အရေဖျားဖြတ်ခြင်း  အစစ်အမှန် မဟုတ်ဘူး။+ ၂၉ အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူသာ+ ဂျူးလူမျိုး အစစ်အမှန်ပဲ။ မောရှေရေးခဲ့တဲ့ ပညတ်တွေအားဖြင့် မဟုတ်ဘဲ စွမ်းအားတော်အားဖြင့်+ နှလုံးသားကို အရေဖျားဖြတ်ထားမှသာ*+ အရေဖျားဖြတ်ခြင်း အစစ်အမှန်ပဲ။ သူ့ကို လူတွေမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ချီးမွမ်းလိမ့်မယ်။+

၃ ဒါဆိုရင် ဂျူးလူမျိုးဖြစ်ရတာ ဘာအခွင့်အရေး  သာသွားသလဲ။ အရေဖျားဖြတ်တာကရော ဘာအကျိုးရှိသလဲ။ ၂ အဘက်ဘက်ကနေ အကျိုးရှိပါတယ်။ အရင်ဆုံး၊ ဂျူးတွေက ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ ပေးအပ်ခံရတယ်။+ ၃ ဒါဆိုရင် ယုံကြည်ခြင်းမရှိတဲ့ ဂျူးတွေကိုကျတော့ ဘယ်လိုပြောမလဲ။ သူတို့ ယုံကြည်ခြင်းကင်းမဲ့တာနဲ့ပဲ ဘုရားသခင်ကို လူတွေယုံကြည်ကိုးစားလို့ မရနိုင်တော့ဘူးဆိုတဲ့ သဘောလား။ ၄ လုံးဝ မဟုတ်ပါဘူး။ လူတွေ လိမ်လည်ရင်တောင်+ ဘုရားသခင်ကတော့ ဖြောင့်မှန်ပါတယ်။+ “နှုတ်တော်ထွက်စကားတွေက ကိုယ်တော် ဖြောင့်မှန်ကြောင်း ဖော်ပြလိမ့်မယ်။ ပြစ်တင်စွပ်စွဲသူတွေ မှားယွင်းကြောင်း ကိုယ်တော် သက်သေပြလိမ့်မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၅ ကျွန်တော်တို့ မဖြောင့်မတ်တာ လုပ်တဲ့အခါ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ပိုထင်ရှားလာတယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ဒဏ်ခတ်တာ ဘုရားသခင် မတရားဘူးဆိုတဲ့ သဘောလား။ (လူ့ရှုထောင့်ကနေ ကျွန်တော်ပြောနေတာ။) ၆ လုံးဝမဟုတ်ဘူး။ ဘုရားသခင်သာ မတရားဘူးဆိုရင် လောကကို ဘယ်လိုလုပ်ပြီး တရားစီရင်မှာလဲ။+

၇ ကျွန်တော် လိမ်လည်ပြောလိုက်လို့ ဘုရားသခင်ရဲ့စကားတွေ မှန်ကန်ကြောင်း ပေါ်လွင်သွားပြီး ဘုရားရဲ့ဘုန်းတော်ကို လူတွေ ချီးမွမ်းကြတယ်ဆိုရင် ဘုရားသခင်က ကျွန်တော့်ကို အပြစ်ရှိတဲ့သူလို့ ဘာလို့ သတ်မှတ်နေသေးတာလဲ။ ၈ အဲဒီလိုသာဆိုရင် “ကောင်းကျိုးရဖို့ မကောင်းမှု ပြုကြစို့” ဆိုပြီး ကျွန်တော်တို့ ပြောလို့ရတာပဲ။ ကျွန်တော်တို့ အဲဒီလိုပြောနေတယ်လို့ လူတချို့ တလွဲထင်နေကြတယ်။ တကယ်တော့ အဲဒီလူတွေသာ တရားစီရင်ခံရမှာ။+

၉ ဒါဆိုရင် ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ ဂျူးတွေက သာလွန်နေတာလား။ လုံးဝမဟုတ်ပါဘူး။ ဂျူးတွေ၊ ဂရိတွေအပါအဝင် လူအားလုံး အပြစ်ရဲ့လက်အောက်မှာ ရှိနေတယ်လို့ အထက်မှာ ပြောခဲ့ပြီပဲ။+ ၁၀ “ဖြောင့်မတ်သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။+ ၁၁ ထိုးထွင်းဉာဏ်ရှိသူ၊ ဘုရားသခင်ကိုရှာတဲ့သူ တစ်ယောက်မှ မရှိဘူး။ ၁၂ လူအားလုံး လမ်းလွဲကုန်ပြီ။ အသုံးမကျသူတွေချည်းပဲ။ ကောင်းမှုပြုတဲ့သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။”+ ၁၃ “သူတို့လည်ချောင်းဟာ ပွင့်နေတဲ့ သင်္ချိုင်းတွင်းပဲ။ သူတို့ရဲ့လျှာက လှည့်စားတတ်တယ်။”+ “သူတို့ပါးစပ်ထဲမှာ မြွေပွေးအဆိပ် ရှိတယ်။”+ ၁၄ “သူတို့ရဲ့နှုတ်မှာ ကျိန်စာတွေ၊ ရန်လိုမုန်းတီးတဲ့ စကားတွေ အပြည့်ပဲ။”+ ၁၅ “လူသတ်ဖို့ဆိုရင် ခြေသွက်ကြတယ်။”+ ၁၆ “သူတို့သွားတဲ့လမ်းမှာ ပျက်စီးခြင်းနဲ့ ဒုက္ခပဲ ရှိတယ်။ ၁၇ ငြိမ်သက်ခြင်းလမ်းကို သူတို့မသိကြဘူး။”+ ၁၈ “ဘုရားသခင်ကို ကြောက်ရကောင်းမှန်း မသိကြဘူး”+ ဆိုတဲ့ ကျမ်းစကားတွေ အတိုင်းပါပဲ။

၁၉ ပညတ်တရားမှာပါတဲ့ စကားမှန်သမျှဟာ  ပညတ်တရား  လက်အောက်မှာရှိသူတွေနဲ့  သက်ဆိုင်တဲ့အတွက် သူတို့ဆင်ခြေပေးလို့ မရမှန်း၊ တစ်လောကလုံး ဘုရားသခင်ရဲ့ ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်မှန်း ကျွန်တော်တို့ သိတယ်။+ ၂၀ ပညတ်က အပြစ်ကို ထင်ရှားစေတဲ့အတွက်+ ပညတ်ကို စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။+

၂၁ အခုတော့ ပညတ်ကို မစောင့်ထိန်းဘဲ ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားကို ရရှိနိုင်မှန်းသိလာရပြီ။+ အဲဒီအချက်ကို ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း* တွေမှာ ဖော်ပြထားပြီးသားပဲ။+ ၂၂ ဒါကြောင့် ယုံကြည်သူအားလုံးဟာ  ယေရှုခရစ်ကို  ယုံကြည်ခြင်းအားဖြင့်  ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားကို ရနိုင်တယ်။ ဘာလို့လဲဆိုတော့ ဂျူးလူမျိုးနဲ့ ဂရိလူမျိုးဆိုပြီး ခွဲခြားတာ မရှိတော့လို့ပဲ။+ ၂၃ လူအားလုံးဟာ  အပြစ်ရှိသူတွေဖြစ်လို့ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ။+ ၂၄ ခရစ်တော်ယေရှုရဲ့  ရွေးဖိုးကြောင့်သာ+ ဘုရားသခင်ရှေ့  ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ဒါဟာ မဟာကရုဏာတော်ကြောင့်ရတဲ့+  ဆုလက်ဆောင်ပဲ။+ ၂၅ ဘုရားသခင်က ခရစ်တော်ရဲ့ သွေးကို+ ယုံကြည်သူတွေအတွက် ပြန်လည်သင့်မြတ်ရာ*+ ပူဇော်သက္ကာအဖြစ် ခရစ်တော်ကို ပေးဆပ်ခဲ့တယ်။ အတိတ်တုန်းက လူတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်။ ဒီနည်းနဲ့ မိမိရဲ့  ဖြောင့်မတ်မှုကို  ဖော်ပြခဲ့တယ်။ ၂၆ အခုအချိန်မှာလည်း ဘုရားသခင်က ယေရှုကို ယုံကြည်သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းအားဖြင့်+ မိမိရဲ့ဖြောင့်မတ်မှုကို ဖော်ပြတယ်။+

၂၇ ဒါဆိုရင် ဝါကြွားစရာအကြောင်း ရှိသလား။ လုံးဝမရှိဘူး။ ဘယ်တရားကြောင့် ဝါကြွားမှာလဲ။ စောင့်ထိန်းဖို့လိုအပ်တဲ့ တရားကြောင့်လား။+ မဟုတ်ဘူး။ ယုံကြည်ခြင်းရှိဖို့လိုအပ်တဲ့ တရားကြောင့်သာ ဝါကြွားရမှာပါ။ ၂၈ လူတစ်ယောက် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာဟာ  ပညတ်ကိုစောင့်ထိန်းလို့ မဟုတ်ဘူး၊ ယုံကြည်ခြင်းရှိလို့ပဲ။+ ၂၉ ဘုရားသခင်ဟာ ဂျူးတွေရဲ့ ဘုရားပဲလား။+ လူမျိုးခြားတွေရဲ့ ဘုရားလည်း မဟုတ်ဘူးလား။+  လူမျိုးခြားတွေရဲ့  ဘုရားလည်း  ဟုတ်ပါတယ်။+ ၃၀ ဘုရားသခင်ဟာ  တစ်ဆူတည်းပဲ။+ အရေဖျားဖြတ်ထားသူတွေကို သူတို့ရဲ့ယုံကြည်ခြင်းကြောင့်  ဖြောင့်မတ်သူအဖြစ် သတ်မှတ်သလို+ အရေဖျားမဖြတ်ထားသူတွေကိုလည်း ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် ဘုရားသခင် သတ်မှတ်ပါတယ်။+ ၃၁ ဒါဆိုရင် ယုံကြည်ခြင်းကြောင့် ပညတ်တွေကို ကျွန်တော်တို့ ပယ်ဖျက်လိုက်တာလား။ မဟုတ်ပါဘူး။ တကယ်ဆို ပညတ်တွေကို အတည်ပြုနေတာပါ။+

၄ အဲဒီလိုဆိုရင်  ဘိုးဘေးအာဗြဟံက  ဘာအကျိုးရခဲ့သလဲ။ ၂ တကယ်လို့ သူက လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ်  သတ်မှတ်ခံရတယ်ဆိုရင် ဝါကြွားစရာအကြောင်းရှိပေမဲ့ ဘုရားသခင့်ရှေ့မှာတော့ ဝါကြွားလို့ မရဘူး။ ၃ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ “အာဗြဟံက ယေဟောဝါကို* ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်”+ ဆိုပြီး ပြောထားတယ်။ ၄ လူတစ်ယောက် အလုပ်လုပ်ပြီး အခကြေးငွေ ရလာတဲ့အခါ မဟာကရုဏာကြောင့် ရတာမဟုတ်ဘဲ ရထိုက်လို့ရတာလို့ ယူမှတ်ကြတယ်။ ၅ ဘုရားတရားမဲ့သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်တဲ့အရှင်ကို ယုံကြည်သူကတော့ လုပ်ရပ်မပါရင်တောင် သူ့ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။+ ၆ လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ သူလိုလူရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ကလည်း၊ ၇ “ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၈ အပြစ်ရှိတယ်လို့ ယေဟောဝါ* လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်”+ လို့ပြောခဲ့တယ်။

၉ အဲဒီပျော်ရွှင်မှုကို အရေဖျား ဖြတ်ထားသူတွေပဲ ခံစားရတာလား။ အရေဖျား မဖြတ်ထားသူတွေရော မခံစားရဘူးလား။+ “အာဗြဟံက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်”+ လို့ ကျွန်တော်တို့ ပြောခဲ့ဖူးတယ်။ ၁၀ ဒါဆိုရင်  ဘယ်အခြေအနေမှာ သူ အဲဒီလို သတ်မှတ်ခံရတာလဲ။ အရေဖျားဖြတ်ပြီးမှလား၊ မဖြတ်ခင်ကလား။ ဖြတ်ပြီးမှ မဟုတ်ပါဘူး၊ မဖြတ်ခင်ကတည်းက သတ်မှတ်ခံခဲ့ရတာပါ။ ၁၁ ဘုရားသခင်က အာဗြဟံကို အရေဖျားဖြတ်ခိုင်းတယ်။ ဒါဟာ သူအရေဖျား မဖြတ်ခင်ကတည်းက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဖြစ်ခဲ့ကြောင်း ဖော်ပြတဲ့ အမှတ်အသားပဲ။*+ ဒါကြောင့် အာဗြဟံဟာ အရေဖျား မဖြတ်သေးပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်ဖြစ်လာခဲ့တယ်။+ ၁၂ ဘိုးဘေးအာဗြဟံဟာ အရေဖျားဖြတ်သူတွေရဲ့ ဖခင်ပဲ။ ဒါပေမဲ့ အရေဖျားဖြတ်ရမယ်ဆိုတဲ့ ပညတ်ကို စွဲစွဲမြဲမြဲလိုက်နာတဲ့ လူတွေရဲ့ ဖခင်ပဲ မဟုတ်ဘူး။ သူ့ရဲ့ယုံကြည်ခြင်း ခြေရာအတိုင်း လိုက်လျှောက်သူတွေရဲ့ ဖခင်လည်း ဖြစ်တယ်။+ တကယ်တော့ အာဗြဟံဟာ အရေဖျား မဖြတ်ခင်ကတည်းက အဲဒီလို ယုံကြည်ခြင်းမျိုး ရှိခဲ့တယ်။

၁၃ အာဗြဟံနဲ့ သူ့မျိုးနွယ်က ဒီလောကကို အမွေခံရမယ်ဆိုတဲ့ ကတိတော်ကို+ ပညတ်စောင့်ထိန်းလို့ ရခဲ့တာမဟုတ်ဘူး။  ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလို့ အဲဒီကတိကို ရခဲ့တာ။+ ၁၄ ပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာသူတွေပဲ အမွေခံရမယ်ဆိုရင် ယုံကြည်ခြင်းဟာ အချည်းနှီး ဖြစ်သွားမှာပေါ့။ ကတိတော်လည်း ပျက်ပြယ်သွားမှာပေါ့။ ၁၅ အဖြစ်မှန်ကတော့ ပညတ်တရားက အမျက်တော်သင့်စေတယ်။+ ပညတ်ဥပဒေမရှိရင် အပြစ်ကျူးလွန်ခြင်းဆိုတာ ရှိမှာမဟုတ်ဘူး။+

၁၆ ဒါကြောင့် အာဗြဟံက ယုံကြည်ခြင်းကြောင့် အဲဒီကတိကို ရခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ပဲ။+ သူ့မျိုးနွယ်အားလုံးလည်း အဲဒီကတိကို ရခဲ့တယ်။+ ပညတ်တရားကို စွဲစွဲမြဲမြဲ လိုက်နာသူတွေသာမက ကျွန်တော်တို့အားလုံးရဲ့ ဖခင် အာဗြဟံလို ယုံကြည်ခြင်းမျိုးရှိတဲ့သူတွေပါ အဲဒီကတိကို ရတယ်။+ ၁၇ (“ငါက မင်းကို လူမျိုးများစွာရဲ့ ဖခင်အဖြစ် ရွေးချယ်လိုက်ပြီ”  ဆိုတဲ့  ကျမ်းစကားအတိုင်းပါပဲ။)+ အဲဒီကတိကို ဘုရားသခင်ရှေ့မှာ အတည်ပြုခဲ့တာ။ အဲဒီဘုရားသခင်ဟာ အာဗြဟံ ယုံကြည်တဲ့ဘုရား၊ သေလွန်သူတွေကို အသက်ရှင်စေတဲ့ဘုရား၊ မဖြစ်သေးတဲ့ အကြောင်းတွေကို ဖြစ်ပြီးသားပုံစံမျိုးနဲ့ ပြောဆိုတဲ့ ဘုရားပဲ။* ၁၈ “မင်းရဲ့မျိုးနွယ်ဟာ အများကြီး ဖြစ်လာမယ်”+ ဆိုတဲ့ကတိတော်ကို သူယုံကြည်ပြီး လူမျိုးများစွာရဲ့ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။ မျှော်လင့်စရာအကြောင်း မရှိပေမဲ့ မျှော်လင့်ခဲ့တယ်။ ၁၉ (အသက် ၁၀၀ လောက်ရှိနေတဲ့အတွက်)+ သူ့ခန္ဓာကိုယ်ဟာ အသေလိုဖြစ်နေမှန်း၊ စာရာလည်း အသက်ကြီးလွန်းလို့ ကလေးမရနိုင်တော့မှန်း+ သူသိပေမဲ့ ယုံကြည်ခြင်း မလျော့နည်းခဲ့ဘူး။ ၂၀ ဘုရားသခင်ရဲ့  ကတိတော်နဲ့ပတ်သက်ပြီး သူ့ရဲ့ယုံကြည်ခြင်း မယိမ်းယိုင်ခဲ့ဘူး။ အဲဒီအစား ယုံကြည်ခြင်းကြောင့် ခွန်အားရှိလာပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းခဲ့တယ်။ ၂၁ ဘုရားသခင်ဟာ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိမှန်း သူ အကြွင်းမဲ့ ယုံကြည်စိတ်ချခဲ့တယ်။+ ၂၂ ဒါကြောင့် “ဖြောင့်မတ်သူအဖြစ် သူသတ်မှတ်ခံခဲ့ရတယ်။”+

