ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ကောလောသဲ ၁:၁-၄:၁၈
  • ကောလောသဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောလောသဲ
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ကောလောသဲ

ကောလောသဲ

၁ ဘုရားသခင်ရဲ့ အလိုတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်လာတဲ့ ကျွန်တော် ပေါလုနဲ့ ညီအစ်ကို  တိမောသေက၊+ ၂ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ကောလောသဲမြို့က သန့်ရှင်းသူတွေ၊ သစ္စာရှိညီအစ်ကိုတွေဆီ စာရေးလိုက်ပါတယ်။

အဖဘုရားသခင်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။

၃ ခင်ဗျားတို့အတွက် ဆုတောင်းတိုင်းမှာ  သခင်  ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ၄ ခရစ်တော်ယေရှုကို ခင်ဗျားတို့ ယုံကြည်တဲ့အကြောင်း၊ သန့်ရှင်းသူတွေကို မေတ္တာပြတဲ့အကြောင်း ကြားသိရလို့ပါ။ ၅ ကောင်းကင်ဆုကျေးဇူးကို ခင်ဗျားတို့  မျှော်လင့်နေကြတယ်။+ အမှန်တရားနဲ့ဆိုင်တဲ့ သတင်းကောင်းကို ပထမဆုံးအကြိမ် ကြားနာရတဲ့အခါ  အဲဒီမျှော်လင့်ချက်အကြောင်း ခင်ဗျားတို့ သိလာတယ်။ ၆ ဘုရားသခင်ရဲ့ မဟာကရုဏာကို တိကျမှန်ကန်စွာ ကြားသိချိန်ကစပြီး ခင်ဗျားတို့ဆီမှာ သတင်းကောင်း သီးပွင့်ဖြစ်ထွန်းခဲ့တယ်။ ခင်ဗျားတို့ဆီ ရောက်လာတဲ့ အဲဒီသတင်းကောင်းဟာ သီးပွင့်ဖြစ်ထွန်းပြီး ကမ္ဘာအရပ်ရပ်မှာလည်း  ပျံ့နှံ့နေတယ်။+ ၇ ကျွန်တော်တို့ကိုယ်စား ခရစ်တော်ရဲ့ကျွန်အဖြစ် အမှုဆောင်သူ၊ ချစ်ရတဲ့ သစ္စာရှိညီအစ်ကို ဧပဖြဆီကနေ+  ခင်ဗျားတို့ သတင်းကောင်း ကြားသိခဲ့ရတယ်။ ၈ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ ခင်ဗျားတို့ရဲ့ မေတ္တာအကြောင်းကိုလည်း သူပြောပြလို့ သိခဲ့ရတယ်။

၉ အဲဒီအကြောင်း ကြားတဲ့နေ့ကစပြီး ခင်ဗျားတို့အတွက် အမြဲ ဆုတောင်းတယ်။+ ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းနိုင်ဖို့၊+ စစ်မှန်တဲ့ ဉာဏ်ပညာ ရရှိဖို့၊ စွမ်းအားတော်အားဖြင့် နားလည်နိုင်စွမ်းရရှိဖို့+ ဆုတောင်းပေးတယ်။ ၁၀ ဒါမှသာ ယေဟောဝါရဲ့* နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိပြီး ဘုရားသခင်နဲ့ ထိုက်တန်စွာ  လျှောက်လှမ်းနိုင်ကြမှာပါ။ ကောင်းမှုအမျိုးမျိုး လုပ်ဆောင်တဲ့အခါမှာလည်း ရလဒ်ကောင်းရရှိပြီး ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာ ပိုသိကျွမ်းလာကြမှာပါ။+ ၁၁ ဘုန်းတန်ခိုးတော်ကြောင့် ခွန်အားပြည့်ဝလာပြီး+ အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်ကြပါစေ။ ၁၂ အလင်းမှာရှိတဲ့ သန့်ရှင်းသူတွေရဲ့ အမွေကို+ ရရှိနိုင်ဖို့ ခင်ဗျားတို့ကို အရည်အချင်း ပြည့်မီစေတဲ့ အဖဘုရားကို ကျေးဇူးတင်ကြပါစေ။

