ကောရိန္သု ဒုတိယစောင်
၁ ဘုရားသခင့် အလိုတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်တဲ့ ကျွန်တော်ပေါလုနဲ့ ညီအစ်ကို တိမောသေက+ အခါယပြည်မှာရှိတဲ့+ သန့်ရှင်းသူအားလုံး အပါအဝင် ကောရိန္သုမြို့မှာရှိတဲ့ ဘုရားသခင့် အသင်းတော်ဆီ စာရေးလိုက်ပါတယ်။
၂ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။
၃ သခင်ယေရှုခရစ်ရဲ့အဖ+ ဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်ဟာ ကရုဏာကြီးတဲ့အဖ၊+ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။+ ၄ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။+ ကျွန်တော်တို့ကလည်း ဘုရားပေးတဲ့ နှစ်သိမ့်မှုအားဖြင့်+ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်။+ ၅ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေအဖြစ် ဆင်းရဲဒုက္ခအများကြီး ခံရသလို+ ခရစ်တော်ကြောင့်ပဲ နှစ်သိမ့်မှုအများကြီး ပြန်ခံစားရတယ်။ ၆ ကျွန်တော်တို့ ဆင်းရဲဒုက္ခ ခံရတယ်ဆိုရင် ဒါဟာ ခင်ဗျားတို့ကို နှစ်သိမ့်မှုနဲ့ ကယ်တင်ခြင်း ရစေဖို့ပဲ။ ကျွန်တော်တို့ နှစ်သိမ့်မှုရတယ်ဆိုရင် ဒါဟာ ခင်ဗျားတို့ကို နှစ်သိမ့်မှုရစေဖို့ပဲ။ အဲဒီနှစ်သိမ့်မှုက ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခမျိုးကို ခင်ဗျားတို့လည်း ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ၇ ခင်ဗျားတို့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ မယိမ်းယိုင်ဘူး။ ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခမျိုးကို ခင်ဗျားတို့ခံရသလိုပဲ ကျွန်တော်တို့ခံစားရတဲ့ နှစ်သိမ့်မှုကိုလည်း ခင်ဗျားတို့ခံစားရမယ်ဆိုတာ သိနေလို့ပါ။+
၈ ညီအစ်ကိုတို့၊ အာရှနယ်မှာ ကျွန်တော်တို့ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခအကြောင်း ခင်ဗျားတို့ကို မသိဘဲ မနေစေချင်ဘူး။+ အဲဒီတုန်းက ကျွန်တော်တို့ဟာ မခံရပ်နိုင်လောက်အောင် ဖိစီးမှုကြုံခဲ့ရတဲ့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ။+ ၉ သေရတော့မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာ။ ဒီလိုတွေ့ကြုံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သူတွေကို အသက်ပြန်ရှင်စေတဲ့ ဘုရားသခင်ကို အားကိုးတတ်လာတယ်။+ ၁၀ ဘုရားသခင်က ကျွန်တော်တို့ကို ကြောက်လန့်စရာ သေဘေးကနေ ကယ်တင်ခဲ့သလို နောင်လည်း ကယ်တင်ဦးမှာပဲ။ အဲဒီလို အမြဲကယ်တင်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေတယ်။+ ၁၁ ခင်ဗျားတို့လည်း ကျွန်တော်တို့အတွက် တိုးလျှိုးအသနားခံပြီး ကူညီပေးနိုင်ပါတယ်။+ လူအများကသာ ကျွန်တော်တို့အတွက် ဆုတောင်းပေးရင် ဘုရားသခင် နားထောင်ပြီး ကူညီပေးမှာပဲ။ အဲဒီအခါ လူအများကလည်း ကျေးဇူးတော်ကို ချီးမွမ်းကြမှာပဲ။+
၁၂ ကျွန်တော်တို့မှာ ဂုဏ်ယူဝါကြွားစရာ တစ်ခုရှိတယ်– ကျွန်တော်တို့က ဒီလောကမှာ၊ အထူးသဖြင့် ခင်ဗျားတို့နဲ့အတူ ရှိနေချိန်မှာ လူ့ဉာဏ်ပညာကိုအားမကိုးဘဲ+ ဘုရားသခင်ရဲ့ မဟာကရုဏာကို အားကိုးခဲ့တယ်၊ ဘုရားဆီကရတဲ့ စိတ်သဘောရိုးနဲ့ သန့်ရှင်းစွာ ကျင့်ကြံနေထိုင်ခဲ့တယ်။ အဲဒီလိုကျင့်ကြံခဲ့မှန်း ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ဟာ သက်သေပဲ။ ၁၃ ခင်ဗျားတို့ ဖတ်ရှုပြီး* နားလည်နိုင်တဲ့ အကြောင်းအရာကိုပဲ ကျွန်တော်တို့ ရေးလိုက်တာပါ။ ဒီအကြောင်းတွေကို ခင်ဗျားတို့ အပြည့်အဝ နားလည်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ၁၄ ကျွန်တော်တို့ကြောင့် ခင်ဗျားတို့ ဂုဏ်ယူဝင့်ကြွားခဲ့ရတာကို ခင်ဗျားတို့ထဲကတချို့ နားလည်ထားသလိုမျိုးပေါ့။ ကျွန်တော်တို့လည်း သခင်ယေရှုရဲ့နေ့ကျရင် ခင်ဗျားတို့ကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်မှာပါ။
၁၅ ဒါကို ယုံကြည်စိတ်ချတဲ့အတွက် ခင်ဗျားတို့ဆီ အရင်ဆုံးလာဖို့ ရည်ရွယ်သေးတယ်။ ခင်ဗျားတို့ကို ဒုတိယအကြိမ် ထပ်ပြီးပျော်ရွှင်စေချင်လို့ပါ။* ၁၆ မက်ဆီဒိုးနီးယားပြည်ကို အသွားမှာ တစ်ကြိမ်၊ အပြန်မှာ တစ်ကြိမ် ခင်ဗျားတို့ဆီ ဝင်လည်ဖို့၊ ပြီးရင် ကျွန်တော့်ကို ယုဒပြည်ဆီ လိုက်ပို့ခိုင်းဖို့ ရည်ရွယ်ခဲ့တယ်။+ ၁၇ အဲဒီလိုလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာ ကျွန်တော် ပေါ့ပေါ့တန်တန် သဘောထားလို့လား။ တစ်ကိုယ်ကောင်းစိတ်နဲ့ ကြံရွယ်ပြီး “ဟုတ်တယ်” ပြောလိုက်၊ “မဟုတ်ဘူး” ပြောလိုက် လုပ်နေလို့လား။ ၁၈ ကျွန်တော်တို့ ပြောတာတွေဟာ အမှန်တွေပါ။ ဘုရားသခင်ကို ယုံကြည်စိတ်ချပါ။ ကျွန်တော်တို့က “ဟုတ်တယ်” လို့ပြောပြီးမှ “မဟုတ်ဘူး” လို့ မပြောပါဘူး။ ၁၉ ကျွန်တော်၊ သိလွာနုနဲ့* တိမောသေက+ ဘုရားသခင်ရဲ့သား၊ ခရစ်တော်ယေရှုအကြောင်း ဟောခဲ့တယ်။ ယေရှုကလည်း “ဟုတ်တယ်” ပြောလိုက်၊ “မဟုတ်ဘူး” ပြောလိုက် မလုပ်ခဲ့ဘူး။ “ဟုတ်တယ်” လို့ပြောပြီးရင် အမြဲတမ်း “ဟုတ်တယ်” ပဲ။ ၂၀ ဘုရားသခင်ရဲ့ ကတိတော်တွေ ဘယ်လောက်ပဲ များပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်ရာ ဖြစ်လာတယ်။+ ခရစ်တော်အားဖြင့် “အာမင်”* ဆိုပြီး ကျွန်တော်တို့ ပြောနိုင်တဲ့အတွက်+ ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေတယ်။ ၂၁ တကယ်တော့ ခင်ဗျားတို့ကိုရော ကျွန်တော်တို့ကိုပါ ခရစ်တော်ပိုင်ဆိုင်မှန်း အာမခံပေးတဲ့အရှင်၊ ကျွန်တော်တို့ကို ဘိသိက်ပေးတဲ့အရှင်ဟာ ဘုရားသခင်ပဲ။+ ၂၂ ဘုရားသခင်က ကျွန်တော်တို့ကို တံဆိပ်ခတ်ပြီး+ နောင်ရမယ့်အရာအတွက် အာမခံချက်* ပေးတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့စိတ်ထဲ ကိန်းအောင်းနေတဲ့ စွမ်းအားတော်ပဲ။+
၂၃ ကောရိန္သုမြို့ကို ကျွန်တော်မလာသေးတာဟာ ခင်ဗျားတို့ကို ငဲ့ညှာလို့ဆိုတာ ဘုရားသခင်ကို သက်သေထားပြီး ပြောနိုင်ပါတယ်။ ၂၄ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေတာ မဟုတ်ဘူး။+ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ပျော်ရွှင်စေချင်တဲ့ လုပ်ဖော်ဆောင်ဖက်တွေပဲ။ ခင်ဗျားတို့ဟာ ကိုယ့်ယုံကြည်ခြင်းနဲ့ကိုယ် အခိုင်အမာ ရပ်တည်နေသူတွေပါ။
၂ ကျွန်တော် နောက်တစ်ခါ လာလည်တဲ့အခါ ခင်ဗျားတို့ကို ဝမ်းနည်းအောင် မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ၂ ကျွန်တော့်ကို ဝမ်းသာစေမယ့်သူဆိုလို့ ခင်ဗျားတို့ပဲ ရှိတာပါ။ ကျွန်တော့်ကြောင့် ခင်ဗျားတို့အားလုံး ဝမ်းနည်းနေရင် ကျွန်တော့်ကို ဝမ်းသာစေမယ့်သူ ဘယ်ရှိတော့မလဲ။ ၃ ဒါကြောင့် အဲဒီစာကို ကျွန်တော် ရေးလိုက်တာ။ ကျွန်တော်ရောက်လာတဲ့အခါ ခင်ဗျားတို့ကြောင့် ဝမ်းနည်းရမယ့်အစား ဝမ်းသာချင်ပါတယ်။ ကျွန်တော့်ကို ဝမ်းသာစေတဲ့အရာတွေဟာ ခင်ဗျားတို့ကိုလည်း ဝမ်းသာစေမယ်လို့ ယုံပါတယ်။ ၄ ကျွန်တော်က အကြီးအကျယ် စိတ်သောကရောက်ပြီး၊ မျက်ရည်တွေကျပြီး အဲဒီစာကို ရေးလိုက်တာ။ ခင်ဗျားတို့ကို ဝမ်းနည်းစေချင်လို့ မဟုတ်ဘူး။+ ခင်ဗျားတို့ကို ဘယ်လောက်ချစ်မှန်း သိစေချင်လို့ပါ။
၅ တစ်ယောက်ယောက်က ဝမ်းနည်းစေတယ်ဆိုရင်+ ကျွန်တော်ပဲ ဝမ်းနည်းရတာ မဟုတ်ဘူး။ ခင်ဗျားတို့အားလုံးလည်း အနည်းနဲ့အများ ဝမ်းနည်းရတာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် မပြောချင်ဘူး။ ၆ ခင်ဗျားတို့အများစုရဲ့ ပြစ်တင်ဆုံးမစကားဟာ အဲဒီလူအတွက် လုံလောက်ပါပြီ။ ၇ ဒီတော့၊ အခု သူ့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေးကြပါ။+ ဒီလိုမှမဟုတ်ရင် သူ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေလိမ့်မယ်။+ ၈ ဒါကြောင့် သူ့ကို တကယ်ချစ်မှန်း သူသိအောင် သက်သေပြကြဖို့ တိုက်တွန်းပါတယ်။+ ၉ ခင်ဗျားတို့ အရာရာမှာ နာခံမှုရှိတယ်၊ မရှိဘူးဆိုတာ သေသေချာချာ သိချင်လို့လည်း စာရေးလိုက်ရတာပါ။ ၁၀ ခင်ဗျားတို့ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တဲ့သူကို ကျွန်တော်လည်း ခွင့်လွှတ်တယ်။ ကျွန်တော် ခွင့်လွှတ်ပြီဆိုရင် ခွင့်လွှတ်သမျှဟာ ခင်ဗျားတို့အကျိုးအတွက်ပဲဆိုတာ ခရစ်တော်ဟာ သက်သေပဲ။ ၁၁ အဲဒီလိုခွင့်လွှတ်ဖို့ အရေးကြီးတယ်။ ခွင့်မလွှတ်ရင် ကျွန်တော်တို့ကို စာတန် အနိုင်ယူသွားလိမ့်မယ်။*+ စာတန်ရဲ့ အကြံအစည်တွေကို ကျွန်တော်တို့ မသိတာမှ မဟုတ်တာ။+
