တိမောသေ ဒုတိယစောင်
၁ ဘုရားသခင့် အလိုတော်ကြောင့်၊ ခရစ်တော်ယေရှုအားဖြင့် ရရှိမယ့် အသက်တာနဲ့ဆိုင်တဲ့ ကတိတော်ကြောင့်+ ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်လာတဲ့ ပေါလုက၊ ၂ ချစ်ရတဲ့သား တိမောသေဆီ+ စာရေးလိုက်တယ်။
အဖဘုရားသခင်နဲ့ သခင် ခရစ်တော်ယေရှုဆီက မဟာကရုဏာ၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကို မင်းခံစားရပါစေ။
၃ မင်းကိုသတိရပြီး နေ့ညမပြတ် တိုးလျှိုးအသနားခံတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ငါက အဲဒီဘုရားသခင်ကို ဘိုးဘေးတွေ ကိုးကွယ်ခဲ့သလိုပဲ အမှားအမှန်သိစိတ် ကြည်လင်စွာ ကိုးကွယ်ပါတယ်။ ၄ မင်း မျက်ရည်ကျခဲ့တာကို ပြန်သတိရပြီး မင်းနဲ့ တွေ့ချင်လိုက်တာ။ တွေ့ခွင့်ရလို့ကတော့ ငါဝမ်းသာလိုက်မယ့်ဖြစ်ခြင်း။ ၅ မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့ ယုံကြည်ခြင်းကို+ ပြန်အမှတ်ရမိလို့ပါ။ အဲဒီယုံကြည်ခြင်းဟာ မင်းရဲ့အဘွား လောအိနဲ့ မိခင်ဥနိတ်ဆီမှာ ဦးဆုံးရှိခဲ့သလို မင်းဆီမှာလည်း ရှိနေမယ်ဆိုတာ ငါ စိတ်ချတယ်။
၆ ဒါကြောင့် သတိပေးချင်တာက မင်းအပေါ် လက်တင်ပြီး ငါအပ်နှင်းခဲ့တဲ့ ဘုရားပေးဆုကျေးဇူးကို+ မီးလိုတောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲအသုံးပြုပါ။ ၇ ဘာလို့လဲဆိုတော့ ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာမဟုတ်ဘူး။+ တန်ခိုးပါတဲ့စိတ်၊+ မေတ္တာစိတ်၊ ချင့်ချိန်တတ်တဲ့စိတ် ပေးသနားထားတာ။ ၈ ဒါကြောင့် သခင့်အကြောင်း သက်သေခံဖို့ မရှက်ပါနဲ့။+ သခင့်အတွက် ထောင်ကျနေတဲ့ ငါ့ကြောင့်လည်း မရှက်ပါနဲ့။ ဘုရားသခင်ရဲ့တန်ခိုးကို အားကိုးပြီး+ သတင်းကောင်းအတွက် ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိနေပါ။+ ၉ ဘုရားသခင်က ငါတို့ရဲ့လုပ်ရပ်ကြောင့် မဟုတ်ဘဲ မိမိရဲ့ ရည်ရွယ်ချက်ကြောင့်၊ မဟာကရုဏာကြောင့်+ ကျွန်တော်တို့ကို ကယ်တင်ပြီး သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ခဲ့တယ်။+ ဟိုးအရင်ကတည်းက ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို အဲဒီလို မဟာကရုဏာပြခဲ့တယ်။ ၁၀ အခု၊ ကယ်တင်ရှင် ခရစ်တော်ယေရှု ရောက်လာတဲ့အခါ အဲဒီမဟာကရုဏာဟာ ပိုပြီးထင်ရှားလာတယ်။+ ခရစ်တော်က သေခြင်းကို ဖယ်ရှားလိုက်ရုံမက+ အသက်ရှင်ခြင်းနဲ့+ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို+ ဘယ်လိုရရှိနိုင်မယ်ဆိုတာကိုပါ သတင်းကောင်းအားဖြင့်+ ရှင်းရှင်းလင်းလင်း နားလည်စေပြီ။ ၁၁ အဲဒီသတင်းကောင်းကို ကြေညာတဲ့ ဟောပြောသူအဖြစ်၊ တမန်တော်အဖြစ်၊ ဆရာအဖြစ် ငါ့ကို ခန့်အပ်ထားပြီ။+
