အဆင်မပြေမှုနှင့်အန္တရာယ်များကြားမှ သူတို့လာခဲ့ကြ
၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့တွင်ဖြစ်သည်။ နေရာကား အင်ယမ်ဘန်းနားပြည်နယ် မာခီခဲမြို့၌ဖြစ်သည်။ ရေဒီယိုကိုဖွင့်လိုက်သောအခါ မိုဇမ်ဘစ်၏အာဖရိကညအသံဗလံများကိုဖုံးလွှမ်းလိုက်သည်။ “ယေဟောဝါသက်သေများသည် သူတို့၏ ‘လွတ်လပ်မှုချစ်မြတ်နိုးသူများ’ ခရိုင်စည်းဝေးပွဲကြီးကို ကျွန်ုပ်တို့ပြည်နယ်တွင် ကျင်းပနေပါသည်။ သူတို့၏ရည်ရွယ်ချက်မှာ ယနေ့လောကတွင် စစ်မှန်သောလွတ်လပ်မှုကို မည်သို့ရှာတွေ့နိုင်ကြောင်းကို လူများအားညွှန်ကြားပေးရန်ဖြစ်ပါသည်။ အားလုံးတက်ရောက်ကြရန်ဖိတ်ခေါ်ပါသည်” ဟုအသံလွှင့်သူကကြေညာလိုက်သည်။
အာဖရိက၏သီးခြားဝေးလံသောထိုအစွန်အဖျားတွင် ရာဇဝင်တွင်မည့်ဖြစ်ရပ်ဖြစ်ခဲ့ပါသည်။ ပထမဆုံးအကြိမ်အဖြစ် ယေဟောဝါသက်သေများ၏ခရိုင်စည်းဝေးပွဲကြီးကို ကျင်းပခဲ့ပြီး ၁,၀၂၄ ဦးတက်ရောက်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က မိုဇမ်ဘစ်တွင် ယေဟောဝါသက်သေများ၏လုပ်ငန်းပိတ်ပင်ထားခြင်းခံခဲ့ရရာ ဤစည်းဝေးပွဲမျိုးကို ဤကဲ့သို့ထင်ထင်ရှားရှားကျင်းပခြင်းမရှိခဲ့ဖူးပါ။ ဤစည်းဝေးပွဲကိုတက်ရောက်ရန် သတ္တိရှိသောအနစ်နာခံမှုများအကြောင်း သင်ကြားလိုပါသလော။
အင်ယမ်ဘန်းနားပြည်နယ်သည် အာဖရိက၏အခြားဒေသများကဲ့သို့ အလွန်လှပသောနေရာဖြစ်သည်။ တြိဂံပုံရွက်များပါသော အာရပ်တစ်ပင်တိုင်ရွက်သင်္ဘောပုံစံငါးဖမ်းလှေများသည် ကမ်းရိုးတန်းတစ်လျှောက်တွင် ရွက်လွှင့်သွားလာနေကြသည်။ အုန်းသီးများပေါသည်။ သို့သော် ဤတောတောင်ရေမြေကိုချောင်းမြောင်းနေသည့်အဖြစ်ဆိုးတစ်ခုရှိသည်။ ပြည်တွင်းစစ်ဖြစ်သည်။
အုန်းလက်များဖြင့်ဆောက်လုပ်ထားသောတဲအိမ်များအတွင်း အိပ်ပျော်နေကြသောလူများသည် အနီးအနားဒေသများတွင် တစ်ညလုံးဖြစ်ပွားသောချုံခိုတိုက်ပွဲများမှ လက်နက်ကြီးများ၏တဝုန်းဝုန်းမြည်သံကြောင့်လန့်နိုးကြရသည်မှာ အဆန်းမဟုတ်တော့ပေ။ အပြစ်မဲ့မြို့သားများမကြာခဏဒုက္ခရောက်ကြရသည်။ တစ်ခါတစ်ရံကလေးသူငယ်များသည် ခြေလက်အင်္ဂါပြတ်တောက် သို့မဟုတ် ပျက်စီးနေလျက်နှင့် ထော့နင်းသွားလာနေကြသည်ကိုမြင်နိုင်သည်။ ယေဟောဝါသက်သေအချို့ပင် သူတို့ခံစားရသည့်ရက်စက်ကြမ်းကြုတ်မှုများကြောင့် မျက်နှာနှင့်ကိုယ်ခန္ဓာများတွင် အနာရွတ်များဖြစ်နေကြသည်။
