ဂလာတိ
၁ လူတွေ ခန့်အပ်လို့မဟုတ်ဘဲ ခရစ်တော်ကို သေရာကနေ အသက်ပြန်ရှင်စေတဲ့ အဖဘုရားနဲ့+ ယေရှုခရစ်ကိုယ်တိုင် ခန့်အပ်လို့+ တမန်တော်ဖြစ်လာတဲ့ ကျွန်တော်ပေါလုရော၊ ၂ အတူရှိနေတဲ့ ညီအစ်ကိုအားလုံးကပါ ဂလာတိပြည်မှာရှိတဲ့ အသင်းတော်တွေဆီ စာရေးလိုက်ပါတယ်။
၃ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၄ ခရစ်တော်က အဖဘုရားသခင်ရဲ့ အလိုတော်အတိုင်း+ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖယ်ရှားပြီး+ လက်ရှိ ဆိုးသွမ်းတဲ့ လောကစနစ်*+ ကနေ ကယ်တင်နိုင်ဖို့ အသက်စွန့်ခဲ့တယ်။ ၅ ဘုရားသခင်ရဲ့ ဘုန်းတော် အစဉ်ထာဝရ ထင်ရှားပါစေ။ အာမင်။*
၆ ခရစ်တော်ရဲ့ မဟာကရုဏာအားဖြင့် ခင်ဗျားတို့ကို ခေါ်တော်မူတဲ့ အရှင်ဆီကနေ ချက်ချင်းလှည့်ထွက်ပြီး တခြားသတင်းကို သတင်းကောင်းအဖြစ် လက်ခံလိုက်ကြတာ ကျွန်တော် အံ့သြလို့မဆုံးဘူး။+ ၇ တကယ်တော့ တခြားသတင်းကောင်းဆိုတာ မရှိဘူး။ ခင်ဗျားတို့ကို ဒုက္ခပေးမယ့်သူ၊+ ခရစ်တော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ကပြောင်းကပြန်ဖြစ်အောင် လုပ်မယ့်သူတချို့ပဲ ရှိနေတာ။ ၈ ကျွန်တော်တို့ဖြစ်စေ၊ ကောင်းကင်ကဆင်းလာတဲ့ ကောင်းကင်တမန်ဖြစ်စေ ကျွန်တော်တို့ဟောပြောတဲ့ သတင်းကောင်းနဲ့ မတူ တဲ့အရာကို သတင်းကောင်းအဖြစ် ဟောပြောရင် ကျိန်ခြင်း ခံရပါစေ။ ၉ ပြောပြီးသားဖြစ်ပေမဲ့ ထပ်ပြောဦးမယ်။ ခင်ဗျားတို့ လက်ခံထားတာနဲ့ မတူတဲ့ တခြားအရာကို သတင်းကောင်းအဖြစ် ဟောပြောတဲ့သူဟာ ကျိန်ခြင်း ခံရပါစေ။
၁၀ ကျွန်တော် ကြိုးစားနေတာ လူ့မျက်နှာသာ ရဖို့လား၊ ဘုရားမျက်နှာသာ ရဖို့လား။ လူ့အကြိုက် လိုက်နေတာလား။ အဲဒီလိုလိုက်နေရင် ကျွန်တော်ဟာ ခရစ်တော်ရဲ့ကျွန် မဖြစ်နိုင်ဘူး။ ၁၁ ညီအစ်ကိုတို့၊ ကျွန်တော်ဟောတဲ့ သတင်းကောင်းဟာ လူတွေဖန်တီးတဲ့သတင်း မဟုတ်ဘူးဆိုတာ သိစေချင်တယ်။+ ၁၂ အဲဒီသတင်းကောင်းကို လူတွေဆီကနေ ရတာမဟုတ်ဘူး။ လူတွေ သင်ပေးတာလည်း မဟုတ်ဘူး။ ယေရှုခရစ်ကိုယ်တိုင် ဖော်ပြလို့ ရခဲ့တာ။
၁၃ ဂျူးဘာသာဝင်ဖြစ်တုန်းက ကျွန်တော် ဘယ်လိုကျင့်ကြံခဲ့တယ်ဆိုတာ ခင်ဗျားတို့ ကြားမှာပါ။+ ဘုရားသခင်ရဲ့ အသင်းတော်ကို ရက်ရက်စက်စက် ညှဉ်းဆဲပြီး ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တယ်။+ ၁၄ ဘိုးဘေးတို့ရဲ့ ထုံးတမ်းစဉ်လာကို လိုက်တဲ့နေရာမှာ အလွန်စိတ်ထက်သန်ခဲ့လို့ ဂျူးဘာသာမှာ လူမျိုးတူ၊ ရွယ်တူတွေထက် ကျွန်တော် ပိုပြီးထွန်းပေါက်ခဲ့တယ်။+ ၁၅ ဒါပေမဲ့ ကျွန်တော် မိခင်ဝမ်းက ကျွတ်ပြီးနောက် မဟာကရုဏာအားဖြင့်+ ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့ ဘုရားသခင်က၊ ၁၆ သားတော်အကြောင်း လူမျိုးခြားတွေ သိစေဖို့ သတင်းကောင်းဟောပြောရာမှာ ကျွန်တော့်ကို အသုံးပြုရင် ကောင်းမယ်လို့ ယူဆခဲ့တယ်။+ ဘုရားသခင် ရွေးချယ်တဲ့အခါ ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူး။ ၁၇ ကျွန်တော့်ထက်အရင် တမန်တော်ဖြစ်နေသူတွေရှိတဲ့ ဂျေရုဆလင်မြို့ကိုလည်း မသွားခဲ့ဘူး။ အဲဒီအစား အာရပ်ပြည်ကို သွားပြီး ဒမတ်စကတ်မြို့ကို+ ပြန်လာခဲ့တယ်။
၁၈ သုံးနှစ်ကြာတော့ ကေဖ*+ နဲ့တွေ့ဖို့ ဂျေရုဆလင်မြို့ကို+ သွားပြီး သူ့ဆီမှာ ၁၅ ရက် နေတယ်။ ၁၉ သခင့်ညီ ယာကုပ်ကလွဲလို့+ တခြား တမန်တော်တစ်ယောက်နဲ့မှ မတွေ့ခဲ့ဘူး။ ၂၀ ဒီအကြောင်းတွေကို ကျွန်တော် လိမ်ညာပြီးရေးနေတာ မဟုတ်မှန်း ဘုရားသခင်ကို သက်သေထားပြီး ပြောနိုင်တယ်။
၂၁ အဲဒီနောက် ဆီးရီးယားပြည်နဲ့ ကိလိကိပြည်မှာရှိတဲ့ ဒေသတွေကို ကျွန်တော် သွားတယ်။+ ၂၂ ယုဒပြည်မှာရှိတဲ့ ခရစ်ယာန်အသင်းတော်တွေက ကျွန်တော့်ကို မမြင်ဖူးဘူး။ ၂၃ “တစ်ချိန်က ငါတို့ကို နှိပ်စက်သူဟာ+ အခုတော့ ကိုယ်တိုင် ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ ယုံကြည်ခြင်းအကြောင်း သတင်းကောင်းကို ဟောနေပြီ”+ ဆိုတာပဲ ကြားဖူးကြတယ်။ ၂၄ သူတို့က ကျွန်တော့်ကြောင့် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတယ်။