၂၃ ဒါပေမဲ့ “ဖြောင့်မတ်သူအဖြစ် သူ  သတ်မှတ်ခံခဲ့ရတယ်” ဆိုတဲ့ ကျမ်းစကားဟာ အာဗြဟံအတွက်ပဲ ရေးထားတာ မဟုတ်ဘူး။+ ၂၄ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ့် ကျွန်တော်တို့အတွက်လည်း ရေးထားတာဖြစ်တယ်။ သခင်ယေရှုကို သေရာကနေ အသက်ပြန်ရှင်စေတဲ့  အရှင်ကို ကျွန်တော်တို့  ယုံကြည်တာကိုး။+ ၂၅ ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်အတွက် သခင်ယေရှုကို အသေခံစေခဲ့တယ်။+ ကျွန်တော်တို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ဖို့ သူ့ကို အသက်ပြန်ရှင်စေခဲ့တယ်။+

၅ ကျွန်တော်တို့ဟာ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။+ ဒါကြောင့် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နဲ့ အမြဲ ခင်မင်ရင်းနှီးနေကြစို့။*+ ၂ အဲဒီသခင်ကို ယုံကြည်ခြင်းအားဖြင့် မဟာကရုဏာတော် ခံစားရနိုင်မယ့် အခွင့်အလမ်း ပွင့်သွားတယ်။ အခု အဲဒီကရုဏာကို ကျွန်တော်တို့ ခံစားနေရတာ။+ ဘုရားသခင်ရဲ့ ဘုန်းတော်ကိုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှင်လန်းနေကြစို့။* ၃ အဲဒီအပြင် ဆင်းရဲဒုက္ခ ရောက်နေချိန်မှာလည်း ရွှင်လန်းနေကြစို့။*+ ဆင်းရဲဒုက္ခဟာ ခံနိုင်ရည်ကို ဖြစ်ပေါ်စေတယ်ဆိုတာ ကျွန်တော်တို့ သိထားလို့ပဲ။+ ၄ ခံနိုင်ရည်ကလည်း ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရစေတယ်။+ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရတာကလည်း မျှော်လင့်ချက် ရှိစေတယ်။+ ၅ အဲဒီမျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။+ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို ပေးထားတဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့လို့ပဲ။+

၆ ကျွန်တော်တို့ အားနည်းနေတာတောင်+ ခရစ်တော်က သတ်မှတ်ချိန်ရောက်တဲ့အခါ ဘုရားတရားမဲ့သူတွေအတွက် အသေခံခဲ့တယ်။ ၇ ဖြောင့်မတ်သူအတွက် အသေခံမယ့်သူ သိပ်ရှားတယ်။  သူတော်ကောင်းအတွက်တော့  အသေခံဝံ့သူ  ရှိကောင်းရှိနိုင်တယ်။ ၈ ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်။+ ၉ အခုဆိုရင်  ခရစ်တော်ရဲ့သွေးကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီမို့လို့+ အမျက်တော် မသင့်တော့ဘဲ ခရစ်တော်ကြောင့် ကယ်တင်ခံရမယ်ဆိုတာ+ ပိုလို့တောင် စိတ်ချနိုင်တယ်။ ၁၀ ရန်သူတွေ ဖြစ်နေချိန်မှာတောင် သားတော်ရဲ့သေခြင်းကြောင့်  ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာခဲ့တာ။+ အခုလို ပြန်လည်သင့်မြတ်နေချိန်မှာဆိုရင် အသက်ရှင်နေတဲ့ သားတော်အားဖြင့် ကယ်တင်ခံရမယ်ဆိုတာ ပိုလို့တောင် စိတ်ချနိုင်တယ်။ ၁၁ အဲဒီအပြင် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးလာတဲ့အတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ ယေရှုကြောင့် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်တော်တို့ ရခဲ့ကြတာ။+

၁၂ အပြစ်ဟာ  လူတစ်ယောက်ကြောင့်  လူ့လောကထဲ  ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။+ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက်  သေဆုံးကြရတယ်။+ ၁၃ ပညတ်တရား မရှိခင်ကတည်းက လူ့လောကမှာ  အပြစ်ဆိုတာ  ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ပညတ်ဥပဒေ မရှိတဲ့အတွက် အပြစ်ကျူးလွန်သူအဖြစ် ဘယ်သူ့ကိုမှ  သတ်မှတ်လို့မရဘူး။+ ၁၄ အာဒံလက်ထက်ကနေ မောရှေလက်ထက်အထိ သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။ အာဒံ အပြစ်ကျူးလွန်ခဲ့သလို မကျူးလွန်တဲ့သူတွေကိုတောင် ကြီးစိုးခဲ့တယ်။ အာဒံဟာ နောင်တစ်ချိန်မှာ ပေါ်ထွန်းလာမယ့်သူနဲ့ ဆင်တူတယ်။+

၁၅ အပြစ်ကျူးလွန်ခြင်းနဲ့ ဆုလက်ဆောင်ဆိုတာ  မတူဘူး။  လူတစ်ယောက်ရဲ့  အပြစ်ကြောင့်  လူများစွာ သေရတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မဟာကရုဏာကြောင့်+  လူများစွာက+ ဘုရားသခင်ရဲ့ မဟာကရုဏာတော်နဲ့ ဆုလက်ဆောင်ကို အလျှံပယ် ခံစားရတယ်။ အဲဒီတစ်ယောက်ဟာ ယေရှုခရစ်ပဲ။ ၁၆ လူတစ်ယောက် ကျူးလွန်တဲ့ အပြစ်နဲ့+ ဆုလက်ဆောင်က အကျိုးဆက်ချင်းလည်း မတူဘူး။ ကျူးလွန်တဲ့ အပြစ်တစ်ခုကြောင့် လူအားလုံး အပြစ်ရှိသူတွေလို့ သတ်မှတ်ခံရတယ်။+ ဒါပေမဲ့ လူများစွာ အပြစ်ကျူးလွန်ပြီးနောက်မှာ ဘုရားသခင်က ဆုလက်ဆောင် ပေးသနားခဲ့တယ်။ အဲဒီဆုလက်ဆောင်ကြောင့် လူတွေဟာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်။+ ၁၇ လူတစ်ယောက်ရဲ့ အပြစ်ကြောင့် သေခြင်းက ဘုရင်တစ်ပါးလို ကြီးစိုးခဲ့တယ်။+ ဒါပေမဲ့ ကျွန်တော်တို့ကို ဖြောင့်မတ်သူတွေ ဖြစ်လာစေတဲ့ မဟာကရုဏာတော်နဲ့ ဆုလက်ဆောင်ကတော့ သာလွန်မြင့်မြတ်လှပါတယ်။+ အဲဒါတွေကို ရရှိသူတွေဟာ ယေရှုခရစ်ကြောင့်+ အသက်ရှင်ပြီး ဘုရင်တွေအဖြစ် အုပ်ချုပ်ရလိမ့်မယ်။+

၁၈ ဒီတော့ အပြစ်တစ်ခုကြောင့် လူအမျိုးမျိုး  ပြစ်ဒဏ်စီရင်ခံရတယ်။+ အလားတူ၊ ဖြောင့်မတ်ရာရောက်စေတဲ့ လုပ်ရပ်တစ်ခုကြောင့် လူအမျိုးမျိုးက+ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရပြီး အသက်ရနိုင်ကြမယ်။+ ၁၉ လူတစ်ယောက်ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။+ အလားတူ၊ လူတစ်ယောက်ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။+ ၂၀ ဘုရားသခင်က လူတွေ အပြစ်များစွာကျူးလွန်မှန်း သိလာစေဖို့ ပညတ်တရား ပေးခဲ့တယ်။+ ဒါပေမဲ့ လူတွေကျူးလွန်တဲ့ အပြစ်တွေ များသလောက် ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကလည်း တိုးများသည်ထက် တိုးများလာတယ်။ ၂၁ ဘာအတွက် တိုးများရတာလဲ။ အပြစ်နဲ့ သေခြင်းက ဘုရင်တစ်ပါးလို စိုးမိုးနေသလို+ မဟာကရုဏာတော်ကလည်း လူတွေကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ပြီး ဘုရင်တစ်ပါးလို စိုးမိုးနေဖို့ပဲ။ ဒီနည်းနဲ့ လူတွေက သခင်ယေရှုခရစ်ကြောင့် ထာဝရအသက် ရနိုင်ကြမယ်။+

၆ ဒါဆိုရင်  ဘယ်လိုပြောရမလဲ။ မဟာကရုဏာတော် ကြီးမားလှတယ်ဆိုတိုင်း အပြစ်တွေ ဆက်ကျူးလွန်နေရမှာလား။ ၂ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့က အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီးမှတော့+ အဲဒီလမ်းစဉ်မှာ ဘယ်လို ဆက်ရှင်သန်လို့ရမှာလဲ။+ ၃ ကျွန်တော်တို့အားလုံး နှစ်ခြင်းခံပြီး ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီဆိုတော့+ ခရစ်တော်နဲ့အတူ သေခြင်းမှာ နှစ်ခြင်းခံရမယ်ဆိုတာ  မသိကြဘူးလား။+ ၄ ကျွန်တော်တို့က ခရစ်တော်ရဲ့သေခြင်းမှာ နှစ်ခြင်းခံထားတဲ့အတွက်  ခရစ်တော်နဲ့အတူ သင်္ဂြိုဟ်ခံရတယ်။+ အဖဘုရားရဲ့ ဘုန်းတော်ကြောင့်  ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်လာသလို ကျွန်တော်တို့လည်း ဘဝလမ်းစဉ်သစ်မှာ လျှောက်လှမ်းရမယ်။+ ၅ ခရစ်တော်လို သေဆုံးတယ်ဆိုရင်+ ခရစ်တော်လို ရှင်ပြန်ထမြောက်လာမှာ သေချာတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြတယ်။ ၆ အပြစ်ရှိတဲ့ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှု မခံရတော့အောင်၊+ အပြစ်ရဲ့ကျေးကျွန် မဖြစ်တော့အောင်+ ကိုယ့်ရဲ့ ပင်ကိုစရိုက်ဟောင်းကို ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ရိုက်ထားလိုက်ပြီဆိုတာ+ ကျွန်တော်တို့ သိပါတယ်။ ၇ လူတစ်ယောက် သေဆုံးပြီဆိုရင်  အပြစ်ရဲ့လက်အောက်ကနေ လွတ်မြောက်သွားပြီ။

၈ အဲဒီအပြင် ခရစ်တော်နဲ့အတူ သေဆုံးပြီဆိုရင် ခရစ်တော်နဲ့အတူ အသက်ရှင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ၉ သေရာကနေ အသက်ပြန်ရှင်လာတဲ့ ခရစ်တော်ဟာ+ ဘယ်တော့မှ မသေရတော့ဘူးဆိုတာ+ ကျွန်တော်တို့ သိပါတယ်။ သေခြင်းက သူ့ကို သခင်တစ်ယောက်လို  မကြီးစိုးတော့ဘူး။ ၁၀ ခရစ်တော်က အသေခံတဲ့အခါ အပြစ်ကို ဖယ်ရှားဖို့ တစ်ကြိမ်တည်းအပြီး  အသေခံခဲ့တယ်။+  အသက်ရှင်တဲ့အခါ  ဘုရားသခင်အလိုတော် ဆောင်ဖို့ပဲ အသက်ရှင်လာတယ်။ ၁၁ အလားတူ၊ ခင်ဗျားတို့လည်း အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီ၊ ဘုရားသခင်အလိုတော် ဆောင်ဖို့ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ယူမှတ်ကြပါ။+

၁၂ ဒါကြောင့် သေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်မပြုပါနဲ့။+ ၁၃ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကို မတရားမှုရဲ့ လက်နက်အဖြစ် အပြစ်ဆီ မဆက်သပါနဲ့တော့။ အဲဒီအစား သေရာကနေ အသက်ပြန်ရှင်လာသူတွေအဖြစ် ဘုရားသခင်ဆီ ကိုယ့်ကိုယ်ကိုယ် ဆက်သပါ။ ခန္ဓာကိုယ်ကိုလည်း ဖြောင့်မတ်ခြင်းရဲ့ လက်နက်အဖြစ် ဘုရားသခင်ဆီ ဆက်သပါ။+ ၁၄ ခင်ဗျားတို့ဟာ ပညတ်အောက်မှာ မရှိတော့ဘဲ+ မဟာကရုဏာတော်အောက်မှာ  ရှိနေတဲ့အတွက်+ အပြစ်ကို သခင်တစ်ယောက်လို ကြီးစိုးခွင့် မပြုပါနဲ့တော့။

၁၅ အဲဒီတော့ ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့က ပညတ်အောက်မှာ မရှိတော့ဘဲ မဟာကရုဏာတော်အောက်မှာ ရှိနေပြီဆိုတိုင်း အပြစ်ကျူးလွန်ရမှာလား။+ လုံးဝ မဟုတ်ပါဘူး။ ၁၆ သေခြင်းကို ဦးတည်တဲ့+ အပြစ်ဆီ+ ဒါမှမဟုတ် ဖြောင့်မတ်ခြင်းကို ဦးတည်တဲ့ နာခံခြင်းဆီ ကျွန်တစ်ယောက်အဖြစ် နာခံဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်သလိုက်ပြီဆိုရင် အဲဒီအရာရဲ့ ကျွန်ဖြစ်သွားပြီဆိုတာ+ မသိကြဘူးလား။ ၁၇ ခင်ဗျားတို့ဟာ အပြစ်ရဲ့ကျွန် ဖြစ်ခဲ့ဖူးပေမဲ့ ရရှိတဲ့သွန်သင်ချက်ကို  စိတ်ရောကိုယ်ပါ  နာခံတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးလှပါတယ်။ ၁၈ ခင်ဗျားတို့ဟာ အပြစ်ရဲ့လက်ကနေ  လွတ်မြောက်ပြီဖြစ်လို့+ ဖြောင့်မတ်ခြင်းရဲ့ကျွန်တွေ ဖြစ်လာကြပြီ။+ ၁၉ အပြစ်ကြောင့် ခင်ဗျားတို့ အားနည်းနေလို့ လူတွေနားလည်တဲ့ စကားလုံးတွေသုံးပြီး ကျွန်တော်ပြောနေတာ။ အရင်တုန်းက ခန္ဓာကိုယ်ကို ညစ်ညူးခြင်းနဲ့ တရားမဲ့ခြင်းရဲ့ ကျွန်အဖြစ် ဆက်သပြီး တရားမဲ့ခဲ့သလို အခု ဖြောင့်မတ်ခြင်းရဲ့ ကျွန်အဖြစ် ခန္ဓာကိုယ်ကို ဆက်သပြီး သန့်ရှင်းတဲ့အဖြစ်ကို ရောက်ကြပါ။+ ၂၀ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အပြစ်ရဲ့ကျွန်ဖြစ်တုန်းက ဖြောင့်မတ်ရာကို လုပ်ဆောင်ရမယ့်တာဝန် မရှိခဲ့လို့ပဲ။