၁၂ ခရစ်တော်အကြောင်း သတင်းကောင်း ကြေညာဖို့ တရောမြို့ကို+ ကျွန်တော် ရောက်လာတဲ့အခါ သခင့်အမှုတော်ဆောင်ဖို့ အခွင့်အရေးတံခါး ပွင့်ခဲ့တယ်။ ၁၃ ညီအစ်ကို တိတုကို+ မတွေ့ရလို့ ကျွန်တော် စိတ်မသက်မသာ ဖြစ်မိတယ်။ ဒါနဲ့ အဲဒီမြို့မှာရှိတဲ့ ညီအစ်ကိုတွေကို နှုတ်ဆက်ပြီး မက်ဆီဒိုးနီးယားပြည်ကို ထွက်ခွာခဲ့တယ်။+
၁၄ ကျွန်တော်တို့ကို ခရစ်တော်နဲ့အတူ အောင်ပွဲခံချီတက်ရာမှာ အမြဲဦးဆောင်တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးမားလှပါတယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာဟာ မွှေးကြိုင်တဲ့ရနံ့နဲ့ တူတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကြောင့် နေရာတိုင်းမှာ အဲဒီရနံ့ ပျံ့နှံ့သွားတယ်။ ၁၅ ခရစ်တော်အကြောင်း ကြေညာတဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်အတွက် မွှေးကြိုင်တဲ့ရနံ့နဲ့ တူတယ်။ ကယ်တင်ခံရမယ့်သူတွေရော ဖျက်ဆီးခံရမယ့်သူတွေဆီကိုပါ ပျံ့နှံ့သွားတယ်။ ၁၆ အဲဒီရနံ့ဟာ ဖျက်ဆီးခံရမယ့်သူတွေအတွက် သေခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ။+ ကယ်တင်ခံရမယ့်သူတွေအတွက်တော့ အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ။ ဒီလုပ်ငန်းအတွက် ဘယ်သူ အရည်အချင်း ပြည့်မီသလဲ။ ၁၇ ကျွန်တော်တို့ အရည်အချင်း ပြည့်မီကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ တရားစကားကို အများတကာလို လှည့်လည်ရောင်းချသူတွေ မဟုတ်ဘူး။+ ဘုရားသခင် စေလွှတ်သူတွေအဖြစ်၊ ဘုရားသခင့်ရှေ့မှာ ခရစ်တော်ရဲ့ နောက်လိုက်တွေအဖြစ် စိတ်ရင်းမှန်နဲ့ ဟောပြောကြလို့ပါ။
၃ ကျွန်တော်တို့ ကိုယ့်အကြောင်းကို ထောက်ခံချက် ပေးနေတာလား။ တခြားသူတွေ လုပ်သလို ခင်ဗျားတို့ဆီ ထောက်ခံစာပေးဖို့ ဒါမှမဟုတ် ခင်ဗျားတို့ဆီကနေ ထောက်ခံစာယူဖို့ လိုအပ်လို့လား။ ၂ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ရေးထားတဲ့စာ၊+ လူအားလုံးသိပြီး ဖတ်ရှုတဲ့စာဟာ ခင်ဗျားတို့ကိုယ်တိုင်ပဲ။ ၃ ခင်ဗျားတို့ဟာ အမှုဆောင်သူတွေဖြစ်တဲ့+ ကျွန်တော်တို့ ရေးတဲ့စာ၊ ခရစ်တော်ရဲ့ စာပဲဆိုတာ ထင်ရှားတယ်။ အဲဒီစာကို မင်နဲ့ရေးတာ မဟုတ်ဘူး။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ စွမ်းအားတော်နဲ့ ရေးထားတာ။ ကျောက်ပြားပေါ်မှာ ရေးတာမဟုတ်ဘူး။+ နှလုံးသားပေါ်မှာ ရေးထားတာ။+
၄ ကျွန်တော်တို့က ခရစ်တော်ကို အမှီပြုပြီး ဘုရားသခင့်ရှေ့မှာ အဲဒီလို ယုံကြည်စိတ်ချတယ်။ ၅ ဘယ်အလုပ်ကိုမဆို ကျွန်တော်တို့ လုပ်နိုင်တာဟာ ကိုယ့်ဘာသာကိုယ် အရည်အချင်းပြည့်မီလို့ မဟုတ်ဘူး။ ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီနေတာပါ။+ ၆ ပဋိညာဉ်သစ်နဲ့ဆိုင်တဲ့+ အမှုဆောင်သူတွေဖြစ်ဖို့ ကျွန်တော်တို့ကို အရည်အချင်း ပြည့်မီစေတာဟာ ဘုရားသခင်ပါ။ ကျွန်တော်တို့ဟာ မောရှေရေးခဲ့တဲ့ ပညတ်နဲ့ဆိုင်တဲ့+ အမှုဆောင်သူတွေ မဟုတ်ဘူး၊ စွမ်းအားတော်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေပဲ။ မောရှေရေးခဲ့တဲ့ ပညတ်က သေစေတတ်တယ်။+ စွမ်းအားတော်ကတော့ ရှင်စေတတ်တယ်။+
၇ ကျောက်ပြားပေါ် ရေးထွင်းထားတဲ့ ပညတ်တရား၊+ သေခြင်းကို ဖြစ်ပေါ်စေတဲ့ ပညတ်တရားကို မောရှေပေးတုန်းက သူ့မျက်နှာမှာ ဘုန်းအသရေ ထွန်းတောက်နေလို့ အစ္စရေးလူမျိုးတွေ စေ့စေ့မကြည့်နိုင်ကြဘူး။+ ကွယ်ပျောက်သွားမယ့်အရာတောင် အဲဒီလိုဘုန်းအသရေနဲ့ ပြည့်စုံနေရင်၊ ၈ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရာက+ ပိုလို့တောင် ဘုန်းအသရေပြည့်စုံမယ် မဟုတ်လား။+ ၉ လူတွေကို အပြစ်စီရင်ခံရစေတဲ့ ပညတ်တရားတောင်+ ဘုန်းအသရေနဲ့ ပြည့်စုံနေရင်+ လူတွေကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရစေတဲ့ လုပ်ငန်းဟာ ပိုလို့တောင် ဘုန်းအသရေနဲ့ပြည့်စုံမယ် မဟုတ်လား။+ ၁၀ ပညတ်တရားရဲ့ ဘုန်းအသရေဟာ ပဋိညာဉ်သစ်ရဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး။+ ၁၁ ကွယ်ပျောက်သွားမယ့် ပညတ်တရားဟာ ဘုန်းအသရေနဲ့ ပြည့်စုံနေရင်+ တည်မြဲတဲ့ ပဋိညာဉ်သစ်ဟာ ပိုလို့တောင် ဘုန်းအသရေ ပြည့်စုံမှာပေါ့။+
၁၂ ကျွန်တော်တို့မှာ အဲဒီလို မျှော်လင့်ချက်ရှိတဲ့အတွက်+ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်* ကိုသုံးပြီး ဟောပြောနေကြတယ်။ ၁၃ မောရှေလို မဟုတ်ဘူး။ မောရှေက ကွယ်ပျောက်သွားမယ့် ပညတ်တရားရဲ့ ဘုန်းအသရေကို အစ္စရေးတွေ စေ့စေ့မကြည့်နိုင်အောင် သူ့မျက်နှာကို ဖုံးထားတယ်။+ ၁၄ ဒါတောင်မှ အစ္စရေးတွေရဲ့ စိတ်နှလုံးဟာ ထုံထိုင်းနေခဲ့တယ်။+ အခုချိန်အထိ သူတို့ရဲ့စိတ်နှလုံးက မျက်နှာဖုံးနဲ့ အုပ်ထားသလိုဖြစ်နေလို့ ပဋိညာဉ်ဟောင်းကို နားမလည်ကြဘူး။+ အဲဒီမျက်နှာဖုံးကို ခရစ်တော်အားဖြင့်သာ ဖယ်ရှားလို့ရတယ်။+ ၁၅ အခုချိန်အထိ သူတို့ရဲ့ စိတ်နှလုံးဟာ ဖုံးအုပ်နေဆဲမို့လို့+ မောရှေရဲ့ကျမ်းတွေကို ဖတ်တဲ့အခါတိုင်း သူတို့ နားမလည်ကြဘူး။+ ၁၆ ယေဟောဝါဆီ* ပြန်လှည့်လာတဲ့အခါမှ အဲဒီမျက်နှာဖုံး ဖယ်ရှားခံရတယ်။+ ၁၇ ယေဟောဝါဟာ* ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။+ ယေဟောဝါရဲ့* စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။+ ၁၈ မျက်နှာဖုံး ဖယ်ရှားခံလိုက်ရတဲ့ ကျွန်တော်တို့အားလုံးက ယေဟောဝါရဲ့* ဘုန်းတော်ကို မှန်လို ရောင်ပြန်ဟပ်ကြတယ်။ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ ယေဟောဝါ* အလိုရှိတဲ့အတိုင်း* ဘုန်းတော်ကို တိုးပွားသည်ထက် တိုးပွားအောင် ရောင်ပြန်ဟပ်ရင်း ဘုရားရဲ့ပုံသဏ္ဌာန်နဲ့ တထေရာတည်းတူအောင် ပြောင်းလဲကြတယ်။+
၄ ကျွန်တော်တို့က ကရုဏာတော်ခံစားရလို့ ဒီအမှုတော်ကို ဆောင်ရွက်နေရတာ။ ဒါကြောင့် အရှုံးမပေးဘူး။ ၂ ရှက်စရာကောင်းတဲ့အရာတွေ မလုပ်ဘူး။ ခိုးကြောင်ခိုးဝှက် မလုပ်ဘူး။ မကောက်ကျစ်ဘူး။ ဘုရားသခင်ရဲ့ တရားစကားကို မလိမ့်တပတ်လုပ်ပြီး မသုံးဘူး။+ အဲဒီအစား အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင်ရှေ့မှာ လူအားလုံးအတွက်* စံနမူနာကောင်း ပြတယ်။+ ၃ ကျွန်တော်တို့ကြေညာတဲ့ သတင်းကောင်းဟာ ဖုံးအုပ်နေတယ်ဆိုရင်တောင် ဖျက်ဆီးခံရမယ့် သူတွေအတွက်ပဲ ဖုံးအုပ်နေတာ။ ၄ ဒီလောကစနစ်ရဲ့* ဘုရားက+ မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်စေတဲ့အတွက်+ ဘုရားသခင့် ပုံသဏ္ဌာန်ဖြစ်တဲ့+ ခရစ်တော်နဲ့ဆိုင်တဲ့ သတင်းကောင်းရဲ့ ဘုန်းအသရေအလင်းကို အဲဒီလူတွေ မမြင်ရဘူး။+ ၅ ကျွန်တော်တို့က ကိုယ့်အကြောင်းကိုယ် ဟောနေတာ မဟုတ်ဘူး။ ယေရှုခရစ်ဟာ သခင်ဖြစ်တဲ့အကြောင်း၊ ကျွန်တော်တို့ဟာ ယေရှုအတွက် ခင်ဗျားတို့ရဲ့ ကျွန်တွေဖြစ်တဲ့အကြောင်း ဟောပြောနေတာ။ ၆ “မှောင်မိုက်ထဲကနေ အလင်းထွန်းလင်းစေ”+ လို့ပြောတဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာ အလင်း ထွန်းလင်းစေပြီ။+ အဲဒီအလင်းဟာ ခရစ်တော်ရဲ့ မျက်နှာမှာ ထွန်းတောက်နေတဲ့၊ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ဘုရားရေးရာအသိပညာပဲ။
