ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ဟီဘရူး ၁:၁-၁၃:၂၅
  • ဟီဘရူး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟီဘရူး
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဟီဘရူး

ဟီဘရူး

၁ ဟိုးအရင်တုန်းက ဘုရားသခင်က ပရောဖက်တွေကတစ်ဆင့်  ဘိုးဘေးတွေကို အကြိမ်များစွာ၊ နည်းလမ်းများစွာနဲ့ ပြောခဲ့တယ်။+ ၂ အခုလို  ဆုံးခန်းချိန်မှာတော့  အရာအားလုံးရဲ့  အမွေခံအဖြစ်  ခန့်အပ်ထားတဲ့+ သားတော်ကတစ်ဆင့်+ ကျွန်တော်တို့ကို  ပြောနေတယ်။  အဲဒီသားတော်အားဖြင့် လောကစနစ်တွေကို* တည်စေခဲ့တယ်။+ ၃ သားတော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို+ ရောင်ပြန်ဟပ်သူ၊ ဘုရားသခင်နဲ့ တထေရာတည်းတူတဲ့သူ ဖြစ်တယ်။+ တန်ခိုးနဲ့ပြည့်စုံတဲ့ အမိန့်တွေအားဖြင့် အရာခပ်သိမ်းကို တည်ရှိစေတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သန့်စင်ပေးပြီးနောက်+ ကောင်းကင်မှာရှိတဲ့ ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ  ထိုင်တယ်။+ ၄ သူဟာ ကောင်းကင်တမန်တွေထက် သာလွန်တဲ့ ဘွဲ့နာမည်ကို ရရှိတဲ့အတွက်+ ကောင်းကင်တမန်တွေထက် ကြီးမြတ်တယ်။+

၅ ဥပမာ၊ ဘုရားသခင်က “မင်းဟာ ငါ့သားပဲ။ ဒီနေ့ ငါဟာ မင်းရဲ့ဖခင် ဖြစ်လာပြီ၊”+ “ငါဟာ သူ့ရဲ့ဖခင် ဖြစ်လာမယ်။ သူဟာ ငါ့သားဖြစ်လာမယ်”+ လို့ ဘယ်ကောင်းကင်တမန်ကိုမှ မပြောခဲ့ဖူးဘူး။ ၆ ဒါပေမဲ့ မိမိရဲ့သားဦးကို+ ကမ္ဘာပေါ် နောက်တစ်ကြိမ် စေလွှတ်တဲ့အခါ “ဘုရားသခင်ရဲ့ ကောင်းကင်တမန်အပေါင်းတို့၊ သူ့ကို ဦးညွှတ်ကြ” လို့ပြောခဲ့တယ်။

၇ အဲဒီအပြင်  ဘုရားသခင်က ကောင်းကင်တမန်တွေနဲ့ ပတ်သက်ပြီး “ကောင်းကင်တမန်တွေကို တန်ခိုးကြီးတဲ့ စွမ်းအား* ဖြစ်စေတယ်၊ အမှုထမ်းတွေကို+ လောင်နေတဲ့မီးလျှံ ဖြစ်စေတယ်”+  လို့ပြောတယ်။ ၈ သားတော်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာတော့ “ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ ရာဇပလ္လင်ပဲ။+ နိုင်ငံတော်ရဲ့ ရာဇလှံတံဟာ တရားမျှတခြင်းလှံတံပဲ။ ၉ မင်းကြီးက ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ တရားမဲ့မှုကို မုန်းတယ်။ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက် ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့+ ဘိသိက်ပေးတယ်”+ လို့ပြောတယ်။ ၁၀ အဲဒီအပြင် “သခင်၊ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို ဟိုးအရင်ကတည်းက သခင် ချခဲ့တာပါ။ ကောင်းကင်ဟာ သခင့်ရဲ့လက်ရာပါ။ ၁၁ ဒါတွေ ပျက်စီးသွားရင်တောင် သခင်ကတော့ တည်မြဲနေမှာပါ။ ဒါတွေဟာ အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်။ ၁၂ ဝတ်ရုံကိုလိပ်လိုက်သလို အဲဒါတွေကို သခင် လိပ်လိုက်တဲ့အခါ အဲဒါတွေ ပြောင်းလဲသွားတယ်။ သခင်ကတော့ အရင်အတိုင်းပဲ၊ မပြောင်းလဲဘူး။ သခင့်ရဲ့ သက်တမ်းဟာ ဘယ်တော့မှ မကုန်ဆုံးဘူး”+ လို့လည်း ပြောထားတယ်။

၁၃ “ရန်သူတွေကို  မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ”+ လို့ ဘယ်ကောင်းကင်တမန်ကို  ဘုရားပြောဖူးလို့လဲ။ ၁၄ အဲဒီကောင်းကင်တမန်တွေဟာ  ဘုရားသခင်အတွက် အမှုဆောင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။+ ကယ်တင်ခြင်းရမယ့်သူတွေကို ကူညီဖို့ စေလွှတ်ခံရသူတွေပဲ မဟုတ်လား။

၂ ဒါကြောင့်  ယုံကြည်ခြင်းကနေ တရွေ့ရွေ့ မျောပါမသွားဖို့+ ကြားခဲ့တာတွေကို ခါတိုင်းထက် ပိုပြီးအာရုံစိုက်ဖို့ လိုတယ်။+ ၂ ကောင်းကင်တမန်တွေကတစ်ဆင့်+ ဘိုးဘေးတွေကို ဘုရားသခင်ပြောခဲ့တဲ့ စကားက မှန်ကန်တဲ့အတွက် အပြစ်ကျူးလွန်သူတွေ၊ မနာခံသူတွေ တရားသဖြင့် ပြစ်ဒဏ်ခံရတယ်ဆိုရင်၊+ ၃ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းသတင်းကို ကျွန်တော်တို့ လျစ်လျူရှုမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်ပါ့မလား။+ အဲဒီကယ်တင်ခြင်းသတင်းကို သခင်ကိုယ်တိုင် ဦးဆုံးဟောပြောခဲ့တယ်။+ ကြားနာခဲ့ရသူတွေ တစ်ဆင့်ပြန်ပြောပြလို့ ကျွန်တော်တို့ သိခဲ့ရတယ်။ ၄ ဘုရားသခင်ကလည်း အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ၊ တန်ခိုးတွေ ပြပြီး၊+ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ဆုကျေးဇူးတွေကို အလိုတော်နဲ့အညီ ပေးသနားပြီး+ အဲဒီသတင်းကို အတည်ပြုပေးခဲ့တယ်။

၅ ကျွန်တော်တို့ပြောနေတဲ့ နောင်တစ်ချိန်တည်ရှိမယ့် ကမ္ဘာကို အုပ်ချုပ်ဖို့ ကောင်းကင်တမန်တွေကို ဘုရားသခင် တာဝန်မပေးဘူး။+ ၆ တစ်ခါတုန်းက  သက်သေတစ်ယောက်က “လူဟာ  ဘာမို့လို့ ကိုယ်တော် အောက်မေ့နေရတာလဲ။ လူသားဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။+ ၇ ကိုယ်တော်က သူ့ကို ကောင်းကင်တမန်တွေထက် အနည်းငယ် နိမ့်ကျစေတယ်။ ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်တယ်။ လက်ရာတော်တွေကို အုပ်စိုးဖို့ ခန့်အပ်တယ်။ ၈ အရာအားလုံးကို သူ့ခြေအောက်မှာ ချထားတယ်”+  လို့ရေးခဲ့တယ်။ ယေရှုကို အရာအားလုံး အုပ်ချုပ်ခွင့်ပြုတုန်းက+ ဘုရားသခင် အုပ်ချုပ်ခွင့်မပြုဘဲ ချန်ထားတဲ့အရာဆိုလို့ တစ်ခုမှ မရှိဘူး။+ အခု၊ အရာအားလုံးကို  ယေရှုအုပ်ချုပ်နေတာ ကျွန်တော်တို့ မတွေ့ရသေးပေမဲ့၊+ ၉ ကောင်းကင်တမန်တွေထက် အနည်းငယ်နိမ့်ချခံရတဲ့ ယေရှုက+ အသေခံခဲ့တဲ့အတွက်+ ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်ခံရပြီဆိုတာကိုတော့ ကျွန်တော်တို့ တွေ့ရတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့တယ်။+

၁၀ အရာအားလုံးဟာ ဘုရားသခင့် ဘုန်းတော်အတွက် တည်ရှိနေပြီး ဘုရားသခင်ကြောင့် တည်ရှိနေတယ်။ သားတွေအများကြီးကို ဂုဏ်တင်ချီးမြှောက်ဖို့+ ကိုယ်စားလှယ်ချုပ်ကို+ ဆင်းရဲဒုက္ခခံရအောင်+ ဘုရားသခင် ခွင့်ပြုလိုက်တာဟာ သင့်တော်တယ်။ ဒီနည်းနဲ့ ကိုယ်စားလှယ်ချုပ်က အဲဒီသားတွေကို ကယ်တင်ဖို့ အရည်အချင်း ပြည့်မီသွားတယ်။ ၁၁ သန့်စင်ပေးတဲ့ ယေရှုရဲ့ ဖခင်နဲ့ သန့်စင်ခံရသူတွေရဲ့+ ဖခင်ဟာ တစ်ပါးတည်းပဲ။+ ဒါကြောင့် ယေရှုက သူတို့ကို ညီအစ်ကိုတွေလို့ ခေါ် ဖို့ ရှက်ကြောက်မနေဘဲ၊+ ၁၂ “နာမတော်ကို ညီအစ်ကိုတွေသိအောင် ကြေညာပါ့မယ်။ လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်”+ လို့ပြောခဲ့တယ်။ ၁၃ “ကိုယ်တော့်ကို ကျွန်တော် ကိုးစားပါ့မယ်၊”+ “ကျွန်တော်က ယေဟောဝါ* ပေးသနားတဲ့ ကလေးတွေနဲ့ အတူရှိနေတယ်”+ လို့လည်း ပြောခဲ့တယ်။

၁၄ အဲဒီ “ကလေးတွေ” ဟာ သွေးသားခန္ဓာရှိသူတွေ  ဖြစ်တဲ့အတွက် ယေရှုလည်း သွေးသားခန္ဓာကို ယူခဲ့ရတယ်။+  သေခြင်းကို  ဖြစ်ပေါ်စေတဲ့+  မာရ်နတ်ကို+ မိမိရဲ့သေခြင်းအားဖြင့် ဖျက်ဆီးနိုင်ဖို့ပဲ။ ၁၅ သေရမှာကို ကြောက်တဲ့စိတ်နဲ့ တစ်သက်လုံး ကျွန်ခံနေရသူတွေကို လွတ်မြောက်စေဖို့ပဲ။+ ၁၆ တကယ်တော့ ယေရှုက ကောင်းကင်တမန်တွေကို ထောက်မနေတာ မဟုတ်ဘူး။ အာဗြဟံရဲ့ မျိုးနွယ်ကို+ ထောက်မနေတာ။ ၁၇ ဘုရားသခင်ရဲ့အလုပ်ကို သနားကြင်နာစိတ်နဲ့ သစ္စာရှိရှိ လုပ်ဆောင်တဲ့ ပုရောဟိတ်မင်း ဖြစ်နိုင်ဖို့ ယေရှုဟာ မိမိရဲ့ “ညီအစ်ကိုတွေ” နဲ့ အရာရာမှာ မဖြစ်မနေ တူခဲ့ရတယ်။+ ဒါမှ လူတွေရဲ့အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို+ ပူဇော်နိုင်မှာကိုး။+ ၁၈ စမ်းသပ်ခံရတဲ့အခါ ကိုယ်တိုင် ဆင်းရဲဒုက္ခခံဖူးတဲ့အတွက်+ စမ်းသပ်ခံရသူတွေကို သူ ကူညီမစပေးနိုင်တယ်။+

၃ ကောင်းကင်အသက်တာအတွက် ခေါ်တော်မူခြင်းခံရတဲ့+ သန့်ရှင်းတဲ့ ညီအစ်ကိုတို့၊ တမန်တော်နဲ့ ပုရောဟိတ်မင်းအဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုတဲ့ ယေရှုအကြောင်း+ စဉ်းစားကြည့်ပါ။ ၂ မောရှေက ဘုရားသခင်ရဲ့ အိမ်တော်မှာ သစ္စာရှိရှိ အမှုဆောင်ခဲ့သလို+ ယေရှုကလည်း မိမိကိုခန့်အပ်တဲ့ ဘုရားသခင်အပေါ် သစ္စာရှိတယ်။+ ၃ ယေရှုက မောရှေထက် ကြီးမြတ်တဲ့ ဘုန်းအသရေကို ရထိုက်တယ်။+ အိမ်ကို ဆောက်တဲ့သူဟာ  အိမ်ထက် ပိုပြီးဂုဏ်ပြုခံထိုက်သလိုပေါ့။ ၄ အိမ်ဆိုတာ တည်ဆောက်တဲ့သူရှိလို့ ဖြစ်လာတာ။  အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ။ ၅ မောရှေဟာ ဘုရားသခင်ရဲ့ အိမ်တော်မှာ သစ္စာရှိတဲ့ ကျွန်တစ်ယောက်ဖြစ်တယ်။ သူလုပ်ဆောင်ခဲ့တာတွေက  နောင်တစ်ချိန်မှာ  ဘုရားသခင် အသိပေးမယ့်အရာတွေရဲ့  သက်သေအထောက်အထားပဲ။ ၆ ခရစ်တော်ကတော့ ဘုရားသခင်ရဲ့ အိမ်တော်ကို အုပ်ချုပ်တဲ့ သစ္စာရှိတဲ့သား  ဖြစ်တယ်။+ ကျွန်တော်တို့ကျတော့ ဘုရားသခင်ရဲ့ အိမ်တော် ဖြစ်တယ်။+  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို* သုံးပြီး ဆက်ဟောနေမယ်၊ ကျွန်တော်တို့ ဂုဏ်ယူစွာပြောနေတဲ့ မျှော်လင့်ချက်ကို အဆုံးထိ ဆုပ်ကိုင်ထားမယ်ဆိုရင်ပေါ့။