၂ ဆယ့်လေးနှစ်ကြာပြီးနောက် ကျွန်တော်က တိတုကိုခေါ်ပြီး ဗာနဗနဲ့အတူ+ ဂျေရုဆလင်မြို့ကို နောက်တစ်ကြိမ် ထပ်သွားတယ်။+ ၂ ဗျာဒိတ်တော်ရလို့ ကျွန်တော်သွားတာပါ။ အဲဒီမှာရှိတဲ့ ရိုသေလေးစားခံရတဲ့ ညီအစ်ကိုတွေနဲ့ သီးသန့်တွေ့ဆုံပြီး လူမျိုးခြားတွေကို ကျွန်တော် ဟောပြောနေတဲ့ သတင်းကောင်းအကြောင်း ပြောပြလိုက်တယ်။ ကျွန်တော် လုပ်ဆောင်နေတာတွေ၊ လုပ်ဆောင်ခဲ့တာတွေ အချည်းနှီး မဖြစ်စေချင်လို့ပဲ။ ၃ ကျွန်တော်နဲ့ပါလာတဲ့ တိတုဟာ+ ဂရိလူမျိုးဖြစ်ပေမဲ့ သူ့ကို အရေဖျားဖြတ်ဖို့ အတင်း ဖိအားမပေးကြဘူး။+ ၄ တကယ်တော့ ဒီကိစ္စဟာ ညီအစ်ကိုအတုအယောင်တွေကြောင့် ပေါ်ပေါက်လာတာပါ။+ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလို့ ရရှိထားတဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို+ ပျက်ပြားစေချင်တဲ့အတွက် သူတို့က အသင်းတော်ထဲ မသိမသာ လျှိုဝင်လာတယ်။ ကျွန်တော်တို့ကို ပညတ်တရားရဲ့ ကျွန်ဘဝ ပြန်ရောက်အောင် လုပ်ချင်ကြတာပါ။+ ၅ ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရား ဆက်ရှိစေချင်တဲ့အတွက် သူတို့ကို ခဏလေးတောင် အလျှော့ပေးလိုက်လျောတာမျိုး မလုပ်ခဲ့ဘူး။+
၆ အရေးပါသူတွေလိုဖြစ်နေတဲ့+ တစ်နည်းအားဖြင့် ရိုသေလေးစားခံရတဲ့ ညီအစ်ကိုတွေဆီကနေ အကြံဉာဏ်သစ်တွေ ကျွန်တော် ဘာမှမရခဲ့ပါဘူး။ သူတို့ဟာ ဘယ်လိုပုဂ္ဂိုလ်တွေပဲ ဖြစ်နေပါစေ ကျွန်တော့်အတွက်တော့ မထူးခြားပါဘူး။ ဘုရားသခင်က လူ့အပြင်ပန်းကို ကြည့်တာမှ မဟုတ်တာ။ ၇ အရေဖျားဖြတ်ထားသူတွေဆီ သတင်းကောင်း ဟောပြောခွင့်ကို ပေတရု ရထားသလို ကျွန်တော်လည်း အရေဖျားမဖြတ်ထားသူတွေကို သတင်းကောင်း ဟောပြောခွင့် ရထားမှန်း+ သူတို့သိလာကြတယ်။ ၈ ဘုရားသခင်က ပေတရုကို အရေဖျားဖြတ်ထားသူတွေအတွက် တမန်တော်ဖြစ်ခွင့် ပေးအပ်ထားသလို ကျွန်တော့်ကိုလည်း လူမျိုးခြားတွေအတွက် တမန်တော်ဖြစ်ခွင့် ပေးအပ်ထားတယ်။+ ၉ မဟာကရုဏာတော်ကို ကျွန်တော်ရရှိထားမှန်း သိလာတဲ့အခါ+ အသင်းတော်ရဲ့ အမာခံ* လိုဖြစ်နေတဲ့ ယာကုပ်၊+ ကေဖ၊* ယောဟန်တို့က ဗာနဗနဲ့ ကျွန်တော့်ကို+ လုပ်ဖော်ဆောင်ဖက်တွေအဖြစ် လက်ဆွဲနှုတ်ဆက်ကြတယ်။ ကျွန်တော်တို့က လူမျိုးခြားတွေဆီ သွားရမယ်၊ သူတို့ကတော့ အရေဖျားဖြတ်ထားသူတွေဆီ သွားရမယ်။ ၁၀ နွမ်းပါးသူတွေကို မေ့မထားကြပါနဲ့ဆိုပြီး ကျွန်တော်တို့ကို သူတို့ မှာဖြစ်အောင် မှာလိုက်တယ်။ ကျွန်တော်လည်း အဲဒီအတိုင်းလုပ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါတယ်။+
၁၁ အန္တိအုတ်မြို့ကို+ ကေဖ*+ ရောက်လာတဲ့အခါ သူ့လုပ်ရပ် မှားနေတဲ့အတွက် ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်။ ၁၂ ယာကုပ်လွှတ်လိုက်တဲ့+ လူတချို့ ရောက်မလာခင်တုန်းကတော့ သူက လူမျိုးခြားတွေနဲ့အတူ စားသောက်လေ့ရှိတယ်။+ သူတို့လည်း ရောက်လာရော လူမျိုးခြားတွေနဲ့ မပေါင်းဖော်တော့ဘဲ ခပ်ခွာခွာနေတယ်။ အရေဖျားဖြတ်ထားသူတွေကို သူကြောက်တာကိုး။+ ၁၃ ဂျူးတချို့လည်း သူ့လိုပဲ ဟန်ဆောင်လာကြတယ်။ ဗာနဗတောင် သူတို့လို ဟန်ဆောင်ခဲ့တယ်။ ၁၄ သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရားအတိုင်း မကျင့်ကြမှန်း ကျွန်တော် သတိပြုမိတဲ့အတွက်+ အားလုံးရှေ့မှာ ကေဖကို “ခင်ဗျားဟာ ဂျူးလူမျိုးဖြစ်လျက်နဲ့ ဂျူးလိုမဟုတ်ဘဲ လူမျိုးခြားတွေလို နေထိုင်တယ်ဆိုရင် လူမျိုးခြားတွေကို ဂျူးဓလေ့ထုံးစံအတိုင်း လိုက်ဖို့ ဘာလို့ ဖိအားပေးတာလဲ”+ ဆိုပြီး ပြောလိုက်တယ်။
