သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှလက်ဆောင်အမှန်ဖြစ်သလော
“သမ္မာကျမ်းစာဟာ လူသားတွေကို ဘုရားသခင်ပေးသမျှတွေအထဲမှာ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။” ယင်းစကားကို အမေရိကန်နိုင်ငံ၏ ၁၆ ကြိမ်မြောက်သမ္မတဖြစ်သူ အေဘရာဟင် လင်ကွန်းက ပြောခဲ့သည်။a နှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်သောဤစာအုပ်ကို ချီးမွမ်းသူမှာ သူတစ်ဦးတည်းမဟုတ်ပါ။
၁၉ ရာစုနှစ်တွင် ဗြိတိသျှအစိုးရအရာရှိ ဝီလျံ အီး၊ ဂလက်စတုံးက “သမ္မာကျမ်းစာသည် မူလအစနှင့်ပတ်သက်၍ထူးခြားသောအချက်အလက်များအားဖြင့် ပေါ်လွင်ထင်ရှားပြီး အတိုင်းအဆမရှိသည့်ကွာခြားမှုက အခြားမည်သည့်စာအုပ်ထက်မဆို သာလွန်ထူးခြားစေသည်” ဟုဖော်ပြခဲ့သည်။ ထိုသဘောအတိုင်းပင် ၁၈ ရာစုနှစ်တွင် အမေရိကန်အစိုးရအရာရှိ ပက်ထရစ် ဟဲန်ရီက “သမ္မာကျမ်းစာသည် အခြားပုံနှိပ်ထုတ်ဝေခဲ့သမျှသော စာအုပ်အားလုံး၏တန်ဖိုးနှင့် ညီမျှသည်” ဟုပြောခဲ့သည်။ သမ္မာကျမ်းစာကိုစိတ်စွဲငြိသွားသော ပြင်သစ်ဘုရင်နပိုလီယံ ဘိုနာပတ်ကလည်း ဤသို့မှတ်ချက်ချသည်။ “သမ္မာကျမ်းစာသည် စာအုပ်တစ်အုပ်သက်သက်မျှမဟုတ်ချေ။ ယင်းကိုဆန့်ကျင်သည့် မည်သည့်အရာမဆိုအား အောင်နိုင်သည့်တန်ခိုးဖြင့် အသက်ရှင်နေသည်။”
သမ္မာကျမ်းစာသည် အချို့သူများအတွက် အကူအညီနှင့်နှစ်သိမ့်မှု၏ ပင်ရင်းအမြစ်ဖြစ်သည်။ အမေရိကန်မဟာမိတ်အဖွဲ့ဗိုလ်ချုပ်ကြီး ရောဘတ် အီး၊ လီ က “စိတ်ရှုပ်ထွေးမှုနဲ့စိတ်ဓာတ်ကျဆင်းမှုတွေကို ကျွန်တော်ကြုံရတိုင်း သမ္မာကျမ်းစာဟာ ကျွန်တော့်ကို အလင်းနဲ့ခွန်အားမပြတ်ပေးခဲ့တယ်” ဟုပြောခဲ့သည်။ ဤစာအုပ်ကိုကျေးဇူးတင်လေးမြတ်သောအားဖြင့် ယူအက်စ်သမ္မတ ဂျော်န် ကွင်န်စီ အက်ဒမ်က “တစ်နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးကို တစ်ခေါက်ဖတ်ရှုပြီးစီးအောင် ကျွန်တော်ကျင့်လာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ” ဟုဆိုခဲ့သည်။
အကြီးမြင့်ဆုံးသောဘုရားသခင်သည် လူသားများကိုသမ္မာကျမ်းစာပေးခဲ့သည်ဆိုလျှင် ယင်းကိုဘုရားသခင်မှုတ်သွင်းကြောင်း အထောက်အထားရှိရပေမည်။ ယင်းသည် အခြားစာအုပ်များထက် ကြီးမြတ်ရပေမည်။ သမ္မာကျမ်းစာသည် ခွန်အားနှင့်လမ်းညွှန်မှုတို့၏ပင်ရင်းအစစ်အမှန်ဖြစ်ပါမူ ယင်းကို အကြွင်းမဲ့ယုံစားနိုင်ရမည်။ သို့နှင့် မေးစရာကျန်နေသေးသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှ လက်ဆောင်တစ်ခု အမှန်ဖြစ်သလော ဟူ၍ဖြစ်သည်။ အဖြေများကိုကြည့်ကြစို့။
[အောက်ခြေမှတ်ချက်များ]
a မှန်ပါသည်၊ ထိုထက်ကြီးမြတ်သည့်လက်ဆောင်ရှိပါသေးသည်။ ယင်းမှာယေရှုခရစ်ဖြစ်သည်။—ယောဟန် ၃:၁၆။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဝီလျံ အီး၊ ဂလက်စတုံး
[Credit Line]
U.S. National Archives photo
အေဘရာဟင် လင်ကွန်း
[Credit Line]
U.S. National Archives photo
ပက်ထရစ် ဟဲန်ရီ
[Credit Line]
Harper’s U.S. History
နပိုလီယံ ဘိုနာပတ်
[Credit Line]
Drawn by E. Ronjat
ဂျော်န် ကွင်န်စီ အက်ဒမ်
[Credit Line]
Harper’s U.S. History
ရောဘတ် အီး၊ လီ
[Credit Line]
U.S. National Archives photo