၇ ဒါကြောင့် သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ပြောတာက+ “ဒီနေ့ ငါပြောတာကို နားထောင်ကြ။ ၈ တောကန္တာရမှာ အမျက်တော်ကိုဆွပြီး အကဲစမ်းခဲ့ချိန်တုန်းကလို ခေါင်းမမာကြနဲ့။+ ၉ အဲဒီတုန်းက မင်းတို့ရဲ့ ဘိုးဘေးတွေဟာ နှစ်ပေါင်း ၄၀ လုံးလုံး ငါ့ရဲ့လုပ်ဆောင်မှုတွေကို မြင်ခဲ့ရတာတောင် ငါ့ကို အကဲစမ်းခဲ့ကြတယ်။+ ၁၀ အဲဒီလူမျိုးဆက်ကို  ငါရွံရှာတဲ့အတွက် ‘သူတို့ရဲ့စိတ်ဟာ အမြဲပဲ  လမ်းလွဲနေတယ်။ ငါ့လမ်းစဉ်တွေကို  မသိကြဘူး’  လို့ပြောခဲ့တယ်။ ၁၁ ဒါကြောင့် ‘သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး’ ဆိုပြီး ဒေါသနဲ့ ငါကျိန်ဆိုခဲ့တယ်။”+

၁၂ ညီအစ်ကိုတို့၊  အသက်ရှင်တဲ့ ဘုရားသခင်ကို  ကျောခိုင်းမယ်ဆိုရင် ယုံကြည်ခြင်းကင်းမဲ့ပြီး  ဆိုးညစ်တဲ့စိတ် ဖြစ်ပေါ်လာနိုင်လို့ သတိထားကြပါ။+ ၁၃ “ဒီနေ့”+  ဆိုတဲ့အချိန် မကုန်ဆုံးသေးသရွေ့ နေ့တိုင်း အချင်းချင်း အားပေးတိုက်တွန်းကြပါ။ အဲဒီလိုမလုပ်ရင် အပြစ်ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ခေါင်းမာလာမှာ စိုးရတယ်။ ၁၄ အစကတည်းကရှိခဲ့တဲ့ ယုံကြည်စိတ်ချမှုကို အဆုံးအထိ ဆုပ်ကိုင်ထားနိုင်မှသာ ခရစ်တော်ရရှိတဲ့အရာကို  ကျွန်တော်တို့လည်း ရရှိနိုင်မယ်။+ ၁၅ “ဒီနေ့  ငါပြောတာကို  နားထောင်ကြ။ အမျက်တော်ကို နှိုးဆွခဲ့ချိန်တုန်းကလို ခေါင်းမမာကြနဲ့”+ လို့ ကျမ်းစာမှာ ပြောထားတယ်။

၁၆ ဘုရားရဲ့အသံကို ကြားလျက်နဲ့ အမျက်တော်ကို ဆွခဲ့ကြတာ ဘယ်သူတွေလဲ။ အီဂျစ်ပြည်ကနေ မောရှေ ခေါ်ထုတ်သွားသူတွေပဲ မဟုတ်လား။+ ၁၇ ဒါ့အပြင် နှစ်ပေါင်း ၄၀ လုံးလုံး ဘုရားသခင် ရွံရှာခဲ့သူတွေဟာ ဘယ်သူတွေလဲ။+ အပြစ်လုပ်ပြီး တောကန္တာရမှာ သေဆုံးခဲ့သူတွေပဲ မဟုတ်လား။+ ၁၈ ဘုရားသခင်က ငါနဲ့အတူ အနားယူခွင့်မရှိဘူးလို့ ဘယ်သူတွေကို ကျိန်ဆိုခဲ့တာလဲ။ နာခံမှုမရှိသူတွေကို မဟုတ်လား။ ၁၉ သူတို့ ယုံကြည်ခြင်းမရှိလို့ ဘုရားသခင်နဲ့အတူ အနားယူခွင့်မရခဲ့မှန်း ကျွန်တော်တို့ သိရတယ်။+

၄ ဒါကြောင့်  ဘုရားသခင်နဲ့အတူ အနားယူခွင့်ရှိတယ်ဆိုတဲ့ ကတိဟာ အကျိုးသက်ရောက်မှုရှိသေးလို့ အဲဒီကတိနဲ့  မထိုက်တန်တဲ့သူတွေ မဖြစ်သွားရအောင် သတိထားကြစို့။+ ၂ ကျွန်တော်တို့ သတင်းကောင်းကြားခဲ့ရသလို+ သူတို့လည်း ကြားခဲ့ရတာပဲ။ ဒါပေမဲ့ သူတို့ကြားရတဲ့ တရားစကားက သူတို့ကို အကျိုးမပြုခဲ့ဘူး။ အကြောင်းကတော့ နာခံမှုရှိသူတွေရဲ့ ယုံကြည်ခြင်းမျိုး သူတို့မှာ မရှိလို့ပဲ။ ၃ ယုံကြည်သက်ဝင်ကြတဲ့ ကျွန်တော်တို့ကတော့ ဘုရားသခင်နဲ့အတူ အနားယူခွင့်ရကြတယ်။ ဘုရားသခင်က လူ့လောကအစပြုချိန်* ကတည်းက မိမိရဲ့အလုပ်တွေကို လက်စသတ်ပြီးသွားပေမဲ့+ “‘သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး’ လို့ ဒေါသနဲ့ ငါကျိန်ဆိုခဲ့တယ်”+ ဆိုပြီး ပြောခဲ့တယ်။ ၄ သတ္တမနေ့နဲ့ပတ်သက်ပြီး ကျမ်းတစ်ချက်မှာ “ဘုရားသခင်ဟာ သတ္တမနေ့မှာ အလုပ်အားလုံးကနေ အနားယူတယ်”+ လို့ဆိုထားတယ်။ ၅ နောက်ကျမ်းတစ်ချက်မှာလည်း “သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး”+ လို့ ဆိုထားပြန်တယ်။

၆ သတင်းကောင်းကို ဦးစွာကြားခဲ့ရသူတွေဟာ နာခံမှုမရှိလို့ ဘုရားသခင်နဲ့အတူ အနားယူခွင့် မရခဲ့ဘူး။ ဒါပေမဲ့ လူတချို့အတွက် ဘုရားသခင်နဲ့အတူ အနားယူခွင့်ရဖို့ ဖြစ်နိုင်သေးတယ်။+ ၇ ဒါကြောင့် နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဘုရားသခင်က ဒါဝိဒ်ရဲ့ဆာလံသီချင်းမှာ “ဒီနေ့ ငါပြောတာကို နားထောင်ကြ။ ခေါင်းမမာကြနဲ့” လို့ပြောခဲ့တယ်။+ “ဒီနေ့” လို့ပြောပြီး နေ့ရက်တစ်ရက်ကို ပြန်သတ်မှတ်ပေးခဲ့တယ်။ ၈ ယောရှုက+ သူတို့ကို ဘုရားသခင်နဲ့အတူ အနားယူနိုင်မယ့်  နေရာတစ်ခုဆီ  ခေါ်ဆောင်သွားခဲ့တယ်ဆိုရင် နှစ်ပေါင်းများစွာကြာပြီးမှ တခြားနေ့ရက်တစ်ရက်အကြောင်း ဘုရားသခင် ပြောနေမှာ မဟုတ်ဘူး။ ၉ ဒါကြောင့် ဥပုသ်နေ့မှာ အနားယူသလိုမျိုး ဘုရားသခင်ရဲ့ လူမျိုးအတွက် အနားယူရမယ့်နေ့  ရှိသေးတယ်။+ ၁၀ ဘုရားသခင်က မိမိရဲ့အလုပ်တွေကနေ  အနားယူတယ်၊  အဲဒီလိုပဲ ဘုရားသခင်နဲ့အတူ အနားယူတဲ့သူကလည်း မိမိရဲ့အလုပ်တွေကနေ အနားယူတယ်။+

၁၁ ဒါကြောင့် အဲဒီလို အနားယူခွင့်ရဖို့ အစွမ်းကုန် ကြိုးစားကြစို့။ မကြိုးစားရင် နာခံမှုမရှိသူတွေရဲ့ လမ်းစဉ်ကို လိုက်မိလိမ့်မယ်။+ ၁၂ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်၊+ အသွားနှစ်ဖက်ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်၊+ လူ့အပြင်ပန်းနဲ့ အတွင်းသဘောကိုသာမက အရိုးအဆစ်နဲ့ ခြင်ဆီကိုပါ ခွဲခြားပြီး ထွင်းဖောက်နိုင်တယ်။ စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။ ၁၃ ဘုရားသခင် မမြင်အောင် ဖုံးကွယ်ထားတဲ့ ဖန်ဆင်းရာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။+ ကျွန်တော်တို့ ဖြေရှင်းချက်ပေးရမယ့် အရှင်ရဲ့ရှေ့မှာ အရာအားလုံးဟာ ဖုံးကွယ်မနေဘဲ အထင်အရှား မြင်နေရတယ်။+

၁၄ ကျွန်တော်တို့ရဲ့  မဟာပုရောဟိတ်မင်းဟာ  ဘုရားသခင်ရဲ့သား ယေရှုပဲ။+ သူ ကောင်းကင်တက်သွားပြီ။ ဒါကြောင့်  သူ့အကြောင်း  အများသိအောင်  ဆက်ဟောနေကြစို့။+ ၁၅ အဲဒီပုရောဟိတ်မင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မစာနာနိုင်တဲ့သူ မဟုတ်ဘူး။+ ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ  စမ်းသပ်ခံရတဲ့သူပဲ။ ဒါပေမဲ့  အပြစ်တစ်ခုမှ  မကျူးလွန်ခဲ့ဘူး။+ ၁၆ ဒါကြောင့်  မဟာကရုဏာပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်အနားကို  သွားကြစို့၊  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို*+ သုံးပြီး ဆုတောင်းကြစို့။ အဲဒီလိုလုပ်ရင် အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရလိမ့်မယ်။

၅ လူတွေကိုယ်စား  ဘုရားသခင်အတွက် အမှုဆောင်ဖို့ လူတွေထဲက  ရွေးချယ်ခန့်အပ်ခံရတဲ့  ပုရောဟိတ်မင်းက+  အလှူတွေ၊  ပူဇော်သက္ကာတွေ ဆက်သပြီး အပြစ်ဖြေပေးရတယ်။+ ၂ မသိနားမလည်ဘဲ အမှားလုပ်မိသူတွေကို သနားစာနာစိတ်နဲ့ သူဆက်ဆံပေးနိုင်တယ်။ သူကိုယ်တိုင်က အားနည်းချက်ရှိနေတာကိုး။ ၃ ဒါကြောင့် သူက အပြစ်ဖြေရာအလှူကို လူတွေအတွက် ဆက်သရသလို မိမိကိုယ်တိုင်အတွက်လည်း ဆက်သရတယ်။+

၄ လူတစ်ယောက်က ပုရောဟိတ်မင်း တာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူလို့ရတာ မဟုတ်ဘူး။ အာရုန်လိုပဲ ဘုရားသခင်ခန့်အပ်မှသာ ပုရောဟိတ်မင်း ဖြစ်နိုင်တာပါ။+ ၅ အလားတူ၊ ခရစ်တော်လည်း ပုရောဟိတ်မင်းတာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူပြီး မိမိကိုယ်ကို ချီးမြှောက်ခဲ့တာ မဟုတ်ဘူး။+ “မင်းဟာ ငါ့သားပဲ။ ဒီနေ့၊ ငါဟာ မင်းရဲ့ဖခင်ဖြစ်လာပြီ”+ လို့ ပြောခဲ့တဲ့ ဘုရားသခင်က သူ့ကို ချီးမြှောက်ခဲ့တာ။ ၆ “မင်းဟာ မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်ရလိမ့်မယ်”+  လို့လည်း ကျမ်းတစ်ချက်မှာ ဘုရားသခင် ပြောထားတယ်။

၇ ခရစ်တော်က  လူသားတစ်ဦးအဖြစ် ကမ္ဘာမြေပေါ် အသက်ရှင်ခဲ့တုန်းက မိမိကို သေခြင်းကနေ ကယ်တင်ပေးနိုင်တဲ့အရှင်ဆီ အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံခဲ့တယ်။ မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့တယ်။+ ဘုရားသခင်ကို  ကြောက်ရွံ့ရိုသေတဲ့အတွက် သူဆုတောင်းတာကို ဘုရားသခင် နားထောင်ခဲ့တယ်။ ၈ ဘုရားသခင်ရဲ့သားဖြစ်ပေမဲ့ ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်။+ ၉ သူ အရည်အချင်း လုံးဝပြည့်မီသွားတဲ့နောက်+ နာခံသူအားလုံးဟာ သူ့အားဖြင့် ထာဝရကယ်တင်ခြင်းရဖို့ လမ်းပွင့်သွားတယ်။+ ၁၀ ဘာလို့လဲဆိုတော့ ဘုရားသခင်က သူ့ကို မေလခိဇေဒက်လို ပုရောဟိတ်မင်းဖြစ်ဖို့ ခန့်အပ်လိုက်လို့ပဲ။+

၁၁ သူနဲ့ပတ်သက်ပြီး  ပြောစရာအများကြီးရှိပေမဲ့ ခင်ဗျားတို့မှာ သိချင်တတ်ချင်စိတ်မရှိတော့* ရှင်းပြဖို့ ခက်တယ်။ ၁၂ တကယ်တော့  အခုလောက်ဆို ခင်ဗျားတို့ဟာ ဆရာတွေ ဖြစ်သင့်ပြီ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နဲ့ဆိုင်တဲ့ အခြေခံအကြောင်းတွေကို တခြားလူဆီက ပြန်သင်ယူဖို့ လိုနေသေးတယ်။+ ခင်ဗျားတို့ဟာ မာတဲ့အစာ မစားဘဲ နို့ကိုသာ သောက်သုံးနေတဲ့လူနဲ့ တူနေတယ်။ ၁၃ နို့ကို အမြဲသောက်သုံးတဲ့သူဟာ  ကလေးပဲ။  ဒါကြောင့် ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ တရားစကားကို အကျွမ်းတဝင် မရှိဘူး။+ ၁၄ မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်။ သူတို့ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။