၁၃ ဘုရားသခင်က  ကျွန်တော်တို့ကို  မှောင်မိုက်တန်ခိုးအောက်ကနေ ကယ်တင်ပြီး+ ချစ်ရတဲ့ သားတော်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ခဲ့တယ်။ ၁၄ အဲဒီသားတော်ရဲ့ ရွေးဖိုးအားဖြင့်  ကျွန်တော်တို့   လွတ်မြောက်သွားပြီး  အပြစ်တွေ  ခွင့်လွှတ်ခံရတယ်။+ ၁၅ သူဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်ဖြစ်တယ်။+ ဖန်ဆင်းရာအားလုံးမှာ သားဦးပဲ။+ ၁၆ ဘုရားသခင်က သူ့ကိုသုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ မြင်နိုင်တဲ့အရာ၊ မမြင်နိုင်တဲ့အရာ၊+ ရာဇပလ္လင်၊ အုပ်စိုးရှင်၊ အစိုးရ၊ အာဏာပိုင်တွေကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းကို သူ့အားဖြင့် ဖန်ဆင်းခဲ့တယ်၊+ သူ့အတွက် ဖန်ဆင်းခဲ့တယ်။ ၁၇ ဒါ့အပြင် တခြားဖန်ဆင်းရာတစ်ခုမှ မရှိခင် သူ ဦးဆုံးတည်ရှိခဲ့တယ်။+ သူ့ကြောင့် တခြားအရာအားလုံး တည်ရှိလာတယ်။ ၁၈ သူဟာ  အသင်းတော်ဖြစ်တဲ့ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းပဲ။+ အရာခပ်သိမ်းရဲ့ အစအဦးပဲ။ သေရာကနေ ဦးဆုံးထမြောက်လာတဲ့  သားဦးပဲ။+ ဒါကြောင့် အရာခပ်သိမ်းရဲ့ဦးဆုံး ဖြစ်လာတယ်။ ၁၉ ဘုရားသခင်က အရာခပ်သိမ်းကို သားတော်ဆီမှာ ပြည့်ဝစုံလင်စေချင်တယ်။+ ၂၀ ဘုရားသခင်က  ဒုက္ခသစ်တိုင်မှာ*  သားတော်သွန်းလောင်းခဲ့တဲ့ သွေးအားဖြင့်+ ရန်ငြိမ်းစေပြီး ကမ္ဘာမြေပေါ်က အရာဖြစ်စေ၊ ကောင်းကင်ပေါ်ကအရာဖြစ်စေ အရာခပ်သိမ်းကို သားတော်ကတစ်ဆင့် မိမိနဲ့ ပြန်လည်သင့်မြတ်စေချင်တယ်။+

၂၁ ခင်ဗျားတို့ဟာ တစ်ချိန်တုန်းက ဆိုးညစ်တဲ့အရာတွေဆီ  စိတ်ရောက်နေတဲ့အတွက် ဘုရားသခင်နဲ့ ကင်းကွာပြီး  ဘုရားရဲ့ရန်သူတွေ  ဖြစ်ခဲ့ကြတယ်။ ၂၂ အခုတော့ ဘုရားသခင်က သားတော်ရဲ့ လူသားခန္ဓာကို သေဆုံးစေခြင်းအားဖြင့် ခင်ဗျားတို့ကို မိမိနဲ့ ပြန်လည်သင့်မြတ်စေပြီ။ ဒါကြောင့် ခင်ဗျားတို့ဟာ ရှေ့တော်မှာ သန့်ရှင်းသူတွေ၊  အစွန်းအထင်း  မရှိသူတွေ၊ အပြစ်တင်စရာ မရှိသူတွေ ဖြစ်နိုင်ကြပြီ။+ ၂၃ ဒီတော့ ယုံကြည်ခြင်းမှာ ဆက်ပြီး ခိုင်မြဲနေကြပါ။+ ကြားသိခဲ့တဲ့ သတင်းကောင်းနဲ့ဆိုင်တဲ့ မျှော်လင့်ချက်ကို  မယိမ်းယိုင်စေဘဲ  ယုံကြည်ခြင်းအုတ်မြစ်ပေါ်မှာ+ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။+ ကမ္ဘာမြေအရပ်ရပ်မှာရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ။+ ကျွန်တော်ပေါလုဟာ အဲဒီသတင်းကောင်းကို ဟောပြောတဲ့ အမှုဆောင်ဖြစ်လာခဲ့ပြီ။+

