စီးပွားရေးကျဆင်းမှုကြီးရဲ့ ထိုးနှက်ချက်
“လူမျိုးဆက်တစ်ဆက်မှာ အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှုပဲ။” ဒါဟာ မကြာသေးမီက ကမ္ဘာကိုထိုးနှက်ခဲ့တဲ့ စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်ပြီး အွန်လိုင်းစွယ်စုံကျမ်းတစ်ခု (Encyclopædia Britannica Online) က ဖော်ပြထားတဲ့အရာဖြစ်တယ်။ ၂၀၀၇၊ အမေရိကန်ပြည်ထောင်စုမှာ စဖြစ်ခဲ့တဲ့စီးပွားရေးကျဆင်းမှုဟာ အလွန်ပြင်းထန်တဲ့အတွက် ၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းလောက်ကဖြစ်ခဲ့တဲ့ စီးပွားပျက်ကပ်ကြီးအကြောင်း လူအတော်များများကို သတိရစေတယ်။
ဘာက အဲဒီလိုဖြစ်စေခဲ့တာလဲ။ မဂ္ဂဇင်းတစ်စောင် (Newsweek) က ဒီလို ရိုးရိုးလေးဖော်ပြတယ်– “အကျိုးဆက်ကို ထည့်မတွက်ပဲ အလွန်အကျွံငွေချေးလို့ဖြစ်တယ်။” ဘာကြောင့် လူတွေက ပြန်မဆပ်နိုင်လောက်တဲ့အထိ ငွေတွေချေးယူပြီး ပစ္စည်းတွေ ဝယ်ကြတာလဲ။
လောဘကို အားပေးနေတဲ့ ကမ္ဘာ့စီးပွားရေးစနစ်ကြောင့်ဖြစ်တယ်ဆိုတာ သင်သဘောတူပါလိမ့်မယ်။ တကယ်ဆိုရင် သင်ဝယ်နိုင်သည်ဖြစ်စေ၊ မဝယ်နိုင်သည်ဖြစ်စေ “ဝယ်ပါ၊ ဝယ်ပါ၊ ဝယ်ပါ” လို့စီးပွားရေးကြော်ငြာတွေက အားပေးနေခြင်းဖြစ်တယ်။ “အလွန်အကျွံငွေချေးခြင်းရဲ့ ခါးသီးတဲ့အန္တရာယ်ကို လူတွေ သိရှိလာကြတယ်” လို့ စီးပွားရေးပညာရှင် ခရစ်ဖါရီးလ်က သူရေးတဲ့စာအုပ်တစ်အုပ် (The New Frugality) မှာ ရှင်းပြတယ်။
နိုင်ငံအတော်များများဟာ စီးပွားရေးကျဆင်းမှုဝဲဂယက်ထဲမှာ ချာချာလည်နေကြတယ်။ “ပြန်နာလန်ထူလာမယ့်လက္ခဏာတွေရှိပေမဲ့ စားသုံးသူတွေဟာ . . . နေ့စဉ်အစားအစာအတွက် ရုန်းကန်နေကြရတုန်းပဲ” လို့ တောင်အာဖရိကသတင်းစာတစ်စောင်ရဲ့ (Sunday Times) မျက်နှာဖုံးခေါင်းစီးမှာ ဖော်ပြတယ်။ အဲဒီသတင်းစာက နောက်ထပ်ခုလိုဖော်ပြတယ်– “[တောင်အာဖရိကမှာ] သုံးစွဲသူ ၃,၀၀၀,၀၀၀ နီးပါးဟာ သူတို့ရဲ့ကျသင့်ငွေတောင်းခံလွှာကို သုံးလနောက်ကျမှ ပေးနိုင်ကြတယ်၊ လူလတ်တန်းစား ၂၅၀,၀၀၀ ခန့်ဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။”
မကြာသေးမီနှစ်တွေမှာ အလုပ်လက်မဲ့ဖြစ်သွားကြသူအရေအတွက်ဟာ သန်းပေါင်းများစွာ ရှိလာပြီ။ အမေရိကန်ပြည်ထောင်စုမှာ ပြန်နာလန်ထူလာမယ့်လက္ခဏာရှိတယ် ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မဂ္ဂဇင်းတစ်စောင်က (Financial Times) ဒီလိုထေ့ငေါ့ပြောတယ်– “၂၀၀၉၊ ဇွန်လကတည်းက ပြန်နာလန်ထူလာတာက တကယ်တော့ ‘စိတ်ပျက်စရာကပ်ကြီး’ ပါဗျာ။” ဒီလိုထပ်ပြောတယ်– “ပေးချေဖို့လိုတဲ့အကြွေးတွေက လာမယ့်နှစ်အတော်ကြာတဲ့အထိ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်လို့ စီးပွားရေးသမားတော်တော်များများက ထင်ကြတယ်။”
သင်လည်း စီးပွားရေးကျဆင်းမှုဒဏ်ကို ခံရသူတစ်ဦးဖြစ်တယ်ဆိုရင် စာရေးဆရာ ဒေးဗစ် ဘာ့ရေးတဲ့ ဒီအချက်ကို သင်သဘောတူပါလိမ့်မယ်– “ကမ္ဘာ့စီးပွားရေးပြဿနာအကြောင်း အကြိမ်များစွာဆွေးနွေးခဲ့တယ်၊ ဒါပေမဲ့ ဖြေရှင်းနည်းကိုတော့ မပေးနိုင်ကြဘူး။”
နောက်ဆောင်းပါးတွေက အကြွေးနဲ့ရုန်းကန်နေရသူတွေကို အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒီမေးခွန်းတွေကို ဖြေဆိုပေးသွားမယ်– ချွေတာခြင်းရဲ့အကျိုးကျေးဇူးတွေက ဘာလဲ။ သင်အကြွေးရှိတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ သင့်ငွေကို ကောင်းစွာစီမံတတ်အောင် ဘယ်လိုသင်ယူနိုင်သလဲ။