၆ ဒါကြောင့်  ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံအယူဝါဒတွေကို ချန်ထားပြီး+ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့။+ အခြေခံသွန်သင်ချက်တွေကိုပဲ ထပ်ခါထပ်ခါ လေ့လာမနေကြနဲ့တော့။ အဲဒါတွေကတော့  သေခြင်းနဲ့ဆိုင်တဲ့ အကျင့်တွေအတွက်  နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ၂ နှစ်ခြင်းအမျိုးမျိုး၊ လက်တင်ခြင်း၊+ သေလွန်သူတွေ ရှင်ပြန်ထမြောက်ခြင်း၊+ ထာဝရ တရားစီရင်ခြင်းစတဲ့ သွန်သင်ချက်တွေပဲ။ ၃ ဘုရားသခင် ခွင့်ပြုမယ်ဆိုရင် ရင့်ကျက်တဲ့အဖြစ်ကို ကျွန်တော်တို့ တက်လှမ်းနိုင်မှာပါ။

၄ တစ်ချိန်တုန်းက  အလင်းထဲ ရောက်ဖူးသူ၊+ ကောင်းကင်ဆုကျေးဇူးကို  မြည်းစမ်းဖူးသူ၊  သန့်ရှင်းသော စွမ်းအားတော်ကို ခံယူဖူးသူ၊ ၅ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ တရားစကားကို ရရှိဖူးသူ၊ နောင်လာမယ့် လောကစနစ်* မှာရမယ့် ကောင်းချီးတွေကို* မြည်းစမ်းဖူးသူတွေ  ဖြစ်လျက်နဲ့၊ ၆ ယုံကြည်ခြင်းကနေ လမ်းလွဲသွားသူတွေကို+ နောင်တရအောင်၊ အသိတရား ပြန်ရအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အဖြစ်က ဘုရားသခင်ရဲ့သားကို နောက်တစ်ကြိမ် သစ်တိုင်တင်ပြီး လူအများရှေ့ အရှက်ရအောင်လုပ်သလို ဖြစ်နေလို့ပဲ။+ ၇ ဥပမာ၊ မြေကြီးက ရွာကျလာတဲ့ မိုးရေကို စုပ်ယူပြီး စိုက်ပျိုးသူအတွက် သီးနှံဖြစ်ထွန်းစေတဲ့အခါ ဘုရားသခင်ဆီက ကောင်းချီးကို ရတယ်။ ၈ ဆူးပင်၊ ချုံပင်တွေပဲပေါက်တဲ့ မြေကြီးကတော့ စွန့်ပစ်ခံရပြီး မကြာခင် ကျိန်ခြင်းခံရလိမ့်မယ်။ နောက်ဆုံးမှာ မီးရှို့ဖျက်ဆီးခံရလိမ့်မယ်။

၉ ချစ်ရသူတို့၊ ကျွန်တော်တို့ အခုလိုပြောနေပေမဲ့ ခင်ဗျားတို့ဟာ အဲဒီလူတွေထက် သာလွန်မှန်း၊ ကယ်တင်ခြင်းရစေမယ့် အရာတွေကို လုပ်ဆောင်နေမှန်း ကျွန်တော်တို့ ယုံတယ်။ ၁၀ ခင်ဗျားတို့က  သန့်ရှင်းသူတွေကို  အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်၊  နာမတော်အတွက်ပြတဲ့ မေတ္တာကို+ ဘယ်တော့မှ မမေ့ပါဘူး။ ၁၁ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ကို+ အဆုံးအထိ သေချာစေဖို့+ အရင်ကရှိခဲ့တဲ့ လုံ့လဝီရိယမျိုး အားလုံးမှာ ဆက်ရှိစေချင်တယ်။ ၁၂ ဒါကြောင့် မပျင်းရိပါနဲ့။+ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ။

၁၃ အာဗြဟံကို ကတိပေးတဲ့အခါ ဘုရားသခင်က မိမိထက်ကြီးမြတ်တဲ့သူ မရှိတဲ့အတွက် မိမိကိုယ်ကို တိုင်တည်ကျိန်ဆိုပြီး၊+ ၁၄ “မင်းကို ငါ ဆက်ဆက်ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို တိုးပွားများပြားစေမယ်”+ လို့ပြောခဲ့တယ်။ ၁၅ အာဗြဟံက စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့နောက် အဲဒီကတိအတိုင်း ခံစားခဲ့ရတယ်။ ၁၆ လူတွေက ကိုယ့်ထက် ကြီးမြတ်တဲ့သူကို တိုင်တည်ပြီး ကျိန်ဆိုတတ်တယ်။ အဲဒီလိုကျိန်ဆိုတာဟာ တရားဝင် အာမခံချက်ဖြစ်လို့ အငြင်းပွားစရာအကြောင်း မရှိတော့ဘူး။+ ၁၇ အလားတူ၊ ဘုရားသခင်က ကတိတော် အမွေခံရမယ့်သူတွေကို+ မိမိရဲ့ရည်ရွယ်ချက် မပြောင်းလဲနိုင်တဲ့အကြောင်း ပိုရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီလိုကျိန်ဆိုပြီး အာမခံခဲ့တယ်။ ၁၈ အဲဒီကတိတော်နဲ့ ကျိန်ဆိုချက်ဟာ မပြောင်းလဲနိုင်တဲ့အရာပဲ။ အဲဒီနှစ်ခုနဲ့ ပတ်သက်လာရင် ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။+ ဒါကြောင့် ဘုရားသခင်ကို ခိုလှုံတဲ့ ကျွန်တော်တို့ဟာ စိတ်အားတက်လာပြီး ရှေ့မှာရှိတဲ့ မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်ကြတယ်။ ၁၉ အဲဒီမျှော်လင့်ချက်ဟာ+ ကျွန်တော်တို့အတွက်* ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။ အဲဒီမျှော်လင့်ချက်ကြောင့် ကန့်လန့်ကာ* အတွင်းထဲ ကျွန်တော်တို့ ဝင်ရောက်နိုင်ကြတယ်။+ ၂၀ မေလခိဇေဒက်လို ထာဝရပုရောဟိတ်မင်း+ ဖြစ်လာတဲ့ ယေရှုက+ အဲဒီကန့်လန့်ကာထဲ ရှေ့ဆုံးကနေ ဝင်သွားပြီး ကျွန်တော်တို့အတွက် လမ်းဖွင့်ပေးခဲ့တယ်။

၇ အမြင့်ဆုံးဘုရားသခင်ရဲ့  ပုရောဟိတ်ဖြစ်တဲ့ ဆာလင်မင်း မေလခိဇေဒက်က ဘုရင်တွေကို ကွပ်မျက်ပြီးပြန်လာတဲ့ အာဗြဟံကို ထွက်ကြိုတုန်းက ဆုမွန်ကောင်းတောင်းပေးတယ်။+ ၂ အာဗြဟံက သူ့ကို တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ ခွဲဝေပေးခဲ့တယ်။ ဦးဆုံး၊ သူ့ရဲ့နာမည်က “ဖြောင့်မတ်ခြင်းမင်း” လို့ အဓိပ္ပာယ်ရတယ်။ သူ့ကို ဆာလင်မင်းလို့လည်း ခေါ်တယ်။ “ငြိမ်သက်ခြင်းမင်း” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ၃ သူ့မိဘ ဘယ်သူဘယ်ဝါမှန်း မသိရသလို သူ့ရဲ့ဆွေစဉ်မျိုးဆက်စာရင်းလည်း မရှိဘူး။ သူမွေးဖွားချိန်၊ ကွယ်လွန်ချိန်ကိုလည်း မသိရဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့သားနဲ့ တူတဲ့လူအဖြစ် သူဟာ  အမြဲပဲ  ပုရောဟိတ်ဖြစ်နေတယ်။+

၄ ဘိုးဘေးအာဗြဟံက  သူ့ကိုအကောင်းဆုံး တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့  ပေးလှူခဲ့တယ်ဆိုမှတော့+ သူဟာ ဘယ်လောက်တောင် ကြီးမြတ်တယ်ဆိုတာ  စဉ်းစားကြည့်ပါ။ ၅ ပုရောဟိတ်တာဝန်ကိုရတဲ့ လေဝိအမျိုးသားတွေက+ ညီအစ်ကိုတွေဆီကနေ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံရမယ်လို့  ပညတ်တရားမှာ မိန့်မှာထားတယ်။+ တကယ်တော့ အဲဒီညီအစ်ကိုတွေဟာ အာဗြဟံရဲ့ သားမြေးတွေပဲ။ ၆ ဒါပေမဲ့ လေဝိအမျိုးမဟုတ်တဲ့ မေလခိဇေဒက်က ကတိတော်ကိုရတဲ့ အာဗြဟံဆီကနေ ဆယ်ဖို့တစ်ဖို့ယူပြီး ဆုမွန်ကောင်းတောင်းပေးခဲ့တယ်။+ ၇ ပိုကြီးမြတ်သူကသာ နိမ့်ကျသူကို ဆုမွန်ကောင်းတောင်းပေးလေ့ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ၈ ဆယ်ဖို့တစ်ဖို့ယူတဲ့  လေဝိအမျိုးသားတွေဟာ သေမျိုးဖြစ်တဲ့ လူသားတွေပဲ။ ဒါပေမဲ့ ဆယ်ဖို့တစ်ဖို့ယူတဲ့လူ နောက်တစ်ယောက်ကတော့ ဆက်အသက်ရှင်နေတယ်လို့  ကျမ်းစာမှာ  ဖော်ပြထားတယ်။+ ၉ ဒါဆို ဆယ်ဖို့တစ်ဖို့ကို ခံယူတဲ့ လေဝိအမျိုးသားတွေကတောင် အာဗြဟံကတစ်ဆင့် ဆယ်ဖို့တစ်ဖို့ ပေးခဲ့ရတယ်လို့ ပြောနိုင်တယ်။ ၁၀ အာဗြဟံကို မေလခိဇေဒက် ထွက်ကြိုတုန်းက+  လေဝိအမျိုးသားတွေဟာ  ဘိုးဘေးအာဗြဟံရဲ့ မမွေးသေးတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်နေလို့ပဲ။

၁၁ အစ္စရေးတွေကိုပေးတဲ့ ပညတ်တရားထဲမှာ  လေဝိအမျိုးသားတွေရဲ့ ပုရောဟိတ်တာဝန်လည်း ပါတယ်။ အဲဒီပုရောဟိတ်တာဝန်အားဖြင့် ပြည့်ဝစုံလင်တဲ့အဖြစ်ကို ရနိုင်မယ်ဆိုရင်+ အာရုန်လို ပုရောဟိတ်မျိုးမဟုတ်ဘဲ မေလခိဇေဒက်လို ပုရောဟိတ်မျိုး+ နောက်တစ်ယောက် ပေါ်ထွန်းဖို့ လိုသေးလို့လား။ ၁၂ ပုရောဟိတ်တာဝန်ကို ပြောင်းလဲလိုက်ပြီဆိုရင် ပညတ်တရားကိုလည်း ပြောင်းလဲဖို့ လိုအပ်လာပြီ။+ ၁၃ အဲဒီလို အသေးစိတ် ဖော်ပြခံရသူဟာ  ပူဇော်ရာပလ္လင်မှာ  တာဝန်မထမ်းဆောင်ဖူးတဲ့ တခြားအနွယ်တစ်နွယ်ကနေ  ဆင်းသက်လာတယ်။+ ၁၄ ကျွန်တော်တို့ရဲ့သခင်ဟာ ယုဒအမျိုးကနေ+ ဆင်းသက်လာမှန်း သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ယုဒအမျိုးကနေ ပုရောဟိတ်တွေ ဆင်းသက်လာမယ့်အကြောင်း မောရှေ တစ်ခွန်းမှမပြောခဲ့ဘူး။

၁၅ ပုရောဟိတ်တာဝန် အပြောင်းအလဲရှိမယ်ဆိုတဲ့ အချက်က မေလခိဇေဒက်လို  ပုရောဟိတ်+ နောက်တစ်ယောက်+ ပေါ်ထွန်းလာတဲ့အခါ ပိုရှင်းလင်းလာတယ်။ ၁၆ အဲဒီတစ်ယောက်က ပညတ်တရားရဲ့ တောင်းဆိုချက်အရ မျိုးရိုးကြောင့် မေလခိဇေဒက်လို ပုရောဟိတ်မျိုးဖြစ်လာတာ မဟုတ်ဘူး။ မပျက်စီးနိုင်တဲ့အသက်ကို ရရှိစေတဲ့တန်ခိုး သူ့မှာရှိလို့ ဖြစ်လာတာ။+ ၁၇ ဘာလို့လဲဆိုတော့ သူနဲ့ပတ်သက်ပြီး ကျမ်းတစ်ချက်မှာ “မင်းဟာ မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်ရမယ်”+ လို့ရေးထားလို့ပဲ။