၂၁ အဲဒီတုန်းက ဘယ်လိုလုပ်ရပ်တွေ ခင်ဗျားတို့ လုပ်ခဲ့သလဲ။ အခုအချိန်မှာ အဲဒီလုပ်ရပ်တွေဟာ ရှက်စရာပဲ။ အဲဒီလုပ်ရပ်တွေရဲ့ လမ်းဆုံးဟာ သေခြင်းပဲ။+ ၂၂ အခုတော့ ခင်ဗျားတို့ဟာ အပြစ်ရဲ့လက်အောက်ကနေ  လွတ်မြောက်ပြီး  ဘုရားသခင်ရဲ့ကျွန်တွေ ဖြစ်လာပြီဆိုတော့  သန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ လုပ်ရပ်တွေ လုပ်နေကြပြီ။+ အဆုံးမှာ ထာဝရအသက် ရလိမ့်မယ်။+ ၂၃ အပြစ်ကပေးတဲ့ အခဟာ သေခြင်းပဲ။+ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့်+ ထာဝရအသက်ပဲ။+

၇ ညီအစ်ကိုတို့၊ လူဟာ အသက်ရှင်နေသရွေ့  ပညတ်တရားအောက်မှာ ရှိမှန်း ခင်ဗျားတို့ မသိဘဲနေမှာ မဟုတ်ဘူး။  (ပညတ်သိတဲ့သူတွေကို  ကျွန်တော် ပြောနေတာ မို့လို့ပါ။) ၂ ဥပမာ၊  ဇနီးဟာ  ခင်ပွန်းဖြစ်သူအသက်ရှင်နေသရွေ့ ဥပဒေအရ ခင်ပွန်းနဲ့ ပေါင်းဖက်ရမယ်။ ခင်ပွန်းသေဆုံးရင်တော့ ခင်ပွန်းရဲ့ပညတ် အောက်ကနေ လွတ်သွားပြီ။+ ၃ တကယ်လို့ ဇနီးက ခင်ပွန်းအသက်ရှင်နေတုန်း တခြားယောက်ျားနဲ့ အိမ်ထောင်ပြုရင် ဖောက်ပြန်တဲ့မိန်းမလို့ အခေါ်ခံရလိမ့်မယ်။+ ခင်ပွန်း  သေဆုံးရင်တော့  ခင်ပွန်းရဲ့ပညတ်အောက်ကနေ ကင်းလွတ်သွားပြီဖြစ်လို့  နောက်အိမ်ထောင်ပြုရင်လည်း ဖောက်ပြန်တဲ့မိန်းမလို့ မပြောနိုင်ပါဘူး။+

၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့လည်း ပညတ်တရားအောက်မှာ  ရှိခဲ့တယ်။ အခုတော့  ခရစ်တော်ရဲ့  ပူဇော်သက္ကာကြောင့် ပညတ်တရားအောက်ကနေ ကင်းလွတ်သွားပြီဖြစ်လို့ သေရာကနေ အသက်ပြန်ရှင်လာတဲ့+ ခရစ်တော်ရဲ့ ပိုင်ဆိုင်သူတွေ၊+ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေမယ့်အကျင့်ကို ကျင့်တဲ့သူတွေ ဖြစ်သွားပြီ။+ ၅ သွေးသားဆန္ဒအတိုင်း ကျွန်တော်တို့ အသက်ရှင်ခဲ့တုန်းက မှားယွင်းတဲ့ လိုအင်ဆန္ဒဟာ ခန္ဓာကိုယ်ကို အပြစ်ကျူးလွန်စေမှန်း ပညတ်တရားက ရှင်းရှင်းလင်းလင်း သိရှိစေတယ်။ အဲဒီအပြစ်က သေခြင်းဆီ ပို့ဆောင်ပေးတယ်။+ ၆ အခုတော့ ကျွန်တော်တို့  ပညတ်တရား  အောက်ကနေ  လွတ်မြောက်လာပြီဖြစ်လို့+ ပညတ်တရားရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီ။ ဒါကြောင့် မောရှေရေးခဲ့တဲ့ ပညတ်ဟောင်းအတိုင်း မဟုတ်ဘဲ+  စွမ်းအားတော်  လမ်းညွှန်တဲ့အတိုင်း+ ဘုရားသခင်ဆီမှာ ကျွန်ခံနိုင်ကြပြီ။

၇ ဒါဆို ဘယ်လိုပြောရမလဲ။ ပညတ်တရားမှာ အပြစ်အနာအဆာရှိတယ်ဆိုတဲ့ သဘောလား။ လုံးဝ မဟုတ်ပါဘူး။ ပညတ်တရားသာ မရှိခဲ့ရင် အပြစ်ဆိုတာ ဘာမှန်း  ကျွန်တော်သိမှာ  မဟုတ်ဘူး။+ ဥပမာ၊ “လိုချင်တပ်မက်စိတ် မရှိနဲ့”+ ဆိုတဲ့  ပညတ်သာမရှိရင် တပ်မက်စိတ်အကြောင်း  ကျွန်တော်သိမှာ မဟုတ်ဘူး။ ၈ ဒါပေမဲ့  ပညတ်ကြောင့်  အပြစ်က အခွင့်ရသွားပြီး ကျွန်တော့်ဆီမှာ  တပ်မက်စိတ်အမျိုးမျိုး ဖြစ်ပေါ်စေတယ်။ ပညတ်မရှိခင်တုန်းက  အပြစ်ဟာ အသေဖြစ်နေတယ်။+ ၉ ပညတ်မရှိခင်တုန်းက ကျွန်တော် ရှင်သန်ခဲ့ဖူးတယ်။ ပညတ်ရောက်လာတဲ့အခါ အပြစ်ဟာ  အသက်ဝင်လာတယ်။  ကျွန်တော်ကတော့  သေဆုံးသွားတယ်။+ ၁၀ အသက်ရှင်ခြင်းဆီ ပို့ဆောင်ပေးရမယ့် ပညတ်ဟာ+  သေခြင်းဆီ  ပို့ဆောင်ပေးမှန်း ကျွန်တော် သိလိုက်ရတယ်။ ၁၁ ပညတ်ကြောင့် အပြစ်က အခွင့်ရသွားပြီး ကျွန်တော့်ကို ဖြားယောင်းတယ်၊  ပညတ်အားဖြင့် ကျွန်တော့်ကို  သတ်လိုက်တယ်။ ၁၂ ဒါကြောင့် ပညတ်တရားကိုယ်နှိုက်ဟာ သန့်ရှင်းမြင့်မြတ်ပါတယ်။ ပညတ်ချက်ဟာ သန့်ရှင်းမြင့်မြတ်တယ်၊ ဖြောင့်မှန်တယ်၊ ကောင်းမြတ်ပါတယ်။+

၁၃ ဒါဆိုရင် ကောင်းမြတ်တဲ့အရာက ကျွန်တော့်ကို သေစေတာလား။ လုံးဝ မဟုတ်ပါဘူး။ အပြစ်ကသာ သေစေတာပါ။ အပြစ်က မိမိရဲ့ သဘောသဘာဝကို ဖော်ပြဖို့ ကောင်းမြတ်တဲ့အရာအားဖြင့် ကျွန်တော့်ကို သေစေတာပါ။+ ဒီနည်းနဲ့ အပြစ်ဟာ သိပ်ဆိုးရွားမှန်း ပညတ်ချက်ကြောင့် ပိုထင်ရှားလာတယ်။+ ၁၄ ပညတ်တရားကို ဘုရားသခင်ဆီက ရခဲ့မှန်း ကျွန်တော်တို့ သိတယ်။ ကျွန်တော်ကတော့ အပြစ်ရဲ့လက်ထဲ ရောင်းစားခံရသူ၊ အပြစ်ရှိသူပါ။+ ၁၅ ကိုယ်ဘာလုပ်နေမှန်း ကိုယ်နားမလည်ဘူးကိုး။ ကိုယ်လုပ်ချင်တာကို မလုပ်ဘဲ ကိုယ်မုန်းတဲ့အရာကိုမှ လုပ်မိနေတာကိုး။ ၁၆ ဒါပေမဲ့ ကိုယ်မလုပ်ချင်တာကိုမှ လုပ်မိတယ်ဆိုရင် ပညတ်တရား ကောင်းမြတ်မှန်း ကျွန်တော် ဝန်ခံလိုက်တာပဲ။ ၁၇ ဒါဆိုရင် မကောင်းတာလုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။+ ၁၈ ကျွန်တော့်ဆီမှာ တစ်နည်းအားဖြင့် ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ကောင်းတာတစ်ခုမှ မရှိမှန်း သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကောင်းတာလုပ်ချင်တဲ့ ဆန္ဒတော့ ရှိပါရဲ့၊ ခက်တာက လုပ်နိုင်စွမ်းမရှိဘူး  ဖြစ်နေတယ်။+ ၁၉ လုပ်ချင်တဲ့ကောင်းမှုကို မလုပ်ဘဲ မလုပ်ချင်တဲ့ မကောင်းမှုကိုမှ လုပ်မိနေတယ်။ ၂၀ မလုပ်ချင်တာကို လုပ်မိတယ်ဆိုရင် လုပ်တဲ့သူဟာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်ဆီမှာ ကိန်းအောင်းနေတဲ့ အပြစ်က လုပ်နေတာ။

၂၁ ဒါကြောင့် ကိုယ်တွေ့သိလိုက်ရတဲ့ တရားတစ်ခုက မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်ဆိုတဲ့ အချက်ပဲ။+ ၂၂ ကျွန်တော်က ဘုရားသခင်ရဲ့ ပညတ်ကို စိတ်ထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးပါတယ်။+ ၂၃ ဒါပေမဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ  တခြားတရားတစ်ခုက စိတ်ထဲကတရားကို တိုက်ခိုက်တဲ့အတွက်+ ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက်  ကျွန်တော်  ရောက်သွားတာကို+  မြင်လိုက်တယ်။ ၂၄ ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ။ ၂၅ သခင်ယေရှုခရစ်အားဖြင့် ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ စိတ်ကတော့ ဘုရားသခင့်ပညတ်ရဲ့ကျွန် ဖြစ်နေပေမဲ့ ကိုယ်ခန္ဓာကတော့ အပြစ်ရဲ့ကျွန် ဖြစ်နေတယ်။+

၈ ဒါကြောင့် ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူတွေဟာ ပြစ်ဒဏ်စီရင်ခြင်းနဲ့ ကင်းလွတ်တယ်။ ၂ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူတွေကို အသက်ပေးတဲ့ စွမ်းအားတော်နဲ့ဆိုင်တဲ့ တရားက ခင်ဗျားတို့ကို အပြစ်တရားနဲ့ သေခြင်းတရားရဲ့ လက်အောက်ကနေ လွတ်မြောက်စေလို့ပဲ။+ ၃ လူတွေဟာ ပြည့်ဝစုံလင်သူတွေ မဟုတ်လို့ ပညတ်တရားကို အပြည့်အဝ မလိုက်နာနိုင်ဘူး။+ ဒါကြောင့် ပညတ်တရားက လူတွေကို မကယ်တင်ပေးနိုင်ဘူး။ ဒါပေမဲ့ ပညတ်တရား မစွမ်းဆောင်နိုင်ရာကို+ ဘုရားသခင် လုပ်ဆောင်ခဲ့တယ်။ အဲဒါကတော့ အပြစ်ကို ဖယ်ရှားဖို့ သားတော်ရင်းကို+ လူသားတစ်ယောက်အဖြစ်*+ စေလွှတ်လိုက်တာပါပဲ။ ဒီနည်းနဲ့ ဘုရားသခင်က လူတွေမှာရှိတဲ့ အပြစ်ကို ပြစ်ဒဏ်စီရင်လိုက်တယ်။ ၄ ရည်ရွယ်ချက်က အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ဘဲ စွမ်းအားတော်နဲ့အညီ လျှောက်လှမ်းခြင်းအားဖြင့်+ ပညတ်တရားမှာပါတဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေကို ကျွန်တော်တို့ လိုက်နာဖို့ဖြစ်တယ်။+ ၅ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူဟာ အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။+ စွမ်းအားတော်နဲ့အညီ အသက်ရှင်တဲ့သူကတော့ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။+ ၆ အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေတာက သေစေနိုင်တယ်။+ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေဆီ စိတ်ရောက်နေတာက အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရရှိစေနိုင်တယ်။+ ၇ အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်သွားတယ်။+ သူတို့က ဘုရားသခင်ရဲ့ပညတ်ကို မနာခံဘူး၊ နာခံနိုင်စွမ်းလည်း မရှိဘူး။ ၈ ဒါကြောင့် အပြစ်ရှိတဲ့အရာတွေဆီ စိတ်ရောက်နေသူတွေက ဘုရားသခင့်စိတ်တော်နဲ့ မတွေ့နိုင်ဘူး။

၉ ခင်ဗျားတို့ဆီမှာ ဘုရားသခင့်စွမ်းအားတော်  အမှန်တကယ်  ကိန်းအောင်းနေရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ဘဲ စွမ်းအားတော်နဲ့အညီ အသက်ရှင်နေကြမှာပဲ။+ ခရစ်တော်ရဲ့ စိတ်သဘောထား မရှိသူကတော့ ခရစ်တော်နဲ့ မသက်ဆိုင်သူပဲ။ ၁၀ ခင်ဗျားတို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတယ်ဆိုရင်+ အပြစ်ကြောင့် ကိုယ်ခန္ဓာ သေဆုံးပေမဲ့လည်း ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတဲ့အတွက်ကြောင့် စွမ်းအားတော်က အသက်ရှင်စေတယ်။ ၁၁ ယေရှုကို သေရာကနေ ထမြောက်စေတဲ့အရှင်ရဲ့ စွမ်းအားတော်သာ ခင်ဗျားတို့ဆီမှာ ကိန်းအောင်းနေမယ်ဆိုရင် ခရစ်တော်ယေရှုကို သေရာကနေ ထမြောက်စေတဲ့အရှင်က+ ခင်ဗျားတို့ဆီမှာရှိနေတဲ့ စွမ်းအားတော်အားဖြင့် သေတတ်တဲ့ ခင်ဗျားတို့ရဲ့  ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေလိမ့်မယ်။+

၁၂ ညီအစ်ကိုတို့၊ ကျွန်တော်တို့မှာ တာဝန်ရှိသွားပြီ။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အသက်ရှင်ပြီး အပြစ်ကျူးလွန်ဖို့တော့ မဟုတ်ပါဘူး။+ ၁၃ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း အသက်ရှင်ရင် သေဆုံးရမှာ ကျိန်းသေပဲ။ အပြစ်ရှိတဲ့ အကျင့်တွေကို စွမ်းအားတော်အကူအညီနဲ့ သေစေမယ်ဆိုရင်တော့+ အသက်ရှင်ရလိမ့်မယ်။+ ၁၄ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူသူတွေဟာ ဘုရားသခင်ရဲ့ သားသမီးတွေပဲ။+ ၁၅ ဘုရားသခင့် စွမ်းအားတော်က ခင်ဗျားတို့ကို ကျွန်ဘဝ ရောက်စေမှာ မဟုတ်ဘူး။ ကြောက်စိတ်ဝင်စေမှာ မဟုတ်ဘူး။ အဲဒီစွမ်းအားတော်က ကျွန်တော်တို့ကို သားတွေအဖြစ် မွေးစားခံရစေပြီး “အဗ္ဗ၊* အဖ”+ လို့ခေါ်စေတယ်။ ၁၆ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်မှန်း+ စွမ်းအားတော်ကိုယ်တိုင်ရော ကျွန်တော်တို့ရဲ့ စိတ်ကပါ အတည်ပြုပေးတယ်။+ ၁၇ ကျွန်တော်တို့ဟာ သားသမီးတွေဆိုရင် အမွေခံလည်း ဟုတ်တာပေါ့။ ဘုရားသခင်ရဲ့  အမွေခံတွေပဲ။  ခရစ်တော်နဲ့အတူ အမွေခံရမယ့်သူတွေပဲ။+ ခရစ်တော်နဲ့အတူ ဆင်းရဲဒုက္ခခံခဲ့တယ်ဆိုရင်+ ခရစ်တော်နဲ့အတူ ဘုန်းထင်ရှားမယ့်သူတွေလည်း ဟုတ်တာပေါ့။+