၂၄ ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံနေရပေမဲ့  ကျွန်တော်  ဝမ်းသာပါတယ်။+ အသင်းတော်ဖြစ်တဲ့ ကိုယ်ခန္ဓာအတွက်+  ခရစ်တော်  ဒုက္ခခံခဲ့ရသလောက်တော့+ ကျွန်တော် မခံရသေးပါဘူး။ ၂၅ ခင်ဗျားတို့အကျိုးအတွက် တရားစကားတော်ကို အပြည့်အဝ ဟောပြောနိုင်ဖို့၊ ဘုရားပေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ကျွန်တော်ဟာ ဒီအသင်းတော်ရဲ့ အမှုဆောင်သူ ဖြစ်လာတယ်။+ ၂၆ မြင့်မြတ်တဲ့ အဲဒီလျှို့ဝှက်ချက်ကို+ လွန်ခဲ့တဲ့ လောကစနစ်တွေ*+ အဆက်ဆက်၊ လွန်ခဲ့တဲ့ လူမျိုးအဆက်ဆက်မှာ ဖုံးကွယ်ထားပေမဲ့ အခုတော့ သန့်ရှင်းသူတွေကို ဖွင့်ပြလိုက်ပြီ။+ ၂၇ ဘုရားသခင်က မြင့်မြတ်တဲ့ လျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ ဘုန်းစည်းစိမ်အကြောင်း လူမျိုးခြားတွေကိုလည်း သိစေချင်တယ်။+ အဲဒီလျှို့ဝှက်ချက်ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတာ၊ ခရစ်တော်နဲ့အတူ ဘုန်းအသရေ ခံစားဖို့ မျှော်လင့်ချက်ရှိတာကို ဆိုလိုတယ်။+ ၂၈ ခရစ်တော်အကြောင်းကို ကျွန်တော်တို့ ဟောနေတာ၊ လူတိုင်းကို သတိပေးဆုံးမပြီး စစ်မှန်တဲ့ ဉာဏ်ပညာနဲ့ သွန်သင်ပေးနေတာဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိသူ အားလုံးကို  ရင့်ကျက်သူတွေအဖြစ် ရှေ့တော်ဆီ ပို့ဆောင်ပေးနိုင်ဖို့ပါ။+ ၂၉ ဒါကြောင့် ကျွန်တော့်ဆီမှာ ခရစ်တော်ရဲ့ အစွမ်းခွန်အား သက်ရောက်နေတဲ့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်နေတယ်။+

၂ ခင်ဗျားတို့အတွက်၊ လောဒိကိမြို့မှာရှိတဲ့+ လူတွေအတွက်၊ ကျွန်တော့်ကို မမြင်ဖူးသူတွေအတွက် ကျွန်တော် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့မှန်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၂ ခင်ဗျားတို့ကို  စိတ်သက်သာရာရစေပြီး+  မေတ္တာနဲ့ နှောင်ဖွဲ့စည်းလုံးနေစေချင်လို့ပါ။+ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ခရစ်တော်အကြောင်း တိကျမှန်ကန်စွာ သိရှိနားလည်ခြင်းနဲ့ ကြွယ်ဝပြည့်စုံနိုင်လိမ့်မယ်။+ ၃ ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာဘဏ္ဍာ ရှိသမျှကို ခရစ်တော်ဆီမှာ အသေအချာ ဝှက်ထားတယ်။+ ၄ ယုတ္တိရှိရှိပြောပြီး လှည့်ဖြားတာကို ခင်ဗျားတို့ မခံရအောင် အခုလို ပြောနေတာပါ။ ၅ ခင်ဗျားတို့ဆီ လူကိုယ်တိုင် မရောက်နိုင်ပေမဲ့ စိတ်ကတော့ ရောက်နေတယ်။ ခင်ဗျားတို့ စည်းစနစ်တကျ ရှိနေတာ၊+ ခရစ်တော်ကို အခိုင်အမာ ယုံကြည်နေတာ+ သိရလို့ ဝမ်းသာမိတယ်။