၇ မြေအိုးတွေလိုဖြစ်တဲ့+ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ+ ရှိနေတယ်။ ဒါကြောင့် သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။+ ၈ ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။*+ ၉ ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ စွန့်ပစ်မခံရပါဘူး။+ အထိုးခံရလို့ လဲကျပေမဲ့ ဇာတ်သိမ်းမသွားပါဘူး။+ ၁၀ ကျွန်တော်တို့က ယေရှုလိုပဲ အသက်အန္တရာယ် အမြဲကြုံခဲ့ရတယ်။+ ဒါကြောင့် ယေရှု ဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၁ ကျွန်တော်တို့က အသက်ရှင်နေပေမဲ့ ယေရှုရဲ့နောက်ကို လိုက်တဲ့အတွက် သေဘေးနဲ့ အမြဲရင်ဆိုင်နေရတယ်။+ ဒါကြောင့် ယေရှုဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၂ ကျွန်တော်တို့ သေဘေးနဲ့ ရင်ဆိုင်ရပေမဲ့ အဲဒါက ခင်ဗျားတို့အတွက် အသက်ရှင်ခြင်း ဖြစ်လာတယ်။
၁၃ “ယုံကြည်သက်ဝင်လို့ ငါပြောနေတာ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ကျွန်တော်တို့မှာ အဲဒီလိုယုံကြည်ခြင်းမျိုး ရှိတယ်။ ယုံကြည်သက်ဝင်လို့ ကျွန်တော်တို့ ပြောနေတာ။ ၁၄ ယေရှုကို ထမြောက်စေတဲ့အရှင်က ယေရှုနဲ့အတူ ကျွန်တော်တို့အားလုံးကို ထမြောက်စေမယ်၊ ကျွန်တော်တို့ရော ခင်ဗျားတို့ကိုပါ ယေရှုရှေ့ ခေါ်လာမယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။+ ၁၅ ဒါတွေအားလုံးဟာ ခင်ဗျားတို့အကျိုးအတွက်ပါ။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ကျေးဇူးတင်ချီးမွမ်းသူတွေ များလာတဲ့အတွက် မဟာကရုဏာတော် တိုးများသည်ထက် တိုးများလာတယ်။+
၁၆ ဒါကြောင့် ကျွန်တော်တို့ အရှုံးမပေးကြဘူး။ ခန္ဓာကိုယ်အပြင်ပန်းကတော့ ယိုယွင်းပျက်စီးနေပေမဲ့ အတွင်းစိတ်ကတော့ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်။ ၁၇ ကျွန်တော်တို့ ခဏတာခံရတဲ့ ပေါ့ပါးတဲ့ ဆင်းရဲဒုက္ခဟာ အတိုင်းထက်အလွန် ကြီးမြတ်တဲ့ ထာဝရဘုန်းအသရေကို ရရှိစေတယ်။+ ၁၈ မြင်နိုင်တဲ့အရာကို အာရုံမစိုက်ဘဲ မမြင်နိုင်တဲ့အရာတွေကို ကျွန်တော်တို့ အာရုံစိုက်ကြတယ်။+ မြင်နိုင်တဲ့အရာတွေဟာ တစ်ခဏသာ တည်တံ့ပြီး မမြင်နိုင်တဲ့အရာတွေကတော့ ထာဝရတည်တံ့လို့ပဲ။
၅ ကျွန်တော်တို့ရဲ့ မြေကြီးနေအိမ်ဖြစ်တဲ့ လက်ရှိတဲအိမ်ဟာ ပျက်စီးသွားရမှာဖြစ်ပြီး+ ကောင်းကင်မှာ ထာဝစဉ်တည်မယ့် နေအိမ်၊ လူမဆောက်တဲ့နေအိမ်ကို ဘုရားသခင်ဆီကနေ ရမယ်လို့ ကျွန်တော်တို့ သိထားတယ်။+ ၂ လက်ရှိနေအိမ်မှာ ကျွန်တော်တို့ နေထိုင်တုန်း ကောင်းကင်နေအိမ်ကို တောင့်တလွန်းလို့ ညည်းတွားနေကြတယ်။ ကောင်းကင်နေအိမ်က ကျွန်တော်တို့ကို အဝတ်လို လွှမ်းခြုံပေးလိမ့်မယ်။+ ၃ ကောင်းကင်နေအိမ်ကို အဝတ်လို ဝတ်ဆင်ရတဲ့အခါ ကျွန်တော်တို့ အဝတ်ဗလာဖြစ်နေမှာ မဟုတ်ဘူး။ ၄ လက်ရှိတဲအိမ်မှာနေတဲ့ ကျွန်တော်တို့ဟာ ဝန်ပိပြီး ညည်းတွားနေရတယ်။ ဒီတဲအိမ်ကို အဝတ်လို ချွတ်ပစ်ချင်လို့ မဟုတ်ဘဲ ကောင်းကင်နေအိမ်ကို ဝတ်ဆင်ချင်လို့ ညည်းတွားနေတာပါ။+ ဒါမှ သေတတ်တဲ့အရာကို အသက်ရှင်ခြင်းနဲ့ အစားထိုးနိုင်မှာပါ။+ ၅ အဲဒီအသက်တာကို ပြင်ဆင်ပေးတဲ့အရှင်ကတော့ ဘုရားသခင်ပဲ။+ ဘုရားသခင်က ကျွန်တော်တို့ကို နောင်ရမယ့်အရာအတွက် အာမခံချက်* အဖြစ် စွမ်းအားတော် ပေးထားတယ်။+
၆ ဒါကြောင့် ကျွန်တော်တို့ဟာ အမြဲ စိတ်ချလက်ချဖြစ်နေတယ်။ ဒီခန္ဓာနဲ့ နေထိုင်သရွေ့ သခင်နဲ့ ဝေးကွာနေမယ်ဆိုတာကို သိတယ်။+ ၇ မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်မရှင်ဘဲ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေကြတယ်။ ၈ ကျွန်တော်တို့ စိတ်ချလက်ချဖြစ်နေပေမဲ့ ဒီခန္ဓာနဲ့ နေထိုင်မယ့်အစား သခင်နဲ့အတူ နေထိုင်ဖို့ ပိုလိုလားပါတယ်။+ ၉ ဒါပေမဲ့ သခင်နဲ့အတူ နေထိုင်ရသည်ဖြစ်စေ၊ ဝေးကွာနေရသည်ဖြစ်စေ သခင်နှစ်သက်သူတွေ အမြဲဖြစ်နိုင်ဖို့ ကျွန်တော်တို့ ပန်းတိုင်ထားတယ်။ ၁၀ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့ ရောက်ရမှာဖြစ်လို့ပဲ။ ဒီခန္ဓာနဲ့ အသက်ရှင်တုန်းက ပြုကျင့်ခဲ့တဲ့ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့်အတိုင်း အကျိုးအပြစ်ကို ခံရလိမ့်မယ်။+
၁၁ သခင်ကို ကြောက်ရွံ့သင့်မှန်း ကျွန်တော်တို့ သိတဲ့အတွက် လူတွေကို နားလည်လက်ခံလာအောင် သွန်သင်ပေးတယ်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးလဲဆိုတာ ဘုရားသခင် ကောင်းကောင်း သိတယ်။ ခင်ဗျားတို့လည်း* ကောင်းကောင်း သိလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ၁၂ ကျွန်တော်တို့ ကိုယ့်အကြောင်းကိုယ် ထောက်ခံချက်ပေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို ဂုဏ်ယူဝင့်ကြွားစေချင်လို့ ပြောနေတာ။ ဒါမှ စိတ်ရင်းကိုမကြည့်ဘဲ အပြင်ပန်းကိုကြည့်ပြီး+ ဂုဏ်ယူဝင့်ကြွားတတ်သူတွေရဲ့ စကားကို ခင်ဗျားတို့ ချေပနိုင်မှာပေါ့။ ၁၃ ကျွန်တော်တို့က စိတ်မမှန်တဲ့သူလို တစ်ခုခုလုပ်တယ်ဆိုရင်+ ဘုရားသခင်အတွက် လုပ်တာပါ။ စိတ်မှန်တဲ့သူတွေလို လုပ်တယ်ဆိုရင် ခင်ဗျားတို့အကျိုးအတွက် လုပ်တာပါ။ ၁၄ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောက်ချက်ချတာက– လူအားလုံးအတွက် လူတစ်ယောက် အသေခံတယ်။+ လူအားလုံး သေဆုံးပြီဖြစ်လို့ သူအသေခံဖို့ လိုအပ်တယ်။ ၁၅ လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ+ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။
၁၆ ကျွန်တော်တို့က အခုကစပြီး ဘယ်သူ့ကိုမှ ကိုယ့်အမြင်နဲ့ အကဲမဖြတ်တော့ဘူး။+ အရင်တုန်းက ခရစ်တော်ကို ကိုယ့်အမြင်နဲ့ အကဲဖြတ်ခဲ့ကြပေမဲ့ အခုတော့ အဲဒီလို အကဲမဖြတ်တော့ဘူး။+ ၁၇ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိတဲ့သူဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရာအသစ်ပဲ။+ ဟောင်းတဲ့အရာတွေ ကွယ်ပျောက်ပြီး အသစ်သောအရာတွေ တည်ရှိလာပြီ။ ၁၈ တကယ်တော့ အရာအားလုံးဟာ ဘုရားသခင်ဆီကပဲ။ ဘုရားသခင်က ခရစ်တော်ကတစ်ဆင့် ကျွန်တော်တို့ကို မိမိနဲ့ ပြန်လည်သင့်မြတ်စေတဲ့အပြင်+ ပြန်လည်သင့်မြတ်စေတဲ့ လုပ်ငန်းကိုလည်း ကျွန်တော်တို့ဆီ ပေးအပ်ထားတယ်။+ ၁၉ အဲဒီလုပ်ငန်းကတော့ ခရစ်တော်ကတစ်ဆင့် ဒီလောကကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတဲ့ လုပ်ငန်းပဲ။+ ဘုရားသခင်က လူတွေရဲ့အပြစ်ကို မှတ်မထားဘူး။+ မိမိနဲ့ ပြန်လည်သင့်မြတ်နိုင်တယ်ဆိုတဲ့အကြောင်း လူတွေကို ဟောရမယ့်လုပ်ငန်းကို ကျွန်တော်တို့ဆီ ပေးအပ်ထားတယ်။+
၂၀ ဒီတော့ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ကိုယ်စား သံအမတ်တွေပဲ။+ ကျွန်တော်တို့ကတစ်ဆင့် ဘုရားသခင်ကိုယ်တိုင် မေတ္တာရပ်ခံနေတဲ့သဘောပေါ့။ ဒါကြောင့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ကြပါ” ဆိုပြီး ခရစ်တော်ကိုယ်စား+ ကျွန်တော်တို့ တောင်းပန်နေတာပါ။ ၂၁ ဘုရားသခင်က အပြစ်ကင်းစင်သူကို+ ကျွန်တော်တို့အတွက် အပြစ်ဖြေရာအလှူ ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ဟာ သူ့ကြောင့် ဘုရားသခင်ရဲ့အမြင်မှာ ဖြောင့်မတ်သူတွေ ဖြစ်နိုင်ကြတယ်။+
၆ ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်တွေအနေနဲ့+ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို ရရှိပြီးနောက် အဲဒါကို အကျိုးမဲ့မဖြစ်စေဖို့+ ခင်ဗျားတို့ကို တိုက်တွန်းချင်ပါတယ်။ ၂ ဘာလို့လဲဆိုတော့ “မျက်နှာသာပြရာကာလမှာ မင်းရဲ့ဆုတောင်းသံကို ငါကြားတယ်။ ကယ်တင်ရာနေ့ရက်မှာ မင်းကို ငါကူညီခဲ့တယ်”+ လို့ ဘုရားသခင် ပြောထားလို့ပဲ။ အခုအချိန်ဟာ အထူး မျက်နှာသာပြရာကာလပဲ။ အခုအချိန်ဟာ ကယ်တင်ရာနေ့ရက်ပဲ။