၁၈ ဒါကြောင့် အရင်ပညတ်ချက်ဟာ အားနည်းချက်ရှိပြီး ထိထိရောက်ရောက် မစွမ်းဆောင်နိုင်လို့ ဖယ်ရှားခံခဲ့ရတယ်။+ ၁၉ ပညတ်တရားက ဘာကိုမှ ပြည့်ဝစုံလင်အောင် မလုပ်ပေးနိုင်ဘူး။+ ဒါပေမဲ့ ဘုရားသခင် အစပြုလိုက်တဲ့ သာလွန်တဲ့ မျှော်လင့်ချက်ကတော့+ ပြည့်ဝစုံလင်အောင် လုပ်ပေးနိုင်တယ်။ အဲဒီမျှော်လင့်ချက်ကြောင့် ဘုရားသခင်နဲ့ ကျွန်တော်တို့ ပိုရင်းနှီးလာတယ်။+ ၂၀ ဘုရားသခင်က  အလေးအနက် ကျိန်ဆိုပြီး ယေရှုကို ပုရောဟိတ်တာဝန် ပေးခဲ့တာပါ။ ၂၁ (ဘုရားရဲ့ ကျိန်ဆိုချက်မရှိဘဲ ပုရောဟိတ်ဖြစ်လာတဲ့သူတွေ အများကြီးရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ကျိန်ဆိုချက်နဲ့ ပုရောဟိတ် ဖြစ်လာတဲ့သူကတော့ တစ်ယောက်ပဲ ရှိတယ်။ သူနဲ့ပတ်သက်ပြီး ဘုရားသခင်က “‘မင်းဟာ ပုရောဟိတ် ထာဝစဉ်ဖြစ်ရလိမ့်မယ်’ လို့ ငါယေဟောဝါ* ကျိန်ဆိုတယ်။ ငါ စိတ်ပြောင်းလဲမှာ မဟုတ်ဘူး” လို့ ပြောခဲ့တယ်။)+ ၂၂ ဒါကြောင့် ယေရှုဟာ ပိုသာလွန်တဲ့ ပဋိညာဉ်အတွက်  အာမခံသူ   ဖြစ်လာတယ်။+ ၂၃ အဲဒီအပြင် ပုရောဟိတ်တွေက သေဆုံးသွားတဲ့အတွက် ပုရောဟိတ်တာဝန်ကို ဆက်ထမ်းဆောင်လို့ မရဘူး။ နောက်တစ်ယောက်က  သူ့တာဝန်ကိုဆက်ခံပြီး  အမှုဆောင်ရတယ်။+ ၂၄ ယေရှုကတော့ ထာဝစဉ် အသက်ရှင်နေတဲ့အတွက်+ သူ့ရဲ့ပုရောဟိတ်တာဝန်ကို ဆက်ခံမယ့်သူ မလိုဘူး။ ၂၅ သူ့နာမည်ကိုအမှီပြုပြီး ဘုရားသခင်ဆီ ဆုတောင်းသူတိုင်းကို အပြည့်အဝ ကယ်တင်နိုင်တဲ့အစွမ်း သူ့မှာရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အသနားခံပေးဖို့ သူအမြဲအသက်ရှင်နေလို့ပဲ။+

၂၆ သစ္စာစောင့်သိသူ၊ အပြစ်ကင်းသူ၊ အညစ်အကြေး ကင်းစင်သူ၊+ အပြစ်သားတွေနဲ့ လုံးဝမတူတဲ့သူ ကောင်းကင်အထက်မှာ ချီးမြှောက်ခံရတဲ့+ သူ့လိုပုရောဟိတ်မင်းကို ကျွန်တော်တို့ လိုအပ်နေတာ။ ၂၇ တခြားပုရောဟိတ်မင်းတွေဆိုရင်  အရင်ဆုံး  မိမိအတွက်၊ အဲဒီနောက် လူတွေအတွက်+ အပြစ်ဖြေရာပူဇော်သက္ကာကို နေ့စဉ်ဆက်သရတယ်။+ သူကတော့ မိမိကိုယ်ကို တစ်ကြိမ်တည်းနဲ့အပြီး  ဆက်သလိုက်ပြီဖြစ်လို့+  အဲဒီလိုလုပ်စရာ  မလိုဘူး။ ၂၈ ပညတ်တရားက အားနည်းချက်ရှိတဲ့ ပုရောဟိတ်မင်းတွေကို ခန့်အပ်တယ်။+ ဒါပေမဲ့ ပညတ်တရား ပြဋ္ဌာန်းပြီးနောက်မှ ပြောခဲ့တဲ့ ဘုရားရဲ့ ကျိန်ဆိုချက်ကတော့+ ထာဝရ ပြည့်ဝစုံလင်တဲ့+ သားတော်ကို ခန့်အပ်တယ်။

၈ အခု ပြောနေတဲ့ အကြောင်းအရာရဲ့ အဓိကအချက်က– ကျွန်တော်တို့မှာ အဲဒီလိုပုရောဟိတ်မင်း ရှိတယ်။+ ကောင်းကင်ပေါ်က ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ပလ္လင်တော် ညာဘက်မှာ သူထိုင်နေတယ်။+ ၂ လူတွေမဆောက်ဘဲ ယေဟောဝါ* တည်ဆောက်တဲ့ စစ်မှန်တဲ့တဲတော်မှာ၊  အသန့်ရှင်းဆုံးအခန်းမှာ+ သူ အမှုဆောင်နေတယ်။ ၃ ပုရောဟိတ်မင်းတိုင်းက အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သဖို့ တာဝန်ရှိတယ်။ ဒါကြောင့် သူလည်း တစ်ခုခု ဆက်သဖို့ လိုအပ်တယ်။+ ၄ သူဟာ ကမ္ဘာမြေပေါ်မှာရှိနေရင် ပုရောဟိတ် မဖြစ်နိုင်ဘူး။+ ပညတ်တရားအရ အလှူတွေ ဆက်သမယ့် ပုရောဟိတ်တွေ ရှိနှင့်ပြီးသားဖြစ်နေလို့ပဲ။ ၅ အဲဒီပုရောဟိတ်တွေရဲ့ အမှုဆောင်လုပ်ငန်းဟာ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကို ကိုယ်စားပြုတယ်။ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေရဲ့+  အရိပ်ဖြစ်တယ်။+ မောရှေ တဲတော်ဆောက်ခါနီးမှာ ဘုရားသခင်က “တောင်ပေါ်မှာ မင်းကို ပြတဲ့ပုံစံအတိုင်း အဲဒီပစ္စည်းတွေကို သေသေချာချာ လုပ်ရမယ်”+ လို့မိန့်မှာခဲ့တယ်။ ၆ အခု ယေရှုက ပိုမြတ်တဲ့ အမှုဆောင်ခွင့်ကို ရရှိထားတဲ့အတွက် ပိုမြတ်တဲ့ပဋိညာဉ်ရဲ့+ ဖျန်ဖြေသူလည်း+ ဖြစ်တယ်။ အဲဒီပဋိညာဉ်ဟာ ပိုမြတ်တဲ့ကတိတော်တွေကို အခြေခံပြီး တရားဝင်ဖြစ်လာတယ်။+

၇ ပထမပဋိညာဉ်သာ အပြစ်ဆိုစရာ မရှိခဲ့ရင် ဒုတိယပဋိညာဉ် လိုအပ်မှာ မဟုတ်ဘူး။+ ၈ “‘ငါနဲ့ အစ္စရေးအမျိုး၊ ယုဒအမျိုးတို့ ပဋိညာဉ်သစ်တစ်ခု ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်’ လို့ ယေဟောဝါ* ပြောတယ်။ အဲဒီလိုပြောခဲ့တာဟာ လူတွေမှာ အပြစ်ဆိုစရာ ရှိနေလို့ပဲ။ ၉ ‘အဲဒီပဋိညာဉ်ဟာ  ဘိုးဘေးတွေကို  အီဂျစ်ပြည်ကနေ  ငါလက်ဆွဲပြီး ခေါ်ထုတ်လာတုန်းက+ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်နဲ့မတူဘူး။ ငါ့ပဋိညာဉ်ကို သူတို့  ချိုးဖောက်ခဲ့တဲ့အတွက် ငါလည်း သူတို့ကို  ဂရုတစိုက်  စောင့်ရှောက်တော့မှာမဟုတ်ဘူး’  လို့  ယေဟောဝါ* ပြောတယ်။

၁၀ “‘နောက်ပိုင်းမှာ အဲဒီပဋိညာဉ်ကို  အစ္စရေးအမျိုးနဲ့  ငါဖွဲ့မယ်။  ငါ့ပညတ်တွေကို  သူတို့စိတ်ထဲရောက်အောင် သွင်းပေးမယ်။ သူတို့နှလုံးသားပေါ်မှာ ရေးထားမယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပြီး သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်’+ လို့ ယေဟောဝါ* ပြောတယ်။

၁၁ “‘“ယေဟောဝါကို* သိအောင်လုပ်ပါ” ဆိုပြီး တစ်မြို့တည်းသားတွေ၊ ညီအစ်ကိုတွေကို သင်ပေးစရာ မလိုတော့ဘူး။ လူကြီးလူငယ်မရွေး ငါ့ကို သိကြလိမ့်မယ်။ ၁၂ သူတို့ရဲ့ မဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို ငါခွင့်လွှတ်မယ်။ သူတို့ရဲ့ အပြစ်တွေအကြောင်း ငါပြန်မစဉ်းစားတော့ဘူး’ လို့လည်း ပြောထားတယ်။”+

၁၃ ဘုရားသခင်က “ပဋိညာဉ်သစ်” လို့ပြောတဲ့အခါ  ပဋိညာဉ်ဟောင်းကို ပျက်ပြယ်စေတာပဲ။+ ပျက်ပြယ်သွားတဲ့အရာ၊ ဟောင်းနွမ်းသွားတဲ့အရာဟာ ကွယ်ပျောက်ခါနီးပြီ။+

၉ ပဋိညာဉ်ဟောင်းမှာ  ဘုရားအတွက် အမှုဆောင်ဖို့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ အဲဒီလိုအမှုဆောင်ဖို့ သန့်ရှင်းရာအရပ်လည်း+ ကမ္ဘာမြေပေါ်မှာ ရှိတယ်။ ၂ တဲတော်ရဲ့ ပထမအခန်းကို ဆောက်လုပ်ထားပြီး အဲဒီမှာ ဆီမီးတိုင်၊+  စားပွဲ၊   ရှေ့တော်မုန့်တွေရှိတယ်။+  အဲဒီအခန်းကို  သန့်ရှင်းရာအခန်းလို့+  ခေါ်တယ်။ ၃ ဒုတိယကန့်လန့်ကာရဲ့+  နောက်မှာ အသန့်ရှင်းဆုံးအခန်းလို့+  ခေါ်တဲ့  တဲတော်အတွင်းခန်း ရှိတယ်။ ၄ အဲဒီအခန်းမှာ နံ့သာပေါင်းထည့်ထားတဲ့ ရွှေခွက်နဲ့+ ရွှေချထားတဲ့+  ပဋိညာဉ်သေတ္တာ+  ရှိတယ်။ သေတ္တာထဲမှာ မန္နမုန့်ထည့်ထားတဲ့ ရွှေအိုး၊+ အာရုန်ရဲ့ ပန်းပွင့်တဲ့တောင်ဝှေးနဲ့+ ပဋိညာဉ်ကျောက်ပြားတွေ+  ရှိတယ်။ ၅ ပဋိညာဉ်သေတ္တာရဲ့ အဖုံးပေါ်မှာ*  အတောင်တွေဖြန့်ထားတဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ခေရုဗိမ်* နှစ်ရုပ်ရှိတယ်။+  ဒါပေမဲ့   အခုတော့  အဲဒီအကြောင်းတွေကို အသေးစိတ်ပြောရမယ့်အချိန် မဟုတ်ဘူး။

၆ အဲဒါတွေကို ဆောက်လုပ်ပြီးတဲ့အခါ  ပုရောဟိတ်တွေက  ဘုရားအတွက် အမှုဆောင်ဖို့ တဲတော်ရဲ့ ပထမအခန်းထဲ နေ့တိုင်းဝင်ထွက်ရတယ်။+ ၇ တဲတော်ရဲ့  ဒုတိယအခန်းထဲကိုတော့ ပုရောဟိတ်မင်းတစ်ယောက်ပဲ တစ်နှစ်မှာ  တစ်ကြိမ်  ဝင်ရတယ်။+ မိမိအတွက်ရော+ မသိလို့ အပြစ်လုပ်မိသူတွေအတွက်ပါ+ အပြစ်ဖြေဖို့ သွေးကို  ယူသွားရတယ်။+ ၈ ပထမတဲတော် တည်ရှိနေချိန်မှာ အသန့်ရှင်းဆုံးအခန်းဆီ ဝင်တဲ့လမ်းကို ဘယ်သူ့ကိုမှ  မဖော်ပြရသေးဘူးဆိုပြီး  သန့်ရှင်းသော  စွမ်းအားတော်က  ရှင်းရှင်းလင်းလင်း  ဖော်ပြတယ်။+ ၉ အဲဒီတဲတော်ဟာ လက်ရှိအချိန်အတွက် ပုံဥပမာပဲ။+ အဲဒီအစီအစဉ်အတိုင်း အလှူတွေ၊ ပူဇော်သက္ကာတွေကို ဆက်သပေမဲ့+ အဲဒီအလှူတွေက ဘုရားကိုဝတ်ပြုတဲ့သူတွေကို အမှားအမှန်သိစိတ် လုံးဝကြည်လင်သွားအောင် မလုပ်ပေးနိုင်ဘူး။+ ၁၀ အဲဒီအလှူတွေက အစားအသောက်တွေ၊ မောရှေပညတ်မှာပါတဲ့ ဆေးကြောခြင်းတွေနဲ့ပဲ သက်ဆိုင်တယ်။+  ဒါတွေဟာ ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေဖြစ်ပြီး+ ကိစ္စရပ်တွေ ပြေလည်သွားဖို့ သတ်မှတ်ထားတဲ့အချိန်အထိ အတည်ဖြစ်နေရမယ်။