၁၈ လက်ရှိခံနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကျွန်တော်တို့အားဖြင့် ဘုရားသခင်ဖော်ပြမယ့် ဘုန်းအသရေနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ဘူးလို့ ကျွန်တော်ယူဆတယ်။+ ၁၉ ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေက* ဘုရားသခင်ရဲ့သားတွေ ပေါ်ထွန်းမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတယ်။+ ၂၀ ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီးအဖြစ်ကို ရောက်ခဲ့ရလို့ပဲ။+ ဆန္ဒအလျောက် ရောက်ခဲ့ရတာတော့  မဟုတ်ဘူး။ အချည်းနှီးအဖြစ်ကို  ရောက်သွားအောင် ခွင့်ပြုလိုက်တဲ့ အရှင်ရဲ့ အလိုတော်ကြောင့်သာ ဖြစ်ရတာပါ။ ဒါပေမဲ့ အဲဒီအရှင်ပေးထားတဲ့ မျှော်လင့်ချက်ကတော့၊ ၂၁ ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ  လွတ်မြောက်ပြီး+ ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်ဆိုတဲ့ အချက်ပဲ။ ၂၂ ဖန်ဆင်းရာအားလုံး အခုချိန်အထိ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစားနေကြရမှန်း ကျွန်တော်တို့ သိကြတယ်။ ၂၃ သီးဦးသီးဖျားဖြစ်တဲ့ စွမ်းအားတော်ကို ရရှိထားတဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ရွေးဖိုးအားဖြင့် သွေးသားခန္ဓာကနေ လွတ်မြောက်ပြီး သားတွေအဖြစ် မွေးစားခံရမယ့်အချိန်ကို+ မျှော်လင့်တကြီး စောင့်ဆိုင်းနေရင်းနဲ့ စိတ်ထဲမှာ ညည်းတွားနေရတာပဲ။+ ၂၄ ကျွန်တော်တို့ကို အပြစ်ရဲ့ လက်အောက်ကနေ ဘုရားသခင် ကယ်တင်လိုက်တဲ့အခါ အဲဒီမျှော်လင့်ချက်ကို ရလာတယ်။ မြင်နေရတဲ့အရာကို မျှော်လင့်တယ်ဆိုရင် ဒါဟာ မျှော်လင့်ချက် မဟုတ်တော့ဘူး။ မြင်နေရပြီဆိုမှတော့ ဘာမျှော်လင့်စရာ လိုတော့မှာလဲ။ ၂၅ မမြင်ရသေးတဲ့အရာကို+ မျှော်လင့်တယ်ဆိုရင်တော့+ ခံနိုင်ရည်ရှိရှိ+ ဆက်ပြီး စောင့်နေရမှာပေါ့။

၂၆ အလားတူ၊ စွမ်းအားတော်က ကျွန်တော်တို့ အားနည်းနေချိန်မှာ ကူညီမစပေးတယ်။+ ဆုတောင်းရမယ်ဆိုတာ သိပေမဲ့ တစ်ခါတလေ ဘာအတွက် ဆုတောင်းရမှန်းမသိ ဖြစ်တတ်တယ်။ စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘဲ ညည်းတွားနေရတဲ့အခါမျိုးမှာ စွမ်းအားတော်ကိုယ်တိုင် ကျွန်တော်တို့အတွက် အသနားခံပေးတယ်။ ၂၇ စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က+ သန့်ရှင်းသူတွေအတွက် စွမ်းအားတော် အသနားခံပေးတဲ့အရာကို  သိတယ်။ ဘာလို့လဲဆိုတော့ စွမ်းအားတော်က ဘုရားသခင့် အလိုတော်နဲ့ညီတဲ့အရာကို အသနားခံပေးလို့ပဲ။

၂၈ ဘုရားသခင်က မိမိကိုချစ်တဲ့သူတွေ၊ အလိုတော်နဲ့အညီ ခေါ်တော်မူခြင်းခံရသူတွေရဲ့ ကောင်းကျိုးအတွက် မိမိလုပ်ဆောင်သမျှကို စည်းစနစ်တကျ ဖြစ်စေမှန်း+ ကျွန်တော်တို့ သိကြတယ်။ ၂၉ သားတော်ကို ညီအစ်ကိုတွေထဲမှာ+ သားဦးဖြစ်စေဖို့+ ဘုရားသခင်က ဦးဆုံးသတိပြုမိသူတွေကို သားတော်လိုဖြစ်စေဖို့+ ကြိုတင်ပြဋ္ဌာန်းထားတယ်။ ၃၀ ဘုရားသခင်  ကြိုတင်ပြဋ္ဌာန်းထားသူတွေဟာ+ ခေါ်တော်မူခြင်း ခံရသူတွေပါပဲ။+ ခေါ်တော်မူခြင်းခံရသူတွေဟာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေပဲ။+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေဟာ ဘုန်းထင်ရှားသူတွေ ဖြစ်တယ်။+

၃၁ ဒါတွေနဲ့ပတ်သက်ပြီး ဘာပြောရမလဲ။ ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူဆန့်ကျင်နိုင်မလဲ။+ ၃၂ ဘုရားသခင်က  ကျွန်တော်တို့အားလုံးအတွက် သားတော်ရင်းကိုတောင် မချန်ဘဲ ပေးပြီးပြီဆိုမှတော့+  သားတော်နဲ့တကွ အရာခပ်သိမ်းကို ကျွန်တော်တို့လက်ထဲ ဘာလို့ မပေးဘဲနေမှာလဲ။ ၃၃ ဘုရားသခင် ရွေးချယ်ထားသူတွေကို ဘယ်သူ ပြစ်တင်စွပ်စွဲမလဲ။+ ဘုရားသခင်ကိုယ်တိုင်က သူတို့ကို ဖြောင့်မတ်တယ်လို့  သတ်မှတ်ထားပြီပဲ။+ ၃၄ သူတို့ကို ဘယ်သူ ပြစ်ဒဏ်စီရင်မလဲ။ ဘယ်သူမှ စီရင်လို့မရဘူး။ ဘာလို့လဲဆိုတော့ အသေခံပြီးနောက် ရှင်ပြန်ထမြောက်လာတဲ့ ခရစ်တော်ယေရှုက ဘုရားသခင်ရဲ့ ညာဘက်မှာ ခစားပြီး+ ကျွန်တော်တို့အတွက် ကိုယ်တိုင် အသနားခံပေးနေလို့ပဲ။+

၃၅ ခရစ်တော်ရဲ့ မေတ္တာကို မခံစားရတော့အောင် ကျွန်တော်တို့ကို ဘာက တားဆီးနိုင်လို့လဲ။+ ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆာငတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ အန္တရာယ်ကြုံတွေ့ခြင်း၊  ဓားနဲ့ခြိမ်းခြောက်ခံရခြင်း စတာတွေလား။+ ၃၆ “ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် နေ့တိုင်းလိုလို  သေဘေးနဲ့ကြုံနေရတယ်။ အသတ်ခံရမယ့်သိုးတွေလို ဖြစ်နေပြီ”+ ဆိုတဲ့ ကျမ်းစကားအတိုင်း ဖြစ်နေတယ်။ ၃၇ ဒါပေမဲ့ ကျွန်တော်တို့ကိုချစ်တဲ့ သခင်အားဖြင့် အဲဒါတွေအားလုံးကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်။+ ၃၈ ဘာကြောင့်လဲဆိုတော့ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊  လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊+ ၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ သခင် ခရစ်တော်ယေရှုကတစ်ဆင့် ဘုရားသခင်ပြတဲ့မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော် တထစ်ချယုံတယ်။

၉ ခရစ်တော်နောက်လိုက်အနေနဲ့ ကျွန်တော် အမှန်အတိုင်း ပြောမယ်။ ကျွန်တော့်ရဲ့ အမှားအမှန်သိစိတ်ကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်နေတဲ့အတွက် လိမ်မပြောပါဘူး။ ၂ ကျွန်တော် သိပ်ဝမ်းနည်းနေတယ်။ ရင်ထဲမှာလည်း တနုံ့နုံ့ နာကျင်ခံစားနေတယ်။ ၃ လူမျိုးတူတဲ့ ညီအစ်ကိုတွေအစား ကျွန်တော်ပဲ ခရစ်တော်နဲ့ ကင်းကွာတဲ့သူ၊ ဖျက်ဆီးခံရမယ့်သူ ဖြစ်လိုက်ချင်တော့တယ်။ ၄ အစ္စရေးလူမျိုးဖြစ်တဲ့ သူတို့ကို ဘုရားသခင်က သားတွေအဖြစ် မွေးစားထားတယ်။+ ဂုဏ်အသရေနဲ့ ပညတ်တရား ပေးအပ်ခဲ့တယ်။+ သူတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။+ ဘုရားကို ဝတ်ပြုခွင့်၊+ ကတိတော်တွေကို ပိုင်ဆိုင်ခွင့်+ သူတို့ရရှိထားကြတယ်။ ၅ သူတို့ဟာ ဘိုးဘေးတွေရဲ့ သားစဉ်မြေးဆက်တွေပဲ။+ ခရစ်တော်က အဲဒီဘိုးဘေးတွေရဲ့ မျိုးနွယ်အဖြစ် မွေးဖွားလာတယ်။+ အရာခပ်သိမ်းကို အုပ်စိုးတဲ့ ဘုရားသခင်ကို ထာဝစဉ် ချီးမွမ်းကြပါ။ အာမင်။*

၆ ဒါက  ဘုရားသခင်  ပြောခဲ့တဲ့ စကား အကောင်အထည် မပေါ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။ အစ္စရေးကနေ ဆင်းသက်လာတိုင်း “အစ္စရေးလူမျိုး”  အစစ်အမှန်မှ  မဟုတ်တာ။+ ၇ အလားတူ၊ အာဗြဟံရဲ့ မျိုးနွယ်ဖြစ်တိုင်း အာဗြဟံရဲ့ သားသမီးတွေမှမဟုတ်တာ။+ “မင်းရဲ့မျိုးနွယ်လို့ အခေါ် ခံရမယ့်သူဟာ အိဇက်ကနေဆင်းသက်လာမယ်”+ လို့ ကျမ်းစာမှာ ရေးထားတယ်။ ၈ ဆိုလိုတာက အာဗြဟံရဲ့ သားသမီးတွေဖြစ်တိုင်း ဘုရားသခင်ရဲ့သားသမီး အစစ်အမှန်ဖြစ်တာ မဟုတ်ဘူး။+ ကတိတော်ကြောင့်ရလာတဲ့ သားသမီးတွေသာ+ အာဗြဟံရဲ့ မျိုးနွယ်အစစ်အမှန်လို့ သတ်မှတ်ခံရမှာ။ ၉ “နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျားဆီ ပြန်လာမယ်။ စာရာ သားတစ်ယောက် မွေးလိမ့်မယ်”+ ဆိုတဲ့ ကတိတော်ကို အာဗြဟံ ရခဲ့တယ်။ ၁၀ ဒါတင်မကဘူး။ ရေဗက္ကာလည်း ဘိုးဘေးအိဇက်နဲ့ရတဲ့ သားအမြွှာကို ကိုယ်ဝန်ဆောင်ခဲ့တယ်။+ ၁၁ ဘုရားသခင်က လူတစ်ယောက်ကို ဘယ်လိုရွေးချယ်မယ်ဆိုတာ ရည်ရွယ်ထားပြီးသားပဲ။ အဲဒီလူရဲ့ အကျင့်ပေါ်မူတည်ပြီး ရွေးချယ်တာ မဟုတ်ဘဲ အလိုရှိတဲ့သူကိုသာ ရွေးချယ်တယ်။ ဒါကြောင့် သားအမြွှာ မမွေးဖွားခင်၊ အကောင်းအဆိုးကို သူတို့ မကျင့်ခင်ကတည်းက၊ ၁၂ “အကြီးဟာ အငယ်ဆီမှာ ကျွန်ခံရမယ်”+ လို့ ရေဗက္ကာကို ပြောခဲ့တယ်။ ၁၃ “ယာကုပ်ကို ငါချစ်တယ်။ ဧသောကိုတော့ ငါမုန်းတယ်”+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်။

၁၄ ကောင်းပြီ၊ ဒါဆိုရင် ဘုရားသခင်ဟာ  မတရားဘူးဆိုတဲ့  သဘောလား။   လုံးဝ  မဟုတ်ပါဘူး။+ ၁၅ ဘုရားသခင်က “ငါ ကရုဏာပြချင်တဲ့သူကို ကရုဏာပြမယ်။ သနားစာနာချင်တဲ့သူကို သနားစာနာမယ်”+ လို့ မောရှေကို ပြောခဲ့တယ်။ ၁၆ ဒါကြောင့် လူတစ်ယောက်ရဲ့ ဆန္ဒ ဒါမှမဟုတ် ကြိုးစားအားထုတ်မှုပေါ် မမူတည်ဘဲ ကရုဏာရှင် ဘုရားသခင်ပေါ်မှာပဲ မူတည်တယ်။+ ၁၇ ဖာရောဘုရင်ကိုလည်း “မင်းကိုသုံးပြီး ငါ့တန်ခိုးကို ပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါ အသက်ရှင်ခွင့် ပေးနေတာ”+  လို့  မိန့်ဆိုခဲ့တဲ့အကြောင်း ကျမ်းစာမှာ ရေးထားတယ်။ ၁၈ ဒါကြောင့် ဘုရားသခင်က ကရုဏာပြချင်တဲ့သူကို ကရုဏာပြတယ်။ ခေါင်းမာစေချင်တဲ့သူကို ခေါင်းမာဖို့ ခွင့်ပြုတယ်။+

၁၉ ဒါဆိုရင် “ဘုရားက လူတွေကို ဘာလို့အပြစ်ရှာနေတာလဲ။ ဘယ်သူက အလိုတော်ကို ဆန့်ကျင်နိုင်လို့လဲ” ဆိုပြီး မေးကြလိမ့်မယ်။ ၂၀ ဒီမှာ မိတ်ဆွေ၊ ဘုရားသခင်ကို ပြန်ခံပြောရအောင် ခင်ဗျားက ဘယ်သူမို့လို့လဲ။+ ပုံသွင်းခံရတဲ့အရာက “ငါ့ကို ဒီလိုပုံဖြစ်အောင် ဘာလို့လုပ်တာလဲ” ဆိုပြီး ပုံသွင်းတဲ့သူကို ပြောလို့ရသလား။+ ၂၁ အိုးထိန်းသမားက အိုးမြေကို ကြိုက်သလိုလုပ်ပိုင်ခွင့် မရှိဘူးလား။+ ရွှံ့တုံးတစ်တုံးတည်းကနေ အသရေရှိတဲ့အိုးရော အသရေမရှိတဲ့အိုးပါ  လုပ်ပိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား။ ၂၂ ဘုရားသခင်က အမျက်တော်ဖော်ပြဖို့၊ တန်ခိုးတော်ပြဖို့ အလိုရှိပေမဲ့ အမျက်တော်ခံထိုက်တဲ့ အိုးတွေကို အလွန်စိတ်ရှည်သည်းခံနေတာ ဆိုရင်ကော။ ၂၃ ဘုရားသခင်က ဘုန်းအသရေပေးအပ်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ကရုဏာခံထိုက်တဲ့ အိုးတွေကို မိမိရဲ့ ကြွယ်ဝလှတဲ့ ဘုန်းတော်ဖော်ပြဖို့+ အဲဒီလို သည်းခံနေတာဆိုရင်ကော။ ၂၄ ကရုဏာခံထိုက်တဲ့ အိုးတွေဆိုတာ ဂျူးလူမျိုးထဲကရော လူမျိုးခြားတွေထဲကပါ ရွေးချယ်ထားတဲ့ ကျွန်တော်တို့တွေပဲ။+ ဒါကိုကော ဘာပြောမလဲ။ ၂၅ ဟောရှေကျမ်းမှာ “ငါ့လူ မဟုတ်တဲ့သူတွေကို+ ‘ငါ့လူတွေ’ လို့ ငါခေါ်မယ်။ ငါမချစ်တဲ့ အမျိုးသမီးကို ‘ချစ်ရတဲ့သူ’ လို့ ခေါ်မယ်။+ ၂၆ ‘မင်းတို့ဟာ ငါ့လူတွေ မဟုတ်ဘူး’ လို့ သူတို့ကို ပြောခဲ့တဲ့နေရာမှာပဲ ‘အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ သားတွေ’ လို့ သူတို့ အခေါ်ခံရမယ်”+ ဆိုပြီး ဖော်ပြထားတယ်။