၃ အမှုဆောင်လုပ်ငန်းကို လူတွေ အပြစ်တင်စရာမဖြစ်စေဖို့ တိုက်မိလဲစေနိုင်တဲ့အရာ တစ်ခုမှ ကျွန်တော်တို့မလုပ်ကြဘူး။+ ၄ ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်–+ စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်တယ်။ ဆင်းရဲဒုက္ခတွေ၊ နွမ်းပါးမှုတွေ၊ အခက်အခဲတွေကို ခံရပ်တယ်။+ ၅ ရိုက်နှက်ခံရတာ၊ ထောင်ကျတာ၊+ ရုန်းရင်းဆန်ခတ်ဖြစ်တာ၊ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတာ၊ အိပ်ရေးပျက်တာ၊ အစာရေစာ ပြတ်လပ်တာတွေကိုလည်း ခံရပ်တယ်။+ ၆ စင်ကြယ်တဲ့အသက်တာနဲ့ နေထိုင်တယ်။ အသိပညာနဲ့အညီ ပြုမူနေထိုင်တယ်။ စိတ်ရှည်မှုနဲ့+ ကြင်နာမှုပြတယ်။+ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူတယ်။ ဟန်ဆောင်မှုကင်းတဲ့ မေတ္တာကို ပြတယ်။+ ၇ မှန်သောစကားကို ပြောတယ်။ ဘုရားသခင်ရဲ့တန်ခိုးကို+ အားကိုးတယ်။ ဖြောင့်မတ်ခြင်း လက်နက်တွေကိုလည်း+ ဘယ်တစ်ဖက်၊* ညာတစ်ဖက်* ကိုင်ဆောင်ထားတယ်။ ၈ ဂုဏ်တင်ခံရတဲ့အခါ ရှိသလို သိက္ခာချခံရတဲ့အခါလည်း ရှိတယ်။ ချီးမွမ်းခံရတဲ့အခါ ရှိသလို ကဲ့ရဲ့ခံရတဲ့အခါလည်း ရှိတယ်။ အမှန်ပြောသူတွေဖြစ်လျက်နဲ့ လှည့်စားသူတွေလို့ သတ်မှတ်ခံရတယ်။ ၉ ဘုရားသခင် အသိအမှတ်ပြုပေမဲ့ လူတွေ အသိအမှတ်ပြုတာကို မခံရဘူး။ အသက်ရှင်နေပါလျက်နဲ့ သေထိုက်သူတွေ၊+ သေဒဏ်စီရင်မခံရဘဲနဲ့ ပြစ်ဒဏ်ခံရသူတွေလို့ ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။+ ၁၀ အမြဲပျော်ရွှင်နေပါလျက် ဝမ်းနည်းနေတဲ့သူတွေ၊ လူအများကို ကြွယ်ဝစေပါလျက် ဆင်းရဲသူတွေ၊ အရာအားလုံးကို ပိုင်ဆိုင်ပါလျက် ဘာမှမပိုင်ဆိုင်တဲ့သူတွေလို့ ကျွန်တော်တို့ကို သတ်မှတ်ကြတယ်။+
၁၁ ကောရိန္သုမြို့သား ညီအစ်ကိုတို့၊ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ခင်ဗျားတို့ကို တကယ်ချစ်မြတ်နိုးတယ်။* ၁၂ ကျွန်တော်တို့ရဲ့ ချစ်ခင်တွယ်တာမှုကို မကန့်သတ်ထားဘူး။+ ခင်ဗျားတို့ကသာ ချစ်ခင်တွယ်တာမှုကို ကန့်သတ်ထားကြတာပါ။ ၁၃ ဒါကြောင့် သားသမီးတွေလို သဘောထားပြီး ပြောမယ်။ ခင်ဗျားတို့ဘက်က တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ကို တကယ်ချစ်မြတ်နိုးကြပါ။*+
၁၄ မယုံကြည်သူတွေနဲ့ ဘက်မညီတဲ့ ထမ်းပိုးကို မထမ်းကြပါနဲ့။+ ဖြောင့်မတ်မှုနဲ့ မတရားမှု ဘယ်လိုလုပ် ပေါင်းဖက်နိုင်မလဲ။+ အလင်းနဲ့အမှောင် ဘယ်လိုလုပ် တွဲဖက်နိုင်မလဲ။+ ၁၅ ခရစ်တော်နဲ့ ဗေလျာလ* ဘယ်လိုလုပ် သင့်မြတ်နိုင်မလဲ။+ ယုံကြည်သူနဲ့ မယုံကြည်သူ ဘယ်လိုလုပ် မျှဝေခံစားနိုင်မလဲ။+ ၁၆ ဘုရားသခင်ရဲ့ ဗိမာန်တော်ထဲမှာ ရုပ်တုတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။+ ကျွန်တော်တို့ဟာ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ ဗိမာန်တော်ပဲ။+ ဘုရားသခင် ပြောထားတာက– “ငါက သူတို့အလယ်မှာ စံမြန်းမယ်၊+ သူတို့နဲ့အတူ ရှိနေမယ်။ ငါဟာ သူတို့ရဲ့ဘုရားသခင်ဖြစ်ပြီး သူတို့လည်း ငါ့လူမျိုး ဖြစ်လာလိမ့်မယ်။”+ ၁၇ “‘ဒါကြောင့် သူတို့ထဲကနေ ထွက်သွားကြ၊ တသီးတခြားနေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့’+ ဆိုပြီး ယေဟောဝါ* ပြောတယ်။” “‘မင်းတို့ကို ငါလက်ခံမယ်။’”+ ၁၈ “‘ငါက မင်းတို့ရဲ့ဖခင် ဖြစ်လာမယ်။+ မင်းတို့လည်း ငါ့ရဲ့သားသမီးတွေ ဖြစ်လာလိမ့်မယ်’+ ဆိုပြီး အနန္တတန်ခိုးရှင် ယေဟောဝါ* ပြောတယ်။”
၇ ချစ်ရသူတို့၊ အဲဒီကတိတော်တွေကို+ ကျွန်တော်တို့ ရရှိထားတဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။+ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့။
၂ ခင်ဗျားတို့ရဲ့ နှလုံးသားထဲမှာ ကျွန်တော်တို့ကို နေရာပေးကြပါ။+ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပြစ်မှားခဲ့ဘူး။ ဘယ်သူ့ကိုမှ မဖျက်ဆီးခဲ့ဘူး။ ဘယ်သူ့ဆီကမှ အမြတ်မထုတ်ခဲ့ဘူး။+ ၃ ခင်ဗျားတို့ကို အပြစ်တင်တဲ့အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတို့ ရှိနှင့်ပြီးသားပါ။ ၄ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ပြောဆိုခွင့်* ကျွန်တော့်မှာ ရှိတယ်။ ခင်ဗျားတို့နဲ့ပတ်သက်လို့ တကယ်ဂုဏ်ယူပြီး စိတ်အားတက်လာတယ်။ ဒုက္ခအမျိုးမျိုး ခံရပေမဲ့ အတိုင်းထက်အလွန် ဝမ်းသာတယ်။+
၅ ကျွန်တော်တို့က မက်ဆီဒိုးနီးယားပြည်ကိုရောက်တဲ့အခါ+ စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရတယ်။ ဒါတောင် ဒုက္ခအမျိုးမျိုး ကြုံနေရတုန်းပဲ။ အပြင်က တိုက်ခိုက်တာကို ခံရသလို အတွင်းကလူတွေအတွက်လည်း စိတ်ပူနေရတယ်။ ၆ ဒါပေမဲ့ အားငယ်သူတွေကို နှစ်သိမ့်ပေးတတ်တဲ့ ဘုရားသခင်က+ ရောက်လာတဲ့ တိတုအားဖြင့် ကျွန်တော်တို့ကို နှစ်သိမ့်ပေးတယ်။ ၇ တိတု ရောက်လာတဲ့အပြင် ခင်ဗျားတို့ကြောင့် သူခံစားရတဲ့ နှစ်သိမ့်မှုကလည်း ကျွန်တော့်ကို အားတက်စေတယ်။ ကျွန်တော့်ကို သတိရနေတဲ့အကြောင်း၊ ခင်ဗျားတို့ ဝမ်းနည်းပူဆွေးနေတဲ့အကြောင်း၊ ကျွန်တော့်အတွက် သိပ်စိတ်ပူနေတဲ့အကြောင်း သူပြောပြတော့ ပိုပြီးဝမ်းသာရပါတယ်။
၈ ကျွန်တော်ရေးခဲ့တဲ့ စာကြောင့် ခင်ဗျားတို့ ဝမ်းနည်းရရင်တောင်+ ကျွန်တော် စိတ်မကောင်း မဖြစ်ပါဘူး။ (အဲဒီစာကြောင့် ခင်ဗျားတို့ အခိုက်အတန့် ဝမ်းနည်းခဲ့ရတယ်ဆိုတဲ့အကြောင်း သိလိုက်ရတော့) အစပိုင်းမှာ ကျွန်တော် စိတ်မကောင်း ဖြစ်မိသေးတယ်။ ၉ အခုတော့ ကျွန်တော် ဝမ်းသာမိတယ်။ ခင်ဗျားတို့ ဝမ်းနည်းရလို့မဟုတ်ဘဲ နောင်တရသွားလို့ပါ။ အဲဒီဝမ်းနည်းမှုဟာ ဘုရားသခင့် အလိုတော်နဲ့ ညီပါတယ်။ ကျွန်တော်တို့ကြောင့် ခင်ဗျားတို့ မနစ်နာခဲ့ရပါဘူး။ ၁၀ ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုက နောင်တရပြီး ကယ်တင်ခြင်းရစေတဲ့အတွက် အမြဲအကျိုးရစေပါတယ်။+ လောကနဲ့ဆက်နွှယ်တဲ့ ဝမ်းနည်းမှုကတော့ သေခြင်းကို ဖြစ်စေတယ်။ ၁၁ ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုကြောင့် ခင်ဗျားတို့ လုံ့လဝီရိယရှိတယ်။ အမှားကင်းအောင် ကြိုးစားတယ်။ မကောင်းမှုအတွက် ဒေါသထွက်တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတယ်။ နောင်တရချင်စိတ် ပြင်းပြတယ်။ ဇွဲထက်သန်တယ်။ အမှားကို ပြုပြင်တယ်။+ ခင်ဗျားတို့ဟာ စင်ကြယ်သူတွေဖြစ်မှန်း အဲဒီလို နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့ကြတယ်။ ၁၂ ကျွန်တော် စာရေးလိုက်တာဟာ အပြစ်ပြုသူအတွက် မဟုတ်ဘူး။+ ပြစ်မှားခံရသူအတွက်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ပြောတာကို နားထောင်ချင်စိတ် ပြင်းပြမှန်း ဘုရားသခင့်ရှေ့မှာ ခင်ဗျားတို့ ဖော်ပြနိုင်ဖို့ပါ။ ၁၃ ကျွန်တော်တို့ နှစ်သိမ့်မှု ခံစားရပြီ။ နှစ်သိမ့်မှု ခံစားရတဲ့အပြင် ဝမ်းသာအားရလည်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံးက တိတုကို စိတ်လန်းဆန်းစေတဲ့အတွက် သူပျော်ရွှင်နေတာကို မြင်ရလို့ပါ။ ၁၄ တိတုရှေ့မှာ ခင်ဗျားတို့အကြောင်း ကျွန်တော် ကြွားပြောခဲ့တာတွေဟာ ရှက်စရာမှ မဟုတ်တာ။ ခင်ဗျားတို့ကို ကျွန်တော်တို့ ပြောခဲ့တာတွေဟာ အမှန်တွေချည်းပဲ ဖြစ်သလို တိတုရှေ့မှာ ကျွန်တော်တို့ ကြွားပြောခဲ့တာတွေဟာလည်း အမှန်တွေချည်းပါပဲ။ ၁၅ ဒါ့အပြင် တိတုက ခင်ဗျားတို့ရဲ့ နာခံမှုအကြောင်း၊+ သူ့ကို လေးလေးစားစား လက်ခံကြိုဆိုခဲ့တဲ့အကြောင်း အမှတ်ရနေတဲ့အတွက် ခင်ဗျားတို့ကို ပိုပြီး ချစ်ခင်မြတ်နိုးလာတယ်။ ၁၆ အရာရာမှာ ခင်ဗျားတို့ကို ယုံကြည်စိတ်ချနိုင်တဲ့အတွက်* ကျွန်တော် ဝမ်းမြောက်နေတယ်။
