အသင် ကယ်တင်ခံ ရပြီလော
ကုန်စည်ပြပွဲတစ်ခု၌ လူတစ်ဦး ဂျော်နီကိုတား၍ “ကောင်လေး၊ ယေရှုခရစ်တော်ကို သခင်နဲ့ ကယ်တင်ရှင်အဖြစ် မင်းလက်ခံယုံကြည်သလား” ဟုမေးမြန်းခဲ့စဉ်က ဂျော်နီအသက်ဆယ်နှစ်ရှိနေပေပြီ။ ယေရှုကို သူအမြဲယုံကြည်ခဲ့သည့်အတွက် ထိုမေးခွန်းမှာ သူ့အတွက်ဆန်းနေပါသည်။ ထို့ကြောင့် “ယုံတာပေါ့” ဟု ဖြေလိုက်သည်။ “သခင်ကို ချီးမွမ်းကြ!” ဟု လူအားလုံးကြားလောက်သည့်အထိ ထိုလူအော်လိုက်သည်။ “ခရစ်တော်အတွက် နောက်လူတစ်ယောက် ကယ်တင်ခြင်းရပြီ!”
ကယ်တင်ခြင်းသည် အကယ်ပင်ဤမျှရိုးရှင်းသလော။ ဂျော်နီသည် ကျန်သော သူ့တစ်သက်တာလုံး ဘာပင်လုပ်လုပ် ထိုစကားလုံးများကိုပြောလိုက်သောအချိန်မှစ၍ “ကယ်တင်ခြင်းရပြီ” လော။ စိတ်ရင်းမှန်ရှိသူများစွာတို့က ဟုတ်ကဲ့ဟု ဖြေကြပေမည်။ အချို့သောဘာသာရေးဆိုင်ရာဝေစာတို့သည် “ကယ်တင်ခြင်းရ” ခဲ့သည့်နေ့ကို ကျွန်ုပ်တို့ ပြန်မှတ်မိရန် ထိုနေ့စွဲကိုရေးမှတ်ထားဖို့ ဆိုထားသည်။
ဓမ္မဆရာတစ်ဦးက “ခရစ်တော်ကို ယုံကြည်သည့်အခိုက်၌ . . . လူတစ်ဦး၏ကြမ္မာသည် ထာဝရပြီးပြတ်သွားပေပြီ” ဟု ရေးသားခဲ့သည်။ သူက ကယ်တင်ခြင်းသည် တစ်ကြိမ်တစ်ခါတည်းသော “ယုံကြည်ခြင်းလုပ်ရပ်” အပေါ်တွင်သာမူတည်ပြီး “ယုံကြည်ခြင်းကို အဆက်မပြတ် တင်ပြခြင်းအပေါ်မမူတည်” ဟု ကျမ်းစာကဆိုကြောင်း ပြောသည်။ ဘာသာရေးစာစောင်ရေးသူနောက်တစ်ဦးက “ယင်းသည် အဆုံးသတ်လုပ်ရပ်ဖြစ်သည်။ သင့်အတွက် အောင်မြင်ပြီးမြောက်ပြီးဖြစ်သည် . . . သင့် ‘ဆိုင်ပြိုင်တိုက်လှန်ခြင်း ပြီးဆုံးသွားပြီ။’ သင်၏ ‘မကောင်းမှုကို ပယ်ရှားပစ်လိုက်ပြီဖြစ်သည်။’” သို့သော်လည်း ယင်းမှန်ကန်သည်ဟု အခိုင်အမာယုံကြည်သည့်သူများပင် ဤနေရာ၌ပြဿနာတစ်ခုရှိနေကြောင်း တွေ့ရပေမည်။ “ကယ်တင်ခြင်းရပြီ” ဟု ပြောခံရသောလူအများသည် သူတို့လိုက်လျှောက်သင့်သည်ဟု ကျမ်းစာကဆိုထားသည့်လမ်းစဉ်အတိုင်း အသက်မရှင်ကြကြောင်း ထင်ရှားသည်။ ကြားလေ့ကြားထရှိသောဖြေရှင်းနည်းမှာ ခရစ်တော်ကို သူတို့ တကယ် “လက်ခံခြင်း” မဟုတ်သောကြောင့်ဖြစ်ကောင်းဖြစ်မည်ဟူ၍ဖြစ်သည်။
သို့ဆိုလျှင် ယေရှုကို “လက်ခံခြင်း” ဟူသည် တကယ်တမ်း၌မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်းသည် တစ်ကြိမ်တည်းသော ယုံကြည်ခြင်းလုပ်ရပ်လော သို့မဟုတ် ဘဝအသက်တာတစ်လျှောက်လုံး၏လမ်းစဉ်လော။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကိုလုပ်ဆောင်ရန်တွန်းအားပေးသည့်အထိ သန်မာရမည်လော။ ယေရှုနောက် လိုက်လျှောက်ခြင်းဆိုင်ရာတာဝန်မရှိပါဘဲ ကိုယ်တော့်ပူဇော်သကာ၏အကျိုးကျေးဇူးများကို တကယ်ရရှိနိုင်မည်လော။
လူအများတို့သည် ယေရှုနောက် လိုက်လျှောက်ခြင်းနှင့် နာခံခြင်းဟူသည့်တာဝန်ကိုမဟုတ်ဘဲ ကောင်းချီးများကိုသာရလိုကြသည်။ အမှန်ဆိုရလျှင် “နာခံခြင်း” ဟူသည့်စကားလုံးသည် သူတို့ကိုအနှောင့်အယှက်ဖြစ်စေလေ့ရှိသည်။ သို့သော် ယေရှုက “ငါ့နောက်သို့လိုက်လော့” ဟု ဆိုခဲ့သည်။ (လုကာ ၁၈:၁၈-၂၃) ထို့အပြင် ကျမ်းစာက ဤသို့ဖော်ပြထားသည်– “ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ . . . ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့။”—၂ သက်သာလောနိတ် ၁:၈-၁၀; မဿဲ ၁၀:၃၈; ၁၆:၂၄။
ကယ်တင်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး သွန်သင်ခဲ့သည်များနှင့်စပ်လျဉ်း၍ အရေးကြီးသောမေးခွန်းများကို ပေါ်ပေါက်လာစေသည့်အရာများစွာကို ကျမ်းစာကမိန့်ဆိုထားသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌အမှန်တကယ်ပြောဆိုထားသည့်အရာများကို မှန်မမှန် သင်စစ်ဆေးလိုပါက နောက်စာမျက်နှာများသည် အထူးစိတ်ဝင်စားစရာဖြစ်ကြောင်း သင်တွေ့ရပေမည်။ ဤအရေးကြီးသောအကြောင်းနှင့်ပတ်သက်၍ ယေရှုနှင့် ကိုယ်တော့်တမန်တော်တို့သွန်သင်ခဲ့သည့်အရာများကိုသိရှိရန် ကျမ်းစာကိုဖွင့်၍ ကိုးကားထားသည့်ကျမ်းချက်များကိုဖတ်ပါလေ။