၁၅ ကျွန်တော်တို့ဟာ ဂျူးလူမျိုးအဖြစ် မွေးဖွားလာတာ။ လူမျိုးခြားတွေထဲက အပြစ်သားတွေ မဟုတ်ဘူး။ ၁၆ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်လို့သာ+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။+ ဒါကြောင့် ခရစ်တော်ယေရှုကို ကျွန်တော်တို့ ယုံကြည်တယ်။ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်လို့ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ပညတ်စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။+ ၁၇ ကျွန်တော်တို့ဟာ ခရစ်တော်အားဖြင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားနေလျက်နဲ့ အပြစ်သားတွေ ဖြစ်နေသေးတယ်ဆိုရင် ခရစ်တော်ဟာ အပြစ်လုပ်အောင် အားပေးတဲ့သူ ဖြစ်သွားမှာပေါ့။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၁၈ ဖြိုချခဲ့တာတွေကို ကျွန်တော် ပြန်တည်ဆောက်တယ်ဆိုရင် အပြစ်ကျူးလွန်သူပဲလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရာရောက်မှာပေါ့။ ၁၉ ကျွန်တော်ဟာ ပညတ်တရားမှာ သေဆုံးသွားပြီ။+ အဲဒီလို သေဆုံးသွားလို့ ဘုရားသခင်အတွက် အသက်ရှင်လာပြီ။ ၂၀ ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ကျွန်တော် ရိုက်ထားခံရပြီ။+ အခု အသက်ရှင်နေတာ ကျွန်တော် မဟုတ်တော့ဘူး။+ ကျွန်တော့်အထဲမှာ ရှင်သန်နေတာဟာ ခရစ်တော်ပဲ။ ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့+ ဘုရားသခင့်သားတော်ကို ယုံကြည်နေလို့သာ ဒီခန္ဓာကိုယ်နဲ့ ကျွန်တော် အသက်ရှင်နေတာ။+ ၂၁ ဘုရားသခင်ရဲ့ မဟာကရုဏာကို+ ကျွန်တော် မငြင်းပယ်ဘူး။ ပညတ်စောင့်ထိန်းလို့ ဖြောင့်မတ်သူဖြစ်မယ်ဆိုရင် ခရစ်တော် အသေခံတာ အလကားဖြစ်သွားမှာပေါ့။+
၃ အသိဉာဏ်မဲ့တဲ့ ဂလာတိပြည်သားတို့၊ ခင်ဗျားတို့ကို ဘယ်သူ လှည့်စားလိုက်တာလဲ။+ တကယ်တော့ သစ်တိုင်တင်ခံရတဲ့ ယေရှုခရစ်အကြောင်း ခင်ဗျားတို့ ကောင်းကောင်း နားလည်ထားတာပဲ။+ ၂ ကျွန်တော် တစ်ခုလောက် မေးချင်တယ်၊ ခင်ဗျားတို့ စွမ်းအားတော်ရရှိတာဟာ ပညတ်ကို စောင့်ထိန်းလို့လား။ ဒါမှမဟုတ် ကြားနာခဲ့တာကို ယုံကြည်လို့လား။+ ၃ ခင်ဗျားတို့ အသိဉာဏ်မဲ့လိုက်ကြတာ။ အစပိုင်းမှာ စွမ်းအားတော်နဲ့အညီ ပြုမူကျင့်ကြံပြီးခါမှ အခု လူ့အလိုဆန္ဒအတိုင်း အဆုံးသတ်မလို့လား။+ ၄ ဆင်းရဲဒုက္ခ အတော်များများကို အလကားသက်သက် ခံခဲ့ကြတာလား။ အဲဒီလို မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။ ၅ ခင်ဗျားတို့ကို စွမ်းအားတော်ပေးပြီး အံ့ဖွယ်အမှုတွေ ပြခဲ့တဲ့သူက+ ခင်ဗျားတို့ ပညတ်စောင့်ထိန်းလို့ အဲဒီလိုပြတာလား။ ဒါမှမဟုတ် ကြားနာတာတွေကို ခင်ဗျားတို့ ယုံကြည်လို့ ပြတာလား။ ၆ အာဗြဟံဟာ “ယေဟောဝါကို* ယုံကြည်လို့ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်” မဟုတ်လား။+
၇ ယုံကြည်ခြင်းနဲ့ အသက်ရှင်သူတွေဟာ အာဗြဟံရဲ့ သားသမီးတွေဖြစ်မှန်း ခင်ဗျားတို့သိပါတယ်။+ ၈ ယုံကြည်ခြင်းကြောင့် လူမျိုးခြားတွေကို ဖြောင့်မတ်သူတွေအဖြစ် ဘုရားသခင် သတ်မှတ်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုပြောထားတယ်။ “မင်းကြောင့် လူမျိုးအားလုံး ကောင်းချီးခံစားရမယ်”+ ဆိုတဲ့ သတင်းကောင်းကို အာဗြဟံကို ပြောခဲ့တယ်။ ၉ ဒါကြောင့် ယုံကြည်ခြင်းနဲ့ အသက်ရှင်သူတွေဟာ ယုံကြည်ခြင်းရှိသူ အာဗြဟံလိုပဲ ကောင်းချီးခံစားရတယ်။+
