“စကားပြောလို့ကို မရသလိုဘဲ”
ရှေ့နေဖြစ်သူ မိုက်ကယ်သည် ထိမိပိုင်နိုင်စွာ ဆက်သွယ်တတ်သူဖြစ်၏။ သူ့အလုပ်အကိုင်ကြောင့် ထိုသို့ ပြုရန် လိုခဲ့ပါသည်။ သို့သော် အိမ်ထောင်သက် ၁၆ နှစ်ရှိနေသော်လည်း အိမ်ပြန်ရောက်သည့်အခါ ဇနီးဖြစ်သူ အေဒြီယန်နှင့် မိမိအဆက်အသွယ်မပြုတတ်ကြောင်း အသိအမှတ်ပြုခဲ့ရပါသည်။ “အမြဲတမ်း တဗျစ်တောက်တောက် အပြစ်ရှာတာမကဘူး တစ်ယောက်ကိုတစ်ယောက် စောင်းချိတ်ပြောနေကြတဲ့အတွက် အေဒြီယန်နဲ့ကျွန်တော် တစ်ချိန်လုံးစကားများကြရတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ခြေကုန်လက်ပန်းကျတော့မှာပဲလို့ ထင်မိတယ်။ အိမ်ထောင်ရေးဆိုတာ ဒါပဲလား။ အဆက်မပြတ် မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးစရာချည်းပဲလား။ ဒီလိုသာ ဘဝဆက်ရမယ်ဆိုရင်တော့ ကျွန်တော် တကယ်ပဲ ထွက်ပေါက်ရှာချင်တော့တယ်။ ဒီလို အနှစ် ၂၀၊ ၃၀၊ ၄၀ အမြဲတမ်းစိတ်ဆိုးပြီး စိတ်တင်းမာနေရမှာကို မရင်ဆိုင်နိုင်ဘူး။”
ဤသဘောထားမျိုး မိုက်ကယ်နှင့်အေဒြီယန်တို့ ၌သာ ရှိသည်မဟုတ်ပါ။ ရန်ဖြစ်ချီတစ်လှည့်၊ သင့်တင့်ချီတစ်လှည့် ဖြစ်တတ်ကြသော မောင်နှံစုံအများ၌ ထိုသဘောထားများရှိသည်။ စကားပြောဆိုစဉ်ပင် ရုတ်တရက်စကားများကြမည်။ မပြောသည့်အကြောင်းကို သူတို့ “ကြား” တတ်သည်။ မဆိုလိုသည့်အကြောင်းကို သူတို့ပြောကြမည်။ အတိုက်အခံပြောဆို ပြစ်တင်ပြီးနောက် မခံချင်စိတ်ဖြင့် စိတ်ကောက်နေကြ၏။ လင်မယားမခွဲခွာကြသော်လည်း သူတို့မှာ “တစ်သားတစ်ကိုယ်” ပီပီလည်းမဟုတ်ကြချေ။ (ကမ္ဘာဦး ၂:၂၄) သို့ ဖြစ်၍ သူတို့၏ဆက်ဆံရေးသည် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေကြသည်။ နောက်ဆုတ်မည်ဆိုလျှင် လင်မယားချင်းခွဲခွာရတော့မည်။ ရှေ့တိုးပါက စိတ်သဘောကွဲလွဲမှုများကို ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ပြုမူခြင်း၏ စိတ်ဆင်းရဲမှုကို ရှောင်ကြဉ်ရန် ဤမောင်နှံစုံတို့သည် စိတ်တညီတညွတ်တည်းမရှိဘဲ ဆက်ပေါင်းသင်းနေကြတော့မည်ဟု ဆုံးဖြတ်လေတော့သည်။
ဤကဲ့သို့သောမောင်နှံစုံများသည် အိမ်ထောင်ရေးရာတွင် ‘အဘယ်သို့ကျင့်ကြံပြုမူနေထိုင်ရမည်ကို သိနားလည်ရန်’ လမ်းညွှန်မှုလိုပါသည်။ (သု၊ ၁:၅၊ သမ္မ) ဤလမ်းညွှန်မှုကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်ပါသည်။ တိမောသေထံ ပေါလုရေးသည့် ဒုတိယစာစောင်တွင် သမ္မာကျမ်းစာသည် “သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင် ဆုံးမခြင်းများ၌အကျိုးရှိ” ကြောင်း ထောက်ခံထားပါသည်။ (၂ တိမောသေ ၃:၁၆၊ ကဘ) အိမ်ထောင်ရေးပြေပြစ်လာစေရန် ထိုသို့အကျိုးပြုကြောင်း ယခုတွေ့ရှိရပါလိမ့်မည်။