၁၂ ဒါကြောင့် အခုလို ဆင်းရဲဒုက္ခခံနေရပေမဲ့+ ငါမရှက်ပါဘူး။+ ဘာလို့လဲဆိုတော့ ကိုယ်ယုံကြည်တဲ့အရှင်ကို သိလို့ပါ။ အဲဒီအရှင်က ငါအပ်ထားတဲ့အရာကို တရားစီရင်ရာနေ့အထိ စောင့်ရှောက်ပေးနိုင်တယ်ဆိုတာကိုလည်း ငါစိတ်ချတယ်။+ ၁၃ ငါ့ဆီက ကြားနာခဲ့ရတဲ့ အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို အမြဲလိုက်နာစောင့်ထိန်းပါ။+ တစ်ချိန်တည်းမှာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းကြောင့် ရလာတဲ့ ယုံကြည်ခြင်းနဲ့ မေတ္တာကိုလည်း အမြဲပြသပါ။ ၁၄ အဲဒီဘဏ္ဍာကို ငါတို့ဆီမှာ ကိန်းအောင်းနေတဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါ။+
၁၅ ဖုဂေလုနဲ့ ဟေရမောဂင် အပါအဝင် အာရှနယ်မှာရှိတဲ့သူတွေ+ ငါ့ကို ကျောခိုင်းသွားတာ မင်းအသိပဲ။ ၁၆ သြနေသိဖော်ရဲ့ မိသားစုကိုတော့+ ဘုရားသခင် ကရုဏာပြပါစေ။ သူ့ကြောင့် ငါ အကြိမ်ကြိမ် အားတက်ခဲ့ရတယ်။ ငါ့ကို သံကြိုးနဲ့ ချည်နှောင်ထားပေမဲ့ သူက မရှက်မကြောက်ဘဲ၊ ၁၇ ရောမမြို့ကို ရောက်တဲ့အခါ ငါ့ကို မတွေ့တွေ့အောင် ရှာတတ်တယ်။ ၁၈ တရားစီရင်ရာနေ့မှာ သူ့ကို ယေဟောဝါ* ကရုဏာပြပါစေ။ ဧဖက်မြို့မှာလည်း ငါ့ကို သူဘယ်လောက်ပြုစုခဲ့မှန်း မင်းသိပါတယ်။
၂ ငါ့သား၊+ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိခြင်းကြောင့် ရလာတဲ့ မဟာကရုဏာအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်နေအောင် လုပ်ပါ။ ၂ ငါ့ဆီကနေ မင်းကိုယ်တိုင်ရော လူအတော်များများပါ ကြားသိခဲ့ရတဲ့အရာတွေကို+ သစ္စာရှိအမျိုးသားတွေဆီ အပ်နှင်းပါ။ ဒါမှ တခြားသူတွေကို သွန်သင်ပေးဖို့ သူတို့ အရည်အချင်းရှိလာလိမ့်မယ်။ ၃ ခရစ်တော်ယေရှုရဲ့ စစ်သားကောင်းတစ်ဦးအနေနဲ့+ ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိပါ။+ ၄ စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ* ပါဝင်မှာမဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး။ ၅ ပြိုင်ပွဲဝင်တဲ့သူကလည်း စည်းမျဉ်းအတိုင်း မယှဉ်ပြိုင်ရင် သရဖူ ဆောင်းရမှာ မဟုတ်ဘူး။+ ၆ ဝီရိယရှိတဲ့ လယ်သမားဟာ လယ်ထွက်သီးနှံတွေကို ဦးဆုံး စားသုံးရမှာပဲ။ ၇ ငါပြောနေတာတွေကို အမြဲ စဉ်းစားဆင်ခြင်ပါ။ ဘုရားသခင်က မင်းကို အရာရာ သိနားလည်နိုင်စွမ်း ပေးလိမ့်မယ်။
၈ ဒါဝိဒ်ရဲ့မျိုးနွယ်ဖြစ်တဲ့+ ယေရှုခရစ်ဟာ သေရာကနေ အသက်ပြန်ရှင်ခဲ့ပြီဆိုတာ+ သတိရပါ။ အဲဒီသတင်းကောင်းကို ငါဟောနေတယ်။+ ၉ အဲဒီသတင်းကောင်းကြောင့် ဆင်းရဲဒုက္ခခံရပြီး ရာဇဝတ်သားတစ်ယောက်လို အကျဉ်းကျနေတယ်။+ ဒါပေမဲ့ ဘုရားသခင်ရဲ့ တရားစကားကိုတော့ ချုပ်နှောင်လို့ မရပါဘူး။+ ၁၀ ဘုရားသခင် ရွေးချယ်သူတွေရဲ့ အကျိုးအတွက် အရာရာကို