၁၀ ပညတ်စောင့်ထိန်းတာကိုပဲ အားထားသူတွေဟာ ကျိန်ခြင်းခံရလိမ့်မယ်။ “ပညတ်ကျမ်းလိပ်မှာ ရေးထားသမျှကို အမြဲ မလိုက်နာတဲ့သူဟာ ကျိန်စာသင့်ပါစေ” ဆိုပြီး ရေးထားလို့ပဲ။+ ၁၁ ဒါ့အပြင် “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်”+ လို့လည်း ရေးထားတဲ့အတွက် ဘုရားသခင်က ဘယ်သူ့ကိုမှ ပညတ်ကြောင့် ဖြောင့်မတ်သူအဖြစ် မသတ်မှတ်ဘူးဆိုတာ+ ကျွန်တော်တို့ သိနိုင်တယ်။ ၁၂ ပညတ်တရားဟာ ယုံကြည်ခြင်းပေါ်မှာ အခြေခံတာ မဟုတ်ဘူး။ “ပညတ်တွေကို လိုက်နာသူတိုင်း ပညတ်တွေအားဖြင့် အသက်ရှင်ရလိမ့်မယ်”+ လို့ပဲ ပြောထားတယ်။ ၁၃ “သစ်တိုင်တင်ခံရတဲ့သူဟာ ကျိန်ခြင်းခံရသူပဲ”+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်။ ခရစ်တော်ဟာ ကျွန်တော်တို့ကိုယ်စား ကျိန်ခြင်းကိုခံပြီး ပညတ်တရားရဲ့ ကျိန်ခြင်းကနေ ကျွန်တော်တို့ကို လွတ်မြောက်စေတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ကို ဝယ်လိုက်တယ်။+ ၁၄ ဘာလို့လဲဆိုတော့ အာဗြဟံကို ပေးထားတဲ့ ကောင်းချီးဟာ ခရစ်တော်ယေရှုအားဖြင့်+ လူမျိုးခြားတွေအပေါ် သက်ရောက်နိုင်ဖို့၊ ယုံကြည်ခြင်းအားဖြင့် ကတိတော်နဲ့သက်ဆိုင်တဲ့ စွမ်းအားတော်ကို ကျွန်တော်တို့ ရရှိနိုင်ဖို့ဖြစ်တယ်။+
၁၅ ညီအစ်ကိုတို့၊ လူတွေ ကြုံရတတ်တာကို ပြောမယ်။ ဥပမာ၊ ပဋိညာဉ်တစ်ခု အတည်ပြုပြီးပြီဆိုရင် ဘယ်သူမှ ပယ်ဖျက်လို့၊ ဖြည့်စွက်လို့ မရဘူး။ ၁၆ ဘုရားသခင်က အာဗြဟံနဲ့ သူ့မျိုးနွယ်ကို ကတိပေးခဲ့တယ်။+ အဲဒီကတိမှာ လူအများကို ရည်ညွှန်းပြီး “မင်းရဲ့သားမြေးတွေ” လို့ပြောမယ့်အစား တစ်ယောက်သောသူ ခရစ်တော်ကို+ ရည်ညွှန်းပြီး “မင်းရဲ့မျိုးနွယ်” လို့ပြောထားတယ်။ ၁၇ ကျွန်တော်ပြောချင်တာက နောင်အနှစ် ၄၃၀ ကြာမှ+ ပေါ်လာတဲ့ ပညတ်တရားက ဘုရားသခင် အရင်ဖွဲ့ ခဲ့တဲ့ ပဋိညာဉ်ကို မပယ်ဖျက်နိုင်ဘူး။ ကတိတော်ကို မဖျက်သိမ်းနိုင်ဘူး။ ၁၈ ပညတ်ကို စောင့်ထိန်းမှ အမွေခံရမယ်ဆိုရင် ကတိတော်ကြောင့်ရတာ မဟုတ်တော့ဘူး။ တကယ်တော့ ဘုရားသခင်က ကတိတော်အားဖြင့် အာဗြဟံကို အဲဒီအမွေ ပေးသနားခဲ့တာ။+
၁၉ ဒါဆိုရင် ပညတ်တရားဟာ ဘာအတွက်လဲ။ ကတိထားရာမျိုးနွယ် မပေါ်ထွန်းခင်+ လူတွေရဲ့အပြစ်ကို ဖော်ပြဖို့+ ပညတ်တရားကို ထပ်ပေးခဲ့တာပါ။ ကောင်းကင်တမန်တွေကတစ်ဆင့်+ ဘုရားသခင်ပေးခဲ့တဲ့ အဲဒီပညတ်တရားကို ဖျန်ဖြေသူအားဖြင့် ရခဲ့တယ်။+ ၂၀ ပဋိညာဉ်ဖွဲ့တဲ့အခါ သက်ဆိုင်သူတစ်ဦးပဲဆိုရင် ဖျန်ဖြေသူ မလိုဘူး။ အဲဒီပဋိညာဉ်ကိုဖွဲ့တုန်းက သက်ဆိုင်သူဟာ ဘုရားသခင်တစ်ပါးတည်းပဲ။ ၂၁ ဒါဆိုရင် ပညတ်တရားဟာ ဘုရားသခင့်ကတိတွေနဲ့ ဆန့်ကျင်နေသလား။ လုံးဝ မဆန့်ကျင်ဘူး။ အသက်ရှင်စေနိုင်တဲ့ ပညတ်ကိုသာ ပေးအပ်ခဲ့ပြီးပြီဆိုရင် အဲဒီပညတ်အားဖြင့် ဖြောင့်မတ်တဲ့ အနေအထားကို ရမှာပေါ့။ ၂၂ ဒါပေမဲ့ ကျမ်းစာက အရာအားလုံးကို အပြစ်ရဲ့ ချုပ်နှောင်မှုလက်ထဲ အပ်ထားတယ်။ ဒါမှ ယေရှုခရစ်ကို ယုံကြည်သူတွေဟာ အဲဒီယုံကြည်ခြင်းအားဖြင့် ကတိတော်ကို ရနိုင်ကြမှာပါ။
၂၃ ယုံကြည်ခြင်း မရောက်လာခင်မှာတော့ ကျွန်တော်တို့ဟာ ပညတ်ရဲ့ ကာကွယ်မှု၊ အုပ်ထိန်းမှုကို ခံရင်း နောင်မှာဖော်ပြပေးမယ့် ယုံကြည်ခြင်းကို စောင့်မျှော်နေခဲ့တယ်။+ ၂၄ ဒါကြောင့် ပညတ်တရားဟာ ကျွန်တော်တို့ကို ခရစ်တော်ဆီ ပို့ဆောင်ပေးတဲ့ အုပ်ထိန်းသူ ဖြစ်လာတယ်။+ ဒါမှသာ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တယ်လို့ သတ်မှတ်ခံရနိုင်မယ်။+ ၂၅ အခုတော့ ယုံကြည်ခြင်း ရောက်လာပြီဖြစ်လို့+ ကျွန်တော်တို့ဟာ အုပ်ထိန်းသူလက်အောက်မှာ မရှိတော့ဘူး။+
၂၆ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ယေရှုကို ယုံကြည်တဲ့အတွက်+ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်ကြတယ်။+ ၂၇ နှစ်ခြင်းခံပြီး ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ကို ဝတ်ဆင်ခဲ့ကြပြီ။+ ၂၈ ဂျူးလူမျိုးနဲ့ ဂရိလူမျိုး၊+ ကျွန်နဲ့ လွတ်လပ်သူ၊+ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး ခွဲခြားထားတာ မရှိတော့ဘူး။+ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေပြီ။+ ၂၉ ဒါ့အပြင် ခင်ဗျားတို့ဟာ ခရစ်တော်ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ၊+ ကတိတော်ကို+ အမွေခံရမယ့်သူတွေပဲ။+