၂၇ အစ္စရေးတွေနဲ့ပတ်သက်ပြီး ဟေရှာယကလည်း “အစ္စရေးလူမျိုးဟာ ပင်လယ်သဲပွင့်တွေလို များပြားလာရင်တောင် ကျန်ကြွင်းသူတချို့ပဲ ကယ်တင်ခံရမယ်။+ ၂၈ ယေဟောဝါက* ကမ္ဘာမြေပေါ်ကလူတွေကို တရားစီရင်မယ်။ အဲဒီကိစ္စကို အမြန်ဆုံး လက်စသတ်မယ်”+ လို့  ကြွေးကြော်ခဲ့တယ်။ ၂၉ ဟေရှာယက “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ* ကသာ မျိုးနွယ်ကိုမချန်ထားခဲ့ရင် ငါတို့ဟာ သောဒုံမြို့လို ဖြစ်နေလောက်ပြီ။ ဂေါမောရမြို့နဲ့ တူနေလောက်ပြီ”+ လို့လည်း ကြိုဟောခဲ့တယ်။

၃၀ ဒါဆိုရင် ဘယ်လိုပြောရမလဲ။ လူမျိုးခြားတွေက  ဖြောင့်မတ်သူတွေဖြစ်ဖို့ မကြိုးစားကြပေမဲ့ သူတို့ရဲ့ ယုံကြည်ခြင်းကြောင့်+ ဘုရားသခင့်အမြင်မှာ  ဖြောင့်မတ်သူတွေ ဖြစ်လာတယ်။+ ၃၁ အစ္စရေးတွေကတော့ ပညတ်တွေရဲ့ သတ်မှတ်ချက်အတိုင်း ဖြောင့်မတ်ဖို့ ကြိုးစားပေမဲ့ ပညတ်တွေကို အပြည့်အဝ မစောင့်ထိန်းနိုင်ကြဘူး။ ၃၂ ဘာကြောင့်လဲ။  ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် ဖြောင့်မတ်ဖို့ သူတို့ကြိုးစားကြလို့ပဲ။ “တိုက်မိလဲစေတဲ့ကျောက်”+ ကို ခလုတ်တိုက်ပြီး လဲသွားကြတာ။ ၃၃ “တိုက်မိလဲစေတဲ့ကျောက်၊+  အတားအဆီးဖြစ်စေတဲ့ ကျောက်ဆောင်ကို ဇိအုန်မှာ ငါချထားတယ်။ အဲဒီကျောက်ကို ယုံကြည်တဲ့သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။+

၁၀ ညီအစ်ကိုတို့၊  ကျွန်တော်က  အစ္စရေးလူမျိုးကို ကယ်တင်ခြင်းရစေချင်တဲ့ စေတနာနဲ့ ဘုရားသခင်ဆီ  တိုးလျှိုးအသနားခံပေးပါတယ်။+ ၂ သူတို့ဟာ ဘုရားသခင်အတွက် စိတ်ထက်သန်သူတွေဆိုတာ+  ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း မဟုတ်ဘူး။ ၃ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို+  မသိဘဲ  ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြောင့်မတ်ဖို့ ရှာကြံနေတဲ့အတွက်+ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို သူတို့မလိုက်နာကြဘူး။+ ၄ ပညတ်တရားဟာ ခရစ်တော်ကြောင့် အဆုံးတိုင်သွားပြီ။+ ဒါကြောင့် ယုံကြည်ခြင်းရှိသူအားလုံး ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။+

၅ ပညတ်တရား  စောင့်ထိန်းခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး မောရှေက “ပညတ်တွေကို လိုက်နာသူဟာ ပညတ်တွေအားဖြင့် အသက်ရှင်ရလိမ့်မယ်”+ လို့ရေးခဲ့တယ်။ ၆ ဒါပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာနဲ့ ပတ်သက်ပြီး “ခရစ်တော်ကို ပြန်ခေါ်လာဖို့ ‘ဘယ်သူက ကောင်းကင်ကို တက်မှာလဲ။’+ ၇ ဒါမှမဟုတ် ခရစ်တော်ကို သေရာကနေ ထမြောက်လာစေဖို့ ‘ဘယ်သူက တွင်းနက်ကြီးထဲ ဆင်းမှာလဲ’+ ဆိုပြီး စိတ်ထဲမတွေးပါနဲ့”+  လို့လည်း  ရေးထားတယ်။ ၈ ကျမ်းစာက ဘာပြောသလဲ။ “တရားစကားဟာ ခင်ဗျားတို့ရဲ့ နှုတ်ထဲမှာ၊ နှလုံးသားထဲမှာ၊  အနီးအနားမှာပဲ ရှိတယ်”+ လို့ပြောတယ်။ “တရားစကား” ဟာ ကျွန်တော်တို့ ဟောပြောနေတဲ့ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ သတင်းစကားပဲ။ ၉ ဒါကြောင့်  ယေရှုဟာ သခင်ဖြစ်တဲ့အကြောင်း လူသိရှင်ကြား ကြေညာမယ်ဆိုရင်၊+ ယေရှုကို သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေပြီဆိုတာ စိတ်ထဲမှာ ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ ကယ်တင်ခံရလိမ့်မယ်။ ၁၀ ဘာလို့လဲဆိုတော့ လူတစ်ယောက်က စိတ်ထဲမှာ ယုံကြည်မှသာ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရမှာ။ ယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာမှသာ+ ကယ်တင်ခြင်းရမှာပါ။

၁၁ “သခင်ကို ယုံကြည်တဲ့သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး”+ လို့ ကျမ်းစာမှာ ပြောထားတယ်။ ၁၂ ဂျူးလူမျိုးနဲ့ ဂရိလူမျိုးဆိုပြီး ခွဲခြားတာ မရှိတော့ဘူး။+ အရာအားလုံးကို အုပ်စိုးတဲ့အရှင်ဟာ တစ်ပါးတည်းပဲ။ အဲဒီအရှင်က ဆုတောင်းသူတိုင်းကို ရက်ရက်ရောရော ကောင်းချီးပေးတယ်။ ၁၃ ဘာလို့လဲဆိုတော့ “ယေဟောဝါရဲ့* နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်”+ လို့ ကျမ်းစာမှာ ရေးထားလို့ပဲ။ ၁၄ ဒါပေမဲ့ မယုံကြည်တဲ့အရှင်ဆီ သူတို့ ဘယ်လိုလုပ် ဆုတောင်းမှာလဲ။ မကြားဖူးတဲ့အရှင်ကို ဘယ်လိုလုပ် ယုံကြည်မှာလဲ။ ဟောမယ့်သူမရှိရင် ဘယ်လိုလုပ် ကြားမှာလဲ။ ၁၅ လူကိုမစေလွှတ်ဘဲ ဘယ်လိုလုပ် ဟောပြောမှာလဲ။+ “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ကြေညာတဲ့သူရဲ့ ခြေဟာ လှပတင့်တယ်လိုက်တာ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။

၁၆ ဒါပေမဲ့ သတင်းကောင်းကို လူတိုင်း နာယူကြတာမဟုတ်ဘူး။ ဟေရှာယက “ယေဟောဝါ၊* ကျွန်တော်တို့ပြောတဲ့  သတင်းကို  ဘယ်သူယုံလို့လဲ”+ ဆိုပြီး ပြောခဲ့တယ်။ ၁၇ ဒါကြောင့် လူတစ်ယောက်က ကြားနာပြီးမှ ယုံကြည်လာတာ။+ ခရစ်တော်နဲ့ဆိုင်တဲ့ တရားစကားကို ဟောပြောတဲ့သူ ရှိမှပဲ သူကြားနာရတာ။ ၁၈ ဒါပေမဲ့ ကျွန်တော် တစ်ခုမေးမယ်။ အစ္စရေးတွေ မကြားလိုက်ရလို့လား။ လုံးဝမဟုတ်ဘူး။ “အဲဒီအသံဟာ မြေတစ်ပြင်လုံးအထိ၊ အဲဒီသတင်းစကားဟာ မြေကြီးစွန်းအထိ  ပျံ့နှံ့သွားတယ်”+  ဆိုတဲ့ ကျမ်းစကားရှိတာပဲ။ ၁၉ ကျွန်တော် မေးဦးမယ်။ အစ္စရေးတွေ မသိလိုက်လို့များလား။+ လုံးဝမဟုတ်ပါဘူး။ ဦးဆုံး၊ မောရှေက “ဘာမဟုတ်တဲ့ လူမျိုးကိုသုံးပြီး မင်းတို့ရဲ့ မနာလိုစိတ်ကို ငါဆွပေးမယ်။ ဉာဏ်ပညာမရှိတဲ့ လူမျိုးကိုသုံးပြီး မင်းတို့ကို ဒေါသထွက်အောင် ငါဆွမယ်”+ ဆိုပြီး ဘုရားရဲ့နှုတ်ထွက်စကားကို  ပြောခဲ့တယ်။ ၂၀ အဲဒီနောက် ဟေရှာယကလည်း “ငါ့ကို မရှာတဲ့သူတွေ ငါ့ကိုတွေ့ကြတယ်။+ ငါ့ကို မမေးတဲ့သူတွေကို ငါအသိပေးမယ်”+ ဆိုပြီး ရဲရဲရင့်ရင့်ပြောခဲ့တယ်။ ၂၁ အစ္စရေးတွေနဲ့ပတ်သက်ရင်တော့ “နာခံမှုမရှိသူတွေ၊ ခေါင်းမာသူတွေကို ငါတစ်နေ့လုံး လက်ကမ်းထားတယ်”+ လို့ သူပြောခဲ့တယ်။

၁၁ ဒါဆိုရင် ကျွန်တော် မေးဦးမယ်။ လူမျိုးတော်ကို ဘုရားသခင် ပစ်ပယ်လိုက်တာလား။+ လုံးဝ မဟုတ်ပါဘူး။  ကျွန်တော်ကိုယ်တိုင်က အစ္စရေးတစ်ယောက်ပါ။ အာဗြဟံရဲ့မျိုးနွယ်၊ ဗင်ယာမိန် မျိုးနွယ်စုကပါ။ ၂ ဘုရားသခင်က   ကိုယ်တိုင်   ဦးဆုံးအသိအမှတ်ပြုခဲ့တဲ့ လူမျိုးတော်ကို မပစ်ပယ်ပါဘူး။+ ဧလိယက  အစ္စရေးတွေအကြောင်း ဘုရားသခင်ဆီ တိုင်ကြားပြီး အသနားခံချိန်မှာ ဘာတွေပြောခဲ့သလဲဆိုတာ ကျမ်းစာမှာ ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား။ ၃ “ယေဟောဝါ* ဘုရား၊ ပရောဖက်တွေကို သူတို့ ကွပ်မျက်လိုက်ကြပြီ။ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်လိုက်ကြပြီ။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။ အခုဆို ကျွန်တော့်အသက်ကိုပါ သတ်ပစ်ဖို့  ရှာကြံနေကြပြီ”+  လို့ သူပြောတော့၊ ၄ ဘုရားသခင် ဘာပြန်ပြောခဲ့သလဲ။ “ဗာလရှေ့မှာ ဒူးမထောက်တဲ့သူ အယောက် ၇,၀၀၀ ရှိသေးတယ်”+ လို့ ပြောခဲ့တယ်။ ၅ အလားတူပဲ၊ အခုအချိန်မှာလည်း မဟာကရုဏာတော်ကြောင့် ရွေးချယ်ခံရတဲ့ ကျန်ကြွင်းသူတစ်စု ရှိနေတယ်။+ ၆ မဟာကရုဏာတော်ကြောင့်+ ရွေးချယ်ခံရတာဆိုရင် သူတို့ရဲ့အကျင့်ကြောင့် ရွေးချယ်ခံရတာ မဟုတ်တော့ဘူး။+ ဟုတ်ခဲ့ရင် ဒီကရုဏာကို မဟာကရုဏာတော်လို့ မဆိုနိုင်ဘူး။

၇ အဲဒီတော့ ဘာဖြစ်လဲ။ အစ္စရေးတွေက သူတို့ သိပ်လိုချင်တဲ့အရာကို မရလိုက်ဘူး။ ရွေးချယ်ခံရသူတွေကတော့ ရလိုက်တယ်။+ ကျန်တဲ့သူတွေကတော့ စိတ်နှလုံး ထုံထိုင်းသွားပြီ။+ ၈ “ဘုရားသခင်က သူတို့ရဲ့ စိတ်ကို အိပ်မောကျစေတယ်။+ သူတို့ကို မမြင်နိုင်တဲ့မျက်စိ၊ မကြားနိုင်တဲ့နားတွေ ပေးတယ်။ အခုချိန်အထိ သူတို့ အဲဒီလိုဖြစ်နေတုန်းပဲ”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၉ ဒါဝိဒ်ကလည်း “သူတို့ရဲ့စားပွဲဟာ သူတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်၊ ဆူးငြောင့်ခလုတ် ဖြစ်ပါစေ။ သူတို့ ဒဏ်ခတ်ခံရပါစေ။ ၁၀ သူတို့ရဲ့မျက်စိတွေ မမြင်နိုင်အောင် ကွယ်သွားပါစေ။ သူတို့ရဲ့ကျောကုန်းဟာ အမြဲကိုင်းနေပါစေ”+ လို့ပြောခဲ့တယ်။

၁၁ ဒါဆို ကျွန်တော် မေးဦးမယ်။ သူတို့က  ခလုတ်တိုက်ပြီး ပြန်မထနိုင်အောင် လဲကျသွားတာလား။ လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ခြေလှမ်းမှားတဲ့အတွက် လူမျိုးခြားတွေ ကယ်တင်ခြင်းရဖို့ လမ်းစပွင့်သွားတယ်။ ဒါဟာ သူတို့ရဲ့ မနာလိုစိတ်ကို ဆွဖို့ပဲ။+ ၁၂ သူတို့ ခြေလှမ်းမှားတာက လောကအတွက် ကောင်းချီးဖြစ်သွားရင်၊ သူတို့ ဆုတ်ယုတ်တာက လူမျိုးခြားတွေအတွက် ကောင်းချီးဖြစ်သွားရင်+ စုသိမ်းခံရမယ့်အရေအတွက်ဟာ သူတို့နဲ့သာ ပြည့်သွားခဲ့ရင် ပိုလို့တောင် ကောင်းချီး ဖြစ်စေမှာပဲ။

၁၃ အခု၊ လူမျိုးခြားဖြစ်တဲ့ ခင်ဗျားတို့ကို ကျွန်တော် ပြောမယ်။ ကျွန်တော်က လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော်ဖြစ်တဲ့အတွက်+ ကျွန်တော့်ရဲ့ အမှုဆောင်လုပ်ငန်းကို ဂုဏ်ယူပါတယ်။+ ၁၄ ကျွန်တော်က လူမျိုးချင်းတွေကို မနာလိုစိတ်ပေါ်လာအောင် တစ်နည်းနည်းနဲ့ ဆွဖို့ ကြိုးစားတယ်။ သူတို့ထဲကတချို့ကို ကယ်တင်ခြင်း ရစေဖို့ပါ။ ၁၅ သူတို့ ငြင်းပယ်ခံလိုက်ရတာက+ လောကကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတယ်ဆိုရင် သူတို့ လက်ခံမှုသာရခဲ့ရင် သေဆုံးတဲ့အဖြစ်ကနေ ရှင်သန်နေတဲ့အဖြစ်ကို ကူးပြောင်းကြသွားမယ်  မဟုတ်လား။ ၁၆ ဦးဆုံး* ဆက်သတဲ့ မုန့်ညက်တစ်ပိုင်းက သန့်ရှင်းရင် မုန့်ညက်တစ်ပုံလုံးလည်း သန့်ရှင်းတယ်။ အမြစ်က သန့်ရှင်းရင် အကိုင်းအခက်တွေလည်း သန့်ရှင်းတယ်။