ဤအခြေအနေများအောက်တွင် ‘လွတ်လပ်မှုချစ်မြတ်နိုးသူများ’ ခရိုင်စည်းဝေးပွဲကြီးသည် တက်ရောက်သူအားလုံးအတွက် အတိုင်းမသိလေးမြတ်ဖွယ်ရာပင်ဖြစ်တော့သည်။ စည်းဝေးပွဲလာရာလမ်းတွင် ချုံခိုတိုက်ခိုက်ခံရနိုင်သည့်ကြားက ကျေးလက်ဒေသများမှမိသားစုများစွာတို့သည် လာရောက်ကြရန်ဆုံးဖြတ်ကြသည်။ ထိုနေရာသို့အဆင်ချောမောစွာရောက်ရှိလာကြခြင်းမဟုတ်ပါ။ အကြောင်းမှာ အမိုးအကာမပါသောထရပ်ကားကြီးများသာရှိသောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ ခရီးသည် ၄၀၀ ခန့်ပြွတ်သိပ်ညပ်ပိတ်လျက်တင်ဆောင်သွားသည်။ ထိုကားမျိုးများစွာတို့သည် လက်နက်ကိုင်စစ်တပ်အစောင့်အကြပ်ဖြင့် စီတန်းသွားကြရသည်။
နိုရာနှင့် သူမ၏တစ်နှစ်၊ သုံးနှစ်နှင့် ခြောက်နှစ်အရွယ်ရှိသမီးသုံးယောက်တို့သည် ဤခရီးကိုအသက်စွန့်၍ရောက်လာကြသည့်မိသားစုများအနက်တစ်စုဖြစ်သည်။ ဤခရီးအတွက် လပေါင်းများစွာကတည်းက သူမကြိုတင်စုဆောင်းထားခဲ့သည်။ စည်းဝေးပွဲကြီးတွင် တည်းခိုစရာအတည်တကျမရရှိနိုင်ခြင်းသည် သူမအားစိတ်မပျက်စေခဲ့ပါ။ အခြားသူများနှင့်အတူ နိုရာနှင့်သူမိသားစုတို့သည် ချက်ပြုတ်စားသောက်ပြီး စည်းဝေးပွဲကြီးကျင်းပရာနေရာနားရှိကွင်းပြင်တွင်ပင်အိပ်ကြသည်။
အပူပိုင်းဒေသ၏ပြင်းထန်သည့်အပူကို ထပ်ဆင့်လိုက်သည့် သည်းထန်သည့်မိုးကြီးက ဝိညာဏပွဲတော်ကြီးတွင် အတူတကွပျော်ပွဲဆင်နေကြသောညီအစ်ကိုများ၏ဝမ်းမြောက်မှုကို ထုံထိုင်းမသွားစေခဲ့ပါ။ သူတို့အတွက် ထိုစည်းဝေးပွဲကြီးသို့ရောက်ရှိနေခြင်းထက် မည်သည့်အရာမျှပိုအရေးမကြီးကြောင်း သူတို့ခံစားကြရသည်။ စုစုပေါင်း ၁၇ ဦးတို့သည် နွေးထွေးသောအင်းဒီးယန်းပင်လယ်တွင်း၌ မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကိုသက်သေပြကြသည်။ နှစ်ခြင်းခံခြင်းစတင်သည်နှင့် ရွှင်လန်းနေကြသည့်ပရိသတ်ထုကြီးသည် ယေဟောဝါအားချီးမွမ်းသီချင်းသီဆိုရန် အလိုလိုလှုံ့ဆော်ခံကြရသည်။
ဘုရားရေးရာလွတ်လပ်မှုကိုလိုလားသူတစ်ဦးဖြစ်လာခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်းကို ဤဝတ်ပြုသူများအမှန်ရှာဖွေတွေ့ရှိခဲ့ပြီ။ မာပူတိုမြို့တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူဟဲန်းစ်က “အာဖရိကရဲ့ဒီဒေသပိုင်းမှာ ယေဟောဝါသက်သေများရဲ့လုပ်ငန်း အခန်းကဏ္ဍသစ်ဖွင့်ပြီး စတင်လုပ်ကိုင်တာကို ကျွန်တော်တို့မြင်တွေ့ခဲ့ရခြင်းပဲဖြစ်တယ်” ဟုပြောခဲ့သည်။