“သူတို့အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၏”
ဆာလံ ၁၉ တွင် ဒါဝိဒ်သည် ဘုရားသခင့်ရုပ်ပိုင်းဖန်ဆင်းရာ၏ ဂုဏ်ကျက်သရေများကို အထူးချီးကျူးပြီးနောက် ယေဟောဝါ၏ တရားတော်၊ သတိပေးနှိုးဆော်ချက်များ၊ အမိန့်တော်များ၊ ပညတ်တော်များနှင့် စီရင်တော်မူချက်များကို လှိုက်လှိုက်လှဲလှဲ လေးမြတ်တန်ဖိုးထားကြောင်း လှစ်ဟမြွက်ဆိုထားသည်။ တမန်တော်ပေါလုကလည်း ဤအရာများအတွက် လေးမြတ်တန်ဖိုးထားကြောင်း တင်ပြခဲ့သည်။ ဆာလံကျမ်းကို ကိုးကား၍ မှန်သောခရစ်ယာန်တို့၏ အရေးကြီးသောလုပ်ငန်းနှင့် သက်ဆိုင်ပုံကို ဖေါ်ပြခဲ့သည်။ သူတို့အကြောင်းဤသို့ဆို၏။ “သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီ။”—ရောမ ၁၀:၁၈။
ဤ “စကား” တို့သည် ယနေ့လူသားများအဖို့ သေရေးရှင်ရေးသမျှ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးပေါ်ရှိ ဆိုးယုတ်သောစနစ်အပေါ် ယေဟောဝါ၏စီရင်တော်မူချက်များ ချမှတ်တော့မည်ဖြစ်၍တည်း။ (ဇေဖနိ ၂:၂၊ ၃။ ၃:၈) ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို လူသားတစ်ရပ်လုံး ကြားသိရန် အမှန်ပင်လိုအပ်နေသည်။ ယခုအခါ မည်သည့်နေရာ၌မဆို စည်းလုံးညီညွတ်မှုမရှိခြင်း၊ တရားဥပဒေလက်လွတ်ပြုမူခြင်း၊ ရာဇဝတ်မှု၊ စာရိတ္တယိုယွင်းမှုနှင့် ပြိုကွဲနေသောမိသားစုများကို တွေ့ရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေကြစေကာမူ အင်အားကြီးနိုင်ငံများသည် သာ၍ ရှုပ်ထွေးဆန်းပြားသော လက်နက်များကို ဆက်လက်၍ ထုတ်လုပ်နေကြသည်။ ‘နျူးကလီးယားကလပ်’ အသင်းဝင် နိုင်ငံဦးရေလည်းတိုးများလာနေသည်။ ကမ္ဘာ့အခြေအနေမှာ ၂ တိမောသေ ၃:၁-၅ ၌ပေါလုဖေါ်ပြသော “နောက်ဆုံးသော နေ့ရက်များ” နှင့် တစ်ထပ်တည်းဖြစ်နေကြောင်း ထင်ရှားသည်။
ဤအရှုပ်အထွေးထဲမှ မည်သူများ ကယ်တင်ခံရမည်နည်း။ အဘယ်သို့အားဖြင့်နည်း။ ယောလ ၂:၃၂ မှပရောဖက်ပြုချက်ကို ကိုးကား၍ ပေါလုဤသို့ရှင်းလင်းစွာ ဖြေဆိုထားသည်။ “ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုသူတိုင်း ကယ်တင်ခွင့်ရလတံ့။” (ရောမ ၁၀:၁၃) သို့ရာတွင် ကမ္ဘာသားများ ‘ယေဟောဝါနာမတော်ကို အဘယ်သို့ပတ္ထနာပြု’ နိုင်မည်နည်း။ ယေဟောဝါဆိုသည်မှာ ဘုရားသခင့်နာမတော်ဖြစ်ကြောင်းကိုပင် မသိသူ ဒုနှင့်ဒေးရှိနေသည်။ ဤသူများ အဘယ်သို့အကူအညီရနိုင်ကြမည်နည်း။ သူတို့ထံ ဟောပြောသူများ စေလွှတ်ဖို့လိုသည်ဟု ပေါလုအဖြေပေး၏။—ရောမ ၁၀:၁၄-၁၆။
ဘုရားသခင့်နိုင်ငံတော်တည်လုနီးကြောင်း-၊ ၄င်းအားဖြင့် ဘုရားသခင်နှင့် သားတော်ယေရှုခရစ်တို့ကို သိကျွမ်းသူတို့ ထာဝရအသက်ရရန် ကယ်တင်ခြင်းခံရမည်ဟု လူသားတို့အား အသိပေးရန် မိမိ၏သက်သေများကို ယေဟောဝါ စေလွှတ်တော်မူခဲ့သည်မှာ ဝမ်းသာဖွယ်ရာဖြစ်သည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂။ လုကာ ၂၁:၂၅၊ ၂၆၊ ၃၁။ ယောဟန် ၁၇:၃) ဤသတင်းကောင်းကို ‘မြေတစ်ပြင်လုံး အနှံ့အပြား’ ပဲ့တင်ထပ်စေလျက်ရှိသည်။
၁၉၈၉ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ယေရှု၏အသေခံတော်မူခြင်းကို အောက်မေ့ရာစည်းဝေး၌ တစ်ကမ္ဘာလုံး စုစုပေါင်း ၉၄၇၉၀၆၄ ယောက်တက်ရောက်ခြင်းသာဓကကို ထောက်ခြင်းဖြင့် ဤဟောပြောခြင်းကို လူသန်းပေါင်းများစွာ နားစိုက်နေကြောင်းသိနိုင်သည်။ ထိုနှစ်အတွင်း နိုင်ငံတော်ကြွေးကြော်သူ အများဆုံး ၃၇၈၇၁၈၈ ယောက် ကမ္ဘာ့လယ်ကွင်း၌ ပါဝင်၍ ဓမ္မအမှုဆောင်သစ်လွင်ပေါင်း ၂၆၃၈၅၅ ယောက်နှစ်ခြင်းခံခဲ့သည်။ ယင်းသည် ယခင်နှစ်ထက် ၁.၃ ရာခိုင်နှုန်း တိုးတက်မှုဖြစ်သည်။ ဤမဂ္ဂဇင်း၌ ဖေါ်ပြသည့်အတိုင်း ဤတိုးတက်မှုအတွက် သစ္စာရှိသာသနာပြုများသည် အခြေခံအုတ်မြစ်များစွာချခဲ့ကြသည်။ သို့သော် မကြာမီနှစ်များအတွင်း ‘ကြားနာသောအရာကို ယုံကြည်’ သူ ဒေသခံသက်သေ ထောင်သောင်းများစွာတို့သည် ရှေ့ဆောင်စိတ်ဓာတ်သက်ဝင်လာကြပြီး ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်း’ ကို နေ့စဉ်ကြေညာနေကြသည်။ ထိုနှစ်တွင် သက်သေခံ ၄၉၇၀၀၆ ယောက် ပျမ်းမျှရှေ့ဆောင်မှတ်တမ်းသွင်းခဲ့ရာ ၉ ရာခိုင်နှုန်း တိုးတက်သည်။ ရလဒ်ကား ဟောပြောခြင်းလုပ်ငန်းတွင် ၈၃၅၄၂၆၅၃၈ နာရီသုံးစွဲခဲ့သဖြင့် လွန်ခဲ့သော ၆ နှစ်က စုစုပေါင်းနာရီ၏ နှစ်ဆကျော်ဖြစ်သည်။