၁၁ ခရစ်တော်ဟာ  ကျွန်တော်တို့  လက်ရှိခံစားနေရတဲ့  ကောင်းမြတ်တဲ့အရာတွေကို ယူဆောင်လာတဲ့ ပုရောဟိတ်မင်းအဖြစ် ရောက်လာချိန်မှာ ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီတဲတော်ဟာ လူတွေ ဆောက်ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ  တည်ရှိတာ မဟုတ်ဘူး။ ၁၂ ခရစ်တော်က  အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့သွေးနဲ့+ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့်ရသွားတယ်။+ ၁၃ ဆိတ်သွေး၊ နွားသွေး၊+ မစင်ကြယ်သူတွေအပေါ်ဖျန်းတဲ့ နွားမပျိုရဲ့ ပြာတွေက သူတို့ကို ဘုရားရဲ့အမြင်မှာ စင်ကြယ်စေတယ်ဆိုရင်၊+ ၁၄ ခရစ်တော်ရဲ့သွေးက+ ကျွန်တော်တို့ကို ပိုလို့တောင် စင်ကြယ်စေမှာပဲ။ ခရစ်တော်က ထာဝရတည်တဲ့ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအတိုင်း အပြစ်အနာအဆာမရှိတဲ့ ပူဇော်သက္ကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။ သူ့ရဲ့သွေးက ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို ကြည်လင်စေတယ်။ သေခြင်းနဲ့ဆိုင်တဲ့ အကျင့်တွေကို ကျွန်တော်တို့ မကျင့်တော့ဘူး။+ ဒါကြောင့် အသက်ရှင်တဲ့ ဘုရားသခင်ကို ဝတ်ပြုနိုင်ကြတယ်။+

၁၅ ခရစ်တော်ဟာ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူဖြစ်လာတယ်။+  ဒါကြောင့် ခေါ်တော်မူခြင်းခံရသူတွေဟာ ထာဝရအမွေနဲ့ဆိုင်တဲ့+ ကတိတော်ကို ရရှိနိုင်ကြတယ်။ ခရစ်တော်ရဲ့ သေခြင်းက ပဋိညာဉ်ဟောင်းအောက်မှာ သူတို့ရှိနေတုန်းက လွန်ကျူးခဲ့တဲ့ အပြစ်ရဲ့အနှောင်အဖွဲ့ကနေ ရွေးနုတ်ပြီး+  လွတ်မြောက်စေတယ်။ ၁၆ ဘုရားသခင်နဲ့ ပဋိညာဉ်ဖွဲ့ရင် ပဋိညာဉ်ဖွဲ့တဲ့လူက သေဆုံးဖို့ လိုတယ်။ ၁၇ ပဋိညာဉ်ဖွဲ့တဲ့လူ သေဆုံးမှ ပဋိညာဉ် အတည်ဖြစ်မှာမို့လို့ပဲ။ ပဋိညာဉ်ဖွဲ့တဲ့လူ  အသက်ရှင်နေသရွေ့ အတည်မဖြစ်နိုင်ဘူး။ ၁၈ ဒါကြောင့် ပဋိညာဉ်ဟောင်းကို သွေးမပါဘဲ  အတည်ပြုခဲ့တာ   မဟုတ်ဘူး။ ၁၉ မောရှေက ပညတ်တရားမှာပါတဲ့ ပညတ်ချက်တွေအကြောင်း လူတွေကို ပြောပြပြီးတဲ့နောက် နွားကလေးသွေး၊ ဆိတ်သွေး၊ ရေ၊ ကြက်သွေးရောင်သိုးမွေးနဲ့ ဟုဿုပ်ခက်ကို* ယူပြီး ပဋိညာဉ်ကျမ်းနဲ့ လူအားလုံးပေါ်မှာ ဖျန်းခဲ့တယ်။ ၂၀ ပြီးတော့ “ဒီသွေးဟာ ခင်ဗျားတို့လိုက်နာဖို့ ဘုရားသခင် မိန့်မှာထားတဲ့ ပဋိညာဉ်နဲ့ ဆိုင်တဲ့ သွေးပဲ”+ လို့ပြောတယ်။ ၂၁ မောရှေက တဲတော်ကိုရော ဘုရားသခင်အတွက်  အမှုဆောင်ရာမှာသုံးတဲ့ ပစ္စည်းတွေကိုပါ သွေးနဲ့ ဖျန်းခဲ့တယ်။+ ၂၂ ပညတ်တရားအရ အရာအားလုံး နီးပါးဟာ သွေးအားဖြင့်ပဲ စင်ကြယ်နိုင်တယ်။+ သွေးသွန်းလောင်းမှသာ အပြစ်တွေ ခွင့်လွှတ်ခံရမယ်။+

၂၃ ဒါကြောင့် ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကို ကိုယ်စားပြုတဲ့အရာတွေဟာ+ တိရစ္ဆာန်ပူဇော်သက္ကာတွေရဲ့ သွေးအားဖြင့် စင်ကြယ်စေဖို့ လိုအပ်တယ်။+ ဒါပေမဲ့ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကိုတော့ တိရစ္ဆာန်ပူဇော်သက္ကာတွေထက် ပိုသာလွန်တဲ့ ပူဇော်သက္ကာတွေနဲ့ စင်ကြယ်စေရတယ်။ ၂၄ ခရစ်တော်ဟာ စစ်မှန်တဲ့ အသန့်ရှင်းဆုံးအခန်းရဲ့ ပုံတူဖြစ်တဲ့+ လူတွေဆောက်တဲ့+ အသန့်ရှင်းဆုံးအခန်းထဲ ဝင်တာ မဟုတ်ဘူး။ ကောင်းကင်ကို တက်သွားတာ။+ အခုဆို ကျွန်တော်တို့အတွက် ဘုရားသခင့်ရှေ့မှာ သူ အသနားခံပေးနေတယ်။+ ၂၅ ပုရောဟိတ်မင်းက မိမိသွေးမဟုတ်ဘဲ တိရစ္ဆာန်ရဲ့သွေးကို ယူပြီး အသန့်ရှင်းဆုံးအခန်းထဲ နှစ်စဉ် ဝင်ရတယ်။+ ခရစ်တော်ကတော့ အဲဒီလို အကြိမ်ကြိမ် ပူဇော်နေစရာ မလိုဘူး။ ၂၆ အဲဒီလိုသာ ပူဇော်ရရင် ခရစ်တော်က လူ့လောကအစပြုချိန်* ကတည်းက အကြိမ်ကြိမ် အသေခံရတော့မှာပေါ့။ အခုတော့ မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တွေကို ဖယ်ရှားဖို့+ လောကစနစ်တွေရဲ့* နိဂုံးပိုင်းမှာ တစ်ကြိမ်တည်းအပြီး ပေါ်ထွန်းခဲ့ပြီ။ ၂၇ လူတွေဟာ တစ်ကြိမ်တည်း သေဆုံးပြီးနောက် တရားစီရင်ခံရမှာ ဖစ်သလိုပဲ၊ ၂၈ ခရစ်တော်လည်း လူအများရဲ့ အပြစ်ကိုခံပြီး မိမိကိုယ်ကို တစ်ကြိမ်တည်းအပြီး ဆက်သခဲ့တယ်။+ ခရစ်တော် ဒုတိယအကြိမ် ပေါ်ထွန်းတာဟာ အပြစ်တွေကို ဖယ်ရှားဖို့ မဟုတ်ဘဲ မိမိကို ထက်ထက်သန်သန် စောင့်မျှော်နေသူတွေကို ကယ်တင်ဖို့ပါ။+

၁၀ ပညတ်တရားဟာ နောင်လာမယ့်+ ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်ပဲ။+ ကောင်းမြတ်တဲ့အရာ ကိုယ်နှိုက်တော့ မဟုတ်ဘူး။ ပညတ်တရားနဲ့* နှစ်စဉ်နှစ်တိုင်း အထပ်ထပ် ပူဇော်ရတဲ့ အလှူတွေက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေကို ပြည့်ဝစုံလင်တဲ့အဖြစ်ဆီ ဘယ်တော့မှ မရောက်စေနိုင်ဘူး။+ ၂ ပြည့်ဝစုံလင်စေနိုင်တယ်ဆိုရင်  ပူဇော်သူတွေက* တစ်ကြိမ်တည်းအပြီး စင်ကြယ်သွားပြီး အပြစ်ရှိတယ်လို့ မခံစားရတော့တဲ့အတွက် ပူဇော်သက္ကာတွေ ဆက်သနေစရာ မလိုတော့ဘူး။ ၃ တကယ်တော့  အဲဒီပူဇော်သက္ကာတွေက အပြစ်တွေကို နှစ်စဉ် ပြန်သတိရစေတယ်။+ ၄ နွားသွေး၊ ဆိတ်သွေးဟာ  အပြစ်တွေကို  မဖယ်ရှားပေးနိုင်ဘူး။

၅ ဒါကြောင့် ခရစ်တော်က ဒီလောကကိုလာတဲ့အခါ  “‘ကိုယ်တော်က ပူဇော်သက္ကာတွေ၊ အလှူတွေကို မလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ကိုယ်ခန္ဓာကို  ပြင်ဆင်ထားတယ်။ ၆ အကုန်အစင်  မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မနှစ်သက်ဘူး’+  လို့ပြောခဲ့တယ်။ ၇ ပြီးတော့ ‘ဘုရားသခင်၊ (ကျမ်းလိပ်ထဲမှာ ကျွန်တော့်အကြောင်း ရေးထားတဲ့အတိုင်း) အလိုတော်ဆောင်ဖို့ ကျွန်တော်  ရောက်လာပါပြီ’”+  လို့လည်း ပြောခဲ့တယ်။ ၈ ပညတ်တရားအရ ဆက်သရတဲ့ “ပူဇော်သက္ကာတွေ၊ အလှူတွေ၊ အကုန်အစင် မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မလိုချင်ဘူး၊  မနှစ်သက်ဘူး”  လို့ အရင်ဆုံး  ပြောပြီးမှ၊ ၉ “အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ”+ လို့ ပြောခဲ့တယ်။ ဒုတိယအစီအစဉ်ကို အတည်ဖြစ်စေဖို့ ပထမအစီအစဉ်ကို သူ ပယ်ဖျက်လိုက်တာပဲ။ ၁၀ အဲဒီ “အလိုတော်”+ အတိုင်း သူ့ရဲ့ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တဲ့အတွက် ကျွန်တော်တို့ သန့်စင်သွားပြီ။+

၁၁ ဒါ့အပြင်  ပုရောဟိတ်တိုင်းက နေ့စဉ် မိမိနေရာမှာ ရပ်ပြီး ဘုရားသခင်အတွက် အမှုဆောင်ရတယ်၊+ ပူဇော်သက္ကာတွေကိုလည်း ကြိမ်ဖန်များစွာ ဆက်သရတယ်။+ ဒါပေမဲ့ အဲဒီပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် မဖယ်ရှားပေးနိုင်ဘူး။+ ၁၂ ခရစ်တော်ကတော့ အပြစ်တွေကို ထာဝရ ဖြေလွှတ်ဖို့ ပူဇော်သက္ကာတစ်ခုတည်းကို ဆက်သပြီးမှ ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်တယ်။+ ၁၃ ရန်သူတွေကို မိမိခြေအောက်မှာ ဘုရားသခင် ချထားမယ့်အချိန်အထိ  စောင့်ဆိုင်းနေတယ်။+ ၁၄ ခရစ်တော်  ဆက်သလိုက်တဲ့ ပူဇော်သက္ကာတစ်ခုတည်းကြောင့် သန့်စင်သွားသူတွေဟာ ထာဝရ ပြည့်ဝစုံလင်တဲ့အဖြစ်ကို ရောက်သွားပြီ။+ ၁၅ သန့်ရှင်းသော စွမ်းအားတော်ကလည်း အဲဒီအချက် မှန်တယ်ဆိုတာ ကျွန်တော်တို့ကို သက်သေခံတယ်။ ၁၆ “‘အဲဒီနောက်ပိုင်းမှာ ဒီပဋိညာဉ်ကို သူတို့နဲ့ ငါဖွဲ့မယ်’ လို့ ယေဟောဝါ* ပြောတယ်။ ‘ငါ့ပညတ်တွေကို သူတို့ရဲ့ နှလုံးသားထဲ သွင်းပေးမယ်။ သူတို့ရဲ့ စိတ်ထဲမှာ ရေးထားမယ်’”+ လို့ပြောတယ်။ ၁၇ အဲဒီနောက် “သူတို့ရဲ့ အပြစ်တွေ၊ ဒုစရိုက်တွေအကြောင်း ငါ ပြန်မစဉ်းစားတော့ဘူး”  လို့  ပြောခဲ့တယ်။+ ၁၈ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီဆိုရင် အပြစ်ဖြေရာအလှူတွေ ဆက်သနေစရာ မလိုတော့ဘူး။

၁၉ ဒါကြောင့် ညီအစ်ကိုတို့၊ ယေရှုရဲ့သွေးကြောင့်  ကျွန်တော်တို့ဟာအသန့်ရှင်းဆုံးအခန်းကို သွားမယ့်လမ်းထဲ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဝင်နိုင်ကြပြီ။+ ၂၀ ကန့်လန့်ကာကို ဖြတ်ပြီးသွားရမယ့်  အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ လမ်းသစ်ကို ကျွန်တော်တို့အတွက်  ယေရှု ဖွင့်ပေးခဲ့တယ်။+ အဲဒီကန့်လန့်ကာကတော့  သူ့ရဲ့ကိုယ်ခန္ဓာပဲ။ ၂၁ ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရဲ့ အိမ်တော်ကို အုပ်ချုပ်တဲ့ မဟာပုရောဟိတ် ရှိနေတယ်။+ ၂၂ ဒါကြောင့် စိတ်ရင်းမှန်နဲ့၊ ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို ဝတ်ပြုကြစို့။ ဆိုးညစ်တဲ့ အမှားအမှန်သိစိတ် မရှိအောင် ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို သန့်စင်ထားပြီး*+ ကိုယ်ခန္ဓာကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောထားပြီးပြီပဲ။+ ၂၃ ကတိပေးထားတဲ့ အရှင်ဟာ သစ္စာရှိတဲ့အတွက် ကိုယ့်မျှော်လင့်ချက်အကြောင်း ယိမ်းယိုင်ခြင်းမရှိဘဲ လူသိရှင်ကြား ဇွဲရှိရှိ ကြေညာကြစို့။+ ၂၄ မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။*+ ၂၅ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။+ အချင်းချင်း အားပေးကြပါ။+ ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။+