၆ ဒါကြောင့် သခင်ခရစ်တော်ယေရှုကို လက်ခံခဲ့ကြသလို အခုလည်း ခရစ်တော်ကိုနာခံတဲ့ လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေကြပါ။ ၇ နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့+ သစ်ပင်လိုပဲ ခင်ဗျားတို့လည်း သင်ယူသိရှိခဲ့တဲ့အတိုင်း ယေရှုကို ယုံကြည်တဲ့စိတ်နဲ့ အခိုင်အမာ ရပ်တည်ကြပါ။+ ဘုရားသခင်ကို အမြဲ ကျေးဇူးတင်ချီးမွမ်းကြပါ။+

၈ အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့  လှည့်ဖြားမှုတွေနဲ့  ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။+  အဲဒါတွေဟာ  ခရစ်တော်ရဲ့ သွန်သင်ချက်ကို မဟုတ်ဘဲ လောကရဲ့ အခြေခံတရားတွေ၊ လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်။ ၉ ဘုရားသခင်ရဲ့ ဂုဏ်ရည်တော်တွေဟာ ခရစ်တော်ဆီမှာ အလုံးစုံရှိတယ်။+ ၁၀ ဒါကြောင့် အစိုးရရှိသမျှ၊ အာဏာပိုင်ရှိသမျှရဲ့  ဦးခေါင်းဖြစ်တဲ့  ခရစ်တော်အားဖြင့် ခင်ဗျားတို့ အလုံးစုံ ရရှိထားပြီ။+ ၁၁ ခရစ်တော်ရဲ့ နောက်လိုက်အနေနဲ့ ခင်ဗျားတို့ အရေဖျားဖြတ်ခဲ့ကြတယ်။ ပကတိ အရေဖျားဖြတ်တာတော့ မဟုတ်ဘူး၊ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ဖယ်ရှားခဲ့ကြတာ။+ ခရစ်တော်ရဲ့ ကျွန်မှန်ရင် အဲဒီနည်းအတိုင်း အရေဖျားဖြတ်ရမယ်။+ ၁၂ ခရစ်တော်ခံတဲ့ နှစ်ခြင်းကို ခင်ဗျားတို့ ခံလိုက်တဲ့အခါ သူနဲ့အတူ သင်္ဂြိုဟ်ခံခဲ့ရတယ်။+ ခင်ဗျားတို့ဟာ သူ့နောက်လိုက်တွေ ဖြစ်တဲ့အတွက်၊ သူ့ကို သေရာကနေ အသက်ပြန်ရှင်စေတဲ့+ ဘုရားသခင်ရဲ့ တန်ခိုးကြီးလုပ်ရပ်ကို ယုံကြည်တဲ့အတွက် သူနဲ့အတူ အသက်ပြန်ရှင်လာခဲ့တယ်။+

၁၃ ဒါ့အပြင် ခင်ဗျားတို့ဟာ ပြစ်မှားမှုတွေ၊ ပကတိအရေဖျား မဖြတ်ထားတာတွေကြောင့် လူသေလို ဖြစ်ခဲ့ပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ခရစ်တော်နဲ့အတူ အသက်ရှင်စေပြီ။+ ကျွန်တော်တို့ရဲ့ အပြစ်မှန်သမျှကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်ပြီ။+ ၁၄ ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖော်ထုတ်တဲ့၊+ ပညတ်ချက်တွေပါတဲ့+ လက်ရေးစာချုပ်ကို+ ပယ်ဖျက်လိုက်ပြီ။ ဒုက္ခသစ်တိုင်ပေါ်* ရိုက်ထားခြင်းအားဖြင့် ဖယ်ရှားလိုက်ပြီ။+ ၁၅ ဘုရားသခင်က ဒုက္ခသစ်တိုင်အားဖြင့်* အစိုးရတွေ၊ အာဏာပိုင်တွေကို အနိုင်ယူလိုက်ပြီ။+ အောင်ပွဲခံချီတက်ရာမှာ သူတို့ကို သုံ့ပန်းတွေအဖြစ် ခေါ်ဆောင်ပြီး လူအများမြင်အောင် ပြသလိုက်ပြီ။

