ယေဟောဝါ၏အိမ်တော်မှ သလဲသီးပုံရာဇလှံတံလော
အစ္စရေးနိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်တို့သည် လူတို့၏အခွင့်အာဏာကို အမှတ်သညာပြုသည့်တုတ်ချောင်းဖြစ်သော ရာဇလှံတံများစွာတို့ကို တူးဖော်ရှာဖွေတွေ့ရှိကြသည်။ (ကမ္ဘာဦး ၄၉:၁၀။ ဧသတာ ၈:၄။ ယေဇကျေလ ၁၉:၁၄) လာခိရှမြို့တွင် တွေ့ရှိသောရာဇလှံတံအချို့တို့သည် သလဲသီးပုံခေါင်းရှိကြသည်။ ဤအသီးကို ဘုရားသခင်၏လူများကောင်းစွာသိခဲ့ကြသည်။—တရားဟောရာ ၈:၈။ ရှောလမုန်သီချင်း ၄:၁၃။
လက်ဝဲဖက်တွင်မြင်ရသော ဆင်စွယ်ဖြင့်ထုလုပ်ထားသည့် ပွင့်နေသောအဆင့်ရှိသလဲသီးပုံစံကို တွေ့မြင်သိရှိခဲ့သည်မှာ မကြာသေးချေ။ ယင်းသည် အမြင့် ၁.၆၈ လက်မရှိပြီး ယင်း၏အောက်ခြေရှိအပေါက်က ယင်းသည် ရာဇလှံတံ၏အစိတ်အပိုင်းဖြစ်ကြောင်းဖော်ပြသည်။ ထိုတွင် ရှေးဟေဗြဲစာပေပုံစံဖြင့်ရေးသားထားသည့်စာများသည် ဘီ၊ စီ၊ အီး ရှစ်ရာစုနှစ်ကဖြစ်ကြောင်းဖော်ပြသည်။
ဆင်စွယ်လက်ရာသည် ရှေးကတည်းက ကျိုးပဲ့ခဲ့သဖြင့် စာလုံးအချို့ပျောက်နေသည် သို့မဟုတ် တစ်ပိုင်းတစ်စသာပေါ်သည်။ သို့သော် ရှေးစာပေအရေးအသားပါရဂူများက အောက်ပုံပါ ပြန်လည်ရေးသားထားသည့်အတိုင်း အဆိုပြုကြသည်။ (Biblical Archaeologist ပေါ်အခြေပြုပြီး ) စာလုံးများကြားတွင် ပုံမှန်မဟုတ်သောကွက်လပ်များသည် အဓိကစာဖတ်ခြင်းနှစ်မျိုးကို ဖြစ်စေသည်။ ပြင်သစ်ကျမ်းပညာရှင် အန္ဒြေလမဲရ်က “အရှင်ယာဝေး၏ဗိမာန်တော်ပိုင်ဆိုင်သည်၊ ယဇ်ပုရောဟိတ်များသန့်ရှင်းကြပါစေ” ဟုဖတ်ရကြောင်းဆိုသည်။ နာမန်အဗေးဂတ်က “ယာဝေး၏အိမ်တော် (တွင်း) ရှိ ယဇ်ပုရောဟိတ်များအတွက် မြင့်မြတ်သောအလှူ” ဟုအဆိုပြုသည်။
သူတို့နှင့် အခြားကျမ်းပညာရှင်များက ထိုရာဇလှံတံတွင် ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ဖြစ်သော ယေဟောဝါကို ဟေဗြဲအက္ခရာလေးလုံးဖြင့် ဖော်ပြထားကြောင်း ကောက်ချက်ချကြသည်။ ထို့ကြောင့် ယင်းက သမ္မာကျမ်းစာတွင် ပါနေကျစကားစုဖြစ်သော “ယေဟောဝါ၏အိမ်တော်” ကိုဖော်ပြနေခြင်းဖြစ်နိုင်သည်။—ထွက်မြောက်ရာ ၂၃:၁၉။ ၃ ဓမ္မရာဇဝင် ၈:၁၀၊ ၁၁။
ဤရာဇလှံတံသည် ရှောလမုန်တည်ဆောက်ခဲ့သောဗိမာန်တော်ရှိ ယဇ်ပုရောဟိတ်များပိုင်ဆိုင်ရာ ထိုဗိမာန်တော်သို့လှူဒါန်းထားရာဖြစ်သည်ဟု လူများစွာယူမှတ်နေဆဲဖြစ်သည်။ စိတ်ဝင်စားစရာကား ထိုသလဲသီးပုံစံကို ဘုရားသခင်၏ဗိမာန်တော်တွင်တွေ့ရလေ့ရှိသည်။—ထွက်မြောက်ရာ ၂၈:၃၁-၃၅။ ၃ ဓမ္မရာဇဝင် ၇:၁၅-၂၀။
[Picture Credit Line on page 32]
Israel Museum, Jerusalem