၂၆ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိပြီးတဲ့နောက် စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေမယ်ဆိုရင်+ အပြစ်ဖြေရာအလှူ နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး။+ ၂၇ တရားစီရင်ခံရမှာ ကြောက်တဲ့စိတ်နဲ့ စောင့်မျှော်နေဖို့ပဲ ရှိတော့တယ်။ ဆန့်ကျင်သူတွေကို လောင်ကျွမ်းမယ့် အမျက်တော်မီးပဲ  ရှိတော့တယ်။+ ၂၈ မောရှေပညတ်ကို အရေးမစိုက်တဲ့သူကို သက်သေနှစ်ယောက်၊ သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိရင် မသနားဘဲ သေဒဏ်ပေးရတယ်။+ ၂၉ ဘုရားသခင်ရဲ့သားကို ခြေနဲ့နင်းတဲ့သူ၊ မိမိကို သန့်စင်စေတဲ့ ပဋိညာဉ်နဲ့ဆိုင်တဲ့သွေးကို တန်ဖိုးမထားသူ၊+  မဟာကရုဏာပြတဲ့  ဘုရားသခင်ရဲ့ စွမ်းအားတော်ကို မထီမဲ့မြင်ပြုသူဆိုရင် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်ခြင်းကို  ခံထိုက်တယ်  မဟုတ်လား။+ ၃၀ “လက်စားချေတာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ” လို့ ဘုရားသခင် ပြောထားတယ် မဟုတ်လား။ “ယေဟောဝါက* လူမျိုးတော်ကို တရားစီရင်မယ်”+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်။ ၃၁ အသက်ရှင်တဲ့ ဘုရားသခင်ဆီက ပြစ်ဒဏ်ကို ခံရတာဟာ သိပ်ကြောက်စရာ ကောင်းတယ်။

၃၂ အရင်အချိန်တွေကို သတိရနေကြပါ။  အဲဒီတုန်းက  ခင်ဗျားတို့ဟာ အလင်းထဲရောက်လာပြီးနောက်+ ဆင်းရဲဝေဒနာတွေ ခံရပ်ပြီး အကြီးအကျယ် တိုက်လှန်ခဲ့ရတယ်။ ၃၃ တစ်ခါတစ်ရံ၊ လူရှေ့သူရှေ့မှာ* ကဲ့ရဲ့ရှုတ်ချခံခဲ့ရတဲ့အပြင် နှိပ်စက်ညှဉ်းဆဲတာကိုလည်း ခံခဲ့ရတယ်။ တစ်ခါတစ်ရံ၊  အဲဒီလိုကြုံနေရတဲ့သူတွေနဲ့အတူ  ဒုက္ခတွေကို မျှဝေခံစားခဲ့တယ်။ ၃၄ အကျဉ်းကျနေတဲ့  ညီအစ်ကိုတွေကို စာနာမှုပြတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်ရာတွေ လုယက်ခံရတာကို ဝမ်းမြောက်တဲ့စိတ်နဲ့  သည်းခံကြတယ်။+ ဘာလို့လဲဆိုတော့ ပိုပြီးသာလွန်မြဲမြံတဲ့ အမွေကို ပိုင်ဆိုင်ထားမှန်း ခင်ဗျားတို့ သိနေလို့ပဲ။+

၃၅ ဒါကြောင့်  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို* လက်လွှတ်မခံလိုက်ပါနဲ့။ အဲဒါက  ဆုကျေးဇူးများစွာ ရရှိစေလို့ပါ။+ ၃၆ ဘုရားသခင်ရဲ့  အလိုတော်ကို ဆောင်ရွက်ပြီးနောက်  ကတိတော်တွေကို ရရှိခံစားနိုင်ဖို့ဆိုရင် ခံနိုင်ရည်ရှိဖို့ လိုတယ်။+ ၃၇ ဘာလို့လဲဆိုတော့ “သိပ်မကြာခင်မှာ”+ “ကြွလာတဲ့အရှင် ရောက်တော့မယ်။ နှောင့်နှေးမှာ မဟုတ်ဘူး။”+ ၃၈ “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့်  အသက်ရှင်လိမ့်မယ်။”+ “နောက်ဆုတ်မယ်ဆိုရင် သူ့ကို ငါ နှစ်သက်မှာ မဟုတ်ဘူး”+ လို့ပြောထားလို့ပဲ။ ၃၉ ကျွန်တော်တို့ကတော့  နောက်ဆုတ်သွားတဲ့အတွက် ဖျက်ဆီးခံလိုက်ရမယ့် လူစားမျိုး မဟုတ်ဘူး။+ ယုံကြည်ခြင်းရှိတဲ့အတွက် အသက်ဆက်ရှင်မယ့် လူစားမျိုးဖြစ်တယ်။

၁၁ ယုံကြည်ခြင်းဆိုတာ မျှော်လင့်တဲ့အရာတွေကို  စိတ်ချစွာ စောင့်မျှော်နေတာ၊+ ကိုယ်ယုံကြည်တဲ့အရာကို မမြင်ရပေမဲ့ အမှန်တကယ်ရှိတယ်လို့  စိတ်ချနေတာ   ဖြစ်တယ်။ ၂ ရှေးခေတ်လူတွေဟာ ယုံကြည်ခြင်းရှိတဲ့အတွက် ဘုရားသခင်က သူတို့ကို နှစ်သက်တယ်ဆိုတာ ဖော်ပြခဲ့တယ်။

၃ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့် လောကစနစ်တွေ* တည်ရှိလာမှန်း ကျွန်တော်တို့ သဘောပေါက်လာတာဟာ ယုံကြည်ခြင်းကြောင့်ပဲ။ မြင်ရတဲ့အရာတွေဟာ မမြင်ရတဲ့အရာတွေကနေ ဖြစ်ပေါ်လာတယ်။

၄ ယုံကြည်ခြင်းကြောင့် အာဗေလက ကာအိနရဲ့ ပူဇော်သက္ကာထက် ပိုသာလွန်တဲ့ ပူဇော်သက္ကာကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။+ အဲဒီယုံကြည်ခြင်းကြောင့်  ဖြောင့်မတ်တယ်ဆိုတဲ့ သက်သေခံချက်ကို သူရရှိခဲ့တယ်။ သူ့ရဲ့ ပူဇော်သက္ကာကို ဘုရားသခင် နှစ်သက်တယ်။+  သူသေသွားပေမဲ့ ယုံကြည်ခြင်းအားဖြင့် အခုထိ ဟောနေတုန်းပဲ။+

၅ ယုံကြည်ခြင်းကြောင့် ဧနောက်က+  ပြောင်းရွှေ့ခံလိုက်ရပြီး သေဆုံးချိန်မှာ ဝေဒနာ မခံစားခဲ့ရဘူး။ ဘုရားသခင် ပြောင်းရွှေ့လိုက်တဲ့အတွက် သူ့ကို ရှာလို့မတွေ့ကြဘူး။+ ဒါပေမဲ့ ပြောင်းရွှေ့မခံရခင်မှာ သူဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေခံချက်ကို ရရှိခဲ့တယ်။ ၆ ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်ပဲ  ဆိုတာကိုလည်း ယုံကြည်ရမယ်။+

၇ မမြင်ရသေးတဲ့  အရာတွေအကြောင်း ဘုရားဆီက သတိပေးချက်ကို ရတဲ့အခါ+ နောဧက+ ယုံကြည်ခြင်းကြောင့် ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ အိမ်သူအိမ်သားတွေကို ကယ်တင်ဖို့ သင်္ဘောဆောက်တယ်။+ အဲဒီယုံကြည်ခြင်းကြောင့် လောကကို သူပြစ်တင်ရှုတ်ချခဲ့တယ်။+ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံခဲ့ရတယ်။

၈ အမွေအဖြစ်  ရရှိမယ့်နေရာကိုသွားဖို့ ဘုရားသခင် ခေါ်တဲ့အခါ အာဗြဟံက+ ယုံကြည်ခြင်းကြောင့် နာခံခဲ့တယ်။ ဘယ်ကိုသွားရမှန်း မသိပေမဲ့လည်း ထွက်သွားခဲ့တယ်။+ ၉ ယုံကြည်ခြင်းကြောင့် အာဗြဟံက တိုင်းတစ်ပါးမှာနေသလို ကတိထားရာပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေတယ်။+ အိဇက်၊ ယာကုပ်တို့နဲ့အတူ တဲထိုးပြီးနေခဲ့တယ်။+ သူတို့လည်း ကတိတော်ကို အမွေခံသူတွေပဲ။+ ၁၀ အာဗြဟံက စစ်မှန်တဲ့ အုတ်မြစ်တွေရှိတဲ့မြို့၊ ဘုရားသခင် ပုံစံရေးဆွဲပြီး တည်ဆောက်တဲ့မြို့ကို စောင့်မျှော်ခဲ့တယ်။+

၁၁ စာရာက  အရွယ်လွန်ချိန်မှာတောင်+ မျိုးနွယ်ကို ကိုယ်ဝန်ဆောင်နိုင်တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ ကတိပေးတဲ့အရှင်ဟာ သစ္စာရှိမှန်း သူယုံတာကိုး။ ၁၂ ဒါကြောင့် အာဗြဟံလည်း လူသေနဲ့ မခြားတော့တဲ့+ လူတစ်ယောက်ဖြစ်ပေမဲ့ သူ့ဆီကနေ ကောင်းကင်ကြယ်လို များပြားပြီး သမုဒ္ဒရာသဲလုံးလို မရေတွက်နိုင်တဲ့+ သားသမီးတွေ ဆင်းသက်လာတယ်။+

၁၃ သူတို့ခေတ်မှာ ကတိတော်တွေ မပြည့်စုံခဲ့ပေမဲ့ အဲဒီလူအားလုံးဟာ ယုံကြည်ခြင်းရှိရှိ သေဆုံးသွားကြတယ်။+ ကတိထားရာတွေက  အနာဂတ်ကျမှ ပြည့်စုံလာမှာ ဖြစ်ပေမဲ့ သူတို့အတွက်တော့ မြင်တွေ့ပြီးသားအရာလို ဖြစ်ပြီး+ ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်။ အဲဒီပြည်မှာ သူစိမ်းတွေ၊ ယာယီနေထိုင်သူတွေဖြစ်မှန်း  အတိအလင်း  ပြောခဲ့တယ်။ ၁၄ အဲဒီလိုပြောခဲ့သူတွေက ကိုယ်ပိုင်နေရာတစ်ခုကို ထက်ထက်သန်သန် ရှာနေတယ်ဆိုတာ အထင်အရှား ဖော်ပြခဲ့တယ်။ ၁၅ ထွက်လာခဲ့တဲ့နေရာကို+ သူတို့ တမ်းတနေတယ်ဆိုရင် ပြန်သွားနိုင်တာပဲ။ ၁၆ ဒါပေမဲ့ ကောင်းကင်နဲ့ဆိုင်တဲ့ ပိုမြတ်တဲ့နေရာကို ရောက်ဖို့ သူတို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က သူတို့ရဲ့ဘုရားလို့ အခေါ်ခံရတာကို မရှက်ဘူး။+ သူတို့အတွက် မြို့တစ်မြို့ကိုတောင်  ပြင်ဆင်ထားတယ်။+

၁၇ ဘုရားသခင် စမ်းသပ်တဲ့အခါ+ အာဗြဟံက  ယုံကြည်ခြင်းကြောင့် အိဇက်ကို တကယ် ပူဇော်တော့မလို့ပဲ။ ၁၈ “မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမယ်”+ ဆိုတဲ့ ကတိကို ဝမ်းမြောက်ဝမ်းသာ ရထားတာတောင် တစ်ဦးတည်းသောသားကို ပူဇော်ဖို့ လုပ်ခဲ့တယ်။+ ၁၉ သားအိဇက်ကို  သေခြင်းကနေ ဘုရားသခင် ထမြောက်စေနိုင်တယ်လို့ သူယုံတယ်။ တကယ်လည်း သူ့သားကို သေခြင်းကနေ ပြန်ရသလိုပါပဲ။ ဒါဟာ အနာဂတ်မှာ ဖြစ်လာမယ့်အရာကို ဖော်ပြတယ်။+

၂၀ ယုံကြည်ခြင်းကြောင့် အိဇက်လည်း နောင်ဖြစ်မယ့်အရာတွေနဲ့ ပတ်သက်ပြီး  ယာကုပ်နဲ့+  ဧသောကို+ ကောင်းချီးပေးခဲ့တယ်။

၂၁ ယုံကြည်ခြင်းကြောင့် ယာကုပ်က  သေဆုံးခါနီးမှာ+  ယောသပ်ရဲ့သား နှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးခဲ့တယ်။+ တောင်ဝှေးကိုမှီရင်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့တယ်။+

၂၂ ယုံကြည်ခြင်းကြောင့်  ယောသပ်က အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်ရလိမ့်မယ်လို့ သေဆုံးခါနီးမှာ ပြောခဲ့တယ်။ သူ့အရိုးတွေကို အဲဒီကနေ သယ်သွားဖို့ မှာကြားခဲ့တယ်။+