၈ ညီအစ်ကိုတို့၊ မက်ဆီဒိုးနီးယားပြည်မှာရှိတဲ့+ အသင်းတော်တွေ ဘုရားသခင်ရဲ့ မဟာကရုဏာ ခံစားရတဲ့အကြောင်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၂ သူတို့ဟာ အကြီးအကျယ် စမ်းသပ်ခံရပြီး ဒုက္ခရောက်နေချိန်မှာတောင် ဝမ်းသာအားရဖြစ်ကြတယ်။ ချွတ်ခြုံကျနေချိန်မှာတောင် အတိုင်းထက်အလွန် ရက်ရောကြတယ်။ ၃ တတ်နိုင်သလောက်ပေးတာ+ မဟုတ်ဘဲ တတ်နိုင်တာထက်ပိုပြီး ပေးလှူခဲ့ကြမှန်း ကျွန်တော်ပြောရဲတယ်။+ ၄ အဲဒီညီအစ်ကိုတွေဟာ ရက်ရက်ရောရော ပေးလှူခွင့်၊ သန့်ရှင်းသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်လှူဒါန်းခွင့်ရဖို့ သူတို့ဘက်ကအစပြုပြီး ကျွန်တော်တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံကြတယ်။+ ၅ ကျွန်တော်တို့ မျှော်လင့်တာထက်တောင် ပိုသေးတယ်။ သူတို့က ဘုရားသခင့် အလိုတော်နဲ့အညီ အရင်ဆုံး သခင့်အတွက်၊ ပြီးတော့ ကျွန်တော်တို့အတွက် ကိုယ်ကိုပေးဆက်ခဲ့ကြတယ်။ ၆ ခင်ဗျားတို့ဆီကနေ အလှူကောက်ခံတဲ့ကိစ္စကို တိတုက+ စတင်တာဝန်ယူခဲ့တဲ့အတွက် အဲဒီကိစ္စကို ပြီးစီးအောင်လုပ်ဖို့ သူ့ကို ကျွန်တော်တို့ တိုက်တွန်းတယ်။ ၇ ခင်ဗျားတို့ဟာ အရာရာမှာ အကောင်းဆုံး လုပ်ဆောင်နေတယ်။ ယုံကြည်ခြင်း ခိုင်ခံ့တယ်၊ ဟောပြောစွမ်းရည်ရှိတယ်၊ အသိပညာ ကြွယ်တယ်၊ ဘာလုပ်လုပ် အားကြိုးမာန်တက် လုပ်တယ်၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ချစ်သလို သူတစ်ပါးကို ခင်ဗျားတို့ ချစ်ကြတယ်။ အခုလို ပေးလှူတဲ့ကိစ္စမှာလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေ။+
၈ ကျွန်တော် အမိန့်ပေးနေတာ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ စိတ်အားထက်သန်မှုကို သတိပြုမိစေချင်လို့၊ ခင်ဗျားတို့ရဲ့ မေတ္တာ ဘယ်လောက်စစ်မှန်သလဲဆိုတာ စမ်းသပ်ချင်လို့ ပြောနေတာပါ။ ၉ သခင် ယေရှုခရစ်ရဲ့ မဟာကရုဏာအကြောင်း ခင်ဗျားတို့ သိပါတယ်။ သူက ကြွယ်ဝပေမဲ့ ခင်ဗျားတို့အကျိုးအတွက် ဆင်းရဲချို့တဲ့ခဲ့ရတယ်။+ သူ့ရဲ့ ဆင်းရဲချို့တဲ့မှုကြောင့် ခင်ဗျားတို့ ကြွယ်ဝနိုင်ဖို့ပါ။
၁၀ ကျွန်တော့်အမြင်ပြောရရင်+ ခင်ဗျားတို့ အခုလိုလုပ်တာ အကျိုးရှိပါတယ်။ အရင်နှစ်တုန်းကလည်း ခင်ဗျားတို့ ဆန္ဒရှိရုံမက တကယ်လည်း လုပ်ခဲ့ကြတာပဲ။ ၁၁ ဒါကြောင့် အလှူငွေကောက်ခံတဲ့အလုပ်ကို အပြီးသတ်လိုက်ပါ။ ခင်ဗျားတို့ အစပြုလုပ်ဆောင်ခဲ့တုန်းကလိုပဲ အခုလည်း တတ်နိုင်သလောက် စေတနာရှိရှိ ပေးလှူကြပါ။ ၁၂ စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့ ဘုရားသခင် မျှော်လင့်တယ်။+ ၁၃ တခြားသူတွေ သက်သာပြီး ခင်ဗျားတို့ အခက်တွေ့ရတာမျိုး ဖြစ်ဖို့တော့ မရည်ရွယ်ပါဘူး။ ၁၄ ဒါပေမဲ့ သာတူညီမျှဖြစ်ဖို့ အခုချိန်မှာ ခင်ဗျားတို့ဆီက ပိုလျှံရာတွေနဲ့ သူတစ်ပါးရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးရမယ်။ သူတစ်ပါးရဲ့ ပိုလျှံရာတွေက ခင်ဗျားတို့ရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးလိမ့်မယ်။ အဲဒီအခါ သာတူညီမျှ ဖြစ်သွားလိမ့်မယ်။ ၁၅ “များများရတဲ့သူ မပို၊ နည်းနည်းရတဲ့သူ မလို”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပေါ့။
၁၆ ခင်ဗျားတို့အတွက် ကျွန်တော်တို့ စိုးရိမ်ပေးသလိုပဲ တိတုလည်း ထပ်တူစိုးရိမ်ပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်လှပါတယ်။+ ၁၇ တိတုက ခင်ဗျားတို့ဆီ သွားဖို့ ကျွန်တော်တို့ တိုက်တွန်းတာကို လက်ခံတယ်။ သူကိုယ်တိုင်ကလည်း သိပ်သွားချင်နေတော့ သူ့ဆန္ဒအလျောက် ထွက်သွားတယ်။ ၁၈ သတင်းကောင်း ဟောပြောရာမှာ အသင်းတော်တိုင်း ချီးမွမ်းကြတဲ့ ညီအစ်ကိုတစ်ယောက်ကိုလည်း သူနဲ့အတူ လွှတ်လိုက်တယ်။ ၁၉ အဲဒီညီအစ်ကိုဟာ အလှူငွေကောက်ခံတဲ့ ကိစ္စကို စီမံဆောင်ရွက်ရာမှာ ကျွန်တော်တို့နဲ့အတူ ခရီးသွားဖော်အဖြစ် လိုက်ပါဖို့ အသင်းတော်အားလုံးက ခန့်အပ်တဲ့သူလည်း ဖြစ်တယ်။ အဲဒီအလုပ်ဟာ သခင့်ရဲ့ဘုန်းတော်ကို ထင်ရှားစေသလို ကျွန်တော်တို့ဆီမှာ ကူညီချင်တဲ့စိတ်ရှိမှန်း ဖော်ပြရာရောက်တယ်။ ၂၀ ရက်ရောတဲ့ဒီအလှူကို စီမံဆောင်ရွက်တဲ့ ကိစ္စမှာ ဘယ်သူကမှ အပြစ်ပြောလို့မရအောင် ကျွန်တော်တို့ သတိထားတယ်။+ ၂၁ ကျွန်တော်တို့ဟာ ‘ယေဟောဝါ* ဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြတယ်။’+
၂၂ သူတို့နဲ့အတူ ညီအစ်ကို နောက်တစ်ယောက်ကိုလည်း လွှတ်လိုက်တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် စမ်းသပ်ကြည့်တဲ့အခါ အဲဒီညီအစ်ကိုဟာ ကိစ္စတိုင်းမှာ လုံ့လဝီရိယရှိတဲ့သူဖြစ်မှန်း သိရတယ်။ ခင်ဗျားတို့ မှန်ရာလုပ်မယ်ဆိုတာ သူသိနေလို့ အခုဆို ပိုလို့တောင် လုံ့လဝီရိယရှိနေတယ်။ ၂၃ တိတုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က သံသယရှိရင် သူဟာ ကျွန်တော့်ရဲ့အပေါင်းအဖော်ပဲ၊ ခင်ဗျားတို့အကျိုးကို လိုလားတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်ပဲလို့ ပြောပြလိုက်ပါ။ ညီအစ်ကိုတွေနဲ့ပတ်သက်ပြီး သံသယရှိရင်လည်း သူတို့ဟာ အသင်းတော်ရဲ့ ကိုယ်စားလှယ်တွေ၊* ခရစ်တော်ရဲ့ ဘုန်းအသရေတွေဖြစ်တဲ့အကြောင်း ပြောပြလိုက်ပါ။ ၂၄ ဒါကြောင့် အဲဒီညီအစ်ကိုတွေကို တကယ်ချစ်ကြောင်း သက်သေပြပါ၊+ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဂုဏ်ယူဝါကြွားခဲ့တာတွေ အကြောင်းမဲ့ မဟုတ်မှန်း အသင်းတော်အားလုံး သိရအောင် သက်သေပြလိုက်ပါ။
၉ သန့်ရှင်းသူတွေကို ကူညီထောက်ပံ့တာနဲ့ပတ်သက်ပြီး+ တကယ်တော့ ခင်ဗျားတို့ဆီ စာရေးနေစရာ မလိုပါဘူး။ ၂ ခင်ဗျားတို့ရဲ့ စေတနာစိတ်ကို ကျွန်တော်သိနေလို့ပါ။ ခင်ဗျားတို့ အခါယပြည်သားတွေက ကူညီဖို့ အသင့်ရှိနေတာ တစ်နှစ်တောင် ရှိနေပြီဆိုပြီး မက်ဆီဒိုးနီးယားပြည်သားတွေဆီမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျွန်တော် ပြောပြတယ်။ ခင်ဗျားတို့ရဲ့ စိတ်ထက်သန်မှုကြောင့် သူတို့လည်း စေတနာထက်သန်လာကြပြီ။ ၃ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တာတွေဟာ အမှန်ပဲဆိုတာ လူတွေသိနိုင်ဖို့၊ ကျွန်တော်ပြောခဲ့သလို ခင်ဗျားတို့ တကယ်အသင့်ဖြစ်နေနိုင်ဖို့ ဒီညီအစ်ကိုတွေကို လွှတ်လိုက်တယ်။ ၄ ကျွန်တော်နဲ့အတူ မက်ဆီဒိုးနီးယားပြည်သားတွေ ရောက်လာလို့ ခင်ဗျားတို့ အသင့်ဖြစ်မနေတာကို တွေ့သွားရင် ခင်ဗျားတို့ပဲ အရှက်ရမှာ မဟုတ်ဘူး၊ ခင်ဗျားတို့ကို ယုံကြည်စိတ်ချခဲ့တဲ့ ကျွန်တော်တို့ပါ အရှက်ရမှာ။ ၅ ဒါကြောင့် ခင်ဗျားတို့ ကတိပေးထားတဲ့ ရက်ရောတဲ့အလှူကို ကြိုတင်ကောက်ခံနိုင်ဖို့ ဒီညီအစ်ကိုတွေ အရင်သွားနှင့်မှဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါမှ ကျွန်တော်တို့ ရောက်လာတဲ့အခါ အဆင်သင့်ဖြစ်နေတဲ့အတွက် မရမက တောင်းခံထားတဲ့ အလှူမဖြစ်ဘဲ ရက်ရက်ရောရောပေးတဲ့ အလှူဖြစ်နိုင်လိမ့်မယ်။
၆ ဒီကိစ္စမှာ နည်းနည်းပဲ ကြဲတဲ့သူဟာ နည်းနည်းပဲ ရိတ်သိမ်းရလိမ့်မယ်။ များများကြဲတဲ့သူကတော့ များများရိတ်သိမ်းရလိမ့်မယ်။+ ၇ လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။+ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။+
