သေစေတတ်သောပိုးမွှားများ ပြန့်ပွားမှု
အဲလ်ဝက်စ်နှင့် သူမ၏ခရီးသွားဖော်တို့သည် လန်ဒန်မှနယူးယောက်သို့ခရီးသွားရန် လေယာဉ်ပေါ်တက်ပြီးနောက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်ကတ်တစ်ခုစီ ကမ်းပေးခြင်းခံရကြသည်။ ၁၉၉၅ ခုနှစ် မေလကဖြစ်ပါသည်။ ကတ်၏ရှေ့မျက်နှာတွင် ဤသို့ရေးသားထားသည်–
“ခရီးသည်များခင်ဗျား– ဤကတ်ကို သင်၏ပိုက်ဆံအိတ် သို့မဟုတ် လက်ပွေ့အိတ်တွင် ၆ ပတ်ကြာသိမ်းဆည်းထားပါ။ ထိုကာလအတောအတွင်း ဖျားနာခဲ့သော် သင့်ဆရာဝန်အား ဤကတ်ကိုပြ၍ အမေရိကန်ပြည်ပသို့ မကြာမီက ခရီးသွားခဲ့ပုံအကြောင်း ပြောပြပါ။
“သင်သည် အမေရိကန်ပြည်သို့ပြန်မရောက်မီ ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ခံရဖွယ်ရှိသဖြင့် ဤအချက်ကိုသိထားခြင်းဖြင့် ရောဂါအမည်ဖော်ရန် သင့်ဆရာဝန်အဖို့ အထောက်အကူပြုနိုင်ဖွယ်ရှိသည်။”
လေယာဉ်မောင်များကလည်း ဇိုင်ယာနိုင်ငံတွင် လူပေါင်းသုံးလေးဆယ်မက သေဆုံးစေသည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သော အီဘိုလာရောဂါဖြစ်ပွားပုံအကြောင်း ရေးသားဖော်ပြသည့် သတင်းစာများကိုကမ်းပေးကြသည်။
ဤသေစေတတ်သော အီဘိုလာရောဂါဆိုးအကြောင်းကို အဲလ်ဝက်စ်ဖတ်ရှုသည်။ ရောဂါဖြစ်သူသည် အစပိုင်း၌ အဖျားတက်သည်၊ လည်ချောင်းနာသည်၊ ခေါင်းကိုက်သည်၊ ၎င်းနောက်မကြာမီ ဗိုက်နာ၍ အထက်လှန်အောက်လျှောဖြစ်လာသည်။ ထို့နောက် ကိုယ်အတွင်းအပြင် ထိန်းမနိုင်သိမ်းမရဘဲ အကြီးအကျယ် သွေးယိုစီးလာသည်။ ၁၀ ယောက်အနက် ၉ ယောက်သည် ချက်ချင်းသေဆုံးကြသည်။
လအနည်းငယ်အလျင်က သေစေတတ်သည့် အခြားရောဂါဆန်းများနှင့်ပတ်သက်သော သတင်းများထွက်ပေါ်ခဲ့သည်။ သာဓကအနေဖြင့် အိန္ဒိယပြည်မှပလိပ်ရောဂါဖြစ်သည်။ “အသားစားကြမ်းပိုး” ဟု မီဒီယာကသမုတ်သောရောဂါကြောင့် နေရာများစွာမှလူတို့သည် နာရီပိုင်းအတွင်းသေဆုံးကြသည်။
အဲလ်ဝက်စ်က လက်ထဲမှကတ်ကိုလှန်လိုက်သည်။ ကျောဘက်၌ ဤသို့ဖတ်ရသည်–
“ဆရာဝန်ခင်ဗျား– ဤကတ်တင်ပြသည့်လူမမာသည် များမကြာမီက နိုင်ငံခြားသို့သွားရောက်ခဲ့သဖြင့် အမေရိကန်ပြည်တွင် တွေ့နေကျမဟုတ်သည့် ကူးစက်ရောဂါတစ်မျိုးမျိုးနှင့် ထိတွေ့ခဲ့ဖွယ်ရှိပါသည်။ ဤလူမမာ၌ (ကာလဝမ်းရောဂါ၊ သွေးလွန်အဖျားရောဂါ၊ ငှက်ဖျားရောဂါ၊ ငန်းဝါအဖျားရောဂါ စသည်ဖြင့်) ထူးခြားသည့်ကူးစက်ရောဂါတစ်မျိုးမျိုးရှိသည်ဟု သင်္ကာမကင်းဖြစ်ပါက မြို့နယ်၊ ခရိုင်၊ သို့မဟုတ် ပြည်နယ်ကျန်းမာရေးအရာရှိနှင့် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့၊ ရောဂါထိန်းချုပ်ရေးဗဟိုဌာန၊ ရောဂါကူးစက်မှုတားဆီးရေးဌာနသို့ (တယ်လီဖုန်းဖြင့်—ကော်လက်ကောလ်) ကျေးဇူးပြု၍ချက်ချင်းသတင်းပို့ပါ။ . . . ”
၎င်းကတ်က ကပ်ပါးပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ဗိုင်းရပ်စ်ပိုးများဖြစ်ကြသော သေစေတတ်သည့်အဏုဇီဝပိုးမွှားများအတွက် တစ်ကမ္ဘာလုံးက စိုးရိမ်မကင်းဖြစ်နေကြကြောင်း ထင်ဟပ်စေသည်။ ၎င်းပိုးမွှားတို့သည် ကမ္ဘာ့ဒေသတစ်ခုတွင် ကပ်ရောဂါအသွင်ဖြစ်ပွားပြီးနောက် အခြားဒေသများသို့ တောမီးပမာ လျင်မြန်စွာပြန့်ပွားသွားတတ်သည်။ ပိုးမွှားများသည် အဲလ်ဝက်စ်နှင့်အခြားသော ခရီးသည်များနည်းတူ ပတ်စ်ပို့ကိုင်ဆောင်စရာမလိုသကဲ့သို့ နိုင်ငံနယ်နိမိတ်များကိုလည်း လေးစားလိုက်နာစရာမလိုပေ။ ကူးစက်ခံလူတစ်ဦးအတွင်းမှနေ၍ မယုံနိုင်စရာကောင်းလောက်အောင် လွယ်ကူသက်သာစွာဖြင့် ခရီးသွားကြသည်။
အဲလ်ဝက်စ်က ကတ်ကိုပိုက်ဆံအိတ်ထဲသို့ သေသေချာချာခေါက်၍ထည့်နေစဉ် ‘လူကိုသေစေတတ်သည့် ဤရောဂါပိုးများ ဘယ်ကလာသလဲ’ ဟုတွေးတောနေမိသည်။ ခေတ်သစ်ဆေးပညာက အဘယ်ကြောင့်နှိမ်နင်းနိုင်ပုံမရသနည်း။ သင်လည်း ဤအတိုင်းပင်တွေးမိပေမည်။