၂၃ ယုံကြည်ခြင်းကြောင့် မိဘတွေက မောရှေကို သုံးလကြာ ဝှက်ထားခဲ့တယ်။+ မွေးလာတဲ့ အဲဒီကလေး ချစ်စရာကောင်းတာကို+ မြင်ပြီး ဘုရင့်အမိန့်ကို မကြောက်ခဲ့ဘူး။+ ၂၄ မောရှေက ကြီးပြင်းလာတဲ့အခါ+ ဘုရင့်သမီးတော်ရဲ့ သားလို့ အခေါ်ခံရမယ့်ဘဝကို ယုံကြည်ခြင်းကြောင့် ငြင်းပယ်ခဲ့တယ်။+ ၂၅ အပြစ်မှာ  ခဏပျော်ပါးဖို့ထက် ဘုရားသခင်ရဲ့ လူတွေနဲ့အတူ ညှဉ်းဆဲခံဖို့ ရွေးချယ်ခဲ့တယ်။ ၂၆ ရရှိမယ့်ဆုကျေးဇူးကို အာရုံစူးစိုက်ခဲ့တဲ့အတွက် ဘိသိက်ပေးထားသူအဖြစ် ကဲ့ရဲ့ရှုတ်ချခံရတာဟာ အီဂျစ်ပြည်မှာ စည်းစိမ်ခံစားရတာထက် ပိုမြတ်တယ်လို့ သူ ယူဆခဲ့တယ်။ ၂၇ ဘုရင့်အမျက်ကိုမကြောက်ဘဲ+ ယုံကြည်ခြင်းကြောင့် အီဂျစ်ပြည်ကနေ ထွက်ခဲ့တယ်။+ မမြင်ရတဲ့အရှင်ကို+ မြင်နေရသလိုပဲ သူ တည်မြဲတည်ကြည်ခဲ့တယ်။ ၂၈ ယုံကြည်ခြင်းကြောင့် ပသခါပွဲကို* သူကျင်းပပြီး တံခါးထုပ်တွေမှာ  သွေးသုတ်လိမ်းခဲ့တယ်။ ဒါကြောင့် ဖျက်ဆီးသူက အစ္စရေးတွေရဲ့ သားဦးကို အန္တရာယ်မပေးနိုင်ခဲ့ဘူး။+

၂၉ ယုံကြည်ခြင်းကြောင့် အစ္စရေးတွေက ပင်လယ်နီကို ခြောက်သွေ့တဲ့ မြေပြင်လို ဖြတ်သွားခဲ့တယ်။+ ဖြတ်ဖို့ကြိုးစားတဲ့ အီဂျစ်လူတွေကတော့ ရေနစ်သေဆုံးသွားတယ်။+

၃၀ ယေရိခေါမြို့ရိုးကို သူတို့ ခုနစ်ရက် လှည့်ပတ်ပြီးနောက် မြို့ရိုးပြိုကျသွားတာ  ယုံကြည်ခြင်းကြောင့်ပဲ။+ ၃၁ ပြည့်တန်ဆာရာခပ်က သူလျှိုတွေကို  ဖော်ဖော်ရွေရွေ လက်ခံခဲ့တာ၊ နာခံမှုမရှိသူတွေနဲ့အတူ  မပျက်စီးခဲ့တာ ယုံကြည်ခြင်းကြောင့်ပဲ။+

၃၂ ကျွန်တော် ဘယ်သူ့အကြောင်း ပြောရဦးမလဲ။ ဂိဒေါင်၊+ ဗာရက်၊+ ရှံဆုန်၊+ ယေဖသ၊+ ဒါဝိဒ်၊+ ရှမွေလနဲ့+ တခြားပရောဖက်တွေအကြောင်းသာ ဆက်ပြောနေရရင် အချိန်လောက်မှာ မဟုတ်တော့ဘူး။ ၃၃ ယုံကြည်ခြင်းကြောင့် တိုင်းနိုင်ငံတွေကို သူတို့ အနိုင်ရခဲ့တယ်၊+ ဖြောင့်မတ်ခြင်း ဆောင်ကြဉ်းပေးခဲ့တယ်။ ကတိတော်တွေ ရရှိခဲ့တယ်၊+ ခြင်္သေ့နှုတ်ကို ပိတ်ခဲ့တယ်။+ ၃၄ မီးအရှိန်ကို ငြိမ်းသတ်ခဲ့တယ်၊+ ဓားဘေးကနေ လွတ်မြောက်ခဲ့တယ်၊+ အားနည်းရာကနေ   အားကြီးလာခဲ့တယ်၊+ စစ်မက်ရေးရာမှာ ခွန်အားကြီးလာခဲ့တယ်၊+ ကျူးကျော်လာတဲ့တပ်တွေကို ချေမှုန်းခဲ့တယ်။+ ၃၅ အမျိုးသမီးတွေလည်း ချစ်ရသူတွေ ရှင်ပြန်ထမြောက်လာတဲ့အတွက်+ သူတို့ကို ပြန်ရခဲ့တယ်။  တချို့အမျိုးသားတွေကျတော့ လွတ်မြောက်ဖို့အတွက် ယုံကြည်ခြင်းကို စွန့်လိုက်မယ့်အစား  ပိုမြတ်တဲ့  ရှင်ပြန်ထမြောက်ခြင်းကို ရဖို့ ညှဉ်းဆဲခံခဲ့ကြတယ်။ ၃၆ တချို့က ကဲ့ရဲ့ခံရတယ်၊ ရိုက်ပုတ်ခံရတယ်။ ဒါတင်မကသေးဘူး၊ ချည်နှောင်ခံရပြီး+ အကျဉ်းချခံရတယ်။+ ဒီနည်းတွေနဲ့  စမ်းသပ်ခံခဲ့ရတယ်။ ၃၇ ကျောက်ခဲနဲ့ အပေါက်ခံရတယ်။+ ရုံးတင်စစ်ဆေးခံရတယ်။ လွှနဲ့ နှစ်ပိုင်းဖြတ်ခံရတယ်။ ဓားနဲ့ ကွပ်မျက်ခံရတယ်။+ သိုးသားရေတွေ၊ ဆိတ်သားရေတွေ ဝတ်ခဲ့ရတယ်။+ ဆင်းရဲနွမ်းပါးခဲ့ရတယ်။ ဒုက္ခရောက်ခဲ့တယ်၊+ မတရား အနိုင်ကျင့်ခံခဲ့ရတယ်။+ ၃၈ ဒီလောကဟာ သူတို့နဲ့ မထိုက်တန်ဘူး။ တောကြိုတောင်ကြားမှာ သူတို့ လှည့်လည်သွားလာခဲ့ရတယ်။ ဥမင်တွေ၊ လိုဏ်ဂူတွေမှာ+ နေခဲ့ရတယ်။

၃၉ သူတို့အားလုံးဟာ  ယုံကြည်ခြင်းကြောင့်  ဘုရားသခင်နှစ်သက်တယ်ဆိုတဲ့  သက်သေခံချက်ကို  ရရှိခဲ့ပေမဲ့   သူတို့ခေတ်မှာ  ကတိတော်မပြည့်စုံခဲ့ဘူး။ ၄၀ ဘာလို့လဲဆိုတော့ ဘုရားသခင်က  ကျွန်တော်တို့ကို  ပိုကောင်းတဲ့အရာ ပေးဖို့ စိတ်ကူးထားလို့ပဲ။+ ကျွန်တော်တို့ပါမှပဲ သူတို့ ပြည်ဝစုံလင်နိုင်မယ်။

၁၂ တိမ်ထုကြီးလိုများတဲ့  အဲဒီသက်သေတွေ  ကျွန်တော်တို့ပတ်လည်မှာ ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဝန်ပိစေတဲ့ အရာမှန်သမျှ၊ အလွယ်တကူ ကျော့မိစေတဲ့+ အပြစ်မှန်သမျှကို ဖယ်ရှားကြစို့။ ရှေ့မှာရှိတဲ့ ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ပြေးကြစို့။+ ၂ ကျွန်တော်တို့ရဲ့  ယုံကြည်ခြင်းကို ပြည့်ဝစေသူ ကိုယ်စားလှယ်ချုပ် ယေရှုကို+ အာရုံစိုက်ကြည့်ပြီး ပြေးကြစို့။ သူက  ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို  အရေးမစိုက်ဘဲ  ဒုက္ခသစ်တိုင်* ပေါ်မှာ  အသေခံခဲ့တယ်။ အခု  ဘုရားသခင့်  ရာဇပလ္လင်ရဲ့  ညာဘက်မှာ  ထိုင်နေတယ်။+ ၃ ရန်လိုစကားတွေပြောပြီး  ကိုယ့်ကိုယ်ကိုယ်ပဲ  ထိခိုက်စေတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ စကားကို+ သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ။ ဒါဆိုရင် ခင်ဗျားတို့ မောပန်းနွမ်းနယ်မှာ မဟုတ်ဘူး၊ လက်လျှော့မှာ မဟုတ်ဘူး။+

၄ အပြစ်ကို  တွန်းလှန်တဲ့အခါ ခင်ဗျားတို့ရဲ့သွေး မြေကျတဲ့အထိတော့ မခုခံရသေးပါဘူး။ ၅ အဲဒီအပြင် ခင်ဗျားတို့ကို သားတွေလို သဘောထားပြီးပြောခဲ့တဲ့ ဒီစကားတွေကို ခင်ဗျားတို့ လုံးဝမေ့သွားပြီ– “ငါ့သား၊  ယေဟောဝါ* ဆုံးမတာကို မထီလေးစားမလုပ်နဲ့။ ပဲ့ပြင်ခံရတဲ့အခါလည်း စိတ်မပျက်နဲ့။ ၆ ယေဟောဝါက* ချစ်ရသူတွေကို ဆုံးမတတ်လို့ပဲ။ သားလို သဘောထားသူတွေကို ဒဏ်ပေးတတ်လို့ပဲ။”+

၇ အခက်အခဲတွေ  ကြုံရတဲ့အခါ ခင်ဗျားတို့ကို ဆုံးမနေတာလို့* သဘောထားပြီး ခံနိုင်ရည်ရှိကြပါ။ ဘုရားသခင်က ခင်ဗျားတို့ကို သားတွေလို သဘောထားပြီး ဆက်ဆံတယ်။+ ဖခင်ဆုံးမတာကို မခံရတဲ့သားဆိုတာ ရှိလို့လား။+ ၈ တခြားသူတွေ ဆုံးမခံရပြီး ခင်ဗျားတို့ကျတော့ မခံရဘူးဆိုရင် ခင်ဗျားတို့ဟာ သားအရင်းတွေ မဟုတ်ဘူး။ တရားဝင်လက်မထပ်ဘဲ မွေးလာတဲ့သားတွေပဲ။ ၉ မွေးဖခင်တွေက ကျွန်တော်တို့ကို ဆုံးမလေ့ရှိတယ်။ ကျွန်တော်တို့ကလည်း မွေးဖခင်တွေကို လေးစားတတ်ကြတယ်။ ကျွန်တော်တို့ကို စွမ်းအားတော်နဲ့ မွေးဖွားပေးလိုက်တဲ့ ဖခင်ကိုဆိုရင် ပိုလို့တောင် လိုလိုလားလား လက်အောက်ခံပြီး  အသက်ရှင်သင့်တယ် မဟုတ်လား။+ ၁၀ မွေးဖခင်တွေက သူတို့ မှန်တယ်ထင်တဲ့အတိုင်း တစ်ခဏသာ ဆုံးမတတ်ကြတယ်။ ဘုရားသခင်ကတော့ မိမိလိုသန့်ရှင်းလာနိုင်အောင် ကျွန်တော်တို့အကျိုးအတွက်  အမြဲဆုံးမတတ်တယ်။+ ၁၁ ဆုံးမခံရချိန်မှာတော့ မပျော်ရွှင်နိုင်ဘဲ ဝမ်းနည်းတတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆုံးမမှုအားဖြင့် လေ့ကျင့်ခံရသူတွေဟာ နောက်ပိုင်းမှာ ဖြောင့်မတ်စွာ အသက်ရှင်တဲ့အတွက် ငြိမ်သက်ခြင်းကို ခံစားရလိမ့်မယ်။

၁၂ ဒါကြောင့်  အားလျော့နေတဲ့ လက်တွေ၊ တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့စေပါ။+ ၁၃ ကိုယ်သွားမယ့်လမ်းတွေကို အမြဲဖြောင့်ဖြူးစေပါ။+ ဒါမှ ခြေမသန်တဲ့သူတွေဟာ အဆစ်လွဲသွားမယ့်အစား  ပြန်ကောင်းလာနိုင်လိမ့်မယ်။ ၁၄ လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့၊+ သန့်ရှင်းခြင်းရှိဖို့+ အစွမ်းကုန်ကြိုးစားပါ။  သန့်ရှင်းခြင်းမရှိသူဟာ သခင်ကို မြင်တွေ့ ခွင့်ရမှာ မဟုတ်ဘူး။ ၁၅ ဘုရားသခင်ရဲ့  မဟာကရုဏာကို မခံစားရတဲ့အဖြစ်မျိုး  မရောက်အောင် သတိထားကြပါ။ သတိမထားရင် ခင်ဗျားတို့ဆီမှာ အဆိပ်ပင်ရဲ့ အမြစ်တွေ ပေါက်လာပြီး ဒုက္ခပေးတဲ့အတွက် လူများစွာ ညစ်ညူးသွားကြလိမ့်မယ်။+ ၁၆ ခင်ဗျားတို့ဆီမှာ  လိင်အကျင့်ယိုယွင်းသူတွေ၊* မြင့်မြတ်တဲ့အရာကို ဧသောလို တန်ဖိုးမထားသူတွေ မရှိအောင် သတိထားကြပါ။ ဧသောက သားဦးအခွင့်အရေးကို တစ်နပ်စာနဲ့ လဲလှယ်ခဲ့တယ်။+ ၁၇ နောက်မှ ကောင်းချီးရချင်တဲ့အခါ သူ ငြင်းပယ်ခံရတယ်။ ဖခင် စိတ်ပြောင်းလဲအောင် ငိုယိုပြီး  အသနားခံပေမဲ့+ သူ မအောင်မြင်ခဲ့မှန်း ခင်ဗျားတို့ သိပါတယ်။