၈ ဒါ့အပြင် ဘုရားသခင်က ခင်ဗျားတို့ကို မဟာကရုဏာ အလျှံပယ် ခံစားစေနိုင်တယ်။ ဒါကြောင့် ကောင်းမှုအမျိုးမျိုးပြုနိုင်ဖို့ လိုအပ်ရာမှန်သမျှကို ခင်ဗျားတို့ လိုလေသေးမရှိ အလျှံပယ် ရလိမ့်မယ်။+ ၉ (“သူက ရက်ရက်ရောရော ဝေမျှတယ်။ နွမ်းပါးသူတွေကို ပေးကမ်းစွန့်ကြဲတယ်။ သူ့ရဲ့ဖြောင့်မတ်မှုဟာ ထာဝစဉ်တည်မြဲတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပေါ့။ ၁၀ ဘုရားသခင်က မျိုးစေ့ကြဲသူအတွက် မျိုးစေ့တွေ၊ လူတွေအတွက် အစားအစာတွေ အလျှံပယ်ပေးတယ်။ ခင်ဗျားတို့ကိုလည်း ကြဲစရာမျိုးစေ့တွေ ပေးပြီး ပွားများစေမယ်။ ဖြောင့်မတ်တဲ့လုပ်ရပ်ရဲ့ အသီးအပွင့်တွေကို ခင်ဗျားတို့ ရိတ်သိမ်းရမယ်။) ၁၁ ခင်ဗျားတို့ဟာ အရာရာမှာ ကောင်းချီးရထားတဲ့အတွက် နည်းမျိုးစုံနဲ့ ရက်ရက်ရောရော ပေးကမ်းနိုင်ကြတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းစရာဖြစ်စေမယ်။ ၁၂ အများအကျိုးဆောင်တဲ့ ဒီလုပ်ငန်းက သန့်ရှင်းသူတွေရဲ့ လိုအပ်ချက်ကို ကောင်းကောင်းဖြည့်ဆည်းပေးတဲ့အပြင်+ ဘုရားသခင်ကို လူအများ ကျေးဇူးတင်ချီးမွမ်းစရာ ဖြစ်စေတယ်။ ၁၃ ဒီကယ်ဆယ်ရေးလုပ်ငန်းက ခင်ဗျားတို့ ဘယ်လိုလူစားမျိုးလဲဆိုတာ ဖော်ပြတယ်။ ခင်ဗျားတို့က ခရစ်တော်နဲ့ပတ်သက်ပြီး ဟောနေတဲ့ သတင်းကောင်းနဲ့အညီ ပြုမူတဲ့အတွက်၊ သန့်ရှင်းသူတွေကိုရော လူအားလုံးကိုပါ ရက်ရောတဲ့အတွက် ဘုရားသခင်ကို လူတွေ ဂုဏ်တင်ချီးမွမ်းကြတယ်။+ ၁၄ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို ခင်ဗျားတို့ ကြွယ်ဝစွာခံစားရတဲ့အတွက် သူတို့က ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ တိုးလျှိုးအသနားခံပေးနေတယ်။
၁၅ မပြောပြတတ်လောက်အောင် ကောင်းမြတ်တဲ့ ဆုလက်ဆောင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
၁၀ ကျွန်တော်ပေါလုက ခရစ်တော်မှာရှိတဲ့ နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာခြင်းမျိုးနဲ့ ခင်ဗျားတို့ကို မေတ္တာရပ်ခံပါတယ်။+ ဒါပေမဲ့ ကျွန်တော်ဟာ ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းမှာ ပျော့ညံ့သူဖြစ်နေပြီး+ စာရေးတဲ့အခါမှာတော့ ပြတ်သားလှချေလားလို့ ခင်ဗျားတို့ ထင်နေကြတယ်။+ ၂ ကျွန်တော်တို့ကို လောကဆန်ဆန် ကျင့်ကြံပြုမူတဲ့သူတွေပဲလို့ ယူမှတ်သူတွေဟာ ကျွန်တော် ရောက်လာတဲ့အခါ ပြောင်းလဲသွားမယ်လို့ မျှော်လင့်တယ်။ မပြောင်းလဲရင်တော့ သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမရလိမ့်မယ်။ ၃ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ တခြားလူတွေလို အသက်ရှင်နေကြတာ မှန်ပေမဲ့ လောကဆန်တဲ့ သဘောထားနဲ့ တိုက်ပွဲဝင်နေတာ မဟုတ်ဘူး။ ၄ တိုက်ပွဲဝင်တဲ့အခါ ကျွန်တော်တို့ကိုင်စွဲတဲ့ လက်နက်တွေဟာ လူတွေဆီကရတဲ့ လက်နက်မဟုတ်ဘူး။+ အခိုင်အမာ အမြစ်စွဲနေတာတွေကို ဖြိုဖျက်နိုင်ပြီး ဘုရားသခင့်တန်ခိုးနဲ့ ပြည့်စုံတဲ့ လက်နက်ပဲ။+ ၅ လူတွေရဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ၊ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရနိုင်ဖို့ သူတို့ကို တားဆီးနေတဲ့ ထောင်လွှားတဲ့ အယူအဆတွေကို ကျွန်တော်တို့ ဖြိုဖျက်နေတာ။+ လူတွေရဲ့ အတွေးအခေါ်တိုင်းကို အနိုင်ယူပြီး ခရစ်တော်ကို နာခံလာအောင် လုပ်နေကြတာ။ ၆ ခင်ဗျားတို့ နာခံမှုရှိမှန်း အပြည့်အဝ တင်ပြပြီးတာနဲ့ နာခံမှုမရှိသူအားလုံးကို အပြစ်ပေးဖို့ ကျွန်တော်တို့ အသင့်ပဲ။+
၇ ခင်ဗျားတို့က အပေါ်ယံပဲကြည့်ပြီး အကဲဖြတ်ကြတာကိုး။ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ခရစ်တော်ရဲ့ နောက်လိုက်ပါလို့ ယုံကြည်စိတ်ချတယ်ဆိုပါစို့၊ ဒါဆိုရင် ကျွန်တော်တို့လည်း သူ့လိုပဲ ခရစ်တော်ရဲ့ နောက်လိုက်တွေပါဆိုတာကို သူပြန်အမှတ်ရသင့်တယ်။ ၈ သခင်ပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး အကြွားလွန်သွားတယ်ဆိုရင်လည်း ကျွန်တော် မရှက်ပါဘူး။ ဒါက ခင်ဗျားတို့ကို ဖြိုဖျက်ဖို့ မဟုတ်ဘဲ တည်ဆောက်ပေးဖို့ ဖြစ်နေလို့ပဲ။+ ၉ အခုလိုပြောလိုက်တဲ့အတွက် ခင်ဗျားတို့ကို ခြိမ်းခြောက်နေတယ်လို့ မထင်စေချင်ဘူး။ ၁၀ တချို့က “ပေါလုရဲ့စာတွေဟာ လေးနက်ပြီး အစွမ်းထက်ပါရဲ့။ လူကတော့ ပျော့ညံ့ညံ့နဲ့။ အဟောအပြောလည်း ခပ်ညံ့ညံ့ပါပဲ” လို့ ပြောနေကြတယ်။ ၁၁ ကျွန်တော်တို့ လူကိုယ်တိုင် ရောက်လာတဲ့အခါ စာထဲမှာရေးထားတဲ့ အတိုင်း ဆောင်ရွက်မယ်ဆိုတာ အဲဒီလူတွေ သိကြပါစေ။+ ၁၂ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့ လူတန်းစားထဲမှာ ကျွန်တော်တို့ မပါဝံ့ဘူး။ သူတို့နဲ့လည်း မနှိုင်းယှဉ်ဝံ့ဘူး။+ သူတို့က ကိုယ်ပိုင်စံနှုန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ပြီး နှိုင်းယှဉ်ကြတဲ့အတွက် သိနားလည်နိုင်စွမ်း မရှိကြဘူး။+
၁၃ ကျွန်တော်တို့ကတော့ ဘောင်ကိုကျော်ပြီး ကြွားမှာမဟုတ်ဘူး။ ဘုရားပေးတာဝန်ကို ထမ်းဆောင်တုန်းက ပြီးမြောက်ခဲ့တာတွေအတွက်ပဲ ဝါကြွားနေတာ။ အဲဒီတာဝန်အရ ကျွန်တော်တို့ ဟောပြောခဲ့သူတွေထဲမှာ ခင်ဗျားတို့လည်း ပါတယ်။+ ၁၄ ခရစ်တော်အကြောင်း သတင်းကောင်းကို ခင်ဗျားတို့ဆီ ဦးဆုံးလာရောက်ဟောပြောတဲ့ သူတွေဟာ ကျွန်တော်တို့ပဲ။ ခင်ဗျားတို့ဆီ ရောက်လာတဲ့အခါမှာ ဘုရားသခင် တာဝန်မပေးတဲ့အရာ ဘာတစ်ခုကိုမှ ကျွန်တော်တို့ မလုပ်ခဲ့ဘူး။+ ၁၅ ဘောင်ကိုကျော်ပြီး သူတစ်ပါး ပြီးမြောက်ခဲ့တာတွေအတွက် မဝါကြွားဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ ဟောပြောရာ နယ်မြေအတွင်းမှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေလည်း တိုးပွားလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် နယ်ပယ်က ပိုကျယ်လာလိမ့်မယ်။ ၁၆ ခင်ဗျားတို့ရဲ့နယ်မြေကို ကျော်လွန်ပြီး သတင်းကောင်း ဟောပြောနိုင်လိမ့်မယ်။ တခြားနယ်မြေမှာ သူတစ်ပါး ပြီးမြောက်ခဲ့ရာတွေအတွက် ကျွန်တော်တို့ ဝါကြွားမှာ မဟုတ်ဘူး။ ၁၇ “ဝါကြွားမယ်ဆိုရင် ယေဟောဝါ* ဘုရားအကြောင်းကိုပဲ ဝါကြွားပါစေ။”+ ၁၈ ဘာလို့လဲဆိုတော့ ယေဟောဝါက* မိမိကိုယ်တိုင်ချီးမြှောက်ထားသူကိုပဲ နှစ်သက်တယ်။+ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူကိုတော့ မနှစ်သက်ဘူး။+
၁၁ ကျွန်တော် ဆင်ခြင်ဉာဏ်မဲ့တဲ့ပုံ ပေါက်နေရင်တောင် သည်းခံပေးကြပါ။ တကယ်လည်း ခင်ဗျားတို့ သည်းခံပါတယ်။ ၂ ခင်ဗျားတို့အတွက် ဘုရားသခင် စိုးရိမ်သလို ကျွန်တော်လည်း စိုးရိမ်လို့ပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို ခင်ပွန်းဖြစ်သူ ခရစ်တော်ဆီ အပျိုစင်အဖြစ် ဆက်သပြီး ထိမ်းမြားစေမယ်လို့ ကျွန်တော် ကတိပြုထားလို့ပဲ။+ ၃ မြွေက ဧဝကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားခဲ့သလို+ ခရစ်တော်ကိုပဲ ပေးထိုက်တဲ့ ခင်ဗျားတို့ရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို တစ်ယောက်ယောက်က ယိုယွင်းအောင် လုပ်လိုက်မှာ ကျွန်တော်စိုးရိမ်နေတယ်။+ ၄ တစ်ယောက်ယောက်က ခင်ဗျားတို့ဆီ ရောက်လာပြီး ကျွန်တော်တို့ဟောပြောတဲ့ ယေရှုအကြောင်းမဟုတ်ဘဲ တခြားတစ်ယောက်အကြောင်း ဟောရင်၊ ခင်ဗျားတို့ ခံယူထားတဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘဲ တခြားစိတ်ဓာတ်မျိုးကို လာသွတ်သွင်းပေးရင်၊ ခင်ဗျားတို့ လက်ခံထားတဲ့ သတင်းကောင်းမဟုတ်ဘဲ တခြားသတင်းတရားကို ယူဆောင်လာရင်+ ခင်ဗျားတို့က အဲဒီလူကို အသာတကြည် သည်းခံထားကြမှာ။ ၅ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ ထူးချွန်တမန်တော်ကြီးတွေထက်တော့ နည်းနည်းလေးမှ မညံ့ဘူးလို့ ထင်ပါတယ်။+ ၆ ကျွန်တော် အဟောအပြော ညံ့တယ်ဆိုရင်တောင်+ အသိပညာပိုင်းမှာ မညံ့ပါဘူး။ အဲဒီအသိပညာရှိထားမှန်းကိုလည်း ကဏ္ဍတိုင်းမှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ ပြခဲ့တာပဲ။
၇ ခင်ဗျားတို့ကို ဂုဏ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တာ၊ သတင်းကောင်းကို အဖိုးအခမယူဘဲ ဝမ်းသာအားရ ဟောပြောခဲ့တာ ကျွန်တော့်ရဲ့အပြစ် ဖြစ်သွားသလား။+ ၈ ခင်ဗျားတို့ကို အစေခံဖို့ တခြားအသင်းတော်တွေဆီက အထောက်အပံ့ကို ယူမိတဲ့အတွက် သူတို့ကို ချို့ ငဲ့အောင်လုပ်သလို ဖြစ်သွားပြီ။+ ၉ ခင်ဗျားတို့နဲ့အတူ ရှိတုန်းက ကျွန်တော် တစ်ခုခု လိုအပ်ခဲ့ရင်တောင် ဘယ်သူ့ကိုမှ ဝန်မပိစေခဲ့ဘူး။ မက်ဆီဒိုးနီးယားပြည်ကလာတဲ့ ညီအစ်ကိုတွေက ကျွန်တော့်အတွက် လိုလေသေးမရှိ ကူညီပေးကြတယ်။+ ဒါကြောင့် ခင်ဗျားတို့အတွက် ဝန်မပိရလေအောင် အရာရာ ဂရုစိုက်ခဲ့တယ်။ နောင်လည်း အဲဒီလိုပဲ ဂရုစိုက်မှာပါ။+ ၁၀ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်နေသရွေ့ အခါယပြည်တစ်ခုလုံးမှာ ဒီအကြောင်းကို ဝင့်ကြွားစွာ ပြောနေမှာပဲ။+ ကျွန်တော့်ကို ဘာကမှ မတားဆီးနိုင်ဘူး။ ၁၁ ခင်ဗျားတို့ကို ဝန်မပိစေချင်တာ ဘာကြောင့်လဲ။ ခင်ဗျားတို့ကို မချစ်လို့လား။ ခင်ဗျားတို့ကို ချစ်လို့ဆိုတာ ဘုရားသခင် သိပါတယ်။
