‘ကောင်းကင်ကြေညာ . . .’
ယခုသင်ရှိနေသည့်အရပ်မှ မိုင်ပေါင်း ၉၃ သန်းခန့်အကွာအဝေးတွင်ကောင်းကင်၌ နေသည် ပူးပြင်းတောက်လောင်နေသည်။ နှစ်ပေါင်းထောင်ချီ၍ ဘုရားတစ်ဆူအဖြစ်ကိုးကွယ်ခံရသော ကျွန်ုပ်တို့၏ထည်ဝါခန်းနားလှသော နေမင်းကြီးသည် “ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း” သောအရှင်၏တန်ခိုးတော်ကို သက်သေထူပါသည်။ (ဆာလံ ၁၁၅:၁၅) ယင်း၏အလင်းနှင့်အပူရှိန်သည် ကမ္ဘာ့သက်ရှိတို့အတွက် မရှိလျှင်မဖြစ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ သိပ္ပံပညာရှင်များသိရှိခဲ့သောအချက်အလက်များသည်လည်း အလွန်အံ့သြဖွယ်ရာဖြစ်ပေသည်။
နေသည် စွမ်းအင်များစွာထုတ်လွှတ်သည်ဟုသိရှိရသည်။ ယင်းထုတ်လွှတ်သည်မှ သန်းတစ်ထောင်ပုံတစ်ပုံ၏ထက်ဝက်ထက်လျော့နည်းသောအပူရှိန်နှင့်အလင်းကိုသာ ကမ္ဘာဂြိုဟ်ကကြားဖြတ်ခံယူကြောင်း သင်သိရှိပါသလော။ သို့နှင့်ပင် ထိုအစိတ်အပိုင်းသည် မြင်းကောင်ရေ ၂၄၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိသည့်တိုင် အလွန်ကြီးမားပါသည်တကား။
ထိုမျှတိုင်များပြားသောအင်အားကို နေလုံးကြီးသည် မည်သို့ထုတ်လုပ်နိုင်ပါသနည်း။ စက္ကန့်တိုင်းတွင် ဟိုက်ဒရိုဂျင်တန်ချိန်လေးသန်းကိုအသုံးပြု၍ စွမ်းအင်ထုတ်လွှတ်ပေးသော ယင်း၏အလယ်ဗဟိုရှိ နျူယူကလီးယားမီးဖိုကြီးအားဖြင့်ဖြစ်သည်။ နောက်ထပ်နှစ် သန်းထောင်ပေါင်းများစွာချီ၍ ဤသို့ဆက်လက်ဖြစ်ပျက်နိုင်သည့် စွမ်းအင်အလုံအလောက်ရှိသေးပါသည်။
သိပ္ပံပညာရှင်များတွေ့ရှိသောအရာအချို့က အခြားမေးခွန်းများကို ပေါ်ပေါက်စေသည်။ ဥပမာအားဖြင့် နေသည် တူဖြင့်အရိုက်ခံရသောသတ္တုပြားကဲ့သို့ အစဉ်အမြဲလှုပ်ခါနေသည်။ အဘယ်ကြောင့်နည်း။ ဤအချက်ကိုလည်းစဉ်းစားပါ။ တောက်လောင်နေသည့်နေ၏အလယ်ဗဟိုသည် အပူဆုံးအစိတ်အပိုင်းဖြစ်ပြီး ယင်းနှင့်ဝေးသောအလွှာသည် အပူလျှော့နည်းသွားသည်။ သို့သော် နေ၏ရောင်ခြည်စက်ဝန်းရှိရာ အပြင်အလွှာသို့ရောက်သောအခါ ပြောင်းလဲသွားသည်။ ရောင်ခြည်စက်ဝန်းသည် တောက်လောင်နေသောဗဟိုနားရှိအလွှာထက် ပို၍ပူသည်။ အဘယ်ကြောင့်နည်း။
ကမ္ဘာမြေကြီးကဲ့သို့ပင် နေ၏အစိတ်အပိုင်းအသီးသီးတို့သည် မတူညီသောနှုန်းများဖြင့်လည်လျက်ရှိသည်။ ဥပမာအားဖြင့် အပြင်လွှာသည် အတွင်းလွှာထက် လည်ပတ်နှုန်းပိုများသည်။ အဘယ်ကြောင့်နည်း။ အဘယ်သို့ဖြစ်နိုင်သနည်း။ နေတွင်အကွက်များလည်းရှိသည်။ ယင်းတို့သည် ၁၁ နှစ်ကြာသော ပုံမှန်အချိန်အတွင်း နေမျက်နှာပြင်တွင် ထင်ရှားလိုက်မှေးမှိန်လိုက်ဖြစ်နေသည်။ ယင်းတို့သည် အဘယ့်ကြောင့် ထိုသို့ပုံမှန်ပြောင်းလဲနေကြသနည်း။
နေနှင့်ပတ်သက်၍ သိစရာများစွာရှိသေးသည်မှန်သော်လည်း ကျွန်ုပ်တို့သိထားရာများသည် ယင်းတို့၏ဖန်ဆင်းရှင်ယေဟောဝါအား စိုးရွံ့ထိတ်လန့်စေသည်။ နေမင်းကြီးကိုတွေ့တိုင်း “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏” ဟူသောစကားများကို သတိရစေပါသည်။—ဆာလံ ၁၉:၁။