အခန်း ၁၀၄
ခက်ခဲသောနေ့ရက်အစ
တနင်္လာနေ့ညနေတွင် ယေရုရှလင်မှယေရှုထွက်ခွါ၍ သံလွင်တောင်အရှေ့ဆင်ခြေလျှောရှိ ဗေသနိရွာသို့ပြန်သွားသည်။ ယေရုရှလင်၌ကိုယ်တော်၏ နောက်ဆုံးနှစ်ရက်တာ ဓမ္မအမှုဆောင်ခြင်းပြီးဆုံးခဲ့ပြီ။ ဗေသနိရှိမိတ်ဆွေလာဇရုအိမ်တွင် ယေရှုထပ်မံတည်းခိုမည်မှာအမှန်။ ယေရိခေါမှဗေသနိသို့ရောက်လာသည့် သောကြာနေ့မှစရေတွက်လျှင် ဗေသနိ၌လေးညမြောက်တည်းခိုခြင်းဖြစ်သည်။
ယခုနိသန်လ ၁၁ ရက်၊ အင်္ဂါနေ့နံနက်စောစောအချိန်တွင် တပည့်တို့နှင့်အတူ တစ်ဖန်ခရီးနှင်ပြန်သည်။ ယေရှု၏ဓမ္မအမှုဆောင်ကာလအတွင်း ဤနေ့သည်အရေးကြီးပြီး၊ အလုပ်အများဆုံးရက်၊ ဗိမာန်တော်အတွင်း ကိုယ်တော်နောက်ဆုံးဝင်သောနေ့ရက်လည်းဖြစ်သည်။ တရားစစ်ဆေးခြင်းနှင့်အဆုံးစီရင်ခံရခြင်းမတိုင်မီ ကိုယ်တော့်ဓမ္မအမှုဆောင်ခြင်း၏ နောက်ဆုံးနေ့ဖြစ်သည်။
သံလွင်တောင်ကိုဖြတ်သွား၍သွားနေကျလမ်းအတိုင်း ယေရုရှလင်သို့ဦးတည်ကြသည်။ ဗေသနိမှအထွက် ယမန်နေ့မနက်ကယေရှုကျိန်ဆိုခဲ့သည့် အပင်ကိုပေတရုသတိပြုမိ၍ “အရှင်၊ ကြည့်တော်မူပါ” ဟုအာမေဍိတ်စကားဆိုပြီး၊ “ကျိန်တော်မူသောသင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကား” ဟုဆို၏။
ယေရှုအဘယ်ကြောင့်အပင်ကိုသေစေခဲ့ကြောင်း ဤသို့ဆက်၍မိန့်ဆိုသည်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ယုံမှားခြင်းနှင့်ကင်းသောယုံကြည်ခြင်းရှိလျှင် သင်္ဘောသဖန်းပင်၌ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက ထိုတောင် [သူတို့ရပ်နေသည့်သံလွင်တောင်] ကိုပင်နေရာမှရွှေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင် ဆိုသည်အတိုင်းဖြစ်လိမ့်မည်။ ယုံကြည်ခြင်းပါလျက်ပတ္ထနာပြု၍ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်။”
အပင်ကိုသွေ့ခြောက်စေရခြင်းမှာ၊ ဘုရားကိုယုံကြည်ရန်လိုကြောင်း တပည့်များအား ယေရှုသင်ခန်းစာပေးလို၍ဖြစ်သည်။ ကိုယ်တော်က “ထို့ကြောင့်ငါဆိုသည်ကား သင်တို့သည်ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်” ဟုမိန့်ဆိုသည်။ အထူးသဖြင့်မကြာမီကြုံရတော့မည့် ထိတ်လန့်ဖွယ်စမ်းသပ်မှုများအရဆိုလျှင် သူတို့သင်ယူရန် အရေးကြီးသောသင်ခန်းစာပါတကား။ သို့သော်သင်္ဘောသဖန်းပင်နှင့် ယုံကြည်ခြင်းအရည်အသွေးစပ်ကြား အခြားဆက်နွယ်မှုရှိသေးသည်။