၁၂ တချို့က ကိုယ့်ကိုယ်ကိုယ် တမန်တော်တွေပါလို့ ကြွားပြောနေကြတယ်။ ဒါကြောင့် သူတို့ အဲဒီလိုကြွားစရာမရှိအောင် အခု ကျွန်တော်လုပ်နေတာတွေကို ဆက်ပြီးလုပ်သွားဦးမှာပဲ။+ ၁၃ အဲဒီလူတွေဟာ တမန်တော် အတုအယောင်တွေ၊ သူတစ်ပါးကို လှည့်ဖြားသူတွေ၊ ခရစ်တော်ရဲ့ တမန်တော် ဖြစ်ယောင်ဆောင်သူတွေပဲ။+ ၁၄ ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။ စာတန်တောင်မှ အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေးတာပဲ။+ ၁၅ ဒါကြောင့် စာတန်ရဲ့ နောက်လိုက်တွေကလည်း မှန်ရာလုပ်တဲ့သူ ဖြစ်ယောင်ဆောင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်အတိုင်း ဇာတ်သိမ်းသွားကြလိမ့်မယ်။+
၁၆ ကျွန်တော် ထပ်ပြောဦးမယ်။ ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို့ မထင်ကြပါနဲ့။ အဲဒီလို ထင်နေရင်လည်း ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို့ သဘောထားပြီး ဆက်သည်းခံပေးကြပါ။ ဒါမှလည်း ကျွန်တော် နည်းနည်းပါးပါး ကြွားလို့ရတော့မှာပေါ့။ ၁၇ ကျွန်တော် ဒီလိုပြောနေတာဟာ သခင့်ရဲ့ ပုံနမူနာကို လိုက်နေတာတော့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းပြီး ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို ကြွားပြောနေတာပါ။ ၁၈ လူအတော်များများက လောကနဲ့ဆိုင်တဲ့ အရာတွေအတွက် ဝါကြွားတတ်သလို ကျွန်တော်လည်း ဝါကြွားမယ်ဗျာ။ ၁၉ ခင်ဗျားတို့ဟာ “ဆင်ခြင်ဉာဏ်ကြီးသူတွေ” ဆိုတော့ ဆင်ခြင်ဉာဏ်မဲ့သူတွေကို ကြည်ကြည်ဖြူဖြူ သည်းခံပေးလိုက်ပေါ့။ ၂၀ ကိုယ့်ကို ကျွန်ခံခိုင်းတဲ့သူတွေ၊ ကိုယ့်ဥစ္စာပစ္စည်းကို ဝါးမျိုတဲ့သူတွေ၊ မတရား သိမ်းယူတဲ့သူတွေ၊ ကိုယ့်ခေါင်းပေါ် တက်ထိုင်တဲ့သူတွေ၊ ကိုယ့်ကို ပါးရိုက်တဲ့သူတွေကိုတောင် ခင်ဗျားတို့ သည်းခံထားတာပဲ။
၂၁ တကယ်တော့ အခုလိုပြောရတာ ရှက်စရာပါ။ ကျွန်တော်တို့က ပျော့ညံ့တဲ့ပုံ ပေါက်နေတာကိုး။
ကျွန်တော် မဆင်မခြင် ပြောလိုက်ဦးမယ်။ တခြားသူတွေ ပြတ်ပြတ်သားသား လုပ်တယ်ဆိုရင် ကျွန်တော်လည်း ပြတ်ပြတ်သားသား လုပ်မယ်။ ၂၂ သူတို့ဟာ ဟီဘရူးတွေလား။ ကျွန်တော်လည်း ဟီဘရူးပဲ။+ သူတို့ဟာ အစ္စရေးတွေလား၊ ကျွန်တော်လည်း အစ္စရေးပဲ။ သူတို့ဟာ အာဗြဟံရဲ့ မျိုးနွယ်လား၊ ကျွန်တော်လည်း အာဗြဟံရဲ့ မျိုးနွယ်ပဲ။+ ၂၃ သူတို့ဟာ ခရစ်တော်ရဲ့ အမှုတော်ဆောင်တွေလား။ ဒါဆိုရင် ရူးရူးမိုက်မိုက် ပြောလိုက်ဦးမယ်။ ကျွန်တော်က သူတို့ထက် ပိုသာတယ်။ သူတို့ထက် အလုပ်ကြိုးစားတယ်။+ သူတို့ထက် ကြိမ်ဖန်များစွာ ထောင်ကျခဲ့တယ်။+ အကြိမ်ကြိမ် အရိုက်ခံခဲ့ရတယ်။ သေဘေးလည်း အကြိမ်ကြိမ် ကြုံခဲ့ရတယ်။+ ၂၄ ဂျူးတွေရဲ့လက်ချက်နဲ့ ကြိမ်ဒဏ် ၃၉ ချက်ကို ၅ ကြိမ် အရိုက်ခံခဲ့ရတယ်။+ ၂၅ တုတ်နဲ့ရိုက်တာ ၃ ကြိမ်၊+ ကျောက်ခဲနဲ့ပေါက်တာ ၁ ကြိမ်၊+ သင်္ဘောပျက်တာ ၃ ကြိမ် ကြုံခဲ့ရတယ်။+ တစ်နေ့လုံး တစ်ညလုံး ပင်လယ်ထဲမှာ မျောခဲ့ရတယ်။ ၂၆ အကြိမ်ကြိမ် ခရီးသွားခဲ့ရတယ်။ မြစ်ရေလျှံတဲ့ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးတွေပေးတဲ့ဘေး၊+ လူမျိုးခြားတွေပေးတဲ့ဘေး၊+ မြို့မှာကြုံတဲ့ဘေး၊+ တောမှာကြုံတဲ့ဘေး၊ ပင်လယ်မှာ ကြုံတဲ့ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သူတွေ ပေးတဲ့ဘေး ကြုံခဲ့ရတယ်။ ၂၇ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတယ်၊ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့ရတယ်၊+ ဆာလောင်ငတ်မွတ်ခဲ့ရတယ်၊+ အစာရေစာ ပြတ်လပ်ခဲ့ရတယ်၊+ အအေးဒဏ်ခံခဲ့ရတယ်၊ ဝတ်စရာမရှိ ဖြစ်ခဲ့ရတယ်။
၂၈ အဲဒီဒုက္ခတွေ ကြုံရတဲ့အပြင် အသင်းတော်တွေအတွက်လည်း နေ့တိုင်းလိုလို စိတ်ပူနေရသေးတယ်။+ ၂၉ တစ်ယောက်ယောက် အားနည်းရင် ကျွန်တော်လည်း အားနည်းတာပဲ။ တစ်ယောက်ယောက် ယုံကြည်ခြင်းကနေ လမ်းလွဲသွားရင် ကျွန်တော်လည်း စိတ်ဆိုးတာပဲ။
၃၀ ဝါကြွားရမယ်ဆိုရင် ကျွန်တော့်အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ဝါကြွားဦးမယ်။ ၃၁ သခင်ယေရှုရဲ့အဖ ဘုရားသခင်၊ ထာဝစဉ် ချီးမွမ်းခံထိုက်တဲ့အရှင်က ကျွန်တော် မလိမ်မှန်း သိပါတယ်။ ၃၂ ဒမတ်စကတ်မြို့မှာ ကျွန်တော်ရှိနေတုန်း အရေတမင်းကြီးရဲ့ လက်အောက်ခံဘုရင်ခံက ကျွန်တော့်ကို ဖမ်းဆီးဖို့ မြို့တံခါးမှာ အစောင့်တွေ ချထားတယ်။ ၃၃ ဒါပေမဲ့ ညီအစ်ကိုတွေက ကျွန်တော့်ကို တောင်းထဲထည့်ပြီး မြို့ရိုးပြတင်းပေါက်ကနေ လျှောချပေးလိုက်တဲ့အတွက်+ သူ့လက်ကနေ လွတ်မြောက်ခဲ့တယ်။
၁၂ ကျွန်တော် ကြွားလိုက်ပါဦးမယ်။ သခင်ပေးတဲ့ စိတ်အာရုံနဲ့+ ဗျာဒိတ်တော်အကြောင်း+ ပြောတာ ကျွန်တော့်အတွက် အကျိုးမရှိပေမဲ့လည်း ပြောလိုက်ဦးမယ်။ ၂ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်သိတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက တတိယကောင်းကင်ဘုံဆီ ချီဆောင်ခံခဲ့ရတယ်။ သူ ချီဆောင်ခံရတုန်းက ခန္ဓာကိုယ်ပါလား၊ မပါလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဘုရားသခင်ပဲ သိတယ်။ ၃ အဲဒီလူကို ကျွန်တော်သိတယ်။ သူ ချီဆောင်ခံရတုန်းက ခန္ဓာကိုယ်ပါလား၊ မပါလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဘုရားသခင်ပဲ သိတယ်။ ၄ သူက ပရဒိသုဆီ ချီဆောင်ခံခဲ့ရတယ်။ လူတွေကို ပြောလို့မရတဲ့၊ ပြောခွင့်မရှိတဲ့ စကားတွေ ကြားခဲ့ရတယ်။ ၅ အဲဒီလိုလူအကြောင်း ကျွန်တော် ကြွားပြောမယ်။ ကိုယ့်အကြောင်းဆိုရင်တော့ ကိုယ့်အားနည်းချက်ကလွဲလို့ တခြားဘာမှကြွားမပြောပါဘူး။ ၆ အကယ်၍ ကျွန်တော် ကြွားပြောချင်တယ်ဆိုရင်တောင် ဆင်ခြင်ဉာဏ်မဲ့တဲ့သူ ဖြစ်မသွားပါဘူး။ မှန်တာကိုသာ ပြောမှာမို့လို့ပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့ပတ်သက်ပြီး ကြားရမြင်ရတာထက် ပိုပြီး အထင်ကြီးသွားကြမှာစိုးလို့ ကျွန်တော် မကြွားတော့ပါဘူး။ ၇ ထူးဆန်းတဲ့ အဲဒီဗျာဒိတ်တော်ကို ရရှိတဲ့အတွက် ကျွန်တော့်ကို အထင်မကြီး စေချင်ဘူး။
ကျွန်တော် စိတ်ကြီးမဝင်မိအောင် ကိုယ်ခန္ဓာမှာစူးတဲ့ဆူး ကျွန်တော်ရထားတယ်။+ ကျွန်တော် စိတ်ကြီးမဝင်မိအောင် စာတန်ရဲ့တမန်ဖြစ်တဲ့ အဲဒီဆူးက ကျွန်တော့်ကို အမြဲစူးရှနာကျင်စေတယ်။ ၈ အဲဒီဆူးကို ဖယ်ရှားပေးဖို့ ဘုရားသခင်ဆီ သုံးကြိမ် အသနားခံခဲ့တယ်။ ၉ ဒါပေမဲ့ ဘုရားသခင်က “ငါ့ရဲ့ မဟာကရုဏာဟာ မင်းအတွက် လုံလောက်ပြီ။ ဘာလို့လဲဆိုတော့ မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားလို့ပဲ”+ ဆိုပြီး ပြောတယ်။ ဒါကြောင့် ကျွန်တော့်အားနည်းချက်တွေအကြောင်း ဝမ်းမြောက်ဝမ်းသာ ကြွားပြောမယ်။ ဒါမှ ခရစ်တော်ရဲ့တန်ခိုးက ကျွန်တော့်ကို တဲလို အမြဲလွှမ်းမိုးထားလိမ့်မယ်။ ၁၀ ဒီတော့ ခရစ်တော်အတွက်ခံရတဲ့ အားနည်းခြင်း၊ စော်ကားခြင်း၊ ချို့တဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ကျပ်တည်းခက်ခဲခြင်းတွေကို ကျွန်တော် ကျေနပ်စွာ ခံယူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေလို့ပဲ။+