၄ ကျွန်တော်ပြောမယ်၊ အမွေဆက်ခံမယ့်သူဟာ အမွေပစ္စည်း ရှိသမျှကို ပိုင်ဆိုင်တာမှန်ပေမဲ့ အရွယ်မရောက်သေးခင်မှာတော့ ကျွန်နဲ့ မခြားပါဘူး။ ၂ သူဟာ ဖခင်သတ်မှတ်ထားချိန် မရောက်မချင်း ကြီးကြပ်သူနဲ့ ဘဏ္ဍာထိန်းရဲ့ လက်အောက်မှာ ရှိနေတယ်။ ၃ အလားတူပဲ၊ ကျွန်တော်တို့လည်း ငယ်ရွယ်စဉ်မှာတော့ လောကရဲ့ အခြေခံတရားတွေအောက် ကျွန်ခံရတယ်။+ ၄ သတ်မှတ်ထားချိန်စေ့တဲ့အခါ ဘုရားသခင်က သားတော်ကိုစေလွှတ်လိုက်တယ်။ အဲဒီသားတော်ဟာ အမျိုးသမီးတစ်ဦးကနေ မွေးဖွားလာပြီး+ ပညတ်လက်အောက်မှာ ရှိခဲ့တယ်။+ ၅ သားတွေအဖြစ် ကျွန်တော်တို့ မွေးစားခံရအောင်+ အဲဒီသားတော်က ပညတ်လက်အောက်မှာ ရှိတဲ့သူတွေကို ဝယ်ပြီး လွတ်မြောက်စေတယ်။+
၆ အခုတော့ ခင်ဗျားတို့ဟာ သားတွေဖြစ်နေပြီ။ ဒါကြောင့် ဘုရားသခင်က သားတော်ဆီမှာရှိတဲ့ စွမ်းအားတော်ကို+ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ထည့်ပေးလိုက်ပြီ။+ အဲဒီစွမ်းအားတော်ကြောင့် ကျွန်တော်တို့က “အဗ္ဗ၊* အဖ”+ လို့ ကြွေးကြော်ကြတယ်။ ၇ ခင်ဗျားတို့ဟာ ကျွန်တွေ မဟုတ်တော့ဘဲ သားတွေ ဖြစ်သွားပြီ။ သားဆိုရင် ဘုရားသခင်က အမွေခံလို့ သတ်မှတ်တယ်။+
၈ ခင်ဗျားတို့ဟာ ဘုရားသခင်ကို မသိခင်တုန်းကတော့ မှားယွင်းတဲ့ ဘုရားတွေဆီမှာ ကျွန်ခံခဲ့ကြတယ်။ ၉ အခုတော့ ခင်ဗျားတို့ ဘုရားသခင်ကို သိလာကြပြီ။ ဘုရားသခင်ကလည်း ခင်ဗျားတို့ကို သိထားပြီ။ ဒါနဲ့တောင် အကျိုးမရှိ၊ အသုံးမဝင်တဲ့ အခြေခံတရားတွေဆီ ပြန်လှည့်ပြီး+ ဘာလို့ ကျွန်ခံချင်ရတာလဲ။+ ၁၀ ခင်ဗျားတို့က နေ့တွေ၊ လတွေ၊+ ရာသီချိန်တွေ၊ နှစ်တွေကို အထူးတလည် စောင့်ထိန်းနေကြတယ်။ ၁၁ ခင်ဗျားတို့အတွက် ကျွန်တော် ကြိုးစားအားထုတ်ခဲ့တာတွေ အချည်းနှီးဖြစ်သွားမှာ စိုးရိမ်မိတယ်။
၁၂ ညီအစ်ကိုတို့၊ ကျွန်တော်လည်း ခင်ဗျားတို့လို ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် ပြောင်းလဲလိုက်ပြီဆိုတော့ ကျွန်တော့်လိုပဲ ပြောင်းလဲကြပါလို့ တောင်းပန်ချင်တယ်။+ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ၁၃ ကျွန်တော် နေမကောင်းဖြစ်သွားတဲ့အတွက် ခင်ဗျားတို့ကို ဦးဆုံးအကြိမ် သတင်းကောင်း ဟောပြောခွင့်ရတာ ခင်ဗျားတို့သိပါတယ်။ ၁၄ ကျွန်တော် နေမကောင်းဖြစ်လို့ ခင်ဗျားတို့ အခက်တွေ့ရတာ မှန်ပေမဲ့ ကျွန်တော့်ကို မထီမဲ့မြင်ပြုတာ၊ ရွံပြီး တံတွေးနဲ့ထွေးတာတွေ မလုပ်ခဲ့ဘူး။ ဘုရားရဲ့ ကောင်းကင်တမန်လို၊ ခရစ်တော်ယေရှုလို သဘောထားပြီး ကျွန်တော့်ကို လက်ခံခဲ့တယ်။ ၁၅ အဲဒီတုန်းက ခင်ဗျားတို့ ပျော်ရွှင်ခဲ့တာတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ မျက်စိကိုသာ ထုတ်ပြီး ပေးလို့ရရင် ကျွန်တော့်ကို ပေးခဲ့မှာပဲဆိုတာ ကျွန်တော် ပြောရဲတယ်။+ ၁၆ ကျွန်တော် အမှန်အတိုင်း ပြောလိုက်လို့ ခင်ဗျားတို့ရဲ့ရန်သူ ဖြစ်သွားပြီလား။ ၁၇ အဲဒီလူတွေ ခင်ဗျားတို့ကို အသည်းအသန် စည်းရုံးနေတာ စိတ်ရင်းမှန်နဲ့ မဟုတ်ဘူး။ ကျွန်တော်နဲ့ သွေးကွဲပြီး သူတို့ဘက်ပါသွားအောင် လုပ်ချင်နေကြတာ။ ၁၈ ကျွန်တော် ရှိနေတဲ့အချိန်လောက်တင်မကဘဲ အမြဲတမ်း ခင်ဗျားတို့ကို စိတ်ရင်းမှန်နဲ့ စည်းရုံးတဲ့သူရှိရင်တော့ ကောင်းပါတယ်။ ၁၉ ချစ်ရတဲ့သားသမီးတို့၊+ ခင်ဗျားတို့ကြောင့် ကျွန်တော်ဟာ သားဖွားတော့မယ့် မိခင်လို နာကျင်ခံစားရပြန်ပြီ။ ခင်ဗျားတို့ဆီမှာ ခရစ်တော်ရဲ့ အရည်အသွေးတွေ ရုပ်လုံးမပေါ်မချင်း အဲဒီလို ခံစားနေရမှာပဲ။ ၂၀ ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကြံရာမရဖြစ်နေလို့ ဒီအချိန်မှာ ခင်ဗျားတို့နဲ့အတူ ရှိပြီး ညင်ညင်သာသာ ပြောပြချင်လိုက်တာ။
