ကောင်းကင်သို့သို့မဟုတ် ငရဲသို့သွားမည်လော
“ကောင်းကင်သို့သွားမည်၊ သို့မဟုတ် ငရဲသို့သွားမည်နှင့်ပတ်သက်၍ သင့်အလားအလာမည်သို့ရှိသနည်း။”
ယင်းကား မကြာမီကပြုလုပ်သည့် စူးစမ်းလေ့လာမှုတွင် အမေရိကန်လူမျိုးများအားကိုယ်စားပြုသည့်လူစုအား အခြေခံအားဖြင့်မေးသည့်မေးခွန်းဖြစ်သည်။ ပရင်စတန်ဘာသာရေးသုတေသနဌာနက ယင်း၏ရလဒ်ကို အမေရိကရှိဘာသာတရား ၁၉၉၂-၁၉၉၃ တွင် ထုတ်ဝေဖော်ပြထားသည်။
သင်မည်သို့ဖြေဆိုမည်နည်း။ သင့်အိမ်ထောင်ဖက် သို့မဟုတ် အခြားသောချစ်မြတ်နိုးသူများအတွက် သေသောအခါကောင်းကင်သို့သွားရန် အလားအလာမည်သို့ရှိသနည်း။ သင် သို့မဟုတ် သူတို့သည် အဆုံးတွင် ငရဲသို့သွားရဖို့အကြောင်းရှိသည်ဟု သင်ထင်သလော။
၇၈ ရာခိုင်နှုန်းက မိမိတို့၏ ကောင်းကင်သွားရမည့်အလားအလာသည် ကောင်းသည် သို့မဟုတ် အလွန်ကောင်းသည်ဟုထင်ကြရာ လွန်ခဲ့သည့်နှစ် ၄၀ ခန့်က ထိုအတိုင်းဖြေဆိုမှုထက် အရေအတွက် ပိုများလာခြင်းဖြစ်သည်ဟု စူးစမ်းလေ့လာမှုကဖော်ပြသည်။ ငရဲကော။ ၇၇ ရာခိုင်နှုန်းက ထိုနေရာသို့သွားရမည့်အလားအလာသည် နည်းသည်ဟုဖြေကြသည်။
သူတို့၏အဖြေများသည် တိကျမှန်ကန်သောကျမ်းစာအသိပညာပေါ်တွင် အခြေပြုပါသလော။ လူ ၁၀ ယောက်အနက် ၄ ယောက်တို့က မိမိတို့သည် ဘာသာရေးအစည်းအဝေးများကို လွန်ခဲ့သည့်ငါးနှစ်ကတက်သလောက် ယခုမတက်ကြတော့ကြောင်း ဝန်ခံကြသည်။ လူ ၂၈ ရာခိုင်နှုန်းမျှသာ ကျမ်းစာလေ့လာသည့်အုပ်စုတွင် ပါဝင်ပြီး ၂၇ ရာခိုင်နှုန်းသာ ဘာသာရေးပညာသင်ကျောင်းများ တက်ရောက်ကြသည်။
သမ္မာကျမ်းစာကို သင်ဂရုတစိုက်လေ့လာပါက အံ့ဖွယ်အဖြစ်မှန်များကို သင်သိရှိလာမည်။ ဥပမာ၊ အချို့ဘာသာပြန်ကျမ်းများအရ ယေရှုသေဆုံးနေစဉ် “ငရဲ” သို့ရောက်နေသည်ဟု သမ္မာကျမ်းစာက အတိအလင်းဖော်ပြထားသည်။ (တမန်တော် ၂:၃၁၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း; “ဟေးဒီးစ်” ကမ္ဘာသစ်ဘာသာပြန်ကျမ်း) ဘုရင်ဒါဝိဒ်သော်လည်းကောင်း၊ နှစ်ခြင်းဆရာယောဟန်သော်လည်းကောင်း သေသောအခါ ကောင်းကင်သို့မသွားခဲ့ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က သက်သေထူသည်။ (မဿဲ ၁၁:၁၁; တမန်တော် ၂:၂၉) ယင်းတို့သည် ဘာသာတရားဆိုင်ရာသုတေသနပြုချက်မှ ထင်မြင်ယူဆချက်သက်သက်မဟုတ်ဘဲ အဖြစ်မှန်များဖြစ်သည်။
အခြားအဖြစ်မှန်များလည်း သင့်အားအကျိုးပြုပေမည်– ယေရှု၏တမန်တော်များနှင့် အရေအတွက်ကန့်သတ်ထားသော အခြားသူများသည် ယေရှုနှင့်အတူ အုပ်ချုပ်ရန် ကောင်းကင်သို့ ယူဆောင်ခံရလိမ့်မည်ဟု သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ သို့သော်လည်း အများစုမှာမူ သေလွန်ပြီးနောက် ရိုးရိုးပင်သာမန် သင်္ချိုင်းသို့သွားကြသည်။ ဘုရားသခင်သည် ပြန်လည်တည်ထောင်မည့် ကမ္ဘာ့ပရဒိသုတွင် စုံလင်ပြည့်ဝပျော်ရွှင်ပြီး မဆုံးနိုင်သောအသက်တာမျှော်လင့်ချက်နှင့်အတူ မြေကြီးအသက်တာကို ယူဆောင်ပေးခြင်းအားဖြင့် သူတို့ကိုထမြောက်စေတော်မူလိမ့်မည်။
ယင်းမျှော်လင့်ချက်အတွက် စိတ်ချရသော အကြောင်းရင်းကို သင့်ကျမ်းစာမှရှင်းပြရန် ယေဟောဝါသက်သေများ ကူညီပေးလိုကြပါသည်။