“မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ”
ကမ္ဘာပေါ်တွင် ပထမလူသား လမ်းမလျှောက်မီကတည်းက လသည် ညအချိန်တွင် မိုးကောင်းကင်တွင် အလင်းရောင်ထွန်းတောက်နှင့်ခဲ့ပြီ။ တစ်ချိန်က ယင်းကိုဘုရားမတစ်ဆူအဖြစ် လူတို့ကိုးကွယ်ခဲ့ကြသည်။ ဖြူစင်သောစိုးလ် (ဝိညာဉ်) များသည် သေလွန်ပြီးနောက် လသို့ နောက်ဆုံးရောက်သွားသည်ဟု ဂရိစာရေးဆရာ ပလူတာ့ခ်ဆိုခဲ့ဖူးသည်။ ဘောလ်တစ်ခ် ဒဏ္ဍာရီအရ လသည် အမျိုးသားဖြစ်၍ နေ၏ လင်သားဖြစ်သည်ဟု ဆိုသည်။ သူတို့တွင် အိမ်ထောင်ရေးပဋိပက္ခဖြစ်ပြီးနောက် လသည် သူ့ဇနီးထံမှ ထွက်ပြေး၍ ကောင်းကင်တွင် တစ်ခါတစ်ရံ သူမနှင့်အတူတွဲ၍ပေါ်သည်ဟုဆိုသတည်း။
ယနေ့လူငယ်လူရွယ်ချစ်ကြိုက်သူများသည် လသို့ငေးမော၍ အချစ်ရေးကိုစိတ်ကူးယဉ်တတ်ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် သိပ္ပံပညာရှင်များသည် ငွေမြောက်မြားစွာကုန်ကျခံပြီး လသို့လူများကိုစေလွှတ်ကာ သုတေသနပြုလုပ်ရေးအတွက် ယင်းမှကျောက်တုံးများကို ပြန်ယူလာစေခဲ့သည်။ လနှင့်ပတ်သက်၍ တပ်အပ်သေချာသည့်အရာတစ်ခုရှိပါသည်။ နေ့စဉ်အချိန်မှန် လထွက်၍ ကွယ်သွားတတ်ပါသည်။ ယင်း၏လည်ပတ်မှုသည် အလွန်တိကျမှန်ကန်သည့်အတွက် ရှေးလွန်လေပြီးသော နှစ်ထောင်ပေါင်းများစွာကာလက ယင်း၏တိုးပုံဆုတ်ပုံနှင့်လငပုပ်ဖမ်းခြင်းတို့ကို တွက်ချက်ယူနိုင်ပါသည်။
ဣသရေလလူမျိုးသည် လကိုရှုမျှော်ကြည့်သည့်အခါ အံ့ချီးဖွယ်ရာတစ်ခုကို သူတို့သတိရလေ့ရှိသည်။ ဒါဝိဒ်မင်း၏မင်းမျိုးမင်းနွယ်သည် ဘယ်သောအခါမျှ ပျောက်လွင့်သွားမည်မဟုတ်ကြောင်း ဤသို့ဘုရားသခင်ကတိထားတော်မူခဲ့သည်။ “သူ [ဒါဝိဒ်] ၏အမျိုးအနွယ်သည် . . . လကဲ့သို့လည်းကောင်း မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေကဲ့သို့လည်းကောင်း အစဉ်မြဲမြံရမည်။” (ဆာလံ ၈၉:၃၅-၃၇) ဤကတိတော်သည် “ဒါဝိဒ်၏သားတော်” ယေရှု၌ ပြည့်စုံခဲ့သည်။ (လုကာ ၁၈:၃၈) ယေရှုသေလွန်ပြီးနောက် ပျက်စီးခြင်းနှင့်ကင်းသောနာမ်ဝိညာဉ်အဖြစ် ရှင်ပြန်ထမြောက်လျက် ကောင်းကင်သို့တက်ကြွသွားတော်မူခဲ့သည်။ (တမန်တော် ၂:၃၄-၃၆) အချိန်တန်သော် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ဘုရင်အဖြစ် ကိုယ်တော်နန်းတင်ခံခဲ့ရသည်။ (ဗျာဒိတ် ၁၂:၁၀) ထိုဘုရားသခင့်နိုင်ငံတော်သည် ယခုအုပ်ချုပ်နေပြီဖြစ်၍ “အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄) ဤနည်းအားဖြင့် ဒါဝိဒ်၏မင်းမျိုးမင်းနွယ်မှ ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော ကိုယ်စားလှယ်အဖြစ် ယေရှုသည် လတည်းဟူသော “မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေကဲ့သို့လည်းကောင်း အစဉ်မြဲမြံ” ပါလိမ့်မည်။
ထိုကြောင့်ညအချိန်တွင် ကောင်းကင်သို့မော့ကြည့်၍ ကြည်လင်တောက်ပသောလကို အသင်မြင်သည့်အခါတိုင်း ဒါဝိဒ်အား ဘုရားသခင်ပေးတော်မူခဲ့သည့် ကတိတော်ကိုသတိရကာ ယခုဘုရားသခင့်နိုင်ငံတော်သည် ဘုရားသခင့် ဘုန်းတန်ခိုးတော်အတွက်နှင့် သစ္စာရှိလူသားတို့၏ ထာဝရကောင်းချီးအတွက် ကောင်းကင်တွင် အစိုးရနေပြီဖြစ်၍ အစဉ်အမြဲအုပ်စိုးလိမ့်မည်အကြောင်း သတိရပါလေ။—ဗျာဒိတ် ၁၁:၁၅။
[Picture Credit Line on page 32]
Frank Zullo