၁၆ ဒါကြောင့်  အစားအသောက်တွေ၊+ ပွဲနေ့၊ လဆန်းနေ့၊+ ဥပုသ်နေ့ စောင့်ထိန်းတာတွေနဲ့ပတ်သက်ပြီး+ ခင်ဗျားတို့အတွက် သူတစ်ပါး ဆုံးဖြတ်ပေးရတာမျိုး မဖြစ်စေနဲ့။ ၁၇ အဲဒါတွေဟာ  နောင်လာမယ့်အရာတွေရဲ့ အရိပ်ပဲ။+  ကိုယ်ထည်အစစ်အမှန်ကတော့  ခရစ်တော်ဖြစ်တယ်။+ ၁၈ ဟန်ဆောင်နှိမ့်ချသူတွေ၊ ကောင်းကင်တမန်တွေကို ကိုးကွယ်သူတွေ* ရှိနေလို့ သတိထားကြပါ။ သူတို့က ခင်ဗျားတို့ကို ဆုမရအောင်+ တားဆီးနိုင်လို့ပါ။ မြင်ရတဲ့အရာတွေကိုပဲ သူတို့ “စွဲကိုင်” ထားကြတယ်။ သူတို့ရဲ့ အချည်းနှီးဖြစ်တဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်ပြီး ကြွားပြောတတ်ကြတယ်။ ၁၉ အဲဒီလိုလူတွေဟာ ဦးခေါင်းရဲ့ ခေါ်ဆောင်ရာနောက်ကို  မလိုက်ဘူး။+  တကယ်တော့ ဦးခေါင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဆစ်တွေ၊ အရွတ်တွေအားဖြင့် အချိတ်အဆက်မိအောင် လုပ်ပေးနေတာ။ ဘုရားသခင်ကလည်း ဦးခေါင်းအားဖြင့်ပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးထွားစေတာ။+

၂၀ ခင်ဗျားတို့က လောကရဲ့ အခြေခံတရားတွေကို ငြင်းပယ်ပြီး+ ခရစ်တော်နဲ့အတူ သေဆုံးခဲ့ပြီဆိုရင် လောကနဲ့ ပတ်သက်နေတဲ့ပုံစံမျိုးနဲ့ ဘာလို့ အသက်ရှင်နေရသေးတာလဲ။+ ၂၁ “မကိုင်ရ၊ မမြည်းစမ်းရ၊ မထိရ” ဆိုတဲ့ ပညတ်ချက်တွေကို+ ဘာလို့ လိုက်နာနေသေးတာလဲ။ ၂၂ အဲဒီပညတ်ချက်တွေဟာ လူ့အမိန့်၊ လူ့သွန်သင်ချက်တွေဖြစ်လို့ သုံးပြီးတဲ့နောက် ပျက်စီးသွားမယ့်အရာတွေပဲ။+ ၂၃ အဲဒီပညတ်ချက်တွေကို လိုက်တာက ဉာဏ်ပညာရှိပုံပေါက်ပေမဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို နှိပ်ကွပ်ရာမှာ ဘာမှ အထောက်အကူမပြုဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုးကွယ်ကြတဲ့အပြင် ဟန်ဆောင်နှိမ့်ချပြီး သူတို့ရဲ့ ကိုယ်ခန္ဓာကို မညှာမတာ နှိပ်စက်ကြလို့ပဲ။+

၃ ခင်ဗျားတို့က ခရစ်တော်နဲ့အတူ အသက်ရှင်လာပြီဆိုရင်+  အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကိုရဖို့ အမြဲအားထုတ်ကြပါ။ အထက်အရပ်ဟာ ဘုရားသခင်ရဲ့ လက်ယာဘက်၊ ခရစ်တော်ထိုင်တဲ့နေရာပဲ။+ ၂ မြေကြီးနဲ့ဆိုင်တဲ့ အရာတွေကို မစွဲလမ်းဘဲ+ အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကို စိတ်စွဲလမ်းနေကြပါ။+ ၃ ခင်ဗျားတို့ သေဆုံးခဲ့ပြီဖြစ်လို့ ခင်ဗျားတို့ရဲ့ အသက်ဟာ ခရစ်တော်ရဲ့ လက်ထဲမှာ ရှိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ညီတယ်။ ၄ ကျွန်တော်တို့ကို အသက်ရစေတဲ့ ခရစ်တော်+ ဘုန်းထင်ရှားတဲ့အခါ ခင်ဗျားတို့လည်း ခရစ်တော်နဲ့အတူ ဘုန်းထင်ရှားလိမ့်မယ်။+