ငါခံရပ်နေမှာပဲ။+ ဒါမှ သူတို့လည်း ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိလာပြီး ကယ်တင်ခြင်း ရနိုင်လိမ့်မယ်၊ ထာဝရဘုန်းအသရေကို ခံစားနိုင်လိမ့်မယ်။ ၁၁ ခရစ်တော်နဲ့အတူ သေဆုံးတယ်ဆိုရင် ခရစ်တော်နဲ့အတူ အသက်ရှင်မယ်ဆိုတဲ့စကားဟာ မှန်ကန်တယ်။+ ၁၂ ငါတို့ ဆက်ပြီးခံရပ်မယ်ဆိုရင် ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အုပ်စိုးရလိမ့်မယ်။+ ခရစ်တော်ကို ငြင်းပယ်ရင်တော့ ငါတို့ကိုလည်း သူငြင်းပယ်မှာပဲ။+ ၁၃ ငါတို့ သစ္စာမရှိဘူးဆိုရင်လည်း ဘုရားသခင်ကတော့ သစ္စာရှိတယ်။ ဘုရားသခင်က မိမိစံနှုန်းကို ဆန့်ကျင်ပြီး မလုပ်ဘူး။*
၁၄ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ကို မပြတ်သတိပေးနေပါ။ အကျိုးမရှိရုံသာမက ကြားနာသူတွေကို အကျိုးယုတ်စေတဲ့ စကားတွေနဲ့ပတ်သက်ပြီး မငြင်းခုံကြဖို့ ဘုရားသခင်ရှေ့မှာ သူတို့ကို ညွှန်ကြားပါ။ ၁၅ ဘုရားသခင် နှစ်သက်သူအဖြစ်၊ ကိုယ်လုပ်ဆောင်ခဲ့ရာတွေအတွက် ရှက်စရာအကြောင်းမရှိတဲ့ လုပ်သားအဖြစ်၊ အမှန်တရားနဲ့ဆိုင်တဲ့ တရားစကားကို ပိုင်ပိုင်နိုင်နိုင် သွန်သင်ရှင်းပြနိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဆက်သနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ။+ ၁၆ သန့်ရှင်းမြင့်မြတ်ရာကို စော်ကားတဲ့ အချည်းနှီးစကားတွေကို နားမထောင်ပါနဲ့။+ အဲဒီစကားတွေဟာ ဘုရားတရားမဲ့တဲ့အဖြစ်ကို ပိုပြီး ဦးတည်စေလို့ပဲ။ ၁၇ အဲဒီစကားတွေဟာ အသားကိုလှိုက်စားတဲ့ ခူနာလိုပဲ။ အဲဒီလိုပြောတဲ့သူတွေထဲမှာ ဟုမေနဲနဲ့ ဖိလက်ပါတယ်။+ ၁၈ အဲဒီလူတွေက ရှင်ပြန်ထမြောက်ခြင်း ဖြစ်နှင့်နေပြီလို့+ ပြောပြီး အမှန်တရားလမ်းကနေ ကိုယ်တိုင်သွေဖည်သွားရုံမက လူတချို့ရဲ့ ယုံကြည်ခြင်းကိုပါ ပျက်စီးအောင် လုပ်နေကြပြီ။ ၁၉ ဒါပေမဲ့ ဘုရားသခင်ချထားတဲ့ အုတ်မြစ်ကတော့ အခိုင်အမာတည်နေပြီ။ အဲဒီအုတ်မြစ်ပေါ်မှာ “ယေဟောဝါ* ဘုရားက မိမိရဲ့လူ ဘယ်သူလဲဆိုတာ သိတယ်၊”+ “ယေဟောဝါ* ဘုရားရဲ့ နာမည်ကိုခေါ်ပြီး+ ဆုတောင်းသူတိုင်း မတရားမှုကို စွန့်လွှတ်ပါစေ” ဆိုပြီး ကမ္ပည်းထိုးထားတယ်။
၂၀ အိမ်ကြီးတစ်လုံးမှာ ရွှေအိုး၊ ငွေအိုးတွေသာမက သစ်သားအိုး၊ မြေအိုးတွေလည်း ရှိတယ်။ အိုးတချို့ကို အသရေရှိတဲ့နေရာမှာ သုံးတယ်၊ တချို့ကို အသရေမရှိတဲ့နေရာမှာ သုံးတယ်။ ၂၁ အသရေမရှိတဲ့အိုးတွေနဲ့ ကင်းကင်းနေတဲ့သူဟာ သီးသန့်ဖယ်ထားသူ၊ ပိုင်ရှင်အတွက် အသုံးဝင်သူ၊ ကောင်းမှုအမျိုးမျိုးအတွက် အသင့်ရှိသူ ဖြစ်တယ်။ သူ့ကို အသရေရှိတဲ့နေရာမှာ သုံးတယ်။ ၂၂ ဒါကြောင့် လူငယ်တွေမှာဖြစ်တတ်တဲ့ အလိုဆန္ဒတွေကို ဝေးဝေးရှောင်ပါ။ ဖြူစင်တဲ့နှလုံးသားရှိပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားသူတွေနဲ့အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်းရှိနိုင်ဖို့ အမြဲ ကြိုးစားပါ။