၁၇ ဒါပေမဲ့ ဘုရားသခင်က သံလွင်ပင်ကိုင်းတချို့ကို ခုတ်ဖြတ်ပြီး သံလွင်ပင်အရိုင်းဖြစ်တဲ့  ခင်ဗျားကို  ကိုင်းဆက်လိုက်တဲ့အခါ ခင်ဗျားလည်း သံလွင်အမြစ်ရဲ့  အဆီအနှစ်တွေကို မျှဝေခံစားနေရတယ်။ ၁၈ ဒါကြောင့်အကိုင်းအခက်တွေအပေါ် မမောက်မာပါနဲ့။ မောက်မာခဲ့ရင်+ ခင်ဗျားက အမြစ်ကို  ထောက်မနေတာ  မဟုတ်ဘူး၊ အမြစ်ကသာ ခင်ဗျားကို ထောက်မနေတယ်ဆိုတာ  သတိရပါ။ ၁၉ “ငါ့ကို ကိုင်းဆက်ဖို့ အကိုင်းအခက်တွေကို ခုတ်ဖြတ်လိုက်တာပဲ”+ ဆိုပြီး  ခင်ဗျား ပြောလိမ့်မယ်။ ၂၀ ဟုတ်ပါတယ်။ သူတို့က ယုံကြည်ခြင်းမရှိလို့ ခုတ်ဖြတ်ခံရတာ။+ ခင်ဗျားကတော့  ယုံကြည်ခြင်းရှိလို့  ရပ်တည်နေတာ။+ ဒါကြောင့် မာနမကြီးကြနဲ့။ သတိရှိနေကြပါ။ ၂၁ ဘုရားသခင်က သံလွင်ပင်ရဲ့  မူလအကိုင်းအခက်တွေကို  မချန်ထားဘူးဆိုရင် ခင်ဗျားကိုလည်း ချန်ထားမှာ  မဟုတ်ဘူး။ ၂၂ ဘုရားသခင်ရဲ့ သနားကြင်နာခြင်းနဲ့+ ဒဏ်ခတ်ခြင်းအကြောင်း စဉ်းစားကြည့်လိုက်ပါ။ လဲကျသွားသူတွေ  ဒဏ်ခတ်ခံလိုက်ရတယ်။+ ခင်ဗျားကတော့ ဘုရားသခင်ရဲ့ သနားကြင်နာမှုရဖို့ ကြိုးစားနေသရွေ့ သနားကြင်နာမှုကို ခံစားရမယ်။ မဟုတ်ရင်တော့ ခင်ဗျားလည်း ခုတ်ဖြတ်ခံရမှာပဲ။ ၂၃ ဒါပေမဲ့ သူတို့ ယုံကြည်ခြင်း ရှိလာမယ်ဆိုရင်  ပြန်ပြီး  ကိုင်းဆက်ခံရလိမ့်မယ်။+ ဘုရားသခင်က သူတို့ကို ပြန်ပြီးကိုင်းဆက်ပေးဖို့ တတ်စွမ်းနိုင်တယ်။ ၂၄ ခင်ဗျားကို သံလွင်ပင်အရိုင်းကနေ ခုတ်ယူပြီးတဲ့နောက် သံလွင်ပင်အယဉ်မှာ သဘာဝနဲ့ဆန့်ကျင်ပြီး ကိုင်းဆက်ထားတယ်ဆိုရင် မူလအကိုင်းအခက်ဖြစ်တဲ့ သူတို့ကို မူလသံလွင်ပင်မှာ ပြန်ပြီးကိုင်းဆက်ဖို့ဆိုတာ ပိုလို့တောင် ဖြစ်နိုင်တာပေါ့။

၂၅ ညီအစ်ကိုတို့၊ မြင့်မြတ်လှတဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ သတိမမူမိတာမျိုး  မဖြစ်စေချင်ဘူး။+  ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေကြမယ်။ အစ္စရေးတချို့ကတော့ စိတ်နှလုံး ထုံထိုင်းနေကြတယ်။ စုသိမ်းခံရမယ့် အရေအတွက်ဟာ လူမျိုးခြားတွေနဲ့ ပြည့်သွားတဲ့အချိန်အထိ သူတို့ အဲဒီလိုဖြစ်နေလိမ့်မယ်။ ၂၆ ဒီနည်းနဲ့ အစ္စရေးအားလုံး+ ကယ်တင်ခံရမယ်။ ကျမ်းစာမှာ  “ကယ်တင်ရှင်က ဇိအုန်တောင်ကနေ ရောက်လာပြီး+ ဘုရားတရားမဲ့တဲ့ လုပ်ရပ်တွေကို ယာကုပ်အမျိုးကနေ ဖယ်ရှားမယ်။ ၂၇ သူတို့ရဲ့အပြစ်တွေကို ငါဖယ်ရှားလိုက်တဲ့အချိန်မှာ+ သူတို့နဲ့ ငါ ပဋိညာဉ်ဖွဲ့မယ်”+ လို့ရေးထားတဲ့အတိုင်းပါပဲ။ ၂၈ သူတို့က သတင်းကောင်းကို လက်မခံတဲ့အတွက် ဘုရားသခင်ရဲ့  ရန်သူဖြစ်နေတာတော့  မှန်ပါတယ်။ အဲဒီလိုဖြစ်လို့လည်း ခင်ဗျားတို့ အကျိုးရခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်က  ဘိုးဘေးတွေကိုပေးထားတဲ့ ကတိကြောင့် သူတို့ထဲကတချို့ကို မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။+ ၂၉ ဘုရားသခင်က ဆုလက်ဆောင်ပေးခဲ့တာ၊ ရွေးချယ်ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားမှာ မဟုတ်ဘူး။ ၃၀ ခင်ဗျားတို့ဟာ တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့ကြဘူး။+ ဒါပေမဲ့ သူတို့ရဲ့မနာခံမှုကြောင့်+ ဘုရားသခင်ရဲ့ကရုဏာကို ခင်ဗျားတို့ အခု ခံစားနေရတယ်။+ ၃၁ အခု သူတို့လည်း အဲဒီလိုပဲ နာခံမှုမရှိကြဘူး။ ဒါဟာ ခင်ဗျားတို့ခံစားရတဲ့ ကရုဏာတော်ကို အခု သူတို့ ပြန်ခံစားရဖို့ ဖြစ်တယ်။ ၃၂ ဘုရားသခင်က လူအားလုံးကို မနာခံမှုရဲ့ အကျဉ်းသားတွေလို့ မြင်တယ်။+ ဒါကြောင့် သူတို့အားလုံးကို ကရုဏာပြတယ်။+

၃၃ ဘုရားသခင်ရဲ့  ကောင်းချီး၊  ဉာဏ်ပညာ၊  အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။  တရားစီရင်ချက်တွေကို  စိစစ်လို့မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး။ ၃၄ ကျမ်းစာထဲမှာ “ယေဟောဝါရဲ့* စိတ်တော်ကို ဘယ်သူသိသလဲ။ ဘယ်သူက ဘုရားသခင်ရဲ့အကြံပေး  ဖြစ်ဖူးလို့လဲ။”+ ၃၅ “ဘုရားသခင်က ကျေးဇူးဆပ်ရအောင် ဘယ်သူကများ ဘုရားကို အရင်ကျေးဇူးပြုဖူးလို့လဲ”+ ဆိုပြီး ရေးထားတယ်။ ၃၆ ဘာဖြစ်လို့လဲဆိုတော့ အရာခပ်သိမ်းဟာ ဘုရားသခင်ဆီကအရင်းခံပြီး ဘုရားသခင်ကြောင့် ဖြစ်တည်နေတယ်၊ ဘုရားသခင်အတွက် ဖြစ်တည်နေတယ်။ ဘုရားသခင့်ဘုန်းတော် ထာဝရ ထင်ရှားပါစေ။ အာမင်။*

၁၂ ဒါကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင်ရဲ့  သနားစာနာမှုကို ထောက်ထားပြီး ကျွန်တော် မေတ္တာရပ်ခံပါတယ်။ အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊+ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။+ ဒီလိုဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ရာရောက်တယ်။+ ၂ ဒီလောကစနစ်ရဲ့* ပုံသွင်းမှုကို မခံပါနဲ့တော့။ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်းသိနိုင်ဖို့+ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။+

၃ ကျွန်တော်ခံစားနေရတဲ့  မဟာကရုဏာတော်ကို အမှီပြုပြီး ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။+ အဲဒီအစား ယောက်တိုင်းကို ဘုရားသခင်ပေးထားတဲ့ ယုံကြည်ခြင်းနဲ့အညီ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ။+ ၄ ကိုယ်ခန္ဓာတစ်ခုမှာ အင်္ဂါအစိတ်အပိုင်းတွေ အများကြီးရှိပေမဲ့+ အဲဒီအစိတ်အပိုင်းတွေရဲ့ အလုပ်တာဝန်ချင်း မတူကြဘူး။ ၅ အလားတူပဲ၊ ကျွန်တော်တို့ဟာ အရေအတွက်များပေမဲ့ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့အတွက် ကိုယ်ခန္ဓာတစ်ခုတည်းပါပဲ။ ဒါပေမဲ့ တစ်ဦးစီကတော့ အပြန်အလှန်ဆက်စပ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တယ်။+ ၆ မဟာကရုဏာတော်နဲ့အညီ ကျွန်တော်တို့ရရှိထားတဲ့ ဆုကျေးဇူးတွေဟာ မတူညီကြဘူး။+ ဒါကြောင့် ပရောဖက်ပြုနိုင်တဲ့ဆုကျေးဇူး ရရှိထားတာဆိုရင် ကိုယ့်ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ ပရောဖက်ပြုကြစို့။ ၇ အမှုဆောင်ခြင်းဆုကျေးဇူး ရရှိထားတာဆိုရင် အမှုဆောင်ကြစို့။ သွန်သင်ခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် သွန်သင်ပေးပါစေ။+ ၈ အားပေးနိုင်စွမ်းဆုကျေးဇူး ရရှိထားသူဆိုရင် အားပေးပါစေ။+ ဝေမျှပေးကမ်းခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ရက်ရက်ရောရော ဝေမျှပေးကမ်းပါစေ။+ ဦးစီးခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ဝီရိယရှိရှိ ဦးစီးပါစေ။+ သနားမစခြင်းဆုကျေးဇူး ရရှိထားသူဆိုရင် ကြည်ကြည်သာသာ သနားမစပါစေ။+

၉ ခင်ဗျားတို့ရဲ့မေတ္တာဟာ  ဟန်ဆောင်မှု ကင်းပါစေ။+ ဆိုးညစ်တဲ့အရာကို ရွံမုန်းပါ။+ ကောင်းတဲ့အရာကို တွယ်တာပါ။ ၁၀ အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။ ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။+ ၁၁ လုံ့လဝီရိယရှိပါ။ မပျင်းရိပါနဲ့။*+ စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေပါ။+ ယေဟောဝါ* အတွက် အစေခံပါ။+ ၁၂ မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။ ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည်ရှိပါ။+ ဇွဲမလျှော့တမ်း ဆုတောင်းပါ။+ ၁၃ သန့်ရှင်းသူတွေကို လိုအပ်တာ ဝေမျှပေးကမ်းပါ။+ ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်ပါ။+ ၁၄ ကိုယ့်ကို ညှဉ်းဆဲသူတွေအတွက် ဆုမွန်ကောင်း တောင်းပေးပါ။+ မကျိန်ဆဲပါနဲ့၊ ဆုမွန်ကောင်းသာ တောင်းပေးလိုက်ပါ။+ ၁၅ ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ  ငိုကြွေးပါ။ ၁၆ ကိုယ့်အပေါ် ကိုယ်ထားတဲ့ စိတ်သဘောမျိုး သူတစ်ပါးပေါ်မှာလည်း ထားပါ။ ကြီးမြင့်တဲ့အရာတွေပေါ် စိတ်မရောက်ပါနဲ့။ နှိမ့်ချတဲ့လမ်းစဉ်နောက် လိုက်ပါ။+ ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်ပါနဲ့။+

၁၇ အဆိုးကို  အဆိုးနဲ့  မတုံ့ပြန်ပါနဲ့။+ လူအားလုံးရဲ့အမြင်မှာ ကောင်းမွန်တဲ့အရာဟာ ဘာလဲဆိုတာကို ထည့်စဉ်းစားပါ။ ၁၈ ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့  သင့်မြတ်အောင်  အတတ်နိုင်ဆုံး ကြိုးစားပါ။+ ၁၉ ချစ်ရသူတို့၊ လက်စားမချေပါနဲ့။ အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ။+  ဘာလို့လဲဆိုတော့  “‘လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ’ လို့ ယေဟောဝါ* ပြောတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၂၀ “ရန်သူ ဆာလောင်နေရင် ကျွေးမွေးလိုက်ပါ။ ရေငတ်နေရင် သောက်စရာ ပေးလိုက်ပါ။ အဲဒီလိုလုပ်ရင် သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာရောက်မယ်”*+ လို့လည်း ရေးထားတယ်။ ၂၁ ဒါကြောင့် အဆိုးနဲ့တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ အကောင်းနဲ့တုံ့ပြန်ပြီး အဆိုးကို အမြဲအနိုင်ယူလိုက်ပါ။+

၁၃ အထက်အာဏာပိုင်တွေကို လူတိုင်း* လက်အောက်ခံရမယ်။+ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် အာဏာပိုင်ဆိုတာ မရှိဘူး။+ ဘုရားသခင်က လက်ရှိအာဏာပိုင်တွေကို အတိုင်းအတာတစ်ခုအထိ အခွင့်အာဏာ ပေးအပ်ထားတယ်။+ ၂ ဒါကြောင့် အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ။ အဲဒီလိုဆန့်ကျင်သူဟာ ပြစ်ဒဏ်စီရင်ခံရမယ်။ ၃ ကောင်းတာလုပ်တဲ့သူတွေဟာ  အုပ်စိုးရှင်တွေကို ကြောက်နေစရာ  မလိုဘူး။ မကောင်းတာလုပ်တဲ့သူတွေပဲ ကြောက်ရမှာ။+ အာဏာပိုင်တွေကို မကြောက်ဘဲ နေချင်သလား။ ကောင်းမွန်ရာကို အမြဲလုပ်ဆောင်ပါ။+ ဒါဆိုရင် အာဏာပိုင်တွေ ချီးမွမ်းတာ ခံရလိမ့်မယ်။ ၄ သူတို့ဟာ ခင်ဗျားရဲ့ ကောင်းကျိုးအတွက် ဘုရားသခင်ခန့်ထားတဲ့ အမှုထမ်းတွေပဲ။ မကောင်းတာ လုပ်နေရင်တော့ သူတို့ကို ကြောက်ရလိမ့်မယ်။ အာဏာပိုင်တွေဟာ ဓားကို အကြောင်းမဲ့ ဆောင်ထားတာ မဟုတ်ဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အမှုထမ်းတွေ ဖြစ်တဲ့အတွက် မကောင်းမှုပြုကျင့်သူတွေကို အမျက်သင့်စေမယ့်* လက်စားချေသူတွေပဲ။

၅ အမျက်တော်ကြောင့်သာ မဟုတ်ဘဲ  ကိုယ့်ရဲ့  အမှားအမှန်သိစိတ်ကြောင့်လည်း အာဏာပိုင်တွေကို မလွဲမသွေ လက်အောက်ခံရမယ်။+ ၆ ဒါကြောင့်  ခင်ဗျားတို့  အခွန်ဆောင်ပါ။ အာဏာပိုင်တွေဟာ  ပြည်သူတွေအတွက် အမှုထမ်းဖို့ ဘုရားသခင် ခန့်ထားသူတွေဖြစ်လို့ ဒီတာဝန်ကို အမြဲထမ်းဆောင်ကြတယ်။ ၇ လူအားလုံးကို ပေးသင့်ပေးထိုက်ရာတွေ ပေးကြပါ– အခွန်ဆောင်သင့်သူကို အခွန်ဆောင်ပါ။+ ဆက်ကြေးပေးသင့်သူကို ဆက်ကြေးပေးပါ။ ကြောက်သင့်သူကို ကြောက်ပါ။+ ရိုသေသင့်သူကို ရိုသေပါ။+