၅ ဒါကြောင့် လိင်အကျင့်ယိုယွင်းခြင်း၊* ညစ်ညူးစွာကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း၊+ မကောင်းတဲ့ လိုအင်ဆန္ဒရှိခြင်း၊ လောဘကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို* သေစေကြပါ။+ လောဘကြီးခြင်းဟာ ရုပ်တုကိုးကွယ်ခြင်းပဲ။ ၆ အဲဒီအရာတွေကို လုပ်တဲ့သူတွေဟာ ဘုရားသခင့် အမျက်တော် ခံရလိမ့်မယ်။ ၇ ခင်ဗျားတို့ဟာ တစ်ချိန်က အဲဒီအကျင့်တွေအတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြတယ်။+ ၈ အခုတော့  ဒေါသကြီးတာ၊ စိတ်ဆိုးတာ၊ ဆိုးသွမ်းတာ၊+ ဆဲဆိုတာ၊+ ညစ်ညမ်းတဲ့စကား ပြောတာတွေကို+ ရှောင်ရမယ်။ ၉ အချင်းချင်း မလိမ်ကြနဲ့။+ စရိုက်ဟောင်းကိုရော စရိုက်ဟောင်းရဲ့ အကျင့်တွေကိုပါ ချွတ်ပယ်ကြပါ။+ ၁၀ ဘုရားသခင် ပေးထားတဲ့ စရိုက်သစ်ကို ဝတ်ဆင်ကြပါ။+ အဲဒီစရိုက်သစ်ဟာ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ ကိုက်ညီတယ်။+ ဒါကြောင့် ဘုရားသခင်ကို တိကျမှန်ကန်စွာ သိလာတာနဲ့အမျှ လူသစ်တွေဖြစ်အောင် အမြဲလုပ်နေရမယ်။ ၁၁ စရိုက်သစ်ကို ဝတ်ဆင်မယ်ဆိုရင် ဂျူးလူမျိုး၊ ဂရိလူမျိုး၊ အရေဖျားဖြတ်ထားသူ၊ အရေဖျားမဖြတ်ထားသူ၊ တိုင်းတစ်ပါးသား၊ သကုသိလူ၊* အစေခံကျွန်၊ လွတ်လပ်သူဆိုပြီး ရှိတော့မှာ မဟုတ်ဘူး။ ခရစ်တော်က အရာအားလုံးကို ဆက်စပ်ပေါင်းစည်းပေးတယ်။ သူ့လက်အောက်မှာ ကျွန်တော်တို့ရှိနေတယ်။+

၁၂ ဒါကြောင့်  ဘုရားသခင်  ရွေးချယ်သူတွေ၊+ သန့်ရှင်းသူတွေ၊ ချစ်မြတ်နိုးခံရသူတွေအနေနဲ့  ချစ်ခင်စာနာခြင်း၊+ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊+ နူးညံ့သိမ်မွေ့ခြင်း၊+ စိတ်ရှည်ခြင်းတို့ကို+ ဝတ်ဆင်ကြပါ။ ၁၃ အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင်+ ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။+ ယေဟောဝါက* ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။+ ၁၄ အဲဒါတွေအပြင် မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။+ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။+

၁၅ ဒါ့အပြင် ခင်ဗျားတို့ရင်ထဲမှာ ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း စိုးမိုးပါစေ။+ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာအောင်၊ အဲဒီငြိမ်သက်ခြင်းကို  ခံစားနိုင်အောင် ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားလို့ပဲ။ ပြီးတော့ ကျေးဇူးသိတတ်ကြပါ။ ၁၆ ခရစ်တော်ရဲ့  တရားစကားက ခင်ဗျားတို့ရင်ထဲမှာ အပြည့်အဝ  ကိန်းအောင်းပြီး  ခင်ဗျားတို့ကို ဉာဏ်ပညာရှိလာအောင်  လုပ်ပေးပါစေ။ ဆာလံသီချင်းတွေ၊+ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီချင်းတွေ သီဆိုပြီး၊ ဓမ္မသီချင်းတွေကို ကျေးဇူးတင်စိတ်နဲ့သီဆိုပြီး အချင်းချင်း သွန်သင်အားပေးကြပါ။ ယေဟောဝါကို* လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။+ ၁၇ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် သခင်ယေရှုရဲ့နာမည်ကို ထောက်ပြီး ပြောဆိုပြုမူကြပါ။ ယေရှုကတစ်ဆင့် အဖဘုရားသခင်ကို ကျေးဇူးတင်ကြပါ။+