၂၃ ဒါ့အပြင် မိုက်မဲပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အပြန်အလှန် ငြင်းခုံနေတာက+ ခိုက်ရန်ဖြစ်စေတယ်ဆိုတာကို သိမှတ်ပြီး အဲဒါကို ငြင်းပယ်ပါ။ ၂၄ ဘုရားသခင်ရဲ့ကျွန်ဟာ ခိုက်ရန်ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ၊*+ သွန်သင်နိုင်စွမ်းရှိသူ၊ သူတစ်ပါးရဲ့အမှားကို သည်းခံနိုင်သူ၊+ ၂၅ သဘောချင်းမတူတဲ့သူကို နူးညံ့သိမ်မွေ့စွာ သွန်သင်ပေးသူ ဖြစ်ရမယ်။+ သူတို့ နောင်တရပြီး* အမှန်တရားနဲ့ဆိုင်တဲ့ တိကျမှန်ကန်တဲ့ အသိပညာ သိရှိလာအောင် ဘုရားသခင် အခွင့်အရေးပေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။+ ၂၆ ဒီလိုနဲ့ သူတို့တွေ အသိတရား ရလာပြီး မာရ်နတ်ထောင်ထားတဲ့ ကျော့ကွင်းကနေ လွတ်ကောင်းလွတ်နိုင်လိမ့်မယ်။ မာရ်နတ်က မိမိအလိုအတိုင်း လိုက်လုပ်ဖို့ သူတို့ကို အရှင်လတ်လတ် ဖမ်းဆီးထားတာ။+
၃ နောက်ဆုံးကာလဟာ+ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ၂ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ၃ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ ၄ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊ ၅ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။+ အဲဒီလူတွေကို ရှောင်ပါ။ ၆ အဲဒီလူတွေထဲကနေ လှည့်ဖြားသူတွေ ပေါ်လာလိမ့်မယ်။ သူတို့က အပြစ်ဝန်ပိနေတဲ့၊ အညှာလွယ်တဲ့ အမျိုးသမီးတွေရဲ့ အိမ်ထဲ စဉ်းလဲတဲ့အကြံနဲ့ဝင်ပြီး စည်းရုံးသိမ်းသွင်းတဲ့အတွက် အဲဒီအမျိုးသမီးတွေဟာ အလိုဆန္ဒ အမျိုးမျိုးနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတတ်တယ်။ ၇ အဲဒီအမျိုးသမီးတွေဟာ အမြဲသင်ယူနေပေမဲ့ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိနားလည်နိုင်စွမ်း မရှိကြဘူး။
၈ ယန္နေနဲ့ ယံဗြေက မောရှေကို အတိုက်အခံ လုပ်ခဲ့သလို အဲဒီလူတွေကလည်း အမှန်တရားကို အတိုက်အခံလုပ်ကြတယ်။ သူတို့ရဲ့စိတ်ဟာ လုံးဝယိုယွင်းနေတဲ့အပြင် ယုံကြည်ခြင်းတရားနဲ့ ပတ်သက်လာရင်လည်း ဘုရားသခင်ရဲ့ နှစ်သက်မှုကို မရဘူး။ ၉ ဒါပေမဲ့ ယန္နေနဲ့ ယံဗြေလိုပဲ သူတို့ရဲ့ မိုက်မဲခြင်းကလည်း လူအားလုံးရှေ့မှာ ဘွင်းဘွင်းကြီး ပေါ်လာမှာဖြစ်လို့ သူတို့ ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ဘူး။+ ၁၀ မင်းကတော့ ငါ့ရဲ့ သွန်သင်ခြင်း၊ ဘဝလမ်းစဉ်၊+ ရည်မှန်းချက်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်တွေကို