သာ၍ကောင်းသောကမ္ဘာ—အိပ်မက်မျှသာလော
သင်သည် အီရန်လူမျိုးဖြစ်သူ ပရောဖက် ဇိုရိုအက်စတာ ဟောပြောသည့်အတိုင်းယုံကြည်သူ မာဇဒါဝါဒီတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် ကမ္ဘာမြေကြီးသည် ကနဦးအလှကျက်သရေ ပြန်ရလာမည့်အချိန်ကို စောင့်မျှော်နေလိမ့်မည်။ ရှေးခေတ် ဂရိနိုင်ငံတွင် သင်နေထိုင်ခဲ့မည်ဆိုလျှင် သာယာသော ဖောတျူနိတ်ကျွန်းစုသို့ ရောက်ဖူးရန် စိတ်ကူးယဉ်မည်၊ သို့မဟုတ် ဘီ.စီ.အီး. ရှစ်ရာစုမှ ကဗျာဆရာ ဟက်စီအဒ်ဖော်ပြသည့် ပဒေသာပင်ခေတ် ပြန်ရောက်ရှိလာမည်ကို စောင့်မျှော်နေမည်။ တောင်အမေရိကတိုက်သား ဂွာရာနီအင်ဒီယန်းလူမျိုးတစ်ဦးမူကား ယနေ့ထိတိုင် ဆိုးသွမ်းမှုမဲ့ပြည်တော်ကို ရှာဖွေနေဆဲရှိမည်။ မျက်မှောက်ကာလတွင် အသက်ရှင်နေထိုင်ကြရာ နိုင်ငံရေးအယူအဆတစ်ခုခု သို့မဟုတ် ခေတ်မီဂေဟဗေဒဆိုင်ရာ သိရှိနားလည်မှုကြောင့် လောကအခြေအနေ တိုးတက်လာဖို့ရန် မျှော်လင့်နေပေမည်။
ပဒေသာပင်ခေတ်၊ ဖောတျူနိတ်ကျွန်းစု၊ ဆိုးသွမ်းမှုမဲ့ပြည်တော်—အစရှိသည့် အလားတူအမည်နာမများအသုံးပြုကြခြင်းဖြင့် သာ၍ကောင်းသောကမ္ဘာကို မျှော်လင့်ကြကြောင်း ဖော်ပြပါသည်။
ဤလောကကြီးသည် စိတ်တိုင်းကျကမ္ဘာ ဖြစ်မနေသည်ကား ရှင်းပါသည်။ တိုးပွားလာသော ရာဇဝတ်မှု၊ တစ်ချိန်တစ်ခါနှင့်မျှမတူ မောင်နှမချင်း အကြမ်းဖက်သတ်ဖြတ်မှု၊ လူမျိုးတစ်မျိုးပြုတ်သည့်တိုင် သတ်ဖြတ်မှု၊ သူတစ်ဖက်သားခံရသော ဆင်းရဲဒုက္ခ၊ နွမ်းပါးမှု၊ ငတ်မွတ်မှုများကို မမှုခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အခြေတကျမဖြစ်နိုင်ခြင်း၊ ဂေဟဗေဒပြဿနာများ၊ သန်းချီ၍ခံစားနေရသော ကုမရသည့် ရောဂါများ—မျက်မှောက်အမင်္ဂလာများစာရင်းသည် အဆုံးမရှိပုံဖြစ်ချေပြီ။ လက်ရှိတိုက်ခိုက်နေသော စစ်ပွဲများနှင့်ပတ်သက်၍ အီတလီသတင်းစာဆရာတစ်ဦးက ဤသို့ဆိုသည်– “ရန်လိုမုန်းထားစိတ်သည် ခေတ်ထနေ၍လောဟု အလိုအလျောက် မေးမြန်းစရာအကြောင်း ပေါ်ပေါက်နေသည်။” အခြေအနေကို သုံးသပ်ကြည့်ရာ တစ်မူထူးခြားသည့်၊ သာ၍ကောင်းမြတ်သောအရာတစ်ခုခုကို ရလိုသည့်ဆန္ဒရှိခြင်းသည် ယုတ္တိတန်သည်ဟု ယူမှတ်ပါမည်လော။ သို့မဟုတ် ဤသို့ဆန္ဒပြင်းပြခြင်းသည် စိတ်ကူးယဉ်ဘဝ၊ ပြည့်စုံနိုင်စရာအကြောင်းမရှိ အိပ်မက်မျှ ဖြစ်နေပါသလော။ အကောင်းဆုံးအချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေပြီလော။
ယင်းတို့သည် ယခုအချိန်တွင်သာ ရတက်မအေးဖြစ်ရသည့်ကိစ္စများ မဟုတ်ပါ။ စည်းလုံးညီညွတ်မှု၊ တရားမျှတမှု၊ ကြီးပွားတိုးတက်မှုနှင့် ချစ်ခြင်းမေတ္တာရှိမည့်ကမ္ဘာကို ရာစုနှစ်ပေါင်းများစွာ တမ်းတမျှော်လင့်ခဲ့ကြပြီ။ သူတို့၏ စိတ်ကူးယဉ်ဖြစ်သည့် စုံလင်ပြည့်ဝသောအခြေအနေ၊ သာ၍ကောင်းသောကမ္ဘာ အသီးသီးကို အတွေးအခေါ်ပညာရှင်များသည် နှစ်ကာလများတစ်လျှောက် ဋီကာချဲ့ထွင် ဖော်ပြခဲ့ကြပြီ။ သို့သော် ယင်းတို့ကို မည်သို့အကောင်အထည်ပေါ်လာစေနိုင်မည်ကိုကား သူတို့မရှင်းပြနိုင်သည့်အတွက် ဝမ်းနည်းစရာဖြစ်ချေပြီ။
သာ၍ကောင်းသော လူ့ဘောင်စနစ်အတွက် ရာစုနှစ်ပေါင်းများစွာ အိပ်မက်မက်ခြင်း၊ စိတ်ကူးယဉ်ခြင်း၊ ရည်မှန်းချက်ထားကြခြင်းတို့မှ သင်ယူစရာအကြောင်း ရှိပါသလော။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဤမည်ကား အကောင်းဆုံးအချိန်ပိုင်းလော