သင်္ဘောသဖန်းပင်ကဲ့သို့ပင် ဣသရေလလူမျိုးသည် လှည့်စားသောအသွင်ရှိသည်။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့လျက် ကိုယ်တော့်မိန့်မှာချက်များကို အပေါ်ယံလိုက်လျှောက်နေပုံရှိသော်လည်း ယုံကြည်ခြင်းမရှိ၊ အသီးကောင်းမသီးသောသူများဖြစ်သည်။ ယုံကြည်ခြင်းကင်းမဲ့သောကြောင့် ဘုရားရှင်၏သားတော်အရင်းကိုပင် ပယ်သည့်လမ်းစဉ်ပေါ်ရောက်နေကြသည်။ သို့ဖြစ်၍အသီးမသီးသောသဖန်းပင်ကိုသွေ့ခြောက်စေခြင်းဖြင့် ဤသီးပွင့်ခြင်းမရှိ၊ သစ္စာမဲ့သောဣသရေလလူမျိုး၏အဆုံးရလဒ်ကို ယေရှုသရုပ်ဖော်ပြသည်။
မကြာမီပင်ယေရှုနှင့်ကိုယ်တော့်တပည့်တို့သည် ယေရုရှလင်မြို့ထဲဝင်ကာ ထုံးစံရှိသည်အတိုင်း ဗိမာန်တော်သို့ဝင်ပြီး သွန်သင်တော်မူသည်။ လွန်ခဲ့သည့်နေ့က ငွေလဲလှယ်သူများအပေါ် ယေရှု၏လုပ်ရပ်ကိုသတိပြုမိကြသောယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် ကိုယ်တော့်အား ဤသို့စိန်ခေါ်ကြသည်။ “ကိုယ်တော်သည် ဤအမှုကိုအဘယ်အခွင့်နှင့်ပြုသနည်း၊ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟုမေး” ကြသည်။
ယေရှုဖြေဆိုသည်မှာ၊ “ငါသည် တစ်စုံတစ်ခုကိုမေးဦးမည်။ သင်တို့ဖြေလျှင်ဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကို ငါပြောမည်။ ယောဟန်၏ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။”
ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည် မေးခွန်းကိုမည်သို့ဖြေဆိုရန် အချင်းချင်းတိုင်ပင်ကြ၏။ “ဘုရားကဖြစ်သည်ဟုငါတို့ဖြေလျှင် သင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်းဟု မေးလာဦးမည်။ လူကဖြစ်သည်ဟုငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။”
ထိုသူတို့သည် မည်သို့ပြန်ဖြေရမည်ကိုမသိကြချေ။ ထိုကြောင့် “ကျွန်ုပ်တို့မသိပါ” ဟုယေရှုအားပြန်လျှောက်၏။
ယေရှုကလည်း “ထိုအတူဤအမှုများကို အဘယ်အခွင့်နှင့်ငါပြုသည်ကိုငါမပြော” ဟုမိန့်ဆို၏။ မဿဲ ၂၁:၁၉-၂၇။ မာကု ၁၁:၁၉-၃၃။ လုကာ ၂၀:၁-၈။
▪ နိသန်လ ၁၁ ရက်၊ အင်္ဂါနေ့နှင့်စပ်လျဉ်း၍ ဘာထူးခြားသနည်း။
▪ သင်္ဘောသဖန်းပင်ကိုသွေ့ခြောက်စေသောအခါ အဘယ်သင်ခန်းစာကို ယေရှုပေးတော်မူသနည်း။
▪ မည်သူ့အခွင့်နှင့်ပြုသနည်းဟုမေးသောသူတို့ကို ယေရှုမည်သို့ဖြေဆိုတော်မူသနည်း။