၈ အချင်းချင်းအပေါ် မေတ္တာကြွေးကလွဲလို့ ဘာအကြွေးမှ မတင်စေနဲ့။+ လူလူချင်းကို ချစ်တဲ့သူဟာ ပညတ်တရားကို အပြည့်အဝ လိုက်နာနေတာပဲ။+ ၉ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုတဲ့ ပညတ်ဟာ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ လူ့အသက် မသတ်နဲ့။+ မခိုးနဲ့။+ လိုချင်တပ်မက်စိတ် မရှိနဲ့”+ ဆိုတဲ့ ပညတ်တွေကအစ ကျန်တဲ့ပညတ်ရှိသမျှရဲ့ အနှစ်ချုပ်ပဲ။ ၁၀ မေတ္တာဟာ သူတစ်ပါးကို နစ်နာအောင် မလုပ်တတ်ဘူး။+ ဒါကြောင့် မေတ္တာထားတာဟာ ပညတ်အားလုံးကို လိုက်နာနေတာပဲ။+

၁၁ ဒါကြောင့် ကျွန်တော်ပြောတာတွေကို လိုက်နာကြပါ။ အိပ်ပျော်ရာကနေ နိုးထရမယ့်အချိန်+ ရောက်နေပြီဆိုတာ ခင်ဗျားတို့ သိတာပဲ။ ကယ်တင်ခံရမယ့်အချိန်ဟာ ကျွန်တော်တို့ ယုံကြည်သူတွေ ဖြစ်လာတုန်းကထက် အခု ပိုနီးနေပြီ။ ၁၂ ညအချိန် ကုန်ဆုံးပြီး နေ့အချိန် ရောက်လုပြီ။ ဒါကြောင့် မှောင်မိုက်နဲ့ဆိုင်တဲ့ အကျင့်တွေကို စွန့်ပစ်ပြီး+ အလင်းရဲ့လက်နက်တွေကို ကိုင်ဆောင်ထားကြစို့။+ ၁၃ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ သောက်စားမူးယစ်တာ၊ လိင်အကျင့်ယိုယွင်းတာ၊  မျက်နှာပြောင်တိုက်တာ၊*+ ခိုက်ရန်ဖြစ်တာ၊ မနာလိုဖြစ်တာတွေကို+ ရှောင်ပြီး နေ့အချိန်မှာ လူတွေကျင့်ကြံသလို သိက္ခာရှိရှိ ကျင့်ကြံပြုမူကြစို့။+ ၁၄ သခင်ယေရှုခရစ်ကို အတုယူပါ။*+ အပြစ်ရှိတဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ မကြံစည်ပါနဲ့။+

၁၄ ယုံကြည်ခြင်းအားနည်းသူကို ကြိုဆိုလက်ခံပါ။+  ဒါပေမဲ့ အမြင်ချင်းမတူတာကို* အကဲဖြတ်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ၂ ယုံကြည်ခြင်းခိုင်ခံ့သူက ဘာမဆို စားတယ်။ ယုံကြည်ခြင်းအားနည်းသူကတော့ ဟင်းသီးဟင်းရွက်ပဲ စားတယ်။ ၃ ဘာမဆိုစားတဲ့သူက မစားတဲ့သူကို အထင်မသေးပါနဲ့။ မစားတဲ့သူကလည်း စားတဲ့သူကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။+ သူ့ကို ဘုရားသခင် ကြိုဆိုလက်ခံထားပြီပဲ။ ၄ ခင်ဗျားက ဘယ်သူမို့လို့ သူတစ်ပါးရဲ့အစေခံကို ပြစ်တင်ဝေဖန်တာလဲ။+ သူ့သခင်ဟာ ခင်ဗျားမဟုတ်ဘူး၊ ဘုရားသခင်ပဲ။ သူ့လုပ်ရပ် မှားသလား၊ မှန်သလားဆိုတာကို ဘုရားသခင်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။+ ယေဟောဝါ* ကူညီပေးလို့ ရှေ့တော်မှာ သူ ရပ်တည်နေတာ။

၅ နေ့တစ်နေ့ဟာ တခြားနေ့တွေထက် ပိုထူးမြတ်တယ်လို့ လူတစ်ယောက် ယူဆတယ်။+ နောက်တစ်ယောက်ကတော့ နေ့ရက်တိုင်းဟာအတူတူပဲလို့ ယူဆတယ်။+ ဘယ်လိုပဲ ယူဆပါစေ ကိုယ်မှန်တယ်ဆိုတာ ကိုယ်တိုင် စိတ်ချနေပါစေ။ ၆ နေ့ထူးနေ့မြတ်ကို စောင့်ထိန်းတဲ့သူက ယေဟောဝါကို* ထောက်ပြီး စောင့်ထိန်းတယ်။ ဘာမဆိုစားတဲ့သူကလည်း ယေဟောဝါကို* ထောက်ပြီး စားတယ်။ စားတဲ့သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းသလို+ မစားတဲ့သူကလည်း ယေဟောဝါကို* ထောက်ပြီး မစားတာဆိုပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတာပဲ။+ ၇ ကျွန်တော်တို့ထဲက ဘယ်သူမှ ကိုယ့်အတွက်ပဲ အသက်မရှင်ကြပါဘူး။+ ဘယ်သူမှ ကိုယ့်အတွက်ပဲ မသေကြပါဘူး။ ၈ အသက်ရှင်မယ်ဆိုရင် ယေဟောဝါ* အတွက်ပဲ ရှင်မယ်။+ သေရမယ်ဆိုရင်လည်း ယေဟောဝါ* အတွက်ပဲ သေမယ်။ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်တော်တို့ကို ယေဟောဝါ* ပိုင်တယ်။+ ၉ ဘာကြောင့်လဲဆိုတော့ ခရစ်တော် အသေခံခဲ့ပြီး အသက်ပြန်ရှင်လာတာဟာ သေလွန်သူတွေရဲ့ သခင်၊ အသက်ရှင်သူတွေရဲ့ သခင်ဖြစ်ဖို့ပဲ။+

၁၀ ကိုယ့်ညီအစ်ကိုကို ဘာလို့ ပြစ်တင်ဝေဖန်တာလဲ။+ ဘာလို့ အထင်သေးတာလဲ။ အားလုံးဟာ ဘုရားသခင်ရဲ့ တရားပလ္လင်ရှေ့ကို ရောက်ရမယ့်သူတွေချည်းပါပဲ။+ ၁၁ “‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုမယ်။+  ငါ့ရှေ့မှာ  လူတိုင်း ဒူးထောက်ရလိမ့်မယ်။ ငါဟာ ဘုရားသခင်ဖြစ်မှန်း လူတိုင်း အသိအမှတ်ပြုပြီး ထုတ်ဖော်ပြောဆိုရလိမ့်မယ်’ လို့ ယေဟောဝါ* ဘုရားပြောတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၁၂ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို   ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။+

၁၃ ဒါကြောင့် အချင်းချင်း ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့တော့။+ ညီအစ်ကိုအတွက် တိုက်မိလဲစရာ မဖြစ်စေဖို့၊ အတားအဆီး မဖြစ်စေဖို့ ဆုံးဖြတ်ထားပါ။+ ၁၄ အလိုလိုနေရင်း ညစ်ညူးတာဆိုလို့ ဘာတစ်ခုမှ မရှိမှန်း+ သခင်ယေရှုကို အမှီပြုပြီး ကျွန်တော်သိမှတ်ယုံကြည်တယ်။ တစ်စုံတစ်ခုဟာ ညစ်ညူးတယ်လို့ ယူဆသူအတွက်ပဲ ညစ်ညူးတာပါ။ ၁၅ ကိုယ့်ရဲ့ အစားအစာကြောင့် ညီအစ်ကိုတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် ဒါဟာ မေတ္တာလမ်းစဉ်အတိုင်း လိုက်လျှောက်တာ မဟုတ်တော့ဘူး။+ သူ့အတွက် ခရစ်တော် အသေခံခဲ့တာဖြစ်လို့ ကိုယ့်အစာကြောင့် သူ့ကို မပျက်စီးပါစေနဲ့။+ ၁၆ ဒါကြောင့် ကောင်းတယ်လို့ ကိုယ်ထင်ပေမဲ့ သူတစ်ပါး ကဲ့ရဲ့စရာဖြစ်စေမယ့် အရာတွေကို မလုပ်ပါနဲ့။ ၁၇ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ စားတာ၊ သောက်တာနဲ့ မဆိုင်ဘူး။+ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ပဲ ဆိုင်တယ်။ ၁၈ ဒီနည်းနဲ့ ခရစ်တော်အတွက် အစေခံတဲ့သူကို ဘုရားသခင် လက်ခံတယ်။ သူဟာ လူတွေရှေ့မှာလည်း မျက်နှာသာရတတ်တယ်။

၁၉ ဒါကြောင့် ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊+ အားပေးမှုဖြစ်စေတဲ့အရာတွေကို+ လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြစို့။ ၂၀ အစားအစာအတွက်နဲ့ ဘုရားသခင်ရဲ့ လက်ရာကို မဖျက်ဆီးပါနဲ့တော့။+ အစာအားလုံး စင်ကြယ်တာမှန်ပေမဲ့ သူတစ်ပါးအတွက် တိုက်မိလဲစရာ  ဖြစ်စေတယ်ဆိုရင် စားတဲ့သူဟာ သူတစ်ပါးကို ထိခိုက်နစ်နာစေသူပဲ။+ ၂၁ ညီအစ်ကိုအတွက် တိုက်မိလဲစရာ ဖြစ်စေမယ်ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မလုပ်တာ အကောင်းဆုံးပါပဲ။+ ၂၂ ကိုယ့်မှာရှိတဲ့ ယုံကြည်ခြင်းကို ဘုရားသခင်နဲ့ ကိုယ်နဲ့ပဲဆိုင်တဲ့ကိစ္စ ဖြစ်စေပါ။ ကိုယ်မှန်တယ်ထင်တဲ့ လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်စရာအကြောင်း မရှိတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၂၃ ဒါပေမဲ့ သံသယစိတ်နဲ့ စားရင် မှားတယ်။ မှန်တယ်ဆိုတဲ့ ယုံကြည်ချက်မရှိဘဲ စားတာဖြစ်လို့ပဲ။ ယုံကြည်ခြင်းမရှိဘဲ လုပ်ရင် လုပ်သမျှဟာ အပြစ်ပဲ။

၁၅ ဒီတော့ ယုံကြည်ခြင်းခိုင်ခံ့တဲ့ ကျွန်တော်တို့က ယုံကြည်ခြင်း မခိုင်ခံ့တဲ့သူတွေကို သူတို့ရဲ့ အားနည်းချက်တွေ ခံရပ်နိုင်အောင် ကူညီပေးသင့်တယ်။+ ကိုယ့်အလိုအတိုင်း မလုပ်သင့်ဘူး။+ ၂ သူတစ်ပါးရဲ့အလိုကို လိုက်ပြီး သူတို့အကျိုးအတွက် အားပေးမှုဖြစ်စေမယ့်အရာတွေကို လုပ်ဆောင်ကြစို့။+ ၃ ခရစ်တော်တောင်  ကိုယ့်အလိုအတိုင်း မလုပ်ခဲ့ဘူး။+ “ကိုယ်တော့်ကို ကဲ့ရဲ့သူတွေ ကဲ့ရဲ့တာကို ကျွန်တော်ခံနေရတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၄ ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။+ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့+ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။+ ၅ ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်က ခရစ်တော်ယေရှုမှာရှိတဲ့ စိတ်သဘောထား ခင်ဗျားတို့မှာ ရှိလာအောင် ကူညီပေးပါစေ။ ၆ ဒါဆိုရင် သခင်ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ခင်ဗျားတို့ တညီတညွတ်တည်း+  ဂုဏ်တင်ချီးမွမ်းနိုင်ကြမယ်။

၇ ဒါကြောင့် ခရစ်တော်က ဘုရားသခင်ရဲ့ဘုန်းတော် ထင်ရှားစေဖို့ ကျွန်တော်တို့ကို  ကြိုဆိုလက်ခံခဲ့သလို+ အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။+ ၈ ကျွန်တော်ပြောမယ်။ ဘုရားသခင်ဟာ ဟုတ်တိုင်းမှန်ရာ ပြောဆိုတဲ့ဘုရားဖြစ်ကြောင်း ဖော်ပြဖို့၊ ဘိုးဘေးတွေကိုပေးခဲ့တဲ့ ကတိတွေ ဟုတ်မှန်ကြောင်း သက်သေပြဖို့+ ခရစ်တော်က အရေဖျားဖြတ်ထားသူတွေအတွက် အစေအပါး ဖြစ်လာခဲ့တယ်။+ ၉ လူမျိုးခြားတွေလည်း ခံစားရတဲ့ ကရုဏာတော်အတွက် ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းခွင့်ရကြတယ်။+  “ဒါကြောင့်  ကျွန်တော်က လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို လူသိရှင်ကြား ဂုဏ်တင်ချီးမွမ်းပါ့မယ်။ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၁၀ “လူမျိုးအပေါင်းတို့၊ ဘုရားရဲ့လူမျိုးနဲ့အတူ ဝမ်းမြောက်ကြပါ”+ လို့လည်း ပြောထားတယ်။ ၁၁ “လူမျိုးအပေါင်းတို့၊ ယေဟောဝါကို* ချီးမွမ်းကြ။ လူအပေါင်းတို့၊ ဘုရားကို ချီးမွမ်းကြ”+  လို့လည်း  ရေးထားတယ်။ ၁၂ ဟေရှာယက “ယေရှဲရဲ့အမြစ် ပေါ်ထွန်းလာမယ်။+ သူက လူမျိုးခြားတွေကို အုပ်စိုးလိမ့်မယ်။+ လူမျိုးခြားတွေက သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မယ်”+ လို့ပြောခဲ့တယ်။ ၁၃ မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။+

၁၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ ကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေမှန်း၊ အသိပညာအမျိုးမျိုးနဲ့  ပြည့်စုံမှန်း၊ အချင်းချင်းကို သတိပေးဆုံးမနိုင်စွမ်းရှိမှန်း ကျွန်တော် တထစ်ချယုံတယ်။ ၁၅ ဒါပေမဲ့ ခင်ဗျားတို့ကို သတိပေးတဲ့အနေနဲ့ တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ရေးလိုက်တယ်။ ဘုရားသခင်က ကျွန်တော့်ကို မဟာကရုဏာတော် ပြထားတဲ့အတွက် အခုလို သတိပေးရတာပါ။ ၁၆ အဲဒီမဟာကရုဏာတော်ကြောင့်  ခရစ်တော်ယေရှုရဲ့  အစေအပါး  ဖြစ်ခွင့်ရခဲ့တဲ့အတွက် လူမျိုးခြားအားလုံးကို  ကျွန်တော် သတင်းကောင်း ကြေညာနိုင်ခဲ့တယ်။+ ဒါဟာ မြင့်မြတ်တဲ့အလုပ်ပဲ။+ ကျွန်တော် ဒီလိုလုပ်ဆောင်တဲ့အတွက် လူမျိုးခြားတွေဟာ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သန့်စင်ခံရပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အလှူတွေ ဖြစ်လာကြပြီ။