၁၈ ထိတွေ့လို့ရတဲ့တောင်၊+  မီးလောင်နေတဲ့တောင်ဆီ+  ခင်ဗျားတို့ သွားနေတာ မဟုတ်ဘူး။ အဲဒီတောင်မှာ မည်းမှောင်တဲ့တိမ်ထု၊ အမှောင်ထု၊ လေပြင်းမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်။+ ၁၉ တံပိုးမှုတ်သံ၊+  စကားသံတွေ+ ထွက်ပေါ်ခဲ့တယ်။ ကြားတဲ့သူတွေက သူတို့ကို  ဆက်မပြောပါနဲ့တော့လို့ အသနားခံခဲ့တယ်။+ ၂၀ “တိရစ္ဆာန်ဖြစ်နေရင်တောင်မှ တောင်ခြေနား ကပ်လာရင်  ကျောက်ခဲနဲ့  ပေါက်သတ်ရမယ်”+  ဆိုတဲ့အမိန့်ကို  သူတို့  သိပ်ကြောက်ခဲ့တယ်။ ၂၁ မြင်လိုက်ရတဲ့မြင်ကွင်းက  ကြောက်စရာကောင်းလွန်းတော့  မောရှေက  “ကျွန်တော့်မှာ ကြောက်ပြီး တုန်နေတာပဲ”+ လို့ပြောခဲ့တယ်။ ၂၂ ခင်ဗျားတို့ကျတော့ ဇိအုန်တောင်ဆီ၊+ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ မြို့တော်ဖြစ်တဲ့ ကောင်းကင်ဂျေရုဆလင်ဆီ၊+  ကောင်းကင်တမန်အမြောက်အမြား  စည်းဝေးတဲ့နေရာဆီ၊+ ၂၃ ကောင်းကင်မှာ စာရင်းဝင်တဲ့  သားဦးတွေရဲ့  အသင်းတော်ဆီ၊ အားလုံးရဲ့  တရားသူကြီးဖြစ်တဲ့ ဘုရားသခင်ဆီ၊+ သန့်ရှင်းသော စွမ်းအားတော်နဲ့ မွေးဖွားခံရပြီး+ ပြည့်ဝစုံလင်လာတဲ့ ဖြောင့်မတ်သူတွေရဲ့ အသက်တာဆီ၊+ ၂၄ ပဋိညာဉ်သစ်ရဲ့+ ဖျန်ဖြေသူ ယေရှုဆီ၊+ ကျွန်တော်တို့အပေါ် ယေရှုဖျန်းတဲ့သွေးဆီ သွားနေကြတာ။ ယေရှုရဲ့သွေးဟာ အာဗေလရဲ့သွေးထက်+ ပိုမြတ်တယ်။

၂၅ ကောင်းကင်ကနေ ခင်ဗျားတို့ကို ပြောနေတဲ့အရှင်ရဲ့ စကားသံကို နားမထောင်မိတဲ့အဖြစ်မျိုး မရောက်အောင် သတိထားပါ။ အရင်တုန်းကလူတွေဟာ ဘုရားရဲ့  သတိပေးချက်ကို  မြေကြီးပေါ်မှာ  ပြန်ပြောပြတဲ့သူရဲ့  စကားကို  နားမထောင်လို့  ပြစ်ဒဏ်ခံခဲ့ရတယ်။ ကောင်းကင်ကနေပြောတဲ့ အရှင်ကို ကျွန်တော်တို့ ကျောခိုင်းမယ်ဆိုရင် ပိုလို့တောင်  ပြစ်ဒဏ်ခံရလိမ့်မယ်။+ ၂၆ အဲဒီတုန်းက ဘုရားရဲ့အသံကြောင့် မြေကြီး လှုပ်ခါသွားတယ်။+ အခုကျတော့  “မြေကြီးကိုသာမက  ကောင်းကင်ကိုပါ  နောက်တစ်ကြိမ် ငါလှုပ်ခါဦးမယ်”+ လို့  ဘုရားကတိပေးထားတယ်။ ၂၇ “နောက်တစ်ကြိမ်”  ဆိုတဲ့စကားက လှုပ်ခါနေတဲ့အရာတွေ တစ်နည်းပြောရရင် ဘုရား မဖန်ဆင်းခဲ့တဲ့အရာတွေ ဖယ်ရှားခံရမယ်ဆိုတာကို ဖော်ပြတယ်။ ဒီနည်းနဲ့ မလှုပ်ခါနိုင်တဲ့အရာတွေ ကျန်ရစ်လိမ့်မယ်။ ၂၈ မလှုပ်ခါနိုင်တဲ့နိုင်ငံကို ကျွန်တော်တို့ရမှာဖြစ်လို့  မဟာကရုဏာကို အမြဲခံယူနေကြစို့။ အဲဒီကရုဏာကိုခံယူရင်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့၊ ဘုရားနှစ်သက်တဲ့နည်းနဲ့ အမှုဆောင်ကြစို့။ ၂၉ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ လောင်ကျွမ်းစေတဲ့မီးပဲ။+

၁၃ ညီရင်းအစ်ကိုမေတ္တာနဲ့ အချင်းချင်း  ချစ်မြဲချစ်နေကြပါ။+ ၂ ဧည့်ဝတ်ကျေပွန်ဖို့* မမေ့ပါနဲ့။+ ဧည့်ဝတ်ပြုခဲ့သူတချို့က  ကောင်းကင်တမန်တွေမှန်း  မသိဘဲ  ဧည့်ဝတ်ပြုခဲ့ကြတယ်။+ ၃ အကျဉ်းကျနေတဲ့သူတွေကို  ကိုယ်လည်း  သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့  သဘောထားပြီး+ သတိရကြပါ။+  ခင်ဗျားတို့ကိုယ်တိုင် ကမ္ဘာပေါ်မှာ အသက်ရှင်နေတုန်းဖြစ်လို့*  ညှဉ်းဆဲခံရသူတွေကို သတိရကြပါ။ ၄ အိမ်ထောင်မင်္ဂလာကို  လူတိုင်း လေးစားရမယ်။ အိမ်ထောင်မင်္ဂလာကို  မညစ်ညူးစေပါနဲ့။+  လိင်အကျင့်ယိုယွင်းသူတွေ၊* အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်။+ ၅ ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။+ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။+ “မင်းတို့ကို ငါ ဘယ်တော့မှပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး”+ လို့ ဘုရားသခင် ပြောထားတာပဲ။ ၆ ဒါကြောင့် “ယေဟောဝါဟာ* ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှမကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ”+ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။

၇ ခင်ဗျားတို့ကို  ဦးဆောင်နေသူတွေ၊+  ဘုရားသခင့်  တရားစကားအကြောင်း ဟောပြောသွန်သင်ပေးခဲ့သူတွေကို သတိရပါ။ သူတို့ရဲ့ လုပ်ရပ်ကြောင့်ဖြစ်လာတဲ့ ကောင်းကျိုးတွေကို စဉ်းစားဆင်ခြင်ပြီး သူတို့ရဲ့ယုံကြည်ခြင်းကို အတုယူပါ။+

၈ ယေရှုခရစ်ဟာ အရင်တုန်းကရော၊ အခုရော၊ နောင်ရော ထာဝရမပြောင်းလဲဘူး။

၉ ထူးဆန်းတဲ့  သွန်သင်ချက်အမျိုးမျိုးကြောင့်  လမ်းမလွဲသွားပါနဲ့။ အစားအစာကို* မဟုတ်ဘဲ မဟာကရုဏာကို အားထားပြီး စိတ်နှလုံးကို ခိုင်ခံ့အောင်လုပ်ပါ။  အစားအစာကိုပဲ အရေးပေးလွန်းတဲ့သူဟာ ဘာအကျိုးမှ မရဘူး။+

၁၀ ကျွန်တော်တို့မှာ  ပူဇော်ရာပလ္လင်တစ်ခု  ရှိတယ်။  ဒါပေမဲ့  တဲတော်မှာ အမှုဆောင်တဲ့သူတွေက အဲဒီပလ္လင်ပေါ် ဆက်သထားတာကို စားသုံးခွင့်မရှိဘူး။+ ၁၁ ပုရောဟိတ်မင်းက တိရစ္ဆာန်တွေရဲ့ သွေးကို အပြစ်ဖြေရာအလှူအဖြစ်  အသန့်ရှင်းဆုံးအခန်းထဲ ယူသွားရတယ်။ အကောင်တွေကိုတော့ စခန်းအပြင်  ထုတ်ပြီး  မီးရှို့ရတယ်။+ ၁၂ ဒါကြောင့် ယေရှုကလည်း လူတွေကို မိမိသွေးနဲ့ သန့်စင်ပေးနိုင်ဖို့+ မြို့တံခါးရဲ့အပြင်ဘက်မှာ+ အသေခံခဲ့တယ်။ ၁၃ ဒါကြောင့် ယေရှုရှိရာ  စခန်းအပြင်ကိုထွက်ပြီး ယေရှုခံခဲ့ရတဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကို ခံယူကြစို့။+ ၁၄ ဒီနေရာမှာတော့ ကျွန်တော်တို့အတွက် တည်မြဲတဲ့မြို့ မရှိဘူး။ နောင်တည်မယ့်မြို့ကိုပဲ စိတ်ထက်သန်စွာ ကျွန်တော်တို့ စောင့်မျှော်နေတယ်။+ ၁၅ ဒါကြောင့်  ယေရှုကတစ်ဆင့် ဘုရားသခင်ကို အမြဲချီးမွမ်းကြစို့။+ အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့နာမည်ကို လူအများသိအောင်+ နှုတ်နဲ့ချီးမွမ်းကြတယ်။+ ၁၆ ဒါ့အပြင် ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။+ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။+

၁၇ ခင်ဗျားတို့ကို  ဦးဆောင်တဲ့သူတွေကို နာခံပါ၊+ လက်အောက်ခံပါ။+ ခင်ဗျားတို့ကို  သူတို့  ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။+ သူတို့ရဲ့တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့  ခင်ဗျားတို့ပဲအကျိုးယုတ်လိမ့်မယ်။

၁၈ ကျွန်တော်တို့အတွက် အမြဲဆုတောင်းပေးပါ။  ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေတဲ့အတွက် အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။+ ၁၉ ခင်ဗျားတို့ဆီ ကျွန်တော် အမြန်ဆုံးရောက်လာနိုင်အောင် ဆုတောင်းပေးကြပါလို့လည်း အထူးတိုက်တွန်းချင်တယ်။

၂၀ ငြိမ်သက်ခြင်းရဲ့အရှင်  ဘုရားသခင်က သိုးထိန်းကြီး+ သခင်ယေရှုကို ထာဝရပဋိညာဉ်ရဲ့သွေးနဲ့ တစ်ပါတည်း သေခြင်းကနေ ထမြောက်စေခဲ့တယ်။ ၂၁ ဘုရားသခင်က ခင်ဗျားတို့ကို မိမိရဲ့အလိုတော်ဆောင်နိုင်ဖို့ ကောင်းတဲ့အရာမှန်သမျှနဲ့ ပြည့်စုံအောင် လုပ်ပေးပါစေ။ မိမိနှစ်သက်ရာကို လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ကို ယေရှုခရစ်ကတစ်ဆင့် လှုံ့ဆော်ပေးပါစေ။ ဘုရားသခင်ရဲ့ ဘုန်းတော်  အစဉ်ထာဝရ  ထင်ရှားပါစေ။ အာမင်။*

၂၂ ညီအစ်ကိုတို့၊  ဒီအားပေးစာကို  ဖတ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ တိုက်တွန်းချင်တယ်။ ကျွန်တော်ရေးတဲ့ စာက  တိုတိုလေးပါ။ ၂၃ ညီအစ်ကိုတိမောသေ  လွတ်လာပြီဆိုတဲ့  အကြောင်းကိုလည်း   သိစေချင်တယ်။ မကြာခင် ခင်ဗျားတို့ဆီ  သူလာတဲ့အခါ ကျွန်တော်လည်း အတူ  လိုက်လာမယ်။

၂၄ ခင်ဗျားတို့ကို ဦးဆောင်နေသူတွေ၊ သန့်ရှင်းသူတွေ အားလုံးကို နှုတ်ဆက်ပေးပါ။ အီတလီပြည်မှာ+  ရှိနေတဲ့သူတွေလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။

၂၅ ခင်ဗျားတို့အားလုံး မဟာကရုဏာ ခံစားရပါစေ။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။

ခက်ဆစ်ကိုကြည့်။

ဒါမှမဟုတ်၊ “ခင်ဗျားတို့ နားထိုင်းတော့။”

ခက်ဆစ်ကိုကြည့်။

မူရင်း၊ “တန်ခိုး။”

ဒါမှမဟုတ်၊ “ကျွန်တော်တို့အသက်အတွက်။”

ဗိမာန်တော်ထဲက သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို ကန့်ထားတဲ့ ကန့်လန့်ကာကို ဆိုလို။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

‘အဖုံး’ လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးက ဘုရားရဲ့မျက်နှာသာရရှိစေတဲ့ အပြစ်ဖြေရာအလှူကိုလည်း ဆိုလို။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။

ခက်ဆစ်ကိုကြည့်။

“လူတွေနဲ့” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ဘုရားသခင်အတွက် အမှုဆောင်တဲ့သူတွေက။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

မူရင်း၊ “ဖျန်းထားပြီး။” ယေရှုရဲ့သွေးနဲ့ ဖျန်းတာကို ဆိုလို။

ဒါမှမဟုတ်၊ “ဂရုစိုက်ကြစို့။”

နောက်ဆက်တွဲ က၅ ကိုကြည့်။

မူရင်း၊ “ဇာတ်ရုံထဲမှာ။”

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဒါမှမဟုတ်၊ “လေ့ကျင့်နေတာလို့။”

ခက်ဆစ်ကိုကြည့်။

ဒါမှမဟုတ်၊ “သူစိမ်းတွေကို ကြင်နာမှုပြဖို့။”

“သူတို့နဲ့အတူ ဒုက္ခခံစားနေရသလိုမျိုး” လည်းဖြစ်နိုင်။

ခက်ဆစ်ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

အစားအစာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ဆိုလို။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