၂၁ ပညတ်တရားအောက်မှာ နေချင်သူတို့၊ ပညတ်တရားမှာ ဘာပြောထားလဲဆိုတာ မသိကြဘူးလား။ ၂၂ ဥပမာ၊ အာဗြဟံမှာ အစေခံမနဲ့ရတဲ့သား၊+ အစေခံ မဟုတ်တဲ့ မိန်းမနဲ့ရတဲ့သား+ ဆိုပြီး သားနှစ်ယောက်ရှိတယ်လို့ ကျမ်းစာမှာ ရေးထားတယ်။ ၂၃ အစေခံမနဲ့ရတဲ့ သားဟာ သမားရိုးကျ မွေးတဲ့သား၊+ အစေခံ မဟုတ်တဲ့ မိန်းမနဲ့ရတဲ့သားကတော့ ကတိတော်ကြောင့် မွေးတဲ့သားပဲ။+ ၂၄ ဒါတွေဟာ တင်စားချက်တွေပဲ။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ပဋိညာဉ်နှစ်ခုကို တင်စားတယ်။ ဆိုင်းနိုင်းတောင်မှာ+ ဖွဲ့ခဲ့တဲ့ပဋိညာဉ်ဟာ ကျွန်ဖြစ်မယ့် သားသမီးတွေကို မွေးဖွားတဲ့ ဟာဂရဖြစ်တယ်။ ၂၅ ဟာဂရက အာရပ်ပြည်မှာရှိတဲ့ ဆိုင်းနိုင်းတောင်ကို+ ဆိုလိုတယ်။ သားသမီးတွေနဲ့အတူ ကျွန်ခံနေရတဲ့အတွက် လက်ရှိဂျေရုဆလင်မြို့ကိုလည်း ဆိုလိုတယ်။ ၂၆ အထက်ဂျေရုဆလင်ကတော့ အစေခံ မဟုတ်တဲ့မိန်းမ၊ ကျွန်တော်တို့ရဲ့ မိခင်ပဲ။
၂၇ “ကလေး မမွေးဖူးတဲ့ အမြုံမ၊ ဝမ်းမြောက်ပါ။ သားဖွားဝေဒနာ မခံစားဖူးတဲ့ အမျိုးသမီး၊ ရွှင်လန်းစွာ ကြွေးကြော်ပါ။ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရဲ့ သားသမီးတွေဟာ ခင်ပွန်းရှိတဲ့ အမျိုးသမီးရဲ့ သားသမီးတွေထက် ပိုများလာပြီ”+ လို့ ကျမ်းစာမှာ ရေးထားတယ်။ ၂၈ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ အိဇက်လိုပဲ ကတိတော်ကြောင့်ရတဲ့ သားသမီးတွေပါ။+ ၂၉ တစ်ချိန်တုန်းက သမားရိုးကျမွေးဖွားတဲ့ သားက စွမ်းအားတော်အားဖြင့်မွေးတဲ့ သားကို ညှဉ်းဆဲခဲ့သလို+ အခုလည်း အဲဒီလိုပဲဖြစ်နေတယ်။+ ၃၀ ဒါပေမဲ့ ကျမ်းစာမှာ ဘာပြောထားသလဲ။ “ဒီအစေခံမနဲ့ သူ့သားကို မောင်းထုတ်လိုက်ပါ။ အစေခံမရဲ့သားက အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားနဲ့အတူ လုံးဝ အမွေမခံရဘူး”+ လို့ပြောထားတယ်။ ၃၁ ဒါကြောင့် ညီအစ်ကိုတို့၊ ကျွန်တော်တို့ဟာ အစေခံမရဲ့ သားသမီးတွေ မဟုတ်ဘူး။ အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားသမီးတွေဖြစ်တယ်။
၅ အဲဒီလိုလွတ်လပ်မှုရနိုင်ဖို့ ခရစ်တော်က ကျွန်တော်တို့ကို လွတ်မြောက်စေပြီ။ ဒါကြောင့် အခိုင်အမာ ရပ်တည်ကြပါ။+ ကျွန်ထမ်းပိုးကို ပြန်မထမ်းကြနဲ့တော့။+
၂ ကျွန်တော်ပေါလု ပြောမယ်။ ခင်ဗျားတို့ အရေဖျားဖြတ်မယ်ဆိုရင် ခရစ်တော် လုပ်ဆောင်ခဲ့ရာတွေဟာ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။+ ၃ အရေဖျားဖြတ်သူတိုင်းဟာ ပညတ်တရား အလုံးစုံကို စောင့်ထိန်းရမယ့် တာဝန်ရှိတယ်ဆိုတာ ကျွန်တော် ထပ်သတိပေးလိုက်မယ်။+ ၄ ပညတ်ကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားနေတဲ့ ခင်ဗျားတို့ဟာ ခရစ်တော်နဲ့ ကင်းကွာနေပြီ။+ ခရစ်တော်ရဲ့ မဟာကရုဏာနဲ့ ဝေးကွာနေပြီ။ ၅ ကျွန်တော်တို့ကတော့ စွမ်းအားတော်ကြောင့်၊ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ မျှော်လင့်စောင့်စားနေတယ်။ ၆ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသူတွေအတွက်တော့ အရေဖျားဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ အရေးမကြီးဘူး။+ ချစ်ခြင်းမေတ္တာကနေ ပေါက်ဖွားလာတဲ့ ယုံကြည်ခြင်းကသာ အရေးကြီးတာပါ။