အနီးကပ် လိုက်လျှောက်ခဲ့ပြီ။ ၁၁ အန္တိအုတ်မြို့၊+ အိကောနိမြို့၊+ လုတ္တရမြို့တွေမှာ+ ငါညှဉ်းဆဲခံရပြီး ဒုက္ခရောက်ခဲ့မှန်း မင်းသိပါတယ်။ အဲဒီညှဉ်းဆဲမှုတွေကို ငါခံရပ်နိုင်ခဲ့တယ်၊ သခင်ကလည်း ငါ့ကို ကယ်တင်ပေးခဲ့တယ်။+ ၁၂ တကယ်တော့ ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။+ ၁၃ ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာပြီး သူတစ်ပါးကို လှည့်စားတဲ့အပြင် ကိုယ်တိုင်လည်း လှည့်စားခံနေရတယ်။+
၁၄ မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။+ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။ ၁၅ သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက+ မင်းသိရှိခဲ့တယ်။+ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။+ ၁၆ ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက်+ လူတွေကို သွန်သင်တဲ့အခါ၊+ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။+ ၁၇ အဲဒီအခါ ဘုရားသခင်ရဲ့လူက မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေလိမ့်မယ်။
၄ ခရစ်တော်ယေရှုက ပေါ်ထွန်းလာပြီး+ ဘုရင်အဖြစ် ရောက်လာတဲ့အခါ+ အသက်ရှင်သူတွေကိုရော သေလွန်သူတွေကိုပါ+ တရားစီရင်လိမ့်မယ်။+ ဘုရားသခင်ရှေ့၊ ခရစ်တော်ရှေ့မှာ မင်းကို ငါမှာကြားချင်တာက၊ ၂ တရားစကားကို ဟောပြောပါ။+ အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အရေးတကြီး ဟောပြောပါ။ အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်းနည်းပညာ သုံးပြီး+ ပဲ့ပြင်ပေးပါ၊+ ပြစ်တင်ဆုံးမပါ၊ တိုက်တွန်းနှိုးဆော်ပါ။ ၃ ဘာလို့လဲဆိုတော့ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို+ နားမထောင်ချင်တော့ဘဲ ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေမယ့်အချိန် ရောက်လာမှာဖြစ်လို့ပဲ။+ ၄ သူတို့က အမှန်တရားကို နားမထောင်ဘဲ ယုံတမ်းစကားတွေကို နားထောင်ကြလိမ့်မယ်။ ၅ မင်းကတော့ အရာရာမှာ သတိရှိနေပါ။ အခက်အခဲတွေကို ခံရပ်ပါ။+ သတင်းကောင်းကို* ဆက်ဟောပြောနေပါ။ ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပါ။+
၆ ငါကတော့ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို+ သဘောထားပြီး ပေးဆပ်ခဲ့ပြီ။ သေဆုံးမယ့်အချိန်လည်း နီးလာပြီ။+ ၇ မွန်မြတ်တဲ့တိုက်ပွဲကို ဆင်နွှဲခဲ့ပြီ။+ ပြေးပွဲကို အဆုံးအထိ ပြေးခဲ့ပြီ။+ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ။ ၈ ဖြောင့်မတ်တဲ့ တရားသူကြီးဖြစ်တဲ့+ သခင်က ဖြောင့်မတ်သူတွေကိုပေးမယ့် သရဖူကို ငါ့အတွက် အသင့်ပြင်ထားတယ်။+ တရားစီရင်ရာနေ့မှာ အဲဒီသရဖူကို ဆုလာဘ်အဖြစ် ငါ့ကို ပေးလိမ့်မယ်။+ ငါ့ကိုသာမက သခင်ပေါ်ထွန်းချိန်ကို စောင့်မျှော်နေသူ အားလုံးကိုလည်း ပေးလိမ့်မယ်။
