ကြီးမြတ်သော ပန်းချီဆရာယေဟောဝါ
“ပန်းချီဆရာများသည် နေဝင်နေထွက်ချိန်၏အလှအပ ပန်းချီကားပေါင်း မရေမတွက်နိုင်အောင်ရေးဆွဲခဲ့ကြပြီး သူတို့၏ပန်းချီလက်ရာများကိုဒေါ်လာ ရာချီထောင်ချီနှင့် ရောင်းချကြသည်။ သို့တစေ ကြီးမြတ်သောပန်းချီဆရာလည်းဖြစ်၊ နေဝင်နေထွက်ချိန်တို့ကို တီထွင်ဖန်ဆင်းသောအရှင်လည်းဖြစ်သော ယေဟောဝါသည်ကျွန်ုပ်တို့အား တစ်နေ့လျှင်တစ်ပုံကျ အခမဲ့ပေးနေတော်မူ၏။ မူရင်းသည် မိတ္တူပုံတူများထက် မယှဉ်နိုင်အောင်သာလွန်လှ၏။ ဤအချက်ကကိုယ်တော်အား ဖန်ဆင်းတော်မူရှင်အဖြစ် ကျေးဇူးတင်လေးစား တန်ဖိုးထားရန်အကြောင်း ဖြစ်စေသင့်သည်မဟုတ်လော။” ဟာဝိုင်ရီကျွန်းမှ ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး အသင်းတော်တစ်ခု၌ ဟောပြောချက်ပေးစဉ် အထက်ပါအတိုင်း ကျိုးကြောင်းဆင်ခြင်သုံးသပ်ပြခဲ့သည်။
ထိုပရိသတ်ထဲတွင် နိုင်ငံတော်ခန်းမသို့ ပထမဆုံးအကြိမ်ရောက်ဖူးပြီး ဘုရားရှိသည်ကို လက်မခံသောအမျိုးသမီးတစ်ဦး ရောက်ရှိနေသည်။ ထိုဓမ္မအမှုဆောင်၏ ကျိုးကြောင်းဆင်ခြင်ပုံကို သတိပြုမိသော်လည်း ဘုရားရှိခြင်းနှင့်ပတ်သက် သံသယမှာ ပျောက်မသွားချေ။ သို့ဖြင့် နှစ်နှစ်နီးပါး ကြာပြီးနောက် အလုပ်မှအိမ်အပြန် ကားမောင်းလာရာ ယာဉ်အသွားအလာထူထပ်ချိန်နှင့် တိုး၍ပိတ်မိနေခဲ့သည်။ သို့နှင့်ထူးခြားလှသော ခမ်းနားလှပသည့် နေဝင်ဆည်းဆာကို သတိပြုမိသည်နှင့် အထက်ဖေါ်ပြပါနယ်လှည့်ကြီးကြပ်မှူး၏ ဟောပြောချက်ဆီသို့ သူမအတွေးရောက်ရှိသွားသည်။
သူမဤသို့ပြန်ပြောပြ၏။ “ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ညစ်မိအစားလှပသည့် နေဝင်ဆည်းဆာကို ငေးမောကြည့်ရင်း ယေဟောဝါအား ပန်းချီဆရာကြီးနှင့်ဖန်ဆင်းရှင်အဖြစ် ကျေးဇူးတင်လေးစားရန် ဟောပြောခဲ့သောအကြောင်းကို ပြန်သတိရစေသည်။ “သူပြောတာမှန်ချင်မှန်မယ်၊ ဖန်ဆင်းရှင်တစ်ပါးရှိချင်ရှိမယ်” ဟူ၍ကျွန်မစဉ်းစားလာသည်။ အိမ်သို့ပြန်လာယင်း ဤအကြောင်းကိုတွေးလာခဲ့သည်။ ထိုညတွင်ကျွန်မကို နိုင်ငံတော်ခန်းမသို့ ဦးဆုံးအကြိမ်ခေါ်သွားသည့် ကျွန်မမိတ်ဆွေဆီသွားသည်။ ကျွန်မစပြီးကျမ်းစာလေ့လာသည်။ ယခုသော် ယေဟောဝါကို ကျွန်မ၏ဘုရားနှင့်ဖန်ဆင်းရှင်အဖြစ် ကျွန်မကိုးကွယ်နေပါသည်။”
ဆာလံဆရာနည်းတူ ထိုအမျိုးသမီး ယေဟောဝါအားဖန်ဆင်းရာတို့၏ ကြီးမြတ်သောပန်းချီဆရာအဖြစ် ကျေးဇူးတင်လေးစားရုံမျှမက ကိုယ်တော်အားချီးမွမ်းထောပနာပြုလေသည်။ “ကောင်းကင်ဘုံ၌ (ယေဟောဝါ) ကိုချီးမွမ်းလော့။ . . .ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် (ယေဟောဝါ) ၏နာမတော်ကိုချီးမွမ်းကြစေ။” ဟူ၍ရေးသားခဲ့၏။—ဆာလံ ၁၄၈:၁-၅။