၇ တစ်ချိန်တုန်းက ခင်ဗျားတို့ အမှန်တရားလမ်းမှာ ကောင်းကောင်းပြေးနေတာပဲ။+ အမှန်တရားအတိုင်း ဆက်မလိုက်တော့အောင် ဘယ်သူတားဆီးနေတာလဲ။ ၈ ခင်ဗျားတို့ကို ခေါ်တော်မူတဲ့ ဘုရားသခင်က အဲဒီလို ဆက်မလိုက်တော့အောင် မသွေးဆောင်ပါဘူး။ ၉ တဆေးအနည်းငယ်က မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်တယ်။+ ၁၀ သခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ ခင်ဗျားတို့ဟာ+ ကျွန်တော်နဲ့ အမြင်ချင်းတူမယ်ဆိုတာ ယုံကြည်ပါတယ်။ ခင်ဗျားတို့ကို ဒုက္ခပေးတဲ့သူဟာ+ ဘယ်သူပဲဖြစ်နေပါစေ ထိုက်သင့်သလို တရားစီရင်ခံရလိမ့်မယ်။ ၁၁ ညီအစ်ကိုတို့၊ ကျွန်တော်သာ အရေဖျားဖြတ်ခြင်းအကြောင်း ဆက်ဟောနေသေးတယ်ဆိုရင် နှိပ်စက်ညှဉ်းပန်းခံရမှာ မဟုတ်ဘူး။ အဲဒီလို ဆက်ဟောနေသေးတယ်ဆိုရင် သစ်တိုင်ပေါ် ခရစ်တော် သေဆုံးခဲ့တာနဲ့ပတ်သက်တဲ့ ကျွန်တော့်သွန်သင်ချက်ဟာ တိုက်မိလဲစရာဖြစ်မှာ မဟုတ်ဘူး။+ ၁၂ ခင်ဗျားတို့ကို နှောင့်ယှက်ဖို့ ကြိုးစားနေသူတွေ သင်းကွပ်လိုက်ကြပါစေ။*
၁၃ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ လွတ်လပ်မှုရဖို့ ခေါ်တော်မူခြင်းခံရတာပါ။ အဲဒီလွတ်လပ်မှုကို ခုတုံးလုပ်ပြီး အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ကြပါနဲ့။+ မေတ္တာစိတ်နဲ့ အချင်းချင်း အစေခံကြပါ။+ ၁၄ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ပညတ်တစ်ခုက ပညတ်တရား အလုံးစုံကို ပြည့်စုံစေပြီ။*+ ၁၅ အချင်းချင်း နာကျင်စေမယ်၊ တိုက်ခိုက်နေမယ်ဆိုရင်+ အချင်းချင်း ဖျက်ဆီးရာပဲ ရောက်မှာမို့လို့ သတိထားကြပါ။+
၁၆ ကျွန်တော် ပြောမယ်။ စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲလျှောက်လှမ်းကြပါ။+ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။+ ၁၇ အပြစ်ရှိတဲ့ အလိုဆန္ဒဟာ စွမ်းအားတော်နဲ့ ဆန့်ကျင်တယ်။ စွမ်းအားတော်ကလည်း အပြစ်ရှိတဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်တယ်။ အဲဒီနှစ်ခုဟာ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ကိုယ်လုပ်ချင်တာကို မလုပ်နိုင်ကြဘူး။+ ၁၈ ဒါ့အပြင် ခင်ဗျားတို့သာ စွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုရင် ပညတ်လက်အောက်မှာ မရှိတော့ဘူး။
၁၉ အပြစ်ရှိတဲ့အကျင့်တွေကို အထင်အရှား မြင်နေရတာပဲ။ အဲဒီအကျင့်တွေကတော့ လိင်အကျင့်ယိုယွင်းခြင်း၊*+ မသန့်ရှင်းခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊*+ ၂၀ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊*+ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ ငြင်းခုံခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊ ၂၁ မနာလိုမရှုဆိတ်ဖြစ်ခြင်း၊ သောက်စားမူးယစ်ခြင်း၊+ အထိန်းအကွပ်မဲ့ ပွဲလုပ်ခြင်းစတဲ့ အရာတွေပဲ။+ ဒါတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့ဖူးသလို အခုလည်း သတိပေးလိုက်မယ်။ ဒါတွေကို ကျင့်တဲ့သူတွေဟာ ဘုရားသခင့် နိုင်ငံတော်ကို အမွေခံရမှာ မဟုတ်ဘူး။+
၂၂ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ* ကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊+ ယုံကြည်ခြင်း၊ ၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။+ အဲဒါတွေကို ဆန့်ကျင်တဲ့ ပညတ်ဆိုတာ မရှိဘူး။ ၂၄ ခရစ်တော်ယေရှု ပိုင်ဆိုင်သူတွေဟာ အပြစ်ရှိတဲ့ ရမ္မက်တွေ၊ အလိုဆန္ဒတွေကို သစ်တိုင်မှာ ရိုက်ထားလိုက်ကြပြီ။+
၂၅ ကျွန်တော်တို့ဟာ စွမ်းအားတော်ရဲ့ လမ်းပြမှုနဲ့အညီ အသက်ရှင်တာမှန်ရင် စွမ်းအားတော် လမ်းပြတဲ့အတိုင်း စနစ်တကျ လျှောက်လှမ်းကြစို့။+ ၂၆ အတ္တဆန်တာ၊+ အချင်းချင်း ပြိုင်ဆိုင်တာ၊+ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။