၁၇ ကျွန်တော်ဟာ  ခရစ်တော်ယေရှုရဲ့ တပည့်ဖြစ်ခွင့်ရလို့၊ ဘုရားသခင်အတွက် အမှုဆောင်ခွင့်ရလို့ ဝမ်းမြောက်နေတယ်။ ၁၈ ခရစ်တော်က ကျွန်တော့်ကိုသုံးပြီး လူမျိုးခြားတွေ နာခံလာအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ကလွဲလို့ တခြားဘာကိုမှ ကျွန်တော် မပြောဝံ့ပါဘူး။ ကျွန်တော့်ရဲ့စကားတွေ၊ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေ၊ ၁၉ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေနဲ့+ ဘုရားသခင့် စွမ်းအားတော်ရဲ့ တန်ခိုးအားဖြင့် ခရစ်တော် အဲဒီလို လုပ်ဆောင်ခဲ့တာ။ ဒါကြောင့် ကျွန်တော်က ဂျေရုဆလင်မြို့ကစပြီး အိလုရိတ်ပြည်အထိ အဲဒီဒေသတစ်လျှောက် လှည့်လည်ပြီး ခရစ်တော်ရဲ့ သတင်းကောင်းကို စေ့စေ့စပ်စပ် ဟောပြောခဲ့ပြီ။+ ၂၀ ကျွန်တော့်ရည်ရွယ်ချက်က ခရစ်တော်ရဲ့ နာမည်အကြောင်း မသိသေးတဲ့နေရာတွေမှာ သတင်းကောင်းဟောဖို့ပါ။ သူတစ်ပါးချထားတဲ့ အုတ်မြစ်ပေါ်မှာ ကျွန်တော် ထပ်ပြီး မတည်ဆောက်ဘူး။ ၂၁ “သူ့သတင်း မကြားဖူးသူတွေ သူ့ကို မြင်ရလိမ့်မယ်။ သူ့အကြောင်း မကြားဖူးသူတွေ နားလည်ခွင့်ရကြလိမ့်မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပဲပေါ့။

၂၂ အဲဒါကြောင့် ခင်ဗျားတို့ဆီ ကျွန်တော်  အကြိမ်ကြိမ်  လာချင်ပေမဲ့မလာဖြစ်ခဲ့ဘူး။ ၂၃ အခုတော့  ဒီဒေသတွေမှာ ကျွန်တော် မဟောရသေးတဲ့နေရာ မရှိသလောက်ပဲ။ ခင်ဗျားတို့ဆီ လာချင်နေတာလည်း နှစ်အတော်ကြာ ရှိနေပြီ။* ၂၄ စပိန်ပြည်ကို ခရီးသွားတဲ့အခါကျရင် ခင်ဗျားတို့နဲ့ တွေ့ခွင့်ရမယ်၊ ခင်ဗျားတို့နဲ့ အတန်ကြာ ပေါင်းသင်းပြီးတဲ့နောက် ကျွန်တော့်ကို ခရီးတစ်ထောက် လိုက်လံပို့ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ၂၅ အခုတော့ သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုဖို့ ဂျေရုဆလင်မြို့ဆီ သွားရဦးမယ်။+ ၂၆ မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာရှိတဲ့သူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေထဲက နွမ်းပါးသူတွေကို ပစ္စည်းဥစ္စာတချို့ ဝေမျှပြီး ရက်ရက်ရောရော လှူဒါန်းလိုက်လို့ပါ။+ ၂၇ သူတို့က ရက်ရက်ရောရော လှူဒါန်းချင်တယ်။ တကယ်လည်း သူတို့ဟာ ကျေးဇူးမကင်းသူတွေပါ။ ဘုရားသခင်ဆီက ကောင်းမွန်ရာတွေကို သန့်ရှင်းသူတွေဆီက ရရှိခဲ့တဲ့အတွက် သူတို့ဘက်ကလည်း သန့်ရှင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန် ရှိပါတယ်။+ ၂၈ ဒါကြောင့် ဒီကိစ္စကို လက်စသတ်ပြီး သန့်ရှင်းသူတွေဆီ အလှူတွေ အသေအချာ အပ်ပြီးရင်တော့ စပိန်ပြည်ကို သွားရင်းနဲ့ ခင်ဗျားတို့ဆီ ဝင်မယ်။ ၂၉ ကျွန်တော်လာတဲ့အခါ ခရစ်တော်ပေးတဲ့ ကောင်းချီးအလျှံပယ်ကို ခင်ဗျားတို့ဆီ သယ်ဆောင်လာမယ်ဆိုတာ စိတ်ချပါ။

၃၀ ညီအစ်ကိုတို့၊ သခင် ယေရှုခရစ်ကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်၊ အချင်းချင်းချစ်ဖို့ စွမ်းအားတော် လှုံ့ဆော်ပေးတဲ့အတွက် ကျွန်တော် တိုက်တွန်းချင်တာက ကျွန်တော်ဆုတောင်းသလိုပဲ ခင်ဗျားတို့လည်း ဘုရားသခင်ဆီ စိတ်ထက်သန်စွာ ဆုတောင်းပေးကြပါ။+ ၃၁ ယုဒပြည်မှာရှိတဲ့ မယုံကြည်သူတွေရဲ့ လက်ကနေ ကျွန်တော် လွတ်မြောက်နိုင်ဖို့၊+ ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေအတွက် ကျွန်တော် အလုပ်အကျွေးပြုတာကို သူတို့ နှစ်သက်လက်ခံနိုင်ဖို့  ဆုတောင်းပေးကြပါ။+ ၃၂ ဘုရားအလိုတော်ရှိရင် ခင်ဗျားတို့ဆီ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ရောက်လာပြီး အပြန်အလှန် အားပေးနိုင်မှာပါ။ ၃၃ ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့အားလုံးနဲ့အတူ ရှိပါစေ။+ အာမင်။*

၁၆ ကင်ခြေမြို့မှာရှိတဲ့+ အသင်းတော်ကို အလုပ်အကျွေးပြုသူ ညီအစ်မဖိဗေကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးပါတယ်။ ၂ သန့်ရှင်းသူတွေကို ကြိုဆိုသင့်တဲ့အတိုင်း သခင်ကိုယုံကြည်သူအဖြစ် သူ့ကို ကြိုဆိုလက်ခံပေးကြပါ။ သူလိုအပ်သမျှကို ကူညီပေးကြပါ။+ သူက ကျွန်တော့်ကိုရော လူများစွာကိုပါ ကူညီပေးခဲ့တယ်။

၃ ခရစ်တော်ယေရှုရဲ့  အလုပ်ကို ကျွန်တော်နဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ပြစ်က* နဲ့ အာကုလကို+ နှုတ်ဆက်ပေးပါ။ ၄ သူတို့ဟာ ကျွန်တော့်အတွက် လည်စင်းခံဝံ့သူတွေပဲ။+  ကျွန်တော်သာမက လူမျိုးခြားအသင်းတော် အားလုံးက သူတို့ကို ကျေးဇူးတင်ကြတယ်။ ၅ သူတို့အိမ်မှာစုဝေးတဲ့ အသင်းတော်ကိုလည်း နှုတ်ဆက်ပေးပါ။+ အာရှနယ်မှာ ခရစ်တော်ရဲ့တပည့် ဦးဆုံးဖြစ်လာသူ ချစ်ရတဲ့ဧပဲနက်ကို နှုတ်ဆက်ပေးပါ။ ၆ ခင်ဗျားတို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ပေးတဲ့ မာရိကို နှုတ်ဆက်ပေးပါ။ ၇ ကျွန်တော့်ဆွေမျိုးတွေ၊+ အတူအကျဉ်းကျခဲ့သူတွေဖြစ်တဲ့ အန္ဒြောနိတ်နဲ့ ယုနိကို နှုတ်ဆက်ပေးပါ။ သူတို့ဟာ တမန်တော်တွေရဲ့ နှစ်သက်လက်ခံမှုကို ရတဲ့သူတွေ၊ ကျွန်တော့်ထက်အရင် ခရစ်တော်နဲ့ တစ်စိတ်တဝမ်းတည်း ဖြစ်ခဲ့သူတွေပဲ။

၈ ချစ်ရတဲ့ အမ်ပလိအာတုကို နှုတ်ဆက်ပေးပါ၊ သူလည်း သခင့်နောက်လိုက်ပါပဲ။ ၉ ခရစ်တော်ရဲ့အလုပ်ကို ကျွန်တော်တို့နဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ဥရဗန်ကိုရော ချစ်ရတဲ့ သတာခုကိုပါ နှုတ်ဆက်ပေးပါ။ ၁၀ ခရစ်တော်ရဲ့ နှစ်သက်လက်ခံမှုကိုရတဲ့ အပေလေကို နှုတ်ဆက်ပေးပါ။ အာရိတောဗုလုရဲ့ အိမ်သူအိမ်သားတွေကို နှုတ်ဆက်ပေးပါ။ ၁၁ ကျွန်တော့်ဆွေမျိုး ဟေရောဒျုန်ကို  နှုတ်ဆက်ပေးပါ။ သခင့်နောက်လိုက်တွေဖြစ်တဲ့ နာကိသုရဲ့ အိမ်သူအိမ်သားတွေကို  နှုတ်ဆက်ပေးပါ။ ၁၂ သခင့်အလုပ်ကို  ကြိုးကြိုးစားစားလုပ်နေတဲ့ ညီအစ်မ တရုဖဲနနဲ့ တရုဖောသ၊ သခင့်အလုပ်ကို ကြိုးစားလုပ်ဆောင်တဲ့ ချစ်ရတဲ့ညီအစ်မ ပေရသိကိုလည်း နှုတ်ဆက်ပေးပါ။ ၁၃ သခင်ရဲ့ ထူးခြားထင်ရှားတဲ့တပည့်  ရုဖုနဲ့  သူ့မိခင်ဖြစ်တဲ့ ကျွန်တော့်မိခင်ကို နှုတ်ဆက်ပေးပါ။ ၁၄ အသုံကရိတ်၊ ဖလေဂုန်၊ ဟေရမေ၊ ပတ်ရောဘနဲ့ ဟေရမကိုရော သူတို့နဲ့အတူရှိတဲ့ ညီအစ်ကိုတွေကိုပါ နှုတ်ဆက်ပေးပါ။ ၁၅ ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုရဲ့ နှမနဲ့ အိုလမ်ပတ်ကိုရော သူတို့နဲ့အတူရှိတဲ့ သန့်ရှင်းသူအားလုံးကိုပါ နှုတ်ဆက်ပေးပါ။ ၁၆ အချင်းချင်းကို သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။ ခရစ်တော်ရဲ့ အသင်းတော်အားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။

၁၇ ညီအစ်ကိုတို့၊ ခင်ဗျားတို့သင်ယူထားတဲ့ သွန်သင်ချက်နဲ့ ဆန့်ကျင်ပြီး စိတ်ဝမ်းကွဲပြားအောင်၊  တိုက်မိလဲအောင် လုပ်နေသူတွေကို မျက်စိရှင်ရှင်ထားပြီး ကြဉ်ရှောင်ဖို့ ကျွန်တော် သတိပေးချင်တယ်။+ ၁၈ အဲဒီလိုလူတွေဟာ သခင်ခရစ်တော်ကို အစေခံတဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ဆန္ဒအာသီသကို အစေခံတဲ့သူတွေပဲ။ သူတို့က ရိုးသားသူတွေကို ချိုချိုသာသာ မြှောက်ပင့်ပြောဆိုပြီး လှည့်စားတတ်တယ်။ ၁၉ ခင်ဗျားတို့ နာခံမှုရှိတဲ့အကြောင်း လူအားလုံး သတိပြုမိပါတယ်။  ဒါကြောင့်  ခင်ဗျားတို့အတွက်  ကျွန်တော်ဝမ်းသာတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကောင်းမြတ်ရာကိုသိရှိတဲ့ ဉာဏ်ပညာရှိသူတွေ၊ မကောင်းမှုနဲ့ပတ်သက်လာရင် အပြစ်ကင်းသူတွေ ဖြစ်စေချင်တယ်။+ ၂၀ ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို  ခင်ဗျားတို့ရဲ့ခြေအောက်မှာ ချေမှုန်းတော့မယ်။+ သခင်ယေရှုရဲ့ မဟာကရုဏာကို ခင်ဗျားတို့ ခံစားရပါစေ။

၂၁ ကျွန်တော့်လုပ်ဖော်ဆောင်ဖက် တိမောသေနဲ့ ကျွန်တော့်ဆွေမျိုးတွေဖြစ်တဲ့+ လုကိ၊ ယာသုန်၊ သောသိပတရုတို့ကလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။

၂၂ ဒီစာကိုရေးပေးတဲ့ တေရတိကလည်း ခင်ဗျားတို့ကို ခရစ်ယာန်မေတ္တာ ပို့သလိုက်ပါတယ်။

၂၃ ကျွန်တော်နဲ့ အသင်းတော်တစ်ခုလုံးကို လက်ခံကြိုဆိုတဲ့ အိမ်ရှင် ဂါယုက+   ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ မြို့ဘဏ္ဍာစိုး ဧရတုနဲ့ သူ့ညီ ကွာတုက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၂၄ *—

၂၅ ကျွန်တော်ဟောပြောတဲ့ ယေရှုခရစ်အကြောင်းနဲ့  သတင်းကောင်းက ခင်ဗျားတို့ကို ဘုရားသခင် ခိုင်ခံ့မြဲမြံစေနိုင်မှန်း  ဖော်ပြနေတယ်။   အဲဒီသတင်းကောင်းဟာ ဘုရားသခင်ဖော်ပြတဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်နဲ့ ဆက်စပ်နေတယ်။+ ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။ ၂၆ အခုတော့ အဲဒီလျှို့ဝှက်ချက်ကို ပရောဖက်ကျမ်းတွေအားဖြင့် ဖော်ပြပြီး အသိပေးလိုက်ပြီ။ ထာဝရဘုရားသခင်ရဲ့  အမိန့်တော်အတိုင်း လူမျိုးအပေါင်း ယုံကြည်ပြီး နာခံလာကြဖို့ပဲ။ ၂၇ ဘုရားသခင်တစ်ဆူတည်းပဲ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။+ ယေရှုခရစ်အားဖြင့် ဘုရားသခင် ထာဝစဉ်ဘုန်းထင်ရှားပါစေ။ အာမင်။*

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

ဒါမှမဟုတ်၊ “နှလုံးသားကို စင်ကြယ်စေမှသာ။”

‘ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။

ဒါမှမဟုတ်၊ “အပြစ်ဖြေရာ။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဒါမှမဟုတ်၊ “အာမခံချက်၊ အတည်ပြုချက်။”

“မတည်ရှိသေးတဲ့အရာကို တည်ရှိနေတဲ့အရာအဖြစ် ခေါ်ဆိုတဲ့ဘုရားပဲ” လည်းဖြစ်နိုင်။

“ဘုရားသခင်နဲ့ ခင်မင်ရင်နှီးခွင့် ရကြပြီ” လည်းဖြစ်နိုင်။

“ရွှင်လန်းနေကြတယ်” လည်းဖြစ်နိုင်။

“ရွှင်လန်းနေကြတယ်” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “အပြစ်ရှိသူတွေဖြစ်တဲ့ ကျွန်တော်တို့လို လူ့ခန္ဓာကိုယ်နဲ့။”

“ဖေဖေ” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူး (သို့) အာရမိတ်စကားလုံး။

အထူးသဖြင့် လူသားတွေကို ရည်ညွှန်း။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

မူရင်း၊ “သီးဦးသီးဖျားအဖြစ်။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

ခက်ဆစ်ကိုကြည့်။

ဒါမှမဟုတ်၊ “အလုပ်မှာ ခိုကပ်ပြီး အချိန်ဖြုန်းမနေပါနဲ့။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

စိတ်နူးညံ့လာစေဖို့၊ မာကျောနေတဲ့စိတ်ကို အရည်ပျော်စေဖို့ ဖြစ်တယ်။

ခက်ဆစ် “အသက်” ကိုကြည့်။

ဒါမှမဟုတ်၊ “ပြစ်ဒဏ်ကျရောက်စေမယ့်။”

ခက်ဆစ်ကိုကြည့်။

မူရင်း၊ “ဝတ်ဆင်ပါ။”

“သူ့စိတ်ထဲ ဒွိဟဖြစ်နေတာကို” လည်းဖြစ်နိုင်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

“နှစ်အနည်းငယ်ရှိနေပြီ” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

ပြစ်ကိလ။

နောက်ဆက်တွဲ က၃ ကိုကြည့်။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