၉ ဖြစ်နိုင်ရင် ငါ့ဆီ အမြန်ဆုံးလာခဲ့ပါ။ ၁၀ ဒေမက+ လက်ရှိ လောကစနစ်ကို* စွဲလမ်းတဲ့အတွက် ငါ့ကိုထားခဲ့ပြီး သက်သာလောနိတ်မြို့ဆီ ထွက်သွားပြီ။ ကရေကက ဂလာတိပြည်ကို၊ တိတုက ဒါလမာတိပြည်ကို သွားပြီ။ ၁၁ လုကာတစ်ယောက်ပဲ ငါနဲ့အတူ ရှိနေတယ်။ မာကုကိုလည်း တစ်ပါတည်း ခေါ်ခဲ့ပါ။ ဘုရားပေးတာဝန်ကို ထမ်းဆောင်တဲ့အခါ သူဟာ ငါ့အတွက် သိပ်အကူအညီဖြစ်တယ်။ ၁၂ တုခိတ်ကိုတော့+ ဧဖက်မြို့ဆီ လွှတ်လိုက်ပြီ။ ၁၃ မင်းလာတဲ့အခါ တရောမြို့က ကာပုဆီမှာ ငါထားရစ်ခဲ့တဲ့ အပေါ်ဝတ်ရုံနဲ့ ကျမ်းလိပ်တွေ၊ အထူးသဖြင့် သားရေစာလိပ်တွေကို ယူခဲ့ပါ။
၁၄ ပန်းတဉ်းဆရာ အလက်ဇန္ဒားက ငါ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ်။ သူ့လုပ်ရပ်အတိုင်း ယေဟောဝါ* ပြန်ဆပ်ပေးမှာပါ။+ ၁၅ မင်းလည်း သူ့ကို သတိထားပါ။ ငါတို့ဟောတဲ့သတင်းကို သူ အကြီးအကျယ် အတိုက်အခံလုပ်ခဲ့တယ်။
၁၆ ပထမအကြိမ် ငါ ထုချေပြောဆိုရတုန်းက အနားမှာ ဘယ်သူမှမရှိဘူး။ အားလုံး စွန့်ခွာသွားတယ်။ သူတို့ရဲ့အပြစ်ကို ဘုရားသခင် မမှတ်ထားပါစေနဲ့။ ၁၇ ဒါပေမဲ့ ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်ဖို့၊ လူမျိုးခြားအားလုံး သတင်းကောင်းကြားသိစေဖို့+ သခင်က ငါ့အနားမှာနေပြီး ခွန်အားပေးခဲ့တယ်။ ခြင်္သေ့ရဲ့ ခံတွင်းထဲကနေလည်း ကယ်တင်ခဲ့တယ်။+ ၁၈ သခင်က ငါ့ကို ဘေးအန္တရာယ် အမျိုးမျိုးကနေ ကယ်တင်ပြီး ကောင်းကင်နိုင်ငံဆီ ပို့ဆောင်ပေးလိမ့်မယ်။+ သခင့်ရဲ့ဘုန်းတော် အစဉ်ထာဝရထင်ရှားပါစေ။ အာမင်။*
၁၉ ပြစ်က* နဲ့ အာကုလကိုရော+ သြနေသိဖော်ရဲ့ အိမ်သူအိမ်သားတွေကိုပါ+ နှုတ်ဆက်ပေးပါ။
၂၀ ဧရတုက+ ကောရိန္သုမြို့မှာ နေရစ်ခဲ့တယ်။ တရောဖိမ်ကတော့+ နေမကောင်းဖြစ်နေလို့ မိလက်မြို့မှာ ထားခဲ့လိုက်တယ်။ ၂၁ ဖြစ်နိုင်ရင် ဆောင်းမဝင်ခင် ငါ့ဆီ အရောက်လာခဲ့ပါ။
ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိနဲ့ ညီအစ်ကိုအားလုံးကလည်း မင်းကို နှုတ်ဆက်လိုက်တယ်။
၂၂ မင်းရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် သခင် ကောင်းချီးပေးပါစေ၊ သခင့်ရဲ့ မဟာကရုဏာ ခံစားရပါစေ။
နောက်ဆက်တွဲ က၅ ကိုကြည့်။
“နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “မိမိကိုယ်ကို မငြင်းနိုင်ဘူး။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “လိမ္မာပါးနပ်တဲ့သူ။”
ဒါမှမဟုတ်၊ “သဘောထားပြောင်းပြီး။”
ဒါမှမဟုတ်၊ “ဧဝံဂေလိတရားကို။”
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ပြစ်ကိလ။