၆ ညီအစ်ကိုတို့၊ တစ်ယောက်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်းမှားသွားတယ်ဆိုရင် ဘုရားရေးရာ အရည်အသွေးရှိတဲ့ ခင်ဗျားတို့က အဲဒီလိုလူကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့+ တည့်မတ်ပေးလိုက်ပါ။ ဒါပေမဲ့ ကိုယ်တိုင်လည်း+ အပြစ်သွေးဆောင်ခံရနိုင်တာမို့ အမြဲသတိထားကြပါ။+ ၂ အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။+ ဒါဆိုရင် ခရစ်တော်ရဲ့တရားကို လိုက်နာရာရောက်လိမ့်မယ်။+ ၃ ဘာမှမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ထင်နေရင်+ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ ၄ လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။+ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။+ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။ ၅ ဘာလို့လဲဆိုတော့ လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။+
၆ ဒါ့အပြင် တရားစကားတော် သင်ယူသူတိုင်းဟာ သင်ပေးတဲ့သူကို ကောင်းမွန်ရာမှန်သမျှ မျှဝေပေးပါစေ။+
၇ လှည့်စားမခံကြပါနဲ့။ ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။+ ၈ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်။ စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲတဲ့သူကတော့ စွမ်းအားတော် လမ်းပြတဲ့အတိုင်း ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မယ်။+ ၉ ဒါကြောင့် မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။+ ၁၀ ဒါကြောင့် အခွင့်အရေးရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်းတူတဲ့သူတွေကို ကောင်းမှုပြုကြစို့။
၁၁ ခင်ဗျားတို့ဆီ ကျွန်တော်ကိုယ်တိုင် စာလုံးကြီးတွေနဲ့ ရေးလိုက်တယ်ဆိုတာ ကြည့်ကြပါ။
၁၂ လူအထင်ကြီးခံချင်တဲ့သူတွေဟာ ခရစ်တော်ရဲ့ ဒုက္ခသစ်တိုင်ကြောင့်* နှိပ်စက်ညှဉ်းဆဲမခံချင်လို့ ခင်ဗျားတို့ကို အတင်းအကျပ် အရေဖျားဖြတ်ခိုင်းနေတာ။ ၁၃ တကယ်တော့ အရေဖျားဖြတ်ထားသူတွေ ကိုယ်တိုင်က ပညတ်တရားကို မစောင့်ထိန်းကြပါဘူး။+ ခင်ဗျားတို့ကိုကျတော့ အရေဖျားဖြတ်စေချင်ကြတယ်။ အဲဒါမှ ခင်ဗျားတို့ရဲ့ အပြင်ပန်းခန္ဓာနဲ့ပတ်သက်ပြီး သူတို့ ကြွားနိုင်မှာလေ။ ၁၄ ကျွန်တော်ကတော့ ဒုက္ခသစ်တိုင်ပေါ် အသေခံခဲ့တဲ့ သခင်ယေရှုခရစ်အကြောင်းကလွဲပြီး+ ဘာအတွက်မှ မကြွားပါရစေနဲ့။ ကျွန်တော့်အမြင်မှာ ဒီလောကဟာ ခရစ်တော်အားဖြင့် သေဆုံးနေပြီ။ လောကအမြင်မှာလည်း ကျွန်တော် သေဆုံးနေပြီ။ ၁၅ အရေဖျားဖြတ်တာ၊ မဖြတ်တာဟာ အရေးမကြီးပါဘူး။+ ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ အသစ်သောအရာကသာ+ အရေးကြီးတာပါ။ ၁၆ ဒီကျင့်ဝတ်အတိုင်း စနစ်တကျ လျှောက်လှမ်းသူတွေအပေါ်၊ ဘုရားသခင်ရဲ့ အစ္စရေးလူမျိုးအပေါ်+ ငြိမ်သက်ခြင်းနဲ့ ကရုဏာတော် သက်ရောက်ပါစေ။
၁၇ ကျွန်တော့်ကိုယ်မှာ ယေရှုရဲ့ကျွန်ဆိုပြီး အမှတ်အသား ခတ်နှိပ်ထားပြီဖြစ်လို့+ အခုကစပြီး ကျွန်တော့်ကို ဘယ်သူမှ ဒုက္ခမပေးကြပါနဲ့။
၁၈ ညီအစ်ကိုတို့၊ အရည်အသွေးကောင်းတွေ ပြသတဲ့အတွက် ခင်ဗျားတို့ဆီမှာ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ သက်ရောက်ပါစေ။ အာမင်။*
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ပေတရု။
မူရင်း၊ “တိုင်မကြီး။”
ပေတရု။
ပေတရု။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“ဖေဖေ” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူး (သို့) အာရမိတ်စကားလုံး။
ဒါမှမဟုတ်၊ “မိန်းမစိုးတွေ ဖြစ်သွားကြပါစေ။” ဒီနည်းနဲ့ သူတို့ကိုယ်တိုင်ထောက်ခံနေတဲ့ ပညတ်တရားကို စောင့်ထိန်းဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်ဘူး။
“ပညတ်တရားတစ်ခုလုံးရဲ့ အနှစ်ချုပ်ပဲ” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “အသီးအပွင့်။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”