အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ချစ်ရတဲ့ သတင်းကောင်း ကြေညာသူတို့–
စစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုခွင့်ရတာ တကယ့် အခွင့်ထူးပါပဲ။ ကျွန်တော်တို့ဟာ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” တွေအဖြစ် တည်ထောင်ပြီးဖြစ်တဲ့ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောသွန်သင်ဖို့ ခန့်အပ်ခံထားရတယ်။ အဲဒီလုပ်ငန်းဟာ မြင့်မြတ်ပြီး အသက်ကယ်လုပ်ငန်း ဖြစ်တယ်။ (၁ ကော. ၃:၉။ မ. ၂၈:၁၉၊ ၂၀) ဒီကမ္ဘာချီလုပ်ငန်း ငြိမ်သက်စည်းလုံးစွာ ပြီးမြောက်နိုင်ဖို့ဆိုရင် ကောင်းကောင်း ဖွဲ့စည်းထားဖို့ လိုအပ်တယ်။—၁ ကော. ၁၄:၄၀။
ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော် လည်ပတ်လုပ်ဆောင်ပုံကို နားလည်စေဖို့ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။ ယေဟောဝါသက်သေ တစ်ယောက်အနေနဲ့ သင် ရရှိထားတဲ့ အခွင့်ထူးတွေနဲ့ တာဝန်တွေအကြောင်း ဆွေးနွေးထားတယ်။ သင်ဟာ အခွင့်ထူးတွေကို တန်ဖိုးထားပြီး တာဝန်တွေကို ကျေပွန်မယ်ဆိုရင် “ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာ” ပါလိမ့်မယ်။—တ. ၁၆:၄၊ ၅။ ဂလ. ၆:၅။
ဒါကြောင့် ဒီစာအုပ်ကို အသေအချာ လေ့လာဖို့ အားပေးပါတယ်။ အသက်တာမှာ လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ဥပမာ၊ သင်ဟာ မကြာခင်ကမှ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်လာတယ်ဆိုရင် ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံဖို့ ဘယ်အဆင့်တွေ တက်လှမ်းရမလဲ။ နှစ်ခြင်းခံပြီးပြီဆိုရင်လည်း ဘုရားရေးရာဘက်မှာ တိုးတက်ဖို့၊ ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ တိုးချဲ့ပါဝင်ဖို့ ဘာလုပ်နိုင်သလဲ။ (၁ တိ. ၄:၁၅) အသင်းတော်ရဲ့ ငြိမ်သက်မှုကို ဘယ်လို တိုးများစေနိုင်သလဲ။ (၂ ကော. ၁၃:၁၁) အဲဒီမေးခွန်းတွေရဲ့ အဖြေကို ဒီစာအုပ်မှာ ရှာကြည့်ပါ။
သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကို ဖြစ်မယ်ဆိုရင် အသင်းတော် အမှုထမ်းအဖြစ်၊ နောက်ပိုင်း အကြီးအကဲအဖြစ် အရည်အချင်း ပြည့်မီအောင် ဘာလုပ်နိုင်သလဲ။ လူသစ် ထောင်ပေါင်းများစွာဟာ ဘုရားသခင့် အဖွဲ့အစည်းထဲ ဝင်ရောက်လာနေတဲ့အတွက် ဦးဆောင်ဖို့ အရည်အချင်းရှိ ညီအစ်ကိုတွေ အရေးပေါ် လိုအပ်နေတယ်။ အဲဒီဘုရားရေးရာ ပန်းတိုင်တွေကို “တက်လှမ်း” ခြင်းမှာ ဘာတွေ ပါဝင်တယ်ဆိုတာ နားလည်အောင် ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။—၁ တိ. ၃:၁။
ယေဟောဝါရဲ့ အစီအစဉ်မှာ သင့်နေရာကို ရှာတွေ့ပြီး တန်ဖိုးထားနိုင်အောင် ဒီစာအုပ်က ကူညီပေးပါစေလို့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။ သင်တို့အားလုံးကို ကျွန်တော်တို့ သိပ်ချစ်ပါတယ်။ ကောင်းကင်ဖခင် ယေဟောဝါကို ပျော်ရွှင်စွာ ထာဝစဉ် ဝတ်ပြုသူတွေထဲမှာ သင်တို့ ပါဝင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။—ဆာ. ၃၇:၁၀၊ ၁၁။ ဟေရှာ. ၆၅:၂၁-၂၅။
သင်တို့ရဲ့ ညီအစ်ကိုများ၊
ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့