၁၈ ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြပါ။+  ခရစ်ယာန်တွေဟာ  အဲဒီလိုပဲ  လက်အောက်ခံသင့်တယ်။ ၁၉ ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲချစ်ကြပါ။+ သူတို့ကို တရားလွန် ဒေါသမထွက်ပါနဲ့။*+ ၂၀ သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။+ အဲဒီလိုနာခံတာကို သခင်နှစ်သက်တယ်။ ၂၁ ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။+ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်။ ၂၂ အစေခံကျွန်တို့၊ ကိုယ့်သခင်ကို အရာရာမှာ နာခံကြပါ။+ မျက်နှာလိုမျက်နှာရ  လုပ်တတ်သူတွေလို  လူမြင်ကောင်းဖို့လောက်သာ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့၊ ယေဟောဝါကို* ကြောက်ရွံ့တဲ့စိတ်နဲ့ နာခံကြပါ။ ၂၃ ဘာပဲလုပ်လုပ်  လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါ* အတွက် လုပ်နေတယ်လို့ သဘောထားပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ။+ ၂၄ ဆုကျေးဇူးအနေနဲ့ ယေဟောဝါ* ဆီကနေ အမွေရရှိမယ်ဆိုတာ+ ခင်ဗျားတို့ သိနေတာပဲ။ သခင်ခရစ်တော်အတွက် အစေခံကြပါ။ ၂၅ မကောင်းတာလုပ်တဲ့သူဟာ မကောင်းတဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။+ ဘုရားသခင်ဟာ မျက်နှာမလိုက်တတ်ဘူး။+

၄ သခင်ဖြစ်သူတို့၊ ခင်ဗျားတို့ရဲ့ ကျွန်တွေကို တရားသဖြင့် မျှတစွာ ဆက်ဆံကြပါ။  ခင်ဗျားတို့လည်း ကောင်းကင်ဘုံမှာရှိတဲ့ သခင်ရဲ့ ကျွန်တွေပဲဆိုတာ သိထားပါ။+

၂ ဇွဲမလျှော့တမ်း  ဆုတောင်းကြပါ။+ ကျေးဇူးတင်ချီးမွမ်းပြီး ဆုတောင်းဖို့ မမေ့ပါနဲ့။*+ ၃ ကျွန်တော်တို့အတွက်လည်း ဆုတောင်းပေးပါ။+ ခရစ်တော်အကြောင်း  မြင့်မြတ်တဲ့  လျှို့ဝှက်ချက်ကို ကျွန်တော်တို့ ဟောပြောနိုင်ဖို့ ဘုရားသခင် တံခါးဖွင့်ပေးပါစေလို့ ဆုတောင်းပေးကြပါ။ ကျွန်တော်က မြင့်မြတ်တဲ့  လျှို့ဝှက်ချက်ကြောင့် အကျဉ်းကျနေတယ်။+ ၄ ဟောပြောသင့်တဲ့အတိုင်း  ရှင်းရှင်းလင်းလင်း ဟောပြောနိုင်ပါစေလို့လည်း  ဆုတောင်းပေးကြပါ။

၅ အသင်းတော်ပြင်ပက  လူတွေကို  ပညာသတိနဲ့ဆက်ဆံကြပါ။ အချိန်ကို အကျိုးရှိရှိအသုံးချကြပါ။*+ ၆ ဆားခတ်ထားတဲ့+ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်။+

၇ ချစ်ရတဲ့ညီအစ်ကို၊ သစ္စာရှိအမှုဆောင်၊ သခင့်ရဲ့ကျွန်၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်တဲ့ တုခိတ်က+  ကျွန်တော့်အခြေအနေကို အကြောင်းစုံ  ပြောပြလိမ့်မယ်။ ၈ ကျွန်တော်တို့ရဲ့  အခြေအနေကို ပြောပြပြီး စိတ်သက်သာရာရစေဖို့ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လိုက်တယ်။ ၉ ချစ်ရတဲ့ ညီအစ်ကို သြနေသိမ်လည်း+ သူနဲ့အတူ လိုက်လာလိမ့်မယ်။ သြနေသိမ်ဟာ သစ္စာရှိတဲ့သူပါ၊ ခင်ဗျားတို့ဒေသကပါပဲ။ ဒီမှာဖြစ်ပျက်နေသမျှ သူတို့ပြောပြလိမ့်မယ်။