၁၁ ဆင်ခြင်ဉာဏ်မဲ့သူလို ကျွန်တော် ပြောနေရတာ ခင်ဗျားတို့ကြောင့်ပါ။ ကျွန်တော်နဲ့ပတ်သက်ပြီး ခင်ဗျားတို့ ကောင်းတာတွေများ ပြောခဲ့မယ်ဆိုရင် အခုလိုပြောဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်ဟာ ဘာမှမဟုတ်ပေမဲ့ ခင်ဗျားတို့ရဲ့ ထူးချွန်တမန်တော်ကြီးတွေထက်တော့ နည်းနည်းလေးမှ မညံ့ပါဘူး။+ ၁၂ ကျွန်တော်ဟာ တမန်တော်တစ်ယောက်ဖြစ်တဲ့အကြောင်း သက်သေပြဖို့ ခံနိုင်ရည်နဲ့တကွ+ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ၊ တန်ခိုးကြီးတဲ့လုပ်ရပ်တွေ လုပ်ပြခဲ့တာ ခင်ဗျားတို့ မြင်ခဲ့တာပဲ။+ ၁၃ ကျွန်တော့်အတွက် ခင်ဗျားတို့ ဝန်မပိခဲ့ရတာကလွဲလို့ တခြားအသင်းတော်တွေထက် အခွင့်အရေး တစ်ခုခုများ ဆုံးရှုံးနေလို့လား။+ အဲဒါက ကျွန်တော့်အမှားဆိုရင်လည်း ခွင့်လွှတ်ကြပါ။
၁၄ ကျွန်တော် ခင်ဗျားတို့ဆီလာဖို့ အသင့်ဖြစ်နေတာ ဒီတစ်ခါဆို သုံးကြိမ်ရှိပြီ။ ကျွန်တော့်ကြောင့် ခင်ဗျားတို့ ဝန်မပိစေရပါဘူး။ ကျွန်တော်က ပစ္စည်းဥစ္စာတွေကို လိုချင်တာမှ မဟုတ်တာ။+ ခင်ဗျားတို့ကိုပဲ အလိုရှိတာပါ။ သားသမီးတွေက+ မိဘအတွက် ဥစ္စာစုဆောင်း ပေးရတာ မဟုတ်ဘူး။ မိဘတွေကသာ သားသမီးတွေအတွက် စုဆောင်းပေးရမှာ။ ၁၅ ကျွန်တော်ကတော့ ခင်ဗျားတို့အတွက်ဆိုရင် ကိုယ့်မှာရှိသမျှကိုသာမက ကိုယ့်ကိုယ်ကိုယ်တောင် ပေးအပ်ဖို့ အသင့်ပါပဲ။+ ခင်ဗျားတို့ကို ဒီလောက်တောင် ချစ်မြတ်နိုးခဲ့တာ ကျွန်တော့်ကို နည်းနည်းလေးပဲ ပြန်ချစ်ရသလား။ ၁၆ ခင်ဗျားတို့ကို ဝန်ပိအောင် မလုပ်ခဲ့တာတောင်+ ခင်ဗျားတို့က ကျွန်တော့်ကို “ဉာဏ်များတယ်၊” “ကလိမ်ဉာဏ်သုံးပြီး” လှည့်စားတယ်တဲ့။ ၁၇ ခင်ဗျားတို့ဆီ တစ်ယောက်ယောက်ကို လွှတ်ပြီး ကျွန်တော် အခွင့်အရေး ယူဖူးလို့လား။ ၁၈ ခင်ဗျားတို့ဆီ သွားဖို့ တိတုကို တိုက်တွန်းပြီး သူနဲ့အတူ ညီအစ်ကိုတစ်ယောက်ကို လွှတ်ခဲ့တယ်။ တိတုကရော ခင်ဗျားတို့ဆီက အခွင့်အရေး ယူဖူးလို့လား။+ ကျွန်တော်တို့ဟာ သဘောထားချင်း၊ ပြုမူပုံချင်း တူတဲ့သူတွေပါ။
၁၉ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး ကာကွယ်ပြီး ပြောနေတယ်လို့ ခင်ဗျားတို့ ထင်သလား။ ခရစ်တော်ရဲ့ နောက်လိုက်တွေအဖြစ် ဘုရားသခင့်ရှေ့မှာ ပြောနေတာပါ။ ချစ်ရသူတို့၊ ကျွန်တော်တို့လုပ်သမျှဟာ ခင်ဗျားတို့ကို အားပေးဖို့ပါ။ ၂၀ ကျွန်တော် ရောက်လာတဲ့အခါ ကျွန်တော် ဖြစ်စေချင်တဲ့အတိုင်း ခင်ဗျားတို့ ဖြစ်မနေမှာ၊ ခင်ဗျားတို့ ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် ဖြစ်မနေမှာ စိုးရိမ်မိတယ်။ ခင်ဗျားတို့ဆီမှာ ခိုက်ရန်ဖြစ်တာ၊ မနာလိုဖြစ်တာ၊ ဒေါသထွက်တာ၊ သဘောထားကွဲလွဲတာ၊ အပုပ်ချတာ၊ အတင်းအဖျင်းပြောတာ၊ ထောင်လွှားတာ၊ စည်းစနစ်မရှိတာတွေ မြင်ရမှာ စိုးရိမ်မိတယ်။ ၂၁ ကျွန်တော် နောက်တစ်ကြိမ် ရောက်လာခဲ့ရင် အရင်က အပြစ်လုပ်ခဲ့သူတွေ အခုထိ နောင်တမရသေးဘဲ ညစ်ညူးတဲ့အရာတွေ၊ လိင်အကျင့်ယိုယွင်းတာတွေ၊* မျက်နှာပြောင်တိုက်တာတွေ* လုပ်နေလို့ ကျွန်တော် ဝမ်းနည်းရလေမလား၊ ဘုရားသခင်က ကျွန်တော့်ကို ခင်ဗျားတို့ရှေ့မှာ အရှက်ရစေမလားဆိုတာ စိုးရိမ်မိတယ်။
၁၃ ခင်ဗျားတို့ဆီ လာဖို့ ကျွန်တော် စိတ်ကူးထားတာ အခုဆို ၃ ကြိမ်ရှိပြီ။ “ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်ရမယ်။”+ ၂ လူကိုယ်တိုင်ကတော့ ခင်ဗျားတို့ဆီ မရောက်နိုင်သေးပေမဲ့ ဒုတိယအကြိမ် ရောက်နေတယ်လို့ သဘောထားပြီး ကျွန်တော်ပြောတာတွေကို လက်ခံကြပါ။ ကျွန်တော်ရောက်လာတဲ့အခါ သက်ညှာမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း အပြစ်ကျူးလွန်ခဲ့သူတွေကိုရော ကျန်တဲ့လူတွေအားလုံးကိုပါ ကြိုတင် သတိပေးလိုက်ပါတယ်။ ၃ ကျွန်တော်ကတစ်ဆင့် ခရစ်တော်မိန့်မှာတာ ဟုတ်မဟုတ် ခင်ဗျားတို့ သက်သေရချင်တယ်ဆိုလို့ အဲဒီလို သတိပေးလိုက်ရတာပါ။ ခရစ်တော်က ခင်ဗျားတို့ကို အားနည်းတဲ့ပုံမျိုးနဲ့ မဆက်ဆံဘူး၊ အစွမ်းခွန်အားနဲ့ ဆက်ဆံတယ်။ ၄ ခရစ်တော်ဟာ အားနည်းလို့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့တန်ခိုးကြောင့် အသက်ပြန်ရှင်လာပြီ။+ ခရစ်တော်အားနည်းခဲ့ဖူးသလို ကျွန်တော်တို့လည်း အားနည်းနေပေမဲ့ ခင်ဗျားတို့အပေါ် သက်ရောက်နေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်+ ခရစ်တော်နဲ့အတူ အသက်ရှင်ကြလိမ့်မယ်။+
၅ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ။+ ခင်ဗျားတို့ဟာ ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း သဘောမပေါက်ကြဘူးလား။ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း မဖြစ်ရင်တော့ ဘုရားသခင်ရဲ့ နှစ်သက်မှု ရမှာမဟုတ်ဘူး။ ၆ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရထားမှန်း ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၇ ခင်ဗျားတို့ အမှားတစ်ခုမှ မလုပ်မိအောင် ဘုရားသခင်ဆီ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ လူတွေရဲ့ နှစ်သက်မှုရသူတွေဖြစ်မှန်း ပေါ်လွင်ချင်လို့ မဟုတ်ပါဘူး။ လူတွေရဲ့နှစ်သက်မှု မရရင်တောင် ခင်ဗျားတို့ကို မွန်မြတ်တဲ့အရာတွေ လုပ်စေချင်လို့ပါ။ ၈ အမှန်တရားနဲ့ ဆန့်ကျင်တဲ့အရာ ဘာတစ်ခုကိုမှ ကျွန်တော်တို့ မလုပ်နိုင်ကြဘူး။ အမှန်တရားနဲ့ ညီညွတ်တာတွေကိုပဲ လုပ်ဆောင်နိုင်တယ်။ ၉ ကျွန်တော်တို့ အားနည်းနေပေမဲ့ ခင်ဗျားတို့ အစွမ်းခွန်အားနဲ့ ပြည့်နေတဲ့အခါ တကယ်ဝမ်းသာပါတယ်။ ခင်ဗျားတို့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းတယ်။ ၁၀ လူကိုယ်တိုင် မရောက်နိုင်သေးလို့ ဒီစာကို ရေးလိုက်တယ်။ ကျွန်တော် ရောက်လာတဲ့အခါ သခင်ပေးအပ်ထားတဲ့ အခွင့်အာဏာကို ပြင်းပြင်းထန်ထန် မသုံးမိစေဖို့ပေါ့။+ အဲဒီအခွင့်အာဏာဟာ ခင်ဗျားတို့ကို ဖြိုဖျက်ဖို့ မဟုတ်ဘူး၊ တည်ဆောက်ပေးဖို့ပါ။
၁၁ ညီအစ်ကိုတို့၊ နောက်ဆုံး မှာကြားချင်တာက အမြဲရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။ နှစ်သိမ့်မှုကို ခံယူကြပါ။+ တစ်စိတ်တစ်သဘောတည်း ဖြစ်ကြပါ။+ သင့်သင့်မြတ်မြတ် နေကြပါ။+ မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့အရှင် ဘုရားသခင်က+ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။ ၁၂ အချင်းချင်း သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။ ၁၃ သန့်ရှင်းသူအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။
၁၄ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ၊ ဘုရားသခင်ရဲ့မေတ္တာ၊ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် အားလုံးရရှိတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျားတို့ ခံစားရပါစေ။
“ကောင်းကောင်းသိရှိပြီး” လည်းဖြစ်နိုင်။
“နှစ်ခါပြန် အကျိုးခံစားစေချင်လို့ပါ” လည်းဖြစ်နိုင်။
သိလ။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်းဖြစ်ပါစေ။”
ဒါမှမဟုတ်၊ “စရန်ငွေ။”
ဒါမှမဟုတ်၊ “မလိမ့်တပတ် လုပ်သွားလိမ့်မယ်။”
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“ယေဟောဝါရဲ့ စွမ်းအားတော် အလိုရှိတဲ့အတိုင်း” လည်းဖြစ်နိုင်။
မူရင်း၊ “လူတွေရဲ့ အမှားအမှန်သိစိတ်အတွက်။”
ခက်ဆစ်ကိုကြည့်။
“လက်မှိုင်ကျ မနေပါဘူး” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “စရန်ငွေ။”
မူရင်း၊ “ခင်ဗျားတို့ရဲ့ အမှားအမှန်သိစိတ်လည်း။”
ခုခံကာကွယ်ဖို့ ဖြစ်နိုင်။
တိုက်စစ်ဆင်ဖို့ ဖြစ်နိုင်။
ဒါမှမဟုတ်၊ “ခင်ဗျားတို့အတွက် နှလုံးသားကို ကျယ်ကျယ်ဖွင့်ထားတယ်။”
ဒါမှမဟုတ်၊ “နှလုံးသားကို ကျယ်ကျယ် ဖွင့်ထားပါ။”
အဓိပ္ပာယ်၊ ‘အသုံးမကျတဲ့သူ။’ စာတန်ကို ဆိုလို။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
“ခင်ဗျားတို့ကြောင့် အားရှိလာတဲ့အတွက်” လည်းဖြစ်နိုင်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “စေလွှတ်ခံရသူတွေ။” မူရင်း၊ “တမန်တော်တွေ။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။