၁၀ ကျွန်တော်နဲ့အတူ အကျဉ်းကျနေတဲ့ အာရိတ္တာခုက+ ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုကလည်း+ နှုတ်ဆက်လိုက်တယ်။ (မာကုရောက်လာခဲ့ရင် လက်ခံကြိုဆိုပါဆိုတဲ့+ ညွှန်ကြားချက်ကို ခင်ဗျားတို့ ရပြီးပြီ။) ၁၁ ယုတ္တုလို့ခေါ်တဲ့  ယေရှုကလည်း  ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ အားလုံးဟာ အရေဖျား  ဖြတ်ထားသူတွေပဲ။  ဘုရားသခင့် နိုင်ငံတော်အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆိုလို့ သူတို့ပဲ ရှိတာ။ ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ။ ၁၂ ခရစ်တော်ယေရှုရဲ့ ကျွန်၊ ခင်ဗျားတို့ဒေသက ဧပဖြလည်း+ နှုတ်ဆက်လိုက်တယ်။ ခင်ဗျားတို့အတွက် သူ ထက်ထက်သန်သန် ဆုတောင်းပေးနေတယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ဆိုင်တဲ့ အရာမှန်သမျှကို ခင်ဗျားတို့ အခိုင်အမာ ယုံကြည်စိတ်ချပြီး အဆုံးမှာ အပြည့်အဝ ရပ်တည်နိုင်ဖို့ပေါ့။ ၁၃ သူဟာ ခင်ဗျားတို့အတွက်၊ လောဒိကိမြို့နဲ့ ဟေရပေါလိမြို့မှာ ရှိတဲ့သူတွေအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော် ရဲရဲကြီးပြောနိုင်ပါတယ်။

၁၄ ချစ်ရတဲ့ သမားတော်လုကာနဲ့+ ဒေမကလည်း+ နှုတ်ဆက်လိုက်တယ်။ ၁၅ လောဒိကိမြို့က  ညီအစ်ကိုတွေကို၊ ညီအစ်မနုံဖနဲ့ သူ့အိမ်မှာ စုဝေးတဲ့ အသင်းတော်ကို နှုတ်ဆက်ပေးပါ။+ ၁၆ ဒီစာကို ခင်ဗျားတို့ဆီမှာ ဖတ်ပြီးတဲ့အခါ လောဒိကိအသင်းတော်မှာလည်း ဖတ်ခိုင်းပါ။ လောဒိကိမြို့ကနေရတဲ့ ကျွန်တော့်ရဲ့ စာကိုလည်း ခင်ဗျားတို့ ဖတ်ဖို့ စီစဉ်ကြပါ။+ ၁၇ အာခိပ္ပုကိုလည်း+ “သခင်ပေးအပ်ထားတဲ့ အလုပ်ကို ပြီးမြောက်အောင် ဂရုတစိုက် လုပ်ဆောင်ပါ” လို့ပြောလိုက်ပါ။

၁၈ ဒီနှုတ်ဆက်စကားကို ကျွန်တော် ပေါလုကိုယ်တိုင် ရေးလိုက်တယ်။+ ကျွန်တော် အကျဉ်းကျနေတယ်ဆိုတာ+ မမေ့ကြပါနဲ့။ မဟာကရုဏာတော်ကို ခင်ဗျားတို့ ခံစားရပါစေ။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

“ခရစ်တော်အားဖြင့်” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ ကိုးကွယ်သလို ကိုးကွယ်သူတွေ။”

ခက်ဆစ်ကိုကြည့်။

မူရင်း။ “မြေမှုန့်နဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို။”

ရိုင်းစိုင်းကြမ်းကြုတ်သူတွေကို ဆိုလို။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဒါမှမဟုတ်၊ “သူတို့ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

မူရင်း၊ “နိုးကြားနေကြပါ။”

မူရင်း၊ “အချိန်ကို ဝယ်ကြပါ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